← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း (၁၇၅) - ရန်ငြိုးကို တစ်ညမသိပ်ခြင်း (၁)

ဓားအိမ်ထဲ ဓားထိုးသွင်းလိုက်သည့် အသံသည် လူတိုင်း၏နားထဲသို့ ပျံ့လွင့်သွားချိန်တွင်မှ အနီးနားရှိလူအားလုံးသည် အိပ်မက်မှ နိုးထလာသကဲ့သို့ သတိပြန်ဝင်လာကြလေသည်။

ခေါင်းနှင့်ကိုယ် အိုးစားကွဲနေသော ယွီလုံအဘိုးအို၏ အလောင်းကိုကြည့်ရင်း သူတို့သည် မယုံကြည်နိုင်ဖြစ်နေကြရပေသည်။ နှစ်ပေါင်းများစွာ ကျန်းဟူလောကတွင် လှည့်လည်ကာ အပြစ်မဲ့သောလူငယ်လေးများကို ဖျက်ဆီးခဲ့သော ဤအဘိုးကြီးသည် သူတို့၏ မျက်စိရှေ့မှောက်တွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီ ဖြစ်၏။

စီယဲ့သည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ချူချင်းကိုလှမ်းကြည့်လိုက်ရာ ချူချင်းသည် ယွီလုံအဘိုးအို၏ အလောင်းရှိရာသို့ လျှောက်လှမ်းသွားသည်ကို မြင်တွေ့လိုက်ရလေသည်။

သူသည် ခေါင်းပြတ်နေသော အလောင်းပေါ်တွင် တစ်ခဏမျှ ရှာဖွေလိုက်ပြီးနောက် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်ချေသည်။

"တကယ်ရှိနေတာပဲ..."

ချူချင်းသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်၏။ ထိုစာအုပ်ငယ်မှာ လက်ဖဝါးခန့်သာရှိပြီး အလွန်ပေါ့ပါးကာ ပါးလွှာလှပေသည်။

စာအုပ်မျက်နှာဖုံးပေါ်တွင် စာလုံးလေးလုံးကို ရေးထွင်းထားသည်ကို တွေ့ရ၏။

‘ပြောင်းပြန်နတ်သိုင်း’

"ပြောင်းပြန်နတ်သိုင်းလား..."

ချူချင်းသည် မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိ၏။ သူသည် ဤသိုင်းအမည်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

"ဂုဏ်ယူပါတယ် သခင်လေးသုံး..."

ဝမ်ခိုင်ယွမ်၏အသံ ထွက်ပေါ်လာပြီး သူသည် ဝမ်ဖျင်ချဲ့နှင့်အတူ ချူချင်းရှိရာသို့ လျှောက်လှမ်းလာကြလေသည်။

ချူချင်းသည် ခပ်ဖွဖွပြုံးလိုက်ရင်း မေးလိုက်၏။

"ဒုတိယသခင်ဝမ်က ဘာလို့ ဒီလိုပြောရတာလဲ... ဘယ်က ပျော်ရွှင်စရာ သတင်းမို့လို့လဲ..."

"သဘာဝကျကျပဲ သခင်လေးသုံးက ယွီလုံအဘိုးအိုကို သုတ်သင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတာပါ... အခုကစပြီး မင်းရဲ့ ဂုဏ်သတင်းက ပိုပြီးတော့ ကျော်ကြားလာတော့မှာပဲ..."

"ဒါ့အပြင် ဒီပြောင်းပြန်နတ်သိုင်းကိုလည်း ရရှိခဲ့သေးတယ်... မကြာခင်မှာ သခင်လေးသုံးရဲ့ ကိုယ်ခံပညာက အဆင့်သစ်တစ်ခုကို ရောက်ရှိသွားမှာ သေချာပါတယ်..."

ဝမ်ခိုင်ယွမ်သည် အလွန်ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ်ပေသည်။

ချူချင်းသည် အခွင့်အရေးကိုဆုပ်ကိုင်ကာ မေးမြန်းလိုက်၏။

"ဒုတိယသခင်ဝမ်က ဒီပြောင်းပြန်နတ်သိုင်းအကြောင်းကို သိထားတာလား..."

"နည်းနည်းပါးပါး ကြားဖူးနားဝရှိပါတယ်..."

