← Chapters

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း ၃၁၅

Vol. 32 Ch. 315

အခန်း(၃၁၅)

သူမကို နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဘာကစပြီး အိပ်မက်မက်စေခဲ့တာလဲလို့ မေးလာရင် ‘တိုက်ဆိုင်မှုတစ်ခုကြောင့်ပါ’ လို့ပဲ သူမ ဖြေမိလိမ့်မယ်။

သူမရဲ့ အိမ်က အမြဲတမ်း ဆူညံနေတတ်တယ်။ သူတို့မိသားစုက မပြေလည်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြေလည်ရုံနဲ့ မိသားစုဘဝက သာယာနေတာမှ မဟုတ်တာလေ။ မူလတန်းကျောင်းသူဘဝတုန်းက ချယ်ရင်က ကျောင်းဆင်းတာနဲ့ သူမသူငယ်ချင်းရဲ့ အိမ်ကိုပဲ အမြဲတမ်း သွားနေကျ။ အဲဒီမှာ အချိန်ဖြုန်းပြီး ညရောက်မှပဲ အိမ်ပြန်လေ့ရှိတယ်။ သူမရဲ့ မိဘတွေကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောကြဘူး။ တကယ်တော့ သူတို့သမီးက ပါးနပ်ပြီး အိမ်မှာ မနေတဲ့အတွက်တောင် နည်းနည်း ကျေးဇူးတင်နေသလား အောက်မေ့ရတယ်။ ကလေးတွေက ဘာမှမသိဘူးလို့ ထင်ရင်တော့ မှားသွားလိမ့်မယ်။ ကလေးငယ်လေးတွေတောင်မှ သူတို့သိသင့်တာကို သိကြတာပဲလေ။

မိဘတွေကို မုန်းလို့တော့ မဟုတ်ပါဘူး၊ မိဘတွေ ရန်ဖြစ်နေတာကို ရှောင်ပြီး သူမအခန်းထောင့်မှာ တိတ်တိတ်လေး ပုန်းနေရတာကို မုန်းတာပါ။ တစ်နေ့တော့ ကျောင်းပွဲတစ်ခုကြောင့် ချယ်ရင်က မိဘတွေရှေ့မှာ ကပြခဲ့တယ်။ အဲဒီနေ့ကတော့ အိမ်လေးက နည်းနည်း တိတ်ဆိတ်သွားခဲ့တယ်။ အော်ဟစ်သံတွေအစား ရယ်သံတွေ လွှမ်းမိုးသွားတယ်။ အဲဒီကျေးဇူးကြောင့် ဧည့်ခန်းထဲမှာ သုံးယောက်သား တီဗီ အတူတူ ထိုင်ကြည့်ဖြစ်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တီဗီထဲမှာ မိန်းကလေးတစ်ယောက်က လှပတဲ့အပြုံးလေးနဲ့ သီချင်းဆိုနေတာကို တွေ့လိုက်ရတယ်။ အဲဒါ ဆယ်ကျော်သက် ကြယ်ပွင့်တစ်ယောက်ပေါ့။

သူမအဖေက တိုက်တွန်းတာနဲ့ တီဗီထဲက မိန်းကလေး ဆိုနေတဲ့သီချင်းအတိုင်း သူမ လိုက်ကပြခဲ့တယ်။ မိဘတွေက သူမကို ကောင်းကောင်းလုပ်နိုင်တယ်ဆိုပြီး ချီးကျူးကြတော့ ချယ်ရင်က သီချင်းဆိုနေတဲ့အချိန်ဆို အိမ်က အေးချမ်းသွားတယ်ဆိုတာကို ရေးရေးလေး သဘောပေါက်သွားတယ်။

ဒါပေမဲ့ အဲဒီငြိမ်းချမ်းရေးက ခဏတာပဲ ခံပါတယ်။ သူမတို့အိမ်မှာ စစ်အေးတိုက်ပွဲ ခေတ်ကြီး ရောက်နေတာကိုး။ ချယ်ရင်က မိဘတွေရဲ့ အာရုံစိုက်မှုနဲ့ အချစ်ကို လိုအပ်ပေမဲ့ သူတို့ဆီကနေ ဘာမှ မျှော်လင့်လို့မရခဲ့ဘူး။ အဲဒါကြောင့်လည်း တခြားလူတွေရဲ့ အာရုံစိုက်မှုနဲ့ အချစ်ကို ရယူဖို့ သူမ ရွေးချယ်လိုက်တာပဲ။ တခြားသူတွေက သူမအပေါ် မျှော်လင့်ချက် ကြီးကြီးမားမားထားလေ၊ သူမက လန်းဆန်းလာလေပဲ။ လူတွေ သူမကို ကြည့်လေလေ ပိုပြီး ခွန်အားတွေ ပြည့်လာလေလေပဲ။ အဲဒီအချိန်လောက်ကစပြီး သူမရဲ့ အနာဂတ် ရည်မှန်းချက် အလုပ်အကိုင်နေရာမှာ ‘အဆိုတော်’ လို့ စရေးခဲ့တော့တာပဲ။ ဒါဟာ မိဘတွေရဲ့ အချစ်ကိုရော၊ တခြားလူတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိစေမယ့် အကောင်းဆုံးအလုပ်လို့ သူမ တွေးခဲ့မိတယ်။

