အခန်း ၃၂၀
Vol. 32 Ch. 320
အခန်း(၃၂၀)
သူက မျက်ခုံးပင့်လိုက်တယ်။ သူ တော်တော်လေး စိတ်တိုနေပုံရတယ်။
"တကယ်တော့ ဘာအကြောင်းလဲ" မာရူးက တီဗွီအသံကို တင်လိုက်ရင်း မေးလိုက်တယ်။
နိုင်ငံရေးသတင်းတွေကို သူ စိတ်ဝင်စားရတဲ့ အကြောင်းရင်းက နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပဲလေ။ ဘယ်လို ဥပဒေသစ်တွေ ပြဋ္ဌာန်းလိုက်လဲ၊ ဘယ်လို ဥပဒေကြမ်းတွေ တင်သွင်းထားလဲဆိုတာနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်မဝင်စားဘဲ မနေနိုင်ဘူးလေ။ ဖျော်ဖြေရေးလောကကလည်း ဒီလိုပါပဲ။ အရင်ကဆိုရင်တော့ သူက ဒီတိုင်းကြည့်ပြီး ဘာမှတွေးနေမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့မသက်ဆိုင်တဲ့ ကမ္ဘာတစ်ခုလေ။ ဒါပေမဲ့ အခုတော့ သူက နိုင်ငံရေးထက် ဖျော်ဖြေရေးလောကနဲ့ ပိုပြီး နီးစပ်နေပြီလေ။ 'ကျွန်' လိုမျိုး ရန်စတဲ့ စကားလုံးမျိုးကို သတင်းတစ်ခုမှာ သုံးလာပြီဆိုရင်တော့ သူ သိထားတာ ပိုကောင်းလိမ့်မယ်။
"အစ်ကို နာမည်ကြီး အိုင်ဒေါတစ်ယောက်က ဘယ်လောက်ရမယ်လို့ ထင်လဲ"
"အများကြီး ရမှာပေါ့"
"ညီမလည်း အဲဒီလိုပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ်တော့ အဲဒီလို မဟုတ်ဘူး"
အဲဒီအချိန်မှာပဲ မိုက်ခရိုဖုန်းရှေ့မှာ ရပ်နေတဲ့ ရုပ်ချောချော အဆိုတော်တစ်ယောက်က စကားစပြောလာတယ်။
“ပထမဆုံးအနေနဲ့ ပရိသတ်တွေကို စိတ်ပူစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်”
သူတို့သုံးယောက်လုံး မတ်တတ်ရပ်လိုက်ပြီး တောင်းပန်တဲ့အနေနဲ့ ခါးညွှတ် အရိုအသေပေးလိုက်ကြတယ်။ ကင်မရာမီးရောင်တွေက တဖျပ်ဖျပ် ထပ်လင်းလာပြန်တယ်။ အလယ်မှာ ထိုင်နေတဲ့လူက လေးနက်တဲ့ အသံနဲ့ စကားပြောလာတယ်။
“ကျွန်တော်တို့ The Five က ပရိသတ်တွေရဲ့ အချစ်တွေကြောင့် အခုချိန်ထိ တောင့်ခံထားနိုင်ခဲ့တာပါ။ အများကြီး ဖြစ်ပျက်ခဲ့ပေမဲ့ ကျွန်တော်တို့ကို စောင့်ရှောက်ပေးပြီး အားပေးခဲ့တဲ့ ပရိသတ်တွေကို တွေးရင်းနဲ့ပဲ ဆက်ပြီး တောင့်ခံခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲဒီလို ဆက်မလုပ်နိုင်တော့ဘူး။ ပထမဆုံးအနေနဲ့ လက်ရှိအခြေအနေကို ရှင်းပြပါရစေ။ ကျွန်တော်တို့ The Five အဖွဲ့ ကွဲသွားရတဲ့ အကြောင်းရင်းက အဖွဲ့ဝင်တွေကြား အဆင်မပြေဖြစ်လို့ မဟုတ်ပါဘူး။ အေဂျင်စီနဲ့ ချုပ်ဆိုခဲ့တဲ့ မတရားတဲ့ စာချုပ်ကြောင့်ပါ”
တီဗွီဖန်သားပြင်က သတင်းစတူဒီယိုကို ပြန်ပြောင်းသွားတယ်။ သတင်းကြေညာသူရဲ့ ဘေးမှာ ဥပဒေအကြံပေးလို့ ထင်ရတဲ့ ကုတ်အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက် ရှိနေတယ်။
“ဟုတ်ကဲ့၊ အဲဒါကတော့ ဒီမနက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက မြင်ကွင်းပါ။ ဆရာ၊ ဒီကိစ္စရဲ့ အဓိက အကြောင်းရင်းက ဘာများလဲ ခင်ဗျာ”
