← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း(၃၁၆)

"မင်း ကိုယ့်ကို မတွေ့ချင်ဘူးလား"

မာရူးက တုံ့ဆိုင်းနေတဲ့ သူမကို လှမ်းကြည့်လိုက်တယ်။ ဘာပြောရမလဲ စဉ်းစားရင်း နှုတ်ခမ်းကို သပ်နေတာကို မြင်တော့ သူ ပြုံးလိုက်မိတယ်။ တကယ်တော့ လတ်တလော သူမနဲ့ မတွေ့ဖြစ်တာက သူမဘက်က သူ့ကို နားလည်ပေးပြီး ရှောင်နေပေးတယ်ဆိုတာကို သူ သိထားပြီးသားပါ။

"ကိုယ် တစ်ယောက်တည်းကပဲ တွေ့ချင်နေခဲ့တာ ထင်ပါရဲ့"

"မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ရပါဘူး"

"ဒါဆို မင်း ကိုယ့်ကို တွေ့ချင်တာပေါ့"

"ဒါကြီးကို တကယ် ပြောထွက်ရမှာလား"

"ဒါပေါ့"

"ကဲပါ... တွေ့ချင်ခဲ့ပါတယ်ရှင်။ ကျေနပ်ပြီလား"

နှုတ်ခမ်းစူသွားတဲ့ သူမကို ကြည့်ရင်း မာရူး ခေါင်းညိတ်ပြလိုက်တယ်။ သူတို့ ရောက်နေတဲ့ နေရာလေးမှာ ပီဇာနံ့တွေ သင်းပျံ့နေတယ်။ ဒါက အရင်တုန်းက သူတို့ လာဖူးတဲ့ ပီဇာဆိုင်လေးပါပဲ။ အခုချိန်မှာတော့ သူမက ချယ်ရီခရမ်းချဉ်သီးတွေနဲ့ ပင်စိမ်းရွက်တွေ တင်ထားတဲ့ ပီဇာတစ်ဖဲ့ကို လှီးဖြတ်ပြီး ပန်းကန်ထဲ ထည့်ပေးနေတယ်။

"ရော့"

သူမ ဖြတ်ပေးတဲ့ ပီဇာကို မာရူး လှမ်းယူလိုက်တယ်။ အရောင်လက်နေတဲ့ ပီဇာမျက်နှာပြင်က တကယ်ကို စားချင်စရာလေးပါ။ သူက တစ်ကိုက် ကိုက်စားလိုက်ပြီး ရှေ့ကို လှမ်းကြည့်လိုက်တယ်။ သူမကလည်း ပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ ပီဇာကို စားနေတယ်။ ပီဇာဝါးနေတဲ့ သူမပုံစံက ယုန်လေးတစ်ကောင်နဲ့ တူနေတယ်။ ပြန်တွေးကြည့်တော့ သူမရဲ့ အပြုအမူတော်တော်များများက မာရူးကို ယုန်လေးတွေနဲ့ သွားတူနေမှန်း သတိထားမိစေတယ်။ အဲဒါကြောင့်လည်း သူက ယုန်ရုပ်ပုံစံ လက်စွပ်လေးကို သူမကို လက်ဆောင်ပေးခဲ့တာလေ။

"မင်းရဲ့ နာမည်ပြောင်တွေထဲမှာ ယုန်ဆိုတာ ပါတယ်မလား"

"နင် ဒါကို သိပြီးသား မဟုတ်ဘူးလား"

သူမက ဝတ်ထားတဲ့ လက်စွပ်လေးကို ကြွားရင်း ပြောလာတယ်။

"ဒါထက်... နင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဖုန်းဆက်ပြီး တွေ့ရအောင်လို့ ပြောရတာလဲ။ ငါသာ သရုပ်ဆောင်ကလပ်မှာ အစမ်းလေ့ကျင့်စရာ ရှိနေရင် ဘယ်လိုလုပ်မလဲ"

"ကြာသပတေးနေ့က ဖုန်းဆက်တုန်းက ဒီစနေနေ့ အစမ်းလေ့ကျင့်တာ မရှိဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ"

"...ငါ အဲလို ပြောခဲ့လို့လား"

"ကိုယ်ကတော့ အဲဒါ မင်းဘက်က တွေ့ရအောင်လို့ သွယ်ဝိုက်ပြီး ခြိမ်းခြောက်လိုက်တာလို့ ထင်နေတာ။ မဟုတ်ဘူးလား"

သူမက ခေါင်းကို တစ်ဖက်ကို အနည်းငယ် လွှဲလိုက်ပြီး ထူးထူးဆန်းဆန်း ပြုံးလိုက်တယ်။

"မှောင်တောင် မှောင်နေပြီ"

"ခုနစ်နာရီတောင် ကျော်နေပြီလေ"

