အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း(၃၁၂)
အရာရာတိုင်းက အပြည့်အဝ စိတ်တိုင်းကျဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ရွေးချယ်မှုတိုင်းမှာ ကိုယ်တိုင်လက်ခံရမယ့် အားနည်းချက်တွေတော့ ရှိစမြဲပဲ။ ဥပမာအနေနဲ့ ဒီချောကလက်ကိုပဲ ကြည့်လိုက်။ ပါးစပ်ထဲ ဝင်သွားတာနဲ့ ချိုမြိန်သွားမှာပဲ။ အထဲမှာ ကာရာမယ်လ်ခရင်မ်လေးပါ ပါသေးတာဆိုတော့ ပိုတောင် ချိုဦးမယ်။ ဒါပေမဲ့ အိပ်ရာဝင်ခါနီးကျရင်တော့ သူမ နောင်တရနေမှာ သေချာတယ်။
ဒီခန္ဓာကိုယ်က သူမတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ ချယ်ရင်က ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးရင်း ပရိသတ်တစ်ယောက် လက်ဆောင်ပေးထားတဲ့ ချောကလက်ကို ဘေးဖယ်ထားလိုက်တယ်။ အဲဒီအစား သူမရဲ့ လေ့ကျင့်ရေးဆရာက အိတ်ထဲ ထည့်ပေးထားတဲ့ သခွားသီးတစ်လုံးကို လှမ်းယူလိုက်တယ်။ ငယ်ငယ်တုန်းကတော့ အနံ့ဆိုးလို့ဆိုပြီး သခွားသီးကို သူမ တော်တော်လေး မုန်းခဲ့တာ။ ဒါပေမဲ့ အချိန်အကြာကြီး စားလာရတော့လည်း အကျင့်ပါသွားတာပါပဲ။ ဖရဲသီးအခွံနဲ့ သခွားသီး ဘာများကွာခြားလို့လဲ။ ဖရဲသီးအခွံမှာ အနီရောင်အပိုင်းလေး ပါလာရင်တောင် အရသာ နည်းနည်း ရှိသေးတယ်။ သခွားသီးကတော့ ဘယ်လိုပဲစားစား ဘာအရသာမှကို မရှိတာ။
ဗိုက်ဆာတာကို သက်သာအောင် သခွားသီးတစ်ကိုက် ကိုက်စားလိုက်တယ်။ အင်း... သခွားသီးရဲ့ တစ်ခုတည်းသော ကောင်းကွက်က ဝါးလိုက်ရင် မြည်သွားတဲ့ အသံလေးပဲ။ ပြီးတော့ ဗာဒံစေ့ လက်တစ်ဆုပ်စာနဲ့ ကင်ထားတဲ့ ရွှေဖရုံသီး တစ်စိတ်ကို စားလိုက်တယ်။ ဒါတွေကို အကြိမ်ခွဲပြီး နည်းနည်းချင်းစီ စားဖို့ ပေးထားတာဆိုပေမဲ့ အရေးပေါ်စားနပ်ရိက္ခာတွေနဲ့ ဘာမှမကွာတဲ့ ဒီအရာတွေကို သူမ အဲဒီလို ခွဲမစားနိုင်ပါဘူး။ ဝလည်းမဝဘဲ ဗိုက်ပြည့်သွားစေမယ့် ဆေးလုံးမျိုးများ ရှိမလားလို့တောင် တွေးမိတယ်။ အစားအသောက် ဆင်ခြင်ရတဲ့ ဒုက္ခကနေ ထာဝရ နှုတ်ဆက်ချင်နေပြီလေ။
“ကောင်းသောညပါ Moon’s Reflection on the Window ပရိသတ်ကြီးရှင်။ ကျွန်မကတော့ အစီအစဉ်တင်ဆက်သူ အန်းဂျူဟယွန်းပါ။ မနက်ပိုင်းမှာ ဆုံရမှာဖြစ်ပေမဲ့ ဒီနေ့ကတော့ အထူးအစီအစဉ်အနေနဲ့ ညဘက်ကြီး လာတွေ့ရတာပါ။ ဒီညအတွက် DJ ဂုံယွန်းဆူက ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခုကြောင့် ခွင့်ယူထားလို့ သူမကိုယ်စား ကျွန်မက တင်ဆက်ပေးမှာပါ။ ယွန်းဆူရဲ့ နားထောင်လို့ကောင်းတဲ့ အသံလေးအစား ကျွန်မအသံကို နားထောင်ရမယ့်အတွက် တောင်းပန်ပါတယ်နော်။ ဒါကသာ ကျွန်မရဲ့ အစီအစဉ်ဆိုရင်တော့ ပြောချင်ရာတွေ အကုန်ပြောမိမှာပဲ။ ဒါပေမဲ့ ဒီအစီအစဉ်က နည်းနည်း တရားဝင်ဆန်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းထားရပါမယ်။ ကဲ... ဒါဆိုရင် ပြတင်းပေါက်ထက်က လမင်းရဲ့ ရောင်ပြန်လေးကို ငေးကြည့်ရင်း ကျွန်မတို့ရဲ့ ပထမဆုံး အစီအစဉ်လေးဆီ သွားလိုက်ကြရအောင်”
