အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း(၃၁၉)
သူများတွေ လှမ်းစိုက်ကြည့်နေတာကို ခံရတာ သိပ်တော့ နေလို့မကောင်းလှဘူး။ အထူးသဖြင့် အဲဒီလူက ကိုယ့်ထက်ငယ်တဲ့သူ ဖြစ်နေရင်ပေါ့။ ပုံမှန်ဆိုရင်တော့ မာရူးက ပြန်စိုက်ကြည့်ပြီး ဘာပြဿနာရှိလို့လဲလို့ မေးမှာဖြစ်ပေမယ့် အခုလောလောဆယ်မှာတော့ သူမရဲ့ အကြည့်တွေကို ရှောင်ဖယ်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ အကြောင်းရင်းခံကလည်း သူကိုယ်တိုင် ဖြစ်နေတာကိုး။
'ငါက လူငယ်နှစ်ယောက်ကြားက ကိစ္စကို ဝင်ရှုပ်မိတဲ့ အသိဉာဏ်မရှိတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်သွားပြီပဲ'
မာရူးက ဖက်ထုပ်တစ်ဖတ်ကို ကိုက်စားလိုက်ရင်း ဂျီယွန်းကို အကဲခတ်လိုက်တယ်။ သူမက နှုတ်ခမ်းကြီး ဆူထားပြီး မုန်လာဥချဉ်ကို နည်းနည်းချင်းစီ ကိုက်စားနေတယ်။ ခုနလေးတင် သူတို့ မျက်လုံးချင်း ဆုံသွားခဲ့ကြပြီး သူမရဲ့ မျက်လုံးတွေထဲမှာ မကျေနပ်ချက်လိုမျိုး တစ်ခုခုကို မြင်လိုက်ရတယ်။ မာရူးမှာတော့ အပ်တွေနဲ့ လုပ်ထားတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်နေရသလိုပဲ။ သူ တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ဂျီယွန်းက မျက်နှာလေး နီရဲပြီး ဒေးမြောင်ကို တစ်ခုခုပြောဖို့ ပြင်နေတာလေ။ အဲဒီအချိန်ကျမှ သူက ဝင်ရှုပ်လိုက်မိတာဆိုတော့ ဘာပဲပြောပြော ဆင်ခြေပေးရာပဲ ရောက်တော့မယ်။
"ဖက်ထုပ်က စားလို့ကောင်းသားပဲ။ မင်းတို့ ဘယ်ကနေ ဝယ်လာတာလဲ"
မာရူးက ဘာမှမသိဘဲ ဖက်ထုပ်အကြောင်းပဲ ပြောနေတဲ့ ဒေးမြောင်ကို မျက်စောင်းထိုးလိုက်တယ်။ ဖက်ထုပ်တွေကို ပါးစပ်ထဲ အပြည့်ထည့်ပြီး ပျော်ရွှင်နေတဲ့ သူ့ကို ကြည့်ရင်း ဂျီယွန်းကို ပိုတောင် အားနာလာမိတယ်။ ဒီကောင်က ခုနလေးတင် သူ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံလိုက်ရတယ်ဆိုတာကိုတောင် သိပုံမရဘူး။
တစ်ယောက်ယောက်က သက်ပြင်းချလိုက်တယ်။ မကြည့်ဘဲနဲ့တောင် အဲဒါ ဂျီယွန်းဆိုတာ မာရူး သေချာသိနေတယ်။
"ဒေးမြောင်၊ စားလို့ ကောင်းလား"
"အင်း"
"ဪ၊ ဒါဆိုရင်လည်း ထပ်စားဦးလေ"
သူ တစ်ခုခုပြောချင်ပေမယ့် ဂျီယွန်းရဲ့ စူးရှရှ အကြည့်တွေကြောင့် ဘာမှ ဆက်မပြောနိုင်တော့ဘူး။ မာရူးက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး ဖက်ထုပ်တွေကို မြိန်ရေယှက်ရေ စားနေတဲ့ အာရမ်ကို လှမ်းပြောလိုက်တယ်။
"နင် အပြင်ဘက်ကနေ စောင့်ပေးနေသင့်တာပေါ့"
"အစ်ကို ဒီလောက်စောစော ပြန်လာမယ်မှန်း ကျွန်မတို့မှ မသိတာ။ သောက်စရာလေး သွားဝယ်လိုက်ရုံတင်ပါ။ နေဦး၊ အစ်ကို တံခါးဖွင့်လိုက်လို့ တစ်ခုခုဖြစ်နေတာကို မြင်ရင် ချက်ချင်း ပြန်ပိတ်ပေးလိုက်ရမှာပေါ့"
