← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း(၃၁၈)

အာရမ်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အနောက်ကို လှဲချလိုက်တယ်။ သူတို့ ဇာတ်တိုက်တာ သုံးခေါက်မြောက် ပြီးသွားပြီလေ။ အခုဆိုရင် ကျောင်းမှာ နေဝင်ဆည်းဆာကို မြင်ရတာ သူ အတော်လေး ကျင့်သားရနေပြီ။ ဒါပေမဲ့ ကျောင်းသားဘဝကို သေချာလေး ဖြတ်သန်းနေရတယ်လို့ ခံစားရတာမို့ တော်တော်လေးတော့ ခံစားရကောင်းတယ်။

"အာရမ်"

ဂျီယွန်းက လန့်သွားပြီး သူ့အင်္ကျီကို ဆွဲချလိုက်တယ်။ လှဲချလိုက်တဲ့အချိန် အင်္ကျီက လန်တက်သွားပုံရတယ်။ ဒီကောင်မလေးက တကယ့်ကို မိန်းမဆန်တာပဲ။ အာရမ်က သူ့ဆီကနေ သင်ယူသင့်တယ်လို့ တွေးလိုက်တယ်။ လှဲနေတဲ့ အနေအထားကနေပဲ အာရမ်က ခါးကို ကိုင်းလိုက်ပြီး ကိုယ်လုံးကို အပေါ်ဘက်ကို ပင့်တင်လိုက်တယ်။ အရှိန်နဲ့ ဆတ်ခနဲ မတ်တတ်ထရပ်လိုက်တဲ့အခါ တစ်ယောက်ယောက်က လက်ခုပ်တီးလိုက်တယ်။

"မင်း တော်တာပဲ"

စီနီယာမာရူးပဲ။

"စီနီယာလည်း စမ်းကြည့်သင့်တယ်။ စီနီယာလည်း လုပ်နိုင်မယ် ထင်တယ်"

"ငါက အားအင်ကုန်ခမ်းခံရတာကို မကြိုက်ဘူး" လို့ ပြောရင်း မာရူးက လှဲချလိုက်တယ်။

အခုက နားချိန်ဆိုတော့ လူတိုင်း ပင်ပန်းနေပုံရတယ်။ ကျောင်းဆင်းကတည်းက ဇာတ်တိုက်နေခဲ့ကြတာဆိုတော့ ဒါက သိပ်တော့ အံ့ဩစရာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို အပြင်းအထန် အသုံးချနေရတာမျိုး မဟုတ်ပေမယ့် ကိုယ့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားနေရတာကြောင့် အားအင်ကုန်ခမ်းမှုကတော့ တော်တော်လေး များတယ်။ အာရမ်က သိုင်းရုံမှာ လေ့ကျင့်နေရတုန်းကလိုမျိုး ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်။

"အစ်မဆူယွန်း ဒီရက်ပိုင်း မလာဘူးနော်"

"သူက ဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေ ရှိတယ်လေ။ သူ ဒီကို တစ်ခါတလေ လာပေးတာကိုပဲ ကျေးဇူးတင်ရမှာ။ ဘာပဲဖြစ်ဖြစ် သူက အခမဲ့ လုပ်ပေးနေတာပဲဟာ" လို့ မာရူးက ပြောတယ်။

အာရမ်က ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"ပြိုင်ပွဲဝင်ဖို့ သိပ်မလိုတော့ဘူးနော်"

"ဒါတော့ ဟုတ်တယ်"

"စင်ပေါ်တက်ရမှာ ဖိအားနည်းနည်းတော့ ရှိမှာပဲမလား"

"တော်တော်လေး များမယ်ထင်တယ်"

"ဟူး... လေ့ကျင့်နေတုန်းကတော့ အဆင်ပြေပေမယ့် လူတွေရှေ့မှာ မတ်တတ်ရပ်ရတဲ့အခါကျတော့ ထူးထူးဆန်းဆန်း ပိုပင်ပန်းလာသလိုပဲ။ ကျွန်မက အဆင့်တက်စာမေးပွဲအတွက် လူတွေရှေ့မှာ စွမ်းရည်ပြဖူးပေမယ့်လည်းလေ"

"မင်း ကျင့်သားမရသေးလို့ နေမှာပါ"

"စီနီယာရော စိတ်လှုပ်ရှားလား"

"ဟင့်အင်း"

"ဝိုး"

အာရမ်က လက်မထောင်ပြလိုက်တယ်။ မာရူးက မျက်လုံးမှိတ်သွားပြီမို့လို့ စကားပြောဖော် နောက်တစ်ယောက်ကို သူ ရှာလိုက်တယ်။ အဲဒီအခါ နံရံကိုမှီပြီး မှတ်စုစာအုပ်ထဲမှာ တစ်ခုခု ရေးနေတဲ့ စီနီယာဒေးမြောင်ကို သူ မြင်လိုက်တယ်။ အာရမ်က ဒေးမြောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဂျီယွန်းဘက်ကို လှည့်ကြည့်လိုက်တယ်။

'ဒီနှစ်ယောက် ဘယ်တော့များမှ တိုးတက်မှုရှိလာမလဲ မသိပါဘူး'