မာရူးလည်း အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ညနေစောင်းလို့ မှောင်ရီပျိုးလာတဲ့ အဆောက်အအုံတချို့ဆီကနေ မီးရောင်တွေ စတင်ထွက်ပေါ်လာတယ်။ အရောင်စုံ ဆိုင်းဘုတ်တွေက အမှောင်ထုကို မောင်းထုတ်ပေးနေပြီး လင်းထိန်နေတဲ့ လမ်းမတွေပေါ်မှာ လူတွေ သွားလာနေကြတယ်။ အများစုက ကျောင်းသားတွေပါပဲ။ လူငယ်စုံတွဲတချို့လည်း ရှိနေတယ်။ နောက်ဘလောက်တစ်ခုမှာတော့ ဝတ်စုံပြည့်ဝတ်ထားတဲ့ ရုံးဝန်ထမ်းတွေ ရှိနေလောက်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဘလောက်မှာက အရက်ရောင်းတဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေ ပြည့်နေတာကိုး။

အဲဒီအချိန်မှာ အပြင်ကို လှမ်းကြည့်နေတဲ့ သူမက ခဏလောက် တွန့်သွားပြီးမှ ခေါင်းကို စားပွဲဘက် ပြန်လှည့်လာတယ်။ မာရူးလည်း ဘာဖြစ်သွားတာလဲဆိုတာ သိချင်တာနဲ့ သူမ ကြည့်နေတဲ့နေရာကို လှမ်းကြည့်လိုက်တယ်။ ဆိုင်အပြင်ဘက်မှာ သူမနဲ့ ကျောင်းဝတ်စုံတူ ဝတ်ထားတဲ့ မိန်းကလေးတချို့ ရှိနေတယ်။ သူတို့က သူ့ဘက်ကို စိုက်ကြည့်နေကြပြီး ဆိုင်ထဲမဝင်ခင် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောနေကြတယ်။

"ငါ ထင်သားပဲ"

မိန်းကလေးတွေက ဆိုင်ထဲဝင်ဝင်ချင်းပဲ အော်ပြောလိုက်ကြတယ်။ သူမက ခေါင်းမော့လာပြီး အနေရခက်စွာနဲ့ ရယ်လိုက်တယ်။ သူတို့တွေက သူမရဲ့ သူငယ်ချင်းတွေ ဖြစ်ပုံရတယ်။

"ဘာလဲ။ နင်က လုပ်စရာရှိတယ်ဆိုပြီး ဒိတ်နေတာပေါ့လေ"

"အင်း... ဟုတ်တယ်"

သူမက ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်တယ်။ သူ့ကို ကြည့်နေတဲ့ မိန်းကလေးတွေကို မာရူးက လက်လှမ်းပြလိုက်တယ်။

"ငါ ပြောတာ မှန်တယ်မလား။ ဟိုတလောက ကောင်လေးပဲ"

"ဝိုး"

ဒီကောင်မလေးတွေက သူ့ကို သိနေတာလား။ မာရူး ခေါင်းစောင်းသွားတယ်။ သူမရဲ့ သူငယ်ချင်းတွေက တခစ်ခစ်ရယ်ရင်း အန်ဆန် ယဉ်ကျေးမှုနဲ့ အနုပညာစင်တာမှာ ဖြစ်ခဲ့တဲ့ကိစ္စကို စပြီး ပြောလာကြတယ်။ သူမဆီ သူ လာခဲ့မယ်ဆိုပြီး အော်ပြောခဲ့တာကို သူ မှတ်မိနေပါသေးတယ်။ အခု ပြန်တွေးကြည့်တော့ အဲဒီကိစ္စက သူ့ကို အတိုင်းမသိ ရှက်သွားစေတယ်။

"ဟေ့... သွားရအောင်လေ။ သူတို့ကို အနှောင့်အယှက် မပေးနဲ့တော့။ ဘွန်ဘွန်... မနက်ဖြန်မှ တွေ့မယ်နော်။ ရည်းစားကြီး... နောက်မှ တွေ့မယ်"

သူမရဲ့ သူငယ်ချင်းတွေက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတယ်။ မာရူးက ပါးစပ်ကို အုပ်ပြီး တခိခိ ရယ်လိုက်တယ်။ သူမလည်း ပြုံးနေတယ်။

"မင်းနာမည်ပြောင်က ဘွန်ဘွန်လား"

"အင်း"

"ချစ်စရာလေးပဲ။ ကိုယ်လည်း အဲဒီလိုပဲ ခေါ်ရမယ်"

"မခေါ်ပါနဲ့"

အဲဒီလို ပြောနေပေမယ့် သူမရဲ့ မျက်လုံးတွေက ပြုံးနေခဲ့တယ်။ သူမက အဲဒီနာမည်ကို သိပ်မုန်းပုံမရပါဘူး။ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းတွေကြောင့် သူတို့အတူရှိနေရမယ့် အချိန်တွေ မလျော့သွားခဲ့ဘူး။ တကယ်ကို ကျေးဇူးတင်စရာပါပဲ။

"အော်... ဒါနဲ့။ ဒီနေ့ ရုတ်တရက်ကြီး ရှုတင်တစ်ခု သွားရတယ်ဆို။ ဘယ်လိုဖြစ်တာလဲ"

"အဆင်ပြေပါတယ်။ သေချာလေး လုပ်နိုင်ခဲ့တယ်"

"ဒီတစ်ခေါက်လည်း ဖြတ်လျှောက်ပဲလား"

"မဟုတ်ဘူး၊ ဒီတစ်ခါ ဇာတ်ပို့လေး။ အတိအကျတော့ မသိသေးပေမယ့် နောက်ထပ် နည်းနည်းတော့ သွားရဦးမယ် ထင်တယ်"