မူလတန်း ဆဋ္ဌမနှစ်ကို ရောက်တော့ ချယ်ရင်က Yellow Star ထဲကို သင်တန်းသူအနေနဲ့ ဝင်ခဲ့တယ်။ တစ်ချိန်က ရေရာမှုမရှိတဲ့ အိပ်မက်တစ်ခုဟာ အခုတော့ အကောင်အထည် ပေါ်လာခဲ့ပြီလေ။ မိဘတွေက ကန့်ကွက်ခဲ့ကြပေမဲ့ အေဂျင်စီဘက်ကနေ သူမမှာ အလားအလာရှိတယ်လို့ ကြားလိုက်ရတဲ့အခါမှာတော့ ခွင့်ပြုပေးလိုက်ကြတယ်။ လေ့ကျင့်ရေးတွေက ခက်ခဲပြီး ပင်ပန်းပေမဲ့ အိမ်မှာ တစ်ယောက်တည်း အချိန်ဖြုန်းနေရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အဆောင်မှာ သူမနဲ့ ရည်မှန်းချက်တူပြီး သူမကို နားလည်စာနာပေးနိုင်တဲ့ အစ်မတွေ ရှိနေတာကိုး။

ပွဲဦးထွက်ပြီး ထိပ်တန်း အိုင်ဒေါလ်စာရင်းဝင်သွားတဲ့နောက်ပိုင်းမှာ ချယ်ရင်က မိဘတွေ ရန်ဖြစ်တာကို တစ်ခါမှ မမြင်ဖူးတော့ဘူး။ သူတို့ရဲ့ ဆက်ဆံရေးက ပြန်ကောင်းသွားခဲ့တယ်။ ပိုက်ဆံကြောင့်လား၊ အချိန်တွေကြောင့်လားတော့ သူမ မသိပေမဲ့ ဘာပဲဖြစ်ဖြစ် ချယ်ရင်ကတော့ ကျေနပ်နေခဲ့တယ်။ သူမအတွက် နေ့ရက်တိုင်းက ပျော်ရွှင်မှုတွေရဲ့ အဆက်အစပ်တွေချည်းပါပဲ။ ဘယ်သွားသွား သူမကို လူတိုင်းက အာရုံစိုက်ကြသလို လူတိုင်းရဲ့ စကားဝိုင်းတွေမှာလည်း ဗဟိုချက်ဖြစ်နေခဲ့တယ်။ အမုန်းစကားတွေကို တောင့်ခံရတာ ခက်ခဲပေမဲ့ အားပေးတဲ့ မှတ်ချက်တွေနဲ့ ယှဉ်လိုက်ရင် အမုန်းစကားတွေက နည်းနည်းလေးပဲမို့ မကြာခင်မှာပဲ သူမ ကျင့်သားရသွားခဲ့တယ်။ လူတိုင်းက BLUE ကို ချစ်ကြသလို လူတိုင်းက ချယ်ရင်ကိုလည်း ချစ်ကြတယ်။ အဲဒါက ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အမှန်တရားတစ်ခုလို့ ထင်ရတယ်။

ဒါပေမဲ့ မကြာသေးခင်ကမှ အပြောင်းအလဲ အရိပ်အယောင်တွေ ပေါ်လာခဲ့တယ်၊ ဆိုလိုတာက အဆိုးဘက်ကိုပေါ့။ သူတို့တွေ ပထမနေရာကို မဆုပ်ကိုင်နိုင်ခဲ့ဘူး၊ အဖွဲ့လည်း ကွဲသွားသလို တခြား ပြဿနာလေးတွေလည်း ဖြစ်ခဲ့သေးတယ်။

ဒါတောင်မှ အဆင်ပြေပါတယ်လို့ သူမ ထင်ခဲ့သေးတာ။ ပတ်ဝန်းကျင်က လူတွေက သူမကို ချစ်နေတုန်းပဲလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အဲဒီယုံကြည်မှုက တစ်စစီ ကွဲကြေသွားခဲ့ပြီ။

မနက်ကတည်းက သူမ အခြေအနေ တော်တော်ဆိုးနေခဲ့လို့ အမှားတွေ လုပ်မိတဲ့အတွက် တောင်းပန်ချင်စိတ် ဖြစ်မိတယ်။ ဒါရိုက်တာတွေက အဆင်ပြေပါတယ်လို့ ပြောထားလို့ သိပ်ပြီးတော့လည်း စိတ်မလှုပ်ရှားခဲ့ပါဘူး။ အမိုက်စား ပြန်လာခဲ့မယ်လို့ ဆုံးဖြတ်ထားပေမဲ့ အရာရာက သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ အဲဒီအချိန်ကျမှ ဝန်ထမ်းတွေ သူမကို စိုက်ကြည့်နေတဲ့ အကြည့်တွေကို သူမ သတိထားမိသွားတယ်။ သူတို့အကြည့်တွေထဲမှာ ရန်လိုမှုတွေ၊ မုန်းတီးမှုတွေ ပြည့်နှက်နေတာပဲ။ ဒါကို သတိထားမိလိုက်တာနဲ့ တစ်ပြိုင်နက် သူမရဲ့ စိတ်တွေက ခန္ဓာကိုယ်နဲ့ အဆက်အသွယ်ပြတ်ပြီး သက်သက်စီ လွင့်မျောသွားတော့တယ်။ ပတ်ပတ်လည်ကနေ တအိအိ ဟိန်းသံတွေ ကြားနေရတဲ့ တောအုပ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့သလို ခံစားလိုက်ရတယ်။

သူမက ဒါကို တောင့်ခံထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ပထမဆုံးအကြိမ် ဖြစ်ဖူးတာမှ မဟုတ်တာ။ တခြားလူတွေရဲ့ အောင်မြင်မှုကို မနာလိုဖြစ်တဲ့သူတွေဆိုတာ နေရာတိုင်းမှာ ရှိစမြဲပဲလေ။ သူမ သီချင်းဆိုပြီးတိုင်း အော်ဟစ်လှောင်ပြောင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ အတွေ့အကြုံအရ သူမ သိထားတယ်။ သူမကိုယ်သူမ ဖြေသိမ့်ပြီး ပြန်ထဖို့ ပြင်နေတုန်းမှာပဲ မထင်မှတ်ထားတာ တစ်ခု ဖြစ်လာခဲ့တယ်။ ဒါရိုက်တာ ဆဲလိုက်တာပဲ။ သူမကို ရည်ရွယ်ပြီး ဆဲတာတော့ မဟုတ်ဘူး။ အမှားလေးတစ်ခု လုပ်မိသွားတဲ့ ဇာတ်ရံသရုပ်ဆောင်ကို ဆဲလိုက်တာ။