သူသာ တတ်နိုင်ရင် သူတို့နှစ်ယောက်ကို ဘယ်သူမှမရှိတဲ့ စာသင်ခန်းတစ်ခန်းထဲ ထည့်ပြီး တံခါးတွေကို သော့ခတ်ထားပစ်လိုက်ချင်တယ်။ ဒါပေမဲ့ တကယ်လို့ အဲဒီလိုလုပ်လိုက်ရင် ဂျီယွန်းက အထိတ်တလန့်ဖြစ်သွားမှာ သေချာနေတော့ သူ လက်တွေ့မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့တွေ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ လက်တွေ့လုပ်ပစ်ဖို့ သူ စဉ်းစားထားတယ်။ ဘေးကနေ ကြည့်ရတာ တော်တော်လေး စိတ်အိုက်စရာ ကောင်းတာကိုး။

"ပိတ်ရက်ကျရင် ရုပ်ရှင်တူတူကြည့်ချင်တယ်လို့ သူ့ကို သွားပြောလိုက်လေ"

"ဘာ... ဘာလို့ ရုတ်တရက်ကြီးလဲ"

"ငါ ပျင်းလို့လေ"

"ငါ့ကို လာမစနဲ့တော့" လို့ ဂျီယွန်းက နှုတ်ခမ်းဆူပြီး ပြောတယ်။

ဒီကောင်မလေးက အသုံးမကျတာမို့ ပစ်မှတ်ပြောင်းမှပဲ ဖြစ်တော့မယ်။ အာရမ်က ဒေးမြောင်ဆီကို လေးဘက်ထောက် သွားဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ တစ်ယောက်ယောက်က သူ့ခြေကျင်းဝတ်ကို လှမ်းဖမ်းဆွဲလိုက်တယ်။

"မင်း သူ့ကို သွားစချင်ရင် နောက်မှစပါ။ သူ အလုပ်ရှုပ်နေတယ်"

မာရူးပဲ။

"စီနီယာ အိပ်မနေဘူးလား"

"နားကြရအောင်လေ၊ ဟုတ်ပြီလား။ မင်းမှာ အားအင်တွေ ပြည့်နေတာကို ငါနားလည်ပေမယ့် နားလို့ရတဲ့အချိန်လေးတော့ နားသင့်တယ်"

အာရမ်က နှာခေါင်းရှုံ့လိုက်ပြီး သူ့မူလနေရာကို ပြန်သွားလိုက်တယ်။ သူ ပျင်းလာပြီ။ ယိုဂျင်လည်း ဒီနေ့ မလာဘူး။ သူတို့ပွဲတော်အတွက် ပြင်ဆင်စရာရှိလို့ မလာနိုင်ဘူးဆိုပြီး ပြောထားတယ်။

"ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်းရဲ့ ပွဲတော်က တော်တော်လေး ပျော်စရာကောင်းမယ့်ပုံပဲ။ ငါလည်း အဲဒီကို သွားချင်လိုက်တာ"

"အဲဒါက ရုံးဖွင့်ရက်မှာ လုပ်တာဆိုတော့ ငါတို့ သွားလို့မရဘူးလေ"

"တကယ်လား။ အာ နေဦး၊ ငါတို့ဆီမှာလည်း ကိုယ်ပိုင်ကျောင်းပွဲတော် ရှိတယ်မလား။ စီနီယာ၊ ငါတို့ပွဲတော်က ဘယ်တော့လဲ"

"နွေရာသီကျောင်းပိတ်ရက် မတိုင်ခင်လောက် ဖြစ်မယ်ထင်တယ်"

"အဲဒီလောက်တော့ ကျွန်မလည်း သိတာပေါ့"

အဲဒီအချိန်မှာပဲ ဒေးမြောင်က သရုပ်ဆောင်ပြိုင်ပွဲ အရည်အချင်းစစ်ပွဲမတိုင်ခင် လုပ်တာလို့ သူ့ကို လှမ်းပြောတယ်။ အခု သေချာပြန်စဉ်းစားကြည့်တော့ သူ့အတန်းဖော်တချို့ ပွဲတော်အတွက် ကစားစရာဘီးဝိုင်းတွေ လုပ်နေကြတာကို သူ မြင်ခဲ့ဖူးသားပဲ။ သူတို့တွေက ဘုတ်ဂိမ်းကလပ်က ဖြစ်ပုံရတယ်။

"ငါတို့လည်း တစ်ခုခု လုပ်ဖို့ မလိုဘူးလား"

"ငါတို့ ဒီတိုင်းပဲ ကျော်သွားလို့မရဘူးလား" လို့ လှဲနေတဲ့ မာရူးက လှမ်းပြောတယ်။

အာရမ်က မတ်တတ်ရပ်လိုက်ပြီး ခေါင်းကို အားရပါးရ ခါယမ်းပြလိုက်တယ်။

"ကျောင်းသားတွေဆိုတာ ကျောင်းသားတွေရဲ့ တာဝန်ကို ကျေပွန်ရမယ်လေ။ အခု ငါတို့ပြောနေတာက ပွဲတော်အကြောင်းနော်။ သိလား။ ပွဲတော်လို့"