"မျက်လုံးချင်း ဆုံသွားပြီဆိုမှတော့ ဘာမှမပြောဘဲ တံခါးပြန်ပိတ်လိုက်ရင် ပိုတောင် ထူးဆန်းနေဦးမယ်"
"ဘာပဲဖြစ်ဖြစ်၊ အစ်ကို့အမှားချည်းပဲ"
အာရမ်ကလည်း နှုတ်ခမ်းဆူလိုက်တယ်။ သူမက သေသေချာချာ အချိန်ယူတည်ဆောက်ထားတဲ့ သဲအိမ်ကလေး ရေလှိုင်းပုတ်ခံလိုက်ရလို့ ပျက်စီးသွားတဲ့ ပုံပေါက်နေတယ်။ သေချာတာကတော့ အဲဒီရေလှိုင်းဆိုတာ မာရူးပဲလေ။ မာရူးက သူ့မျက်ခုံးသူ ပြန်ကုတ်လိုက်တယ်။
"ဒီလိုဖြစ်သွားမှတော့၊ ပွဲတော်ကျရင် အစားပြန်လုပ်ပေးကြတာပေါ့"
"ပွဲတော်"
အာရမ်က မသင်္ကာစရာ အပြုံးတစ်ခု ပြုံးလိုက်တယ်။
"အစ်ကိုဒေးမြောင်။ ပွဲတော်အတွက် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"
"အင်း၊ မဆုံးဖြတ်ရသေးဘူး။ အခုပဲ အဲဒီအကြောင်း မင်းတို့ကို ပြောမလို့ စဉ်းစားနေတာ။ မင်းတို့ လုပ်ချင်တာတစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်း ပြောကြလေ"
"ကျွန်မတို့က သရုပ်ဆောင်ကလပ်ဆိုတော့ ပြဇာတ်တစ်ခုတော့ ကရမှာပေါ့။ ပုံစံလေး နည်းနည်းပြောင်းပြီး အပြင်လုံးတွေ အများကြီးပါတဲ့ ပြဇာတ်မျိုး ကကြရင်ရော"
"အပြင်လုံးတွေ အများကြီးနဲ့"
"ဟုတ်တယ်။ ပျော်စရာကောင်းမယ် မထင်ဘူးလား"
"အင်း... ဇာတ်လမ်းမရှိဘဲ ပြဇာတ်ကဖို့ဆိုတာ တော်တော်လေး ခက်လိမ့်မယ်။ ပြဇာတ်ကမယ်ဆိုရင် အနည်းဆုံးတော့ အဓိကဇာတ်ကြောင်းကိုတော့ ဆုံးဖြတ်ထားသင့်တယ်"
"အာ... ပွဲတော်အတွက် ပြောနေတာလေ။ သေချာပြင်ဆင်ထားတဲ့ ပြဇာတ်မျိုး မဟုတ်ဘဲ အားလုံး ဝိုင်းရယ်ရမယ့် ဟာသမျိုးဆိုရင်ရော။ ဘယ်လိုလဲ၊ ပျော်စရာမကောင်းဘူးလား"
အာရမ်က သူ့တံတောင်ဆစ်နဲ့ လှမ်းတို့တယ်။ မာရူးကို ကူပြောပေးဖို့ အချက်ပြနေတာပဲ။ ရွေးချယ်စရာမရှိတော့တာနဲ့ မာရူးကလည်း ဝင်ပြောလိုက်ရတယ်။
"ဇာတ်သိမ်းတစ်ခုလောက်ပဲ သတ်မှတ်ထားပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့။ ဘယ်လိုလဲ"
"တကယ်လား။ မင်း အဆင်ပြေရဲ့လား။ သရုပ်ဆောင်ကလပ်ဖြစ်နေလို့ ပြဇာတ်ကရမယ်ဆိုတဲ့ ဥပဒေသမှ မရှိတာ။ မင်းတို့ လုပ်ချင်တာရှိရင်လည်း ပြောကြလေ"
အာရမ်က လူတိုင်းကို အချက်ပြထားပြီးသား ထင်ပါရဲ့။ အားလုံးက ပြဇာတ်ကတာ ကောင်းမယ်လို့ ဝိုင်းထောက်ခံကြတယ်။ ဂျီယွန်းကလည်း ခေါင်းညိတ်ပြတယ်။
"အားလုံးက သဘောတူတယ်ဆိုရင်တော့ ပြဇာတ်ပဲ ကကြတာပေါ့။ ပြင်ဆင်ချိန် သိပ်မရှိတော့လို့ အရမ်းခက်ခဲတာမျိုးတော့ မလုပ်သင့်ဘူး"
"ရိုမန့်စ်ဇာတ်လမ်း လုပ်ကြမယ်"
"ရို... မန့်စ်"
"ဟုတ်တယ်။ ပွဲတော်ဆိုတော့ အလွမ်းအဆွေးတွေ မလိုပါဘူး။ ရိုမီယိုနဲ့ ဂျူးလိယက် ဆိုရင်ရော"
"ဒါပေမဲ့ အဲဒါက အလွမ်းဇာတ်ကြီးလေ..."