ဝမ်ခိုင်ယွမ်သည် ခေါင်းညိတ်လိုက်ပြီး ရှင်းပြလေသည်။

"ကျန်းဟူလောကကြီးက နှစ်ပေါင်းထောင်ချီပြီး အဆက်မပြတ် ပဋိပက္ခတွေနဲ့ လက်ဆင့်ကမ်းလာခဲ့တာကို သခင်လေးသုံး သိထားသင့်ပါတယ်... အတိတ်က အစွမ်းထက်တဲ့ကိုယ်ခံပညာတွေ အများကြီးက ဒီလှိုင်းလုံးတွေကြားထဲမှာ ပျောက်ကွယ်သွားခဲ့ရတာလေ...”

"မိစ္ဆာလမ်းစဉ်ကလူတွေမှာ သွေးပျော်နတ်လက်ဝါးသိုင်း ရှိတယ်... အဲဒါကလည်း ရှေးလူကြီးတွေရဲ့အမွေအနှစ်ကို ပေါင်းစပ်ဖန်တီးထားတာပဲ..."

"ဒီပြောင်းပြန်နတ်သိုင်းကလည်း အဲဒီလိုပါပဲ..."

"တစ်ချိန်က ချန်းချီစက်ဝန်းကျင့်စဉ်လို့ခေါ်တဲ့ ကိုယ်ခံပညာတစ်ခု ရှိခဲ့ဖူးတယ်လို့ ကြားဖူးတယ်... အဲဒီပညာရပ်ကို ကျင့်ကြံအောင်မြင်သွားရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အတွင်းအားတွေက ပြောင်းပြန်စီးဆင်းသွားတတ်တယ်..."

"အဲဒါက အားလှိုင်းမထွက်ခင်မှာ အတွင်းအားကို အရင်ထုတ်လွှတ်နိုင်ပြီး အရပ်မျက်နှာအားလုံးက အင်အားစုတွေကို ဆွဲဆောင်ပြီး ပြိုင်ဘက်ကို ခြေလှမ်းပျက်သွားစေနိုင်တယ်..."

"ဒါပေမဲ့ အချိန်တွေပြောင်းလဲသွားတာနဲ့အမျှ ချန်းချီစက်ဝန်းကျင့်စဉ်က ပျောက်ဆုံးသွားခဲ့တယ်... နောက်ပိုင်းလူတွေက အဲဒီကျင့်စဉ်ရဲ့ အကြွင်းအကျန်တွေကို သူတို့ကိုယ်ပိုင်နည်းတွေနဲ့ ပေါင်းစပ်ပြီး ဒီပြောင်းပြန်နတ်သိုင်းကို တီထွင်ခဲ့ကြတာ..."

ချူချင်းသည် ချန်းချီစက်ဝန်းကျင့်စဉ်ကိုလည်း မကြားဖူးသကဲ့သို့ ပြောင်းပြန်နတ်သိုင်းကိုလည်း တစ်ခါမျှ မကြားဖူးခဲ့ချေ။

သို့သော် ယခုလေးတင် ယွီလုံအဘိုးအိုအသုံးပြုခဲ့သည့် ဆန်းကြယ်သော ကိုယ်ခံပညာမှာ ဤကျင့်စဉ်ဖြစ်လိမ့်မည်ဟု သူခန့်မှန်းလိုက်မိလေသည်။

ထို့ပြင် ထိုအဘိုးကြီးသည် ဤကျင့်စဉ်ကို စတင်လေ့ကျင့်ကာစသာ ရှိသေးပေသည်။

သူသည် သေခါနီးနောက်ဆုံးအချိန်မှသာ ပြောင်းပြန်နတ်သိုင်းကို သူ၏ ကိုယ်ပိုင်ယင်ယန်ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ဤကဲ့သို့ပြင်းထန်လှသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် သေခါနီးအချိန်တွင် စွမ်းအားများပေါက်ကွဲထွက်လာခြင်းမှာ အမြဲအောင်မြင်နိုင်သည်တော့ မဟုတ်ချေ။

အနည်းဆုံးတော့ ယခုတစ်ကြိမ် ယွီလုံအဘိုးအို၏ စွမ်းအားပေါက်ကွဲမှုမှာ ချူချင်း၏အမြင်တွင် အလွန်ပင် ကြမ်းတမ်းလွန်းလှပေသည်။

တိုက်ခိုက်မှုမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ပြင်းထန်ပုံရသော်လည်း အမှန်တကယ်တွင်မူ ဟာကွက်များစွာ ရှိနေခဲ့၏။

