← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) - မီးတောက်လင်းတ

အခြားအဖွဲ့ဝင်များက လင်းဖန်ကို မြင်လိုက်ရသောအခါ သူ ဒဏ်ရာမရရှိခဲ့သဖြင့် ဝမ်းသာသွားကြလေသည်။

ဟိုမင်က သူ့ကို ခေါင်းညိတ်ပြပြီး လက်မထောင်ပြလိုက်သည်။

ဤအမူအရာမှာ အလွန်ကောင်းမွန်ကြောင်း ဖော်ပြသည့်အဓိပ္ပာယ်ရှိသည်ကို လင်းဖန်ထံမှ သူ သင်ယူထားခြင်း ဖြစ်ပေသည်။

အဖွဲ့ထဲမှ အခြားသူများမှာမူ ထိုအရာကမည်သည့်အဓိပ္ပာယ်မှန်း မသိကြသော်လည်း လိုက်ပါလုပ်ဆောင်ကာ လက်မထောင်ပြကြလေသည်။

လင်းဖန်က သူတို့နောက်ကွယ်မှ လမ်းကြောင်းကို ပြန်လည်ကြည့်ရှုရင်း ပြောလိုက်သည်။

“ကောင်းပြီ... ငါတို့မှာ အချိန်အများကြီးမကျန်တော့ဘူး... ငါတို့ မြန်မြန်သွားကြတာ ပိုကောင်းလိမ့်မယ်... ကင်းထောက်အဖွဲ့တစ်ဖွဲ့ ပျောက်သွားတာကို သူတို့တွေ လွယ်လွယ်လေး လျစ်လျူရှုထားမှာမဟုတ်ဘူး...”

လိမ္မော်ရောင် အလင်းစက်များ ပေါ်ထွက်လာသည်ကို သူတို့မြင်တွေ့လိုက်ရသဖြင့် လင်းဖန်၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သက်သေပြနေပေသည်။

ဤအရာများမှာ ကင်းထောက်အဖွဲ့ကို လိုက်လံရှာဖွေနေသည့် ဟူလူမျိုးနွယ်စုစစ်သည်များ ကိုင်ဆောင်ထားသော မီးတုတ်များ ဖြစ်နိုင်ချေရှိသည်။

သူတို့သည် အလျင်အမြန်ပင် လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ပြေးကြလေသည်။

တစ်နာရီခန့် ပြေးလွှားပြီးနောက်တွင်မူ သူတို့သည် ချွမ်စစ်သည်များနှင့် ပထမဆုံး ဆုံတွေ့ရမည့်နေရာသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။

ကြာရှည်လှသောတိုက်ပွဲကြောင့် သူတို့သည် ဆာလောင်မွတ်သိပ်ကာ ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

လိုင်မင်နှင့် လိုင်ချင်းတို့၏မျက်နှာများမှာ စက္ကူကဲ့သို့ဖြူလျော်နေသည်ကို မြင်လိုက်ရသဖြင့် ဟွမ်ယွမ်ခွန်းက အကြံပြုလိုက်သည်။

“ငါတို့မှာ တစ်နာရီပဲ အချိန်ကျန်တော့တယ်... အရင်ဆုံး ခဏလောက် နားကြရအောင်...”

သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများကို သောက်သုံးထားလျှင်ပင် သူတို့၏ ဒဏ်ရာများမှာ သက်သာလာမည့် ပုံမပေါ်ချေ။

သူတို့သည် အရင်ဆုံးအနားယူရန် အမှန်တကယ် လိုအပ်နေပေသည်။

“ငါ ကင်းစောင့်ပေးမယ်...”

