← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း (၁၈၉) - လိုက်လံဖမ်းဆီးခြင်း

တောက်ပသော လမင်းအလင်းရောင်အောက်တွင် တောင်ကုန်းစွန်း၌ လူရိပ်များပေါ်လာသည်ကို လင်းဖန်မြင်လိုက်ရသောအခါ သူသည် မှောင်ရိပ်ထဲတွင် ကိုယ်ယောင်ဖျောက်လိုက်လေသည်။

သူသည် မီးတောက်သမင်အဖြစ် အသွင်ပြောင်းလဲကာ ၎င်းတို့ အနီးသို့ ချဉ်းကပ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

လင်းဖန်နှင့် အခြားသူများကိုဖမ်းဆီးရန်အတွက် တောင်ကုန်းပေါ်မှဆင်းလာသော လူတစ်စုမှာ ဆယ်ယောက်ခန့် ရှိချေသည်။

၎င်းတို့အားလုံးသည် ပေါ့ပါးသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး သားရေစုတ်အချို့ကိုသာ ပတ်ထားကြသည်။

၎င်းတို့၏ပုံပန်းသဏ္ဌာန်မှာ လင်းဖန် ယခင်က ရင်ဆိုင်ခဲ့ဖူးသော စစ်သည်များနှင့် တူညီနေပေသည်။

၎င်းတို့ကို အလွယ်တကူရင်ဆိုင်နိုင်သောကြောင့် ဤအခြေအနေမှာ လင်းဖန်အတွက် သတင်းကောင်းတစ်ခုပင် ဖြစ်သည်။

စစ်သည်တစ်ဦး ဖြတ်လျှောက်သွားစဉ် မီးတောက်သမင်အသွင်ဖြင့်ရှိနေသော လင်းဖန်ကိုမြင်လိုက်ရသဖြင့် လန့်ဖျတ်သွားလေသည်။

“တောက်... မင်းကို ငါ နောက်မှ အပိုင်းပိုင်းပိုင်းပြီး ကင်စားပစ်မယ်...”

ထိုစစ်သည်သည် ကျိန်ဆဲရင်း သူ၏လမ်းကို ဆက်လျှောက်သွားသည်။

သူသည် မည်သည့်အရာကိုမျှ သံသယမဝင်မိချေ။

လင်းဖန်သည် သမင်ဦးချိုများကို အသက်သွင်းလိုက်ရာ မှောင်မိုက်သော ညအမှောင်ထုထဲတွင် ရဲရဲတောက် တောက်လောင်လာလေသည်။

စစ်သည်သည် နောက်ကျောဘက်မှ လိမ္မော်ရောင်အလင်းတန်းကို သတိပြုမိသွားပြီး လှည့်ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည့်နောက်ထပ်အရာမှာ သူ၏မျက်နှာဆီသို့ တိုးဝင်လာသော မီးလုံးကြီးတစ်လုံးပင်။

ဝုန်း...

မီးလုံးကြီးပေါက်ကွဲသွားပြီးနောက် ပြင်းထန်လှသောနာကျင်မှုကြောင့် ထိုစစ်သည်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

သူ၏မျက်နှာမှာ ပြင်းထန်စွာလောင်ကျွမ်းသွားပြီး လေထုထဲတွင် အသားကျွမ်းနံ့များ ပျံ့လွင့်သွားချေသည်။

အခြားစစ်သည်များသည် ဘာဖြစ်နေသနည်းဟု လှည့်ကြည့်လိုက်ကြသည်။

၎င်းတို့သည် မီးလောင်နေသော စစ်သည်အနီးသို့ မချဉ်းကပ်နိုင်မီမှာပင် လင်းဖန်က အခြားစစ်သည်များထံသို့ အရှိန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်လိုက်လေသည်။

“ဒါ ဘာကြီးလဲ...”

“အဲဒီ မီးတောက်သမင်ကို ဖမ်းကြ...”

“ဒီကောင်ရူးသွားပြီ... ငါ့ကို ကယ်ကြပါဦး...”