အဲဒီသရုပ်ဆောင် မျှော်လင့်ချက်မဲ့စွာနဲ့ အနောက်ကို လဲကျသွားတာကို ချယ်ရင် မြင်လိုက်တယ်။ သူမ နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာက သူ့ရဲ့ ဒေါသတွေကို အဲဒီလူဆီမှာ ပုံချလိုက်တာက သိသာလွန်းနေတာကိုး။ အဲဒီအချိန်မှာပဲ သူမရဲ့ မျက်လုံးတွေက အဲဒီလူနဲ့ ဆုံသွားခဲ့တယ်။ သူ့မျက်လုံးတွေက နီရဲနေပြီး ငိုနေခဲ့တယ်။ ချယ်ရင့်အမြင်မှာတော့ သူ သွေးမျက်ရည်တွေ ကျနေသလိုပဲ။ အဲဒီမျက်လုံးတွေထဲမှာ သူမကို လန့်ဖျပ်သွားစေတဲ့ ရက်စက်မှုတွေ ပြည့်နှက်နေတယ်။ သူမရဲ့ ၁၉ နှစ်တာ ဘဝသက်တမ်းတစ်လျှောက်မှာ အဲဒီလိုမျက်လုံးမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အဲဒီသရုပ်ဆောင်က ‘ဒါတွေအကုန်လုံး မင်းအပြစ်တွေချည်းပဲ’ ဆိုတဲ့ စကားကို ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်။ ရိုက်ကွင်းပေါ်က လူတွေအားလုံး ဆူညံပွက်လောရိုက်သွားတော့တယ်။ ရိုက်ကူးရေးကိုလည်း ချက်ချင်း ရပ်လိုက်ရတယ်။

အဲဒီသရုပ်ဆောင်ရဲ့ စကားတွေက သူမနားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ မျက်စိကို အကြာကြီး မှိတ်ထားလိုက်ရင် အဲဒီမျက်လုံးတွေက သူမကို စိုက်ကြည့်နေတော့မလို ခံစားရလို့ မျက်တောင်တွေကို တမင် ခပ်မြန်မြန် ခတ်ပစ်လိုက်တယ်။ ရန်လိုမှုတွေ အပြည့်နဲ့ အကြည့်ခံရတဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမဲ့ အဲဒီလောက်ကြီး ထင်ရှားပြတ်သားတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး။ ဘယ်သူမှ သူမရဲ့အမှားတွေကို လက်ညှိုးထိုးပြီး သတ်ပစ်မယ့်ပုံစံမျိုးနဲ့ မကြည့်ခဲ့ဖူးဘူးလေ။ ဒါပေမဲ့ အဲဒီလူရဲ့ မျက်လုံးတွေက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ တစ်ချိန်တည်းမှာပဲ သူမကြောင့် လူတစ်ယောက် ထိခိုက်နစ်နာသွားတယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဝန်ထမ်းတွေရဲ့ အကြည့်တွေက ပိုပြီး စူးရှလာတယ်။ သူမအနေနဲ့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူးလို့ အလိုလို ခံစားလိုက်ရတယ်။ ဒီအတိုင်း ဆက်ဆွဲထားရင် သူမလည်း အဲဒီသရုပ်ဆောင်လိုပဲ ပြိုလဲသွားလိမ့်မယ်ဆိုတာကို သူမ သိနေတယ်။

ဒါပေမဲ့ ရှောင်ပြေးလို့ကလည်း မရဘူး။ ဘာပဲဖြစ်ဖြစ် သူမက အဓိကဇာတ်ဆောင်တွေထဲက တစ်ယောက်ကိုး။ အခုချိန်ထိ မာနတကြီး နေခဲ့မိတာတွေကို သူမ အရူးအမူး နောင်တရမိနေပြီ။ တကယ်လို့သာ သူမက မလုပ်နိုင်တော့လို့ မနက်ဖြန်မှ ပြန်ကြိုးစားကြမယ်လို့ ပြောလိုက်ရင် ဇာတ်လမ်းတွဲတစ်ခုလုံးက အသာထား၊ သူမရဲ့ ကုမ္ပဏီပါ ပြောင်းပြန်လှန်ခံရမှာ သေချာတယ်။ အဲဒါကို သူမ ကောင်းကောင်း သိတာပေါ့။ ဒီက လူတိုင်းမှာ သူတို့ကိုယ်ပိုင် အချိန်ဇယားတွေ ရှိကြတာမို့လို့ သူမတစ်ယောက်တည်းအတွက် အချိန်ဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သူမက တစ်ခုခုလုပ်ပေးဖို့ သူတို့ကို တောင်းဆိုနိုင်တဲ့ အနေအထားမျိုးမှာ ရှိမနေဘူးဆိုတာကို သဘောပေါက်သွားတယ်။ ခဏလောက်တော့ အဆောင်က အစ်မတွေကို သူမ ခေါင်းထဲ ပြေးမြင်မိသွားတယ်။ သင်တန်းသူဘဝတုန်းကဆိုရင် သူတို့ဆီကနေ နွေးထွေးတဲ့ နှစ်သိမ့်မှုတွေ ရမှာဖြစ်ပေမဲ့ အခုတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်တော့ဘူးလေ။ သူမ ပြန်ရမယ့်အရာက မထီမဲ့မြင် ရယ်သံတွေနဲ့အတူ ‘ဒါဆို ဘာဖြစ်လဲ’ ဆိုတဲ့ စကားပဲ ဖြစ်နေလိမ့်မယ်။

