အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - ပုစဉ်းရင်ကွဲကို ချောင်းမြောင်းနေသော ပုစဉ်းငရင်
အိမ်ဝင်းအတွင်းရှိ သိုင်းလောက သူရဲကောင်း ဆိုသူများမှာ ရွှေလှိုင်းပန်း၏ အဆိပ်ကြောင့် အားအင်ကုန်ခမ်းကာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဟု ရန်ရှင်းကျိုးက ထင်မှတ်ထားခဲ့သဖြင့် သူတို့ကို အထင်သေးမိသွားသည်။ သို့သော်လည်း ထိုသူများထဲမှ အချို့မှာ အခွင့်အရေးကို တိတ်တဆိတ် စောင့်ဆိုင်းရင်း တိုက်ခိုက်ရန် ပြင်ဆင်နေကြလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
သူတို့စတင် လှုပ်ရှားလိုက်သည့် အခိုက်အတန့်သည် ဒင်ဒီယန်အတွက် တစ်သက်တာတွင် အကြီးမားဆုံးသော အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်တော့သည်။
ထိုလူများသည် အဆိပ်သင့်နေပြီ ဖြစ်သဖြင့် ဒင်ဒီယန်ကို တိုက်ခိုက်ရန် အခွင့်အရေး တစ်ကြိမ်သာ ရမည်ကို ကောင်းစွာ သိကြသည်။ အကယ်၍ လွဲချော်သွားပါက သူတို့၏ ကံကြမ္မာမှာ မတွေးရဲစရာပင်။ ထို့ကြောင့်ပင် သူတို့သည် ရှိသမျှ အားတို့ကို စုစည်းကာ တွေဝေခြင်း မရှိဘဲအတင်းတိုက်ခိုက်ကြတော့သည်။
ရုတ်တရက်ဆိုသလို ဒင်ဒီယန်သည် ရှေ့နောက်ညှပ်၍ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
သူ၏ ရင်ထဲတွင် ထိတ်လန့်သွားသော်လည်း လက်ထဲမှ ဓားရှည်ကို ရှေ့တည့်တည့်ရှိ ဟဲဖေးထံသို့ ထိုးစိုက်လိုက်သည်။ တစ်ချက်တည်းဖြင့် ဟဲဖေးကို အပြတ်ရှင်းကာ ပိတ်ဆို့မှုကို ဖြိုခွင်းပြီး နောက်ဘက်နှင့် ဘေးဘက်မှ တိုက်ခိုက်မှုများကို ရှောင်ကွင်းရန် သူ ကြံလိုက်ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ ဓားသွားသည် ဟဲဖေး၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသော်လည်း "ဘန်း..." ဟူသော အသံနှင့်အတူ သံလျက်မှာ သံတုံးကို ထိုးမိသကဲ့သို့ လက်ကိုင်နေရာမှ ကျိုးထွက်သွားတော့သည်။
ဒင်ဒီယန်မှာ မှင်တက်သွားသော်လည်း တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှသည်။ ဓားကျိုးသွားသည်နှင့် လွှတ်ချလိုက်ကာ လက်ဝါးကို ဆန့်ထုတ်၍ ဟဲဖေးနှင့် တန်းပြီးရင်ဆိုင်လိုက်သည်။ ထို့နောက် ညာခြေဖြင့် နောက်ဘက်မှ တိုက်ခိုက်လာသူကို နောက်ပြန်ကန်လိုက်ပြီး ဘယ်ဘက် လက်ဝါးဖြင့်လည်း ဘယ်ဘက်မှ ချဉ်းကပ်လာသော လူရိပ်ကို ရိုက်ချလိုက်သည်။
ရန်သူ သုံးဦးကို တစ်ပြိုင်နက်တည်း ခုခံရင်း ပြန်လည် တိုက်ခိုက်သည့် ဤကိုယ်ဟန်မှာ မိုက်သလို အန္တရာယ်လည်း များလှသည်။ စောင့်ကြည့်နေသော ရန်ရှင်းကျိုးမှာ အသက်ရှူပင် မှားသွားရကာ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။
"အံ့သြစရာပဲ ငါသာ အဲဒီနေရာမှာ ဆိုရင် ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့ ခုခံနိုင်မှာ မဟုတ်ဘူး၊ မြေပြင်ပေါ်မှာပဲ လှိမ့်ပြီး ရှောင်ရမှာပဲ"
ဘုန်း...