"တကယ်လား။ ဂုဏ်ယူပါတယ်နော်"

သူမက ခက်ရင်းကို ချလိုက်ပြီး ရှေ့ကို ကိုင်းလာတယ်။ ကိုယ့်ကိစ္စလိုမျိုး ဝမ်းသာနေရှာတယ်။ ဒါကြောင့်လည်း သူမကို မချစ်ဘဲ မနေနိုင်တာဖြစ်မယ်လို့ မာရူး တွေးလိုက်မိတယ်။

"စကားပြောခန်းတွေရော ပါလား"

"နည်းနည်းတော့ ပါတယ်"

"ကောင်းတာပေါ့။ အာ... ငါလည်း ဇာတ်လမ်းတွဲတစ်ခုလောက်တော့ ရိုက်ကြည့်ချင်တယ်။ ပျော်စရာကောင်းမယ့်ပုံပဲ"

သူမက အပေါ်ကို မော့ကြည့်ရင်း ပြုံးနေတယ်။ ရိုက်ကွင်းမှာဆို ဘယ်လိုနေမလဲဆိုတာကို သူမ စိတ်ကူးယဉ်နေပုံရတယ်။ မာရူးက သူမကို ခဏလောက် ငေးကြည့်နေပြီးမှ စကားစလိုက်တယ်။

"မင်း ဇာတ်လမ်းတွဲရိုက်ကွင်းကို သွားချင်တယ်ဆိုရင် ဖြတ်လျှောက်သရုပ်ဆောင် အချိန်ပိုင်းအလုပ်လေးများ စမ်းလုပ်ကြည့်ချင်လား"

"ငါ လုပ်လို့ရလို့လား"

"ကိုယ်လည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီမှာ အလုပ်လုပ်တဲ့ အစ်ကိုတစ်ယောက်ကိုတော့ မေးကြည့်ပေးလို့ရတယ်"

"ဒါဆို... အင်း။ ငါ စမ်းလုပ်ကြည့်ချင်တယ်"

"ဒါပေမဲ့ အဆင်ပြေပါ့မလား။ မင်းမှာ သရုပ်ဆောင်ကလပ်က ကိစ္စတွေ ရှိသေးတယ်လေ"

"တစ်ရက်၊ နှစ်ရက်လောက်တော့ ပျက်လို့ရပါတယ်။ သိပ်လည်း တင်းကျပ်မနေပါဘူး"

"ဒါဆို ကိုယ် မေးကြည့်ပေးမယ်။ သေချာပေါက် ရမယ်လို့တော့ မပြောနိုင်ဘူးနော်၊ အဲဒီတော့ အရမ်းကြီး မျှော်လင့်မထားနဲ့ဦး"

"ဟင့်အင်း၊ ငါကတော့ အများကြီး မျှော်လင့်ထားမှာပဲ"

"ကိုယ် အဲဒီလို မပြောခဲ့သင့်ဘူးထင်တယ်။ ဒါဆိုလည်း ခဏစောင့်ဦး"

"အခုချက်ချင်း မေးပေးမလို့လား"

"ကြုံတုန်း မေးလိုက်တော့ ဘာဖြစ်လဲ"

မာရူး ဝူဂျူးကို ဖုန်းဆက်လိုက်တယ်။ ကံကောင်းစွာနဲ့ ဝူဂျူးက နားနေချိန်ဖြစ်နေလို့ အခုချက်ချင်း ဖုန်းပြောဖို့ ဘာပြဿနာမှ မရှိနေပါဘူး။

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဖြတ်လျှောက်သရုပ်ဆောင် အချိန်ပိုင်းလေး စမ်းလုပ်ကြည့်ချင်လို့တဲ့။ အရမ်းကြီး အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ဘယ်လို လျှောက်ရမလဲဆိုတာလေး မေးလို့ရမလား"

"ဒီလိုဆိုရင်တော့ ရတာပေါ့။ ငါလည်း မင်းဆီက အကူအညီတွေ ရထားတာပဲဟာ"

တစ်ဖက်က လိုလိုလားလား ကူညီပေးနေတာမို့ ငြင်းစရာအကြောင်း မရှိဘူးလေ။ မြို့တော်နဲ့ အနီးတစ်ဝိုက်မှာ ကောင်မလေးတွေအတွက် နေရာများ ရှိမလားလို့ မာရူး ထပ်မေးလိုက်တယ်။

"ခေါင်းဆောင်ကို ကိုယ် မေးကြည့်ပေးမယ်၊ ချက်ချင်းပဲ အကြောင်းပြန်မှာဆိုတော့ ခဏနေရင် ကိုယ် ပြန်ဆက်လိုက်မယ်။ ဒါနဲ့ မင်းရဲ့ သူငယ်ချင်းဆိုတော့... သူကော သရုပ်ဆောင်တာပဲလား"

"ဟုတ်တယ်။ သူ တော်တော်လေး လုပ်နိုင်ပါတယ်"

"ဒါဆို ခေါင်းဆောင်ကို အဲဒီအတိုင်းပဲ ပြောလိုက်မယ်။ ခဏနေ ပြန်ဆက်မယ်နော်"

"အနှောင့်အယှက်ပေးမိတာ ဆောရီးပါဗျာ"

