← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - ဓားလာဆက်သခြင်း

"အဖေ...ဘာလဲဟ အော်.... သူရဲကောင်းကြီး ရွှေတိုက် ရောက်လာတာကိုး"

ဘုရားကျောင်းအတွင်းမှ ရွှေစိမ့်၏ ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရသောအခါ ရန်ရှင်းကျိုးသည် ရှေ့တွင် ဘာဖြစ်နေသည်ကို ရှင်းလင်းစွာ မမြင်ရသေးသော်လည်း ရွှေတိုက် ရောက်ရှိလာပြီ ဖြစ်ကြောင်း သိလိုက်ပြီ ဖြစ်သည်။

သို့သော်လည်း ရွှေစိမ့်၏ အော်ဟစ်လိုက်ပုံမှာ အချိန်အခါ မတော်လှပေ။ အကယ်၍ သူမသာ အော်မဟစ်ခဲ့ပါက ခန်းမအတွင်းရှိ သွေးဓားဘိုးဘေးသည် သူမကို ချက်ချင်း ဓားစာခံ လုပ်နိုင်မည် မဟုတ်ပေ။ ယခုမူ သူမက "အဖေ" ဟုပင် လှမ်းခေါ်လိုက်သဖြင့် ငတုံးတစ်ယောက်ပင်လျှင် ရောက်လာသူနှင့် သူမ၏ ပတ်သက်မှုကို သိရှိသွားနိုင်ပေသည်။

ထင်သည့်အတိုင်းပင် ရွှေစိမ့်၏ အော်သံကို ကြားသည်နှင့် သွေးဓားဘိုးဘေးသည် အံ့သြမှုကို ဘေးဖယ်ကာ ရွှေစိမ့်၏ အနားသို့ တိုးဝင်လိုက်သည်။ သူ၏ သွေးဓားမှာ သွေးရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေစိမ့်၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းလိုက်ရင်း "ရပ်လိုက်စမ်း" ဟု ဟောက်လိုက်သည်။

ရွှေစိမ့်သည် သူမ၏ ဘယ်ဘက် မျက်ခုံးရိုးပေါ်တွင် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ ဘာဖြစ်သွားမှန်း သူမ မသိသေးမီမှာပင် သူမ၏ မျက်လုံးရှေ့၌ အမွှေးအမျှင်လေးများ လွင့်ပျံကျလာသည်ကို မြင်လိုက်ရ၏။ ခဏအကြာမှ သူမ သဘောပေါက်သွားတော့သည်။

"ဒါတွေက ငါ့မျက်ခုံးမွှေးတွေပဲ အဲဒီ ကိုယ်တော်ယုတ်က ငါ့မျက်ခုံးကို ဓားနဲ့ ရိတ်ပစ်လိုက်တာကိုး"

ညဉ့်နက်နေပြီ ဖြစ်သည့်အပြင် မီးရောင်မှာလည်း မှိန်ဖျော့လှသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးဓားဘိုးဘေးသည် ရွှေစိမ့်၏ အရေပြားကို အနည်းငယ်မျှ မထိခိုက်စေဘဲ မျက်ခုံးမွှေးကိုသာ သွေးဓားဖြင့် ရိတ်ပစ်နိုင်ခဲ့ခြင်းမှာ အံ့မခန်းသော ပညာပင် ဖြစ်ပေသည်။ အထူးသဖြင့် သူသည် လက်တစ်ဖက် ပြတ်နေပြီး မျက်စိတစ်ဖက် ကွယ်နေချိန်တွင် ထိုသို့ ပြုလုပ်နိုင်ခြင်းက ပို၍ပင် ခက်ခဲလှသည်။ အန္တရာယ်ကြီးမားသော အခြေအနေတွင်ပင် ရွှေစိမ့်မှာ ပို၍ထိတ်လန့်သွားမိသည်။

"ဒီနတ်ဆိုးကိုယ်တော်ရဲ့ ဓားသိုင်းက တကယ့်ကို အံ့သြစရာပဲ အဖေတောင် သူ့ကို ယှဉ်နိုင်ပါ့မလား မသိဘူး"