"အိုး.. ပွဲတော်"

ဘေးနားမှာ ဒိုက်ထိုးနေတဲ့ ဘန်ဂျူးကလည်း ဝင်ပါလာတယ်။ အာရမ်က မာရူးကို ကြည့်လိုက်တော့ မာရူးက သူ့အကြည့်ကို ရှောင်ဖယ်သွားတယ်။ အဲဒီနောက် ဒေးမြောင်ကို သူ ကြည့်လိုက်ပြန်တယ်။ ဒေးမြောင်ကလည်း အနေခက်စွာနဲ့ ပြုံးပြပြီး တစ်ဖက်ကို လှည့်သွားတယ်။ ဒီစီနီယာတွေကတော့ သုံးစားလို့ကို မရပါဘူး။

"ငါတို့လည်း တစ်ခုခု လုပ်ရအောင်ပါ"

"လူငယ်ဘဝဆိုတာ ငြိမ်ငြိမ်လေးနေတဲ့အချိန်မှာ အတောက်ပဆုံးပဲ"

"စီနီယာမာရူး။ ဒါက တစ်ခါပဲ ရှိတဲ့ ပွဲတော်လေ"

"ငါတို့အတွက်တော့ တစ်ခါပဲ၊ ဒါပေမဲ့ မင်းတို့သုံးယောက်အတွက်က နှစ်ခါလေ။ မင်းတို့ တတိယနှစ်ရောက်ရင် နောက်တစ်ခါ ရှိဦးမှာပဲကို"

"ဒါပေမဲ့ ပထမနှစ်အနေနဲ့ကတော့ ပွဲတော်က တစ်ခါပဲ ရှိတာလေ။ တတိယနှစ်ပွဲတော်က တခြားပွဲတော်ပဲဟာ"

"ဟူး"

မာရူးက ဘေးစောင်းလှဲချလိုက်ပြီး နားကို ပိတ်ထားလိုက်တယ်။ အာရမ်က ဒီတစ်ခါ ပစ်မှတ်ပြောင်းလိုက်တယ်။ ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ ဒေးမြောင်ကိုပဲ သူ ဆွဲဆောင်လို့ရတော့မယ်လေ။

"စီနီယာဒေးမြောင်။ ဂျီယွန်းက ပွဲတော်အတွက် တစ်ခုခု လုပ်ချင်နေတယ်တဲ့"

အဲဒီအချိန်မှာပဲ ဒေးမြောင်ရဲ့ မျက်လုံးတွေ လှုပ်ခတ်သွားတာကို အာရမ် မြင်လိုက်ရတယ်။ သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။ ဂျီယွန်းက ပြာယာခတ်သွားပြီး သူ့ကို ရပ်ဖို့ ပြောပေမယ့် သူကတော့ လျစ်လျူရှုထားလိုက်တယ်။ ဒါက တစ်ခါပဲကြုံရမယ့် ပွဲတော်ပဲလေ။ သူက ပါဝင်ဆင်နွှဲပြီး ပျော်ပျော်ပါးပါး နေချင်တာကိုး။

"ငါ... ငါတို့ တစ်ခုခု လုပ်ကြမလား။ လေ့ကျင့်ရေးကလည်း အဆင်ပြေပြေ သွားနေတာပဲဆိုတော့ ငါတို့လည်း နည်းနည်းပါးပါး ပျော်သင့်တာပေါ့။ ဒါက အခွင့်အရေးကောင်းတစ်ခုလို့ ငါ ထင်တယ်"

ဒေးမြောင်က ဒိုဝူးဘက်ကို လှမ်းကြည့်လိုက်တယ်။ ဒိုဝူးကတော့ 'မင်းတို့ လုပ်ချင်တာ လုပ်ကြ' လို့ပဲ ပြောတယ်။ အခုဆို တစ်ယောက်ပဲ ကျန်တော့တယ်။ အာရမ်က ဒူးလေးတရွတ်တိုက်နဲ့ မာရူးဆီကို သွားလိုက်တယ်။ သူက ဂျီယွန်းကိုလည်း ဆွဲခေါ်သွားသေးတယ်။ လက်နဲ့ နားပိတ်ထားတဲ့ မာရူးကို သူက တစ်ချက် လှမ်းကြည့်လိုက်တယ်။

"... မင်းတို့ ဘာလုပ်ကြမလို့လဲ"

"အဲဒါကို အခု ဆုံးဖြတ်ကြမလို့လေ"

"အား... ငါ့ခေါင်းတွေ။ ဒေးမြောင်၊ ငါ အရှုံးပေးပြီကွာ။ မင်းတို့ လုပ်ချင်တာသာ လုပ်ကြတော့။ မင်းတို့ ခိုင်းတာမှန်သမျှ ငါ လုပ်ပါ့မယ်"

"ယက်စ်"