ချယ်ရင်က ရေဒီယိုကို လှမ်းကြည့်လိုက်တယ်။ ရင်းနှီးနေတဲ့ အသံလို့ ထင်လိုက်ပေမဲ့ တကယ်တမ်းကျတော့ ဂျူဟယွန်းအွန်နီ ဖြစ်နေတာပဲ။
"အိုပါး... အသံနည်းနည်းလောက် တင်ပေးပါဦး"
"အေးအေး"
အသံက ပိုကျယ်လာတယ်။ ဂျူဟယွန်းက ပရိသတ်ပို့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ပြနေတာလေ။
"အိုပါးက ဂျူဟယွန်းအွန်နီနဲ့ စကားပြောဖူးလား"
"ငါလား။ ဟင့်အင်း၊ ဆုံပွဲတစ်ခုမှာ အမှတ်တမဲ့ စကားပြောဖြစ်တာကလွဲရင် မပြောဖူးဘူး။ မင်းလည်း သိတဲ့အတိုင်းပဲလေ၊ ငါတို့ကုမ္ပဏီက သရုပ်ဆောင်တွေနဲ့ အဆိုတော်တွေကို ခွဲထားတာကိုး"
ချယ်ရင်က ခေါင်းညိတ်ပြလိုက်တယ်။ သူတို့နှစ်ယောက်လုံးက Yellow Star Entertainment က ဖြစ်ပေမဲ့ သူမလည်း ဂျူဟယွန်းနဲ့ စကားမပြောဖူးပါဘူး။ နှုတ်ဆက်ရုံလောက်တော့ နှုတ်ဆက်ဖူးတယ်။
* ကျွန်မ အခုလို ယဉ်ယဉ်ကျေးကျေးလေး ပြောနေတာက အရမ်းသူစိမ်းဆန်နေတယ်မလား။ ကျွန်မလည်း အဲဒီလိုပဲ ထင်ပါတယ်။ ကဲ... ဒါဆိုရင် ဆက်မသွားခင် သီချင်းလေးတစ်ပုဒ်လောက် နားထောင်လိုက်ရအောင်...
နွေဦးမိုးဖွဲလေးနဲ့တူတဲ့ သီချင်းသံလေး ထွက်ပေါ်လာတယ်။ ချယ်ရင်က ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်တယ်။ အပြင်မှာတော့ လပြည့်ဝန်းကြီးက သာလင်းနေတယ်။ ပါးလျတဲ့ လခြမ်းကွေးလေးကနေ လပြည့်ဝန်းကြီး ဖြစ်လာသလိုမျိုးပဲ သူမလည်း ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ရေးသင်တန်းသူ ဘဝကနေ အိုင်ဒေါတစ်ယောက် ဖြစ်လာခဲ့တာလေ။ ကျောင်းသွားတိုင်း အခြားသူတွေက သူမကို မှတ်မိပြီး လာနှုတ်ဆက်ကြသလို၊ ပွဲတွေသွားတိုင်းမှာလည်း လူတွေက သူမကို လက်ပြနှုတ်ဆက်ကြတယ်။ အဲဒီလို အားလုံးရဲ့ အာရုံစိုက်မှုကို ခံရတိုင်း သူမ ရင်ထဲမှာ ကြည်နူးရတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ဒီလို အာရုံစိုက်ခံရမှုမျိုးကို ဆက်ထိန်းထားဖို့ဆိုရင် အိုင်ဒေါတစ်ယောက်အနေနဲ့ သိပ်မလုံလောက်တော့ဘူးလို့ သူမ တွေးမိလာတယ်။ Yellow Star, NL Company နဲ့ Jewel Entertainment ဆိုတဲ့ အဓိက အေဂျင်စီကြီး သုံးခုတင်မကဘဲ အခြား ဖျော်ဖြေရေးကုမ္ပဏီတွေကပါ အိုင်ဒေါအဖွဲ့တွေကို ပိုပိုပြီး မွေးထုတ်လာကြတယ်။ ရုပ်သံဂီတအစီအစဉ်တွေကို သွားတိုင်း ဒါကို သူမ သိသိသာသာ ခံစားရတယ်။ အဲဒီကို ရောက်တိုင်း အနည်းဆုံး အဖွဲ့သုံးဖွဲ့လောက်က သူမကို လာနှုတ်ဆက်ပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်တတ်ကြတယ်။ တစ်ခါတလေဆိုရင် ငါးဖွဲ့ထက်တောင် ပိုသေးတယ်။