“ထုတ်ပြန်ထားတဲ့ စာချုပ်အရ ပြဿနာရှိနေတဲ့ အချက်တချို့ ရှိပါတယ်။ ပထမတစ်ခုက အဆိုတော်တွေအနေနဲ့ သူတို့ ဘယ်မှာရှိနေလဲဆိုတာကို ကုမ္ပဏီကို အချိန်တိုင်း အသိပေးရမယ်ဆိုတဲ့ အချက်နဲ့ ဖုန်းအမြဲတမ်း ဆက်လို့ရနေရမယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်ကတော့ ကုမ္ပဏီက လုပ်စေချင်တဲ့ ပွဲတွေမှာ အဆိုတော်တွေက အခကြေးငွေ မရဘဲ ပါဝင်ပေးရမယ်ဆိုတဲ့ အချက်ပါ။ တခြားအချက်တွေလည်း ရှိသေးပေမဲ့ ဒီအချက်နှစ်ချက်က ဒီကိစ္စကို စဖြစ်စေခဲ့တာလို့ ထင်ရပါတယ်။
“အာ၊ ဆိုတော့ သူတို့က ပွဲတွေမှာ အလကား ပါဝင်ပေးရမယ်ဆိုတဲ့ အချက် ပါနေတာပေါ့”
“ဟုတ်ပါတယ်။ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ပွဲတွေ၊ အဆိုတော်ကို ကြော်ငြာပေးဖို့ ရည်ရွယ်တဲ့ ပွဲတွေဖြစ်ရမယ်လို့ ပါပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဝေဝါးနေတယ်။ ဘာပဲဖြစ်ဖြစ် ပွဲတိုင်းက ကုမ္ပဏီနဲ့ သက်ဆိုင်တယ်လို့ ပြောလို့ရတယ်လေ”
“ဆိုလိုတာက သူတို့တွေ ပြည်သူသိ အဆိုတော်တွေအနေနဲ့ လှုပ်ရှားမှုတွေ လုပ်နေပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေအတွက် ပိုက်ဆံရမှာ မဟုတ်ဘူးပေါ့”
“ဆိုးဆိုးရွားရွား ဖြစ်လာမယ်ဆိုရင်တော့ ဟုတ်ပါတယ်”
အဲဒီလူနှစ်ယောက် ပြောတာကို နားထောင်ပြီးတဲ့နောက် ဘာဒါက 'တော်တော်ဆိုးတယ်မလား' လို့ မေးချင်တဲ့ ပုံစံနဲ့ သူ့ကို လှမ်းကြည့်လာတယ်။ မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ အိုင်ဒေါခေတ်စားမှုကြီး စတင်တော့မယ်ဆိုတာကို သတင်းတွေထဲမှာ သူ ကြားခဲ့ဖူးတယ်။ အခုတောင်မှ ကျပ်ညပ်နေပြီလို့ ထင်ရပေမဲ့ လူငယ်မျိုးဆက်တွေထဲက လူတွေ ပိုပိုပြီး ဝင်လာကြတုန်းပဲလေ။ ချက်ချင်းပဲ အပြိုင်အဆိုင် များလွန်းတဲ့ နေရာတစ်ခု ဖြစ်သွားပြီး အခမဲ့ လုပ်အားတွေ ဖြစ်လာမယ်၊ ဒါက လူတွေအနေနဲ့ စာချုပ်ချုပ်ဖို့အတွက် ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ပြန်ချကြရတဲ့ အခြေအနေဆီ သဘာဝကျကျပဲ ဦးတည်သွားတယ်။ အဲဒီထက် ပိုဆိုးသွားရင် သူတို့တွေ မတရားတဲ့ စာချုပ်တွေကိုတောင် ချုပ်ဆိုရမယ့် အခြေအနေတွေ ရှိလာနိုင်တယ်။
"သူတို့ရဲ့ ပွဲတွေကို သွားပြီး အားပေးကြတာက သူတို့ ကောင်းစားဖို့အတွက်ပါ၊ သူတို့နောက်က ကုမ္ပဏီ ဝမ်းဗိုက်ပြည့်ဖို့ မဟုတ်ဘူးလေ။ ဒါပေမဲ့ အခု သိလိုက်ရတာက အဲဒီပိုက်ဆံတွေထဲက အစွန်းအစလေးလောက်ပဲ အိုပါးတို့ဆီ ရောက်သွားတာတဲ့။ ညီမရဲ့ သူငယ်ချင်းတစ်ယောက်က The Five ရဲ့ ပရိသတ်လေ၊ သူက ကုမ္ပဏီရှေ့မှာ သွားဆန္ဒပြမယ်လို့ ပြောတယ်။ တော်တော်လေး အခြေအနေဆိုးမယ့်ပုံပဲ"
ဘာဒါက သူ့အခန်းထဲကို ဝင်သွားပြီးတော့ သူ့ကို လာခဲ့ဖို့ လှမ်းခေါ်လိုက်တယ်။
"ဒါလေး ကြည့်လိုက်ဦး"
ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာက The Five ရဲ့ တရားဝင် ပရိသတ်ကဖေး ဖြစ်နေတယ်။ ပင်မစာမျက်နှာပေါ်မှာတော့ လက်ရှိအခြေအနေအရ ကြည့်ရင် တော်တော်လေး စိတ်မချမ်းသာစရာကောင်းတဲ့ စာကြောင်းတစ်ကြောင်း ရှိနေတယ်။ 'ကျွန်တော်တို့ သူတို့ကို ကာကွယ်ရမယ်' တဲ့။ အဲဒီစာကြောင်းအောက်မှာတော့ မြေပုံတစ်ခုရှိပြီး The Five ရဲ့ အေဂျင်စီတည်နေရာ ဖြစ်ပုံရတယ်။ ည ၇ နာရီမှာ လူစုမယ်တဲ့။ သူတို့ပါဝင်မယ်လို့ ပြောထားတဲ့ ကွန်မင့်တွေကတောင် ၁၀၀ ကျော်နေပြီ။
"နင်ကော သွားမှာလား"
"ဟင့်အင်း။ တကယ်လို့ TTO သာ ဒီလိုဖြစ်တာဆိုရင်တော့ သွားမှာပေါ့"
ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာရင် သူက တော်တော်လေး ပြတ်သားတယ်။ သူတို့ ဧည့်ခန်းထဲကို ပြန်ထွက်လာခဲ့ကြတယ်။ သတင်းထဲမှာ လူတစ်ယောက် ထပ်တိုးလာတယ်။ အဲဒီလူသစ်က သတင်းထောက်တစ်ယောက် ဖြစ်ပုံရတယ်။ သူတို့သုံးယောက်က ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနေကြတယ်။
“ဆိုတော့ အေဂျင်စီတွေနဲ့ အနုပညာရှင်တွေကြားက မတရားတဲ့ စာချုပ်တွေ အပြင်ကို ရောက်လာနိုင်တဲ့ အလားအလာ ရှိတာပေါ့”
“ဒါကိုတော့ သေချာပေါက် မပြောနိုင်သေးပါဘူး”
ဒါက ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာဖြစ်နေတော့ သတင်းကြေညာသူက ဆက်မမေးတော့ဘူး။ သတင်းထောက်က သေချာပေါက် မပြောနိုင်ဘူးလို့ ဖြေလိုက်တဲ့အချိန်မှာ မာရူးက အတော်လေး နားလည်စာနာသွားတယ်။ အသားသေတွေကို ခြစ်ထုတ်ရတာက မျှော်လင့်မထားလောက်အောင် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသားသေတွေက အသားရှင်တွေနဲ့ အမြဲတမ်း ထိကပ်နေလို့ပဲလေ။ ဘယ်လောက် ခြစ်ထုတ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့တင် အချိန်တွေ အများကြီး ယူရလိမ့်မယ်။ အားလုံးထက် ဆိုးတာက အေဂျင်စီတွေဆီကနေ ထွက်ခွာမယ့် အဆိုတော်တွေအပေါ် သက်ရောက်မယ့် ဖိအားက အရမ်းကြီးလွန်းနေတာပဲ။ စာချုပ်သက်တမ်း ကျန်နေသေးသရွေ့ သူတို့မှာ အနည်းဆုံးတော့ အကျိုးခံစားခွင့် တစ်ခုခု ရနေသေးတာကိုး။ ဘာမှမရှိတာထက်စာရင် နည်းနည်းရတာက ပိုကောင်းတယ်လို့ သူတို့ တွေးကောင်း တွေးနိုင်တယ်၊ ပြီးတော့ အဲဒီလို တွေးနေသရွေ့တော့ ဘယ်သူမှ ကိုယ့်အေဂျင်စီကို ဆန့်ကျင်ဖို့ သတ္တိရှိလာမှာ မဟုတ်ဘူး။
"The Five ရဲ့ နောက်က အေဂျင်စီက Soul Entertainment လား"
"မဟုတ်ဘူး၊ အဲဒီနေရာက အိုပါး သုံးယောက် စာချုပ်အသစ် သွားချုပ်လိုက်တဲ့ ကုမ္ပဏီအသစ် ဖြစ်ပုံရတယ်။ အဲဒီမှာ သူတို့ကို ပိုကောင်းကောင်း ဆက်ဆံကြတယ်တဲ့။ ကျွန်စာချုပ်လည်း မရှိဘူးလေ"
"တကယ်လား။ ဒါဆို ကျန်တဲ့ နှစ်ယောက်က သူတို့ ကုမ္ပဏီဟောင်းမှာပဲ ကျန်ခဲ့တာပေါ့"
"ဖြစ်နိုင်တယ်"
"ဒါပေမဲ့ ဘာလို့လဲ"
"အဲဒီလောက်ကြီးတော့ မသိဘူး။ အဲဒါကလည်း ပြဿနာတစ်ခု ဖြစ်နေတာပဲ။ The Five က လူငါးယောက်နဲ့ ဖွဲ့ထားရမှာကို အခုတော့ သုံးယောက်၊ နှစ်ယောက် ကွဲသွားပြီလေ"