အာရမ်က အောင်ပွဲခံတဲ့အနေနဲ့ လက်သီးကို ဆုပ်ပြီး မြှောက်လိုက်တယ်။

* * * * * * * * *

ပွဲတော်ဆိုတဲ့ စကားလုံးကြားတာနဲ့ ဘန်ဂျူးက စိတ်အားထက်သန်လာတယ်။ သူငယ်ချင်းတွေနဲ့အတူ ပွဲတော်အတွက် ပြင်ဆင်ရတာ ပျော်စရာကောင်းမယ်လို့ သူ တွေးလိုက်တယ်။ သူက သရုပ်ဆောင်ကလပ်ထဲမှာဆိုတော့ ပြဇာတ်တစ်ခုခုများ ကကြမလားလို့ သူ စဉ်းစားနေမိတယ်။

အဲဒီအချိန်မှာပဲ။

"အန်ဘန်ဂျူး"

သူ့ဆီကို လှိမ့်လာတဲ့ စီနီယာမာရူးက ထိုင်လိုက်ပြီး သူ့ကို လှမ်းပြောတယ်။

"ငါတို့ အပြင်မှာ ဆေးလိ... အဲလေ၊ အအေးနည်းနည်းလောက် သွားသောက်ရအောင်။ ဒေးမြောင်၊ ဘန်ဂျူးနဲ့အတူ စားစရာတစ်ခုခု သွားဝယ်လိုက်ဦးမယ်"

"အိုကေ။ အာ... ပိုက်ဆံရော ဘယ်လိုလုပ်မလဲ"

"အဆင်ပြေပါတယ်"

ဘန်ဂျူးက မာရူးနောက်ကနေ စာသင်ခန်းအပြင်ကို လိုက်ထွက်သွားတယ်။ သူတို့ ဗဟိုလှေကားကနေ ပထမထပ်ကို ဆင်းလာခဲ့ကြတယ်။ စင်္ကြံလမ်းက ဟာလာဟင်းလင်း ဖြစ်နေတယ်။ အခုတော့ ဒီမြင်ကွင်းနဲ့ သူ ကျွမ်းဝင်နေပြီလေ။

"မင်းလည်း ပွဲတော်တွေကို သဘောကျတာပဲလား"

"ကျပါတယ်ဗျ။ ဘာပဲဖြစ်ဖြစ် ပွဲတော်ပဲဟာ"

"အင်းပါ"

"စီနီယာက သဘောမကျဘူးလား"

"အင်း... ကြိုက်လည်းမကြိုက်သလို မကြိုက်တာလည်း မဟုတ်ပါဘူး"

ကျောင်းကန်တင်းရှေ့က အရောင်းစက်ထဲကနေ အအေးတစ်ဘူး သူ ဝယ်လိုက်တယ်။ ချောကလက်အအေးပဲ။ ကျောင်းဆောင်ထဲကထွက်ဖို့ စင်္ကြံလမ်းကို ဖြတ်ပြေးရင်း သူ တစ်ငုံ သောက်လိုက်တဲ့အချိန်မှာ မာရူးက မေးတယ်။

"မင်းအစ်မနဲ့ရော စကားပြောဖြစ်သေးလား"

ဘန်ဂျူးက ပြေးနေတာကို ရပ်လိုက်ပြီး မာရူးကို လှည့်ကြည့်လိုက်တယ်။ မာရူး ဘာပြောနေသလဲဆိုတာကို သူ အနည်းအကျဉ်းတော့ နားလည်ပါတယ်။

"ဟုတ်ကဲ့၊ ပြောဖြစ်ပါတယ်"

"မင်းတို့နှစ်ယောက်ကြားမှာ မလိုအပ်ဘဲ ငါ ဝင်စွက်ဖက်သလိုများ ဖြစ်သွားမလားဆိုပြီး စိတ်ပူနေတာ။ ဘာပဲဖြစ်ဖြစ် တခြားသူရဲ့ မိသားစုကိစ္စကို ရည်ရွယ်ချက်မရှိဘဲ ဝင်စွက်ဖက်မိသလို ဖြစ်သွားတာကိုး"

"လုံးဝ မဟုတ်ပါဘူးဗျာ။ ကျွန်တော်က အဲဒီလို မတွေးပါဘူး။ စီနီယာက ကျွန်တော်တို့ကို ဂရုစိုက်ပြီး စိတ်ပူပေးတယ်ဆိုတာက ကျွန်တော်တို့ကို အရေးကြီးတဲ့သူတွေအဖြစ် သဘောထားလို့ မဟုတ်ဘူးလား။ ကျွန်တော့်အစ်မနဲ့ သေသေချာချာ စကားပြောခွင့်ရလိုက်လို့ ပိုတောင် ကောင်းသွားပါသေးတယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိပ်ပြီး သေချာမပြောပြဖြစ်ကြဘူးဆိုတာကို ကျွန်တော်တို့ သိလိုက်ရတယ်"

"တကယ်လား။ အဲဒါဆိုရင်တော့ ငါလည်း စိတ်အေးသွားပြီ"