အိုင်ဒေါလောကဆိုတာက အထက်အောက် ဆက်ဆံရေး တော်တော်လေး တင်းကျပ်တဲ့ နေရာဖြစ်လို့ သူမကိုယ်တိုင်လည်း လိုက်နှုတ်ဆက်ရတာတွေ ရှိတယ်။ သိပ်မအောင်မြင်တဲ့ စီနီယာအိုင်ဒေါတွေကို သွားနှုတ်ဆက်ရတိုင်း သူမ တော်တော်လေး စိတ်လှုပ်ရှားရတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးစကားတွေ ပြောကြပေမဲ့ အခြေအနေက တော်တော်လေး အီလည်လည်နိုင်လှတယ်။ မအောင်မြင်တဲ့ အိုင်ဒေါတွေ၊ မျက်နှာသစ် အိုင်ဒေါတွေနဲ့ နာမည်ကြီး အိုင်ဒေါတွေ။ အိုင်ဒေါလောကကြီးက အခုတောင် ပြည့်ကျပ်နေပြီဖြစ်ပေမဲ့ နေ့တိုင်း အိုင်ဒေါအသစ်တွေ ထပ်ထွက်လာနေတုန်းပဲ။
လေ့ကျင့်ရေးသင်တန်းသူအနေနဲ့ သူမကို လာနှုတ်ဆက်ကြတဲ့ တချို့လူတွေကို ကြည့်ပြီး ချယ်ရင် တစ်ခါတလေ အံ့ဩသွားတတ်တယ်။ အိုင်ဒေါဖြစ်ဖို့ ပြင်ဆင်နေတဲ့ မူလတန်းအရွယ် ကလေးတွေထဲမှာ ကိုရီးယားနိုင်ငံသားတွေချည်းပဲ မဟုတ်တော့ဘူး။ အခြားနိုင်ငံသား ခံယူထားတဲ့ ကလေးတွေလည်း အများကြီး ပါလာတယ်။ ပြီးတော့ သူတို့အားလုံးက အရုပ်မလေးတွေလိုပဲ ချစ်စရာကောင်းပြီး လှပနေကြတာလေ။
ကိုယ့်ကိုယ်ကိုယ် ကုန်ပစ္စည်းတစ်ခုလို သဘောထားရတဲ့ လောကထဲမှာ နေနေရတာဆိုတော့ သူမ တော်တော်လေး ခံစားလွယ်လာတယ်။ ဘာမှမသိဘဲ ရမ်းတုတ်ပြီး ကြိုးစားခဲ့တဲ့ အချိန်တွေနဲ့ လုံးဝကို ကွာခြားသွားပြီလေ။ သူမရဲ့ နာမည်ကြီးမှုက မကြာခင် ပြီးဆုံးသွားတော့မလားလို့ မကြာခဏ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှားလေးတစ်ခုကြောင့် ကြယ်ပွင့်ဘဝကနေ ကျောက်ခဲအဖြစ်ကို ရောက်သွားတဲ့သူတွေကို သူမ မြင်ဖူးလွန်းနေပြီကိုး။
အိုင်ဒေါဆိုတာ ဆိုးဆိုးဝါးဝါး ပြောရရင် သုံးပြီးလွှင့်ပစ်ရတဲ့ ပစ္စည်းတွေနဲ့ တူတယ်လို့ မဂ္ဂဇင်းဆောင်းပါးတစ်ခုမှာ သူမ ဖတ်ဖူးတယ်။ အဲဒီဆောင်းပါးကို ဖတ်တုန်းကတော့ အဲဒီသတင်းထောက် ဘာမှမသိဘဲ ရေးထားတာလို့ ထင်ခဲ့ပေမဲ့ အခု အချိန်တွေ ကြာလာတော့ သူမ အဲဒီစကားကို တော်တော်လေး နားလည်လာတယ်။ သူမ ပွဲဦးထွက်ခဲ့တာ အခုဆို ဒုတိယနှစ်ထဲ ရောက်လာပြီ။ အဖွဲ့က အခုထိ နာမည်ကြီးနေတုန်း ဆိုပေမဲ့ ကျဆင်းလာမယ့် လက္ခဏာတွေက စပြနေပြီလေ။ ဥပမာပြောရရင် သူတို့ရဲ့ တတိယမြောက် အယ်လ်ဘမ်ထွက်လာတဲ့အခါမှာ အရောင်းရ သိပ်မသွက်တော့ဘူး။ အဲဒီထက်ဆိုးတာက ရုပ်သံလိုင်းကြီး သုံးခုရဲ့ ဂီတအစီအစဉ်အားလုံးမှာ ပထမနေရာကို သူတို့ မယူနိုင်တော့တာပဲ။ နှစ်ခုမှာတော့ ပထမရပေမဲ့ တတိယမြောက်လိုင်းမှာတော့ မျက်နှာသစ် အိုင်ဒေါအဖွဲ့တစ်ဖွဲ့က သူတို့ကို ကျော်တက်သွားခဲ့တယ်။ TTO အဖွဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေ စလုပ်ကတည်းက ပထမနေရာက သူတို့အတွက်ပဲလို့ တွေးထားခဲ့တဲ့ အဖွဲ့ဝင်တွေလည်း တော်တော်လေး တုန်လှုပ်သွားကြတယ်။
သေချာတာပေါ့၊ အခုထိတော့ အဆင်ပြေနေဆဲပါပဲ။ နွေရာသီကျောင်းပိတ်ရက်အစမှာ ကျင်းပခဲ့တဲ့ သီးသန့်ဖျော်ဖြေပွဲဆိုရင် လက်မှတ်ရောင်းရောင်းချင်း ကုန်သွားခဲ့တယ်။ ဒါက သူတို့ နာမည်ကြီးနေတုန်းပဲ ဆိုတာကို ပြနေတာဖြစ်ပေမဲ့ သူမ ရင်ထဲက မသက်မသာ ဖြစ်နေတဲ့ ခံစားချက်ကတော့ ရှိနေတုန်းပဲ။
