← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈) - ငါ့ကို မထားခဲ့ပါနဲ့ (၂)

'သခင်လေးသုံးပြောတာ... တကယ်မှန်နေတာပဲ... သူမက သိုင်းတတ်တာပဲ...'

ချောင်ချိုးဖူ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့သွားရလေသည်။

အစောပိုင်းက သူသည် ဒေါသကြောင့် မျက်စိကွယ်နေခဲ့ခြင်းဖြစ်၏။ အကယ်၍ သခင်လေးသုံးက ယနေ့ညတွင် သူ့ကိုတားဆီးကာ ဤကဲ့သို့သောစကားများကို မပြောခဲ့ဘဲ တိုက်ရိုက်တားဆီးခဲ့ပါက သူတို့နှစ်ဦးကြားတွင် ပဋိပက္ခများ မလွဲမသွေဖြစ်ပွားလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သခင်လေးသုံးနှင့် ရန်ငြိုးဖွဲ့မိသွားမည် ဖြစ်၏။

ဤအရာကိုစဉ်းစားမိသောအခါ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးသွားရလေသည်။

'ဒါတွေအားလုံးက မင်းရဲ့ အကြံအစည်တွေပဲလား...'

ချောင်ချိုးဖူသည် ရှုပ်ထွေးသော ခံစားချက်များဖြင့် လင်ဖေးကိုကြည့်လိုက်၏။ သူသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏နောက်ကွယ်တွင် တင်ပျဥ်ခွေထိုင်လိုက်လေသည်။

သူသည် ဒန်တျန်အောက်တွင် လက်နှစ်ဖက်ကိုဖြန့်ကာ ဖြည်းညင်းစွာ မြှောက်လိုက်ပြီး နောက်ဆုံးတွင် လင်ဖေး၏ကျောပြင်ပေါ်သို့ ညင်သာစွာတင်လိုက်၏။

ချောင်ချိုးဖူ၏ဓားသိုင်းမှာ ခုနစ်သံစဉ် ကောင်းကင်ဂီတ ဓားသိုင်းဖြစ်ပြီး အသံနှင့်ဓားကို ပေါင်းစပ်ထားသဖြင့် ၎င်း၏စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။

သို့သော် ခိုင်မာသောအတွင်းအား အထောက်အပံ့မရှိဘဲ ဤသိုင်းပညာ၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ပြသရန် ခက်ခဲလှ၏။

သူကျင့်ကြံထားသော အတွင်းအားမှာ ကိုယ်တိုင်ဖန်တီးထားသည့် ငါးပါးမူလပြန်ကျင့်စဉ်ဖြစ်ပေသည်။

အတွင်းအားကို ဟာလာဟင်းလင်းထဲမှ ဖန်တီး၍မရနိုင်ချေ။ ချောင်ချိုးဖူတွင် ထူးကဲသောပါရမီရှိလျှင်ပင် အတွင်းအားကို အလွယ်တကူဖန်တီးပြီး ယခုကဲ့သို့သောအဆင့်သို့ ရောက်ရှိရန်မဖြစ်နိုင်ပေ။

ငါးပါးမူလပြန်ကျင့်စဉ်သည် အစပိုင်းတွင် ကျန်းဟူလောက၌ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေသော ထျန်းယွမ်ကျင့်စဉ်သာဖြစ်၏။

ဤကျင့်စဉ်သည် မျှတပြီး အသင့်အတင့်ရှိကာ သွေးလေချောက်ချားမည့် ဘေးအန္တရာယ်မရှိသကဲ့သို့ ကြီးမားသော စွမ်းအားကိုလည်း ထုတ်ဖော်နိုင်စွမ်းမရှိချေ။

ပြောရမည်ဆိုပါက ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းသည် ခန္ဓာကိုယ်ကို သန်မာစေရုံမျှသာ ဖြစ်ပေသည်။

ကျန်းဟူလောကတွင် မည်သူမျှ ဤအတွင်းအားကျင့်စဉ်ကို မရွေးချယ်ကြချေ။ အခြေခံတည်ဆောက်နေသူများပင်လျှင် ဤကျင့်စဉ်သည် အပေါ်ယံဆန်လွန်းသည်ဟု ယူဆကြ၏။