ဘုန်း...
ဘုန်း...
ဒုတ်ခနဲ အသံသုံးချက်နှင့်အတူ ဟဲဖေးမှာ လေထဲသို့ လွင့်ထွက်သွားတော့သည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသောအခါ "ဂျွတ်... ဂျွတ်..." ဟူသော အရိုးကွဲသံများနှင့်အတူ သွေးများ အန်ထုတ်လိုက်ရသည်။ ဒင်ဒီယန်ကို နောက်ဘက်မှ တိုက်ခိုက်သူမှာလည်း ဒင်ဒီယန်၏ နောက်ပြန်ကန်ချက်ကို မရှောင်နိုင်ဘဲ ပေါင်ကြားသို့ တည့်တည့် ထိမှန်သွားကာ အော်ဟစ်ရင်း နောက်သို့ လွင့်ထွက်သွားသည်။
ဒင်ဒီယန်၏ ဘယ်ဘက်မှ တိုက်ခိုက်သူမှာမူ အလွန်ပင် ဖျတ်လတ်လှသည်။ သူသည် ဒင်ဒီယန်၏ လက်ဝါးရိုက်ချက်ကို မြေပြင်ပေါ်တွင် ဝပ်၍ လှိမ့်ရှောင်လိုက်ပြီးနောက် အခြား စားပွဲတစ်ခုအောက်သို့ ခိုးဝင်သွားပြီး မျောက်တစ်ကောင်လို ဝင်းအတွင်းရှိ ဆီးသီးပင်ပေါ်သို့ လျင်မြန်စွာ ခုန်တက်သွားတော့သည်။
ဒင်ဒီယန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝိုင်စားပွဲတစ်ခုကို ကောက်ယူကာ ဆီးသီးပင်ဆီသို့ ပစ်ပေါက်လိုက်သည်။ "ဘုန်း..." ဟူသော အသံနှင့်အတူ သစ်ပင်ပေါ်မှ လူမှာ အော်ဟစ်ရင်း ပြုတ်ကျလာရာ အိမ်ဝင်းအတွင်းရှိ မြေပြင်မှာပင် တုန်ခါသွားရသည်။
"ခင်ဗျားတို့ကတော့ တကယ်ကို ပညာထူးကြတာပဲ။ ရွှေလှိုင်းပန်းရဲ့ အဆိပ် မိထားတာတောင် အခုထိ ခံနိုင်ရည် ရှိနေသေးတဲ့အပြင် ငါ့ကိုတောင် ဒဏ်ရာရလုနီးပါး တိုက်ခိုက်နိုင်သေးတယ် အံ့သြစရာပဲ... တကယ်ကို အံ့သြစရာပဲ"
ဒင်ဒီယန်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သွေးများ အန်နေဆဲ ဖြစ်သော ဟဲဖေးထံသို့ လျှောက်သွားကာ
"ညီအစ်ကို ဟဲ... မင်း ခုနက ငါ့ဓားကို ဘာနဲ့ ကာလိုက်တာလဲ။ ငါ့ဓားတောင် ကျိုးသွားရအောင် ဘာရတနာများ ရှိနေလို့လဲ"
"ဒင်ဒီယန်... မင်း... မင်း တကယ်ပဲ ရှင်သန်ခြင်းအလင်းကျမ်းကို အကုန် တတ်မြောက်သွားပြီကိုး။ မင်းကတော့ ရှေ့လျှောက် အနှိုင်းမဲ့ ဖြစ်တော့မှာပဲ။ မင်းလက်ထဲမှာ သေရတာ ငါ့အတွက် မနစ်နာပါဘူး..."