ဘန်ဂျူးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း သူ့ရှေ့ကနေ လျှောက်သွားတဲ့ မာရူးကို ငေးကြည့်နေမိတယ်။ တကယ့်ကို ကျေးဇူးတင်မိတာပါ။ သူ့အစ်မရော သူ့အတွက်ပါ အဲဒီနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ နှစ်ယောက်စလုံး ပြန်မတွေးချင်တော့တဲ့ မှတ်ဉာဏ်တစ်ခု ဖြစ်နေခဲ့တာကိုး။ သူ့အစ်မက အဲဒီနေ့က ကိစ္စတွေကို ပြန်ပြောပြတဲ့အခါ ဘန်ဂျူးအနေနဲ့ ဘာကြောင့်မှန်းမသိပေမယ့် စိတ်အေးလက်အေးနဲ့ သက်ပြင်းချမိတယ်။ သူ့အစ်မက အဲဒီနေ့က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သူ့ကို ပြောပြခဲ့တယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး ရိုင်းစိုင်းတဲ့စကားတွေကို သည်းခံခဲ့ရသလဲဆိုတာကို ဘန်ဂျူး ကြားခဲ့ရတယ်။ နားထောင်ရတာ စိတ်အိုက်စရာကောင်းပြီး ရင်နာဖို့ကောင်းပေမယ့် သူ့အစ်မကတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြောပြသွားတယ်။ အရင်ကပဲဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် သူ့အစ်မက စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

အဲဒီနေ့က အဖြစ်အပျက်တွေကြောင့် သူ့အတွက် စိတ်ဒဏ်ရာရသွားပြီး အဲဒီအကျိုးဆက်အနေနဲ့ ရည်ရွယ်ချက်မရှိဘဲ အသံကို ကျယ်ကျယ်လောင်လောင် ထွက်တတ်တဲ့သူတစ်ယောက် ဖြစ်သွားမှာကို သူ့အစ်မက စိတ်ပူနေခဲ့တယ်။ ပြီးတော့ သူက အတင်းအကျပ် ဟန်ဆောင်ပြုံးနေရသလားဆိုပြီးလည်း စိတ်ပူနေခဲ့တာပါ။ ဘန်ဂျူးကတော့ ဒီလိုမဟုတ်ဘူးလို့ ထင်ပေမယ့် ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အဲဒီလိုမျိုး တကယ်ဖြစ်သွားနိုင်တယ်လို့ သူ တွေးမိတယ်။ သူ့ရဲ့ ပွင့်လင်းတဲ့ စိတ်ခံစားချက်တွေကို ပြသနေသလိုမျိုး ထင်ရပေမယ့် သူ့ရဲ့ အဲဒီအပြုံးအောက်မှာ အရာအားလုံးကို ဖုံးကွယ်ထားခဲ့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တာကိုး။ အရင်က ကဖေးမှာ တစ်ကိုယ်တော် သရုပ်ဆောင်ခဲ့တုန်းက သူ့ရဲ့ စိတ်ခံစားချက်တွေက ထုံထိုင်းနေတယ်လို့ မီဆိုက သူ့ကို ပြောခဲ့ဖူးတယ်။

အဲဒါနဲ့ပတ်သက်ပြီးတော့ ဘန်ဂျူးက သေသေချာချာ စဉ်းစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ လက်ရှိ ကိုယ်ရည်ကိုယ်သွေးကို သူ သဘောမကျတာမျိုး မဟုတ်ပေမယ့် အဲဒီနေ့က ဆိုးရွားတဲ့ အမှတ်တရတွေကြောင့် သူ့ရဲ့ တကယ့်စစ်မှန်တဲ့ စိတ်နေသဘောထားတွေ ဖိနှိပ်ခံထားရတယ်ဆိုရင်တော့ အဲဒါကို သူ ပြင်ချင်တယ်။ မှားမှန်းသိသိကြီးနဲ့ ဒီအတိုင်းလွှတ်ထားတာမျိုးကို သူ မကြိုက်ဘူးလေ။

"မင်း စားချင်တာ တစ်ခုခုများ ရှိလား" ရှေ့ကနေ လျှောက်နေတဲ့ မာရူးက နောက်ကို လှည့်ကြည့်ပြီး မေးတယ်။

ဘန်ဂျူးက ပြုံးပြီး ပြန်ဖြေလိုက်တယ်။

"ဖက်ထုပ်"

* * * * * * * * *

"ဒါပေမဲ့ သူတို့က သေးမွှားတဲ့ ကိစ္စလေးတစ်ခုအတွက်နဲ့ တကယ်ကြီး ရန်ဖြစ်ကြတာ"

အာရမ်ရဲ့ စကားကို ကြားတော့ ဂျီယွန်းက ခေါင်းလေးစောင်းပြီး သူ့ကို ကြည့်လိုက်တယ်။ ရန်ဖြစ်တာလား။ ဘာအကြောင်းလဲ။

"အော်... မင်းက အပြင်မှာ အလုပ်လေးတစ်ခု ရှိလို့ မရှိနေတာကိုး။ နေ့လယ်စာစားချိန်မှာ ကောင်မလေးနှစ်ယောက် ရန်ဖြစ်ကြတယ်လေ။ လူတွေကလည်း ပျင်းနေတာနဲ့ သူတို့ကို စကြည့်ကြတာပေါ့၊ ဒါပေမဲ့ တော်တော်လေးကို ကြည့်ကောင်းတဲ့ မြင်ကွင်းပါပဲ။ သူတို့က 'ဒီအိုပါးနဲ့ ဟိုအိုပါးက အဆင်မပြေဘူး' ဆိုတာမျိုးအတွက်နဲ့ ရန်ဖြစ်နေကြတာ"