"သူတို့ကတော့ အဖွဲ့ဝင်တွေကြား အဆင်မပြေဖြစ်တာ မဟုတ်ဘူးလို့ ပြောပေမဲ့ တကယ်တမ်းကျ သူတို့ အကြီးအကျယ် ရန်ဖြစ်ထားတာများလား"
"အိုပါးတို့က တကယ်ကို ဆက်ဆံရေးကောင်းကြတာပါ"
"နင်က သူတို့ကို မြင်ဖူးလို့လား"
"...ဟင့်အင်း"
"ဒါဆိုရင်တော့ သေချာပေါက် မပြောနိုင်ဘူးပေါ့"
"ထားလိုက်တော့ အစ်ကိုက သူတို့ကို သိတာတောင် မဟုတ်ဘဲနဲ့"
ညီမဖြစ်သူက သူ့ကို အေးစက်စက် လှမ်းကြည့်လိုက်တာကြောင့် မာရူး ပါးစပ်ပိတ်လိုက်ရတယ်။ သူက ကြောက်ဖို့ကောင်းတယ်။ ဒီထက်ပိုပြောလိုက်ရင် အဝေးထိန်းခလုတ် သူ့မျက်နှာဆီ လွင့်လာတော့မလားလို့တောင် ခံစားလိုက်ရတယ်။ မာရူးက မျက်လုံးကို ကျဉ်းလိုက်ပြီး တီဗွီကို လှမ်းကြည့်လိုက်တယ်။ ပြဿနာက နောက်ဆုံးတော့ သီးသန့်စာချုပ်တွေဆီပဲ ရောက်သွားတာပဲ။ အနုပညာရှင်တွေက သူတို့ရဲ့ အေဂျင်စီတွေဆိုတဲ့ ကြားခံကနေ တစ်ဆင့်ပဲ အလုပ်လုပ်နိုင်ကြတာလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က ကုမ္ပဏီတွေရဲ့ ရုပ်သေးရုပ်တွေပဲပေါ့။
"အစ်ကိုကော အဆင်ပြေရဲ့လား"
ဘာဒါက တိုးတိုးလေး မေးလိုက်တယ်။ သူ့မျက်လုံးတွေကတော့ တီဗွီမှာ ကပ်နေတုန်းပဲ။ သူမများ သူ့ကို စိတ်ပူနေတာလားလို့ မာရူး တွေးလိုက်မိတယ်။
"အဆင်ပြေပါတယ်။ ငါ ချုပ်ခဲ့တဲ့ စာချုပ်ထဲမှာ အဲဒီလို အချက်တွေ တစ်ခုမှ မပါပါဘူး"
"အစ်ကိုက အဲဒီလိုပြောရင်တော့ ပြီးတာပါပဲ။ တော်သေးတာပေါ့"
"နင့်ရဲ့ ခရက်ဒစ်ကတ်အတွက် တော်သေးတာပေါ့ လို့ ပြောချင်တာလား"
"ဟာ ဒီမှာက အစ်ကို့ကို စိတ်ပူနေတာကို"
"နင်နဲ့ မလိုက်လို့ ပြောနေတာပါ။ ကြက်သီးတွေတောင် ထလာပြီ"
မာရူးက ညီမဖြစ်သူဆီကို ခေါင်းအုံးတစ်လုံး ပစ်ပေါက်လိုက်ပြီးမှ မတ်တတ်ရပ်လိုက်တယ်။ အဲဒီလို စကားတွေ ပြောလိုက်ပေမဲ့လည်း သူက ညီမဖြစ်သူကို ကျေးဇူးတင်မိတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ထိ သူက ညီမလေးကို ကလေးဆန်သေးတယ်လို့ပဲ တွေးထားခဲ့တာကိုး။
"နေဦး၊ နင် အိမ်စာလုပ်ပြီးပြီလား"
"အာ၊ ဟုတ်သားပဲ"
ဘာဒါက တီဗွီကို ပိတ်လိုက်ပြီး သူ့အခန်းထဲ ပြေးဝင်သွားတယ်။ အဲဒီအိုင်ဒေါ အိုပါးတွေကို သူ ဘယ်လောက်ပဲ သဘောကျပါစေ သူ့အိမ်စာနဲ့ ယှဉ်လိုက်ရင်တော့ အရေးမပါတော့တဲ့ ပုံပါပဲ။
သူ့အခန်းထဲရောက်တော့ မာရူးက အင်တာနက်မှာ 'The Five' ကို ရှာကြည့်လိုက်တယ်။ နာမည်အကြီးဆုံး အချိန်ကို ရောက်နေတဲ့ အိုင်ဒေါတစ်ဖွဲ့ပီပီ အခုဆို အများဆုံး ရှာဖွေတဲ့ စကားလုံးတွေရဲ့ ပထမနေရာကနေ တတိယနေရာအထိ သူတို့ နေရာယူထားတယ်။ ဝက်ဘ်ဆိုက်တွေ၊ ကဖေးတွေနဲ့ ဘလော့ဂ်တွေ အားလုံးက The Five အကြောင်းကိုပဲ ပြောနေကြတယ်။
