← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) - ငါ့ကို မထားခဲ့ပါနဲ့ (၁)

"မင်း ဘာလုပ်မလို့လဲ..."

ချောင်ချိုးဖူ၏မျက်နှာသည် ချက်ချင်းပင် အလွန်ကြည့်ရဆိုးသွားလေ၏။ သူ့ရင်ခွင်ထဲမှမိန်းကလေး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ကို သူမြင်နိုင်ပေသည်။

အကယ်၍ အမြန်ဆုံးထွက်မသွားဘဲ သူမ၏ဒဏ်ရာများကို ကုသရန်နေရာမရှာပါက သူမ သေချာပေါက်သေဆုံးသွားလိမ့်မည်။

ထို့ကြောင့် သူသည် ချူချင်းအား အခက်အခဲဖြစ်အောင်လုပ်ရန်ပင် အချိန်မရှိတော့ဘဲ ယခုအချိန်တွင် လင်ဖေးကိုသာ ခေါ်ဆောင်သွားရန် လိုအပ်နေပြီ။

သို့သော် ချူချင်းသည် သာမန်လူမဟုတ်ချေ။ အကယ်၍ သူသာ ထွက်ခွာခွင့်မပြုပါက... ရင်ခွင်ထဲကလူကို သေသည်အထိ ဆွဲခေါ်သွားနိုင်ပေသည်။

ခဏတာမျှ သူ့နဖူးပေါ်ရှိသွေးကြောများပင် ဒေါသကြောင့် တုန်ခါသွားရလေသည်။

ချူချင်းသည် သူ၏ပုံစံကိုကြည့်ကာ အနည်းငယ် စကားမပြောနိုင်ဖြစ်သွားရ၏။

'လက်ဖက်စိမ်းမလေးတစ်ယောက်ရဲ့ လှည့်စားမှုကို ဒီလောက်အထိခံရတာ... အသက်ရှင်နေရတာတောင် ဆန်ကုန်မြေလေးပဲ...'

သို့သော် ချောင်ချိုးဖူသည် ရဲရင့်သူအဖြစ် နာမည်ကျော်ကြားလှသဖြင့် ဟွာမေရန်က သူ့အပေါ်မဟုတ်မမှန် စွပ်စွဲခဲ့သော်လည်း သူတို့နှစ်ဦးလုံးကို ဤနေရာ၌ သတ်ပစ်လိုက်လျှင်ပင် ကိစ္စမရှိချေ။

သို့သော် ချောင်ချိုးဖူသာထွက်သွားပြီး ဤကိစ္စကိုအတည်ပြုလိုက်ပါက... မိမိ၏ဂုဏ်သတင်းသည် လုံးဝပျက်စီးသွားပေလိမ့်မည်။

သခင်လေးသုံးဟူသော ဘွဲ့အမည်မှာ လူသိရှင်ကြားတည်ဆောက်ထားခြင်း ဖြစ်၏။

နောင်တစ်ချိန်တွင် မိမိ၏အမည်ရင်းကို ဖော်ထုတ်သည့်အခါ ချူချင်းဟူသောနာမည်နှင့် ဆက်စပ်နေဦးမည် ဖြစ်ပေသည်။

အထူးသဖြင့် ယခုအချိန်တွင် သူသည် ကောင်းမွန်သောဆက်ဆံရေးများကို တည်ဆောက်နေပြီး ရှေးဦးစွာ နဂါးလှံဖန်းထျန်းရွေ့အား ကြီးမားသော ကျေးဇူးပြုမှုတစ်ခု ပေးအပ်ခဲ့ကာ ယခုအခါ လော့ချန်အိမ်တော်နှင့်လည်း ရင်းနှီးသောနှောင်ကြိုးတစ်ခု တည်ဆောက်ထားပြီး ဖြစ်၏။

ထို့ပြင် ထျယ်ရွှဲ့ခန်းမ‌ဆောင်မှ ထျယ်လင်ယွန်းပင်လျှင် မိမိက သူ့သမီး၏အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိနေပေသည်။

ဤအရာအားလုံးသည် ဇာတ်လမ်းလောက၏ လူမှုဆက်ဆံရေးများ ဖြစ်ကြပြီး ဤကျန်းဟူလောကတွင် တိုက်ခိုက်သတ်ဖြတ်ခြင်းအပြင် လူသားချင်းဆက်ဆံရေးကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။