အဲဒါကြောင့်ပဲ သရုပ်ဆောင်တဲ့ဘက်ကို သူမ မျက်စိကျလာခဲ့တာပါ။ အာရုံစိုက်မခံရတဲ့ လောကကြီးကို ချယ်ရင် လုံးဝ စိတ်ကူးနဲ့တောင် မကြည့်ရဲတော့ဘူး။ သူမက ထာဝရ ချစ်စရာကောင်းပြီး အချစ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ချင်တာလေ။ အိုင်ဒေါတစ်ယောက် ဖြစ်နေသရွေ့တော့ ဒီအတွက် ကန့်သတ်ချက်တွေ ရှိနေမှာပဲ။ အဖွဲ့ဝင်တွေကြား သဘောထားကွဲလွဲမှုတွေကြောင့် ကွဲသွားကြတဲ့ စီနီယာအိုင်ဒေါအဖွဲ့တွေ အများကြီး ရှိခဲ့တယ်လေ။ အဲဒီလို အခြေအနေတွေအတွက် သူမ ကြိုတင်ပြင်ဆင်ထားရမယ်။ တစ်ကိုယ်တော် ရပ်တည်ရမယ် ဆိုရင်တောင် လူထုရဲ့ အချစ်ကို သူမ ရရှိနေဖို့ လိုတယ်။
အဲဒီရှုထောင့်ကနေ ကြည့်ရင် သရုပ်ဆောင်တာက သူမနဲ့ တော်တော်လေး ကိုက်ညီနေတယ်။ ကုမ္ပဏီဥက္ကဋ္ဌကို ပူဆာပြီး သရုပ်ဆောင်သင်တန်းတွေ သူမ တက်ခဲ့တယ်။ ဒီလိုလုပ်ဖြစ်သွားတဲ့ အဓိက အကြောင်းရင်းကတော့ TTO အဖွဲ့ကို ကြည့်ပြီးနောက်ပိုင်းကနေ စတာပါ။ TTO ဆိုတာ မူလကတည်းက ဘက်စုံသုံးနိုင်တဲ့ အဖွဲ့တစ်ခုအနေနဲ့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အိုင်ဒေါအဖွဲ့လေ။ NL Company က လုပ်ထားတဲ့ ပြင်ဆင်မှုတွေကို မြင်ရတော့ သူတောင် အံ့ဩသွားမိတယ်လို့ သူမတို့ အေဂျင်စီဥက္ကဋ္ဌက ပြောဖူးတယ်။
TTO လို ထိပ်တန်း အိုင်ဒေါအဖွဲ့တောင် နောက်တစ်ဆင့်အတွက် ပြင်ဆင်နေကြတာပဲ။ သူမလည်း အဲဒီလို ဖြစ်မှရမယ်လို့ တွေးပြီး အစီအစဉ်ကို ချက်ချင်း အကောင်အထည် ဖော်လိုက်တော့တယ်။
ဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင်မင်းသမီးနေရာက သူမဆီကို ချက်ချင်း ရောက်လာခဲ့တယ်။ စိတ်လှုပ်ရှားပြီး တုန်ယင်နေခဲ့ပေမဲ့ သူမ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ဘေးနားက လူတွေ သူမကို မျက်မုန်းကျိုးနေကြမှန်း သိပေမဲ့ သူမ သည်းခံနိုင်မယ်လို့ ထင်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒါတွေက မကြာခင် ပျောက်ကွယ်သွားမှာပဲလေ။ သူမ ပထမဆုံး ခြေလှမ်းကို စလှမ်းလိုက်ပြီ။ ဇာတ်လမ်းတွဲတွေမှာ လုံလောက်တဲ့ နာမည်ရလာပြီဆိုရင် ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း သူမကို စပြီး ခေါ်လာကြတော့မှာ။ အရင်တုန်းက ဝင်ဖို့မလွယ်ဘူးလို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်လောကထဲကို အိုင်ဒေါတွေ စပြီး ဝင်လာနေကြပြီဆိုတော့ သူမ တွေးထားတာ မှားမနေပါဘူး။
"သရုပ်ဆောင် ချယ်ရင်"
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သရုပ်ဆောင် ချယ်ရင် ဆိုတာထက် အိုင်ဒေါ ချယ်ရင်အနေနဲ့ ပိုပြီး နာမည်ကြီးနေသေးတာပေါ့။ သူမရဲ့ အမည်နာမကို အမြန်ဆုံး ပြောင်းလဲပစ်ချင်နေပြီ။ ဂျူဟယွန်းရဲ့ အဆင့်မျိုးကို ရောက်သွားရင်တော့ နာမည်ကြီးဖို့ကို ဂရုစိုက်နေစရာ မလိုတော့ဘူးလေ။ သေချာတာကတော့ ဂျူဟယွန်းလို ဖြစ်လာဖို့ သူမမှာ အစီအစဉ်မရှိပါဘူး။ အဲဒီမိန်းမက အရမ်း မဆင်မခြင်နိုင်လွန်းတယ်။ သူမက လူထုကိုတောင် မကြောက်တဲ့သူလေ။ အနှေးနဲ့အမြန် သူမ ပျောက်ကွယ်သွားလိမ့်မယ်လို့ ချယ်ရင် တွေးလိုက်မိတယ်။
