← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) - ဘုရားကျောင်အတွင်းမှ ညဉ့်နက်သန်းခေါင်

သွေးဓားဘိုးဘေးနှင့် ရွှေတိုက်တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် အကဲခတ်ကာ အခြေအနေ တင်းမာနေစဉ်မှာပင် ရန်ရှင်းကျိုးမှာ ခန်းမဆောင် နောက်ဘက်နံရံ၌ အပေါက်ကြီးတစ်ပေါက်ကို ကြိုတင်ဖောက်ထားပြီး ဖြစ်ကာ အထဲသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီဖြစ်သည်။

ခန်းမအတွင်းရှိ ဆင်းတုတော်များက အမြင်အာရုံကို ကွယ်ထားသည့်အပြင် သွေးဓားဘိုးဘေးမှာလည်း ရွှေတိုက်အပေါ်၌သာ အာရုံအားလုံးကို စုနှစ်ထားသဖြင့် ရန်ရှင်းကျိုး၏ အရိပ်အယောင်ကို ကြိုတင် မသိလိုက်ပေ။

ရန်ရှင်းကျိုး ခန်းမအတွင်းသို့ ရောက်ရှိသွားသောအခါ နောက်ဘက်၌ အပေါက်ပွင့်နေသဖြင့် ပြင်ပမှ လေဝင်လေထွက် အရှိန်ကို အထဲရှိ လူများ သတိထားမိနိုင်ကြောင်း သူ ကောင်းစွာသိရှိလိုက်သည်။ ထို့ကြောင့်ပင် သူသည် ခေတ္တမျှပင် ရပ်တန့်မနေဘဲ ကိုယ်ဖော့အတတ်ကို အသုံးပြုကာ ခြေလှမ်းကို အသာအယာ ကြွပြီး ဓားရှည်ကို မြှောက်ကာ သွေးဓားဘိုးဘေး၏ ညာဘက်လက်မောင်းကို ချိန်ရွယ်၍ ခုတ်ချလိုက်တော့သည်။

ထိုစဉ်က သွေးဓားဘိုးဘေးမှာ ရွှေစိမ့်ကို ဓားစာခံလုပ်ထားပြီး မျက်နှာချင်းဆိုင်မှ ရွှေတိုက်ကိုသာ စိုက်ကြည့်နေခြင်း ဖြစ်ရာ နောက်ကျောဘက်မှ အန္တရာယ်ကို သတိမပြုမိခဲ့ပဲ သူ သတိပြုမိလိုက်ချိန်တွင်မူ ရန်ရှင်းကျိုး၏ ဓားချက်က ကျရောက်လာပြီး ဖြစ်ရာ သူ၏ လက်မောင်းမှာ ပခုံးမှ ပြတ်ထွက်သွားသည့်အပြင် လက်ထဲတွင် ဆုပ်ကိုင်ထားသော သွေးဓားမှာလည်း ရန်ရှင်းကျိုး၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

ရန်ရှင်းကျိုးသည် သွေးဓားကို ကျွမ်းကျင်စွာ ဆုပ်ကိုင်လိုက်ပြီး သွေးများ ပန်းထွက်ကာ နောက်သို့ လွင့်ထွက်သွားသော သွေးဓားဘိုးဘေးကို ကြည့်၍

"ဘိုးဘေးကြီး... ခင်ဗျားနဲ့ တွေ့တိုင်း ခင်ဗျားရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက တစ်ခုပြီးတစ်ခု လျော့လျော့သွားတာ ဘာကြောင့်လဲ"

"ပထမတစ်ခေါက်မှာ လက်တစ်ဖက်၊ ဒုတိယတစ်ခေါက်မှာ မျက်စိတစ်ဖက်၊ အခုတော့ နောက်ထပ် လက်တစ်ဖက်... ဟဲဟဲ၊ ဒီအတိုင်းဆိုရင်တော့ ခင်ဗျားရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး"

[ဘုန်း...]