နောင်တွင် မိမိ၏အမည်ရင်းကို ဖော်ထုတ်လိုက်သည့်အခါ ယနေ့ မိမိပြုလုပ်ခဲ့သမျှ အရာအားလုံးသည် ချူမိသားစုနှင့်ထျန်းဝူမြို့အတွက် ကြီးမားသောအထောက်အပံ့ ဖြစ်လာနိုင်ပေသည်။

ဤကဲ့သို့ သေးငယ်သောကိစ္စတစ်ခုအတွက် 'ကာမရူးသူခိုး'ဟူသော နာမည်ဆိုးအကပ်ခံရပါက အလွန်ပင် နှမြောဖွယ်ကောင်းလှပေသည်။

သို့သော် ဟွာမေရန်ကို လွယ်လွယ်နှင့်လွှတ်ပေးရန်မှာလည်း လုံးဝမဖြစ်နိုင်ပေ။

စိတ်ထဲတွင် အတွေးများလှည့်ပတ်နေစဉ် ချူချင်းက ညင်သာစွာ ပြောလိုက်လေသည်။

"ချောင်သိုင်းသမားကြီးက အရမ်းစိုးရိမ်နေတာပဲ... အထင်အမြင်လွဲမှားမှုတွေကြောင့် ရန်ငြိုးမဖွဲ့မိအောင် ချောင်သိုင်းသမားကြီးနဲ့ စကားအနည်းငယ်ပြောချင်ရုံသက်သက်ပါ..."

"နောက်ဆုံးမှာ အသက်အန္တရာယ်ရှိတဲ့အထိ တိုက်ခိုက်ရမဲ့အခြေအနေမျိုးဆီ မရောက်အောင်ပါ... မတန်ပါဘူး..."

"ပြောပါ..."

ချောင်ချိုးဖူသည် စိုးရိမ်ပူပန်နေသော်လည်း ယခုအချိန်တွင် ချူချင်း၏စကားကို နားထောင်ရမည်ကို သိရှိထားပေသည်။

ရှေးဦးစွာ သူပြောသည်ကိုနားထောင်ပြီးမှသာ ဆုံးဖြတ်ချက်ချရမည် ဖြစ်၏။

"ကျုပ်နဲ့ချောင်သိုင်းသမားကြီးက အကြိမ်နည်းနည်းဆုံတွေ့ခဲ့ဖူးပြီး တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်မသိရင်တောင်မှ အတိုင်းအတာတစ်ခုအထိတော့ နားလည်မှုရှိပါတယ်..."

"ချောင်သိုင်းသမားကြီးက ကျုပ်ကို တဏှာကြောင့်မျက်စိကွယ်ပြီး မိတ်ဆွေရဲ့အမျိုးသမီးကိုမှ အတင်းအကြပ် လုယူမဲ့သူမျိုးလို့ ထင်နေတာလား..."

ချူချင်းက ဤသို့ပြောလိုက်ရာ ချောင်ချိုးဖူသည် မျက်မှောင်ကြုတ်ကာ စကားပြောရန်ပြင်လိုက်သော်လည်း ချူချင်းက ဝင်ရောက်ဖြတ်တောက်လိုက်လေသည်။

"ဒုတိယအချက်အနေနဲ့ ချောင်သိုင်းသမားကြီး... ဒီပတ်ဝန်းကျင်က ခြေရာတွေကို ရှင်းရှင်းလင်းလင်းမြင်ရဲ့လား..."

"အခုလေးတင် ကိုယ်ခံပညာမတတ်ဘူးဆိုတဲ့ လင်ဖေးနဲ့ကျုပ် ဒီနေရာမှာ တိုက်ခိုက်ခဲ့တာပါ..."

"ခင်များနဲ့သူမ နှစ်ပေါင်းများစွာ မတွေ့ရတာကြာပြီဖြစ်လို့ သူမက မင်းရဲ့ငယ်သူငယ်ချင်းလေးလို့ တကယ်ထင်နေတာလား..."