သူသည် စကားကို အားယူကာ တိုးညှင်းစွာ ပြောနေရင်း စကားပင် မဆုံးသေးမီမှာပင် ခေါင်းငိုက်စိုက်ကျသွားကာ အသက်ပျောက်သွားတော့သည်။
"မင်းရဲ့ ကိုယ်ပေါ်မှာ ဘာများ ထူးထူးခြားခြား ရှိနေလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်ပါရစေဦး”
သူသည် ငုံ့ကြည့်လိုက်ပြီးနောက် ဟဲဖေး၏ အဝတ်အစားများကို အသာအယာ ဆွဲဖြဲလိုက်ရာ အတွင်းဘက်မှ အနက်ရောင် ဝတ်ရုံလေး တစ်ထည် ပေါ်ထွက်လာသည်။ ဒင်ဒီယန်မှာ "အင်..." ဟု အသံထွက်သွားကာ ခေါင်းငုံ့၍ အနီးကပ် စစ်ဆေးကြည့်လိုက်ပြီး အံ့သြတကြီး ရေရွတ်လိုက်မိသည်။
"အနက်ရောင် ပိုးဝတ်ရုံ ဘုရားရေ... ငါ့ဓားဒဏ်ကို ခံနိုင်ရည် ရှိနေတာ မဆန်းပါဘူး၊ သူက ဒီလို ရတနာမျိုးကို ဝတ်ထားတာကိုး။ ထျန်းရှန်းရဲ့ အနက်ရောင် ပိုးဝတ်ရုံပဲ ငါ အစကတည်းက သိသင့်တာ"
ထျန်းရှန်း အနက်ရောင် ပိုးကောင်မှ ထွက်သော ပိုးချည်မှာ အလွန်ပင် ခိုင်ခံ့သော်လည်း ရရှိရန် အလွန် ခက်ခဲလှသည်။ ပိုးချည်ကို ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလျှင်ပင် ဝတ်ရုံတစ်ထည်စာ ရရန် မလွယ်ကူပဲ ဝတ်ရုံတစ်ထည် ဖြစ်လာပြီ ဆိုပါက ဓားမတိုး၊ လှံမတိုးသော အဖိုးတန် ရတနာတစ်ပါး ဖြစ်သည်။ ဤကဲ့သို့သော ရတနာကို တွေ့ရှိလိုက်ရသဖြင့် တည်ငြိမ်လှသော ဒင်ဒီယန်ပင်လျှင် အံ့သြဝမ်းသာ ဖြစ်သွားရသည်။
သူသည် ဝမ်းသာအားရဖြင့် အာရုံ အနည်းငယ် လွဲသွားစဉ်မှာပင် အိမ်ဝင်းနံရံထောင့်မှ လူရိပ်တစ်ခုမှာ တိတ်တဆိတ် ထရပ်လိုက်ပြီး ဝှေ့ယမ်းလိုက်ရာ ဓားအလင်း တစ်ချက်သည် ဒင်ဒီယန်၏ ခါးဆီသို့ တည့်တည့် ဦးတည်ပြီး လွင့်ပျံလာတော့သည်။
ဤတိုက်ခိုက်မှုမှာ အချိန်ကိုက် တိကျလှသည်။ ဒင်ဒီယန် သတိပြုမိလိုက်ချိန်တွင် ဓားအလင်းမှာ အနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ကိုယ်ကို ယိမ်းလိုက်ပြီး လက်ကို ဆန့်ထုတ်ကာ အရှိန်အဟုန်ဖြင့် ဖမ်းဆွဲလိုက်သည်။
ရွှပ်...