ထို့ကြောင့် ချူချင်းက အခွင့်ကောင်းကိုဆုပ်ကိုင်ကာ ဓားတစ်ချက်တည်းဖြင့် ခေါင်းကိုဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအဘိုးကြီး၏ ကိုယ်ခံပညာမှာ စတင်လေ့ကျင့်ကာစသာ ရှိသေးသည်ဟု ခံစားမိသောကြောင့် ချူချင်းသည် အလောင်းပေါ်တွင် စာအုပ်ကိုရှာဖွေရန် စဉ်းစားခဲ့ခြင်းဖြစ်ပြီး မမျှော်လင့်ဘဲ တစ်ခုခုကို တကယ်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ထိုလျှို့ဝှက်ကျမ်းစာအုပ်ကို ရင်ခွင်ထဲသို့ ချက်ချင်းထည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောလိုက်၏။

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

"ဒုတိယအစ်ကို... ဒီညီလေးက ဘယ်သူလဲ..."

ဝမ်ဖျင်ချဲ့သည် အစောကတည်းက စိတ်မရှည်ဖြစ်နေခဲ့ပြီး ယခုသူတို့နှစ်ဦး စကားပြောပြီးသွားသည်ကို မြင်သောအခါမှ အလျင်အမြန် မေးမြန်းလိုက်ခြင်း ဖြစ်၏။

"ငါ မင်းကို မိတ်မဆက်ပေးရသေးဘူးပဲ..."

ဝမ်ခိုင်ယွမ်က ပြုံးလျက် ပြောလိုက်၏။

"ဒါက ဝမ်ရိုလေးရဲ့သူငယ်ချင်း... မကြာသေးခင်ကမှ ရှင်တောက်မြို့ရဲ့ ကျန်းဟူလောကမှာ နာမည်ကြီးလာတဲ့ ဓားရူးသခင်လေးသုံးပဲ..."

"အခု အစ်ကိုကြီးက သူ့ကို ခယ်ရန်ရဲ့ ခင်ပွန်းရွေးချယ်ပွဲ သိုင်းပြိုင်ပွဲကို ဦးဆောင်ပေးဖို့ ဖိတ်ကြားထားတာ..."

"ဒီလိုကိုး..."

ဝမ်ဖျင်ချဲ့က အလျင်အမြန် ပြောလိုက်၏။

"ခုနက ညီလေး ကယ်တင်ပေးလို့သာပေါ့... မဟုတ်ရင် ငါ့အသက်က ဒီနေ့ ဒီနေရာမှာတင် သက်တမ်းစေ့သွားလောက်ပြီ..."

"ဒီလိုကျေးဇူးကြီးကို ငါ့မှာ ပြန်ဆပ်ဖို့ နည်းလမ်းမရှိဘူး... ညီလေး... ငါတို့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်ကြရင် ဘယ်လိုလဲ..."

ချူချင်း၏မျက်လုံးများထဲတွင် အလွန်အမင်း ဇဝေဇဝါဖြစ်သွားရ၏။

သူသည် ဝမ်ခိုင်ယွမ်ကို ကြောင်အစွာ လှမ်းကြည့်လိုက်မိသည်။

ဝမ်ခိုင်ယွမ်သည် ဝမ်ဖျင်ချဲ့ကို အမြန်ဆွဲလိုက်၏။

"တတိယညီ... မမိုက်မဲစမ်းနဲ့... သခင်လေးသုံးက မင်းနဲ့ သွေးသောက်ညီအစ်ကိုတွေ မဖြစ်နိုင်ဘူး..."

ချူချင်းလည်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"စီနီယာ... ကျုပ်ကို မမြှောက်ပါနဲ့..."

"အာ... မင်းက ငါ့ကို မထီမဲ့မြင်ပြုတာလား..."

ဝမ်ဖျင်ချဲ့၏မျက်နှာတွင် နာကျင်ခံစားနေရသည့် အမူအရာများ ပြည့်နှက်သွားလေသည်။

"ငါ့ရဲ့ကိုယ်ခံပညာက မင်းထက် အများကြီးနိမ့်ကျတာတော့ အမှန်ပဲ... ညီလေးက ဆန္ဒမရှိရင်လည်း..."

"မဟုတ်ပါဘူး... တတိယသခင်ဝမ်ကလည်း စကားအရမ်းလွန်သွားပြီ... ကျုပ်က ဘယ်လိုလုပ်နှိမ့်ချရဲမှာလဲ..."