လင်းဖန်၏တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ကြိုးစားစဉ် လင်းဖန်၏ရှေ့တည့်တည့်ရှိ စစ်သည်တစ်ဦးမှာ ဟန်ချက်ပျက်ကာ လဲကျသွားသည်။

လင်းဖန်သည် သူ့ထံသို့ ပြေးဝင်သွားပြီး ခေါင်းကိုငုံ့ကာ ချွန်ထက်သောသမင်ဦးချိုများဖြင့် ထိုစစ်သည်ကို ထိုးကာမြှောက်တင်လိုက်လေသည်။

“အား...”

စစ်သည်၏လည်ပင်းနှင့် ဝမ်းဗိုက်တို့မှာ သမင်ဦးချိုများဖြင့် ထိုးဖောက်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ သွေးများ တစက်စက် စီးကျလာချေသည်။

ထို့နောက် လင်းဖန်သည် ခေါင်းကိုခါယမ်းကာ ထိုစစ်သည်ကို အမှိုက်စုတ်တစ်ခုကဲ့သို့ ဦးချိုပေါ်မှ ခါချပစ်လိုက်သည်။

ကင်းထောက်အဖွဲ့ခေါင်းဆောင်က အော်ဟစ်ညွှန်ကြားလိုက်သည်။

“ဝိုင်းထားကြ...”

သို့သော် လင်းဖန်က ၎င်းတို့ကို ထိုသို့လုပ်ဆောင်ခွင့် ပေးမည်မဟုတ်ပေ။

သူသည် အဖွဲ့ခေါင်းဆောင်ထံသို့ နောက်ထပ်မီးလုံးတစ်လုံး ပစ်လွှတ်လိုက်ပြီး ညအမှောင်ထုထဲသို့ ဒုန်းစိုင်းပြေးဝင်သွားလေသည်။

အဖွဲ့ခေါင်းဆောင်သည် မီးလုံးကိုရှောင်တိမ်းရန် ကြိုးစားသော်လည်း ပခုံးကို ထိမှန်သွားချေသည်။

ဤအရာက သူ့ကို ဒေါသပေါက်ကွဲစေပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်လေသည်။

“အဲဒီ မီးတောက်သမင်ကို လွတ်မသွားစေနဲ့...”

သူ၏ ဒေါသတကြီးအမိန့်ပေးသံကြောင့် စစ်သည်များသည် လင်းဖန်ပြေးသွားရာ လမ်းကြောင်းဆီသို့ ကမူးရှူးထိုး လိုက်လံရှာဖွေကြတော့သည်။

ဤအချိန်တွင် လင်းဖန်သည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး စစ်သည်များ ဖြတ်သန်းသွားမည့်အချိန်ကို သစ်ပင်တစ်ပင်၏နောက်ကွယ်မှ စောင့်ဆိုင်းနေလိုက်သည်။

၎င်းတို့အားလုံး သူ့ကို ဖြတ်ကျော်သွားသောအခါ ရုတ်တရက်ပေါ်လာပြီး နောက်ဆုံးမှလိုက်လာသော စစ်သည်၏လည်ပင်းကို လှမ်းညှစ်လိုက်လေသည်။

ထိုစစ်သည်သည် ရုန်းကန်ရန်ကြိုးစားသော်လည်း လင်းဖန်၏ခွန်အားမှာ ကြီးမားလှပေသည်။

လက်သည်းဖြင့် တစ်ချက်ကုတ်ဆွဲလိုက်ရုံဖြင့် ထိုစစ်သည်မှာ ချက်ချင်းပင် အသက်ပျောက်သွားချေသည်။

လင်းဖန်သည် အမှောင်ထုထဲတွင် စစ်သည်များနောက်သို့ ဆက်လက် လိုက်ပါသွားသည်။

“မီးတောက်သမင်က ဘယ်ရောက်သွားတာလဲ...”

“မီးတောက်သမင်ရဲ့ ခြေရာတွေ ပျောက်သွားပြီ...”

“ဟုတ်တယ်... ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလိုပဲ...”