လင်းဖန်က ပြောလိုက်သည်။

သူသည် ကင်းစောင့်ရန်အတွက် လမ်းကြောင်းအတိုင်း နောက်သို့ ပြန်လည်လျှောက်လှမ်းသွားလေသည်။

သူသည် အခြားသူများနှင့် မီတာငါးရာခန့်ကွာဝေးသော နေရာသို့ရောက်ရှိသောအခါ ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။

နဖူးပြင်ပေါ်တွင် လခြမ်းပုံသဏ္ဌာန်အမှတ်အသားပါရှိသော ဧရာမဝံပုလွေကြီးတစ်ကောင်သည် သူ့ရှေ့တွင်မတ်တတ်ရပ်လျက် အစွယ်တပြူးပြူးဖြင့် ဟိန်းဟောက်နေချေသည်။

၎င်းသည် သူတို့ရှိရာနေရာသို့ခြေရာခံရန် စေလွှတ်ခြင်းခံထားရသည့် ဝံပုလွေ ဖြစ်ရပေမည်။

သူ၏ စိတ်အာရုံထဲတွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၃၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် လခြမ်းဝံပုလွေကို သုတ်သင်ပါ]

လင်းဖန်သည် အချိန်ဆွဲမနေတော့ဘဲ အဆောင်ဆွဲပြားကိုအသုံးပြုကာ မီးတောက်သမင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

သားရဲတို့၏သဘာဝအတိုင်း လခြမ်းဝံပုလွေသည် မီးတောက်သမင်ထံသို့ အရှိန်အဟုန်ပြင်းစွာ ခုန်အုပ်လိုက်လေသည်။

မီးတောက်သမင်၏ ဦးချိုများပေါ်တွင် တောက်ပသောမီးတောက်များ တောက်လောင်လာပြီး ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရန် တိုးဝင်သွားလေသည်။

လခြမ်းဝံပုလွေ၏နဖူးပေါ်ရှိ အမှတ်အသားမှာ လင်းထိန်သွားပြီး လခြမ်းပုံသဏ္ဌာန်စွမ်းအင်လှိုင်းတစ်ခုသည် မီးတောက်သမင်ထံသို့ ပြင်းထန်စွာပြေးဝင်သွားချေသည်။

လင်းဖန်သည် ဘေးဘက်သို့ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း အချိန်မမီတော့ပေ။

သူသည် လူသားအသွင်သို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလိုက်သဖြင့် လခြမ်းစွမ်းအင်လှိုင်းမှာ သူ၏ မျက်နှာဘေးမှ ကပ်၍ ဖြတ်သန်းသွားလေသည်။

ထိုလှိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

ဝူး...

လခြမ်းဝံပုလွေသည် ဟိန်းဟောက်လျက် လင်းဖန်ထံသို့ ထပ်မံခုန်အုပ်လာပြန်သည်။

လင်းဖန်သည် အဆောင်ဆွဲပြားအတွင်းရှိ မီးတောက်သမင် မိစ္ဆာသားရဲအမြုတေကို မီးပုတ်သင် မိစ္ဆာသားရဲအမြုတေနှင့် အလျင်အမြန် လဲလှယ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လခြမ်းဝံပုလွေ၏ ထက်မြက်လှသောအစွယ်များမှာ လင်းဖန်၏လည်ပင်းနားသို့ ကပ်လာချေပြီ။

ဒုန်း...

၎င်း၏အစွယ်များကို မီးပုတ်သင်၏ခန္ဓာကိုယ်ပေါ်ရှိ ကျောက်ချပ်ဝတ်တန်ဆာက ရုတ်တရက် တားဆီးလိုက်လေသည်။

မီးပုတ်သင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သဖြင့် ၎င်း၏ ဝမ်းဗိုက်မှာ ဖောင်းကားလာသည်။

မကြာမီတွင် ဝမ်းဗိုက်မှာ ပြန်လည်ချပ်ရပ်သွားပြီး ကျောက်ချပ်များ၏ အက်ကွဲကြောင်းများကြားမှ ပူပြင်းလှသောချော်ရည်ပူများ ပန်းထွက်လာလေသည်။

ဝူး...

လခြမ်းဝံပုလွေသည် ချော်ရည်ပူတိုက်ခိုက်မှုကိုရှောင်တိမ်းရန် အလွန်နီးကပ်လွန်းနေသဖြင့် ၎င်း၏ အမွေးအမှင်များမှာ စတင်တောက်လောင်သွားသည်။

လခြမ်းဝံပုလွေသည် ခန္ဓာကိုယ်ပေါ်ရှိမီးတောက်များကို ငြှိမ်းသတ်ရန် မြေပြင်ပေါ်တွင် လူးလှိမ့်ခြင်း မပြုနိုင်မီမှာပင် ၎င်းထံသို့ အရိပ်တစ်ခု ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဝှစ်...

