အခန်း ၁၈၆
Vol. 19 Ch. 186
အခန်း (၁၈၆) - ဝံပုလွေဆေးမင်ကြောင်
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ကောင်းကင်ထက်ဝယ် လပြည့်ဝန်းသည် ၎င်း၏ နတ်သဖွယ်အလင်းရောင်ကို ဖြာကျစေလျက်ရှိနေသည်။
နာကျင်စွာ အော်ဟစ်ညည်းတွားသံများက အေးစက်လှသော မြောက်ပြန်လေ၏ ဟိန်းဟောက်သံကိုပင် လွှမ်းမိုးသွားချေသည်။
တောအုပ်အတွင်းရှိ သားရဲတိရစ္ဆာန်များပင် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဟိုမင်သည် ခြုံခိုတိုက်ခိုက်မည့်နေရာသို့ အပြေးမသွားမီ တိမ်တိုက်များက လမင်းကို ဖုံးကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
လင်းဖန်သည် ဟိုမင်၏ကျောပြင်က တဖြည်းဖြည်း ဝေးကွာသွားသည်ကို စောင့်ကြည့်နေလေသည်။
ဟိုမင်သည် ရန်သူများမရိပ်မိဘဲ တောအုပ်၏အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသောအခါမှသာ လင်းဖန်သည် သက်ပြင်းချနိုင်တော့သည်။
ထို့နောက် သူသည် မိစ္ဆာသားရဲအမြုတေ အဆောင်ဆွဲပြားကိုအသုံးပြုကာ မီးတောက်သမင်အဖြစ် အသွင်ပြောင်းလိုက်သည်။
သူတို့ ပုန်းကွယ်နေသော ခြုံပုတ်နောက်ကွယ်မှထွက်လာပြီး စစ်တပ်ကင်းစခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားချေသည်။
ဟူလူမျိုးနွယ်စုမှစစ်သည်များသည် တန်ဖိုးရှိသောပစ္စည်းများကို ရှာဖွေရန် စစ်တပ်ကင်းစခန်း၏ နေရာအနှံ့ကို မွှေနှောက်နေကြသဖြင့် သူ့ကို သတိမထားမိကြချေ။
လင်းဖန်သည် သားရဲတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့်ဝေ့ဝဲကြည့်ရင်း ဟူလူမျိုးနွယ်စု စစ်သည်များကို အကဲခတ်လိုက်သည်။
လူဆယ်ယောက်သာရှိပြီး အများစုမှာ ပါးလွှာသောချပ်ဝတ်များနှင့် သားရေအချို့ကိုသာ ဝတ်ဆင်ထားကြသည်။
လူတစ်ယောက်တည်းသာ ဟူလူရှီပိုင်ဝတ်ဆင်ထားသကဲ့သို့ ထူထဲသောချပ်ဝတ်နှင့် တန်ဖိုးကြီးသားရေများကို ဝတ်ဆင်ထားချေသည်။
သူသည် အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရပြီး လင်းဖန်တို့အဖွဲ့ လုပ်ဆောင်ခဲ့သကဲ့သို့ ရဲတိုက်၏နောက်ကွယ်မှ တိတ်တဆိတ်ကျူးကျော်ဝင်ရောက်ရန် တာဝန်ပေးအပ်ခြင်းခံရသော အထူးစစ်သည်တစ်ဦး ဖြစ်နိုင်ပေသည်။
စစ်သည်တစ်ဦးက ဆောင့်ကြောင့်ထိုင်ကာ သေဆုံးသွားသော ချွမ်စစ်သည်တစ်ဦး၏ပစ္စည်းများအား မွှေနှောက်နေသည်ကိုမြင်သောအခါ လင်းဖန်သည် တောက်လောင်နေသောဦးချိုများဖြင့် ထိုစစ်သည်ထံသို့ ဦးတည်တိုက်ခိုက်လိုက်သည်။
ထိုစစ်သည်က သူ့ကို ဆဲရေးတိုင်းထွာကာ ဓားဖြင့်ခုတ်ပိုင်းရန် ကြိုးစားလေသည်။
သို့သော် လင်းဖန်က လမ်းလွှဲကာ အခြားစစ်သည်တစ်ဦးကို ဝင်တိုက်လိုက်သည်။
အခြားစစ်သည်ကလည်း ဓားကိုဆွဲထုတ်ကာ လင်းဖန်နောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။
အဖွဲ့ခေါင်းဆောင်က လင်းဖန်နောက်သို့လိုက်ရင်း ဟန်ချက်ပျက်နေကြသော စစ်သည်များကိုကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။
“ဟားဟားဟား... မင်းတို့လို ငတုံးတွေက မီးတောက်သမင်တစ်ကောင်ကိုတောင် မဖမ်းနိုင်ကြဘူးလား...”
