အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) - အခြေအနေတစ်ရပ်
ရန်ရှင်းကျိုးသည် ဓားတစ်ချက် ဝှေ့ယမ်းကာ အဘိုးအို၏ နားရွက်ကို ဖြတ်တောက်ပြီးနောက် အဝေးသို့ ကန်ထုတ်လိုက်ကာ အေးစက်စွာ ပြုံးရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။
တိုက်ပွဲတစ်လျှောက်လုံးတွင် သူသည် နောက်သို့ လှည့်ပင် မကြည့်ခဲ့ပေ။ တိုက်ခိုက်နေစဉ်အတွင်း သူ၏ လျင်မြန်သော ခန္ဓာကိုယ်ကို အသုံးပြုကာ ရှေ့တိုးနောက်ဆုတ်ဖြင့် နေရာပြောင်းရုံသာ ပြုလုပ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ တစ်ကြိမ်တစ်ခါမျှ လှည့်မသွားခဲ့ပေ။
သူ့နောက်မှ လိုက်လာသူများသည် ရန်ရှင်းကျိုး၏ အစွမ်းကို မြင်တွေ့ကာ ထိတ်လန့်သွားကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ဝမ်ကျန့်ရှန်းနှင့် သူတို့ကြား၌ ဆက်ဆံရေး ရှိသည်ဆိုသော်ငြားလည်း အသက်ပေးရလောက်သည့် သံယောဇဉ်မျိုး မဟုတ်ရာ ဝမ်ကျန့်ရှန်းအတွက်နှင့် သူတို့၏ အသက်ကို အပေါင်မခံလိုကြတော့ပေ။
ထို့အပြင် ဝမ်ကျန့်ရှန်းမှာ သေဆုံးသွားပြီ ဖြစ်သည်။ လူတစ်ယောက် သေဆုံးသွားသည်နှင့် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ရာ သေပြီးသား လူတစ်ယောက်အတွက်နှင့် ဘာကြောင့် အသက်စွန့်စရာအကြောင်းမရှိပေ။
ထိုသူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခြေလှမ်းများကို တဖြည်းဖြည်း လျှော့ချလိုက်ကြတော့သည်။ သိက္ခာကို ငဲ့ရသည်မှာ မှန်သော်လည်း အသက်က ပိုအရေးကြီးသည်။ ထို့ကြောင့် ရန်ရှင်းကျိုးက ရှေ့သို့ အပြင်းနှင်နေချိန်တွင် နောက်မှ လိုက်လာသူများသည် ဟန်ဆောင်ပန်ဆောင်ဖြင့်သာ အော်ဟစ်နေကြပြီး သူတို့၏ ခြေလှမ်းများမှာမူ တဖြည်းဖြည်း နှေးကွေးသွားတော့သည်။ ခဏအကြာတွင် ရန်ရှင်းကျိုးမှာ အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူတို့မှာမူ ဒေါသထွက်ဟန်ဆောင်ကာ အော်ဟစ်ဆဲဆိုနေကြဆဲဖြစ်သည်။
ရွှေတိုက်နှင့် သမီးဖြစ်သူတို့မှာ အဝေးမှ လိုက်ပါလာကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရွှေစိမ့်က မရယ်ဘဲ မနေနိုင်တော့ချေ။
"ဒီလူတွေကတော့ အရှက်မရှိလိုက်တာ... ဟန်ဆောင်နေကြတာ တကယ့်ကို ရယ်စရာပဲ"
"ရန်ရှင်းကျိုးက တကယ့်ကို ရက်စက်တဲ့ကောင်ပဲ။ လက်တွေ၊ နားရွက်တွေကို ဖြတ်ပစ်ဖို့ ဝန်မလေးသလို သူ့ရဲ့ သွေးဓားကလည်း တကယ်ကို ထက်မြက်တယ်။ ငါကိုယ်တိုင်တောင် သူ့ကို အနိုင်ရဖို့ အာမမခံနိုင်ဘူး၊ ဒီလူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုပါဘူး။ စိမ့်အာ... ဒီကလေးရဲ့ ပညာနဲ့ဆိုရင် တို့တွေ သူရဲကောင်းရန်အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ တည်းခိုခန်းကို ပြန်ပြီး ပစ္စည်းတွေ အရင် သိမ်းကြရအောင်"