ဝမ်ဖျင်ချဲ့သည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွား၏။

"ဒါဆိုရင်ကောင်းပြီ... ငါတို့ အခုပဲသွားပြီး သစ္စာဆိုကြရအောင်..."

"မထီမဲ့မြင်မပြုရုံနဲ့ ကျုပ်တို့က ချက်ချင်း သွေးသောက်ညီအစ်ကိုတွေ ဖြစ်လို့မရဘူးလေ..."

ချူချင်းသည် ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝမ်ခိုင်ယွမ်ကို အကူအညီတောင်းသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိလေသည်။

ဝမ်ခိုင်ယွမ်သည် ခြောက်ကပ်ကပ်နှစ်ချက်ရယ်လိုက်ပြီး ဝမ်ဖျင်ချဲ့ကို တစ်ချက်ကန်လိုက်၏။

"မင်း ပြန်ရောက်လာတာတောင် အစ်ကိုကြီးကို သွားမတွေ့ရသေးဘူးမလား... အထဲဝင်ပြီး သွားတွေ့လိုက်ဦး..."

ဝမ်ဖျင်ချဲ့သည် ထိုစကားကိုကြားသောအခါ နဖူးကို ဖြတ်ခနဲရိုက်လိုက်၏။

"အဲဒီအရေးကြီးတဲ့ကိစ္စကို မေ့သွားတယ်... ညီလေး... ငါ့ကိုခဏစောင့်ဦး... ငါ အစ်ကိုကြီးကို အရင်သွားတွေ့လိုက်ဦးမယ်... ပြီးရင် မင်းဆီပြန်လာပြီး သစ္စာဆိုကြမယ်..."

ပြောပြီးသည်နှင့် သူသည် အိမ်ထဲသို့ အလျင်အမြန် ပြေးဝင်သွားလေသည်။

ချူချင်းနှင့်ဝမ်ခိုင်ယွမ်တို့သည် နဖူးပေါ်မှချွေးစေးများကို တစ်ပြိုင်နက်တည်း သုတ်လိုက်ကြရပေသည်။

တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ချူချင်းကမေးလိုက်၏။

"သူ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ..."

"အမြဲတမ်း ဒီလိုပါပဲ..."

ဝမ်ခိုင်ယွမ်သည် သက်ပြင်းချလျက် ပြောလိုက်၏။

"ဒါပေမဲ့ ဒါကလည်း အစ်ကိုကြီးကိုပဲ အပြစ်တင်ရမှာ... သူငယ်ငယ်တုန်းက အစ်ကိုကြီးက ပုံပြင်စာအုပ်တွေ အများကြီးဖတ်ပြခဲ့လို့ ဒီလောကမှာ ကျမ်းသစ္စာကျိန်ဆိုတာမျိုး ရှိတယ်ဆိုတာ သူသိသွားခဲ့တာ..."

"ပြီးတော့ သစ္စာဆိုပြီးရင် သွေးမတော်စပ်ပေမဲ့ ညီအစ်ကိုအရင်းတွေ ရှိလာလိမ့်မယ်လို့ သူထင်နေတာ..."

"သူ့မှာ ညီအစ်ကိုတွေများလေ ဘယ်သူမှ သူ့ကိုအနိုင်ကျင့်ရဲမှာ မဟုတ်ဘူးလို့ သူယုံကြည်နေတာ... အဲဒီကတည်းက တစ်ယောက်ယောက်က သူ့ကို နည်းနည်းလေး ကောင်းကောင်းဆက်ဆံရင်ပဲ သူက သစ္စာဆိုချင်နေတော့တာပဲ..."

"ကျွန်တော် အရင်က မပြောခဲ့ဘူးလား..."

"စီချန်က သူ့ဘေးမှာအမြဲလိုက်နေတာ... သူတခြားလူတွေရဲ့ လှည့်စားတာခံရမှာ စိုးရိမ်လို့ပဲ..."