သွေးဓားဘိုးဘေးမှာ နံရံကို ဆောင့်မိကာ အပေါက်ကြီး ဖြစ်သွားပြီး သူသည် မြေပြင်ပေါ်၌ အကြိမ်အနည်းငယ် လှိမ့်လိုက်ကာ မှောင်မိုက်သော ညအတွင်းသို့ ထွက်ပြေး လွတ်မြောက်သွားတော့သည်။ အဆုံးမဲ့သော အမုန်းတရားတို့ ပြည့်နှက်နေသည့် သူ၏ စူးရှသော အော်ဟစ်သံကြီးမှာမူ ဘုရားကျောင်းပြင်ပမှ ဟိန်းထွက်ကျန်ရစ်ခဲ့သည်။

"ရန်ရှင်းကျိုး....."

"ဦးလေးရွှေ... အခု မလိုက်ရင် သူ ထပ်လွတ်သွားလိမ့်မယ်နော်"

ရွှေတိုက်သည် ချက်ချင်းပင် သတိပြန်ဝင်လာကာ ရန်ရှင်းကျိုးကို လေးနက်စွာ တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ညီအစ်ကိုရန်... မင်းက တကယ် တော်တဲ့လူပဲ" ဟု ချီးကျူးလိုက်သည်။ သူသည် တွေဝေ မနေတော့ဘဲ ဓားကို ကိုင်စွဲကာ လေထဲသို့ ပျံတက်လိုက်ပြီး သွေးဓားဘိုးဘေး ထွက်ပြေးသွားသည့် အရပ်ဆီသို့ အပြင်းနှင် လိုက်ပါသွားတော့သည်။ သူ၏ ပုံရိပ် ပျောက်ကွယ်သွားသော်လည်း "ညီအစ်ကိုရန်... ငါ့သမီး စိမ့်အာကို ခဏလောက် စောင့်ရှောက်ပေးပါဦး" ဟူသော အသံမှာ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။

ရန်ရှင်းကျိုးက ပြန်၍ အဖြေမပေးတော့ဘဲ ဓားကို တစ်ချက် ဝှေ့ယမ်းကာ ရွှေစိမ့်ကို ချည်နှောင်ထားသည့် ကြိုးများကို ဖြတ်တောက်ပေးလိုက်ပြီး "ရွှေမင်းသမီး... တို့တွေ ပြန်တွေ့ကြပြန်ပြီနော်" ဟု ရယ်မောကာ ပြောလိုက်သည်။

ရွှေစိမ့်မှာ ရှန်းယုံ၏ ဖမ်းဆီးခြင်းကို ခံရပြီး အိတ်ထဲသို့ ထည့်ခံရသည့် အချိန်မှစ၍ ဤဘုရားကျောင်းအိုသို့ ရောက်လာသည့်အထိ သွေးဓားဘိုးဘေး၏ ခြိမ်းခြောက်မှုများကို တောက်လျှောက် ကြုံတွေ့ခဲ့ရရှာသည်။ အစောပိုင်းကလည်း သွေးဓားဘိုးဘေးက သူမ၏ လည်ပင်းကို မွှန်းကာ သွေးများကို ရက်စက်စွာ လျက်ခဲ့သေးရာ သူမ၏ ရင်ထဲတွင် အရှက်တရား၊ ဒေါသ၊ ရွံရှာမှုနှင့် ထိတ်လန့်မှုတို့က အပြည့်အနှက် ဖြစ်နေခဲ့သည်။