ဒါဆို သူမမှာ ဘယ်သူရှိသေးလို့လဲ။ မန်နေဂျာအစ်ကိုကြီးကို ဖုန်းဆက်ဖို့ တွေးလိုက်ပေမဲ့ အဲဒီအစ်ကိုကြီးကလည်း အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ခွဲခြားထားတဲ့သူလေ။ သူ့ရဲ့ အဲဒီအချက်ကို သဘောကျပေမဲ့ အခုချိန်မှာတော့ အဲဒါက နေရာမကျဆုံးပဲ။ သူငယ်ချင်းတွေလား။ အစကတည်းက ကျောင်းကို ခပ်ခဲခဲပဲ သွားဖြစ်တာဆိုတော့ သူငယ်ချင်းဆိုတာ ရှိစရာ အကြောင်းမရှိဘူး။ သူမရဲ့ ကျောင်းသစ်ဖြစ်တဲ့ မြောင်ဟွာ အထက်တန်းကျောင်းက သူငယ်ချင်းတွေဆိုတာကလည်း အများစုက အနုပညာရှင်တွေချည်းပဲမို့လို့ သူတို့နဲ့ သိပ်တောင် မတွေ့ဖြစ်ကြဘူး။ တီဗီအစီအစဉ်တွေမှာ ဆုံဖူးတဲ့လူတွေကိုတော့ သူမ တွေးတောင် မတွေးရဲဘူး။ အဲဒီလူတွေက ကင်မရာပိတ်သွားတာနဲ့ အဆက်အသွယ် ဖြတ်ကြမယ့်လူတွေလေ။ နောက်ဆုံးတော့ ခေါင်းထဲ ရောက်လာတဲ့ တစ်ဦးတည်းသောလူတွေက သူမရဲ့ မိဘတွေပဲ။ အဲဒီအချိန်မှာပဲ သူမ ရင်ထဲက ဆို့တက်လာတယ်။ လူတွေအများကြီးကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဒါဟာ သူမ တစ်ယောက်တည်း ရင်ဆိုင်ရမယ့် တိုက်ပွဲဆိုတာကို သဘောပေါက်သွားတယ်။

သူမ သွားကြိတ်ပြီးတော့ တောင့်ခံထားလိုက်တယ်။ အဲဒီသရုပ်ဆောင်ရဲ့ မျက်နှာကို မေ့ပစ်ဖို့ ကြိုးစားရင်း သူမရဲ့ ဇာတ်ညွှန်းတွေကို ထပ်ခါတလဲလဲ ရွတ်ဆိုနေမိတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လေလေ၊ အဲဒီလူရဲ့ မျက်နှာက ခေါင်းထဲမှာ ပိုပြီး ရှင်းလင်းလာလေလေပဲ။ အခုချိန်မှာ သူမ အဆိုးရွားဆုံး အခြေအနေကို ရောက်နေခဲ့ပြီ။

ကျက်ထားတဲ့ ဇာတ်ညွှန်းတွေက အစီအစဉ် ပျက်ကုန်ပြီး ခေါင်းထဲမှာ လွင့်ပျံနေတော့တယ်။ ဘာပြောရမှန်းလည်း မသိတော့သလို၊ ဘယ်လို မျက်နှာအမူအရာ လုပ်ရမှန်းလည်း မသိတော့ဘူး။ သူမနဲ့ ရွယ်တူလောက်ရှိမယ့် သရုပ်ဆောင်တွေက အနားလာပြီး အဆင်ပြေပါတယ်လို့ ပြောကြပေမဲ့ အဲဒါကတောင် သူမအတွက် ဟန်ဆောင်နေကြသလို ခံစားရတယ်။

သူတို့တွေ တကယ်ပဲ ဟန်ဆောင်နေကြတာကို သူမ သိပါတယ်။ အဲဒီလိုမှ မဟုတ်ရင် သူမ တောင့်ခံထားနိုင်မှာ မဟုတ်ဘူးလေ။ သူမကိုယ်တိုင်တောင် အချိန်အများစုမှာ အတင်းအကျပ် ဟန်ဆောင်ခဲ့ရတာပဲဟာ။

သူမကို ပိုပြီး စိတ်လှုပ်ရှားစေတာကတော့ သူမကို ဆက်ပြီး သဘောကောင်းပြနေတဲ့ ဒါရိုက်တာတွေပဲ။ သူတို့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပေမဲ့ ရိုက်ကွင်းပေါ်က ကျန်တဲ့လူတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့ရဲ့ ဆက်ဆံရေးကြောင့် သူမ ခေါင်းတွေတောင် မူးလာတယ်။ ဒါရိုက်တာက သူမကို နှစ်သိမ့်လေလေ၊ ဝန်ထမ်းတွေက သူမကို ပိုပြီး ကြမ်းကြမ်းတမ်းတမ်း စိုက်ကြည့်လေလေပဲ။

သူမ လုပ်ကိုလုပ်ရမယ်၊ အခုချိန်မှာ သူမ လုပ်စရာဆိုလို့ ဒါပဲ ရှိတော့တယ်။ ရိုက်ကွင်းမှာ ရိုးရိုးကျောင်းသားတွေလည်း ရှိနေတာလေ။ သူတို့အထဲမှာ သူမကို မုန်းတဲ့လူတွေလည်း ပါလောက်မှာပဲ။ ဒီည အင်တာနက်ပေါ်မှာ သူတို့ ဘာတွေရေးကြမလဲဆိုတာကို တွေးကြည့်လိုက်ရုံနဲ့တင် အစာအိမ်ဆေးတွေ ထပ်သောက်ရတော့မလို ခံစားလိုက်ရတယ်။