"မင်း ဘာကို ဆိုလိုတာလဲ"

ဒီအချိန်အထိ တိတ်တိတ်လေး နားထောင်နေတဲ့ ဒေးမြောင်က မေးလိုက်တယ်။

"စီနီယာ၊ The Five ဆိုတဲ့ အဖွဲ့ကို သိလား"

"အဲဒါ အဆိုတော်အဖွဲ့လား"

"သေချာပြောရရင် အိုင်ဒေါအဖွဲ့ပေါ့။ အတန်းထဲက ကောင်မလေးတချို့ သူတို့အကြောင်း ပြောနေတာကို ငါ ကြားခဲ့တယ်၊ ဒါပေမဲ့ သူတို့အဖွဲ့ထဲမှာ ပြဿနာတစ်ခုခု ဖြစ်သွားလို့ လမ်းခွဲသွားကြတယ် ထင်ပါရဲ့။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာကို သူတို့တွေ စပြီး ရန်ဖြစ်ကြတာပဲ။ အဲဒီအထဲက တစ်ယောက်က တကယ်တော့ အတန်းထဲမှာ အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မလေးပါ၊ ဒါပေမဲ့ တကယ်ပြောတာ၊ အဲဒါက နောက်စရာ မဟုတ်ဘူးနော်။ သူတို့က တခြားလူတွေ အကုန်လုံးရဲ့ အာရုံစိုက်မှုကို ရသွားပြီဆိုတာ သိတော့မှ ပါးစပ်ပိတ်သွားကြတာ"

"အာ... ငါလည်း တီဗီမှာ အဲဒါကို တွေ့လိုက်သလိုပဲ။ တရားစွဲတဲ့ကိစ္စ ပြီးသွားပြီလား ဘာလားဆိုပြီး ငါ ကြားလိုက်တယ်။ သေသေချာချာတော့ ငါလည်း မသိပါဘူး"

ဂျီယွန်းကလည်း 'The Five' ဆိုတဲ့ အဖွဲ့အကြောင်းကို သိထားပါတယ်။ သူတို့က လူ ၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ နာမည်ကြီး အိုင်ဒေါအဖွဲ့တစ်ခုဖြစ်ပြီး မကြာသေးခင်ကမှ ကွဲသွားကြတာလေ။ ဒါက ဖျော်ဖြေရေး မီဒီယာတွေမှာ သတင်းကြီးတစ်ခု ဖြစ်နေတာမို့လို့ အခြေအနေတစ်ခုလုံးရဲ့ အကြမ်းဖျင်းကို သူလည်း သိထားတယ်။

"ငါသိသလောက်တော့ အေဂျင်စီနဲ့ ပြဿနာတချို့ရှိလို့ သူတို့ ကွဲသွားကြတာတဲ့" လို့ ဂျီယွန်းက ပြောတယ်။

"အေဂျင်စီနဲ့လား"

ဒေးမြောင်က သူ့ကို ကြည့်လိုက်တယ်။ သူ စိတ်ဝင်စားသွားပုံရတယ်။ တစ်ခါက ဖတ်ခဲ့ဖူးတဲ့ မဂ္ဂဇင်းဆောင်းပါးကို ဂျီယွန်း သတိရသွားတယ်။

"ငါ မဂ္ဂဇင်းတစ်အုပ်ထဲမှာ အကြမ်းဖျင်း ဖတ်လိုက်ရတာ၊ မတရားတဲ့ စာချုပ်တွေကြောင့် သူတို့ ကွဲသွားကြတာတဲ့"

"သူတို့က အေဂျင်စီနဲ့ ရန်ဖြစ်ကြတာလား။ ဟိုကောင်မလေးတွေကတော့ ဘယ်အိုပါးက မှားတယ်ဆိုတာမျိုးအတွက်နဲ့ ရန်ဖြစ်နေကြတာနော်။ ထူးဆန်းလိုက်တာ" လို့ အာရမ်က မျက်မှောင်ကြုတ်ရင်း ပြောတယ်။

"အင်း... အဲဒါက သူတို့ထဲက တချို့က အေဂျင်စီနဲ့ ဆက်နေဖို့ ဆုံးဖြတ်ပြီး တချို့ကတော့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြလို့ ထင်တယ်။ အဖွဲ့ဝင်တချို့ သွားကြမယ့်နေရာက 'Soul' လို့ ထင်တာပဲ။ အဲဒါကို မင်း ပြောနေတာ ဖြစ်မယ်။ အဖွဲ့ကတော့ တကယ်ကို ကွဲသွားပြီလေ"

"အခုတော့ ငါ သဘောပေါက်သွားပြီ"

အာရမ်က ခေါင်းညိတ်လိုက်တယ်။

"မင်းက တော်တော်လေးကို... ဗဟုသုတကြွယ်တာပဲ။ မင်း အိုင်ဒေါတွေကို သဘောကျလို့လား" လို့ ဒေးမြောင်က သတိထားတဲ့ အသံနဲ့ မေးတယ်။

