အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇) - စိတ်ပညာ
အရာအားလုံးကို ဘေးမှ စောင့်ကြည့်နေသူ ဖြစ်သည့် ရန်ရှင်းကျိုးမှာမူ အဖြစ်အပျက် အလုံးစုံကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
"သူတို့နှစ်ယောက်က ချစ်သူတွေ ဖြစ်နေတာကို ထားလိုက်ပါဦး... တစ်ဝမ်းကွဲ မောင်နှမတွေ အနေနဲ့တောင် ဝမ်ရှောင်ဖုန်းက ဒီလိုမျိုး ပစ်မသွားသင့်ဘူး။ အနည်းဆုံးတော့ နှစ်သိမ့်စကား တစ်ခွန်းလောက် ပြောခဲ့သင့်တာပေါ့။ ဒီကောင်ကတော့ တကယ့်ကို လူယုတ်မာပဲ"
ရွှေစိမ့်၏ စိတ်ခံစားချက်များမှာ ယခုမှ အနည်းငယ် တည်ငြိမ်သွားတော့သည်။ သူမသည် ရန်ရှင်းကျိုး၏ ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်း ထလိုက်ပြီး ရှက်သွေးဖြာနေသော မျက်နှာဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
"အစ်ကိုရန်... တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်။ အစ်ကိုသာ မရှိရင် ကျွန်မ ဘာတွေ ဖြစ်သွားမလဲတောင် မတွေးရဲဘူး"
"မင်းက ကံကောင်းလို့ပါ။ ဒီနေ့ ဒင်ဒီယန်က လျန်ချန် ကျမ်းစာ ရတနာအကြောင်း ပြောမယ်ဆိုတော့ သွေးဓားဂိုဏ်းသားတွေက ရတနာကိုပဲ လိုက်ရှာနေကြတာနဲ့ မင်းကို အာရုံမစိုက်နိုင်ခဲ့ကြတာ။ နောက်ပြီး အဲဒီ သွေးဓားဘိုးဘေးကိုလည်း ငါက ပေါင်ကြားကို အားနဲ့ ကန်ထားလို့ သူလည်း အခုထိ ပြန်မကောင်းသေးဘဲ ပန်းသေပန်းညှိုး ဖြစ်နေတာ။ မဟုတ်ရင်တော့ မင်းရဲ့ ကံကြမ္မာက တကယ်ကို မတွေးဝံ့စရာပဲ"
"အစ်ကိုရန်... အစ်ကိုက ပေါင်ရှန်းကို သတ်ခဲ့တယ်လို့ ပြောတုန်းက ကျွန်မ မယုံခဲ့ဘူး။ ဒါပေမဲ့ သွေးဓားဘိုးဘေးကိုတောင် အစ်ကို ဒီလိုမျိုး အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အစ်ကိုက... အစ်ကိုက တကယ်ကို တော်တာပဲနော်။ ကျွန်မရဲ့ ဝမ်းကွဲမောင်ထက်တောင် ပိုပြီး..."
သူမသည် သူမ၏ ဝမ်းကွဲမောင်ထက် ပိုပြီး အစွမ်းထက်တယ် ဟု ပြောရန် ကြံရွယ်သော်လည်း၊ ထိုသို့ပြောခြင်းမှာ မသင့်တော်ကြောင်း သတိရသွားသဖြင့် စကားကို ချက်ချင်း ရပ်လိုက်သည်။ ခဏအကြာမှ သူမက "အစ်ကိုရန်... ကျွန်မ အဖေကော ဘယ်မှာလဲဟင်" ဟု မေးလိုက်သည်။
"မင်းအဖေက သွေးဓားဘိုးဘေးနောက်ကို လိုက်သွားပြီ"
"ခုနက တစ်ယောက်ယောက် ရောက်လာသလိုပဲ ကျွန်မ ဝမ်းကွဲမောင် ထင်တယ်။ သူ ဘာလို့ မနေခဲ့တာလဲဟင်"
"ဟုတ်တယ်... သူကတော့ မင်းအဖေကို ကူပြီး သွေးဓားဘိုးဘေးကို သွားဖမ်းပေးမယ်လို့ ပြောပြီး ထွက်သွားတာပဲ"
ရွှေစိမ့်မှာ မှင်တက်သွားသည်။ သူမသည် လောကအတွေ့အကြုံ နည်းပါးသော်လည်း ငတုံးတစ်ယောက်တော့ မဟုတ်ပေ။ အမှန်စင်စစ် သူမသည် အတော်ပင် ဉာဏ်ကောင်းသူ ဖြစ်သည်။ သူမ၏ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီးနောက် မေးလိုက်သည်။