ချောင်ချိုးဖူသည် အပေါ်သို့ရောက်ရှိလာပြီးနောက် အဝတ်အစားများစုတ်ပြတ်ကာ လွင့်စင်သွားသောလင်ဖေးကိုသာ မြင်တွေ့ခဲ့ရပြီး အခြားအရာများကိုမူ လုံးဝသတိမပြုမိခဲ့ချေ။

ချူချင်း၏သတိပေးချက်ကြောင့်သာ ပတ်ဝန်းကျင်တွင် တိုက်ခိုက်ထားသည့် ခြေရာလက်ရာများ ရှိနေသည်ကို သူသတိပြုမိသွားရလေသည်။

"ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... သူမက ကိုယ်ခံပညာမတတ်ရပါဘူး..."

ချောင်ချိုးဖူသည် မိမိဘာသာ ရေရွတ်လိုက်၏။

"ကိုယ်ခံပညာမတတ်တဲ့သူက ကျုပ်ရဲ့လက်ဝါးချက်ကြောင့်နဲ့ အဝတ်အစားတွေပဲ စုတ်ပြတ်သွားရုံရှိမလား..."

"ချောင်သိုင်းသမားကြီး... နောက်ပြောင်မနေတာ အကောင်းဆုံးပဲ..."

ချူချင်းက ညင်သာစွာ ပြောလိုက်လေသည်။

"ဒါ့အပြင် သူမက မင်းကို ဘာတွေပြောထားလဲတော့ ကျုပ်မသိဘူး..."

"ဒီနေ့ ကျုပ် လော့ချန်အိမ်တော်ကတပည့်ကို စေလွှတ်ပြီး ဖိတ်ခေါ်ခဲ့တဲ့သူက ခင်များဖြစ်တာ သေချာတယ်... ဒါဆို ဘာလို့ သူမက ကြယ်ကြည့်စင်မြင့်ကို အရင်ဆုံး ရောက်လာရတာလဲ..."

"ဒါက..."

ချောင်ချိုးဖူသည် ပါးစပ်ဟလိုက်သော်လည်း မည်သို့မျှရှင်းပြ၍ မရနိုင်သည်ကို သတိပြုမိသွား၏။

ထိုစဉ်က ညစာစားချိန်ဖြစ်ပြီး တပည့်ဖြစ်သူက လာရောက်ဖိတ်ကြားရာ သူကသဘောတူညီခဲ့ပြီး ချက်ချင်းသွားရောက်ရန် ပြင်ဆင်ခဲ့ပေသည်။

သို့သော် လင်ဖေးက သူ့အား အလျင်စလိုမလုပ်ရန်တားဆီးခဲ့ပြီး ချူချင်းဖိတ်ခေါ်ခြင်းဖြစ်သဖြင့် အလျင်စလိုသွားရန်မလိုဘဲ ညစာစားပြီးမှ သွားလျှင်လည်း အတူတူပင်ဖြစ်သည်ဟု ပြောခဲ့၏။

ထို့ကြောင့် သူသည် ညစာကို အေးအေးဆေးဆေးစားသောက်လိုက်လေသည်။

သို့သော် ညစာစားပြီးနောက်တွင်မူ လင်ဖေးပျောက်ဆုံးသွားသည်ကို သူတွေ့ရှိခဲ့ရ၏။

ချောင်ချိုးဖူသည် နေအိမ်ပတ်လည်တွင် လိုက်လံရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပေသည်။

ထို့နောက် ချူချင်းကြာရှည်စွာ စောင့်ဆိုင်းနေရမည်ကို စိုးရိမ်သဖြင့် အပြေးအလွှားလာခဲ့ခြင်း ဖြစ်၏။

ထိုအခါမှသာ အစောပိုင်းကမြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။

"နောက်ဆုံးအချက် တစ်ခု..."

ချူချင်းသည် ချောင်ချိုးဖူ၏ရင်ခွင်ထဲရှိ လင်ဖေးကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ဒီနေ့ ခြံဝင်းအပြင်ဘက်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ခဲ့တဲ့သူက မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင် ဟွာမေရန်ဖြစ်တယ်..."