"အပြင်လုံးတွေနဲ့ သွားမှာဆိုတော့ အဆင်ပြေပါတယ်။ နော်... လုပ်ရအောင်ပါနော်"
မာရူးက 'မဆိုးပါဘူး' လို့ ပြောလိုက်တယ်။ အာရမ် ဘာစဉ်းစားနေလဲဆိုတာကို သူ မြင်နေရတယ်။ ဒါက ဂျီယွန်းနဲ့ ဒေးမြောင်ကလွဲရင် အားလုံးသိနေတဲ့ အကြံအစည်ကြီးပဲလေ။ အာရမ်က စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ သူမပြောချင်တာကို ဆက်ပြောနေတယ်။ အခြေအနေက 'သူတို့နှစ်ယောက်ကို ဘယ်လို ဖူးစာဆုံပေးရမလဲ' ဆိုတာထက် 'ဘယ်လို အပြတ်အသတ် စနောက်ရမလဲ' ဆိုတဲ့ဘက်ကို ရောက်လာပေမယ့် အဓိကကတော့ ရလဒ်က အရေးကြီးဆုံးပဲ မဟုတ်လား။ သူမ ပြောတဲ့အတိုင်းသာ ဖြစ်လာခဲ့ရင် ဒီနှစ်ယောက် တော်တော်လေး နီးစပ်သွားကြမှာ သေချာတယ်။
"အခု နေရာလေးတွေ ခွဲလိုက်ကြရအောင်။ ပြီးတော့ ဇာတ်လမ်းအကြမ်းဖျင်းလေးပါ ဖန်တီးလိုက်ရမယ်။ ပြီးရင် ပြဇာတ်ကကြမယ်လေ။ သဘောကျစရာပဲ မဟုတ်လား"
"အင်း... ကောင်းပါပြီလေ။ အားလုံးလည်း အဆင်ပြေနေတဲ့ပုံပဲ"
"ဒါဆိုရင် ဂျီယွန်းက ရိုမီယို၊ အစ်ကိုဒေးမြောင်က ဂျူးလိယက်"
"ဘာ"
"ပြောင်းပြန်ဖြစ်နေတာ မဟုတ်ဘူးလား။ နေဦး၊ ဘာလို့ ငါက ရိုမီယို ဖြစ်ရတာလဲ"
ဒေးမြောင်နဲ့ ဂျီယွန်းပဲ အဲဒီကိစ္စကို ကန့်ကွက်ကြတယ်။ သေချာတာကတော့ ကျန်တဲ့သူတွေက ကြိုတင်သဘောတူထားပြီးသားမို့လို့ ငြိမ်နေကြတာလေ။ အာရမ်လို့ခေါ်တဲ့ သင်္ဘောကြီးက ဆိပ်ကမ်းကနေ ထွက်ခွာသွားပြီမို့ ပြန်လှည့်လို့ မရတော့ဘူး ထင်ပါရဲ့။ သင်္ဘောဦးစီးက အာရမ်ဖြစ်နေတော့ သူလည်း လောလောဆယ် ဒီအတိုင်းပဲ လွှတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
"အလယ်တန်းတုန်းက မိန်းကလေးလို ဝတ်ပြီး ပြိုင်တဲ့ ပြိုင်ပွဲမျိုးတွေ လုပ်ခဲ့ကြတယ် မဟုတ်လား။ ကျွန်မတို့ ကျောင်းမှာတော့ လုပ်ခဲ့တယ်။ အစ်ကိုတို့ရော မလုပ်ခဲ့ဘူးလား"
"လုပ်ခဲ့မယ် ထင်တာပဲ"
"တွေ့လား။ ရိုးရိုးပျင်းစရာကောင်းတဲ့ ပြဇာတ်ကြီးဆိုရင် မပျော်ရဘူးလေ။ ပွဲတော်ဆိုတော့ နည်းနည်းလေး ကွဲထွက်သွားအောင် လုပ်ကြတာပေါ့"
"ဒါပေမဲ့ ငါက ဂျူးလိယက် လုပ်ရမယ်ဆိုတာ နည်းနည်းတော့..."