ဝက်ဘ်ဆိုက်တွေကို လိုက်ကြည့်ရင်း မာရူးက တစ်နေရာမှာ ရပ်လိုက်တယ်။ အဲဒါက အမည်မဖော်ထားတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ပြီး စာရေးသူက အေဂျင်စီဘက်ကနေ ထောက်ခံရေးသားထားတာပါ။ ၅ ယောက်ပါတဲ့ အိုင်ဒေါအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ကုန်ကျစရိတ်တွေအကြောင်းကို စာရေးသူက အသေးစိတ် ရေးသားထားတယ်။
“အေဂျင်စီအနေနဲ့ ဝမ်သန်းရာနဲ့ချီ ကုန်ကျနိုင်တဲ့ အိုင်ဒေါ အကြံပေးခတွေကို တာဝန်ယူရပါတယ်။ တကယ်လို့ အိုင်ဒေါက အောင်မြင်မှု မရဘူးဆိုရင် အဲဒါက ကုမ္ပဏီရဲ့ အကြွေးဖြစ်သွားတာပါပဲ။ အေဂျင်စီ 'Alt' က မကောင်းတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တယ်ဆိုတာ မှန်ပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုအချိန်ထိ သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကုမ္ပဏီရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မေတ္တာတွေကို သစ္စာဖောက်သွားတဲ့ The Five ရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ကျွန်တော် အရမ်းကို ဒေါသထွက်မိတယ်။ ကြော်ငြာခတွေ၊ ပညာရေးစရိတ်တွေ၊ နေထိုင်စားသောက်စရိတ်တွေနဲ့ တခြား အရာအားလုံးကို ကုမ္ပဏီကပဲ တာဝန်ယူပေးခဲ့တာ ဖြစ်နိုင်ပေမဲ့ သူတို့က အဲဒီအကျိုးခံစားခွင့်တွေ အားလုံးကို ရနေချိန်မှာတော့ ဘာမှမပြောခဲ့ဘဲ အခု နည်းနည်းလေး ကြီးပြင်းလာတော့မှ တန်းတူညီမျှ ဆက်ဆံခံချင်တယ်ပေါ့လေ။ တကယ်လို့ သူတို့က တန်းတူညီမျှ ဆက်ဆံခံချင်တယ်ဆိုရင် သူတို့ရဲ့ သင်တန်းသားဘဝ ကတည်းက ကုန်ကျစရိတ်တွေကို ခွဲဝေကျခံခဲ့သင့်တာပေါ့။ ဒါပေမဲ့ အဲဒီလို သင်တန်းသားမျိုးမှ မရှိတာပဲ”
ဒါက တကယ်ကို ရှုပ်ထွေးတဲ့ ကိစ္စပါပဲ။ ဒီကိစ္စက သူ့ရဲ့ စာချုပ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို စဉ်းစားဖို့ လိုအပ်နေပြီ။
မာရူးက အံဆွဲထဲ ထည့်ထားတဲ့ စာချုပ်တွေကို ထုတ်လိုက်တယ်။ အစကနေ ပြန်ပြီး တစ်ခေါက် ဖတ်ကြည့်လိုက်တယ်။ ကံကောင်းစွာနဲ့ပဲ အချက်တိုင်းမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ စာချုပ်နဲ့ပတ်သက်ပြီး ပြန်လည် ညှိနှိုင်းနိုင်တယ်ဆိုတဲ့ စာသားတွေ ပါနေတာကြောင့် ပြဿနာဖြစ်စရာ ဘာမှမရှိပါဘူး။
လီဂျွန်မင်းက သူ့လူတွေကို ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ ဒီစာချုပ်ကို ကြည့်ရုံနဲ့ သိသာပါတယ်။ တကယ်တော့ ကုမ္ပဏီအတွက် အားနည်းချက်ဖြစ်နေပုံရတဲ့ စာသားတချို့တောင် ပါနေသေးတယ်။ စာချုပ်သက်တမ်းက နှစ်နှစ်ဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ အချိန်မရွေး ဖျက်သိမ်းနိုင်ပါတယ်။ သတင်းထဲမှာ ပါလာတဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ ကျွန်စာချုပ်နဲ့ ယှဉ်လိုက်ရင်တော့ ဒါက ရွှေစာချုပ်ပါပဲ။
'သူ့လူတွေအတွက် အကောင်းဆုံး ဆက်ဆံရေးမျိုး ပေးထားတာပေါ့လေ။'