နောက်တစ်ခဏ၌ လင်းဖန်က ရုတ်တရက်လှည့်ကာ အဖွဲ့ခေါင်းဆောင်ထံသို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ချေသည်။
ဝုန်း…
မီးလုံးက အဖွဲ့ခေါင်းဆောင်ကို တိုက်ရိုက်ထိမှန်သွားပြီး သူ၏ မျက်နှာတစ်ခုလုံး မည်းတူးသွားစေသည်။
အခြားစစ်သည်များက ထိုမြင်ကွင်းကိုမြင်သောအခါ ရယ်သံကို အတင်းအကျပ် အောင့်ထားကြရသည်။
အဖွဲ့ခေါင်းဆောင်က အော်ဟစ်ကာ လင်းဖန်ထံသို့ ပြေးဝင်လာလေသည်။
“ဘာစောင့်နေကြတာလဲ... အဲဒီမီးတောက်သမင်ကိုဖမ်းစမ်း...”
လင်းဖန်သည် ဟိုမင် ခြုံခိုတိုက်ခိုက်မည့်နေရာဆီသို့ ဦးတည်ကာ ထွက်ပြေးရင်း သူတို့ကို မျှားခေါ်သွားလေသည်။
သူတို့သည် အစီအစဉ်အတိုင်း နောက်ကွယ်မှ လိုက်ပါလာကြသည်။
သူတို့ အနီးသို့ ရောက်ရှိလာသောအခါမှသာ အဖွဲ့ခေါင်းဆောင်သည် တစ်ခုခုမှားယွင်းနေကြောင်း ရိပ်မိသွားတော့သည်။
အဖွဲ့ခေါင်းဆောင်သည် ချက်ချင်းပင်လှည့်ပြန်ကာ စစ်တပ်ကင်းစခန်းဆီသို့ ဦးတည်ပြေးသွားချေသည်။
လင်းဖန်သည် ထိုအရာကို မြင်တွေ့လိုက်သော်လည်း ကျန်ရှိနေသောစစ်သည်များအား အရင်ဆုံးသုတ်သင်ရန် ဆုံးဖြတ်လိုက်သည်။
ဂိုဏ်းတူအစ်ကိုကြီး ဟွမ်ယွမ်ခွန်းက သူ့ကို တားဆီးထားနိုင်လိမ့်မည်ဖြစ်ကြောင်း လင်းဖန် တွေးလိုက်မိသည်။
သူသည် သတ်မှတ်ထားသောနေရာသို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး စစ်သည်များဘက်သို့လှည့်ကာ ရင်ဆိုင်လိုက်သည်။
စစ်သည်များသည် သူတို့ရှေ့ရှိ မီးတောက်သမင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
“ဒီမီးတောက်သမင်က ငါတို့ကို တစ်ယောက်တည်း ရင်ဆိုင်ချင်နေတဲ့ပုံပဲ...”
“ငါပဲ သူ့ကိုသတ်ပြီး သားရေကို ယူလိုက်မယ်...”
“ဒီမီးတောက်သမင်က ငါရင်ဆိုင်ခဲ့ဖူးတဲ့ ချွမ်စစ်သည်တွေထက်တောင် ပိုပြီးသတ္တိရှိသေးတယ်...”
စစ်သည်များသည် ပြက်လုံးထုတ်ကာရယ်မောရင်း မီးတောက်သမင်ကို ဝိုင်းရံလိုက်ကြသည်။
သို့သော် မီးတောက်သမင်က လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်ကိုမြင်လိုက်ရသောအခါ သူတို့၏ရယ်သံများမှာ ရုတ်တရက်ရပ်တန့်သွားတော့သည်။
“နေဦး... ဒါက ဘာကြီးလဲ...”