ယခုအခါ ရန်ရှင်းကျိုးက သူမကို ကယ်တင်လိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ရွှေစိမ့်သည် သူမ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ ရန်ရှင်းကျိုး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ဤကဲ့သို့ လှပသော မိန်းမပျိုလေးတစ်ဦး၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသဖြင့် ရန်ရှင်းကျိုးမှာ အနည်းငယ် အနေရခက်သွားသည်။ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရွှေစိမ့်၏ ကျောပြင်ကို အသာအယာ ပုတ်ပေးကာ "ကဲပါ... ရပါပြီ၊ ဘာမှ မဖြစ်တော့ဘူး။ သွေးဓားဘိုးဘေးကို မောင်းထုတ်လိုက်ပြီပဲ" ဟု တိုးညှင်းစွာ ချော့မော့လိုက်သည်။ ထိုသို့ ပြောလိုက်မှပင် ရွှေစိမ့်မှာ ပို၍ ငိုလာကာ ရန်ရှင်းကျိုး၏ ရင်ဘတ်တွင် မျက်ရည်နှင့် နှပ်ချေးများဖြင့် ပေပွကုန်တော့သည်။

"ဝမ်းကွဲမ ဝမ်းကွဲမ"

ဝမ်ရှောင်ဖုန်း၏ စိုးရိမ်တကြီး အော်ဟစ်သံမှာ ဘုရားကျောင်းအပြင်ဘက်မှ ထွက်ပေါ်လာသည်။ ခဏအကြာတွင် ခြေသံများ ကြားလိုက်ရပြီး ဝမ်ရှောင်ဖုန်းသည် မီးအိမ်နှင့် မီးတုတ်များကို ကိုင်ဆောင်ထားသော သိုင်းလောကသား အချို့နှင့်အတူ ဘုရားကျောင်းအတွင်းသို့ ပြေးဝင်လာကာ

"ဝမ်းကွဲမ... သမီး အဆင်ပြေရဲ့လား၊ ငါ..."

သူ၏ အသံမှာ ရုတ်ချည်း ရပ်တန့်သွား၏။ သူသည် ခန်းမအတွင်း၌ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားသော ရွှေစိမ့်နှင့် ရန်ရှင်းကျိုးတို့ကို ကြည့်ကာ မှင်တက်သွားတော့သည်။ ရန်ရှင်းကျိုးက တံခါးဝရှိ ဝမ်ရှောင်ဖုန်းကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ရွှေစိမ့်၏ ကျောကို နှစ်ချက် ပုတ်လိုက်သည်။

"ရွှေမင်းသမီး... မင်းရဲ့ ဝမ်းကွဲမောင် ရောက်လာပြီ!"

ရွှေစိမ့်မှာမူ ဘာကိုမျှ မကြားသည့်အလား ရန်ရှင်းကျိုးကိုသာ တင်းတင်းပွေ့ဖက်ထားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ငိုနေဆဲပင်။ ရန်ရှင်းကျိုးက "ဒီလောက် သတ္တိမရှိဘဲနဲ့ ဘာလို့ သိုင်းလောကထဲ ခြေစုံပစ် ဝင်လာတာလဲ။ အိမ်မှာပဲ နေပြီး လင်ယောကျ်ားနဲ့ သားသမီးကို ပြုစုနေတာက မင်းအတွက် ပိုကောင်းမှာပါ" ဟု ရေရွတ်လိုက်သည်။

"ဝင်လာလေ ညီအစ်ကိုဖုန်း။ ရွှေမင်းသမီးက သွေးဓားဂိုဏ်းသားတွေကြောင့် အတော်လေး ကြောက်လန့်နေတာ၊ ခင်ဗျားပဲ နှစ်သိမ့်ပေးလိုက်ပါဦး"

ဝမ်ရှောင်ဖုန်း၏ မျက်နှာမှာ ပြာနှမ်းသွားကာ သူ၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေသည်။ သူက အံကြိတ်၍ ပြုံးလိုက်ပြီး

"ညီအစ်ကိုရန်လည်း ဒီမှာ ရှိနေတာကိုး။ ကျွန်တော့်ဦးလေးကော ဘယ်မှာလဲ"