'ဒါပေမဲ့ ငါသာ သူ့လို တစ်ဖရိန်တည်းမှာ ပါနေရင် ပြဿနာများ ဖြစ်လာမလား'
ဂျူဟယွန်းက ဂျူနီယာတွေကို စောင့်ရှောက်ပေးတတ်တယ်လို့ နာမည်ကြီးတာပဲ။ သူမဆီ သွားပြီး အကူအညီတောင်းရင်ကော ကူညီပေးမလား။ ပြီးရင်တော့ နောက်တစ်ခါ ဂျူဟယွန်းနဲ့ အတူတူ အလုပ်လုပ်ခွင့်ပေးဖို့ ကုမ္ပဏီဥက္ကဋ္ဌဆီမှာ တောင်းဆိုရမယ်။ ဒါဆိုရင် သတင်းထောက်တွေကလည်း ဆောင်းပါးတွေ အလုအယက် ရေးကြမှာဖြစ်ပြီး သူမကိုယ်သူမ ပိုလူသိများအောင် လုပ်နိုင်တော့မှာ။
အဲဒီလိုသာဖြစ်လာရင် လူတွေရဲ့ အချစ်ကို သူမ ပိုရလာမှာ သေချာတယ်။
ချယ်ရင်က အိတ်ထဲကို လက်နှိုက်လိုက်တယ်။ ဖုန်းဝင်လာလို့လေ။
"အိုပါး... ဆောရီးနော်၊ အသံနည်းနည်းလောက် ပြန်ချပေးပါလား"
"အိုကေ"
ခေါ်တဲ့သူရဲ့ နာမည်ကို ကြည့်ပြီးတာနဲ့ သူမ ဖုန်းကို ကိုင်လိုက်တယ်။
"ဟယ်လို... ဆွန်းဂျဲအိုပါး"
TTO အဖွဲ့က ဆွန်းဂျဲလေ။ သူတို့နှစ်ယောက်က ဂီတအစီအစဉ်တွေမှာ မကြာခဏ ဆုံရင်း ရင်းနှီးသွားကြတာဖြစ်ပြီး တီဗီအစီအစဉ်တစ်ခုကို အတူတူလုပ်ပြီးနောက်ပိုင်း ပိုရင်းနီးသွားကြတယ်။ ဒါပေမဲ့ မကြာသေးခင်ကတော့ သူ ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်နေလို့ အလုပ်ရှုပ်နေတယ်လို့ သူမ ကြားထားတယ်။
* မင်း ဇာတ်လမ်းတွဲကို ငါ ကြည့်လိုက်တယ်
"တကယ်လား။ ရှက်တောင် ရှက်လာပြီ"
* မင်း သရုပ်ဆောင်တာ တော်တော်ကောင်းပါတယ်။ ဪ... ငါ ဖုန်းဆက်ရတဲ့ အကြောင်းရင်းက ပြီးခဲ့တဲ့တစ်ခေါက် မင်းပြောထားတဲ့ ပါတီကိစ္စလေးကြောင့်ပဲ
"ဪ... ဟုတ်၊ အဲဒါက ဘာဖြစ်လို့လဲ"
* ဆောရီးပါဟာ... ငါ လာဖြစ်မယ် မထင်ဘူး။ ချိန်းထားတာလေး ရှိနေလို့
"ဘာကိစ္စများလဲ"
* သရုပ်ဆောင်သင်တန်း နည်းနည်း သွားတက်မလို့။ တောင်းပန်ပါတယ်ကွာ
"ဒါဆိုလည်း မတတ်နိုင်ဘူးလေ။ အဲဒီအစား နောက်ကျရင် ကျွန်မနဲ့ အပြင်ထွက်လည်ရမယ်နော်"
* အိုကေလေ
ဖုန်းချပြီးသွားတော့ ချယ်ရင်က နှုတ်ခမ်းလေး ဆူလိုက်တယ်။ ဆွန်းဂျဲကို သူမ ဖိတ်ထားတယ်ဆိုပြီး အဖွဲ့ထဲက တခြားသူတွေကို ကြွားထားခဲ့ပေမဲ့ အခြေအနေက သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကအထိ သူမမှာ နားချိန်ဆိုတာ လုံးဝ မရှိခဲ့ပေမဲ့ အခုတော့ ပါတီအခန်းတွေ ငှားပြီး သူမနဲ့ ရင်းနှီးတဲ့သူတွေနဲ့ သွားကစားဖို့ အချိန်တွေ အများကြီး ရှိနေပြီလေ။ ကျောင်းသူတစ်ယောက်အနေနဲ့ စိတ်ကူးတောင် မယဉ်နိုင်တဲ့ ငွေပမာဏအမြောက်အမြားကို သူမ ပေးနိုင်နေပြီ။ သူမဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ခဲ့တာကတော့ ဘဏ်အကောင့်ကို သူမဘာသာ ကိုင်မယ်လို့ မိဘတွေကို ပြောခဲ့တာပဲ။ သူတို့ကို လစဉ်သုံးစရိတ် ပုံမှန်ပို့ပေးနေတော့ သူတို့ဘက်ကလည်း ဘာမှ ညည်းညူစရာ မရှိဘူးလေ။
"အဲဒါထက်... သူလိုလူမျိုးက သရုပ်ဆောင်သင်တန်း တက်မယ်လို့ တွေးကြည့်တာနဲ့တင်..."
