အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) - မြို့အဝင်လမ်းမှ မမျှော်လင့်သော ဆုံစည်းမှု
ရန်ရှင်းကျိုးသည် အပြင်သို့ လျှောက်လှမ်းသွားသော ရွှေစိမ့်ကို ကြည့်ကာ ပြုံးလိုက်ပြီး တံခါးဝသို့ လှမ်းတက်လိုက်သည်။
"ဦးလေးရွှေ... သွေးဓားဘိုးဘေးကို ဖမ်းမိခဲ့ရဲ့လား"
တံခါးအပြင်ဘက်၌ ရွှေစိမ့်သည် ရွှေတိုက်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေလေပြီ။
ရွှေတိုက်က ရွှေစိမ့်၏ ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း "ရပါပြီ သမီးရယ်... အားလုံး ပြီးသွားပါပြီ" ဟု တိုးညှင်းစွာ နှစ်သိမ့်နေရှာသည်။
သမီးဖြစ်သူကို အတန်ကြာ ချော့မော့ပြီးနောက် သူက ရန်ရှင်းကျိုးကို မော့ကြည့်ကာ "ညီအစ်ကိုရန်... ဒီတစ်ခေါက်တော့ ငါ မင်းကို တကယ် အကြွေးတင်သွားပြီ။ မင်းသာ ကူညီမပေးခဲ့ရင် ငါ့သမီးလေးရဲ့ ကံကြမ္မာဟာ တွေးဝံ့စရာတောင် ရှိမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
"မိန်းကလေးရွှေ ဘေးဒုက္ခ ရောက်နေတာကို မြင်ရင် ကယ်တင်ရမှာ ကျွန်တော့် တာဝန်ပါပဲ။ ဒါ့အပြင် သွေးဓားဂိုဏ်း ဆိုတာကလည်း တစ်လောကလုံးရဲ့ ဘုံရန်သူ မဟုတ်လား။ ကျွန်တော့်မှာလည်း သူတို့နဲ့ ကြီးမားတဲ့ အငြိုးအတေး ရှိတာကြောင့် သူတို့ကို ဒီအတိုင်း လွှတ်ပေးဖို့ စိတ်ကူး မရှိပါဘူး"
ထိုသို့ ပြောရင်း သူသည် လက်ထဲမှ သွေးနီရောင် တစ်ဖက်သွား ဓားမြှောင်ကို မြှောက်ကာ ရယ်မောလိုက်သည်။
"ဒါ့အပြင် ဒီတစ်ခေါက်က ဆုလာဘ်လည်း ရလိုက်သေးတယ်ဗျ။ မိန်းကလေးရွှေကို ကယ်ရုံတင်မကဘဲ အဖိုးတန် ဓားတစ်စင်းပါ ရလိုက်တယ်"
ဤသွေးနီရောင် ဓားမှာ သွေးဓားဂိုဏ်း၏ အမြတ်နိုးဆုံးသော ရတနာ ဖြစ်ပြီး လောကတွင် အထက်မြက်ဆုံးသော လက်နက်လည်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လက်နက်များအနက် နူးညံ့ပျော့ပျောင်းသော ဓားရှည်များမှာ အလွန် ရှားပါးလှပြီး၊ ဤကဲ့သို့ နူးညံ့သော ဓားမြှောင်မျိုးမှာမူ ပို၍ပင် ရှားပါးလှသည်။ သွေးဓားဘိုးဘေး၏ ဤသွေးဓားမှာ သံကို ဖယောင်းလို ဖြတ်နိုင်စွမ်း ရှိရုံသာမက ၎င်း၏ ပုံသဏ္ဌာန်နှင့် အစွမ်းသတ္တိမှာ လောက၌ တစ်စင်းတည်းသာ ရှိသည်။