သာမန် အထက်တန်းကျောင်းသားလေးတစ်ယောက်ကို ဝမ် သန်း ၃၀၀ အလွယ်တကူ ပေးလိုက်တဲ့ လူတစ်ယောက်ပီပီပါပဲ။ ဂျွန်မင်းအတွက်တော့ ပိုက်ဆံဆိုတာ သူလိုချင်တာကို ရဖို့အတွက် အဆင်ပြေတဲ့ နည်းလမ်းတစ်ခုပါပဲ၊ အဲဒီထက်လည်း မပိုသလို၊ အဲဒီအောက်လည်း မလျော့ပါဘူး။ သူက ပိုက်ဆံရဖို့ စီးပွားရေးလုပ်နေတယ်ဆိုပေမဲ့ စုပုံထားတာထက်စာရင် သူ့လက်အောက်က လူတွေကို ပြန်ပေးနေသလိုပဲ ခံစားရတယ်။
ဆည်းဆာအချိန် ရုန်းကန်မှုများ ရုပ်ရှင်ကလည်း အမြတ်ရဖို့ မျှော်လင့်ရခက်တဲ့ အရာတစ်ခု ဖြစ်ပေမဲ့ အဲဒီရုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ထုတ်လုပ်သူဖြစ်တဲ့ JA Production က စူပါစတားအဆင့် သရုပ်ဆောင်တွေကို ငှားရမ်းခဲ့တယ်။ ရိုက်ကူးရေး ပြီးသွားပြီးတဲ့နောက် သူဖတ်ခဲ့ရတဲ့ ဆောင်းပါးတချို့မှာဆိုရင် ဒီရုပ်ရှင်က အရင်းကျေမှာတောင် မဟုတ်ဘူးလို့ ပါရှိတယ်။ ရုပ်ရှင်ထဲကို ရင်းနှီးမြှုပ်နှံမှု အဆင့်က စီးပွားဖြစ် ရုပ်ရှင်အဆင့် ဖြစ်နေပေမဲ့ ပါဝင်တဲ့ အကြောင်းအရာတွေက စီးပွားဖြစ်အတွက် လုံးဝ မသင့်တော်ဘူးလေ။
'အခု ပြန်တွေးကြည့်တော့ ငါ တကယ် သွားလည်သင့်တယ်။'
အဖိုးအိုရဲ့ ကြင်နာတတ်တဲ့ အပြုံးကို သူ သတိရသွားတယ်။ ရိုက်ကူးရေး ပြီးသွားတာလည်း အချိန်အတော်ကြာပြီဖြစ်လို့ သွားလည်မယ်ဆိုရင် အဆင်ပြေလောက်ပါတယ်။ သူ စာချုပ်တွေကို အံဆွဲထဲ ပြန်ထည့်လိုက်ပြီး ခုတင်ပေါ် လှဲချလိုက်တယ်။ မျက်လုံးကို မှိတ်ထားပြီး အိပ်ချင်လာတဲ့အထိ သူ စောင့်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ စားပွဲပေါ်က သူ့ဖုန်းက တစ်ချက် တုန်ခါသွားတယ်။ မက်ဆေ့ခ်ျတစ်ခု ဝင်လာတာပဲ။
သူက သိပ်ဂရုမစိုက်ချင်ပေမဲ့ သမ်းဝေရင်း ထိုင်လိုက်တယ်။ ကြော်ငြာတစ်ခုခုသာ ဆိုရင်တော့ သူ တကယ် စိတ်တိုမိမှာပဲ။ မက်ဆေ့ခ်ျကို သူ စစ်ကြည့်လိုက်တယ်။ ဂျီဆော့ဆီက ဖြစ်နေတယ်။
“မာရူး။ အစ်မချယ်ရင်က မင်းရဲ့ ဖုန်းနံပါတ်ကို သိချင်နေတယ် ငါ ပေးလိုက်ရမလား”
ချယ်ရင် အဲဒါ ဘယ်သူလဲလို့ သူ ခဏလောက် တွေးနေမိပြီးမှ ဇာတ်လမ်းတွဲ ရိုက်ကူးရေးတုန်းက သူတွေ့ခဲ့တဲ့ ကောင်မလေး အိုင်ဒေါဆိုတာ သတိရသွားတယ်။ ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီးလဲ။ မာရူးက ဂျီဆော့ဆီ ဖုန်းဆက်လိုက်တယ်။ ဂျီဆော့က ချက်ချင်း ဖုန်းကိုင်တယ်။
“မင်းကလည်း ယောကျ်ားလေးပဲလေ”
"လျှောက်မပြောစမ်းပါနဲ့။ ဖုန်းနံပါတ်ကိစ္စက ဘာလဲ"
“နူးနာက ကျေးဇူးတင်စကား ပြောချင်လို့တဲ့”
"ဒီလို အချိန်ကြီးကိုလား"
“ငါ အခုလေးတင် သူနဲ့ တွေ့တာလေ။ သူက အခု ငါ့ဘေးမှာ ရှိနေတယ်။ အဲဒီတုန်းက မင်းလုပ်ပေးခဲ့တာတွေအတွက် သူက ကျေးဇူးတင်နေတာ”
"အော် အဲဒါလား။ သူ့ကို မေ့လိုက်တော့လို့ ပြောလိုက်။ သူ့ဆီက ကျေးဇူးတင်စကား ရလောက်အောင် ငါ ဘာမှမလုပ်ပေးခဲ့ပါဘူး။ တကယ်တော့ သူက ငါ့အကြောင်း မကောင်းပြောမယ်ဆိုရင်တောင် ငါ အံ့ဩမှာ မဟုတ်ဘူး"