ကြိုးစားအားထုတ်မှုဆိုတာ နာမည်ကြီးမှုနဲ့ ယှဉ်ရင် အလကားပဲလို့ ဆွန်းဂျဲ အမြဲပြောလေ့ရှိပြီး ကစားဖို့ကိုပဲ အမြဲဦးစားပေးတတ်တာ။
'ကောင်းပြီလေ၊ သူ့မှာလည်း အကြောင်းပြချက်တွေ ရှိနေမှာပေါ့'
သူမ ခဏလောက် မှေးကနဲ အိပ်ပျော်သွားချိန်မှာပဲ နေအိမ်ကို ရောက်သွားတယ်။ ဓာတ်လှေကားနဲ့ ၇ လွှာကို တက်သွားပြီး တံခါးကို ဖွင့်လိုက်တယ်။ အဝင်ဝမှာ ဖိနပ်နှစ်ရံ ချွတ်ထားတာကို တွေ့ရတယ်။
"ပြန်လာပြီလား"
မျက်နှာပေါင်းတင်တဲ့ Mask ကပ်ထားတဲ့ အစ်မတွေက သူမကို လှမ်းနှုတ်ဆက်ကြတယ်။
"အစ်မဒါယွန်းနဲ့ အစ်မမင်းဂျီကော ဘယ်ရောက်သွားလဲ"
"သူတို့က ရေဒီယိုအစီအစဉ်တစ်ခုမှာ ဧည့်သည်အနေနဲ့ သွားရမှာတဲ့။ ရုတ်တရက်ကြီး ထွက်သွားကြတာ"
"ဪ"
ချယ်ရင်က အရင်ဆုံး ရေဝင်ချိုးလိုက်တယ်။ ချွေးတွေပြောင်စင်အောင် ဆေးကြောလိုက်တော့ သူမရဲ့ ဖြူစင်ဝင်းပတဲ့ အသားအရေလေး ပြန်ပေါ်လာတယ်။ ဧည့်ခန်းထဲကို မထွက်လာခင် ရေချိုးခန်းထဲမှာ အလှပြင်ပစ္စည်းတွေနဲ့ အသားအရေကို သန့်စင်လိုက်တယ်။ အစ်မနှစ်ယောက်ကတော့ တီဗီကြည့်ရင်း ယောဂကျင့်နေကြတယ်။ ရေခဲသေတ္တာထဲကနေ မျက်နှာပေါင်းတင်တဲ့ Mask တစ်ခုကို သူမ ထုတ်ယူလိုက်တယ်။ သူမက ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဖြစ်လို့ ဘယ်လောက်ပဲ ဂရုစိုက်စိုက် အသားအရေနဲ့ ပတ်သက်တဲ့ ပြဿနာတွေတော့ ရှိနေတာပဲလေ။
Mask ကို ကပ်ပြီး ဆိုဖာပေါ်မှာ လှဲအိပ်လိုက်တယ်။ သင်တန်းသူဘဝတုန်းကတော့ အားလုံးက အခန်းကျဉ်းလေးထဲမှာ အတူတူ အိပ်ခဲ့ရပေမဲ့ အခု ပွဲဦးထွက်ပြီး နှစ်နှစ်ကြာလာတဲ့ အခါမှာတော့ အခန်းလေးခန်းပါတဲ့ တိုက်ခန်းတစ်ခုမှာ နေနိုင်နေကြပြီလေ။ သူတို့ရဲ့ သွားလာလှုပ်ရှားမှုတွေအပေါ် ကန့်သတ်ထားတာတွေလည်း တော်တော်လေး လျော့ကျသွားပြီး စိတ်ကြိုက် အပြင်ထွက်နိုင်နေကြပြီ။ သေချာတာကတော့ အပြင်မှာ ညအိပ်မယ်ဆိုရင်တော့ ခွင့်ပြုချက်တောင်းရမှာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပုံဆိုးပန်းဆိုး ဓာတ်ပုံတစ်ပုံလောက် ထွက်သွားရင် သူတို့ရဲ့ အိုင်ဒေါဘဝ ပြီးဆုံးသွားနိုင်တယ်လေ။
"ချယ်ရင်၊ နင်က တော်တော်လေး အချိုးမပြေတာပဲ"
အကြီးဆုံးအစ်အက ရုတ်တရက် လှမ်းပြောတယ်။ ချယ်ရင်က မကြားချင်ယောင်ဆောင်နေပြီး သူမကို ဘာမှပြန်မတုံ့ပြန်ဘူး။ ဒါပေမဲ့ သူမကတော့ စောင်းမြောင်းပြီး ဆက်ပြောနေတုန်းပဲ။ အကြီးဆုံးအဖွဲ့ဝင်တစ်ယောက် ဖြစ်နေက်ရက်နဲ့ ဒီလိုစကားမျိုးပြောနေတာ သူများ ရူးနေပြီလားလို့ ချယ်ရင် စိတ်ထဲကနေ တွေးမိတယ်။