ရန်ရှင်းကျိုးသည် သွေးဓားဘိုးဘေးကို ဒဏ်ရာ ရစေခဲ့ရုံတင်မကဘဲ ဤမျှ အဖိုးတန်လှသော ဓားကိုပါ သိမ်းပိုက်နိုင်ခဲ့သဖြင့် အလွန်ပင် ဝမ်းသာနေတော့သည်။
သွေးနီရောင် အလင်းတန်းများ ဖြာထွက်ကာ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ဓားကို ကြည့်ရင်း ရွှေတိုက်က "တကယ့်ကို ကောင်းတဲ့ ဓားပဲ သွေးဓားဂိုဏ်း ဆိုတာလည်း ဒီဓားကို အစွဲပြုပြီး ခေါ်ကြတာလို့ ကြားဖူးတယ်။ ညီအစ်ကို... ဒီနေ့ မြို့ထဲရောက်ရင် ငါ မင်းအတွက် အကောင်းဆုံး ဓားအိမ် တစ်ခု လုပ်ခိုင်းပေးမယ်။ ဒီနေ့ကစပြီး ဒီဓားက မင်းအပိုင်ပဲ" ဟု အားရပါးရ ချီးကျူးလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က သွေးဓားဘိုးဘေးရဲ့ လက်တစ်ဖက်ကို ဖြတ်ခဲ့တယ်လို့ မင်းပြောတုန်းက ငါ မယုံခဲ့ဘူး။ အခုတော့ ငါ့မျက်စိနဲ့တောင် မြင်လိုက်ရပြီပဲ။ အခုဆိုရင် သွေးဓားဘိုးဘေးဟာ လက်နှစ်ဖက်လုံး ပြတ်သွားပြီ ဖြစ်သလို မျက်စိတစ်ဖက်လည်း ကွယ်သွားပြီ။ ဟဲဟဲ... သိုင်းလောကမှာ နာမည်ကြီးပြီး သူရဲကောင်းပေါင်းများစွာကို သတ်ခဲ့တဲ့ သွေးဓားဂိုဏ်းရဲ့ စတုတ္ထမြောက် ဂိုဏ်းချုပ်ကြီးကတော့ မင်းလက်ထဲမှာပဲ အကြိမ်ကြိမ် အရှုံးပေးနေရပြီပေါ့"
"ဒါက တိုက်ဆိုင်မှုပါ ဦးလေးရွှေ။ အကယ်၍ ကျွန်တော်သာ သူ့ကို တရားမျှတစွာ ယှဉ်တိုက်ရမယ် ဆိုရင်တော့ ထွက်ပြေးဖို့ပဲ ရှိမှာပါ။ ကံကောင်းလို့ ကျွန်တော့်မှာ ဘယ်သူမှ မသိတဲ့ လှည့်ကွက်ကလေးတွေ ရှိနေလို့သာ အသက်မသေဘဲ ရှင်ကျန်ခဲ့တာပါ"
"ဦးလေးရွှေ... မိန်းကလေးရွှေ အဖမ်းခံရတာက မနေ့ညကမှ ဖြစ်တာပါ။ ဦးလေးက သမီးကို စိုးရိမ်နေတာနဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို သတိမထားမိဘဲ ကျန်ခဲ့ပုံရတယ်"
"အင်း... ဘယ်လို အရေးကြီးတဲ့ ကိစ္စမျိုးလဲ"
"မြို့ထဲရောက်ရင် သိရမှာပေါ့"
ရွှေစိမ့်မှာ ယခုမှ ငိုသံစဲသွားပြီး ရွှေတိုက်၏ ရင်ခွင်ထဲမှ မျက်လုံးလေး ကလည်ကလည်ဖြင့် ရန်ရှင်းကျိုးကို ကြည့်ကာ "ဘာလဲဟင်... အခု ပြောပြလို့ မရဘူးလား" ဟု စိတ်ကောက်သလို မေးလိုက်သည်။
"ဒါက ကိစ္စကြီးဗျ မြို့ထဲရောက်ရင် အလိုလို သိသွားလိမ့်မယ်"
"ကောင်းပြီလေ... မြို့ထဲကို ပြန်ကြတာပေါ့ ဟမ်... နေပါဦး၊ ရှောင်ဖုန်းကော ဘယ်မှာလဲ။ သူ ဒီကို မလာဘူးလား"