သူတို့ သတိမထားမိခင်မှာပင် ထိုလူသားက လေထဲသို့ခုန်တက်ကာ သံတူတစ်စုံဖြင့် သူတို့ထဲမှတစ်ဦးကို အသားစိမ်းဖတ်ဖြစ်အောင် ရိုက်ချလိုက်ချေပြီ။
လင်းဖန်သည် သံတူပေါ်မှ သွေးများကိုခါထုတ်ရင်း နောက်ထပ် ပစ်မှတ်ထံသို့ ဦးတည်လိုက်သည်။
ဟိုမင်သည်လည်း စစ်သည်များ၏နောက်ကွယ်မှ မိုးကြိုးပေါက်ကွဲခြင်းဓားသိုင်းဖြင့် ထွက်ပေါ်လာချေသည်။
ပြင်းထန်သောပေါက်ကွဲမှုကြောင့် စစ်သည်များ၏ခြေထောက်များ ပြတ်ထွက်သွားပြီး မလှုပ်ရှားနိုင်တော့ချေ။
သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ပြီးနောက် လင်းဖန်သည် စစ်တပ်ကင်းစခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
ရင်းနှီးသောအသံတစ်ခုက သူ၏စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်...]
[ကလဲ့စားချေအမှတ် + ၁၅၀...]
[လက်ရှိ ကလဲ့စားချေအမှတ် - ၁၆၀၀]
“ဟိုမင်... မြန်မြန်လုပ်... အဖွဲ့ခေါင်းဆောင်လှည့်ပြန်သွားတာကို ငါ မြင်လိုက်တယ်...”
ဟိုမင်က ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ဦးသည် စစ်တပ်ကင်းစခန်းဆီသို့ ဦးတည်လိုက်ကြသည်။
…
အရပ်နှစ်မီတာခန့်မြင့်မားသော အဖွဲ့ခေါင်းဆောင်၏ တောင့်တင်းလှသော လက်မောင်းနှစ်ဖက်လုံးတွင် ဝံပုလွေဆေးမင်ကြောင်များကို ရေးထိုးထားချေသည်။
ဟွမ်ယွမ်ခွန်းသည် ဓားကိုကိုင်စွဲကာ အခြားသူများ၏ရှေ့တွင် မတ်တတ်ရပ်နေသည်။
သူက လှည့်၍ သူတို့ကို တစ်ချက် ကြည့်လိုက်သည်။
သူက ဝံပုလွေဆေးမင်ကြောင်ရှိသူကို တိုက်ခိုက်သည့်အချိန်တွင် ထွက်ပြေးကြရန် အချက်ပြလိုက်သည်။
နောက်တစ်ခဏ၌ သူသည် ဝံပုလွေဆေးမင်ကြောင်ရှိသူထံသို့ပြေးဝင်ကာ ချင်ဖုန်းဓားသိုင်းမှ လေပွေမုန်တိုင်းတိုက်ကွက်ဖြင့် ဓားကို ထိုးသွင်းလိုက်လေသည်။
ဝေါင်း…
ဝံပုလွေဆေးမင်ကြောင်ရှိသူက ဟိန်းဟောက်ကာ သူ၏ လက်မောင်းများကိုအသုံးပြု၍ လေပွေမုန်တိုင်းတိုက်ကွက်ကို ပယ်ဖျက်လိုက်သညိ။
လမင်း၏ အလင်းရောင်အောက်တွင် သူ၏ လက်မောင်းများက တောက်ပစွာ လင်းလက်လာသည်။
သူ၏ လက်မောင်းများသည် အလင်းပြန်သော မှန်မျက်နှာပြင်ကဲ့သို့ လေပွေမုန်တိုင်းကို လမ်းလွှဲပစ်လိုက်ချေသည်။
ဝံပုလွေဆေးမင်ကြောင်ရှိသူသည် ဟွမ်ယွမ်ခွန်းကိုလျစ်လျူရှုကာ လိုင်ချင်းကိုကျောပိုးထားသော လိုင်မင်ထံသို့ ပြေးဝင်သွားတော့သည်။
ဟွမ်ယွမ်ခွန်းက တားဆီးရန်ကြိုးစားသော်လည်း ဝံပုလွေဆေးမင်ကြောင်ရှိသူ၏ အရှိန်က အလွန်မြန်လွန်းလှသည်။
“အား...”