သူမ မနာလိုဖြစ်နေတာနေမှာ။ အဲဒီအကြီးဆုံးအစ်မက သူမနဲ့ ဇာတ်လမ်းတွဲ အတူတူရိုက်နေတဲ့ ဝူမင်းဆိုတဲ့ ကောင်လေးကို သဘောကျနေတာလေ။ ချယ်ရင်က သက်ပြင်းချလိုက်တယ်။ သူတို့ သင်တန်းသူဘဝတုန်းကတော့ ဒီလိုမျိုး ပြဿနာတွေ တစ်ခုမှ မရှိခဲ့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အားပေးကူညီကြပြီး အချင်းချင်း မှီခိုခဲ့ကြတာ။ ဒါပေမဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေ စလုပ်လာတာနဲ့အမျှ အဖွဲ့ထဲမှာ အက်ကွဲကြောင်းတွေ စပြီး ကြီးထွားလာတော့တယ်။ ဒါက ချယ်ရင် သရုပ်ဆောင်တဲ့ဘက်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပဲ။ ဒီအဖွဲ့က လေထဲကို ပျောက်ကွယ်သွားနိုင်တယ်လို့ သူမ တွေးထားမိတယ်။
'အသက် ၂၁ နှစ်တောင် ရှိနေပြီကို သူက ဒီလောက် ကလေးဆန်ချင်နေသေးတာလား'
သေချာတာပေါ့၊ ဒီစကားကို သူမ အသံထွက်ပြီး မပြောလိုက်ပါဘူး။ အဲဒီအစား ပြုံးပြလိုက်ပြီး ခက်ခဲတဲ့အကြောင်းနဲ့ သူမက သိပ်မကျွမ်းကျင်သေးတဲ့ အကြောင်းပဲ ပြန်ပြောလိုက်တယ်။ ရင်ထဲမှာတော့ ဆူပွက်နေပေမဲ့ သူမ ဘာမှမလုပ်နိုင်ခဲ့ဘူးလေ။ အဖွဲ့အတွင်း မတည့်ကြဘူးဆိုတဲ့ ကောလာဟလတွေက ထွက်နေပြီးသားဆိုတော့ ဒီမှာသာ တကယ် ရန်ဖြစ်လိုက်ကြရင် ကင်မရာရှေ့ရောက်တဲ့အခါ သူမရဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်သွားလိမ့်မယ်။
အကြီးဆုံးအဖွဲ့ဝင်ကလည်း အဲဒါကို သိပုံရပြီး သူမရဲ့ လေ့ကျင့်ခန်းကိုပဲ ဆက်အာရုံစိုက်နေလိုက်တယ်။ ဟုတ်တယ်လေ၊ သူတို့တွေက လိုအပ်ချက်ကြောင့်သာ ပေါင်းဆုံခဲ့ကြတာပဲ။ ထာဝရ အိုင်ဒေါတွေအဖြစ် ဆက်ရှိနေကြမှာမှ မဟုတ်တာ။
"ကျေးဇူးပါ အစ်မတို့။ အခုချိန်ထိ အိပ်မက်တစ်ခုလိုပဲနော်။ အားလုံးရဲ့ ကျေးဇူးကြောင့်သာ အခုလို ဖြစ်လာရတာပါ"
"ရပါတယ်ဟာ"
အမြဲတမ်း ဒီလိုပဲ ပြီးသွားတတ်တာ။ တကယ်တော့ လူတိုင်းက ဟန်ဆောင်ကောင်းနေကြတာလည်း ကောင်းတာပါပဲ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အမြန်ဆုံး အောင်မြင်လာအောင် လုပ်ရမယ်လို့ ချယ်ရင် တွေးလိုက်တယ်။ ရေတွေ စဝင်နေပြီဖြစ်တဲ့ သင်္ဘောတစ်စင်းပေါ်မှာ သူမ အချိန်အကြာကြီး ဆက်နေလို့ မဖြစ်တော့ဘူးလေ။
နောက်တစ်နေ့မှာတော့ ဇာတ်လမ်းတွဲရိုက်ကွင်းကို မသွားခင် သူမထက် တစ်နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ချယ်ရင် ဆုံခဲ့တယ်။ သူက ဇာတ်ရံတစ်ယောက်အနေနဲ့ ပါဝင်ရမယ်လို့ ပြောတယ်။ သူက သူမတို့ အေဂျင်စီရဲ့ သရုပ်ဆောင်အပိုင်းက ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့နာမည်က ယူးဂျီဆော့တဲ့။ သူတို့နှစ်ယောက်လုံးက Yellow Star ကဖြစ်ပေမဲ့ သူမ သူ့ကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။