ဒေးမြောင်က အနေရခက်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မာရူးဆီကို အကူအညီတောင်းတဲ့ အကြည့်တွေ ပို့လွှတ်နေတယ်။ သူ့မျက်လုံးတွေက 'ငါ့ကို ကူညီပါဦး' ဒါမှမဟုတ် 'ငါ့ကို ကယ်ပါဦး' ဆိုတာမျိုး ပြောနေတာလေ။ မာရူးက ခေါင်းကို ဖြည်းဖြည်းချင်း လွှဲဖယ်လိုက်တယ်။
ဒါတွေအကုန်လုံးက မင်း ကောင်းဖို့အတွက်ချည်းပါပဲကွာ။
ဒေးမြောင် တွန့်သွားပြီး ဒိုဝူးကို ဆက်ကြည့်လိုက်ပေမယ့် ဒိုဝူးက သူ့ကို ကူညီမှာမှ မဟုတ်တာ။ ဂျီယွန်းကတော့ လက်မြှောက်အရှုံးပေးလိုက်တဲ့ မျက်နှာနဲ့ အဝေးကို ငေးကြည့်နေတယ်။ အဲဒီအချိန်မှာပဲ အာရမ်က သူမနားနား ကပ်ပြီး တိုးတိုးလေး တစ်ခုခုပြောလိုက်တော့ ဂျီယွန်းရဲ့ မျက်နှာလေး တဖြည်းဖြည်း လင်းလက်လာတယ်။ စိတ်ရှုပ်ထွေးနေတာတွေ ရှိနေသေးပေမယ့် သူမဘက်ကလည်း တစ်နည်းနည်းနဲ့ လက်ခံလိုက်တဲ့ပုံပဲ။
"ငါ... အဆင်ပြေပါတယ်"
ဇာတ်ကောင်တွေထဲက တစ်ယောက်ကတော့ သူ့နေရာကို လက်ခံသွားပြီ။ မာရူးက ဒေးမြောင်ကို လှမ်းကြည့်လိုက်တယ်။ ဒီရေစီးကြောင်းကြီးကို တားလို့မရနိုင်တော့ဘူးဆိုတာ သိလိုက်တဲ့ ဒေးမြောင်လည်း နောက်ဆုံးမှာတော့ လက်ခံလိုက်ရတယ်။
"ယက်စ်"
ဘာပဲဖြစ်ဖြစ် အပျော်ဆုံးလူကတော့ အာရမ်ပါပဲ။
* * * * * * * * *
"ဂရုစိုက်ပြန်ကြဦးနော်"
"မနက်ဖြန်မှ တွေ့မယ်"
သူတို့အားလုံး ကျောင်းဂိတ်ဝရှေ့မှာ လမ်းခွဲလိုက်ကြတယ်။ ကလပ်အဖွဲ့ဝင်တချို့ ဘတ်စ်ကားမှတ်တိုင်ဘက်ကို လျှောက်သွားတာကို ကြည့်ပြီးနောက် မာရူးက စက်ဘီးပေါ် တက်ခွလိုက်တယ်။ အိမ်မပြန်ခင် သူ ဈေးနည်းနည်း ဝင်ဝယ်ရဦးမယ်။ ဒီနေ့က ဝက်လည်ပင်းသား ဈေးချတဲ့နေ့လေ။ အဲဒါနဲ့ ကင်ချီချီဂဲ ချက်စားလိုက်ရင် အနည်းဆုံး နှစ်ရက်လောက်တော့ ခံမှာ သေချာတယ်။
"ဘာလဲ" သူ စက်ဘီးဘရိတ်ကို အုပ်ပြီး ဖုန်းဖြေလိုက်တယ်။ ဘာဒါဆီက ဖုန်းပဲ။
“အစ်ကို”
အဲဒီ 'အစ်ကို' ဆိုတဲ့ ခေါ်သံက နှာသံလေး ပါနေတယ်။ သူမမှာ အကူအညီတောင်းစရာ ရှိနေတာ သေချာတယ်။
"မုန့်လား"
“အင်း။ အာလူးကြော်လေး”
"ငါ ဝယ်လာခဲ့မယ်။ အဲဒီအစား ငါ့အတွက် အိမ်ရှင်းထားပေး"
“အိုကေ”
ဖုန်းချပြီး စက်ဘီး ပြန်နင်းဖို့ လုပ်နေတုန်း သူ့ဖုန်းက ထပ်မည်လာပြန်တယ်။ ဘာဒါပဲ နေမှာပါလို့ တွေးပြီး ဖုန်းကို နားနား ကပ်လိုက်တယ်။ ဒါပေမဲ့ ဖုန်းထဲက ထွက်လာတာက ယောကျ်ားတစ်ယောက်ရဲ့ အသံ ဖြစ်နေတယ်။
“အခု ဖုန်းပြောလို့ အဆင်ပြေလား”
"အာ... ဟုတ်ကဲ့။ အစ်ကိုဗြောင်ချန်း"
အဲဒါ သူ့မန်နေဂျာ ဗြောင်ချန်းလေ။
“မင်း အခု အိမ်မှာလား”