ဒီနေရာ၊ ဒီအချစ်တွေနဲ့ ဒီအာရုံစိုက်မှုတွေကို ရဖို့အတွက် သူမ အများကြီး ကြိုးစားခဲ့ရတာမို့လို့ ဒါတွေကို အဆုံးရှုံးမခံချင်ဘူး။ ပရိသတ်တွေနဲ့သာ ဝေးကွာသွားခဲ့ရင် သူမဆီမှာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ အခွံလွတ်ကြီးပဲ ကျန်ခဲ့တော့မှာလေ။ ပိုဆိုးတာက သူမ မိဘတွေနဲ့ ဆက်ဆံရေးပါ ပြန်ပျက်စီးသွားနိုင်တယ်။ အဲဒီအကျိုးဆက်တွေကို ခေါင်းထဲ တွေးမိလိုက်တဲ့အချိန်မှာတော့ သူမကိုယ်သူမတောင် သေချာ မထိန်းထားနိုင်တော့ဘူး။

နောက်ဆုံးတော့ ဒါရိုက်တာ ပေါက်ကွဲသွားတဲ့အသံကို ကြားလိုက်ရတဲ့အခါ လာရမယ့်ကိစ္စ လာပြီလို့ ချယ်ရင် တွေးလိုက်ပေမဲ့ ဒါရိုက်တာက မျက်နှာကို ချက်ချင်း ပြောင်းလိုက်ပြီး သူမကို ခပ်ဖွဖွလေး ပုတ်ပေးတယ်။ သူမ ကျောချမ်းသွားတယ်။ ဒါရိုက်တာကြီးက ရှုံ့မဲ့နေတဲ့ မျက်နှာကြီးနဲ့ သူမကို နှစ်သိမ့်ပေးနေတာကိုး။

ဘယ်သူမှ သူမအနားကို မလာကြဘူး။ ရိုက်ကွင်းတစ်ခုလုံး စကားသံတွေနဲ့ ဆူညံနေပေမဲ့ သူမ တစ်ယောက်တည်း အထီးကျန်နေသလို ခံစားရတယ်။ နားထဲ ဝင်လာတဲ့ စကားသံတွေကြောင့် သူမ ခေါင်းတွေပါ မူးလာတယ်။ ဒီနေရာမှာတင် မေ့လဲသွားရင်များ အရာအားလုံး ပြေလည်သွားမလားလို့ တွေးမိတယ်။ သူမ တကယ်ကို မေ့လဲသွားချင်တာ။ မေ့လဲသွားလို့ ဒီအခြေအနေကနေ ရှောင်ထွက်သွားနိုင်မယ်ဆိုရင် သူမ ဝမ်းသာအားရ လုပ်မိမှာပဲ။

သူမက ခေါင်းကို သတိထားပြီး မော့လိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တယ်။ သူမကို ဘယ်သူတစ်ယောက်မှ လှမ်းမကြည့်ကြဘူး။ မနာလိုမှုတွေလည်း မရှိသလို အားပေးမှုတွေလည်း မရှိဘူး။ သူမကို ‘လူတစ်ယောက်’ လို့တောင် မဟုတ်ဘဲ အရာဝတ္ထု ‘တစ်ခု’ လိုမျိုး ဆက်ဆံနေကြတာ။ ခဏလောက် သူမ အမြင်အာရုံတွေ မှောင်မိုက်သွားတယ်။ လျစ်လျူရှုခံရတာက ဝေဖန်ခံရတာထက် ပိုဆိုးတာပဲ။ သူမ ဘယ်သူ့ဆီကမှ အာရုံစိုက်မှုကို မရရှိခဲ့ဘူး။ ဘယ်သူမှ လှည့်မကြည့်ဘူးဆိုတဲ့ အသိက သူမကို အသက်ရှူကျပ်စေတယ်။ ဇာတ်ညွှန်းတွေ၊ လှုပ်ရှားမှုတွေ၊ မျက်နှာအမူအရာတွေ - သူမ ခေါင်းထဲမှာ ဘာဆိုဘာမှကို မပေါ်လာတော့ဘူး။ ချယ်ရင် ခေါင်းထဲမှာ ဘာမှမရှိတဲ့ အနေအထားနဲ့ အရှေ့ကိုပဲ စိုက်ကြည့်နေမိတယ်။ နားချိန်က မကြာခင် ကုန်ဆုံးတော့မှာမို့ ကပ်ဘေးကြီးက တိတ်တဆိတ် နီးကပ်လာနေပြီဆိုတဲ့ သဘောပါပဲ။

"ဟေ့"

တစ်ယောက်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ သူ ဘယ်အချိန်ကတည်းက အနားရောက်နေမှန်း မသိပေမဲ့ ထွက်သွားတဲ့လူနေရာမှာ အစားဝင်လာတဲ့ ကောင်လေးက သူမကို ကြည့်နေတယ်။ သူ့မျက်လုံးတွေက အေးစက်နေတယ်။ သူမကတော့ အဲဒါကို အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် သူက သူမကို စိတ်ဝင်စားမှုပြတဲ့ တစ်ဦးတည်းသောလူလေ။ အခုချိန်မှာ သူမက နှစ်သိမ့်မှုကို အသည်းအသန် လိုအပ်နေတာ။ အဆင်ပြေသွားမှာပါ၊ အရာအားလုံး ကောင်းသွားမှာပါ။ သူသာ အဲဒီစကားတွေကို ပြောလိုက်ရင် အသက်နည်းနည်း ရှူချောင်သွားမယ်လို့ ခံစားမိတယ်။

အဲဒါက ပြဿနာကို အရင်းမြစ်ကနေ ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမဲ့ ရေနက်ပိုင်းထဲ နစ်မြုပ်နေသလို ခံစားချက်မျိုးကနေ လွတ်မြောက်သွားစေနိုင်တယ်။ ကျေးဇူးပြုပြီး အသက်တော့ ရှူခွင့်ပေးပါ။