"ကျုပ်က သဲလွန်စတွေနောက်လိုက်ရင်း ခင်များရင်ခွင်ထဲက မိန်းကလေးက နျဲ့ကျင့်ထိုင်ရဲ့လူသတ်သမား ဖြစ်နိုင်ခြေ အရမ်းများနေတာကို တွေ့ရှိခဲ့ရတယ်..."

"ခင်များကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကလည်း ဒီကိစ္စကြောင့်ပဲ..."

"သူမက တစ်လှမ်းဦးပြီး ကျုပ်ကိုသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမရဲ့အရည်အချင်းက မပြည့်မီခဲ့ဘူး..."

"ခင်များရောက်လာတာကို သိတော့မှ ကျုပ်တို့နှစ်ယောက်ကြား ရန်တိုက်ပေးဖို့ အသုံးချခဲ့တာပဲ... သူမရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ ထင်ရှားနေတာပဲ..."

"မဖြစ်နိုင်ဘူး..."

ချူချင်း၏စကားများကို ကြားပြီးနောက် ချောင်ချိုးဖူသည် မသိစိတ်ဖြင့် ခေါင်းခါယမ်းလိုက်မိ၏။

သို့သော် ငြင်းဆိုရန် ခိုင်လုံသော အထောက်အထားမရှိချေ။

ချူချင်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ကျုပ် ပြောစရာရှိတာ အကုန်ပြောပြီးပြီ... ချောင်သိုင်းသမားကြီး ထွက်သွားချင်ရင် အခုပဲ သွားနိုင်ပါတယ်..."

"ဒါပေမဲ့ ဘေးနားကလူက လူလား၊ သရဲလားဆိုတာကိုတော့ သေချာခွဲခြားဖို့ လိုလိမ့်မယ်..."

"ဒါ့အပြင် ချောင်သိုင်းသမားကြီး... ဒီနေ့က ပထမဆုံးအကြိမ်နဲ့..."

"နောက်ဆုံးအကြိမ်ပဲဖြစ်ပါစေ... နောင်တစ်ချိန်မှာ ချောင်သူရဲကောင်းက စိတ်မကြည်မလင်ဖြစ်ပြီး ကျုပ်ကို ရန်ပြုဖို့ ကြိုးစားမယ်ဆိုရင်..."

"ကျုပ် ပြောခဲ့သလိုပဲ... ကျုပ်က ရန်ငြိုးကို တစ်ညမသိပ်ထားတတ်ဘူး... တိုက်ပွဲနဲ့ဖြေရှင်းချင်ရင် ဖြေရှင်းရလိမ့်မယ်... ကြိုသတိမပေးခဲ့ဘူးလို့တော့ မပြောပါနဲ့..."

ချောင်ချိုးဖူသည် အသက်ကိုပြင်းပြင်းရှူကာ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောလိုက်၏။

"ဒီည ငါစိတ်မကြည်မလင်ဖြစ်ပြီး စကားတွေ ပေါ့ပေါ့ဆဆပြောမိသွားပါတယ်..."

"ငါ့ကို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးသုံး..."

"ဒီကိစ္စက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါသေချာစုံစမ်းသွားမှာပါ..."

"သခင်လေးသုံးအတွက် ရှင်းပြချက်တစ်ခု ပေးပါ့မယ်..."

ချူချင်းက လက်ကို ဝှေ့ယမ်းလိုက်လေသည်။

"ရှင်းပြဖို့ မလိုပါဘူး... ခင်များသာ စိတ်ရင်းရှိတယ်ဆိုရင် ဒီနေ့ သူမ အိမ်တော်အပြင်ဘက်မှာ ဘယ်သူနဲ့တွေ့ခဲ့ပြီး ဘာတွေလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာကို စုံစမ်းပြီး ကျုပ်ဆီ သတင်းပို့ပေးပါ..."

"ဒါ့အပြင် နျဲ့ကျင့်ထိုင်က နေရာကောင်း မဟုတ်ဘူး... ခင်များ ဒီမိန်းကလေးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်..."

"သူမကို လမ်းမှန်လျှောက်ဖို့နဲ့ ပြန်လမ်းမရှိတဲ့လမ်းကိုမသွားဖို့ ဖျောင်းဖျသင့်ပါတယ်..."