"မဟုတ်ဘူး။ အခုမှ ကျောင်းကနေ ပြန်လာတာ။ ကျွန်တော်တို့ လေ့ကျင့်ရေး ရှိလို့"
“ဪ... မင်း တက်တဲ့ကျောင်းက ဘာကျောင်းတဲ့”
"ဝူဆောင်းအင်ဂျင်နီယာအထက်တန်းကျောင်းပါ"
“ဒါဆို အဲဒီမှာ ခဏလောက် စောင့်နေလို့ရမလား။ ငါ လာကြိုမယ်”
"ဘာကိစ္စများ ရှိလို့လဲ"
“စံသတ်မှတ်ချက် စာချုပ်တစ်ခု ချုပ်ဖို့လေ။ ပုံမှန်ဆိုရင်တော့ သိပ်မလုပ်ကြဘူး ကြားပေမယ့်၊ ငါတို့ကုမ္ပဏီ ဥက္ကဋ္ဌကြောင့်ထင်တယ် ဇာတ်လမ်းတွဲ ထုတ်လုပ်ရေးက မင်းကို စာချုပ်ချုပ်သင့်တယ်လို့ ပြောလာလို့။ မင်း စာချုပ်ကို ဖတ်ပြီး လက်မှတ်ထိုးပေးရုံပါပဲ။ သိပ်ရှုပ်ထွေးတာမျိုး မဟုတ်လို့ အချိန်သိပ်မကြာပါဘူး”
"အစ်ကိုပဲ ကျွန်တော့်ကိုယ်စား..."
“အဲလိုလုပ်လို့ မကောင်းဘူးလေ။ စာချုပ်တွေက အရမ်းအရေးကြီးတယ်။ ငွေကြေးကိစ္စတွေ ပါနေတော့ တခြားတစ်ယောက်ကို လက်မှတ်ထိုးခိုင်းရင် မင်း ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်။ သေသေချာချာ ဖတ်ကြည့်သင့်တယ်။ မဟုတ်ရင် မင်း ကြီးလာတဲ့အခါ နစ်နာမှုတွေ ကြုံရလိမ့်မယ်။ လူ့အသိုင်းအဝိုင်းထဲမှာ မင်းထက် အတွေ့အကြုံပိုများတဲ့သူ တစ်ယောက်အနေနဲ့ အကြံပေးတာပါ”
"ဟုတ်ပြီလေ။ ဒါဆို ကျောင်းရှေ့ကနေပဲ စောင့်နေမယ်"
”အိုကေ”
မာရူးက ပြုံးရင်း ဖုန်းချလိုက်တယ်။ သူက ဒီလူနဲ့ ဘယ်လောက်အထိ ရင်းနှီးသင့်လဲဆိုတာကို သိချင်လို့ စမ်းကြည့်လိုက်တာလေ။ သူ့ဘက်က သေးသိမ်ရာကျပေမယ့် ဗြောင်ချန်းက အခြေခံစည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ ကြိုးစားတာကို မာရူး သဘောကျတယ်။ သူက လုပ်ငန်းပိုင်းဆိုင်ရာကို ကြီးကြပ်ပေးမယ့် ယုံကြည်ရတဲ့ ပါတနာတစ်ယောက်ပဲ။ စရိုက်ပိုင်းကို ပြောရမယ်ဆိုရင်တော့၊ မာရူးက ဂွတ်ဘတ်ဆိုင်မှာတုန်းကတည်းက အလုံအလောက် မြင်ခဲ့ပြီးပြီမို့ သူ့အပေါ် နည်းနည်းလောက် စိတ်ချထားလို့ ရမယ်လို့ တွေးမိတယ်။
သူ စက်ဘီးကို ပြန်ကွေ့ပြီး ကျောင်းဘက် ပြန်လာခဲ့တယ်။ မှောင်မည်းလာတဲ့ ကောင်းကင်ယံအောက်က ကျောင်းကြီးက နေ့ခင်းဘက်ကထက် အများကြီး ပိုတိတ်ဆိတ်နေတယ်။ မနက်ဖြန်ဆိုရင်တော့ တစ်ခါ ပြန်ပြီး ဆူညံလာဦးမှာပါပဲ။ ဒီအချိန်လောက်မှ ပြန်ကြတဲ့ ဆရာတချို့ကို နှုတ်ဆက်ရင်း ဆယ်မိနစ်လောက် စောင့်နေလိုက်တဲ့အချိန်မှာ ရှေ့မီးကြီး ထိုးထားတဲ့ ဆီဒင်ကားတစ်စီး လမ်းဘေးမှာ ထိုးရပ်လာတယ်။ ဗြောင်ချန်းရဲ့ ကားပဲ။
"ငါ နောက်ကျသွားပြီ မဟုတ်လား"
"မကျပါဘူး။ ကျွန်တော်လည်း အကြာကြီး မစောင့်လိုက်ရပါဘူး"