ဒါပေမဲ့ သူမရှေ့က ကောင်လေးရဲ့ ပါးစပ်က ထွက်လာတဲ့စကားတွေက ဆောင်းတွင်းရဲ့ အေးခဲနေတဲ့ နှင်းတွေလိုပဲ။ နွေဦးရဲ့ နွေးထွေးတဲ့ လေညင်းလေးကို မျှော်လင့်နေခဲ့ပေမဲ့ သူ့စကားတွေက အေးစက်လွန်းလှတယ်။ သူမကို ကြင်ကြင်နာနာ ဆက်ဆံစေချင်ပေမဲ့ တစ်ဖက်ကလည်း မဖြစ်နိုင်ဘူးလို့ ထင်နေတဲ့ သူမရဲ့ ဆန့်ကျင်ဘက် မျှော်လင့်ချက်တွေက တစစီ ကျိုးပဲ့သွားပြီး သူ့အပေါ် ရန်လိုစိတ်တွေ ဖြစ်လာတယ်။

အဲဒီလိုပြောရအောင် နင်က ဘယ်သူမို့လို့လဲ။ ငါ့အကြောင်း ဘာသိလို့ အခုလို လာပြောနေရတာလဲ။

အဲဒီအချိန်မှာပဲ တခြားလူရဲ့ ခံစားချက်တွေကို နင်းချေပြီး သူများဒဏ်ရာကို ဆားသိပ်တတ်တဲ့ အဲဒီကောင်လေးက သူမကို လက်ကမ်းပေးဖို့ ရုတ်တရက် ပြောလာတယ်။ အကြောင်းတစ်ခုခုကြောင့် သူမ ငြင်းလို့မရခဲ့ဘူး။ အကြောင်းပြချက်က ရှင်းပါတယ် - သူပြောတာက အမှန်တရား ဖြစ်နေလို့လေ။ ဟန်ဆောင်မှုကင်းတဲ့ အမှန်တရားတစ်ခုပေါ့။

သူမရဲ့ လက်ဆီကနေ စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။ သူမ လန့်သွားပြီး လက်ကို ပြန်ဆွဲရုပ်လိုက်တယ်။ ကောင်လေးက ထူးဆန်းတဲ့ အပြုံးတစ်ခု ပြုံးလိုက်ပြီး နာကျင်မှုက အသေးအဖွဲ အတွေးတွေကို မောင်းထုတ်ပေးတယ်လို့ ပြောလာတယ်။

ဘာကြီးလဲ။ သူမကို လာနှစ်သိမ့်ပေးမယ်လို့ ထင်ထားတာ၊ လုပ်နိုင်စွမ်းမရှိရင် လက်လျှော့လိုက်ဖို့ သူက ပြောလာတော့ ဒေါသထွက်သွားတယ်။ ခဏလောက်တော့ ပတ်ဝန်းကျင်က အကြည့်တွေကို သူမ သတိမထားမိတော့ဘဲ သူမကို ထားသွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကိုပဲ မြင်နေရတော့တယ်။ သူ့ကမ္ဘာထဲမှာ သူ နေနေသလိုမျိုး ပုံပေါက်နေတဲ့ သူ့ကိုသာ သူမ ပြန်ချေပနိုင်ခဲ့ရင်...

ချယ်ရင့် မေးရိုးတွေ နည်းနည်း လျော့ကျသွားတယ်။ သူမ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ ကြောက်စရာ ခံစားချက်ကြီးက ပျောက်ကွယ်သွားခဲ့ပြီ။ ပတ်ဝန်းကျင်က အကြည့်တွေကို ခံစားနေရတုန်းဆိုပေမဲ့ အရင်ကလို အသက်ရှူကျပ်တာမျိုးတော့ မဖြစ်တော့ဘူး။ လက်ကနေ ထွက်ပေါ်လာတဲ့ နာကျင်မှုပေါ် အာရုံစိုက်လိုက်တဲ့အခါ တစ်နည်းနည်းနဲ့ သူမကိုယ်သူမ ပြန်ငြိမ်သက်သွားစေနိုင်တယ်။

အခုမှ ပြန်တွေးကြည့်တော့ ငယ်ငယ်တုန်းက ကားမူးတဲ့အခါ အဲဒီနေရာလေးကို ဖိထားရင် သက်သာသွားမယ်လို့ သူမအဖေဆီက ကြားဖူးတာကို သတိရသွားတယ်။ နာတော့ နာပေမဲ့ ထူးဆန်းတာက အဲဒီလိုလုပ်လိုက်ရင် တကယ်ပဲ ကားမူးသက်သာသွားတာပဲ။

ကျန်ရစ်ခဲ့တဲ့ နာကျင်မှုကို သတိထားမိနေတုန်းမှာပဲ ရိုက်ကူးရေး ပြန်စမယ်လို့ ဒါရိုက်တာက ကြေညာလိုက်တယ်။ ရင်ထဲက အသည်းနှလုံးတွေ မြေပြင်ပေါ် ပြုတ်ကျသွားသလို ခံစားလိုက်ရပေမဲ့ ထူးဆန်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် သူမ အခု လုပ်နိုင်ပြီဆိုတဲ့ ယုံကြည်ချက်မျိုး ရလာတယ်။ လက်ကနေ ဖြစ်တည်လာတဲ့ နာကျင်မှုက သူမကို အနောက်ကနေ တွန်းအားပေးနေသလိုပဲ။ သူမရဲ့ အသက်ရှူသံတွေကလည်း ပိုပြီး သဘာဝကျလာတယ်။

ဒါ့အပြင် သူ့မျက်နှာနဲ့ ‘တတ်နိုင်ရင် လာခဲ့လေ’ လို့ ပြောနေသလိုပုံစံပေါက်တဲ့ အဲဒီကောင်လေးကို ကြည့်လိုက်တော့ သူမ ခေါင်းမာချင်စိတ်တွေ ပေါ်လာတယ်။ ဟုတ်တယ်၊ သူမကို သေချာတွန်းဖို့ သူ ပြောခဲ့တာပဲ မဟုတ်လား။

ချယ်ရင်က သူ့ကို အဲဒီအပြုံးမျိုးနဲ့ ပြန်ပြုံးပြလိုက်တယ်။

ကဲ လုပ်လိုက်ကြတာပေါ့။

* * * * * * * * *

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ အေး... အဲဒါမျိုးပဲ"