ထိုအချိန်တွင် တံခါးဝ၌ ဓားကို ကိုင်စွဲထားသူမှာ ရှန်းယုံကို တစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်ပြီးနောက် ဘေးရှိ ရှန့်တီကို ဆက်လက်၍ ခုတ်လိုက်ပြန်သည်။ လှုပ်ရှားမှုမှာ လျှပ်စီးလို လျင်မြန်လှသလို ပြတ်သားကာ ရက်စက်လှပေသည်။ တံခါးကို ကန်ဖွင့်ခြင်းမှသည် ဓားထုတ်ခြင်းအထိ တွေဝေခြင်း မရှိဘဲ တစ်ဆက်တည်း ပြုလုပ်သွားခြင်း ဖြစ်သည်။ အကယ်၍ ရှန့်တီသာ ကျင့်ကြံမှု မနက်ရှိုင်းဘဲ တုံ့ပြန်မှု မမြန်ခဲ့ပါက သူသည်လည်း ရှန်းယုံကဲ့သို့ အသက်ပျောက်သွားမည်မှာ သေချာပေသည်။

ရှန့်တီက တစ်ဖက်မှ လွင့်ပျံလာသော ဓားချက်ကို ရှောင်တိမ်းရန် ကိုယ်ကို လှည့်လိုက်စဉ်မှာပင် သွေးဓားဘိုးဘေးနှင့် ရွှေစိမ့်တို့၏ အသံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။ ဓားသမားသည် ချက်ချင်းပင် လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ ရွှေစိမ့်ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

"စိမ့်အာ... သူတို့ သမီးကို ဘာမှ မလုပ်ကြဘူး မဟုတ်လား"

ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ရွှေတိုက် ပင် ဖြစ်ပေသည်။

သူသည် သမီးဖြစ်သူကို ရှာဖွေရန်အတွက် ကျင့်ကျိုးမြို့မှ "တိမ်တိုက်လက်ဝါးငါးဖြာ" ဟု အမည်တွင်သည့် သူဌေးကြီး ဝမ်ကျန့်ရှန်း၏ အိမ်တော်သို့ သွားရောက်ကာ ကျင့်ကျိုးမြို့ တစ်ဝန်းလုံးမှ လူများကို စုစည်း၍ ရွှေစိမ့်၏ သတင်းကို စုံစမ်းပေးရန် အကူအညီ တောင်းခံခဲ့သည်။

ယနေ့တွင် မြို့ထဲရှိ လူအများစုမှာ လျန်ချန် ကျမ်းစာကြောင့် လင်အိမ်တော်သို့ ရောက်ရှိနေကြသည်။ ဝမ်ကျန့်ရှန်းမှာ ကျင့်ကျိုးမြို့၏ သြဇာအရှိဆုံး လူကုံထံ ဖြစ်သော်လည်း သူ၏ လက်အောက်တွင် အသုံးပြုနိုင်မည့်သူ သိပ်မရှိလှပေ။ အထူးသဖြင့် သူသည် အခြားသူများထက် လျန်ချန် ကျမ်းစာ ရတနာကို ပို၍ စိတ်ဝင်စားနေသူ ဖြစ်ရာ သူ၏ တပည့်များနှင့် သားဖြစ်သူကို လင်အိမ်တော်သို့ လွှတ်၍ သတင်းစုံစမ်းခိုင်းထားသည်။

ထို့ကြောင့်ပင် ရွှေတိုက်ကို ကူညီရန် လူအင်အား နည်းပါးနေခြင်း ဖြစ်၏။ ရွှေတိုက်၏ "လဆန်းဓား" အမည်မှာ အလွန်ကျော်ကြားလှပြီး ဝမ်ကျန့်ရှန်းအနေဖြင့် မပြစ်မှားရဲသော ဝါရင့်ပညာရှင် တစ်ဦး ဖြစ်ပြီး အကူအညီ တောင်းခံလာသောအခါတွင်မူ သူသည် အလေးမထားဘဲ မနေရဲပေ။