ဗြောင်ချန်းက ဟူဒီနဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ခါတိုင်းလိုပဲ ပင်ပန်းနေတဲ့ပုံ ပေါက်နေတယ်။ မာရူးက ယာဉ်မောင်းဘေးခုံမှာ ဝင်ထိုင်လိုက်တယ်။
"တစ်ယောက်ယောက်ရဲ့ ဓာတ်ပုံရိုက်ကူးရေးကြောင့် တစ်နေကုန် ကားပတ်မောင်းနေရလို့ နည်းနည်းတော့ ပင်ပန်းနေတယ်"
"အရေးတကြီးကိစ္စ မဟုတ်ရင် မနက်ဖြန်မှ လာခဲ့ပါတော့လား"
"အာ... ဒီနေ့ အလုပ်တွေ ပြီးသွားမှ ညဘက် အိပ်ပျော်ဖို့ လွယ်မှာ။ ရော့၊ ဒါလေး အရင်ဖတ်ကြည့်လိုက်"
မာရူးက စာအိတ်ထဲကနေ စာချုပ်ကို ထုတ်လိုက်တယ်။ စာချုပ်က တစ်မျက်နှာတည်းရယ်ပါ။ ပါဝင်ပတ်သက်သူတွေ၊ အပိုင်းတစ်ပိုင်းအတွက် သူ့ရဲ့ အခကြေးငွေ၊ ငွေချေမယ့်ရက်နဲ့ သူ သတိပြုရမယ့် အချက် နည်းနည်းပါးပါးပဲ ပါဝင်တယ်။ သူက ဇာတ်ရံလေးပဲမို့လို့ စာချုပ်ကလည်း ရိုးရိုးရှင်းရှင်းလေးပဲ။ ပုံမှန်ဆိုရင် သိပ်မလုပ်ကြဘူးဆိုတဲ့ ဗြောင်ချန်းရဲ့ စကားကို သူ နားလည်သွားပြီ။ သူက စာချုပ်နှစ်စောင်လုံးရဲ့ အောက်ခြေမှာ သူ့နာမည်ကို ပီပီသသ ရေးပြီး လက်မှတ်ထိုးလိုက်တယ်။
"သေချာဖတ်ကြည့်ပြီးပြီလား"
"ဟုတ်ကဲ့"
"ဒါဆို ငါ့ကို ပြန်ပေး။ မနက်ဖြန် သူတို့ဆီ ပို့ပေးလိုက်မယ်။ ဒီတစ်စောင်က မင်းအတွက်"
မာရူးက စာချုပ်ကို ယူပြီး သူ့လွယ်အိတ်ထဲ ထည့်လိုက်တယ်။
"ဘာပဲဖြစ်ဖြစ်၊ ဂုဏ်ပြုပါတယ်ကွာ။ မင်းရဲ့ ပထမဆုံး စာချုပ်ပဲ မဟုတ်လား"
"ဟုတ်ပါတယ်"
"ဒီလို စာချုပ်သေးသေးလေးတွေကို လျစ်လျူရှုထားလို့ မရဘူးကွ။ ဇာတ်လမ်းတွဲလောကမှာ သရုပ်ဆောင်တွေကို အဆင့်တွေ သတ်မှတ်ပေးထားတာလေ။ မင်းက အိတ်ဖွင့်ရွေးချယ်ပွဲကနေ ဝင်လာတာဆိုရင်တော့ ချက်ချင်း အဆင့်တစ်ခု ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ဒီလိုစာချုပ်တွေက မင်းရဲ့ အဆင့်သတ်မှတ်ချက်အတွက် အခြေခံအုတ်မြစ်တွေပဲ။ အခုလောလောဆယ် မင်းမှာ အဆင့်မရှိသေးတော့ တစ်ပိုင်းကို ဝမ်ငါးသောင်းပဲ ရလိမ့်မယ်။ ဒါပေမဲ့ အဆင့် ၆ လောက် ရောက်သွားပြီဆိုရင်တော့ မင်းရဲ့ အခကြေးငွေက ဆပွားတက်လာမှာ။ မင်းရဲ့ အဆင့်မြင့်လာပြီး အတွေ့အကြုံတွေ ပိုများလာရင်၊ ဇာတ်ရံနေရာတွေအတွက် မင်းကို ငှားဖို့ လူတွေ ပိုရှာလာကြလိမ့်မယ်"
စိတ်လှုပ်ရှားစွာနဲ့ ခဏလောက် ရှင်းပြနေတဲ့ ဗြောင်ချန်းက ခါးသီးတဲ့ အပြုံးတစ်ခု ပြုံးလိုက်တယ်။ သူကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်နေသူလေ။ ဒါပေမဲ့ အခုတော့ မာရူးရဲ့ မန်နေဂျာအဖြစ် အလုပ်လုပ်ရင်း သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ အလုပ်တွေကို ရှင်းပြနေရတာဆိုတော့ သူ့စိတ်ထဲမှာ တော်တော်လေး ရှုပ်ထွေးနေမှာ သေချာတယ်။ ဗြောင်ချန်း စိတ်ငြိမ်သွားဖို့ အချိန်လုံလောက်တဲ့အထိ မာရူးက ဘာမှ ဝင်မပြောဘဲ နေလိုက်တယ်။