"ငါက အကြွေးဆပ်တာပါကွာ၊ အားနာစရာ မလိုပါဘူး"

ဖုန်းချလိုက်ပြီး သူမကို သူ ကြည့်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ တကယ်လို့ ဒါက အဆင်မပြေခဲ့ရင် သူမအတွက် အချိန်ပိုင်းအလုပ်ရဖို့ တခြားနည်းလမ်းတွေ ရှာကြည့်ရမယ်လို့ မာရူး ခံစားလိုက်ရတယ်။ သူမ စိတ်ပျက်သွားတာကို သူ မမြင်ချင်ဘူးလေ။

စားသောက်ပြီးသွားတော့ ဘေးက ကော်ဖီဆိုင်လေးကို သူတို့ သွားလိုက်ကြတယ်။ ကျောင်းသားတွေအတွက် သီးသန့် အမေရိကာနို ကော်ဖီကို တစ်ခွက်ဝယ် တစ်ခွက်လက်ဆောင် ပရိုမိုးရှင်း လုပ်ပေးနေတယ်။ ကျောင်းသားအုပ်ကြီးထဲကို တိုးဝင်သွားပြီး ကော်ဖီနှစ်ခွက် သူတို့ မှာလိုက်တယ်။ ဘာအကြောင်းကြောင့်မှန်းမသိပေမယ့် သူမကလည်း အမေရိကာနိုပဲ မှာလိုက်တယ်။

"မင်း ခါးတာတွေ မကြိုက်ဘူး ထင်နေတာ"

"ဒါက အလကားရတာလေ"

သူမက ပြုံးရင်း ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံတချို့ ထုတ်လိုက်တယ်။ မာရူးကလည်း လက်ထဲမှာ လှည့်ကစားနေတဲ့ ခရက်ဒစ်ကတ်ကို သူ့ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်တယ်။

"မာရူး၊ နင် တကယ် ပိုက်ဆံစုသင့်တယ်နော်။ ငါနဲ့တွေ့တိုင်း ပိုက်ဆံတွေ အများကြီး သုံးနေသလိုပဲ"

"အင်း၊ စုသင့်တယ် ထင်တာပဲ။ မင်္ဂလာဆောင်စရိတ်တွေ၊ ပရိဘောဂတွေ၊ ဟန်းနီးမွန်းအတွက်ပါ ထည့်တွက်မယ်ဆိုရင် တကယ်ကို စုမှ ရတော့မယ်။ လစဉ်အိမ်ငှားတာက ဂျွန်းဆဲစနစ်နဲ့ ငှားတာထက် ပိုကောင်းမလား။ မင်း ဘယ်လိုထင်လဲ"

"ဂျွန်းဆဲက ပိုမကောင်းဘူးလား"

(TR Note: ဂျွန်းဆဲ - အပ်ငွေအမြောက်အများ တင်ပြီး ငှားရတဲ့ ကိုရီးယားအိမ်ငှားစနစ်)

"...."

သူမက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေရင်း ပိုက်ကို စုပ်လိုက်တယ်။ မာရူးက သူမကို စဖို့ ရည်ရွယ်ထားတာပေမယ့် သူမရဲ့ တုံ့ပြန်ပုံက အရမ်းကို သဘာဝကျလွန်းနေတော့ သူ့ကိုတောင် ပြန်ပြီး အယောင်ယောင်အမှားမှား ဖြစ်သွားစေတယ်။ သူမက သူ့မျက်လုံးတွေကို ကြည့်ပြီး တခစ်ခစ် ရယ်လိုက်တယ်။

"ဘာလဲ။ စိတ်ပျက်သွားတဲ့ ရုပ်ကြီးနဲ့"

အဲဒီလိုပြောပြီးနောက် သူမ မျက်မှောင်ကြုတ်သွားတယ်။ အဖုံးကိုဖွင့်ပြီး အထဲကို သကြားရည်တွေ အများကြီး လောင်းထည့်လိုက်တယ်။ သူမက တကယ်ကို ခါးတာတွေကို မသောက်နိုင်တာပါပဲ။

"အရသာလည်း မရှိဘူး"

"ပြောသားပဲ၊ ပုံမှန် အမြဲသောက်နေကျဟာပဲ သောက်ပါဆိုတာကို"

ကော်ဖီတွေယူပြီး ဆိုင်ထဲကနေ သူတို့ ထွက်လာခဲ့တယ်။ ညနေခင်း လေပြေလေးတွေက တော်တော်လေး အေးစိမ့်နေပြီး သူတို့ လက်ချင်းချိတ်ထားတဲ့ နေရာကနေ ထွက်ပေါ်လာတဲ့ နွေးထွေးမှုလေးက တော်တော်လေး ခံစားလို့ကောင်းပါတယ်။ မာရူးက သူမလက်ကို ဆုပ်ကိုင်ထားရင်း လမ်းမတစ်လျှောက် လျှောက်လာခဲ့တယ်။

"ငါ ဝယ်စရာလေး ရှိသေးတယ်"