ဓားအလင်းမှာ ဒင်ဒီယန်၏ လက်အတွင်းသို့ ကျရောက်သွားသောအခါ သူ၏ လက်ဝါးမှာ အနည်းငယ် ထုံကျင်သွားသည်။ သူက ဓားကို တင်းတင်းဆုပ်ကာ မျက်စိရှေ့သို့ မြှောက်ကြည့်လိုက်ရာ ၎င်းမှာ တစ်ဖက်သွား ဓားမြှောင်လေး တစ်စင်း ဖြစ်နေသည်။ နံရံအပြင်ဘက်တွင် ရှိနေသော ရန်ရှင်းကျိုးမှာ အိမ်အတွင်းမှ လူက ဒင်ဒီယန်ကို ဓားနှင့် ပစ်ပေါက်လိုက်သည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားရ၏။
"မိုးကုပ်စက်ဝိုင်းကို ဖြတ်သန်းသွားတဲ့ ကြယ်ပျံလား။ ဒါက သွေးဓားဂိုဏ်းရဲ့ ဓားသိုင်းပဲ ဒီလူက သွေးဓားဂိုဏ်းဝင် တစ်ယောက်ပဲ"
ဒင်ဒီယန်သည် ဓားနှင့် ပစ်ပေါက်သူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ကာ "သွေးဓားဂိုဏ်းရဲ့ ပညာတွေပါလား ဟား..ဟား... မင်းက ဘယ်သူလဲ" ဟု မေးလိုက်သည်။
တိုက်ခိုက်သူမှာ ခေါင်းကို အနက်ရောင် အဝတ်ဖြင့် စည်းနှောင်ထားပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ တိုက်ခိုက်မှု မအောင်မြင်ကြောင်း သိလိုက်ရသောအခါ အချည်းနှီး ဖြစ်မှန်း သိသွားသဖြင့် နံရံဆီသို့ အရှိန်ဖြင့် ပြေးသွားကာ နံရံကို ကျော်တက်၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။ ထိုသူ့ထံတွင် အဆိပ်သင့်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မတွေ့ရပေ။
“သွေးဓားဂိုဏ်းဝင်လား။ မင်းက ရှန်းယုံလား၊ ဒါမှမဟုတ် ရှန့်တီလား။ ရပ်စမ်း"
သူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ကာ မြင့်မားသော နံရံကို ကျော်ဖြတ်၍ သူ့ကို တိုက်ခိုက်ခဲ့သူနောက်သို့ အမီ လိုက်တော့သည်။ သူ နံရံကို ကျော်လိုက်သည့် ခဏမှာပင် နံရံခြေရင်းမှ နောက်ထပ် ဓားအလင်း တစ်ချက်သည် သူ၏ ပေါင်ကြားဆီသို့ ရုတ်တရက် ဦးတည်ကာ ထိုးထွက်လာပြန်သည်။
ဤတိုက်ခိုက်မှုမှာ အလွန်ပင် ရုတ်တရက် ဆန်လှသဖြင့် ရှေ့မှ လူကို အမီလိုက်ရန် အလောတကြီး ဖြစ်နေသော ဒင်ဒီယန်မှာ ကြိုတင် မပြင်ဆင်နိုင်ခဲ့ပေ။ သူသည် ရှောင်တိမ်းလိုက်သော်လည်း သူ၏ ပေါင်မှာ ဓားချက် မိသွားကာ သွေးများ ချက်ချင်း စီးကျလာတော့သည်။
ဒင်ဒီယန်မှာ အလွန် ဒေါသထွက်သွား၏။ သူသည် ဓားကိုင်ထားသူထံသို့ လက်ဝါးဖြင့် ပြန်လည် ရိုက်နှက်လိုက်ရင်း "မင်းက ရှန့်တီလား" ဟု ဟစ်အော်လိုက်သည်။
ဓားကို ကိုင်စွဲထားသူမှာ ဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းကို ရိတ်ထားသဖြင့် သွေးဓားဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှသည်။ သူသည် ဒင်ဒီယန်၏ လက်ဝါးချက်ကို ရှောင်တိမ်းလိုက်ကာ ဟားဟားတိုက် ရယ်မောရင်း
"ဒင်ဒီယန်... မင်းက လူတွေအများကြီးကို သတ်ခဲ့တာဆိုတော့ နောင်တစ်ချိန်မှာ အလယ်ပိုင်းဒေသ သိုင်းလောကရဲ့ အလိုက်ခံရမှာကို မကြောက်ဘူးလား။ ငါ့အမြင်တော့ မင်း ငါတို့ သွေးဓားဂိုဏ်းထဲကိုပဲ ဝင်လိုက်တာ ပိုကောင်းမယ်။ ငါတို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး မင်းကို ငါ့ရဲ့ နောက်ဆုံး တပည့်အဖြစ် လက်ခံပေးမယ်။ မင်း ငါနဲ့အတူ စီချွမ်းနဲ့ တိဗက်ဘက်မှာ ခဏလောက် သွားပုန်းနေလိုက်ရင် မင်း အသက်ရာကျော် ရှည်ပြီး ဘေးအန္တရာယ် ကင်းဝေးမှာကို ငါ အာမခံတယ်..."