လင်းဖန်သည် ကိုယ်ကိုလှည့်ကာ မီးပုတ်သင်၏အမြီးဖြင့် လခြမ်းဝံပုလွေ၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

ဖုန်း...

မာကျောလှသောကျောက်ချပ်များ ဖုံးလွှမ်းနေသည့်အမြီးသည် ဝံပုလွေ၏ဦးခေါင်းကို ပြင်းထန်စွာထိမှန်သွားလေသည်။

လခြမ်းဝံပုလွေသည် လေထဲသို့လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ကျရောက်ကာ လူးလှိမ့်သွားသည်။

လခြမ်းဝံပုလွေသည် ပြန်လည်ထရပ်လိုက်သောအခါ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ၎င်း၏ဦးခေါင်းကို အပြင်းအထန် ခါယမ်းနေချေသည်။

၎င်းသည် ပြန်လည်သတိဝင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော် လင်းဖန်သည် မီးပုတ်သင်၏ ဧရာမခန္ဓာကိုယ်ကြီးဖြင့် လေထဲသို့ခုန်တက်လိုက်သဖြင့် ၎င်းအပေါ်တွင် ကြီးမားလှသော အရိပ်မည်းကြီးတစ်ခု ဖုံးလွှမ်းသွားလေသည်။

ဒုန်း...

လင်းဖန်သည် မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာပြီး မီးပုတ်သင်၏ လေးလံလှသော ကိုယ်အလေးချိန်အောက်တွင် လခြမ်းဝံပုလွေမှာ ဖိညှပ်ခြင်း ခံလိုက်ရသည်။

လခြမ်းဝံပုလွေသည် ထက်မြက်သောအစွယ်များရှိသည့် ၎င်း၏ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်ရလေသည်။

၎င်းသည် ထရပ်ရန် အစွမ်းကုန်ကြိုးစားသော်လည်း မတတ်နိုင်တော့ပေ။

ထို့နောက် လင်းဖန်သည် မီးပုတ်သင်၏ခြေထောက်ဖြင့် လခြမ်းဝံပုလွေ၏ဦးခေါင်းကို ဆောင့်နင်းလိုက်သည်။

ဒုန်း...

ဒုန်း...

ဗြိ...

အကြိမ်အနည်းငယ်ဆောင့်နင်းပြီးနောက်တွင်မူ လခြမ်းဝံပုလွေ၏ဦးခေါင်းမှာ ကြေမွသွားပြီး နီနီဖြူဖြူ ဦးနှောက်အနှစ်များ ပန်းထွက်လာချေသည်။

လင်းဖန်၏စိတ်အာရုံထဲတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာပြန်သည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ခြင်းအတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၃၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၂၅၀၀]

လင်းဖန်သည် လူသားအသွင်သို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလိုက်သည်။

မီးပုတ်သင် မိစ္ဆာသားရဲအမြုတေအတွင်းတွင် စွမ်းအင်အများကြီး မကျန်တော့ပေ။

သူသည် နောက်ထပ်တိုက်ပွဲအတွက် ၎င်းကို ချွေတာသုံးစွဲရပေမည်။

လင်းဖန်သည် အဖွဲ့ဝင်များရှိရာသို့ အပြေးအလွှားပြန်လာပြီး ပြောလိုက်သည်။

“ထကြတော့... ငါတို့ ဆက်သွားရမယ်...”

သူတို့သည် ထရပ်ကာ ကြိုဆိုမည့်နေရာသို့ ဆက်လက်ထွက်ခွာစဉ် လင်းဖန်က သူ ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

…

စစ်ဘက်ဆိုင်ရာ ကင်းစခန်း…

မုတ်ဆိတ်မွေးထူထူနှင့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် မြေပြင်သို့ ငုံ့ကြည့်နေကြသော စစ်သည်များကို စိုက်ကြည့်နေလေသည်။

သူသည် ဟူလူရှီပိုင်ကဲ့သို့ ဝတ်ဆင်ထားပြီး အအေးဒဏ်မှကာကွယ်ရန် သားမွေးများစွာပါရှိသည့် ခန့်ညားထည်ဝါသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

သူက အော်ဟစ်လိုက်သည်။

“အသုံးမကျတဲ့လူမိုက်တွေ... ချွမ်လူမျိုးလို ငကြောက်နည်းနည်းကိုတောင် မင်းတို့တွေ မကိုင်တွယ်နိုင်ကြဘူးလား...”