"ကျွန်မ ဝမ်းကွဲမောင်က ကျွန်မတို့နှစ်ယောက်ကို နားလည်မှု လွဲသွားတာလားဟင်"
ရန်ရှင်းကျိုးက "ဖြစ်နိုင်တာပေါ့" ဟုသာ ပြန်ပြောလိုက်သည်။
ထိုအခါ ခန်းမအတွင်း၌ လေးလံသော တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားတော့သည်။ ရွှေစိမ့်သည် သူမ၏ ဒူးကို ပွေ့ဖက်ကာ မြေပြင်ပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး အတွေးထဲတွင် နစ်မျောနေတော့သည်။ ရန်ရှင်းကျိုးမှာမူ သူမ စကားမပြောသည်ကို အခွင့်ကောင်းယူကာ အေးအေးဆေးဆေး ရှိနေသဖြင့် ကျေနပ်နေမိသည်။ သူသည် မြေပြင်ပေါ်တွင် ကျဲပက်ထားသော ရွှေလှိုင်းပန်း ပွင့်ချပ်များနှင့် အရွက်များကို ရှာဖွေလိုက်ကာ လက်အိတ်ကို ပြန်စွပ်ပြီး သူနှင့်အတူ ပါလာသော ဝိုင်ပုလင်းအတွင်းသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။
သွေးဓားဘိုးဘေး၏ ညာဘက်လက်မောင်းကို သူ အလွယ်တကူ ဖြတ်တောက်နိုင်ခဲ့ခြင်းမှာ ရွှေလှိုင်းပန်း၏ အဆိပ်ကြောင့် ဖြစ်နိုင်ပေသည်။ မဟုတ်ပါက သွေးဓားဘိုးဘေးကဲ့သို့ ကျင့်ကြံမှု အဆင့်အတန်းမျိုးနှင့်ဆိုလျှင် ဤမျှ အလွယ်တကူ အထိနာစရာ အကြောင်းမရှိပေ။ ရန်ရှင်းကျိုး ကိုယ်တိုင်ပင် ဤခန်းမဆောင်အတွင်း၌ ခေတ္တမျှ နေထိုင်ပြီးနောက် အနည်းငယ် ခေါင်းမူးသလို ခံစားနေရသော်လည်း၊ သူသည် ကြိုတင် ပြင်ဆင်ထားသူ ဖြစ်သဖြင့် အခြေအနေမှာ အလွန်အမင်း မဆိုးရွားခြင်းဖြစ်သည်။ ရန်ရှင်းကျိုးက ရွှေလှိုင်းပန်းကို ပုလင်းအတွင်းသို့ ဂရုတစိုက် ထည့်နေသည်ကို မြင်သောအခါ ရွှေစိမ့်က စိတ်ဝင်စားသွားကာ မေးလိုက်သည်။
"အစ်ကိုရန်... ဒါ ဘာပန်းလဲဟင်။ တကယ်ကို လှတာပဲ ဘာလို့ အဲဒီလောက်တောင် ဂရုတစိုက် ကိုင်နေရတာလဲ"
"ဒါက ရွှေလှိုင်းပန်း လို့ ခေါ်တယ်။ လောကမှာ အပြင်းဆုံး အဆိပ်ပဲ ဒီပန်းရဲ့ အနံ့ကို နမ်းမိရုံနဲ့ ဘယ်လောက် စွမ်းတဲ့သူပဲ ဖြစ်ဖြစ် အားအင်ကုန်ခမ်းသွားစေနိုင်တယ်။ အကယ်၍ မင်းသာ အမှတ်မထင် ထိမိလိုက်ရင်တော့... ဟဲဟဲ... အဆိပ်က မင်းရဲ့ အသားထဲအထိ စိမ့်ဝင်သွားပြီး မင်း သေမှာ သေချာတယ်"
"ဒီလောက် ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ ဒီလို အဆိပ်ရှိတဲ့ အပင်က ဘယ်လိုလုပ် ရှိနေတာလဲ... အစ်ကို ယူလာတာလား"
"အစ်ကိုက ကျွန်မကို ကယ်ဖို့အတွက် ဒီအဆိပ်ပန်းကို တကူးတက ယူလာခဲ့တာလား။ သွေးဓားဘိုးဘေးကို မယှဉ်နိုင်မှာ စိုးလို့ ဒီပန်းကို အထဲကို ပစ်သွင်းပြီး သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချကာ ကျွန်မကို ကယ်ဖို့ ကြံစည်ခဲ့တာပေါ့"
"ဘာလို့... ဘာလို့ ကျွန်မအပေါ်ကို ဒီလောက်တောင် ကောင်းပေးရတာလဲဟင်"