"အော်... ဒါနဲ့၊ မင်း ညစာ စားပြီးပြီလား"
"အစ်ကိုရော"
"မစားရသေးဘူး"
"ဒါဆို တစ်ခုခု သွားစားကြရအောင်လေ"
"စားကြမလား"
"ဒီလိုအချိန်မျိုးဆို ကုမ္ပဏီကတ် ထုတ်သုံးရမယ် မဟုတ်လား"
ဗြောင်ချန်းက ကျေနပ်သွားတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်။ မာရူးက ဘာဒါ့ဆီကို နည်းနည်း နောက်ကျလိမ့်မယ်ဆိုပြီး မက်ဆေ့ချ်ပို့လိုက်တယ်။ သူ့ညီမဆီ မုန့်ပို့ပေးရတာထက် ကြိုးစားပမ်းစား အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို ကာကွယ်ပေးဖို့က အများကြီး ပိုအရေးကြီးတယ်လေ။ ဗြောင်ချန်းက ကားစက်နှိုးရင်း သီချင်းလေး ညည်းနေတယ်။
* * * * * * * * *
"မုန့်"
"ရော့"
သူ အိမ်ထဲ ဝင်ဝင်ချင်း တံခါးဝကို ပြေးလာတဲ့ ညီမဖြစ်သူဆီကို အာလူးကြော်ထုတ် ပစ်ပေးလိုက်တယ်။ ကံကောင်းစွာနဲ့ပဲ သူမက စိတ်တိုနေတာမျိုး ဘာမှမရှိဘူး။ သူမက အာလူးကြော်ထုတ်ကို ဝက်ဝံတစ်ကောင် ပျားရည်အိုးကို ဖက်ထားသလိုမျိုး ပွေ့ဖက်ပြီး တီဗီရှေ့မှာ စားနေတော့တယ်။ 'ဝလိမ့်မယ်' လို့ တိုးတိုးလေး ပြောပြီးတာနဲ့ မာရူးက သူ့အခန်းထဲ ဝင်သွားလိုက်တယ်။ ဗြောင်ချန်း စားနေတာကို ဘာမှမစားဘဲ ထိုင်ကြည့်နေလို့ အဆင်မပြေတာမို့လို့ သူလည်း ဆွန်းဒယ်ဂွတ်ဘတ်တစ်ပွဲ စားခဲ့တယ်လေ။ ဗိုက်ပြည့်နေလို့ ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး ခဏလောက် ငေးနေပြီးမှ ပြန်ထလာခဲ့တယ်။ ညီမဖြစ်သူရဲ့ အသံက အတော်လေး ကျယ်လာပြီး အနှောင့်အယှက် ဖြစ်လာလို့ပဲ။
သူ တံခါးဖွင့်ပြီး ဧည့်ခန်းကို လှမ်းကြည့်လိုက်တယ်။ တီဗီရှေ့မှာ သူ့ညီမက တစ်ယောက်ယောက်ကို ဖုန်းဆက်နေတယ်။ ဒိုဝူးကိုများ ဖုန်းဆက်နေတာလားလို့ တွေးမိပြီး သူ နားစွင့်လိုက်တယ်။
"မဖြစ်နိုင်လိုက်တာ"
သူ့ညီမက တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ မာရူးက တီဗီထဲမှာ ဘာလာနေလဲဆိုတာကို လှမ်းကြည့်လိုက်တယ်။ အနုပညာလောကက သတင်းတစ်ခုအကြောင်း ပြောနေတာပဲ။ အစီအစဉ်တင်ဆက်သူ ကားပြောပြီးတာနဲ့ မြင်ကွင်းက ပြောင်းသွားတယ်။ သတင်းစာရှင်းလင်းပွဲ တစ်ခုခုဖြစ်ပုံရပြီး သတင်းထောက်တွေ အများကြီးကို မျက်နှာပြင်ပေါ်မှာ မြင်နေရတယ်။