စစ်သည်များသည် ခေါင်းကိုကုတ်ရင်း မီးတောက်သမင် မည်သည့်နေရာသို့ ရောက်သွားသနည်းဟု တွေးတောနေကြသည်။

သူတို့သည် သဲလွန်စများကို ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေသော်လည်း မည်သည့်အရာမျှ ရှာမတွေ့ကြချေ။

နောက်ဆုံးတွင် သစ်ရွက်လှုပ်ရှားသံတစ်ချက်ကို ကြားလိုက်ရသဖြင့် သူတို့၏ ဓားများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။

လင်းဖန်သည် မှောင်ရိပ်ထဲမှ ထွက်လာပြီး ကျောချင်းကပ်ရပ်နေသော စစ်သည်သုံးဦးကို သူ၏လှံဖြင့် တစ်ချက်တည်း ထိုးဖောက်လိုက်လေသည်။

၎င်းတို့သည် နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ကြချေ။

သူသည် လှံကို ပြန်လည်ဆွဲထုတ်လိုက်ပြီး ကျန်ရှိနေသော စစ်သည်များကို သတ်ဖြတ်ရန် လှည့်လိုက်သည်။

စစ်သည်တစ်ဦးသည် လင်းဖန်၏လှံကို ဓားဖြင့်ခုခံရန် ကြိုးစားသော်လည်း လှံသွားမှာ တုန်လှုပ်ခြင်းမရှိဘဲ သူ၏လည်ပင်းတည့်တည့်သို့ တိုးဝင်သွားလေသည်။

“ဒီကောင်က အရမ်းသန်မာတယ်... ပြေးကြ... ဗိုလ်ချုပ် ဟူလူဟားချီကို သွားအကြောင်းကြားကြ...”

စစ်သည်များသည် လူစုခွဲ၍ ထွက်ပြေးရန်ကြိုးစားသော်လည်း လင်းဖန်၏အရှိန်မှာ ပိုမိုမြန်ဆန်လှပေသည်။

သူသည် ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုကာ ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်လိုက်သည်။

“မီးတောက်သမင်တစ်ကောင်ကိုရှင်းရတာ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ...”

အဖွဲ့ခေါင်းဆောင်သည် အနီးသို့ချဉ်းကပ်လာရင်း ပြောလိုက်သည်။

လင်းဖန်သည် လှံကို လျင်မြန်စွာသိမ်းဆည်းလိုက်ပြီး မီးတောက်သမင်အဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။

အဖွဲ့ခေါင်းဆောင်သည် သူ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဆွံ့အသွားလေသည်။

“မင်း...”

သူ၏ လူများအားလုံး သေဆုံးနေကြပြီ ဖြစ်သည်။

မီးတောက်သမင်တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင်။

သူ၏ စစ်သည်အများစုမှာ ကျွမ်းကျင်သော မုဆိုးကောင်းများဖြစ်ကြသဖြင့် ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်းဟု သူ တွေးတောနေမိသည်။

အဖွဲ့ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် သူ၏ဓားကောက်ကို ဆွဲထုတ်ကာ လင်းဖန်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။

သူ့ကို အံ့အားသင့်စေသည်မှာ လင်းဖန်သည် လှည့်၍ တောင်စောင်းအတိုင်း အောက်သို့ ပြေးဆင်းသွားခြင်းပင်။

ဤအချိန်တွင် အဖွဲ့ခေါင်းဆောင်သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားနိုင်တော့ပေ။

သူသည် ထိုမီးတောက်သမင်ကို သေစေချင်ရုံသာ ရှိတော့သည်။

ထို့ကြောင့် သူသည် လင်းဖန်နောက်သို့ တောင်စောင်းအတိုင်း လိုက်လံဖမ်းဆီးတော့သည်။

သို့သော် မီးတောက်သမင်သည် ဤမြေပြင်အနေအထားတွင် လျင်မြန်ဖြတ်လတ်လှပေသည်။

အကွေ့တစ်ခုသို့ရောက်သောအခါ အဖွဲ့ခေါင်းဆောင်သည် မီးတောက်သမင်ကို မျက်ခြေပြတ်သွားလေသည်။

အဖွဲ့ခေါင်းဆောင်သည် အံကြိတ်ရင်း အော်ဟစ်လိုက်သည်။

“ဘယ်မှာ ပုန်းနေနေ... ထွက်ခဲ့စမ်း...”

သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သစ်ပင်များ၊ ခြုံပုတ်များနှင့် မှောင်မိုက်သော အရိပ်များမှလွဲ၍ မည်သည့်အရာကိုမျှ မတွေ့ရချေ။

လင်းဖန်သည် သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင်ပုန်းကွယ်ကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေလိုက်သည်။

မကြာမီမှာပင် အဖွဲ့ခေါင်းဆောင်သည် ဖြတ်လျှောက်သွားရာ လင်းဖန်က သူ၏လည်ပင်းကို လှမ်းဖမ်းလိုက်လေသည်။

အဖွဲ့ခေါင်းဆောင်သည် အကူအညီတောင်းရန်ကြိုးစားသော်လည်း လင်းဖန်က သူ၏လည်ချောင်းကို အရင်ဦးဆုံး ဆွဲဖြဲပစ်လိုက်ပြီ ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်၏အဆုတ်ထဲမှ လေနှင့် သွေးများ ပန်းထွက်လာသဖြင့် လေတိုးသံမျှသာ ထွက်ပေါ်လာတော့သည်။

လင်းဖန်သည် ၎င်းတို့ကို ပင်မလမ်းကြောင်းမှ ဝေးရာသို့ဆွဲဆောင်ခေါ်ယူကာ လူသူကင်းဝေးသောနေရာများတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဤလုပ်ရပ်က အဖွဲ့အတွက် အချိန်ပိုမိုရရှိစေလိမ့်မည်ဟု သူ မျှော်လင့်မိသည်။

ထို့နောက် လင်းဖန်သည် ပင်မလမ်းကြောင်းသို့ ပြန်ပြေးသွားပြီး မျက်နှာမီးလောင်နေသောစစ်သည်ကို ရှင်းလင်းပစ်လိုက်သည်။

သူသည် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေရန်အတွက် ထိုစစ်သည်၏အလောင်းကို အခြားသူများရှိနေသည့်နေရာနှင့် ဆန့်ကျင်ဘက်အရပ်သို့ စနစ်တကျ စွန့်ပစ်လိုက်လေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် အခြားသူများနှင့်ပူးပေါင်းရန် လမ်းအတိုင်း လျင်မြန်စွာ ပြေးဆင်းသွားသည်။

မီးတောက်သမင်အဖြစ်ပြောင်းလဲရန် အဆောင်ဆွဲပြားကိုအသုံးပြုခြင်းက သူ၏ ချီစွမ်းအင်အချို့ကို ပြန်လည်ကောင်းမွန်စေခဲ့သည်။

သို့သော် သူ၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်အနည်းငယ်သာ ကျန်ရှိတော့သဖြင့် များပြားလှသည်တော့ မဟုတ်ပေ။

ရှစ်ကွက်အင်း သားရဲအသွင်ပြောင်းတိုက်ကွက်ကို တစ်ကြိမ်နှင့် ဆယ်ဦးအုပ်ချုပ်သူစွမ်းရည်ကို တစ်ကြိမ်သာ အသုံးပြုရန် လုံလောက်ပေသည်။

သူသည် အနည်းဆုံးသော ချီစွမ်းအင်နှင့် ခွန်အားကို အသုံးပြု၍ ဟူလူမျိုးနွယ်စု စစ်သည်များ၏ လိုက်လံဖမ်းဆီးမှုကို အချိန်ဆွဲထားရမည် ဖြစ်သည်။

လင်းဖန်သည် အဖွဲ့ကို နောက်ဆုံးတွင် လှမ်းမြင်လိုက်ရသောအခါ ဟူထော်၏အသံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ...”

“ငါပါ... လင်းဖန်...”

ဟူထော်သည် လင်းဖန်၏ ပခုံးကျော်မှ လှမ်းကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရချေ။

ထို့နောက် သူသည် လင်းဖန်ကို ခေါင်းညိတ်ပြလိုက်သည်။

“ပြန်လာတာ ကြိုဆိုပါတယ်ကွာ...”

All Chapters