ဒင်ဒီယန်သည် သူ၏ ပေါင်မှ ဒဏ်ရာကို ဂရုမစိုက်တော့ဘဲ မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးဝင်လိုက်သည်။
"သေစမ်း"
ရှန့်တီသည် အားရပါးရ ရယ်မောရင်း ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဒင်ဒီယန်ကို ရင်ဆိုင်တော့သည်။ ထိုအချိန်မှာပင် အစောပိုင်းက ထွက်ပြေးသွားသော လူမှာလည်း ပြန်လှည့်လာကာ ရှန့်တီနှင့် ပူးပေါင်း၍ ဒင်ဒီယန်ကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။
ဒင်ဒီယန်၏ ကျင့်ကြံမှုမှာ နက်ရှိုင်းလှသော်လည်း ဤသွေးဓားဂိုဏ်းဝင် နှစ်ဦးမှာလည်း သာမန် မဟုတ်ကြပေ။ အထူးသဖြင့် ကိုယ်တော် ရှန့်တီမှာ သွေးဓားဂိုဏ်းအတွင်း၌ သွေးဓားဘိုးဘေး ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ဖြစ်သည်။ အတိတ်ကာလကလည်း ရတနာကြောင့် သူသည် ဒင်ဒီယန်ကို အကြိမ်ကြိမ် လိုက်လံ သတ်ဖြတ်ခဲ့သဖြင့် ဒင်ဒီယန်မှာ အသက်ဘေးမှ လွတ်ရန် နွားစားခွက်အတွင်း၌ပင် ပုန်းအောင်းခဲ့ရဖူးရာ သူ ဘယ်လောက် အစွမ်းထက်သည်ကို သိသာသည်။
ထို့အပြင် ဒင်ဒီယန်၏ ပေါင်မှ ဒဏ်ရာကြောင့် သူ၏ အင်အားမှာ လျော့နည်းနေသဖြင့် ရန်သူ နှစ်ဦးကို ရင်ဆိုင်ရာတွင် အခက်အခဲ မရှိသော်လည်း သူတို့ကို အချိန်တိုအတွင်း သတ်ရန်မှာမူ မဖြစ်နိုင်ပေ။ သူတို့ သုံးဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန် လုံးထွေး တိုက်ခိုက်နေကြကာ အချိန်အတော်ကြာသည်အထိ အရှုံးအနိုင် မပေါ်ဘဲ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ရန်ရှင်းကျိုးသည် အိမ်ဝင်းအတွင်းသို့ အသာအယာ ခုန်ဝင်လိုက်ကာ ထျန်းရှန်းဂိုဏ်းမှ ဟဲဖေး၏ အလောင်းအနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ သူသည် ဟဲဖေး၏ ကိုယ်ပေါ်မှ အနက်ရောင် ပိုးဝတ်ရုံကို လျင်မြန်စွာ ချွတ်ယူလိုက်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ခိုးသူဆိုတာ လက်ဗလာနဲ့ ဘယ်တော့မှ မပြန်ဘူး... ဟုတ်ပါဘူး ငါက ဒီခေတ်ရဲ့ သူရဲကောင်းကြီးပဲ၊ သူခိုး ဘယ်ဖြစ်မလဲ။ ညီအစ်ကို... မင်းရဲ့ ဒီဝတ်ရုံလေးက တကယ်ကောင်းတယ် ငါ့ကို ခဏလောက် ငှားပါဦး။ မင်း အသက်ပြန်ရှင်လာတဲ့ အခါကျမှ ငါ ပြန်ပေးပါ့မယ်"
***
ပြိုင်ဖက်ကင်းဓားသမား