"အစ်ကိုရန်က အသက်သိပ်မကြီးသေးတာတောင် ဘာလို့ သူ့ရဲ့ သိုင်းပညာက ဒီလောက်အထိ ထူးချွန်နေရတာလဲ။ သူ့ရဲ့ နောက်ခံက ဘယ်လိုမျိုးလဲဟင်"
"ဒီကလေးရဲ့ လုပ်ရပ်တွေက တရားတာရော၊ ယုတ်မာတာရော ရောထွေးနေတော့ ငါတောင် သူ့ကို အကဲမခတ်နိုင်တော့ဘူး"
သူတို့နှစ်ဦး ကျင့်ကျိုးမြို့သို့ ပြန်ရောက်သောအခါ ဒင်ဒီယန်က အိမ်ဝင်းအတွင်းရှိ သိုင်းသမား အားလုံးကို အဆိပ်ခတ်ခဲ့သည့် တုန်လှုပ်ဖွယ် သတင်းကို ကြားလိုက်ရသည်။ ရွှေစိမ့်မှာမူ အခြေအနေ၏ လေးနက်မှုကို သိပ်နားမလည်သော်လည်း၊ ရွှေတိုက်ကမူ ဒင်ဒီယန်၏ လုပ်ရပ်က မည်မျှ ဆိုးရွားသော နောက်ဆက်တွဲများကို သယ်ဆောင်လာမည်ကို ကောင်းစွာ သိရှိသည်။ ၎င်းမှာ တစ်လောကလုံးနှင့် ရန်သူ ဖြစ်လိုက်ခြင်းပင်။ အကယ်၍ သူသာ တောထဲတောင်ထဲမှာ သွားပြီး ပုန်းမနေနိုင်လျှင် သူ အသက်ရှင်နေသရွေ့ အေးချမ်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရမှာ မဟုတ်ပေ။
ထိုကိစ္စကြောင့် အတွေ့အကြုံ ရင့်ကျက်သော ရွှေတိုက်ပင်လျှင် တုန်လှုပ်သွားရသည်။ သူသည် အချိန်ဆိုင်း မနေတော့ဘဲ သူ၏ တူဖြစ်သူ ဝမ်ရှောင်ဖုန်းကို ချက်ချင်း စေလွှတ်ကာ ဒီပြဿနာကို မည်သို့ ဖြေရှင်းကြမည်ကို ဆွေးနွေးရန် သူ၏ သစ္စာပြု ညီအစ်ကို သုံးဦးကို ကျင့်ကျိုးသို့ ခေါ်ခိုင်းလိုက်တော့သည်။
ကျန်းနန်၏ ထူးချွန်သူ လေးဦးမှာ ပန်းကြွေရေစီး ဟု အမည်တွင်ပြီး၊ အကြီးဆုံးမှာ လီရှဲ့ခဲ၊ ဒုတိယမှာ ဟွာထျယ်ကန်း ၊ တတိယမှာ လျိုချန်ဖုန်း နှင့် စတုတ္ထမှာ ရွှေတိုက် တို့ ဖြစ်ကြသည်။
၎င်းတို့အနက် အစ်ကိုကြီး လီရှဲ့ခဲမှာ သိုင်းပညာ၌ အတော်ဆုံး မဟုတ်သော်လည်း စိတ်ထား မွန်မြတ်ကာ တစ်လောကလုံးမှ သူရဲကောင်းများနှင့် မိတ်ဆွေဖွဲ့ရသည်ကို ဝါသနာပါသူ ဖြစ်သည်။ သူသည် "စာနာထောက်ထားတတ်သော ဓားသမားကြီး လီ" ဟု အမည်ကျော်ကြားလှသည်။ အသက်အရွယ်အရလည်း အကြီးဆုံး ဖြစ်သဖြင့် အားလုံးက အစ်ကိုကြီးအဖြစ် လေးစားကြသည်။
အကယ်၍ သိုင်းပညာ အစွမ်းထက်မှုကိုသာ ပြောရမည်ဆိုလျှင် အားလုံးက တညီတညွတ်တည်း လက်ခံထားသည်မှာ ဒုတိယမြောက် ဖြစ်သော "အလယ်ပိုင်းဒေသ၏ အနှိုင်းမဲ့" ဟု အမည်ရသည့် ဟွာထျယ်ကန်း ပင် ဖြစ်သည်။ ဟွာထျယ်ကန်းမှာ "သိမ်းငှက်ခြေသည်း သံလှံဂိုဏ်း" ၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူသည် စိတ်သဘောထား ပြည့်ဝကာ အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်တတ်သူ ဖြစ်ပြီး သူ၏ သံလှံနှစ်စင်းကို အသုံးပြုလိုက်လျှင် ယှဉ်နိုင်သူ မရှိသလောက်ပင်။ လှံသိုင်းနှင့် လက်ဝါးသိုင်းတွင်မူ သူသည် အနှိုင်းမဲ့ ပညာရှင် တစ်ဦး ဖြစ်ပေသည်။