သို့သော်လည်း လူအင်အား မလုံလောက်သဖြင့် သူသည် အစေခံ အချို့နှင့် တပည့် အနည်းငယ်ကိုသာ မြို့ထဲသို့ သတင်းစုံစမ်းရန် လွှတ်ပေးခဲ့ပြီး ဝတ်ကျေတန်ကျေသာ ပြုလုပ်ပေးခဲ့သည်။ ဤလုပ်ရပ်က ရွှေတိုက်ကို စိတ်ဆိုးစေမည်လား ဆိုသည်ကိုမူ သူ ဂရုမစိုက်နိုင်တော့ပေ။ သူ၏ စိတ်ထဲတွင် လျန်ချန် ကျမ်းစာ ရတနာကိုသာ အစွဲအလမ်းကြီးစွာ တွေးတောနေပြီး ရွှေတိုက်ထက်ပင် ပို၍ ဂဏာမငြိမ် ဖြစ်နေတော့သည်။

ရွှေတိုက်မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ဝမ်အိမ်တော်မှ ထွက်ခွာရန် ပြင်နေစဉ်မှာပင် ရန်ရှင်းကျိုး၏ စာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ စာကို ဖတ်ပြီးနောက် ရွှေတိုက်မှာ မဆိုင်းမတွဘဲ ဝမ်ကျန့်ရှန်းကို အနည်းငယ် ကဲ့ရဲ့လှောင်ပြောင်ကာ ကျင့်ကျိုးမြို့ ပြင်ပဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။

သူသည် သိုင်းလောကအတွင်း ကျင်လည်ခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် ရန်သူနှင့် ရင်ဆိုင်ရာတွင် အတွေ့အကြုံ အလွန် ကြွယ်ဝလှသည်။ ဓားစာခံကို ကယ်တင်လိုလျှင် လျင်မြန် ပြတ်သားသော နည်းလမ်းကို အသုံးပြုကာ လျှပ်စီးအလား ထိုးနှက်ရမည် ဖြစ်ကြောင်း သူ သိရှိသည်။ သို့မှသာ ဓားစာခံကို တစ်ချက်တည်းဖြင့် ကယ်တင်နိုင်မည် ဖြစ်ပြီး မဟုတ်ပါက မိမိဘက်မှ အထိနာသွားနိုင်ပေသည်။

ထို့ကြောင့် ရန်ရှင်းကျိုး ညွှန်ပြထားသော ဘုရားကျောင်းအိုသို့ ရောက်သောအခါ သူသည် ကိုယ်ဖော့ပညာကို သုံး၍ အိမ်ဝင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ အထဲရှိ စကားပြောသံများကို သေချာစွာ နားထောင်ပြီးနောက် လူမှန်ဖြစ်ကြောင်း အတည်ပြုပြီးမှသာ တံခါးကို ကန်ဖွင့်ကာ ဓားထုတ်၍ တစ်ပြိုင်နက်တည်း နှိမ်နင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရွှေစိမ့်၏ အော်ဟစ်လိုက်မှုကြောင့် သူ၏ အစီအစဉ် ပျက်ပြားသွားကာ ကိုယ်တော် တစ်ပါးကိုသာ သတ်နိုင်ခဲ့ပြီး ကျန်ရှိသူများကိုမူ သတ်ရန် အချိန် မမီတော့ပေ။

သူသည် လောကအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရာ ရွှေစိမ့်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် စိုးရိမ်တကြီး ဖြစ်ဟန်ဆောင်ကာ ရှေ့သို့ နှစ်လှမ်း တိုးလိုက်ပြီး

"စိမ့်အာ... သမီး ဘယ်လိုနေသေးလဲ"

သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ သွေးဓားဘိုးဘေးက သူ၏ သွေးဓားကို ရွှေစိမ့်၏ လည်ပင်းသို့ ချိန်ရွယ်လိုက်ကာ ဟဲဟဲတိုက် ရယ်မောလိုက်ပြီး "မင်းသမီးရဲ့ ခေါင်း ပြတ်မသွားစေချင်ရင်တော့ နောက်ကို အနည်းငယ် ဆုတ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ငါ့လက်ကလေး တစ်ချက် လှုပ်လိုက်ရုံနဲ့ မင်းသမီးရဲ့ ခေါင်းက မြေပြင်ပေါ် ရောက်သွားလိမ့်မယ်"

ရွှေတိုက်သည် သွေးဓားဘိုးဘေးကို စိုက်ကြည့်လိုက်သည်။ ထိုကိုယ်တော်အိုမှာ ခေါင်းချွန်ကာ နားရွက်ပါးပြီး မျက်နှာမှာ တွန့်လိပ်နေကာ ဘယ်ဘက်မျက်စိမှာ ကွယ်နေသည်။ သူ၏ ဘယ်ဘက် လက်မောင်းမှာလည်း မရှိတော့ဘဲ ဝတ်ရုံစကို ခါးတွင် ထိုးထည့်ထားသည်။ ညာဘက် လက်မောင်း တစ်ဖက်တည်းဖြင့် သွေးနီရောင် ဓားမြှောင် တစ်စင်းကို ကိုင်စွဲထားရာ မီးရောင်အောက်တွင် သွေးများ စိုရွှဲနေသည့်အလား ထင်မှတ်ရပေသည်။

"ဒါဆို... မင်းက သွေးဓားဘိုးဘေးပေါ့"

သွေးဓားဘိုးဘေး၏ ဘယ်ဘက် လက်မောင်း မရှိသည်ကို မြင်လိုက်ရသောအခါ ရွှေတိုက်မှာ စိတ်ထဲမှ အံ့သြသွားမိကာ ရန်ရှင်းကျိုး ပြောခဲ့သည်များကို ပြန်လည် သတိရလိုက်သည်။

"ညီအစ်ကို ရန်က သူ သွေးဓားဘိုးဘေးရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်လို့ ပြောတုန်းက ငါ မယုံခဲ့ဘူး၊ ဒါပေမဲ့ ဒါက တကယ် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဟုတ်တယ်၊ ငါက စီချွမ်း-တိဗက် သွေးဓားဂိုဏ်းရဲ့ စတုတ္ထမြောက် ဂိုဏ်းချုပ်၊ သွေးဓားဘိုးဘေးပဲ မင်းကကော ဘယ်သူလဲ"

သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း အတွင်းစိတ်မှာမူ အလွန်ပင် စိုးရိမ်နေသည်။ သူ့လက်မောင်းသာ အကောင်း ရှိနေသေးလျှင် ရွှေတိုက်နှင့် တွေ့သည့်တိုင် သူ သတိထား ရင်ဆိုင်နိုင်သေးသည်။ ယခုမူ ရန်ရှင်းကျိုး၏ လက်ချက်ဖြင့် လက်တစ်ဖက် ပြတ်နေပြီ ဖြစ်ရာ လက်တစ်ဖက်တည်းဖြင့် ဓားကို ကိုင်ထားရသဖြင့် ဟန်ချက်ပျက်နေသကဲ့သို့ ခံစားနေရသည်။ ထို့အပြင် ရန်ရှင်းကျိုးက သူ၏ မျက်စိ တစ်ဖက်ကိုပါ ကွယ်အောင် လုပ်ခဲ့သဖြင့် သူ၏ အစွမ်းမှာ ထက်ဝက်ခန့် လျော့နည်းနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် ရွှေတိုက်လို ပညာရှင် တစ်ဦးကို ရင်ဆိုင်ရန်မှာ တိုက်ခိုက်ဖို့ နေနေသာသာ၊ အသက်ရှင်ဖို့ပင် လမ်းစ မရှိသလောက် ဖြစ်နေသည်။ ရွှေတိုက်က သူ၏ ဓားရှည်ကို မြေပြင်သို့ စိုက်၍ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်ကာ သွေးဓားဘိုးဘေးကို စူးစမ်းကြည့်လိုက်သည်။