သူသည် ရွှေတိုက် ထွက်သွားပြီးမှ စာကို ရရှိခဲ့ခြင်း ဖြစ်ရာ စာရသည်နှင့် သူသည် သူ၏ သူငယ်ချင်း သိုင်းသမား အချို့ကို ခေါ်၍ မြို့ပြင်သို့ အပြင်းနှင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူနှင့်အတူ ပါလာသူများမှာ ကျင့်ကြံမှု နိမ့်ပါးသူများသာ ဖြစ်ကြ၏။ ကျင့်ကြံမှု မြင့်မားသူ အားလုံးမှာ လျန်ချန် ကျမ်းစာ ရတနာကိုသာ စိတ်ဝင်စားကြသဖြင့် ဒင်ဒီယန်၏ သတင်းကို စောင့်ရန် လင်အိမ်တော်သို့ ရောက်နေကြခြင်း ဖြစ်သည်။ မျှော်လင့်ချက် မရှိမှန်း သိသူများသာ ဤကဲ့သို့ ကိစ္စရပ်များတွင် ပါဝင်လာကြခြင်း ဖြစ်ရာ ဝမ်ရှောင်ဖုန်းမှာ ထိုသူအနည်းငယ်ကိုသာ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

လမ်းတစ်လျှောက်လုံးတွင် သူသည် သူ၏ ဝမ်းကွဲမလေး ကံကောင်းပါစေကြောင်းနှင့် သွေးဓားဂိုဏ်းဝင်များ၏ ဖျက်ဆီးခြင်းကို မခံရပါစေနှင့်ကြောင်း စိုးရိမ်တကြီး ဆုတောင်းလာခဲ့သည်။ စိတ်ထဲက ဆုတောင်းနေသော်လည်း သွေးဓားဂိုဏ်းသားများမှာ အလွန် ယုတ်မာသူများ ဖြစ်ကြောင်း သူ သိရှိသည်။ ဤမျှ အချိန်အတော်ကြာသွားပြီ ဖြစ်ရာ သူမ၏ အပျိုစင်ဘဝမှာ ပျက်စီးသွားပြီ ဖြစ်ကြောင်း သူ သိသော်လည်း မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင်ထားဆဲပင်။ တွေးမိလေ ပို၍ ထိတ်လန့်လေ ဖြစ်ကာ နောက်ဆုံးတွင် "စိမ့်အာ အသက်ရှင်ရင်ပဲ တော်ပါပြီ" ဟူသော အတွေးသို့ ရောက်ရှိသွားသည်။ သို့သော်လည်း သူ၏ ရင်ထဲတွင် ဆူးတစ်ချောင်း စိုက်ဝင်နေသကဲ့သို့ ခံစားနေရကာ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနှင့် စိုးရိမ်ပူပန်မှုတို့က ဒွန့်တွဲနေတော့သည်။ ယခုအခါတွင်မူ ရွှေစိမ့်မှာ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေပြီး ရန်ရှင်းကျိုး၏ ရင်ခွင်ထဲ၌ ငိုကြွေးနေသည်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲ၌ အံ့သြမှု၊ ဒေါသနှင့်အတူ ထူးဆန်းသော စိတ်သက်သာရာရမှု တစ်ခုက ရောယှက်နေတော့သည်။

"ကြည့်ရတာ သူမကတော့ ရန်ရှင်းကျိုးကို စိတ်ညွတ်သွားပြီပေါ့လေ။ ကောင်းပြီ... ငါလို သိက္ခာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်က အရှက်တရား ပျက်ပြားသွားတဲ့ မိန်းမတစ်ယောက်နဲ့ လက်တွဲစရာ အကြောင်းမရှိဘူး ဒီအခွင့်အရေးမှာပဲ ဒီဇာတ်လမ်းကို အဆုံးသတ်လိုက်တော့မယ်"