ချူချင်းသည် လော့ချန်အိမ်တော်က ဝမ်ဖျင်ချဲ့၏ဘေးတွင် လူတစ်ယောက် အမြဲထည့်ပေးထားခြင်းမှာ အနည်းငယ်ပိုနေသည်ဟု ယခင်က ထင်မှတ်ခဲ့ပြီး သူ့ကိုစောင့်ကြည့်ရန် စေလွှတ်ထားခြင်း ဖြစ်နိုင်သည်ဟုပင် မကောင်းသောအတွေးများ ဝင်ခဲ့မိသေး၏။

ယခုကြည့်ရသည်မှာ ဝမ်ဖူစန်းသည် အနည်းငယ် ရှေးရိုးစွဲဆန်နေသေးဟန် တူပေသည်။

ဤကဲ့သို့သောလူမျိုး အပြင်ထွက်လျှင် ဘေးတွင် လိမ္မာပါးနပ်သူများ မပါပါက အခြားလူများ၏ ရောင်းစားခြင်းကိုခံရပြီး ရောင်းရငွေကိုပင် ကူညီရေတွက်ပေးနေဦးမည် ဖြစ်၏။

မည်သူမျှ မကြာသေးခင်ကမှ တွေ့ဖူးသည့်လူကို ချက်ချင်းကျမ်းသစ္စာကျိန်ဆိုရန် အတင်းအကျပ် လုပ်ပါမည်နည်း။

ထိုလူသည် တစ်ခဏနေလျှင် အပြင်ပြန်ထွက်လာပြီး မိမိကို အတင်းအကျပ် သစ္စာဆိုခိုင်းဦးမည်ကို တွေးမိကာ ချူချင်းသည် ဝမ်ခိုင်ယွမ်ကို အလျင်အမြန် ပြောလိုက်၏။

"ဒုတိယသခင်ဝမ်... ကျုပ်မှာ အရေးကြီးကိစ္စရှိသေးလို့ အရင်သွားနှင့်မယ်... တတိယသခင်ဝမ််ကိုတော့ ကူညီဖြေရှင်းပေးပါဦး... နှုတ်ဆက်ပါတယ်..."

ပြောပြီးသည်နှင့် သူသည် အပြင်သို့ အလျင်အမြန်ထွက်ခွာသွားရာ ဝတ်စုံဖြူဝတ်လူငယ်တစ်ဦးနှင့် ဖြတ်ကျော်သွားလေသည်။

ထိုဝတ်စုံဖြူဝတ်လူငယ်သည် ချူချင်းထွက်ခွာသွားသည့်ဘက်သို့ အံ့အားသင့်စွာ စိုက်ကြည့်နေပြီး ခြံဝင်းထဲမှမြင်ကွင်းကို ပြန်လည်ကြည့်ရှုလိုက်သောအခါ လန့်ဖျပ်သွားရပေသည်။

သူသည် ဝမ်ခိုင်ယွမ်ကို ဦးစွာအရိုအသေပေးလိုက်ပြီးနောက် စီယဲ့၏အနားသို့ ချဉ်းကပ်သွား၏။

"ဘာတွေ ဖြစ်သွားတာလဲ..."

"ယွီလုံအဘိုးအိုက အခွင့်ကောင်းယူဖို့ ကြိုးစားရင်း အသတ်ခံလိုက်ရတာ..."

စီယဲ့သည် တိုတိုတုတ်တုတ်သာ ပြန်လည်ဖြေကြားလိုက်လေသည်။

"တတိယသခင်က ဒီလောက်တောင် စွမ်းဆောင်နိုင်သွားတာလား..."

စီချန်သည် အလွန်ပင် လေးစားအားကျသွားဟန်ဖြင့် ပြောလိုက်၏။

"သူ့ရဲ့ကိုယ်ခံပညာက ပိုပြီးတော့ တိုးတက်လာပုံရတယ်..."

"တတိယသခင် မဟုတ်ပါဘူး... ဒါပေမဲ့ သူကလည်း တတိယမြောက် သားတစ်ယောက်ပဲ..."

စီယဲ့က ပြောလိုက်၏။

"ခုနက မင်းကိုဖြတ်ကျော်သွားတဲ့သူပဲ..."

စီချန်သည် အလွန်အံ့အားသင့်သွားရလေသည်။

စီချန်သည် အလွန်အံ့အားသင့်သွားပြီး မေးလိုက်၏။

"ဒါဆို သူက ဘာလို့ထွက်ပြေးတာလဲ..."

"မင်းတို့ရဲ့ တတိယသခင်က အရင်အကျင့်ဟောင်း ပြန်ပေါ်လာလို့လေ..."

စီယဲ့၏ အမူအရာမဲ့နေသော မျက်နှာပေါ်တွင် ခဏတာမျှ ပြုံးယောင်သန်းသွားလေတော့သည်။

All Chapters