ဂျီယွန်းက အမြန်ပဲ ခေါင်းခါပြလိုက်တယ်။

"မဟုတ်ပါဘူး။ မကြိုက်ပါဘူး။ ဆောင်းပါးကို အမှတ်မထင် တွေ့သွားလို့ ဖတ်လိုက်ရုံပါ။ တကယ်ပြောတာပါ"

"ဟဲ့၊ မင်းက အိုင်ဒေါတွေကို မကြိုက်ရင် မကြိုက်ဘူးပေါ့။ ဘာလို့ အဲဒီလောက်ထိ ဆင်ခြေပေးနေရတာလဲ။ တစ်ယောက်ယောက်ကို သတိထားနေရသလိုပဲ။ ဖူး..."

အာရမ်က ပါးစပ်ကို အုပ်ပြီး ရယ်လိုက်တယ်။ အာရမ်ရဲ့ နောက်ပြောင်ချင်တဲ့ အပြုံးကို မြင်တော့ ဂျီယွန်းမှာ မျက်ရည်ဝဲမတတ် ဖြစ်သွားတယ်။ သူက သူငယ်ချင်းကောင်းတစ်ယောက်ဆိုပေမယ့် သူ အဲဒီလိုမျိုး လုပ်တိုင်း ဂျီယွန်းမှာ ပြာယာခတ်သွားရတယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းကတောင် ဖွင့်ပြောသင့်ပြီဆိုပြီး သူ့ကို တွန်းအားပေးခဲ့သေးတယ်။ မလုပ်ဖို့ ပြောထားပေမယ့်လည်း အာရမ်ကတော့ အခွင့်အရေးရရင် ရသလို အကောင်အထည်ဖော်ဖို့ စောင့်နေပုံရတယ်။ အာရမ်က သူ့ကို ထောက်ခံအားပေးနေတာကို ကျေးဇူးတင်ပေမယ့် ဖွင့်ပြောဖို့ သတ္တိကတော့ သူ့မှာ မရှိသေးဘူးလေ။

ဂျီယွန်းက ဒေးမြောင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူ့အပေါ်များ စိတ်ပျက်သွားမလားလို့ သူ တွေးမိတယ်။ ကံကောင်းစွာနဲ့ပဲ ဒေးမြောင်က သူ့ရဲ့ ပုံမှန်အတိုင်း ပြုံးပြပြီး 'အော်... အင်းပါ' လို့ပဲ ပြန်ဖြေတယ်။ အဲဒါကို မြင်တော့ ဂျီယွန်းက ပတ်ဝန်းကျင်က လူတွေကို မေ့သွားပြီး ဒေးမြောင်ကို ခဏလောက် ငေးကြည့်နေမိတယ်။

"အဟမ်း"

အာရမ်က ချောင်းဟန့်လိုက်တယ်။ ဂျီယွန်းက လန့်သွားပြီး အာရမ်ကို လှည့်ကြည့်လိုက်တယ်။ ဒေးမြောင်ဘေးမှာ ထိုင်နေတဲ့ ဒိုဝူးက မျက်လုံးမှေးပြီး သူ့ကို ကြည့်တယ်။ အမြဲတမ်း အေးစက်စက်နိုင်လှတဲ့ သူ့နှုတ်ခမ်းတွေက အပေါ်ကို အနည်းငယ် ကော့တက်သွားတယ်။ အဲဒါက မကောင်းဆိုးဝါး အပြုံးတစ်ခုပဲ။ ပိုပြီး ကြောက်စရာကောင်းနေရတဲ့ အကြောင်းရင်းကတော့ အာရမ်နဲ့ ဒိုဝူးတို့ အချင်းချင်းကြည့်ပြီး တစ်ချိန်တည်းမှာပဲ ခေါင်းညိတ်ပြလိုက်ကြလို့ပါပဲ။

"အာရမ်"

"ရှင်... စီနီယာ"

"ငါတို့လည်း သောက်စရာတစ်ခုခု သွားဝယ်ကြမလား"

"ကောင်းသားပဲ"

အဲဒီနောက် သူတို့နှစ်ယောက်က ရုတ်တရက် မတ်တတ်ရပ်လိုက်ကြတယ်။ ဂျီယွန်းက အာရမ်ရဲ့ ဘောင်းဘီကို ဆွဲထားရင်း အမြန် ခေါင်းခါပြလိုက်တယ်။ မသွားဖို့ သူတို့ကို ရှင်းရှင်းလင်းလင်း ပြောနေပေမယ့် အာရမ်ကတော့ သူ့လက်ကို ခါချလိုက်ပြီး လှည့်ထွက်သွားတယ်။

"နင်တို့နှစ်ယောက်အတွက် ရိုမန်တစ်ဆန်တဲ့ အချိန်လေးပါ"