ရွှေစိမ့်၏ အပျိုစင်ဘဝ ပျက်စီးသွားပြီဟု သူ သံသယဝင်လိုက်သည်နှင့် နှစ်ပေါင်းများစွာ ကြာခဲ့သော ငယ်သူငယ်ချင်း သံယောဇဉ်မှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ရွှေစိမ့်ကို ရန်ရှင်းကျိုးက ကယ်တင်ခဲ့ခြင်း ဖြစ်ပြီး ရန်ရှင်းကျိုးမှာမူ သူ့နည်းတူ ဦးလေးနောက်မှ လိုက်လာကာ အခွင့်ကောင်းယူ၍ ပေါ်လာခြင်း ဖြစ်မည်ဟု သူ ထင်မှတ်နေခြင်း ဖြစ်သည်။ ရန်ရှင်းကျိုးသည် ဝမ်ရှောင်ဖုန်း၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် သူ ဘာတွေးနေသည်ကို သိရှိလိုက်သည်။ သူက စိတ်ထဲမှ ကဲ့ရဲ့လိုက်၏။

"ငါက ဦးလေးရွှေကို ထောက်ထားလို့သာ ရွှေစိမ့်ကို အပင်ပန်းခံ ကယ်ခဲ့တာ၊ မင်းက ဘာမို့လို့ ငါ့ရှေ့မှာ လာပြီး လေကြီးလေကျယ် လုပ်နေတာလဲ"

"ဦးလေးရွှေက သွေးဓားဘိုးဘေး နောက်ကို လိုက်သွားပြီ! ညီအစ်ကိုဖုန်း... ရွှေမင်းသမီးက အတော်လေး ထိတ်လန့်နေတုန်းပဲ။ ဒီညတော့ ဒီမှာပဲ အနားယူစေပြီး ဦးလေးရွှေ ပြန်လာမှ ကျင့်ကျိုးမြို့ကို အတူတူ ပြန်ကြတာပေါ့"

"ကောင်းပြီလေ စိမ့်အာက အခုတော့ ညီအစ်ကိုရန်နဲ့ပဲ နေချင်ပုံရတယ်။ မင်းပဲ ဒီည သူမနဲ့အတူ ဒီမှာ နေပေးလိုက်တော့။ ငါကတော့ ဦးလေးကို သွားရှာပြီး ရန်သူကို အတူတူ နှိမ်နင်းပေးလိုက်ဦးမယ်"

သာမန်အချိန်တွင်တော့ ရွှေစိမ့် အနိုင်ကျင့်ခံရလျှင် ဝမ်ရှောင်ဖုန်းမှာ သူမဘက်မှ ချက်ချင်း မားမားမတ်မတ် ရပ်တည်ပေးမည့်သူ ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ရွှေစိမ့် အကြီးအကျယ် ဘေးဒုက္ခ ကြုံတွေ့နေရချိန်တွင်မူ သူသည် စိမ်းကားစွာဖြင့် သူ၏ သူငယ်ချင်းများကို ခေါ်၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။ ရွှေစိမ့်ကို သူစိမ်းတစ်ယောက်ပမာ လုံးဝ ပစ်ပယ်ထားခဲ့ခြင်း ဖြစ်ပေသည်။ ရန်ရှင်းကျိုးသည် ရွှေစိမ့်ကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူမကို ရင်ခွင်ထဲတွင် အသာအယာ ထွေးပွေ့လိုက်ရင်း

"ကြည့်ရတာ... မင်းရဲ့ ဝမ်းကွဲမောင်က မင်းကို အလိုမရှိတော့ဘူး ထင်တယ် ငါ အစကတည်းက ပြောသားပဲ... မိန်းကလေးတစ်ယောက် သိုင်းတတ်တာက အရေးမကြီးပါဘူး၊ အိမ်မှာပဲ နေပြီး ကျန်းမာအောင် နေတာက ပိုကောင်းတယ်။ သိုင်းလောကထဲကိုတော့ ခြေစုံပစ် မဝင်တာ အကောင်းဆုံးပဲ မဟုတ်ရင်တော့ နောက်ပိုင်းမှာ ကောင်းမွန်တဲ့ အိမ်ထောင်ဖက် ရှာဖို့ ခက်လိမ့်မယ်"

***

ပြိုင်ဖက်ကင်းဓားသမား

All Chapters