"ဝမ်းကွဲမောင်က အဖေကို ကူပြီး သွေးဓားဘိုးဘေးကို ဖမ်းပေးမယ်လို့ ပြောသွားတာပဲ။ အဖေ သူ့ကို မတွေ့ခဲ့ဘူးလား"
"သမီးက ဒီလောက် ဘေးဒုက္ခ ကြီးကြီးမားမား ကြုံနေရတာကို မင်းဘေးမှာ နေပြီး ကောင်းကောင်း စောင့်ရှောက်ရမယ့်အစား ငါ့ကို ကူပြီး လူဖမ်းပေးမယ် ဟုတ်လား။ ငါတောင် မဖမ်းနိုင်တာကို သူက ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ။ ဒီကလေးက ဘယ်တုန်းက ဒီလောက်အထိ ငတုံး ဖြစ်သွားရတာလဲ"
သူသည် လောကအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်ရာ စကားအနည်းငယ် ပြောပြီးသည်နှင့် ဖရိုဖရဲ ဖြစ်နေသော သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ တစ်စုံတစ်ရာကို ရိပ်မိသွားပုံရသည်။ သူသည် သက်ပြင်းတစ်ချက်ကို မချိတင်ကဲ ချလိုက်မိ၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားကာ
"စိမ့်အာ... ညီအစ်ကိုရန်... မြို့ထဲကို ပြန်ကြစို့။ ရှောင်ဖုန်းကိုတော့ စောင့်မနေနဲ့တော့"
"စောင့်နေရင်လည်း လာမှာ မဟုတ်ပါဘူး"
ရွှေတိုက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း စကား ဆက်မပြောတော့ပေ။ ရွှေစိမ့်မှာမူ တစ်ကိုယ်လုံး တုန်ယင်သွားကာ မျက်လုံးများ နီမြန်းလာပြီး ခေါင်းငိုက်စိုက်ချကာ မျက်ရည်များ မြေခနေတော့သည်။
ထို့နောက် သူတို့ သုံးဦးသည် ကျင့်ကျိုးမြို့အတွင်းသို့ နှုတ်ဆိတ်စွာဖြင့် ပြန်လာခဲ့ကြသည်။ တည်းခိုခန်း အနီးသို့ ရောက်သောအခါ သိုင်းလောကသား တစ်စုသည် ဒေါသတကြီးဖြင့် မြို့ဝန်ရုံးဘက်သို့ လျှောက်သွားနေသည်ကို မြင်တွေ့လိုက်ရ၏။
အဖွဲ့အတွင်းမှ အဘိုးအို တစ်ဦးသည် တည်းခိုခန်း ဘေးမှ ဖြတ်သွားစဉ် ရွှေတိုက်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ပြေးလာသည်။ သူသည် ရွှေစိမ့်ကို တစ်ချက်ကြည့်ကာ "သမီးကို တွေ့ပြီပေါ့... ဂုဏ်ယူပါတယ်ဗျာ" ဟု ဆိုလိုက်သည်။
ထိုအဘိုးအိုသည် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့် ဖြစ်သည်။ သူက ဂုဏ်ယူပါသည်ဟု ပြောသော်လည်း မျက်နှာ၌မူ ဖုံးကွယ်မရသော ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေပြီး ဆိုးရွားသော ကိစ္စတစ်ခုခုနှင့် ရင်ဆိုင်ထားရသည့် ပုံစံမျိုး ပေါက်နေသည်။