“ဟင် မင်း ဖုန်းနံပါတ်ကို မပေးတော့ဘူးလား။ သူက အိုင်ဒေါတစ်ယောက်နော် သိလား။ နာမည်ကြီး အိုင်ဒေါအဖွဲ့ BLUE ကလေ”
"အဲဒါက ငါ့အတွက် ဘာအကျိုးရှိမှာလဲ။ သူက မင်းဘေးမှာ ရှိနေတယ်ဆိုတော့ ကျေးဇူးတင်နေစရာ မလိုဘူးလို့ ပြောလိုက်ပါ။ အာ၊ ရိုက်ကူးရေးချိန်မှာ ငါ့ကို အရမ်းကြီး မုန်းမနေဖို့ပဲ ပြောလိုက်။ ဘာပဲဖြစ်ဖြစ် သူက အဓိကဇာတ်ဆောင်တွေထဲက တစ်ယောက်လေ"
“ဘာလဲ၊ ဒါပဲလား”
"မင်းက ဘာလိုချင်သေးလို့လဲ"
“တကယ်၊ ဒါပဲလား”
"ငါတို့ နှုတ်ဆက်ပြီးသွားပြီဆိုတော့ လုံလောက်ပြီလေ။ ငါ ဖုန်းချလိုက်တော့မယ်"
“ဟေ့ကောင် ချယ်ရင်နူးနာက ငါ့ဘေးမှာ ရှိနေပါတယ်ဆိုမှ”
"မင်းအတွက် ကောင်းတာပေါ့၊ မင်းဘေးမှာ အိုင်ဒေါနူးနာ ရှိနေတာပဲ"
သူက အရင်ကလိုပဲ အသံကျယ်နေတုန်းပဲ။ မာရူး သမ်းဝေလိုက်ပြီး သူ့ဖုန်းကို အသံပိတ်ထားလိုက်တယ်။
* * * * * * * * *
"သူ ဖုန်းချသွားပြီ" လို့ ဂျီဆော့က တောက်ပတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။
တခြားတစ်ယောက်သာဆိုရင်တော့ မေးတောင်မနေဘဲ ဖုန်းနံပါတ်ကို ပေးလိုက်မှာပါ၊ ဒါပေမဲ့ မာရူးရဲ့ စရိုက်ကို သူ သိထားသလောက်တော့ မာရူးက ဒီလိုပေးလိုက်တာကို သဘောကျမှာ မဟုတ်ဘူးဆိုတာ သေချာနေတာမို့လို့ သူက အရင်မေးလိုက်တာပါ။ ဒါပေမဲ့ ချယ်ရင်ရဲ့ အသံကို တစ်ခါလေးတောင် နားမထောင်ဘဲ ဖုန်းချသွားလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။ သူ့ဘေးမှာ ရပ်နေတဲ့ ချယ်ရင်နူးနာအတွက် သူ နည်းနည်း အားနာမိပေမဲ့ ဒီအခြေအနေကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ သူ ထင်နေမိတယ်။ မာရူးနဲ့ ပတ်သက်ရတာ အမြဲတမ်း ပျော်ဖို့ကောင်းတယ်။
"သူ ဖုန်းချသွားတာလား"
"ဟုတ်တယ်။ ပြီးတော့ အစ်မအနေနဲ့ ကျေးဇူးတင်နေစရာ မလိုပါဘူးတဲ့၊ ရိုက်ကူးရေးချိန်မှာလည်း သူ့ကို အရမ်းကြီး မုန်းမနေဖို့ ပြောခိုင်းတယ်"
"ဒါပဲလား"
"အစ်မ စိတ်မဆိုးဘူးမလား"
"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ"
"ဒါမှမဟုတ် စိတ်ပျက်သွားတာလား"
"မဖြစ်ပါဘူး။ စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားရလို့ သူ့ဆီ ဖုန်းခေါ်ကြည့်လိုက်တာပါ။ သူက မလိုအပ်ဘူးဆိုရင်လည်း ပြီးတာပါပဲ"
ချယ်ရင်က နည်းနည်း သမ်းဝေလိုက်ပြီး အနောက်ကို မှီချလိုက်တယ်။
သူ့ရဲ့ တုံ့ပြန်ပုံက အရမ်းကို ခြောက်ကပ်နေတာကို မြင်တော့ ဂျီဆော့က နှုတ်ခမ်းသပ်လိုက်တယ်။ သူက ဒီထက်ပိုပြီး အံ့ဩစရာကောင်းတာ တစ်ခုခုကို မြင်ချင်ခဲ့တာပါ၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလို မဖြစ်လာခဲ့ပါဘူး။ ဂျီဆော့ ကားပေါ်ကနေ ဆင်းလိုက်တယ်။ သူတို့ အခု ညဘက် ရိုက်ကူးရေး လုပ်နေကြတာပါ၊ ဒါပေမဲ့ အရက်မူးနေတဲ့ လူတချို့က ရုတ်တရက် လာနှောင့်ယှက်တာကြောင့် ရိုက်ကူးရေး ရပ်ထားရတယ်။ လုံခြုံရေးဝန်ထမ်းက အဲဒီနှစ်ယောက်ကို တွန်းထုတ်ဖို့ ကြိုးစားနေပေမဲ့ အရက်မူးနေတဲ့ နှစ်ယောက်က မထွက်သွားဘဲ အော်ဟစ်နေကြတယ်။ ထုတ်လုပ်ရေးအဖွဲ့သားတွေက ရဲတောင် ခေါ်လိုက်ရတဲ့အထိ ဒေါသထွက်နေကြပုံရတယ်။