ဒါရိုက်တာရဲ့ စကားကို ကြားလိုက်ရတော့ ချယ်ရင် ပြန်ပြုံးနိုင်သွားတယ်။ နောက်ဆုံးတော့ အိမ်ပြန်ရတော့မယ့် ဝန်ထမ်းတွေရဲ့ မျက်နှာတွေလည်း ပြုံးရွှင်သွားကြတယ်။ သူမက ရိုက်ရမယ့် ဇာတ်ဝင်ခန်းအားလုံးကို မှားယွင်းမှု တစ်ခုမှမရှိဘဲ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တယ်။ မနက်ခင်းတစ်ခုလုံး အချိန်ယူခဲ့ရတာတွေကို မိနစ် ၃၀ အတွင်းမှာ အပြီးသတ်နိုင်ခဲ့တယ်။ တချို့ဆိုရင် စောစောပြန်ရလို့တောင် ဝမ်းသာနေကြသေးတယ်။ အဲဒီတော့မှပဲ ချယ်ရင်လည်း သက်ပြင်းချနိုင်တော့တယ်။ အရာအားလုံး အဆင်ပြေပြေ ပြီးသွားခဲ့ပြီ။

"ဒါပေမဲ့ မင်း အရမ်းတွန်းလိုက်တာပဲ။ တကယ်တမ်းကျတော့လည်း သဘာဝကျသွားလို့ ကြည့်ကောင်းသွားပါတယ်လေ"

ဒါရိုက်တာရဲ့စကားကြောင့် ချယ်ရင်က အနေခက်သလို ပြုံးပြလိုက်တယ်။ သူမရဲ့ လက်တွေထဲကို အားနည်းနည်း ထည့်လိုက်ပေမဲ့ အဲဒီလောက်ကြီးလည်း မတွန်းခဲ့ပါဘူး။ တကယ်တော့ ကောင်လေးက သူမ တွန်းလိုက်တာကို ပိုပြီး အမူအရာ လုပ်ပြသွားတာပါ။ သူ လွင့်ထွက်သွားလို့သာ သူမက အားပါးတရ တွန်းလိုက်သလို ပုံပေါက်သွားတာလေ။ ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေးက အဆင်ပြေပြေ ပြီးဆုံးသွားတာ ကောင်းပါတယ်။

ဝန်ထမ်းတွေက သူတို့ပစ္စည်းတွေကို စသိမ်းကြပြီး သူမကလည်း တခြားသရုပ်ဆောင်တွေကို နှုတ်ဆက်လိုက်တယ်။ အရင်ကဆို ရိုက်ကူးရေးအပြီး အမြဲ ညစာအတူစားကြပေမဲ့ အခုတော့ အချိန်ဇယားတွေ၊ ဘာတွေနဲ့မို့လို့ အသီးသီး လမ်းခွဲကြပုံရတယ်။ ချယ်ရင်က ထိုင်ခုံပေါ်မှာ ခဏ ဝင်ထိုင်လိုက်တယ်။ သူမရဲ့ မန်နေဂျာက ကားစက်နှိုးထားမယ်ဆိုပြီး အရှေ့ကနေ ကားဆီကို သွားနှင့်ပြီလေ။ ချယ်ရင်က စာသင်ခန်းထဲ ရှင်းလင်းလိုက်တာ တွေ့တော့ သက်ပြင်းတစ်ချက် ချလိုက်တယ်။ အဲဒီ ကြောက်စရာကောင်းတဲ့ အချိန်တွေ အားလုံးက အလိမ်အညာတစ်ခုလိုပါပဲ။

"စောစောက ကိစ္စအတွက် တောင်းပန်ပါတယ်"

တောင်းပန်စကား ကြားလိုက်ရလို့ ချယ်ရင် လှည့်ကြည့်လိုက်တယ်။ စောစောက ကောင်လေးပဲ။ သူက မျက်မှန် တပ်မထားတော့ဘူး။ မျက်မှန်က ရိုက်ကွင်းသုံး ပစ္စည်းသက်သက် ဖြစ်ပုံရတယ်။ ချယ်ရင်က ကောင်လေးကို စိုက်ကြည့်နေလိုက်တယ်။ သူ တစ်ခုခု ထပ်ပြောလိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ သူက နှုတ်ဆက်ပြီးတာနဲ့ လှည့်ထွက်သွားတယ်။ သူက ဒီမှာ အလုပ်တွေ ပြီးသွားပုံရတယ်။

"ဒါပဲလား"

"အင်း"

ကောင်လေးက ခေါင်းလှည့်ပြီးတော့ပဲ သူမကို ပြောလာတယ်။ သူက နာရီကို ကြည့်နေပြီး တခြားဘာမှမရှိရင် သွားလို့ရမလားဆိုတာကို ရှင်းရှင်းလင်းလင်း မေးနေတဲ့ပုံပဲ။ သူမကပဲ သူ့ကို ဒီမှာ ဆွဲထားသလို ပုံစံမျိုး လုပ်နေတော့ ချယ်ရင်က ဆွံ့အသွားတယ်။ အဲဒီစကားတွေ အားလုံးပြောပြီးမှ ပြန်ရတာက တောင်းပန်စကား တစ်ခွန်းတည်းလား။

"ဒါဆိုရင် ခွင့်ပြုပါဦး"