"နားလည်မှု မလွဲပါနဲ့! ငါ မင်းကို ကူညီတာက မင်းအဖေနဲ့ ငါ့ရဲ့ ခင်မင်မှုကြောင့်ရယ်၊ သူ ငါ့ကို သင်ပေးခဲ့တဲ့ ကိုယ်ဟန်အတတ်ကြောင့်ရယ်ပဲ။ မိန်းကလေးရွှေ... ငါ့မှာ မင်းအပေါ် ဘာမရိုးသားတဲ့ စိတ်မှ မရှိဘူး ငါသာ မိန်းမ လိုချင်ရင် ပျော်တော်ဆက် အိမ်တွေကိုပဲ သွားမှာပေါ့။ အခုလောလောဆယ်မှာတော့ ငါက အခြေချဖို့ စိတ်ကူး လုံးဝ မရှိသေးဘူး"
ရန်ရှင်းကျိုးသည် ယခင်ဘဝကတည်းက အမျိုးသမီးများစွာနှင့် ပတ်သက်ဖူးသူ ဖြစ်ရာ မိန်းကလေးများ၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိသည်။ အမျိုးသမီးအများစုမှာ မိမိအပေါ် တစ်စုံတစ်ဦးက ကောင်းပြလိုက်လျှင် စိတ်ထဲမှ အမျိုးမျိုး လျှောက်၍ ပုံဖော်တတ်ကြသည်။ ရန်ရှင်းကျိုးသည် ရွှေစိမ့်က သူ့အပေါ် သံယောဇဉ် တွယ်သွားမည်ကို မလိုလားသဖြင့် သူ၏ ရပ်တည်ချက်ကို ချက်ချင်း ရှင်းလင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"အစ်ကိုကလည်း တကယ့်ကို ရိုင်းတာပဲ ပျော်တော်ဆက် အိမ်တွေအကြောင်းပဲ ခဏခဏ ပြောနေတော့တာပဲ အစ်ကို မိန်းမ လိုချင်ရင်လည်း ကောင်းမွန်တဲ့ မိသားစုက သမီးပျိုတစ်ယောက်ကို ရှာပြီး လက်ထပ်ပါလား။ သားသမီးတွေ ထွန်းကားလာရင် နောင်တစ်ချိန် အစ်ကို့မှာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် မျိုးဆက် ကျန်ရစ်တာပေါ့"
"ဒီလို သိုင်းလောကထဲမှာ လွင့်မျောနေတဲ့သူက ဘယ်လို မိသားစုမျိုးနဲ့ သွားပြီး အခြေချနိုင်မှာလဲ။ အကယ်၍ သေသွားခဲ့ရင် တစ်ဖက်လူရဲ့ ဘဝကို ဖျက်ဆီးလိုက်သလို ဖြစ်မှာပေါ့"
သူသည် ဤကမ္ဘာလောက၌ ခေတ္တမျှ လာရောက် လည်ပတ်သူသာ ဖြစ်ပြီး အနှေးနှင့်အမြန် ပြန်သွားရမည် ဖြစ်ကြောင်း သူတစ်ဦးတည်းသာ သိရှိသည်။ ထို့ကြောင့်ပင် သူသည် ဤလောက၌ အခြေချရန် သို့မဟုတ် အမျိုးသမီးတစ်ဦးနှင့် သံယောဇဉ် တွယ်ရန် လုံးဝ စိတ်ကူးမရှိခြင်း ဖြစ်ပေသည်။
[ငါသာ မိန်းမ တကယ် လိုချင်ရင် ဒီလောက် ပေါတဲ့ ပျော်တော်ဆက်တွေ ရှိတာပဲ။ ငါ့မှာ ပိုက်ဆံရှိရင် ကစားလို့ ရတဲ့ မိန်းမတွေ အများကြီးပါ။ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေနဲ့တော့ ဝေးဝေးနေတာ အကောင်းဆုံးပဲ။]
သူ၏ စကားများကို ကြားသောအခါ ရွှေစိမ့်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားကာ တိုးညှင်းစွာ ပြောလိုက်သည်။
"အစ်ကိုက ဒီလိုမျိုး တွေးထားတာကိုး အစ်ကိုက အမျိုးသမီးတွေအပေါ် ဒီလောက်အထိ ထောက်ထားပေးလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ အစ်ကို့ရဲ့ ဒီအတွေးတွေကို ကျွန်မ အဖေကို တကယ် ကြားစေချင်လိုက်တာ။ အစ်ကို မသိပါဘူး... ကျွန်မ အဖေက ကျွန်မ အမေနဲ့ လက်ထပ်ပြီးကတည်းက သိုင်းလောကထဲမှာပဲ လှည့်လည်နေပြီး အိမ်ကို ခဲခဲခဲခဲမှ ပြန်လာတာ။ ကျွန်မ အမေက တစ်အိမ်လုံးကို တစ်ယောက်တည်း စီမံခန့်ခွဲခဲ့ရပြီး သူမ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေက ဘယ်သူမှ နားမလည်နိုင်လောက်ဘူး။ ကျွန်မ ကလေးဘဝတုန်းက အမေ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာတွေ၊ ခဏခဏ ငိုနေတာတွေကို မြင်ခဲ့ရတော့ အမျိုးသမီးတစ်ယောက် အိမ်မှာ နေရတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ကျွန်မ သိတာပေါ့"