ရွှေတိုက်က ထိုလူကို တစ်ချက် ကြည့်လိုက်ပြီး "ဝမ်ညီအစ်ကိုပါလား။ မနက်စောစောစီးစီး ဘာတွေများ ဖြစ်နေကြတာလဲ" ဟု ခပ်အေးအေးပင် မေးလိုက်သည်။
သူ၏ အမူအရာမှာ အေးစက်စက် နိုင်လှသလို၊ အသံမှာလည်း နွေးထွေးမှု မရှိပေ။ ထိုသူအပေါ် သူ၏ မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ အလွန်ပင် စိမ်းကားစွာ ဆက်ဆံနေတော့သည်။
ရန်ရှင်းကျိုးသည် ရွှေတိုက်၏ စရိုက်ကို ကောင်းစွာ သိရှိသည်။ သူသည် စိတ်သဘောထား ပြည့်ဝကာ မိတ်ဆွေဖွဲ့ရသည်ကို ဝါသနာပါပြီး တစ်ပါးသူကို ပြင်းပြင်းထန်ထန် ပြောလေ့ရှိသူ မဟုတ်ပေ။ ယခုကဲ့သို့ အေးစက်စွာ ဆက်ဆံနေခြင်းက ရန်ရှင်းကျိုးကို အံ့သြသွားစေသည်။
"ဒီအဘိုးကြီးက ဘယ်သူမို့လို့ ဦးလေးရွှေက ဒီလောက်အထိ အထင်သေးနေရတာလဲ"
"သူရဲကောင်းကြီးရွှေ... အကြီးအကျယ် ဒုက္ခရောက်ကုန်ပြီ ဒီနေ့ ကိစ္စကိုတော့ ခင်ဗျားတို့လို စီနီယာတွေကပဲ ဆုံးဖြတ်ချက် ချပေးရတော့မယ်"
"ဒင်ဒီယန်... အဲဒီ လူယုတ်မာ ဒင်ဒီယန်က ကျွန်တော့်သားကို သတ်လိုက်ပြီ"
"အင်... ဒီလောက် ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်အတွက် တကယ်ကို နှမြောစရာပါပဲ။ ဝမ်ညီအစ်ကို... သေသူကိုတော့ ပြန်ခေါ်လို့ မရဘူး မဟုတ်လား၊ စိတ်လျှော့ပါဦး"
"သူရဲကောင်းကြီးရွှေ... ဒင်ဒီယန်က ကျွန်တော့်သားကိုတင် သတ်တာ မဟုတ်ဘူး၊ ကျွန်တော့် တပည့်တွေကိုပါ သတ်လိုက်တာဗျ။ ခင်ဗျားက ကျန်းနန်ရဲ့ သူရဲကောင်းကြီး တစ်ယောက်ပဲ၊ သူ့ကို တစ်ခုခုတော့ အရေးယူပေးပါဦး"
"ဒင်ဒီယန်က လျန်ချန် ရတနာသိုက် သတင်းကို ပြောတော့မယ်လို့ ကြားမိပါတယ်။ ခင်ဗျားရဲ့ သားနဲ့ တပည့်တွေက ရတနာသတင်း စုံစမ်းဖို့ လင်အိမ်တော်ကို သွားကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒင်ဒီယန်ရဲ့ လက်ချက်နဲ့ သေကုန်ရတာလဲ။ ဒါပေမဲ့လည်း လူက စည်းစိမ်ကြောင့် သေတယ်၊ ငှက်က အစာကြောင့် သေတယ် ဆိုတာမျိုးပေါ့။ ဝမ်ညီအစ်ကို... တို့တွေက သိုင်းလောကမှာ ဝါရင့်နေကြတဲ့သူတွေပဲ၊ ဘာလို့ ဒီလောက်အထိ ဝမ်းနည်းနေရတာလဲ"