သူသည် ကြာပွတ်ကိုထုတ်ယူကာ စစ်သည်တစ်ဦးထံသို့ လွှဲရိုက်လိုက်သည်။

ထိုရိုက်ချက်က စစ်သည်၏ဦးခေါင်းကို ပြတ်ထွက်သွားစေသည်။

အခြားစစ်သည်များမှာမူ တိတ်ဆိတ်စွာဖြင့် အချင်းချင်းကြည့်ရှုနေကြပြီး ဤအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေနေကြသည်။

စစ်သည်တစ်ဦးသည် အနီးသို့ချဉ်းကပ်လာပြီး နောက်ဆုံးအခြေအနေကို တင်ပြလိုက်သည်။

“စစ်သူကြီး ပေါအာစစ်ထီ... လခြမ်းဝံပုလွေကို ထိန်းကျောင်းသူက ဝံပုလွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါပြီ... အသတ်ခံလိုက်ရတာ ဖြစ်နိုင်ပါတယ်...”

လခြမ်းဝံပုလွေမှာ သူ၏ အနှစ်သက်ဆုံး အိမ်မွေးတိရစ္ဆာန်များထဲမှ တစ်ကောင်ဖြစ်သဖြင့် ပေါအာစစ်ထီသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အသုံးမကျတဲ့ကောင်တွေ... မင်းတို့အားလုံးက အသုံးမကျတဲ့ကောင်တွေပဲ...”

သူသည် လှည့်၍ သူ၏လက်ထောက်ကို ကြည့်လိုက်သည်။

လက်ထောက်က ခေါင်းညိတ်ပြပြီး အလျင်အမြန် ထွက်ခွာသွားလေသည်။

ပေါအာစစ်ထီက ပြောလိုက်သည်။

“ငါ မင်းတို့ကို မြေပြင်ကနေ မဖမ်းဆီးနိုင်ရင် ကောင်းကင်ကနေ သုတ်သင်ပစ်မယ်...”

လက်ထောက်သည် သားရေကြိုးတစ်ချောင်းကို ကိုင်ဆောင်လျက် ပြန်လည်ရောက်ရှိလာသည်။

ထိုသားရေကြိုးဖြင့် ချည်နှောင်ထားသည်မှာ နီရဲသောအမွေးအတောင်များရှိသည့် ဧရာမလင်းတကြီးတစ်ကောင် ဖြစ်ပေသည်။

ထိုမီးတောက်လင်းတသည် ဦးခေါင်းမှအမြီးအထိ သုံးမီတာခန့်ရှည်လျားပြီး ၎င်း၏ကျောပေါ်တွင် ထိုင်ခုံတစ်ခု တပ်ဆင်ထားသည်။

ပေါအာစစ်ထီ သည် ၎င်းအပေါ်သို့ တက်စီးလိုက်ပြီး စစ်သည်များကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့အားလုံး ငါ့နောက်ကနေ လိုက်ခဲ့ကြ... ငါ မြေပြင်ပေါ်ကို ပြန်ဆင်းတဲ့အချိန်ကျရင် မင်းတို့တွေ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတာကို မြင်ချင်တယ်...”

“ဟုတ်ကဲ့ပါ စစ်သူကြီး...”

စစ်သည်များက ပြန်လည်ဖြေကြားလိုက်ကြသည်။

ထို့နောက်တွင်မူ မီးတောက်လင်းတသည် ၎င်း၏ အတောင်ပံများကို စတင်ခတ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

အတောင်ပံများ၏အောက်ခြေမှ မီးတောက်များပေါ်ထွက်လာပြီး ပျံသန်းရန်လိုအပ်သော လေပူများကို ထုတ်လွှတ်ပေးလေသည်။

မကြာမီတွင် မီးတောက်လင်းတသည် ကောင်းကင်ယံသို့ပျံတက်သွားပြီး စစ်သည်များသည်လည်း လက်နက်များကိုဆုပ်ကိုင်ကာ အနောက်မှ ပြေးလွှားလိုက်ပါသွားကြတော့သည်။

All Chapters