ချောင်ချိုးဖူသည် နယ်လှည့်သိုင်းသမားတစ်ဦးဖြစ်ပြီး ရှေးဦးစွာ ထျန်းယွမ်ကျင့်စဉ်ကို ကျင့်ကြံခဲ့ကာ နောက်ပိုင်းတွင်မှ ကံကောင်းထောက်မစွာဖြင့် ရှေ့လူများ၏ အမွေအနှစ်ဖြစ်သော ခုနစ်သံစဉ် ကောင်းကင်ဂီတ ဓားသိုင်းကို ရရှိခဲ့ခြင်းဖြစ်၏။

ထို့နောက် သူသည် ထျန်းယွမ်ကျင့်စဉ်ကို အသုံးပြု၍ ခုနစ်သံစဉ် ကောင်းကင်ဂီတ ဓားသိုင်းကို ဖော်ထုတ်ခဲ့ပြီး ကျန်းဟူလောကတွင် ရပ်တည်နိုင်ရန် အခြေခံကောင်းတစ်ခု ရရှိခဲ့လေသည်။

နောက်ပိုင်းနှစ်များတွင် သူသည် အတွင်းအားကျင့်စဉ်အများအပြားကို ရရှိခဲ့၏။

သူသည် နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော ထျန်းယွမ်ကျင့်စဉ်ကို မစွန့်လွှတ်လိုဘဲ နောက်တစ်ဆင့်သို့ တက်လှမ်းလိုသဖြင့် ထျန်းယွမ်ကျင့်စဉ်ကို အခြေခံထားကာ အတွင်းအားကျင့်စဉ်များစွာ၏ အနှစ်သာရကို ပေါင်းစပ်ခဲ့လေသည်။

နောက်ဆုံးတွင် သူသည် ဤငါးပါးမူလပြန်ကျင့်စဉ်ကို ဖန်တီးနိုင်ခဲ့ပေသည်။

ဤကျင့်စဉ်တွင် အဆုံးမရှိသောအသုံးဝင်မှုများ ရှိပေသည်။ အတွင်းပိုင်းတွင် ချီကို ခန္ဓာကိုယ်တစ်ခုလုံး၌ လွတ်လပ်စွာ လည်ပတ်စေနိုင်ပြီး ပြင်ပတွင်မူ ချီများသည် အပြန်အလှန်ဆက်စပ်ကာ အားဖြည့်ပေးခြင်းဖြင့် ပုံသဏ္ဌာန်ငါးပါးကို ဖွဲ့စည်းနိုင်သဖြင့် တစ်ခုနှင့်တစ်ခုပေါင်းစပ်ကာ ပိုမိုကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။

ယခုအခါ သူသည် ဤအခွင့်အရေးကို အသုံးပြု၍ လင်ဖေး၏ဒဏ်ရာများကို ကုသပေးလိုက်၏။ သူ၏အတွင်းအားသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အတွင်းရှိအေးစက်မှုများကို တဖြည်းဖြည်းအရည်ပျော်စေလေသည်။

ငါးပါးမူလပြန်ကျင့်စဉ်သည် ကြိတ်စက်ကြီးတစ်ခုကဲ့သို့ သွေးကြောများကိုဖြတ်သန်းကာ စုပုံနေသောဒဏ်ရာများကို ဖယ်ရှားပေး၏။

လင်ဖေး၏ကိုယ်ပိုင်အတွင်းအားနဲ့ ပေါင်းစပ်လိုက်သောအခါ နှစ်ခုလုံးအတူတကွ လုပ်ဆောင်ပြီး တစ်နာရီကျော်အတွင်းမှာပင် လင်ဖေး၏ခန္ဓာကိုယ်ထဲက အေးစက်မှုများကို အကုန်နီးပါးဖယ်ရှားပစ်နိုင်ခဲ့လေသည်။

ထိုအခါမှသာ ချောင်ချိုးဖူသည် သူ၏ကျင့်စဉ်ကို ဖြည်းဖြည်းချင်း အဆုံးသတ်ပြီး အတွင်းအားကို ဒန်တျန်ထဲသို့ ပြန်လည်ပို့ဆောင်ပေးလိုက်၏။

သို့သော် သူ၏ဒန်တျန်ထဲသို့ အေးမြသော အထိအတွေ့တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပေသည်။

'သခင်လေးသုံးရဲ့ သိုင်းပညာက တကယ်ကို ဒုက္ခပေးတာပဲ...'