အပေါ်ဘက် ညာထောင့်မှာ ရေးထားတဲ့ စာသားကို သူ ဖတ်လိုက်တယ်။ 'The Five ရဲ့ ကျေးကျွန်စာချုပ် ကောလာဟလ - အမှန်တရားက ဘာလဲ' လို့ ရေးထားတယ်။ အိုင်ဒေါတွေလား။ အခုမှ စဉ်းစားကြည့်တော့ The Five လား ဘာလားဆိုပြီး အာရမ် ပြောခဲ့ဖူးသလိုပဲ။ သူနဲ့ ဘန်ဂျူး ဖက်ထုပ်သွားဝယ်တုန်းက သူတို့လေးယောက် ပြောနေကြတဲ့ အကြောင်းအရာတွေထဲက တစ်ခု ဖြစ်ပုံရတယ်။
"ဘယ်သူက လူဆိုးလဲ။ အိုပါးတို့မှာ ပြဿနာရှိနေတာလား"
လောကမှာရှိတဲ့ အိုင်ဒေါတွေ အားလုံးက နင့်အတွက် အိုပါးတွေချည်းပဲလား။
မာရူးက ဘာဒါ့နောက်က ဆိုဖာပေါ်မှာ တိတ်တိတ်လေး ထိုင်လိုက်တယ်။ ရှေ့ဆုံးက စားပွဲမှာ လူသုံးယောက် ထိုင်နေပြီး သူတို့အနောက်မှာတော့ 'Soul Ent' လို့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခု ရှိတယ်။ သတင်းထောက်တွေက တည်ကြည်တဲ့ မျက်နှာပေးနဲ့ လူသုံးယောက်ကို ကင်မရာမီးတွေ တဖျပ်ဖျပ် ပွင့်တဲ့အထိ ဓာတ်ပုံရိုက်နေကြတယ်။ အစီအစဉ်တင်ဆက်သူက အဲဒီမြင်ကွင်းဟာ နေ့ခင်းဘက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက ဖြစ်တယ်လို့ ပရိသတ်ကို ပြောပြနေတယ်။
"ဘာတွေ ဖြစ်နေတာလဲ"
"ဟင်"
ဘာဒါ လှည့်ကြည့်လာတယ်။ သူ့အစ်ကိုက ဒါကို စိတ်ဝင်စားနေလို့ သူမ အံ့ဩသွားတဲ့ပုံပဲ။
"အဲဒီအိုပါးတွေကို အစ်ကို သိလို့လား"
သူမက 'အဲဒီအိုပါးတွေ' ဆိုတဲ့ စကားလုံးကို 'အို' လည်းမဟုတ် 'အွတ်' လည်းမဟုတ်တဲ့ ထူးဆန်းတဲ့ အသံထွက်မျိုးနဲ့ ထွက်လိုက်တာ။ ဒါက သူမရဲ့ ချစ်စရာကောင်းအောင် လုပ်တဲ့ပုံစံလား။
"မသိပါဘူး။ သိချင်လို့ မေးကြည့်တာပါ"
သူတို့ ဘယ်သူလဲဆိုတာ မသိတာက မာရူးမှာနေတဲ့အတိုင်း ဘာဒါက ကြည့်လာတယ်။ ဒါပေမဲ့ အာဏာရ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ သိလားလို့ သူမကို ပြန်မေးရင်လည်း သူ အခုလိုမျိုးပဲ ပြန်ကြည့်မိမှာ သေချာတယ်။
"သူတို့ကို The Five လို့ ခေါ်တယ်။ TTO အိုပါးတွေနဲ့ ယှဉ်နိုင်တဲ့ တစ်ခုတည်းသော အိုင်ဒေါတွေလေ။ အာ... သူတို့ အရမ်းမိုက်တာ"
"ဒါပေမဲ့ ဘာဖြစ်လို့လဲ၊ ပြဿနာတစ်ခုခု တက်လို့လား"
သူ့ညီမက နောက်မှ ဆက်ပြောကြမယ်လို့ တစ်ဖက်လူကို ပြောပြီး ဖုန်းချလိုက်တယ်။ သူမက နည်းနည်းတော့ လေးနက်နေတဲ့ပုံပဲ။ သူမက သူတို့ ပရိသတ်ကလပ်ရဲ့ ဥက္ကဋ္ဌများ ဖြစ်နေလို့လား။
"ပြဿနာရှိတယ်။ ပြဿနာ အကြီးကြီးပဲ"
"နင့် အမှတ်တွေထက် ပိုကြီးတဲ့ ပြဿနာလား"
"သေချင်နေတာလား"
"ဆောရီးပါဟာ။ အဲဒါ ဘာအကြောင်းလဲ" မာရူးက ရှင်းပြဖို့ သူ့ညီမကို မေးလိုက်တယ်။
* * * * * * * * *