သူမက သူ့ရှေ့ကနေ ခပ်သွက်သွက် လျှောက်သွားတယ်။ သူမ ရောက်သွားတဲ့နေရာက ရပ်ကွက်ထဲက တစ်ဒေါ်လာတန် ပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်လေးတစ်ခုပါ။ အလှကုန်ပစ္စည်းတွေကနေ မီးဖိုချောင်သုံးပစ္စည်းတွေအထိ ပစ္စည်းမျိုးစုံ ရနိုင်တယ်။ ဒီနေရာမှာလည်း ကျောင်းသားတွေနဲ့ ပြည့်နေတာပါပဲ။ အဝင်ဝမှာတော့ ‘ခိုးတာမိရင် ပစ္စည်းတန်ဖိုးရဲ့ အဆ ၁၀၀ ပေးရမည်’ ဆိုတဲ့ စာတန်းကို ရေးထားတယ်။

"ဘာဝယ်မလို့လဲ"

သူမက ဘာမှပြန်မပြောဘဲ အလှကုန်ပစ္စည်းတွေ စီထားတဲ့ နေရာဆီကို လျှောက်သွားတယ်။ မာရူး ဘာတံဆိပ်မှန်းတောင် မသိတဲ့ ဒီနေရာမှာ သူမက တစ်ဖက်မှာ ပြထားတဲ့ မျက်နှာကပ်ခွာ တချို့ကို ရွေးယူလိုက်တယ်။ အဲဒါတွေက ဘာမှန်း မာရူး မသိပေမယ့် ‘အသားအရေကို တည်ငြိမ်စေသည်’ ဆိုတဲ့ စာသားလေးတွေကိုတော့ သူ နားလည်လိုက်ပါတယ်။

ငါးခုလောက် ရွေးယူပြီး ကောင်တာဘက်ကို သူမ လျှောက်သွားတယ်။ ပစ္စည်းဖိုး ရှင်းနေတုန်း မာရူးက သူမရဲ့ ပိုက်ဆံအိတ်ကို တစ်ချက် လှမ်းမြင်လိုက်ရတယ်။ အထဲမှာ ဘာမှမရှိတော့ဘဲ ပြောင်သလင်းခါနေပြီ။

"မင်းလွယ်အိတ် ပေး"

မျက်နှာကပ်ခွာတွေကို သူ့လွယ်အိတ်ထဲ ထိုးထည့်နေတာကို မာရူး စိုက်ကြည့်နေမိတယ်။

"ကိုယ့်ကို ပေးမလို့လား"

"မင်းသားဖြစ်ဖြစ်၊ မင်းသမီးဖြစ်ဖြစ် အသားအရေကောင်းဖို့က အရေးကြီးတယ်လေ"

"ကိုယ် ဒါတွေ မလိုပါဘူး"

"ငယ်ငယ်ရွယ်ရွယ်နဲ့ကတည်းက အသားအရေကို စပြီး ထိန်းသိမ်းရမယ်လေ"

မိသားစုနဲ့အတူ အလည်သွားတုန်းက အမေ့ကို လျှို့ဝှက်ထားဖို့ ပြောပြီး သူ့လက်ထဲ ဝမ် ၅၀၀၀ တန် တစ်ရွက် ထိုးထည့်ပေးတတ်တဲ့ အဖွားကို သူမက ဘာလို့များ သွားသတိရစေတာပါလိမ့်။ အိတ်ထဲ ထည့်ပေးပြီးသွားတော့ တစ်ခုခုကို အောင်မြင်သွားသလို သူမက ပြုံးနေတယ်။ ဒါက ဒီလောက်တောင် ဝမ်းသာစရာ ကောင်းနေလို့လား။ အဲဒီအချိန်မှာ ဝူဂျူးဆီကနေ ဖုန်းဝင်လာတယ်။

"ခေါင်းဆောင်က Youth Generation အတွက် တစ်ယောက်လိုတယ်တဲ့၊ ဘယ်လိုလဲ။ အဝတ်အစားကတော့ ရိုးရိုးပေါ့ပေါ့ပါးပါးပဲ ဝတ်လာခဲ့ရင် ရပြီ။ လောလောဆယ်တော့ လူအုပ်ထဲက အခန်းတွေပဲ လုပ်ရဦးမယ်၊ ဒါပေမဲ့ သရုပ်ဆောင်တာ အဆင်ပြေရင်တော့ ထပ်ရဖို့လည်း ရှိတယ်။ ဇာတ်လမ်းတွဲအတူတူပဲဆိုတော့ တော်တော်လေး အဆင်ပြေမယ် ထင်တယ်။ နေ့ရက်က နောက်အပတ် တနင်္ဂနွေနေ့၊ ဆုံရမယ့်အချိန်က မနက် ၆ နာရီ"

"ခဏလေး စောင့်ဦးနော်"

မာရူး သူမကို လှမ်းကြည့်လိုက်တယ်။ သူမကတော့ လူကြီးဖြစ်နေပြီလို့ ပြောလေ့ရှိပေမယ့် မာရူး မျက်လုံးထဲမှာတော့ သူမက ကလေးတစ်ယောက်လိုပါပဲ။ သူမကို တစ်ယောက်တည်း လွှတ်ထားရတာထက် သူပါ အတူလိုက်သွားပေးရရင် ပိုပြီး စိတ်အေးရမှာပါ။