သို့သော်လည်း ဟွာထျယ်ကန်း၏ ကျင့်ကြံမှုမှာ အခြားသူများထက် အနည်းငယ်သာ သာလွန်ခြင်း ဖြစ်ပြီး ခြုံငုံကြည့်လျှင် သူတို့ လေးဦးလုံးမှာ ကျင့်ကြံမှု အဆင့်အတန်း များစွာ ကွာခြားခြင်း မရှိကြပေ။ အကယ်၍ သူ၏ သစ္စာပြု ညီအစ်ကို သုံးဦးသာ ရောက်လာပြီး ရွှေတိုက်နှင့် ပူးပေါင်းလိုက်လျှင် သိုင်းလောက၌ သူတို့ မဖြေရှင်းနိုင်သော ပြဿနာဟူ၍ မရှိသလောက်ပင်။ ရှင်သန်ခြင်း အလင်းကျမ်းကို တတ်မြောက်ထားသည့် ဒင်ဒီယန်ပင်လျှင် သူတို့ လေးဦး ပူးပေါင်း တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။
ကျင့်ကျိုးမြို့၏ အခြေအနေမှာ ပို၍ ဆိုးရွားလာပြီး ရှုပ်ထွေးလာသည်နှင့်အမျှ၊ မိမိတို့၏ တပည့်များ အသတ်ခံရကြောင်း သိရှိသွားကြသော သိုင်းဂိုဏ်း အသီးသီးသည် ဒင်ဒီယန်ကို လက်စားချေရန် သူတို့၏ လူများကို ကျင့်ကျိုးသို့ အသီးသီး စေလွှတ်လိုက်ကြတော့သည်။
ဒင်ဒီယန်သည် လျန်ဝူ ဧကရာဇ်၏ ရတနာများနှင့် ပတ်သက်နေရုံတင်မကဘဲ ယခုအခါ သိုင်းလောကသားများစွာကို သတ်ဖြတ်ခဲ့သဖြင့် သိုင်းလောကအတွင်း ပို၍ပင် ဟိုးဟိုးကျော်သွားတော့သည်။ ရတနာနှင့် အငြိုးအတေး ဆိုသည်မှာ သိုင်းလောကရှိ ပဋိပက္ခများအတွက် အကောင်းဆုံးသော အစပျိုးခြင်းများပင် မဟုတ်ပါလား။ ယခုအခါ ထိုအချက် နှစ်ခုလုံး ပေါင်းစပ်သွားပြီ ဖြစ်ရာ ကျင့်ကျိုးမြို့မှာ ဆူညံပွက်လောရိုက်တော့မည်မှာ အသေအချာပင်ဖြစ်သည်။
"ဟဲဟဲ... ငါ လင်ထွေးစိကို သတ်လိုက်တုန်းက နန်းတော်က လူတွေတောင် လန့်သွားပြီး မြောက်ပိုင်းရဲ့ သူရဲကောင်း လေးဦးထဲက ဝမ်ရှောင်ဖုန်းကိုတောင် ငါ့ကိုဖမ်းဖို့ လွှတ်ခဲ့သေးတာ။ အခုတော့ ဒင်ဒီယန်က ဒီလောက် ကိစ္စကြီးကြီးမားမား လုပ်လိုက်ပြီး ရတနာသိုက်ကလည်း လောဘတွေကို နှိုးဆွပေးနေပြီ။ တောက်... ပွဲကြီးပွဲကောင်းတော့ စတော့မှာပဲ"
ရန်ရှင်းကျိုးသည် ကျင့်ကျိုးမြို့မှ ထွက်ခွာပြီးနောက် သူ၏ ဝတ်စုံကို အနည်းငယ် ပြောင်းလဲကာ သွေးဓားကိုလည်း ဓားအိမ်အတွင်း ထည့်၍ မြို့ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။
ကျင့်ကျိုးသို့ ရောက်လျှင် မေနျန့်ရှန်း၏ တပည့်သုံးဦးကို သတ်မည်ဟု သူ ကနဦးကတည်းက စီစဉ်ထားခဲ့သည်။ ယခုမူ တပည့်ကြီး ဝမ်ကျန့်ရှန်းကို သူ သတ်ဖြတ်ပြီးပြီ ဖြစ်သော်လည်း၊ ဒုတိယတပည့် မြေနဂါးယန်တာဖျင် ကိုမူ လောလောဆယ် ရှာမတွေ့သေးပေ။ တတိယတပည့် မြစ်ဖြတ်သံကြိုးချီချန့်ဖာ မှာမူ ယခုအချိန်တွင် သူ၏ သတင်းကို စုံစမ်းနေဆဲ ဖြစ်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ချီချန့်ဖာမှာ ယွမ်လင် အနီးနားတွင် ရှိနေသည်။
သို့သော် ကျင့်ကျိုးမြို့၌ ယခုလို ကြီးမားသော ကိစ္စများ ဖြစ်ပျက်နေသည်ကို ထိုလူနှစ်ဦး သိရှိမည်မှာ သေချာပြီး ကျင့်ကျိုးသို့ ကြိုတင် ရောက်ရှိနေလောက်ပြီဟု ရန်ရှင်းကျိုးက ယူဆထားသည်။ သူတို့သည် ဒင်ဒီယန်၏ အဆိပ်မိသွားသူများထဲတွင် ပါနိုင်သလို၊ အမှောင်ထဲမှ ချောင်းမြောင်း ကြည့်နေသူများလည်း ဖြစ်နိုင်သည်။
ထိုအချက်ကို အတည်ပြုရန်အတွက် ရန်ရှင်းကျိုးသည် သေဆုံးသူများ၏ အမည်စာရင်းကို စုံစမ်းကြည့်ရာ ယန်တာဖျင်နှင့် ချီချန့်ဖာတို့ မပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဤကာလအတွင်း ဒင်ဒီယန်ပြီးလျှင် နာမည်အကြီးဆုံးမှာ ရန်ရှင်းကျိုး ပင် ဖြစ်သည်။ ကျင့်ကျိုးမြို့ရှိ တိုက်ပွဲအပြီးတွင် သူသည် နာမည်ကျော်ကြားလာပြီး ရွှေတိုက်နှင့် သမီးဖြစ်သူတို့၏ ပြောကြားချက်အရ သူသည် သွေးဓားဂိုဏ်းဝင်များကို သတ်ရုံတင်မကဘဲ သွေးဓားဘိုးဘေး၏ လက်နှစ်ဖက်လုံးကို ဖြတ်ကာ ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့ကြောင်း လူတိုင်း သိသွားကြသည်။ သွေးဓားဂိုဏ်း၏ ရတနာဓားကိုပင် ရန်ရှင်းကျိုးက လုယူကာ သူ၏ ကိုယ်ပိုင်လက်နက် ပြုလုပ်ထားသည်။
ရန်ရှင်းကျိုး၏ အမည်မှာ သိုင်းလောကအတွင်း ပဲ့တင်ထပ်နေစဉ်မှာပင် လင်အိမ်တော် တံခါးဝ၌ သေဆုံးသူဦးရေမှာ ပို၍ များပြားလာတော့သည်။ ထိုသူတို့မှာ ဒင်ဒီယန်ကို လက်စားချေရန် လာကြသူများ ဖြစ်သော်လည်း အားလုံးမှာ ဒင်ဒီယန်၏ လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြရသည်။
သို့သော် ဒင်ဒီယန်က လူသတ်လေလေ၊ အငြိုးအတေးက ပိုကြီးလေလေ ဖြစ်လာသည်။ နေ့စဉ်နှင့်အမျှ လူများက မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း စသည့် နည်းမျိုးစုံကို သုံးလာကြသဖြင့် လင်အိမ်တော်ရှိ အစေခံ အားလုံးမှာ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
အခြားသော သိုင်းသမားများကဲ့သို့ပင် ရန်ရှင်းကျိုးသည်လည်း လင်အိမ်တော် အနီးသို့ ခဏခဏ သွားရောက်၍ အခြေအနေကို စောင့်ကြည့်လေ့ရှိသည်။ သိုင်းပညာရှင်များစွာမှာ အိမ်တော်အတွင်းသို့ အတင်းဝင်ရောက်ကြသော်လည်း အိမ်ဝင်းအတွင်းမှ ပြန်လည် အလွင့်ခံရကာ သေဆုံးနေကြသည်ကို သူ မြင်တွေ့နေရသည်။ သူသည် ဒင်ဒီယန်၏ စွမ်းပကားအပေါ် ပို၍ပင် လေးစားမိသွားသည်။
"ဒီလူက ရက်ပေါင်းများစွာ နားနားနေနေ မရှိဘဲ တိုက်ခိုက်နေရတာတောင် ဒီလောက် စွမ်းအားတွေ ရှိနေသေးတာလား။ တကယ့်ကို မယုံနိုင်စရာပဲ ဒါပေမဲ့ ငါသာ သူ့နေရာမှာ ဆိုရင် ငါ့မိန်းမကို ခေါ်ပြီး တစ်နေရာရာကို ထွက်ပြေးသွားမှာ ကြာလှပြီ။ သူက ဘာလို့ မပြေးတာလဲ"
သူ၏ မေးခွန်းမှာ လူအများလည်း သိလိုနေသော မေးခွန်းပင် ဖြစ်သည်။ ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် ပြဿနာများရှာပြီးနောက် ဒင်ဒီယန်အတွက် အကောင်းဆုံး နည်းလမ်းမှာ ကျင့်ကျိုးမှ အမြန်ဆုံး ထွက်ခွာကာ မည်သူမျှ မသိသော နေရာ၌ အမည်ဝှက်၍ နေထိုင်ခြင်း၊ ရတနာများကို တိတ်တဆိတ် ရှာဖွေကာ အေးချမ်းစွာ နေထိုင်ခြင်းပင် ဖြစ်သည်။
သို့သော် သူ၏ လှုပ်ရှားမှုများမှာ အရပ်မျက်နှာ အသီးသီးမှ သိုင်းသမားများကို တစ်ဦးတည်း ရင်ဆိုင်နေခြင်း ဖြစ်ရာ မည်သူမဆို ပုံမှန်မဟုတ်ဟု ထင်မြင်ကြလိမ့်မည်။ လူမိုက်တစ်ယောက်သာလျှင် ဤသို့ ပြုလုပ်လိမ့်မည် ဖြစ်သော်လည်း ဒင်ဒီယန်မှာ လူမိုက်တစ်ယောက် မဟုတ်သည်မှာ သေချာသဖြင့် သူ အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသည်ကို မည်သူမျှ နားမလည်နိုင်ကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ရွှေတိုက်နှင့် သူ၏ ညီအစ်ကို လေးဦးတို့ လင်အိမ်တော်သို့ ရောက်ရှိလာကာ ဒင်ဒီယန်ထံမှ တောင်းဆိုသည့်အခါမှသာ ဒင်ဒီယန်က စကားပြောရန် အခွင့်အရေး ရတော့သည်။ သူက ကျင့်ကျိုးရှိ သိုင်းလောကသား အားလုံးကို ထပ်မံ စုဝေးစေကာ လျန်ချန် ကျမ်းစာ၏ လျှို့ဝှက်ချက်ကို လူတိုင်းအား ထုတ်ဖော်ပြသမည်ဟု ဆိုလာသည်။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြီးနောက် သူသည် သူ၏ ချစ်သူ လင်ရွှမ်းဟွာ နှင့်အတူ အဆုံးစီရင်မည် ဖြစ်ပြီး သူတို့ နှစ်ဦးကို တစ်နေရာတည်းတွင် အတူတူ မြှုပ်နှံပေးရန်သာ တောင်းဆိုခဲ့သည်။ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန်အတွက် သူက အခြေအနေ တစ်ရပ်ကိုသာ တောင်းဆိုခဲ့သည်။
"ရန်ရှင်းကျိုးကို ဖမ်းဆီးပြီး သူ၏ ဦးခေါင်းဖြင့် လင်ထွေးစိ၏ ဝိညာဉ်ကို ပူဇော်ရန်"
ရန်ရှင်းကျိုးကို သတ်ဖြတ်ခြင်းဖြင့် လင်ရွှမ်းဟွာမှာ သူမ၏ ဖခင်အတွက် လက်စားချေပေးနိုင်မည် ဖြစ်သည်။ သူတို့၏ ဆန္ဒများ ပြည့်ဝသွားပြီးနောက် အသက်ရှင်ရန် အကြောင်းမရှိတော့သဖြင့် သူတို့၏ အပြစ်များကို ဆေးကြောရန်အတွက် အဆုံးစီရင်ကြမည် ဟူ၍ဖြစ်သည်။
***