ချောင်ချိုးဖူသည် မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် အတွင်းအားအမြောက်အမြား အသုံးပြုခဲ့ရသဖြင့် ယခုအချိန်တွင် ဒန်တျန်ထဲက ဤအေးစက်စက်အငွေ့အသက်ကို ချက်ချင်းမဖယ်ရှားနိုင်ခဲ့ချေ။

ကံကောင်းထောက်မစွာဖြင့် ထိုအေးစက်မှုမှာ အလွန်ပေါ့ပါးသဖြင့် လျစ်လျူရှုထားလျှင်ပင် သူ့ကိုမထိခိုက်နိုင်ချေ။

သူသည် လင်ဖေးကို ကျောက်တုံးတစ်တုံးပေါ်တွင်မှီ၍ ထိုင်ခိုင်းလိုက်၏။

ချောင်ချိုးဖူသည် သူမကို တိတ်တိတ်လေးကြည့်နေမိပြီး သူမ၏ ဖြူဖျော့သောမျက်နှာထက်က လျှို့ဝှက်ချက်များကို ခွဲခြားသိမြင်ရန် ကြိုးစားနေပုံရပေသည်။

တစ်ခဏအကြာတွင် သူ့စိတ်ထဲ အတွေးတစ်ခုပေါ်လာ၏။

ရုတ်တရက် သူသည် အဝေးသို့ ပျောက်ကွယ်သွားလေသည်။

ပိုင်ကောသည် ဆူညံသံကိုကြားသဖြင့် အပြေးအလွှားရောက်ရှိလာရာ ချောင်ချိုးဖူက ၎င်း၏လည်ပင်းကို နှစ်ကြိမ်မျှပုတ်လိုက်၏။

"သွားနှင့်ဦး... ငါလုပ်စရာရှိလို့..."

ပိုင်ကောသည် ချောင်ချိုးဖူကို မထီမဲ့မြင်ပြုသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီးမှ လှည့်ထွက်ကာ ပျောက်ကွယ်သွားလေသည်။

ချောင်ချိုးဖူသည် မိမိကိုယ်ကိုဖုံးကွယ်ထားပြီး အနီးတစ်နေရာရှိ သတိမေ့မြောနေသော လင်ဖေးကို တိတ်တိတ်လေးစောင့်ကြည့်နေလိုက်၏။

လက်ဖက်ရည်တစ်ခွက်စာအချိန်ခန့် ကုန်လွန်ပြီးနောက် လင်ဖေးသည် ဖြည်းဖြည်းချင်းနိုးလာလေသည်။

မျက်လုံးဖွင့်လိုက်သည့် တစ်ခဏတွင် သူမသည် မသိစိတ်ဖြင့် ခန္ဓာကိုယ်ကိုတင်းမာလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်၏။

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချောင်ချိုးဖူသည် မျက်လုံးများကိုပင် မှိတ်ထားလိုက်ချင်တော့၏။

ဒါက သာမန်ဒဏ်ရာရသူတစ်ဦးနိုးလာချိန်တွင် ပြုလုပ်တတ်သော တုံ့ပြန်မှုမျိုးမဟုတ်ပေ။ ၎င်းမှာ အန္တရာယ်ရှိမရှိစစ်ဆေးရန်အတွက် အတွေ့အကြုံရှိသော ကျွမ်းကျင်သူတစ်ဦး၏ ဗီဇအရစူးစမ်းလေ့လာမှုမျိုး ဖြစ်၏။

လင်ဖေးသည် တကယ်ပဲ အလှမယ်တစ်ဦးဖြစ်ပါက ဘယ်လိုလုပ် ဤကဲ့သို့ပြုမူနိုင်မည်နည်း။

သူမသည် အားနည်းပြီး အကူအညီမဲ့နေသင့်သည် မဟုတ်ပါ‌လော။

အဘယ်ကြောင့် ဤကဲ့သို့သောအမူအရာမျိုး ရှိနေရသနည်း။

ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို သဘောပေါက်သွားသောအခါ လင်ဖေးသည် ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။

သူမ၏မျက်နှာထက်တွင် အေးစက်မှုများ လွှမ်းမိုးနေပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်နှင့်ဒေါသများဖြင့် ပြည့်နှက်နေကာ ချောင်ချိုးဖူမြင်လိုသော အားနည်းသည့်ပုံစံမျိုး လုံးဝမရှိချေ။

ထို့နောက် ချောင်ချိုးဖူသည် မြေပြင်ပေါ်က ကျောက်တုံးတစ်တုံးကိုကောက်ယူကာ အတွင်းအားကို အသုံးပြု၍ ပစ်လွှတ်လိုက်၏။

ကျောက်တုံးသည် လေထုကိုဖြတ်သန်းကာ လင်ဖေး၏ရင်ဘတ်ဆီသို့ တည့်တည့်ဦးတည်သွားလေသည်။

"ဘယ်သူလဲ..."