လိုင်မင်က နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်တွင် လိမ့်ဆင်းသွားချေသည်။
လိုင်ချင်းသည်လည်း ပြုတ်ကျသွားပြီး တူညီသောကံကြမ္မာကို ကြုံတွေ့ရလေသည်။
သူတို့နှစ်ဦးလုံး ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ကြသဖြင့် မြေပြင်ပေါ်တွင် သွေးလမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။
ကျောက်ကျားရွေ့က ဓားကိုဆွဲထုတ်ကာ ဝံပုလွေဆေးမင်ကြောင်ရှိသူထံသို့ ထိုးစိုက်လိုက်သည်။
“နင်...”
ဝံပုလွေဆေးမင်ကြောင်ရှိသူက သူမ၏ဓားကို ဘေးသို့ ပယ်ထုတ်လိုက်ပြီး ရင်ဘတ်ကို တည့်တည့် ကန်ပစ်လိုက်သည်။
သူမသည် လေထဲသို့ လွင့်စင်သွားတော့သည်။
ဝံပုလွေဆေးမင်ကြောင်ရှိသူက ထရန်ကြိုးစားနေသော်လည်း မထနိုင်တော့သော ကျောက်ကျားရွေ့ကိုကြည့်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ငါက ဒီလို ဒေါသကြီးတဲ့မိန်းမတွေကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး...”
ထိုစဉ် ဟွမ်ယွမ်ခွန်းက ဝံပုလွေဆေးမင်ကြောင်ရှိသူ၏လည်ပင်းထံသို့ ဓားဖြင့် ထိုးသွင်းလိုက်ပြန်သည်။
သို့သော် ဝံပုလွေဆေးမင်ကြောင်ရှိသူက ဘေးသို့တစ်လှမ်းဆုတ်ကာ အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
သူ၏ လက်မောင်းများသည် လမင်းကဲ့သို့ တောက်ပသောအလင်းရောင်များ ဖြာထွက်လာပြီး ဟွမ်ယွမ်ခွန်း၏ဓားကို သာမန်အရာတစ်ခုကဲ့သို့ လက်ဖြင့် ဖမ်းဆုပ်လိုက်ချေသည်။
ဟွမ်ယွမ်ခွန်းက ဓားကိုပြန်လည်ဆွဲထုတ်ရန် ကြိုးစားသော်လည်း မရချေ။
ဝံပုလွေဆေးမင်ကြောင်ရှိသူ၏ ခွန်အားက သူ့ထက် သာလွန်နေပေသည်။
သူက လက်ကိုခါလိုက်သောအခါ ဓားသည် ယပ်တောင်အဖြစ် ပြောင်းလဲသွားသည်။
ဝံပုလွေဆေးမင်ကြောင်ရှိသူသည် အံ့အားသင့်သွားသော်လည်း ဟွမ်ယွမ်ခွန်း၏လည်ပင်းကို လျင်မြန်စွာညှစ်ကာ မြှောက်တင်လိုက်ချေသည်။
အဟွတ်…
အဟွတ်…
ဟွမ်ယွမ်ခွန်းသည် ဝံပုလွေဆေးမင်ကြောင်ရှိသူ၏ လည်ပင်းညှစ်ထားမှုကြောင့် အသက်ရှူကြပ်ကာ ချောင်းဆိုးလာတော့သည်။
ဟူထော်သည် မတ်တတ်ရပ်လိုက်ပြီး ဆုတောင်းနေသကဲ့သို့ လက်နှစ်ဖက်ကို စုစည်းလိုက်သည်။
သူသည် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီ ဖြစ်သည်။
ဟွမ်ယွမ်ခွန်းက ၎င်း၏အဓိပ္ပာယ်ကို သိရှိသဖြင့် ခေါင်းခါပြလိုက်သည်။
သို့သော် ဟူထော်သည် မျက်လုံးများကိုမှိတ်လိုက်ပြီး သူ၏သိုင်းကွက်ကို စတင်ရန် ပြင်ဆင်လိုက်တော့သည်။