ကောင်လေး ထွက်သွားတယ်။ ချယ်ရင် ဆွံ့အသွားပြီး သူထွက်သွားတာကို လိုက်ကြည့်နေမိတယ်။ သူမရဲ့ ပါးစပ်က မရည်ရွယ်ဘဲ ‘ဒီကောင်တော့...’ လို့ ရေရွတ်မိမလို ဖြစ်ပြီးမှ ရပ်လိုက်တယ်။ သူမ စကားမဆုံးလိုက်ရတဲ့ အကြောင်းရင်းကတော့ သူမဆီ လျှောက်လာတဲ့ ဂျီဆော့ကို မြင်လိုက်ရလို့ပါပဲ။ ကောင်လေးက အနောက်ပေါက်ကနေ ထွက်ခါနီးမှာ ဂျီဆော့နဲ့ ဆုံသွားတယ်။ ဂျီဆော့က လက်ဝါးချင်းရိုက်ဖို့ လက်ကို မြှောက်လိုက်ပေမဲ့ ကောင်လေးက သူ့ကို ကျော်ပြီး လျှောက်သွားတယ်။

"ကျေးဇူးပဲ ဟန်မာရူးရေ"

သူ့စကားကို ကြားတော့မှ ကောင်လေးက လက်ကို မြှောက်ပြီး ဝှေ့ယမ်းပြတယ်။ ဟန်မာရူး... ဒီနာမည်ကို သူမ တစ်နေရာရာမှာ ကြားဖူးသလို ခံစားရတယ်။

"နင် သူ့ကို သိလို့လား" ချယ်ရင်က ဂျီဆော့ကို မေးလိုက်တယ်။

ဂျီဆော့က ခေါင်းညိတ်ပြတယ်။

"ကားထဲမှာ ငါ့သူငယ်ချင်းအကြောင်း ပြောပြဖူးတယ်မလား။ သရုပ်ဆောင်တာ အရမ်းတော်တဲ့ တစ်ယောက်လေ"

"အော်... သူလား"

အဲဒီမတိုင်ခင်က တစ်နေရာရာမှာ ဒီနာမည်ကို ကြားဖူးသလို ခံစားရပေမဲ့ သူမ ပြန်စဉ်းစားလို့ မရဘူး။ အဲဒါ သူမ အထင်မှားတာလည်း ဖြစ်နိုင်ပါတယ်လို့ တွေးလိုက်တယ်။

"နင် သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သေးလား"

"ဘာပြောတယ်"

"မာရူးကို ကျေးဇူးတင်တယ်လို့ ပြောလိုက်သေးလား"

"ငါလား။ သူ့ကို ကျေးဇူးတင်ရမှာလား။ ဘာလို့လဲ"

"ဘာလို့ မပြောရမှာလဲ၊ ငါဆိုလိုတာက...."

ဂျီဆော့က တစ်ခုခု ရှင်းပြမလို့ လုပ်ပေမဲ့ တစ်ခုခုကို နားလည်သွားသလိုမျိုး ခေါင်းတစ်ချက် စောင်းပြီး ရပ်လိုက်တယ်။

"သွားကြရအောင်ပါ နူးနာရယ်"

"ဘာလဲ။ ဘာအကြောင်းလဲ"

"ဘာမှမဟုတ်ပါဘူး။ ဒါထက် နူးနာက နောက်ဆုံးအခန်းမှာ ကြည့်လို့ သိပ်ကောင်းတာပဲ"

အဲဒီလိုပြောရင်း ဂျီဆော့က ကားဆီ ပြန်သွားကြမယ်လို့ သူမကို ပြောတယ်။ သူ့အမူအရာကို ကြည့်ပြီး ချယ်ရင် သံသယ ဝင်သွားတယ်။ နေဦး၊ သူမ တွေးနေတာက သေချာပေါက် မှန်လိမ့်မယ်။ ဒါမှလည်း အဲဒီကောင်လေးက သူမကို လာတောင်းပန်ရတဲ့ အကြောင်းရင်းက အဓိပ္ပာယ်ရှိသွားမှာပေါ့။

"သူက တမင်တကာ လုပ်တာလို့ ပြောချင်တာလား"

အဲဒီမေးခွန်းကို ကြားတော့ ဂျီဆော့က ပခုံးတွန့်ပြတယ်။ ချယ်ရင် မျက်မှောင်ကြုတ်လိုက်တယ်။ ဒေါသထွက်စရာကောင်းပေမဲ့ ရိုက်ကူးရေးကို အချိန်မီ ပြီးသွားတာက တကယ်ပဲ သူ့ကျေးဇူးကြောင့်ပါ။ သူ... အဲ မာရူးသာ မရှိရင် သူတို့တွေ အခုချိန်ထိ အဲဒီအခန်းမှာပဲ ဝဲလည်နေကြဦးမှာ သေချာတယ်။ ကူညီချင်ရင်လည်း သူမကို အနည်းဆုံးတော့ ပြောသင့်တာပေါ့။

ဒီအခြေအနေကို သဘောမကျလို့ သူမ မျက်မှောင်ကြုတ်နေတုန်းမှာပဲ

"ဒါက သူများအပေါ် ဂရုစိုက်တတ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်ပုံစံလေးလေ။ ကဲ... ရိုက်ကူးရေးတွေ အရမ်း နောက်ကျနေမှာ ဆိုးလို့ ကူညီပေးလိုက်တယ်ဆိုတာက ပိုပြီး ဖြစ်နိုင်ခြေရှိမယ် ထင်ပါတယ်။ ဆိုလိုတာက သူက နည်းနည်း အေးစက်စက်နိုင်တဲ့ ကောင်လေးလေ"

ပြုံးပြီး ပြောနေတဲ့ ဂျီဆော့ကို ချယ်ရင် စိုက်ကြည့်လိုက်တယ်။ ကျေးဇူးတင်ဖို့ ကြွေးတင်သွားသလို ခံစားလိုက်ရတယ်။ သူမက အဲဒီခံစားချက်ကို သဘောမကျဘူး။

"အခုတော့ သွားကြစို့"

ချယ်ရင် ထိုင်ခုံကနေ ထလိုက်တယ်။ သူမရဲ့ မန်နေဂျာဆီက သွားဖို့အချိန်ရောက်ပြီဆိုတဲ့ စာဝင်လာလို့ပဲ။

* * * * * * * * *

All Chapters