ဤစကားများကိုကြားရသောအခါ ချောင်ချိုးဖူသည် ချူချင်းအား ချက်ချင်းပင် ဦးညွှတ်လိုက်လေသည်။

"သခင်လေးသုံးရဲ့စကားတွေက အဖိုးမဖြတ်နိုင်ပါဘူး... ကျုပ်ချောင်ချိုးဖူ အမြဲကျေးဇူးတင်နေပါ့မယ်..."

"သွားတော့..."

ချူချင်းသည် ဝတ်ရုံလက်ကိုခါယမ်းကာ လှည့်ထွက်သွား၏။

ချောင်ချိုးဖူသည် ချူချင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ရင်ခွင်ထဲရှိလင်ဖေးကို ရှုပ်ထွေးသောအမူအရာဖြင့်ကြည့်ကာ ခုန်ပျံထွက်ခွာသွားလေသည်။

လမ်းတစ်ဝက်သို့ရောက်သောအခါ သူသည် လက်ချောင်းကိုအသုံးပြု၍ လေချွန်လိုက်၏။

တစ်ခဏအကြာတွင် မြင်းဖြူတစ်ကောင်သည် သူတို့ဆီသို့ အပြေးအလွှားရောက်ရှိလာလေသည်။

ချောင်ချိုးဖူသည် မြေပြင်ကို ပေါ့ပါးစွာနင်းကာ မြင်းပေါ်သို့ ဆင်းသက်လိုက်၏။

ပိုင်ကောသည် ချောင်ချိုးဖူကို သယ်ဆောင်၍ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလေသည်။

ယခုအခါ လော့ချန်အိမ်တော်တွင် ကြာရှည်စွာနေထိုင်ရန် မသင့်တော်တော့ချေ။ ဤနေရာသည် ပြဿနာများဖြင့် ပြည့်နှက်နေသောနေရာတစ်ခု ဖြစ်နေပြီး ချူချင်း၏စကားများကြောင့်လည်း သူသည် လင်ဖေး၏သရုပ်မှန်ကို သံသယဝင်မိသွားရ၏။

အကယ်၍ လင်ဖေးသည် နျဲ့ကျင့်ထိုင်၏လူသတ်သမား ဖြစ်နေပါက ဤကဲ့သို့သောပြဿနာမျိုးကို လော့ချန်အိမ်တော်တွင်ထားခဲ့၍ မဖြစ်နိုင်ပေ။

သူမကို ခေါ်ဆောင်သွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

သူသည် ညအမှောင်ထုကို အခွင့်ကောင်းယူကာ ပိုင်ကောကိုနှင်၍ လော့ချန်အိမ်တော်မှ ထွက်ခွာခဲ့လေသည်။

ခုနစ်မိုင်၊ရှစ်မိုင်ခန့် ခရီးနှင်ပြီးနောက် တောင်ကြားချိုင့်ဝှမ်းတစ်ခုကို ဖြတ်သန်းသွားကြ၏။

ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်သည်ကို မြင်သောအခါမှသာ သူသည် လင်ဖေးကိုပွေ့ချီ၍ မြင်းပေါ်မှ ဆင်းလိုက်လေသည်။

"ပိုင်ကော... ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးပါဦး..."

ပိုင်ကောသည် နှာမှုတ်သံပြုကာ ပတ်ပတ်လည်ကို လှည့်လည်ကြည့်ရှုနေ၏။

ချောင်ချိုးဖူသည် ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေကာ လင်ဖေးကိုလှဲချလိုက်ပြီး သူမ၏သွေးကြောများကို စစ်ဆေးလိုက်၏။

သူမ၏သွေးကြောများအတွင်း အေးစက်သော စွမ်းအင်များ ပြည့်နှက်နေသည်ကို သူတွေ့ရှိလိုက်ရသဖြင့် ဤကဲ့သို့သော ဒဏ်ရာမျိုးသည် သာမန်အမျိုးသမီးတစ်ဦးဖြစ်ပါက သေချာပေါက်သေဆုံးသွားပြီး ဖြစ်ပေလိမ့်မည်။

သို့သော် လင်ဖေး၏ခန္ဓာကိုယ်အတွင်း၌မူ အတွင်းအားတစ်စုက ထိုအေးစက်မှုနှင့် ခုခံတိုက်ခိုက်နေတော့သည်။

All Chapters