"ဒါကြောင့်လည်း ကျွန်မက သိုင်းပညာကို သေချာ သင်ယူမယ်လို့ ဆုံးဖြတ်ခဲ့တာ။ နောင်တစ်ချိန် လက်ထပ်တဲ့အခါ ကျွန်မ ခင်ပွန်းနဲ့အတူ လောကအနှံ့ လှည့်လည်သွားလာနိုင်ဖို့ပေါ့။ ဒါမှ ကျွန်မ အမေလိုမျိုး တစ်နေ့တစ်နေ့ အိမ်မှုကိစ္စတွေနဲ့ပဲ ပူဆွေးနေရတဲ့ ဘဝမျိုးကနေ လွတ်မြောက်မှာ"
"သိုင်းလောကသား ဆိုတာ ဂုဏ်သိက္ခာ အမဲ့ဆုံး လူတန်းစားပဲ ကောင်းကောင်း ပြောရင်တော့ သူရဲကောင်းပေါ့၊ ဗြောင်ပြောရရင်တော့ လူမိုက်တစ်သိုက်ပဲ။ သိုင်းလောကထဲမှာ ကျင်လည်နေတဲ့သူတွေထဲက ဘယ်နှစ်ယောက်ကများ တကယ် အောင်မြင်မှု ရလို့လဲ။ မင်းက အမျိုးသမီး တစ်ယောက် ဖြစ်နေတော့ သိုင်းလောကထဲမှာ ကျင်လည်ရတာ ယောကျ်ားတွေထက်တောင် ဆယ်ဆလောက် ပိုအန္တရာယ် များတယ်။ ဒီနေ့လိုမျိုးသာ သွေးဓားဂိုဏ်းသားတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရရင် မင်း နောက်ပိုင်း လက်ထပ်နိုင်ဦးမလား၊ ကောင်းမွန်တဲ့ မိသားစုတစ်ခုရော ရှာနိုင်ဦးမလား"
ရွှေစိမ့်မှာ ဆွံ့အသွားတော့သည်။
"အစ်ကိုရန်... ကျွန်မ ဝမ်းကွဲမောင်က အဲဒါကြောင့်ပဲ ကျွန်မကို ပစ်သွားတာလားဟင်”
ရန်ရှင်းကျိုး ခေတ္တမျှ တွေဝေသွားပြီးမှ "ဖြစ်နိုင်တာပေါ့" ဟု ဖြေလိုက်သည်။
ခန်းမအတွင်း၌ နောက်တစ်ကြိမ် တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားပြန်သည်။ ခန်းမဆောင်အတွင်းရှိ ဖယောင်းတိုင်များ အကုန်လုံး လောင်ကျွမ်း ကုန်ဆုံးသွားသည်အထိ ရွှေစိမ့်သည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ (သနားနေပြီ တာဝန်ယူပါရစေ)
အရုဏ်တက်လာသောအခါ ခန်းမအတွင်းရှိ အရာအားလုံးကို ဝေဝေဝါးဝါး မြင်တွေ့လာရသည်။ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်သော အချိန်၌ ဘုရားကျောင်းအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး ရွှေတိုက်၏ အသံ ပေါ်ထွက်လာသည်။
"စိမ့်အာ... ညီအစ်ကိုရန်... မင်းတို့ အထဲမှာ ရှိသေးလား"
ရွှေစိမ့်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သူမ အားကိုးရာမှာ သူမ၏ အဖေ တစ်ဦးတည်းသာ ရှိတော့သည်ဟု သူမ ခံစားလိုက်ရသည်။ သူမ အပြင်သို့ ပြေးထွက်သွားစဉ် ရန်ရှင်းကျိုးကို တစ်ချက် လှည့်ကြည့်လိုက်မိသည်။ ကြည့်ရတာ ဒီရိုင်းပျသလို ရှိလှသော ရန်ရှင်းကျိုးက သူမ၏ ဝမ်းကွဲမောင်ထက် ပို၍ အားကိုးထိုက်ပုံ ရနေပါလား...
***
ပြိုင်ဖက်ကင်းဓားသမား