လင်ဖေးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ပင်မကြည့်ဘဲ ပန်းပွင့်ချပ်များ ရုတ်တရက် လွင့်ထွက်လာလေသည်။

ကျယ်လောင်သော အက်ကွဲသံနဲ့အတူ ကျောက်တုံးသည် ချက်ချင်းပင် ကြေမွသွားရ၏။

ယခုအခါ ချူချင်းက သူ့ကိုပြောခဲ့သော စကားများအပေါ် သံသယဝင်စရာ မရှိတော့ချေ။

သူသည် ချုံပုတ်များထဲမှထရပ်ကာ လင်ဖေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။

ချောင်ချိုးဖူကို မြင်လိုက်ရသောအခါ လင်ဖေး၏မျက်နှာပေါ်က ဒေါသနှင့်သတိထားမှုများအားလုံး ချက်ချင်းပျောက်ကွယ်သွားပြီး ထိတ်လန့်တုန်လှုပ်နေသော အမူအရာသာ ကျန်ရှိတော့၏။

"ချိုးဖူ... ရှင်... ခုနက ရှင်လား..."

ချောင်ချိုးဖူသည် စကားတစ်ခွန်းမျှမပြောဘဲ လင်ဖေး၏ရှေ့သို့ ခြေလှမ်းလာကာ ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေမိ၏။

လင်ဖေးသည် ပိုမို၍ စိုးရိမ်ပူပန်လာရလေသည်။

"ရှင်… ကျွန်မရှင်းပြတာကို နားထောင်ပါဦး..."

"ဘာကို ရှင်းပြမှာလဲ..."

ချောင်ချိုးဖူသည် သူ၏ရင်ထဲက ခါးသီးမှုများကို ဖိနှိပ်လိုက်၏။

"မင်း ဘာလို့ ငါ့သူငယ်ချင်းကို မဟုတ်မမှန်စွပ်စွဲပြီး သတ်ဖို့ကြိုးစားခဲ့တာလဲဆိုတာ ရှင်းပြမလို့လား... ဒါမှမဟုတ် မင်း ဘာလို့နျဲ့ကျင့်ထိုင်ထဲကို ဝင်ခဲ့တာလဲဆိုတာ ရှင်းပြမလို့လား..."

"မက်မွန်ပွင့်တွေက နွေဦးရနံ့ကို သယ်ဆောင်လာပေမဲ့ သတ်ဖြတ်ချင်စိတ်က လေထဲမှာ ပုန်းအောင်းနေတယ်..."

"ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းရဲ့သတင်းတွေကို ငါ အမြဲတမ်းကြားနေခဲ့ရတာပဲ... ဒါပေမဲ့ မင်းသေသွားပြီလို့ ငါ အမြဲထင်ခဲ့တာ..."

"ပြီးတော့ မင်းက ငါဘယ်မှာရှိလဲဆိုတာ သိတယ်... ငါဘယ်သူလဲဆိုတာလည်း သိတယ်..."

"ဒါပေမယ့် ငါ့ကိုလာရှာဖို့ မင်းတစ်ခါမှ မစဉ်းစားခဲ့ဘူး..."

"မင်းရဲ့နှလုံးသားထဲမှာ ငါက မင်းအတွက် ဘာကောင်လဲ..."

"မဟုတ်ပါဘူး..."

လင်ဖေးသည် ချောင်ချိုးဖူ၏လက်မောင်းကို ဆွဲကိုင်ကာ ခေါင်းကိုအမြန်ခါယမ်းလိုက်၏။

"အဲဒီလိုမဟုတ်ပါဘူး... ကျွန်မမှာ မလွှဲမရှောင်သာတဲ့အခက်အခဲတွေ ရှိခဲ့လို့ပါ..."

"တောင်းပန်ပါတယ် ချိုးဖူ... ကျွန်မကို ဒီလိုပုံစံနဲ့ စကားမပြောပါနဲ့... ကျွန်မအရမ်းကြောက်တယ်..."

"မကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းမှာ နာမည်ကြီးလှတဲ့ဟွာမေရန်ကလည်း ကြောက်တတ်သေးတာလား..."

ချောင်ချိုးဖူသည် ဤစကားကိုမစဉ်းစားဘဲ ပြောလိုက်မိ၏။

လင်ဖေးသည် ခေါင်းခါယမ်းလိုက်ရုံသာ ပြုလုပ်နိုင်ပေသည်။

"ကျွန်မ ရှင်းပြနိုင်ပါတယ်..."

"ရှင်းပြမဲ့ကိစ္စတွေကို နောက်မှပြောကြတာပေါ့..."

ချောင်ချိုးဖူသည် အသက်ကိုပြင်းပြင်းရှူလိုက်၏။

"ငါ့ကို အရင်ပြောပြပါ... ဒီနေ့ လော့ချန်အိမ်တော်မှာ မင်းဘယ်သူနဲ့တွေ့ခဲ့တာလဲ..."

"သခင်လေးသုံးကို ဘာလို့သတ်ချင်ရတာလဲ..."

"ကျွန်မ မပြောနိုင်ဘူး..."

ချောင်ချိုးဖူသည် မျက်လုံးများကိုမှိတ်ကာ အသက်ကိုပြင်းပြင်းရှူလိုက်၏။

"ထားလိုက်ပါတော့... မင်းက နျဲ့ကျင့်ထိုင်က လူသတ်သမားဖြစ်ပြီး ငါက ကျန်းဟူလောကက နယ်လှည့်သိုင်းသမားပဲ..."

"ငါတို့ကြားမှာ ဆုံစည်းမှုတွေရှိခဲ့ရင်တောင်မှ မင်းလူသတ်တဲ့အချိန်မှာ ငါက ဝင်ရောက်တားဆီးတာမျိုးပဲ ဖြစ်လိမ့်မယ်..."

"မင်းက ငါ့ဆီကိုမလာချင်တဲ့အတွက် မင်းကိုပြောင်းလဲဖို့ ငါက ဘာလို့ အတင်းအကျပ်ကြိုးစားနေရဦးမှာလဲ..."

"လင်ဖေး... ငါတို့ ဒီနေ့ကစပြီး ဆက်ဆံရေးတွေ အားလုံးကို ဖြတ်တောက်လိုက်ကြရအောင်..."

"မလုပ်ပါနဲ့..."

လင်ဖေးသည် ရုတ်တရက် ချောင်ချိုးဖူကို တင်းတင်းကျပ်ကျပ်ဖက်လိုက်လေသည်။

"ကျွန်မ ပြောပါ့မယ်... ကျွန်မ ရှင့်ကို အရာအားလုံးပြောပြပါ့မယ်... ကျွန်မကို မထားခဲ့ပါနဲ့..."

"တောင်းပန်ပါတယ်... ကျွန်မ ရှင့်ကို နောက်ဆုံးတော့ ရှာတွေ့ခဲ့တာမို့ ရှင်နဲ့ ဘယ်တော့မှထပ်ပြီး မခွဲခွာချင်တော့ဘူး..."

ချောင်ချိုးဖူနှင့်လင်ဖေးတို့သည် ချစ်ခြင်းမေတ္တာဇာတ်လမ်းကို သရုပ်ဆောင်နေကြစဉ် ချူချင်းသည် သူ၏ခြံဝင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။

ယနေ့ညတွင် ဟွာမေရန်ကို မသတ်နိုင်ခဲ့သော်လည်း ချောင်ချိုးဖူရှိနေသဖြင့် ဤမကောင်းဆိုးဝါးနှိမ်နင်းရေးစာရင်းဝင် ကျွမ်းကျင်သူသည် နောင်တွင်အလုပ်များနေလိမ့်မည်ဟု သူတွေးလိုက်မိပေသည်။

သူသည်လက်ဆေးပြီး ယွီလုံသူခိုးအိုကြီးကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သောသေတ္တာကိုဖွင့်ရန် အခွင့်အရေးကိုအသုံးချလိုက်၏။

သို့သော် ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ချူချင်းသည် အံ့အားသင့်သွားရလေသည်။

"ဝမ်ရိုက ဘာလို့ မီးမထွန်းတာလဲ…”

All Chapters