သူက လက်ကို ဆန့်ထုတ်လိုက်ရင်း သမ်းဝေလိုက်တယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးရေးက သူ မျှော်လင့်ထားသလောက် မပျော်ရပါဘူး။ သူက အဓိကဇာတ်ဆောင်တွေဘေးမှာ ကပ်ပါနေတဲ့ ဟာသဇာတ်ရံတစ်ယောက် ဖြစ်တာကြောင့် သရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းပေမဲ့ စောင့်ရတဲ့ အချိန်က အရမ်းကြာလွန်းတယ်။ ကောင်းကင်ကြီးကို ငေးကြည့်နေရုံကလွဲပြီး ဘာမှလုပ်စရာမရှိတဲ့ ဒီအချိန်ကို ကျော်ဖြတ်ဖို့ ဂျီဆော့အတွက် တော်တော်လေး ခက်ခဲနေတယ်။ သူနဲ့ အတူဆော့ဖို့ လူတစ်ယောက်ယောက် ရှိရင်တော့ ကောင်းမှာပဲ၊ ဒါပေမဲ့ ချယ်ရင်ကတော့ အရာအားလုံးကို ပင်ပန်းနေတဲ့လူလို ကားထဲမှာ အိပ်နေလေရဲ့။
"ဦးလေး၊ ကျေးဇူးပြုပြီး ထပါဦး"
ကင်းလှည့်ကားတွေနဲ့ ရောက်လာတဲ့ ရဲတချို့က အရက်မူးနေတဲ့လူတွေကို ချော့မော့နေတာကို သူ မြင်လိုက်ရတယ်။ သူတို့အလုပ်က တော်တော်ပင်ပန်းတာပဲ။ သူ့စိတ်ထဲကနေ သူတို့ကို အားပေးလိုက်တယ်။ အရက်မူးနေတဲ့လူတွေ ထွက်သွားပြီးတဲ့နောက်မှာတော့ ရိုက်ကူးရေး ပြန်စတယ်။ ဒါက ဆင်းရဲတဲ့ မင်းသမီးလေးကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားတဲ့ အခန်းပါ။ ကားထဲမှာ အိပ်နေတဲ့ ချယ်ရင်က ဒီအခန်းအပြီးမှာ ဆိုင်ထဲက တခြားအဓိကဇာတ်ဆောင်တွေနဲ့ တွေ့ရမယ့် အခန်းကို ရိုက်ရမှာပါ။ အဲဒီအခန်းမှာ အနမ်းအခန်း ပါတာမို့လို့ တော်တော်လေး ကြည့်ကောင်းမယ့် အခန်းပဲ။ ဆိုင်ထဲ ဝင်ရိုက်လို့ ရ၊ မရ ဆိုတာတော့ မသိရသေးဘူး၊ ဒါပေမဲ့ ရိုက်လို့ရခဲ့ရင်တော့ ဒီနေ့အတွက် သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ပြီပေါ့။
တံခါးပွင့်လာပြီး ချယ်ရင် ဆင်းလာတဲ့အချိန်မှာ ဂျီဆော့က ဂျင်မီဂျစ် ကင်မရာကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်တယ်။
"နူးနာ၊ အစ်မရိုက်ရမယ့် အခန်းရောက်ဖို့ အချိန်လိုသေးတယ်လေ"
"ခါးနာလာလို့"
"အာဟာ"
ချယ်ရင်က လက်ပိုက်လိုက်ပြီး အခု လက်ရှိ ရိုက်ကူးရေး လုပ်နေတဲ့ လမ်းကို လှမ်းကြည့်လိုက်တယ်။ သူက ငြီးငွေ့နေပုံရတယ်။
"ဒါနဲ့လေ"
စကားပြောမယ့်ပုံ မပေါ်တဲ့ ချယ်ရင်က ပါးစပ်ဟလာတယ်။
"ဗျာ"
"အနာဂတ်မှာ သူက အတန်းခေါင်းဆောင် ဖြစ်လာမှာလား"
"မာရူးကို ပြောတာလား"
"သူ့နာမည်တော့ ငါမသိဘူး၊ အင်း အဲဒီကောင်လေးကို ပြောတာ။ သူ အတန်းခေါင်းဆောင် ဖြစ်လာမှာလား"
"ဟုတ်တယ်၊ အဲဒီလို ထင်ပါတယ်"
"အော်"
ချယ်ရင်က ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး ကားထဲ ပြန်ဝင်သွားတယ်။ ဂျီဆော့က မျက်လုံးကို ကျဉ်းလိုက်ပြီး ပြန်အိပ်နေတဲ့ ချယ်ရင်ကို လှမ်းကြည့်လိုက်တယ်။
* * * * * * * * *