အဲဒီစကားတွေက ဂျီယွန်းရဲ့ နားထဲကို ဝင်လာတယ်။ များသောအားဖြင့် နောက်ပြောင်တာတွေကို သဘောမကျတတ်တဲ့ ဒိုဝူးကတောင် အပြင်ထွက်သွားရင်း လက်မထောင်ပြသွားသေးတယ်။ ဒေးမြောင်ကတော့ နားချိန်တိုင်းမှာ အမြဲကြည့်နေကျဖြစ်တဲ့ မှတ်စုတွေကိုပဲ ဖတ်နေတာမို့လို့ သူတို့ ထွက်သွားတာကို မသိလိုက်ဘူး။

"ဟင်... ကျန်တဲ့သူတွေရော"

ဒေးမြောင်က ခေါင်းမော့ပြီး မေးတယ်။

"သူ... သူတို့နှစ်ယောက်လုံး ထွက်သွားကြပြီ"

"ဘာ... ဘာဖြစ်လို့လဲ"

"...."

"...."

ဂျီယွန်းက ဘယ်ကို ကြည့်ရမှန်း မသိတော့ဘူး။ ဒေးမြောင်ကို ကြည့်ရမှာလား။ ဒါမှမဟုတ် မျက်နှာကြက်ကိုလား။ ဒါမှမဟုတ် ကြမ်းပြင်ကိုလား။ အဲဒီအချိန်မှာ သူ့မျက်လုံးတွေက ဒေးမြောင်နဲ့ ဆုံသွားတယ်။ ဒေးမြောင်ရဲ့ နားရွက်တွေက နီရဲနေခဲ့ပြီလေ။ အဲဒါက ဂျီယွန်းရဲ့ ရင်ကို ခုန်သွားစေတယ်။

"အ... အမ်း... စီနီယာ"

"အင်း... ပြောလေ"

ဂျီယွန်းက အာရမ်ရဲ့ အကြံဉာဏ်ကို သတိရသွားတယ်။ အတူတူ ရုပ်ရှင်ကြည့်ဖို့လေ။ သူက တံတွေးမြိုချလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ထားလိုက်တယ်။ အခု သူတို့ နှစ်ယောက်တည်း ရှိနေတာဆိုတော့ ပြောနိုင်ရမယ်လို့ သူ တွေးလိုက်တယ်။

"စီနီယာ... လုပ်ချင်..."

အဲဒီအချိန်မှာပဲ အနောက်ပေါက် တံခါးက ရုတ်တရက် ပွင့်လာတယ်။ ပေါ်လာတဲ့သူက မာရူးပဲ။ သူက လက်တစ်ဖက်စီမှာ ပလတ်စတစ်အိတ် တစ်အိတ်စီ ကိုင်ထားတယ်။ သူ့ကို အငြိုးမထားသင့်ဘူးဆိုတာရော မာရူးက ဘာမှ အမှားမလုပ်ထားဘူးဆိုတာကိုပါ ဂျီယွန်းက ကောင်းကောင်းသိနေပေမယ့် သူ့ကို မကျေမနပ်နဲ့ ကြည့်မိသွားတယ်။ သူ့နောက်ကနေ လိုက်ဝင်လာတဲ့ ဘန်ဂျူးကလည်း လန့်သွားပြီး အဲဒီနေရာမှာတင် ရပ်နေမိတယ်။

အချိန်တွေ ရပ်တန့်သွားသလိုပဲလို့ ဂျီယွန်း ခံစားလိုက်ရတယ်။ သူက မျက်လုံးကို ရွှေ့ပြီး ဒေးမြောင်ကို ကြည့်လိုက်တယ်။ ဘာမှန်းမသိတဲ့ သူ့ရဲ့ ဒီစီနီယာကတော့ မာရူးလက်ထဲက စားစရာတွေကိုပဲ ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ ကြည့်နေတာလေ။ အဲဒါကို မြင်တော့ ဂျီယွန်း နည်းနည်း ဒေါသထွက်သွားတယ်။ အခုချိန်မှာ သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး 'အရူး' လို့ ပြောပစ်လိုက်ချင်စိတ် ပေါက်လာတယ်။

"မင်းတို့တွေ ဘာလို့ အဲဒီမှာ ရပ်နေကြတာလဲ။ အော်... ပြီးတော့ အဲဒါက ဘာတွေလဲ"

ဒေးမြောင်က မေးလိုက်တယ်။ သူ့အသံက အနည်းငယ် စိတ်လှုပ်ရှားနေတယ်။

"ဒါလား။ အင်း... ဖက်ထုပ်တွေလေ"

"ဖက်ထုပ်လား။ ကင်မ်ချီဖက်ထုပ်လား၊ အသားဖက်ထုပ်လား"

"နှစ်မျိုးလုံးပဲ။ အင်း... ဒါပေမဲ့... အမ်း..."

"ဘာဖြစ်လို့လဲ"

"ငါ အပြစ်လုပ်မိသွားသလို ခံစားနေရတယ်။ ခဏလေးနော်"

မာရူးက တံခါးကို ဖြည်းဖြည်းချင်း ပြန်ပိတ်လိုက်တယ်။ ဂျီယွန်းရဲ့ မေးရိုးတွေ ဟသွားခဲ့တယ်။ သူ သက်ပြင်းချနေမိတော့တယ်။

* * * * * * * * *

All Chapters