"ညီအစ်ကို ရန်ရှင်းကျိုးက မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်လို့ ပြောတယ်၊ ဒါပေမဲ့ မင်းက မျက်စိ တစ်ဖက်ပါ ဘာလို့ ကွယ်နေရတာလဲ"

ထိုအချိန်တွင် သွေးဓားဘိုးဘေးသည် "ရန်ရှင်းကျိုး" ဟူသော အမည်ကိုပင် မကြားလိုတော့ပေ။ ထိုအမည်ကို ကြားလိုက်ရသည်နှင့် ဒေါသမှာ ခြေဖျားမှ ဦးခေါင်းအထိ ဆောင့်တက်သွားတော့သည်။ သူက ကျိန်ဆဲလိုက်သည်။

"တောက်... မင်းက ရန်ရှင်းကျိုးကို သိတာလား။ သူက ငါ့လက်ကို ဖြတ်ခဲ့တယ်လို့ ပြောတယ်ပေါ့။ သူက ငါ့မျက်စိကိုပါ ဖောက်ထုတ်ခဲ့တယ်လို့ရော မပြောဘူးလား။ ကောင်းပြီ... ကောင်းပြီ၊ မင်းက ရန်ရှင်းကျိုးနဲ့ သိတယ်ဆိုတော့ ငါ အခုပဲ မင်းသမီးရဲ့ လက်ကို ဖြတ်ပြီး မျက်စိကို ဖောက်ထုတ်ပစ်မယ်"

စကားအဆုံးတွင် သူသည် လက်ထဲမှ သွေးဓားကို မြှောက်ကာ ရွှေစိမ့်၏ ဘယ်ဘက် လက်မောင်းကို ခုတ်ရန် ပြင်လိုက်သည်။ ရွှေစိမ့်မှာ ထိတ်လန့်တကြား တုန်လှုပ်သွားကာ မျက်စိကို စုံမှိတ်၍ အော်ဟစ်လိုက်တော့သည်။

ရွှေတိုက်က နှာခေါင်းရှုံ့လိုက်ပြီး ဓားအလင်း တစ်ချက်နှင့်အတူ နောက်ကျောဘက်မှ တိုက်ခိုက်ရန် ပြင်နေသော ရှန့်တီထံသို့ ထိုးစိုက်လိုက်သည်။ ရှန့်တီမှာ ထိတ်လန့်သွားကာ ရွှေတိုက်၏ ရုတ်တရက် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ သူသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လှိမ့်လိုက်ပြီးနောက် ဘုရားကျောင်း တံခါးဝမှ ချက်ချင်း ပြေးထွက်သွားကာ အော်လိုက်သည်။

"ဆရာ... တပည့်က သွေးဓားကျမ်းကို အားသွန်ခွန်စိုက် ကျင့်ဦးမယ်။ ဆယ်နှစ်၊ ရှစ်နှစ်လောက်နေလို့ တတ်မြောက်သွားတဲ့အခါမှ ဆရာ့ကို ပြန်လာကယ်ပါ့မယ်"

ထိုအသံမှာ တဖြည်းဖြည်း ဝေးကွာသွားကာ ခဏချင်းအတွင်းမှာပင် အစအန ဖျောက်သွားတော့သည်။ သွေးဓားဘိုးဘေး၏ ခုတ်ရန် ပြင်ထားသော လက်မှာ လေထဲတွင် တောင့်တင်းသွားကာ "တောက်... ဒီတပည့်ကတော့ တကယ်ကို အားကိုးမရတဲ့ကောင်ပဲ"

သူက မျက်စိတစ်ဖက်တည်းဖြင့် ရွှေတိုက်ကို စိုက်ကြည့်လိုက်ပြီး"ငါ မင်းသမီးရဲ့ လက်ကို ဖြတ်မယ် ပြောတာတောင် မင်းက ငါ့တပည့်ကိုပဲ သွားတိုက်တယ်ပေါ့။ ရွှေတိုက်... မင်း တကယ်ပဲ မင်းသမီးရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးလား"