"Youth Generation မှာ နေရာတစ်ခု ရှိတယ်တဲ့၊ နင် လုပ်ကြည့်မလား။ နောက်အပတ် တနင်္ဂနွေနေ့၊ ဆုံရမယ့်အချိန်က မနက် ၆ နာရီတဲ့"

"လုပ်မယ်... လုပ်မှာပေါ့"

သူမက သူ့မျက်နှာနားကို တိုးကပ်လာရင်း ပြောလိုက်တယ်။

သူမက အရမ်းကို နီးကပ်နေတယ်။ ကလေးပေါင်ဒါနံ့သင်းသင်းလေးလည်း ရနေသလိုပဲ။ မာရူးက လက်ညှိုးနဲ့ သူမရဲ့ နဖူးလေးကို တွန်းဖယ်လိုက်ရင်း ပြန်ပြောလိုက်တယ်။

"ဟုတ်ကဲ့ အစ်ကို။ သူ လုပ်မယ်တဲ့"

"တကယ်လား။ ဒါဆို ကိုယ် ခေါင်းဆောင်ကို ပြောလိုက်မယ်၊ ပြီးရင် မင်းသူငယ်ချင်းက ကိုယ် အခုပို့ပေးမယ့် ဖုန်းနံပါတ်ဆီကို စာပို့ပေးရမယ်။ အဲဒီနေ့ကျရင် သူ ပါဝင်နိုင်၊ မပါဝင်နိုင် သေချာပေါက် စာပို့ရမှာမို့လို့ မေ့မသွားစေနဲ့ဦး"

"ဟုတ်ကဲ့ပါဗျာ။ ကျေးဇူးပဲနော်"

"ရပါတယ်။ ဒါနဲ့ ရိုက်ကွင်းမှာ တွေ့တာပေါ့။ ငါလည်း နောက်ပိုင်း အဲဒီကို အမြဲလိုလို သွားရလိမ့်မယ် ထင်တယ်"

"ဟုတ်ကဲ့... ဒါဆို နောက်မှ တွေ့မယ်"

ဖုန်းချလိုက်ပြီး သူတို့ရဲ့ အစီအစဉ်သေချာသွားပြီဖြစ်ကြောင်း သူမကို ပြောပြလိုက်တယ်။ သူမက ကလေးငယ်လေးတစ်ယောက်လို ပျော်ရွှင်သွားတယ်။ မာရူးက ဝူဂျူး ပို့ပေးလိုက်တဲ့ ဖုန်းနံပါတ်ကို သူမကို ပြောပြလိုက်တယ်။ သူမက မြန်မြန်ဆန်ဆန်ပဲ ဖုန်းနံပါတ်ကို မှတ်လိုက်ပြီး စာတစ်စောင်ကို ချက်ချင်း ပို့လိုက်တယ်။

"ဒါဆို ငါတို့ အတူတူ ရိုက်ရမှာပေါ့နော်"

အဲဒီစကားကို ကြားတော့ မာရူး တွန့်သွားတယ်။ သူက အဓိကဇာတ်ကောင်တွေထဲက တစ်ယောက် မဟုတ်တဲ့အတွက် ရိုက်ကွင်းတိုင်းကို သူ သွားစရာ အကြောင်းမရှိဘူးလေ။

"မင်း တစ်ယောက်တည်း သွားရနိုင်တယ်"

"အာ... အင်းပါ"

သူမ မျက်နှာလေး နည်းနည်း ပျက်သွားတယ်။ မာရူး ခဏလောက် စဉ်းစားခန်း ဝင်သွားတယ်။ နောက်အပတ် တနင်္ဂနွေနေ့။ ဒီနေ့က ဇူလိုင် ၂၄ ရက်နေ့ဆိုတော့ သရုပ်ဆောင်ပြိုင်ပွဲအတွက် အရည်အချင်းစစ်ပွဲက ဩဂုတ်လ ၈ ရက်နေ့မှာလေ။ တနင်္ဂနွေနေ့မှာ သူ အစမ်းလေ့ကျင့်ဖို့ ရှိနေလောက်တယ်။ အဲဒီအကြောင်းကို မာရူး ခဏလောက် တွေးလိုက်ပြီးမှ စကားစလိုက်တယ်။

"တနင်္ဂနွေနေ့ကျရင် ကိုယ်တို့ အတူတူ သွားကြမယ်လေ"

"ဒါပေမဲ့ အဲဒီနေ့က နင့်မှာ ရှုတင် မရှိလောက်ဘူးဆို"

"ကိုယ်က မင်းအတွက် အဲဒီတစ်နေ့လုံး မန်နေဂျာ လုပ်ပေးမှာပေါ့"

"နင် လုပ်ပေးနိုင်လို့လား"

"မလုပ်ပေးနိုင်စရာ အကြောင်း ရှိလို့လား"

"အစမ်းလေ့ကျင့်တာကကော"

"တစ်ရက်လောက်တော့ နားလို့ ရပါတယ်"

"တကယ်လား"

သူမက ခေါင်းလေး နည်းနည်း ငုံ့သွားတယ်။ သူမ စိတ်ပူနေပုံရတယ်။ မာရူးက လှမ်းပြီး သူမရဲ့ ပါးလေးကို ဖွဖွလေး ဆွဲလိမ်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။ သူမက နှုတ်ခမ်းလေး စူလိုက်ပြီး သူ့လက်ကို သူမပါးလေးနဲ့ ပွတ်သပ်လိုက်တယ်။

"သွားရအောင်... နောက်ကျနေပြီ"

သရုပ်ဆောင်ကလပ်နဲ့ အဖွဲ့ဝင်တွေက အရေးကြီးတယ်ဆိုပေမယ့် သူမနဲ့ ယှဉ်လိုက်ရင်တော့ အဲဒီလောက် အရေးမကြီးပါဘူး။ ဒါ့အပြင် သူက တစ်ရက်လောက် နားလိုက်တာနဲ့ စိတ်ပူနေရမယ့် အခြေအနေဆိုးမျိုးမှာလည်း ရှိမနေပါဘူး။ အဲဒီလောက်တောင် ယုံကြည်မှု မရှိရင် သူ အစကတည်းက ပထမဆုရဖို့ကို တွေးတောင် တွေးနေမှာ မဟုတ်ဘူးလေ။

သူမက အတန်ကြာ ဘာမှမပြောဘဲ နေနေပြီးမှ သူမရဲ့ ထူးခြားတဲ့ အေးချမ်းတဲ့ အပြုံးလေးနဲ့အတူ အဲဒီနေ့ကို မျှော်လင့်နေမယ်လို့ ပြောလာတယ်။ မာရူးကလည်း ခေါင်းညိတ်ပြလိုက်တယ်။

သူမအိမ်ဘက်ကိုသွားမယ့် ဘတ်စ်ကားလာတဲ့အထိ မှတ်တိုင်မှာ သူတို့ ခဏလောက် စောင့်နေလိုက်ကြတယ်။

"ကားပေါ် တက်တော့လေ"

"အင်း... ငါ သွားပြီနော်"

သူမက ကားကတ်ကို ဖြတ်လိုက်တယ်။ ဘတ်စ်ကားက တဖြည်းဖြည်းနဲ့ ထွက်ခွာသွားတယ်။ သူမက ကားရဲ့ အနောက်ဘက် ပြတင်းပေါက်ကနေ လက်လှမ်းပြတယ်။ မာရူးလည်း သူမကို လက်ပြန်ပြလိုက်တယ်။

"ဒါထက်... သူမက ဂျွန်းဆဲကို ပိုသဘောကျတယ်ပေါ့လေ"

ပြီးတော့ ဆိုးလ်မှာ နေရရင် ပိုကောင်းဦးမယ်။ ဆိုးလ်က ဂျွန်းဆဲစနစ်တဲ့လား... မာရူး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တယ်။ သူ့ဘဏ်အကောင့်ထဲက ဝမ်သန်း ၃၀၀ ဆိုတာ များပြားတဲ့ ငွေပမာဏတစ်ခု ဖြစ်ပေမယ့်လည်း ဆိုးလ်ရဲ့ အိမ်ခြံမြေဈေးနှုန်းတွေနဲ့ ယှဉ်လိုက်ရင်တော့ သနားစရာကောင်းလောက်အောင် နည်းပါးလွန်းနေတယ်။ ပြီးတော့ သူ့သမီးလေးကို အကောင်းဆုံးအရာတွေပဲ ဖန်တီးပေးချင်တာဆိုတော့ ပိုက်ဆံတွေကို တင်းတင်းကျပ်ကျပ် စပြီး စုဆောင်းရတော့မယ့်ပုံပဲ။

"ငါ တွေးတာ နည်းနည်းများ လွန်သွားပြီလား"

သူမ စီးသွားတဲ့ ဘတ်စ်ကားလေးကို မာရူး ငေးကြည့်နေမိတယ်။ တကယ်လို့ တစ်နေ့နေ့မှာ သူမက သူ့ဆီလာပြီး တခြားတစ်ယောက်ကို ပိုသဘောကျနေပြီလို့ ပြောလာရင် သူ ဘယ်လိုလုပ်ရမလဲ။ မာရူး အဲဒီအကြောင်းကို ခဏလောက် တွေးလိုက်ပြီးမှ ပြုံးလိုက်တယ်။ အတိတ်တုန်းကလည်း အဲဒီပြဿနာကို သူ အကြိမ်ကြိမ် တွေးခဲ့ဖူးပြီးသားပါ၊ ဒါပေမဲ့ ကောက်ချက်ကတော့ တစ်ခုတည်းပါပဲ။ သူမ ဘယ်တော့မှ လက်မလွှတ်နိုင်တဲ့ ယောကျ်ားတစ်ယောက် ဖြစ်လာအောင် သူ ကြိုးစားရမှာပေါ့။ ဒါက သိပ်ကို ရှင်းလင်းပါတယ်။

ဘတ်စ်ကားတစ်စီး ရောက်လာတယ်။ ဒါက သူ့အိမ်ကိုသွားမယ့် ကားပါ။ မာရူး လွယ်အိတ်ထဲကနေ MP3 လေး ထုတ်လိုက်ပြီး ကားပေါ်ကို တက်လိုက်တယ်။ နားကြပ်ကို တပ်လိုက်ပြီး သီချင်းသံစဉ်တွေထဲမှာ စီးမျောလိုက်တယ်။

အဲဒီအချိန်မှာပဲ၊

"...နေပါဦး"

မာရူး ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်လိုက်တယ်။ လမ်းမပေါ်မှာ အတူတူ လမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို သူ မြင်နေရတယ်။ သူတို့နှစ်ယောက်လုံးက သူ သိတဲ့သူတွေချည်းပဲ။ ပြဿနာက သူတို့နှစ်ယောက်ကို သူ အရမ်းသိလွန်းနေတာပဲ။

မာရူး မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဖုန်းကို ထုတ်လိုက်တယ်။ ပြီးတော့ ဖုန်းခေါ်လိုက်တယ်။ လမ်းလျှောက်နေတဲ့ နှစ်ယောက်ထဲက ကောင်မလေးက ရပ်သွားပြီး ဖုန်းကို ကိုင်လိုက်တယ်။ ဒါက လုံလောက်တဲ့ သက်သေပါပဲ။

"ဘာလဲ"

ဘာဒါက ရစ်ချင်နေတဲ့ အသံနဲ့ ပြန်ဖြေတယ်။ ငါ့ညီမလေးရေ... အခု နင့်ကို ငါ ကြည့်နေတယ်ဟေ့။

"နင် ဘယ်မှာလဲ"

"ဘာလို့ မေးတာလဲ"

"နင် အိမ်ပြန်လာရင် မုန့်လေး ဘာလေး ဝယ်လာခိုင်းမလို့ပါ"

"ဟယ်... အဲဒီလိုမျိုးတွေ လာလာမခိုင်းစမ်းပါနဲ့"

"ခရက်ဒစ်ကတ်ပေးမယ်"

"...ဘာဝယ်လာခဲ့ရမလဲ၊ ငါ့အစ်ကိုကြီး"

"ချောကလက် ပါတာလေး တစ်ခုခုပေါ့။ အချစ်နဲ့တူတဲ့ အရသာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့"

"နင် ဘာတွေ လာပြောနေတာလဲ"

"ဟေ့... အဲဒီမှာ ငတုံးကြီးလို ရပ်နေတဲ့ ဒိုဝူးဆီ ဖုန်းပေးလိုက်စမ်း။ ပြီးတော့ လူမိမှာစိုးလို့ ဒီအထိ လာခဲ့ရတယ်ဆိုရင်တော့ အဲဒီလို လုပ်စရာ မလိုပါဘူးလို့ ပြောချင်တယ်"

အဲဒီအချိန်မှာပဲ ဘာဒါ ဖုန်းချသွားတယ်။ သူမက ပတ်ဝန်းကျင်ကို ပျာပျာသလဲ လိုက်ကြည့်နေတာကို မာရူး မြင်လိုက်ရတယ်။ မီးပွိုင့်မိလို့ ရပ်နေတဲ့ ဘတ်စ်ကားက ပြန်ထွက်သွားတဲ့အတွက် အဲဒီနှစ်ယောက်ကို မာရူး မမြင်ရတော့ဘူး။ သူက ဒိုဝူးဆီ စာတစ်စောင် ပို့လိုက်တယ်။

"ကျန်းကျန်းမာမာနဲ့ပဲ လျှောက်လည်ကြနော်၊ ကြားလား။ ကျန်းကျန်းမာမာနဲ့ပဲ"

ချက်ချင်းပဲ စာပြန်ဝင်လာတယ်။

"ငါ ပြန်ပေးဆွဲခံထားရတာပါကွာ"

အော်... ဟုတ်လား။

ဘာဒါက အမေဖြစ်သူလိုပဲ နည်းနည်း စည်းကမ်းမဲ့တဲ့ ဘက်ကို ပါတယ်။ သူမသာ အဖေဖြစ်သူနဲ့ ပိုတူခဲ့ရင် ပိုပြီး သတိထားတတ်တဲ့၊ တည်ငြိမ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာမှာပဲ...။

မာရူး ပြုံးလိုက်ပြီး ဖုန်းကို ပိတ်လိုက်တယ်။ ဒါက သူတို့နှစ်ယောက်ရဲ့ ကိစ္စဖြစ်တဲ့အတွက် ဘာလုပ်မလဲဆိုတာ သူတို့ဘာသာ ဆုံးဖြတ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် အပြင်ထွက်လည်တာက သူတို့သဘောပါပဲ။ ဒါပေမဲ့ လက်ထပ်ဖို့ ကိစ္စဆိုရင်တော့... အဏုကြည့်မှန်ပြောင်းနဲ့ အသေးစိတ် စစ်ဆေးဖို့တော့ လိုလိမ့်မယ်။

အဲဒီအချိန်မှာပဲ နောက်ထပ် စာတစ်စောင် ဝင်လာပြန်တယ်။

"နင် သေပြီသာမှတ်။ သေပြီပဲ"

ဘာဒါဆီကပါ။

သူမက တကယ့်ကို ကြောက်စရာကောင်းတဲ့ ညီမလေးပါပဲ။ သူ့ရဲ့ ကျေးဇူးတွေကို ကလဲ့စားချေခြင်းနဲ့ ပြန်ဆပ်နေတယ်။ အိမ်ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်ရမယ့် အလုပ်က သူ့အခန်းတံခါးကို သော့ခတ်ထားဖို့ပဲလို့ မာရူး တွေးလိုက်မိတယ်။

* * * * * * * * *

All Chapters