"လာ... လာ... ညီအစ်ကိုရန်၊ ငါ မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒီလူကတော့ ကျင့်ကျိုးမြို့က သူဌေးကြီး ဝမ်ကျန့်ရှန်းပဲ သိုင်းလောကမှာတော့ တိမ်တိုက်လက်ဝါးငါးဖြာလို့ အမည်တွင်ပြီးတော့ စီနီယာကြီး မေနျန့်ရှန်းရဲ့ တပည့် တစ်ယောက်ပေါ့။ မနေ့က စိမ့်အာ အဖမ်းခံရတုန်းက ငါ ချက်ချင်းပဲ ဝမ်ညီအစ်ကိုဆီမှာ အကူအညီ တောင်းခဲ့သေးတယ်။ ဝမ်ညီအစ်ကိုက တကယ့်ကို ကိုယ်ကျင့်တရား ကောင်းပြီး ဖြောင့်မတ်တဲ့သူမို့ ငါ့ကို ကူညီဖို့အတွက် တပည့် နှစ်ယောက်နဲ့ အစေခံ သုံးယောက်တောင် သီးသန့် လွှတ်ပေးခဲ့တာလေ"
ရွှေတိုက်က "တပည့် နှစ်ယောက်နဲ့ အစေခံ သုံးယောက်" ဟူသော စကားလုံးကို အလေးပေး ပြောလိုက်ရာ ရွဲ့ပြောနေမှန်း ငတုံးပင် သိနိုင်ပေသည်။
ကျင့်ကျိုးမြို့၏ သြဇာအရှိဆုံး လူတစ်ဦး ဖြစ်သော ဝမ်ကျန့်ရှန်းသည် သူ၏ မိတ်ဆွေ ရွှေတိုက်က သမီးဖြစ်သူ ပျောက်ဆုံးနေ၍ အကူအညီ တောင်းခံလာခြင်းကို တပည့် နှစ်ဦးနှင့် အစေခံ သုံးဦးသာ လွှတ်၍ ဝတ်ကျေတမ်းကျေ ကူညီခဲ့ခြင်းမှာ အလွန်ပင် စိတ်ဓာတ် သေးသိမ်လှသလို၊ ရွှေတိုက်ကိုလည်း အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ရွှေတိုက်က သူ့အပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခြင်း ဖြစ်သည်။
မိမိ၏ အဖိုးတန် သမီးလေး အဖမ်းခံထားရချိန်တွင် ဝမ်ကျန့်ရှန်းက ထိုသို့ လျစ်လျူရှုခဲ့ခြင်းအပေါ် ရွှေတိုက်မှာ အလွန်ပင် ဒေါသထွက်နေခဲ့သည်။ ယခုမူ မိမိ သားနှင့် တပည့်များ အသတ်ခံရသောအခါမှ လာရောက် ငိုယိုကာ အကူအညီ တောင်းခံနေခြင်းကို ရွှေတိုက်က စိတ်ထဲမှ ကဲ့ရဲ့လိုက်မိသည်။
"ငါ့သမီး အဖမ်းခံရတုန်းကတော့ မင်းက ဂရုမစိုက်ဘူး၊ အခု မင်းသား သေမှတော့ ငါ့ဆီ လာတိုင်တောနေတယ်ပေါ့။ အိပ်မက်ပဲ မက်နေလိုက်"
သူသည် ဝမ်ကျန့်ရှန်းနှင့် ဆက်လက်၍ စကားမပြောလိုသဖြင့် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မျက်စိရှေ့၌ နီရဲသော အလင်းတန်း တစ်ခု လက်သွားသည်ကို မြင်လိုက်ရသည်။ ရန်ရှင်းကျိုးသည် လက်ထဲမှ သွေးဓားကို ရုတ်တရက် မြှောက်လိုက်ရာ သွေးနီရောင် အလင်းတန်း တစ်ခုအလား ဖြစ်သွားပြီး ဝမ်ကျန့်ရှန်း၏ လည်ပင်းဆီသို့ လျှပ်စီးအလား ခုတ်ပိုင်းလိုက်တော့သည်။
***
ပြိုင်ဖက်ကင်းဓားသမား