ရွှေတိုက်သည် သွေးဓားဘိုးဘေး၏ မျက်လုံးကို စူးစိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "မင်းက ဒီခေတ်ရဲ့ ထိပ်တန်း ပညာရှင် တစ်ယောက်ပဲ၊ ငါ့ရဲ့ ပညာကလည်း မဆိုးလှပါဘူး။ ဒါပေမဲ့ အခု မင်းက လက်တစ်ဖက် ပြတ်ပြီး မျက်စိတစ်ဖက် ကွယ်နေပြီ။ ငါတို့ တိုက်ကြမယ်ဆိုရင် မင်း သေမှာ သေချာတယ်။"

"ငါ ရွှေတိုက်က အမြဲတမ်း စကားတည်တဲ့သူပါ။ ဒီနေ့ မင်း ငါ့သမီးကို အသက်ချမ်းသာပေးရင် ငါ မင်းကို လွှတ်ပေးမယ်။ နောက်တစ်ခါ ပြန်တွေ့မှပဲ ငါတို့ရဲ့ အကြွေးတွေကို အပြတ်ရှင်းကြတာပေါ့"

သွေးဓားဘိုးဘေးက နှာခေါင်းရှုံ့လိုက်ကာ ရွှေစိမ့်၏ လည်ပင်းကို သွေးဓားဖြင့် အသာအယာ မွှန်းလိုက်ရာ ဒဏ်ရာမှ သွေးများ ချက်ချင်း စီးကျလာတော့သည်။ သူသည် လျှာကို ထုတ်ကာ ရွှေစိမ့်၏ လည်ပင်းမှ သွေးများကို လျက်လိုက်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းတို့ အလယ်ပိုင်းဒေသက လူတွေက တကယ်ကို ယုတ်မာတာပဲ မင်းတို့ အားလုံးက ရန်ရှင်းကျိုးလိုပဲ ယုတ်မာပြီး အရှက်မရှိတဲ့သူတွေ။ ငါက မင်းကို ဘယ်လို ယုံရမှာလဲ"

"မင်း ရန်ရှင်းကျိုးကို ဒီကို ခေါ်လာပေးမှပဲ အလဲအလှယ် လုပ်လို့ ရမယ်..."

ထိုစဉ်မှာပင် သူ၏ နောက်ကျောဘက်မှ ရွှေရောင် ဓားအလင်း တစ်ချက် လေထဲသို့ တိုးဝင်လာသည်ကို သူ ခံစားလိုက်ရသဖြင့် ရုတ်တရက် ထိတ်လန့်သွားတော့သည်။ "မကောင်းတော့ဘူး တစ်ယောက်ယောက် နောက်ကနေ တိုက်ခိုက်နေပြီ"

ထိုအတွေး ဝင်လာသည်နှင့် သူ ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ ညာဘက် လက်မောင်းမှာ အေးစက်စက် အထိအတွေ့တစ်ခု ဖြစ်သွားပြီး ပခုံးမှနေ၍ ပြတ်ထွက်သွားတော့သည်။ ပြတ်ထွက်သွားသော လက်မောင်း မြေပြင်သို့ မကျခင်မှာပင် လက်ထဲမှ သွေးဓားမှာ တစ်စုံတစ်ဦး၏ လုယူခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူ အလွန် ကြောက်ရွံ့ပြီး ဒေါသထွက်ရသော ရင်းနှီးသည့် အသံတစ်ခု သူ၏ ဘေးနားမှ ပဲ့တင်ထပ်လာသည်။

"ဒီဓားက တကယ် ကောင်းတာပဲ မင်းက ငါ့ကို ဓားလာပေးဖို့ သက်သက် လာခဲ့တာလား"

သွေးဓားဘိုးဘေး၏ ဦးနှောက်မှာ ခဏမျှ ဗလာ ဖြစ်သွားကာ နောက်သို့ ဆုတ်လိုက်ရင်း အဆုံးမဲ့သော နာကျင်မှုနှင့် မုန်းတီးမှုတို့ဖြင့် ဟစ်အော်လိုက်တော့သည်။

"ရန်ရှင်းကျိုး........"

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters