← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) - စက္ကူရုပ်

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

ပညာတတ်အရာရှိသည် ဘေးသို့ခြေတစ်လှမ်းဆုတ်ကာ လင်းဖန်၏ လက်သည်းတိုက်ကွက်ကို ရှောင်တိမ်းလိုက်လေသည်။

ပညာတတ်အရာရှိက ပြောလိုက်သည်။

“အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာရှိတဲ့သူကို ရင်ဆိုင်ရဲတဲ့ မင်းရဲ့သတ္တိကို ငါတကယ်ချီးကျူးမိတယ်...”

သူသည် ကလောင်တံကို အပေါ်သို့လှန်ကာ လင်းဖန်၏ ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဒုန်း…

လင်းဖန်၏ မူလမြေကြီးခံတပ်က ထိုတိုက်ခိုက်မှုကို ခုခံကာကွယ်ပေးလိုက်ချေသည်။

နောက်တစ်စက္ကန့်တွင် လင်းဖန်သည် လက်မောင်းကို ဘေးသို့လွှဲကာ ပညာတတ်အရာရှိ၏ဝမ်းဗိုက်ကို လက်သည်းများဖြင့်ဆွဲဖြဲရန် ကြိုးစားလိုက်ပြန်သည်။

ဝှစ်…

ပညာတတ်အရာရှိက နောက်သို့ဆုတ်သွားသဖြင့် လင်းဖန်၏လက်သည်းများသည် လေထုကိုသာခြစ်မိသွားပြီး လေပြင်းတစ်ချက် ဝှေ့ယမ်းသွားလေသည်။

လင်းဖန်သည် ပညာတတ်အရာရှိဘက်သို့လှည့်ကာ သူ့အပေါ်သို့ ထပ်မံခုန်အုပ်လိုက်သည်။

သူ အနီးသို့ရောက်ရှိသွားချိန်တွင် ပညာတတ်အရာရှိသည် စက္ကူဖြင့်ပြုလုပ်ထားသော ထီးတစ်လက်အား ထုတ်ယူလိုက်သည်ကို မြင်တွေ့လိုက်ရချေသည်။

ထိုစက္ကူထီးသည် ပွင့်ဟသွားပြီး လင်းဖန်၏ တိုက်ခိုက်ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

ထန်…

အံ့ဩစရာကောင်းလှသည်မှာ သူ၏ထက်မြက်လှသော လက်သည်းများသည် ထိုစက္ကူထီးကို ဖောက်ထွက်နိုင်ခြင်းမရှိဘဲ နားမခံသာသော သတ္တုချင်းပွတ်တိုက်သံသာ ထွက်ပေါ်လာပေသည်။

ထိုစက္ကူထီးသည် မာကျောလှသောသတ္တုရိုင်းဖြင့် ပြုလုပ်ထားသည့်အလားပင်။

ပညာတတ်အရာရှိက ဆက်လက်ပြောဆိုလိုက်သည်။

“မင်းမှာ ဘာလို့ဒီလိုသတ္တိမျိုးရှိနေလဲဆိုတာ ငါအခုမှ နားလည်တော့တယ်...”

“တကယ်ကို နှမြောစရာကောင်းတာပဲ... ချွမ်မင်းဆက်မှာရှိတဲ့လူတိုင်းသာ မင်းရဲ့သတ္တိတစ်ဝက်လောက်ရှိရင် ငါလည်း ဒီလိုစုတ်ပြတ်သတ်နေတဲ့ရဲတိုက်ထဲမှာ အအေးဒဏ်ကိုအလူးအလဲခံပြီး လူရိုင်းတွေကို ရင်ဆိုင်နေစရာ မလိုတော့ဘူး...”

ပညာတတ်အရာရှိသည် စကားကိုအဆက်မပြတ်ပြောဆိုရင်း ကိုယ်ကိုလှည့်ကာ လင်းဖန်၏တိုက်ကွက်များကို စက္ကူထီးဖြင့် ဆက်တိုက်ကာကွယ်နေလေသည်။

လင်းဖန်သည် စိတ်မရှည်တော့သဖြင့် ပညာတတ်အရာရှိထံသို့ ထပ်မံ၍ အားကုန်ခုန်အုပ်လိုက်ပြန်သည်။

ထုံးစံအတိုင်းပင် ပညာတတ်အရာရှိသည် စက္ကူထီးကို လင်းဖန်ရှိရာသို့ဦးတည်ကာ ကာကွယ်ရန် ပြင်လိုက်ချေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လင်းဖန်သည် မြူခိုးရိပ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး စက္ကူထီးကို အလွယ်တကူ ဖြတ်သန်းသွားလေသည်။

နောက်တစ်စက္ကန့်တွင် လင်းဖန်သည် ပညာတတ်အရာရှိ၏ နောက်ကျောဘက်၌ ရုတ်တရက် ပြန်လည်ပေါ်လာသည်။

လင်းဖန်သည် ထက်မြက်သော လက်သည်းများဖြင့် ပညာတတ်အရာရှိ၏လည်ပင်းကို ဆွဲဖြဲရန် လှမ်းကုတ်လိုက်ချေသည်။

ထိုစဉ် ပညာတတ်အရာရှိ၏ ချပ်ဝတ်တန်ဆာပေါ်ရှိကျမ်းစာများထံမှ တောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

မကြာမီပင် ပညာတတ်အရာရှိ၏ တစ်ကိုယ်လုံးသည် ဖြူဖွေးသော အလင်းတန်းတစ်ခုအတွင်းသို့ နစ်မြုပ်သွားလေသည်။

လင်းဖန်၏လက်သည်းများသည် ထိုဖြူဖွေးသောအလင်းတန်း၏ တစ်ဝက်ခန့်အထိ တိုးဝင်သွားချေသည်။

ထို့နောက် သူသည် သူ၏ချီစွမ်းအင်များကို လက်သည်းများဆီသို့ ပိုမိုပို့လွှတ်လိုက်ရာ လက်သည်းများမှာ ပိုမိုတောက်ပပြီး အားကောင်းလာလေသည်။

လက်သည်းများသည် ဖြူဖွေးသောအလင်းတန်းအတွင်းသို့ တစ်ရွေ့ရွေ့ဖြင့် ပိုမိုနက်ရှိုင်းစွာ တိုးဝင်သွားလေသည်။

ဤအခြေအနေတွင် ပညာတတ်အရာရှိသည် သူ၏ချပ်ဝတ်တန်ဆာပေါ်ရှိ ကျမ်းစာများမှာ ကြာရှည်ခံတော့မည်မဟုတ်ကြောင်း သိရှိသွားချေသည်။

ပညာတတ်အရာရှိသည် စက္ကူထီးကို သိုလှောင်ရေးပစ္စည်းအတွင်းသို့ အမြန်သိမ်းဆည်းလိုက်ပြီး စက္ကူဓားတစ်စင်းကို ထုတ်ယူလိုက်သည်။

သူသည် ဓားသွားကို နောက်သို့လှည့်ကာ လင်းဖန်ရှိရာသို့ ပြန်လည်ထိုးစိုက်ရန် ကြိုးစားလိုက်လေသည်။

ဒုန်း…

လင်းဖန်၏ မူလမြေကြီးခံတပ်သည် ထိုစက္ကူဓား၏ထိုးစိုက်မှုကို အလွယ်တကူပင် တောင့်ခံထားနိုင်လေသည်။

ဤအရာက ပညာတတ်အရာရှိကို အလွန်အမင်း စိတ်ပျက်ဒေါသထွက်သွားစေချေသည်။

ပညာတတ်အရာရှိသည် နောက်ဆုံးတွင် စိတ်ရှည်သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး လင်းဖန်ကို ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်လေသည်။

“တောက်... သေစမ်း... မင်းက ဘာလို့မသေနိုင်သေးတာလဲ...”

လင်းဖန်သည် ထိုစကားများကို ဂရုမစိုက်ဘဲ လက်သည်းများသည် ပညာတတ်အရာရှိ၏ လည်ပင်းအရေပြားကို ထိတွေ့နိုင်သည်အထိ နက်ရှိုင်းစွာ တိုးဝင်သွားပြီ ဖြစ်ချေသည်။

လင်းဖန်၏လက်သည်းများက သူ၏အရေပြားကို ဖြည်းညှင်းစွာလှီးဖြတ်သွားသဖြင့် ပညာတတ်အရာရှိသည် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။

သူသည် စက္ကူဓားကို အမြန်သိမ်းဆည်းလိုက်ပြီး လူရုပ်သဏ္ဌာန်ခေါက်ထားသော စက္ကူရုပ် ဆယ်ခုခန့်ကို ထုတ်ယူလိုက်လေသည်။

သူသည် မဆိုင်းမတွပင် ထိုစက္ကူရုပ်များကို လင်းဖန်ရှိရာ နောက်ကျောဘက်သို့ ပစ်ပေါက်လိုက်ချေသည်။

ထိုစက္ကူလူရုပ်များသည် ရုတ်တရက် အသက်ဝင်လာသည့်အလား ကိုယ်တိုင်လှုပ်ရှားလာကြသည်။

ယင်းတို့သည် လင်းဖန်၏ကိုယ်ပေါ်သို့ တွယ်ကပ်လာကြပြီး အချို့မှာ လင်းဖန်၏ခြေထောက်များမှတစ်ဆင့် အပေါ်သို့ တွားသွားတက်လာကြလေသည်။

လင်းဖန်၏ပခုံးပေါ်သို့ ရောက်ရှိနေသော အချို့စက္ကူရုပ်များမှာမူ လင်းဖန်၏မျက်လုံးများကို တိုက်ခိုက်ရန် ပြေးတက်လာကြသည်။

လင်းဖန်သည် အခြားရွေးချယ်စရာမရှိသဖြင့် လက်တစ်ဖက်ကိုအသုံးပြုကာ ၎င်းတို့ကိုဖယ်ရှားရန် ကြိုးစားလိုက်ရချေသည်။

သို့သော် ၎င်းတို့သည် သူ၏အရေပြားနှင့် သူဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။

ပညာတတ်အရာရှိသည် ဤအခွင့်အရေးကိုအသုံးချကာ သူ၏လည်ပင်းမှ လင်းဖန်၏လက်သည်းများကို ဖယ်ရှားရန် လက်နှစ်ဖက်လုံးဖြင့် အားကုန်ဆွဲထုတ်လိုက်လေသည်။

သို့သော် လင်းဖန်၏ခွန်အားသည် သူ၏ခွန်အားထက် များစွာသာလွန်နေပေသည်။

ထို့ကြောင့် ပညာတတ်အရာရှိသည် နာကျင်မှုကိုအံတုကာ သူ၏ခန္ဓာကိုယ်ကို အတင်းအကျပ် လှည့်လိုက်သည်။

သူ၏ပခုံးကို လင်းဖန်ဘက်သို့ မျက်နှာမူစေလိုက်ချေသည်။

သူသည် ခြေထောက်များကိုအားပြုကာ သူ၏ပခုံးဖြင့် လင်းဖန်ကို အားကုန်တိုက်မိစေရန် ခုန်ဝင်လိုက်လေသည်။

ထိုစက္ကူရုပ်များကြောင့် စိတ်ရှုပ်ထွေးနေသော လင်းဖန်သည် သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်ကို အသုံးပြုကာ မြူခိုးရိပ်တစ်ခုအဖြစ်သို့ ထပ်မံပြောင်းလဲလိုက်ပြန်သည်။

သူသည် ပညာတတ်အရာရှိ၏တိုက်ခိုက်မှုမှ လျင်မြန်စွာ ရှောင်တိမ်းလိုက်ချေသည်။

လင်းဖန်သည် မြူခိုးအဖြစ်သို့ ပြောင်းလဲသွားသဖြင့် စက္ကူရုပ်များသည်လည်း ဆုပ်ကိုင်ထားနိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ ကြွေကျသွားကြလေသည်။

လင်းဖန်သည် သံတူတစ်စုံကို ထုတ်ယူလိုက်ပြီး ပညာတတ်အရာရှိထံသို့ လွှဲရိုက်လိုက်သည်။

အနီးကပ်တိုက်ပွဲတွင် သံတူများသည် သူ၏လှုပ်ရှားမှုကို နှောင့်နှေးစေလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ပညာတတ်အရာရှိ၏ ဆန်းကြယ်သောစွမ်းရည်များကြောင့် ၎င်းတို့ကိုအသုံးပြုရန် ဖိအားပေးခံလိုက်ရချေသည်။

တောက်ပနေသော မီးတောက်ဝံပုလွေသည် ပညာတတ်အရာရှိထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။

မီးတောက်ဝံပုလွေ ပြေးဝင်လာသည်ကိုမြင်သောအခါ ပညာတတ်အရာရှိသည် စက္ကူရုပ်များကို ထပ်မံ၍ ပစ်ပေါက်လိုက်ပြန်သည်။

သို့သော် ထိုစက္ကူရုပ်များသည် မီးတောက်ဝံပုလွေ၏ ပြင်းထန်လှသောအပူရှိန်နှင့် မီးတောက်များအောက်တွင် ပြာကျသွားသဖြင့် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ခဲ့ကြပေ။

စက္ကူရုပ်အားလုံး ပြာအဖြစ်သို့ပြောင်းလဲသွားချိန်တွင် ပညာတတ်အရာရှိသည် စက္ကူဓားကို အမြန်ထုတ်ယူကာ မီးတောက်ဝံပုလွေကို ထိုးစိုက်လိုက်လေသည်။

သူ၏စက္ကူဓားသည်လည်း ထပ်တူပင်ဖြစ်သွားပြီး မီးတောက်များအကြားတွင် လောင်ကျွမ်းကာ ပြာအဖြစ်သို့ ကြွေကျသွားချေသည်။

ဒုန်း…

မီးတောက်ဝံပုလွေသည် ပညာတတ်အရာရှိ၏ လည်ပင်းကိုကိုက်ခဲရန် ကြိုးစားလိုက်သော်လည်း ချပ်ဝတ်တန်ဆာပေါ်ရှိကျမ်းစာများမှာ ထပ်မံတောက်ပလာပြီး ၎င်း၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြန်သည်။

လင်းဖန်သည် ချက်ချင်းပင် နောက်ကွယ်မှလိုက်ပါလာပြီး သံတူဖြင့် ပညာတတ်အရာရှိ၏ဦးခေါင်းကို အားကုန်ရိုက်ချလိုက်လေသည်။

ဒုန်း…

ဒုန်း…

ဒုန်း…

သူသည် ချပ်ဝတ်တန်ဆာပေါ်ရှိ ကျမ်းစာများ၏စွမ်းအားများ ကုန်ဆုံးသွားပြီး အလင်းတန်းများ တဖြည်းဖြည်းမှေးမှိန်သွားသည်အထိ ဆက်တိုက်ဆိုသလို အားကုန်ရိုက်ချနေချေသည်။

နောက်ဆုံးတွင် ထိုချပ်ဝတ်တန်ဆာသည် မည်သည့်အကာအကွယ်မျှ မပေးနိုင်တော့ဘဲ သံတူများသည် ပညာတတ်အရာရှိ၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားလေသည်။

သံတူများ၏ ရိုက်ခတ်မှုတစ်ခုချင်းစီတိုင်းက ပညာတတ်အရာရှိကို ခဏတာ မိန်းမောတွေဝေသွားစေသည်။

သို့သော် ဝါရင့်စစ်သည်တစ်ဦးပီပီ ပညာတတ်အရာရှိ၏ ရှင်သန်လိုစိတ်က နိုးကြားလာပြီး ခန္ဓာကိုယ်၏တုံ့ပြန်မှုဖြင့် နောက်သို့ အမြန်ခုန်ဆုတ်လိုက်ချေသည်။

ဒေါင်…

လင်းဖန်၏သံတူများသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ကျောက်တုံးများကြေမွကာ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

သူသည် ပညာတတ်အရာရှိထံသို့ ထပ်မံ၍ ခုန်ဝင်လိုက်ပြန်သည်။

သူ ပညာတတ်အရာရှိ၏ရှေ့သို့ ရောက်ရှိသွားချိန်တွင် ပညာတတ်အရာရှိသည် လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး ပါးစပ်ဟလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

သူသည် အားကုန်အော်ဟစ်လိုက်လေသည်။

“ကယ်ကြပါဦး...”

လင်းဖန်သည် သံတူများကို အမြန်သိမ်းဆည်းလိုက်ပြီး လက်တစ်ဖက်ဖြင့် ပညာတတ်အရာရှိ၏ပါးစပ်ကို လှမ်းပိတ်လိုက်ချေသည်။

ဒေါက်…

ဒေါက်…

ဒေါက်…

အတွင်းမှအော်ဟစ်သံကို ကြားလိုက်ရသဖြင့် ကင်းလှည့်စစ်သည်သည် အနီးသို့ချဉ်းကပ်လာပြီး အခြေအနေကို လှမ်းမေးလိုက်လေသည်။

“အရာရှိမင်း... အထဲမှာ အဆင်ပြေရဲ့လား... ကျွန်တော် တစ်ခုခုကြားလိုက်ရသလိုပဲ...”

ပညာတတ်အရာရှိသည် အကူအညီတောင်းရန် ကြိုးစားသော်လည်း အက်ကွဲရှတတ အသံအချို့သာ ထွက်ပေါ်လာနိုင်တော့သည်။

All Chapters