"နူးနာ... ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးပါဦးနော်"
(TR Note: Noona နူးနာ - ယောက်ျားလေးက ကိုယ့်ထက် အသက်ကြီးတဲ့ အစ်မ၊ အစ်မလို ခင်မင်ရတဲ့ အမျိုးသမီး ကို ခေါ်တဲ့စကားပါ။)
ဒါက ပထမဆုံးအကြိမ် တွေ့တာဖြစ်ပေမဲ့ သူက တော်တော်လေး ရင်းရင်းနှီးနှီး ဆက်ဆံတယ်။ သူ့ရဲ့ အမူအကျင့်ကြောင့် လန့်သွားပေမဲ့ သူမက 'အိုကေ' လို့ပဲ ပြန်ဖြေလိုက်တယ်။ ဂျီဆော့က စကားများတဲ့ ကောင်လေးပဲ။ သူ့ရဲ့ စကားပြောဖော် ဖြစ်ရတာက တော်တော်လေး ပင်ပန်းတယ်။
"ဘာဖြစ်လို့ သရုပ်ဆောင်ဖို့ စဉ်းစားခဲ့တာလဲ"
"ငါလား... အင်း၊ ငါက သရုပ်ဆောင်တာကို ဝါသနာပါလို့လေ"
"ဪ... ကျွန်တော်ကတော့ စိတ်ကူးယဉ်ရတာကို သဘောကျတာ။ ပြီးတော့ အဲဒီစိတ်ကူးယဉ်တာတွေကို အပြင်မှာ တကယ်ဖြစ်လာစေချင်တာလေ။ စာရေးတဲ့ဘက်မှာလည်း ပါရမီမပါတော့ သရုပ်ဆောင်တာကသာ ကျွန်တော့်အတွက် အသင့်တော်ဆုံး ဖြစ်မယ်လို့ ထင်ခဲ့တာ။ အဲဒါကြောင့်..."
သူက မမောနိုင်မပန်းနိုင်ကို ဆက်တိုက်ပြောနေတော့တာပဲ။ ချယ်ရင်က ပြုံးပြီး နားထောင်ပေးနေပေမဲ့ ရင်ထဲမှာတော့ တော်တော်လေး ငြီးငွေ့နေပြီ။ သူမအပေါ် အမြင်မရိုင်းသွားစေချင်လို့ သူ့ကို ဘာမှ ပြန်မပြောရက်တာကိုတွေးပြီး သူမ တော်တော်လေး စိတ်ညစ်သွားတယ်။
"ဪ... ဟုတ်သားပဲ။ ကျွန်တော့်မှာ ဟန်မာရူးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အခုချိန်ထိ သူ့လောက် သရုပ်ဆောင်ကောင်းတဲ့သူမျိုး ကျွန်တော် မမြင်ဖူးသေးဘူး။ ဒါပေမဲ့ သူက နည်းနည်းတော့ အေးစက်စက်နိုင်တယ်"
အခုတော့ သူ့သူငယ်ချင်းတွေအကြောင်း စပြောနေပြန်ပြီ။ ချယ်ရင်က သူမရဲ့ နှုတ်ခမ်းတွေ နာလာသလို ခံစားရတယ်။ ဘယ်လောက်ကြာကြာ ပြုံးထားနိုင်မလဲဆိုတာ ကန့်သတ်ချက် ရှိတယ်လေ။
"နူးနာလည်း သူ့ကို မြင်ဖူးလောက်မယ် ထင်တယ်။ ဆိုလိုတာက နူးနာတို့ နှစ်ယောက်လုံး ဇာတ်လမ်းတွဲထဲမှာ အတူတူ ပါထားတာဆိုတော့လေ"
"ဪ... ဟုတ်လား"
သူမ သိပ်ပြီး ဂရုမစိုက်မိပေမဲ့ အသံပြန်ပေးလိုက်တယ်။ အဲဒီကောင်လေးက 'ကျောင်းသား ၁' လိုမျိုး ဘာမှမဟုတ်တဲ့ ဇာတ်ရံတစ်ယောက် ဖြစ်နေမှာပေါ့။ အဲဒီအချိန်မှာပဲ သူတို့ ရိုက်ကွင်းကို ရောက်သွားကြတယ်။ အဲဒီနေရာက ဆန်ဂမ် အထက်တန်းကျောင်းဖြစ်ပြီး သူမအတွက်တော့ အရင်လို ကြီးမားတဲ့ နေရာတစ်ခုလို မခံစားရတော့ပါဘူး။
* * * * * * * * *