အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) - တားမြစ်နယ်မြေဂူ (၁)
အခန်းတွင်း၌ မှောင်မည်းတိတ်ဆိတ်နေပြီး မီးရောင်မရှိရုံသာမက အသံပင်ထွက်ပေါ်မလာချေ။
ချူချင်း၏နှလုံးသားမှာ လေးလံသွားပြီး တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ရာ အခန်းတွင်း၌ မည်သူမျှရှိမနေသည်ကို တွေ့လိုက်ရ၏။
သူသည် ကုတင်ပေါ်ရှိ အိပ်ရာခင်းများကိုဆွဲလှန်ကာ စမ်းသပ်ကြည့်လိုက်သော်လည်း နွေးထွေးမှုပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပေသည်။
သူ၏အကြည့်မှာ စားပွဲပေါ်ရှိ စာတိုလေးတစ်စောင်ဆီသို့ ရောက်ရှိသွားလေသည်။
ချူချင်းသည် စာတိုကို ကောက်ယူကြည့်လိုက်ရာ ၎င်းပေါ်တွင် စာလုံးလေးလုံး ရေးသားထားသည်ကို တွေ့လိုက်ရ၏။
‘ဝမ်မိသားစု တားမြစ်နယ်မြေ’
"ဘယ်သူရှိလဲ..."
တပည့်တစ်ဦးသည် ချက်ချင်းပင် တံခါးတွန်းဖွင့်ကာ ဝင်ရောက်လာပြီး လက်သီးဆုပ်၍ အရိုအသေပြုလေသည်။
"သခင်လေးသုံးကို နှုတ်ဆက်ပါတယ်..."
"ဒီအခန်းထဲကို တစ်ယောက်ယောက် ထွက်သွားတာ မြင်လိုက်လား..."
"မမြင်မိပါဘူး..."
တပည့်နှစ်ဦးသည် အချင်းချင်းကြည့်လိုက်ကြပြီး မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်နေချေသည်။
သူတို့သည် အတိအကျမသိရှိသော်လည်း ချူချင်း၏ ညှိုးငယ်နေသော မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
သို့သော်လည်း သူတို့သည် ဤအခန်းပတ်လည်တွင် အမြဲစောင့်ကြပ်နေခဲ့ကြသဖြင့် မည်သူမျှ ဝင်ထွက်သွားလာခြင်းမရှိသည်မှာ အမှန်ပင် ဖြစ်၏။
နောက်ဆုံးအကြိမ် အခန်းထဲမှ ထွက်ခွာသွားသူမှာ ချူချင်းတစ်ဦးတည်းသာ ရှိပေသည်။
ချူချင်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေးချလိုက်မိ၏။
ထိုကျူးကျော်သူသည် မည်သူမျှမသိရှိနိုင်အောင် ဤအခန်းတွင်းသို့ ဝင်ရောက်လာနိုင်ပြီး လူနှစ်ဦးကို အလွယ်တကူ ပြန်ပေးဆွဲသွားနိုင်ခဲ့ပေသည်။
စောင့်ကြပ်နေကြသော လော့ချန်တပည့်များမှာလည်း မည်သည့်အရာကိုမျှ သတိမပြုမိခဲ့ကြချေ။
ထိုလူသည် အမှန်တကယ်ပင် မည်သူနည်း။
ဤနေရာသို့ရောက်ရှိလာချိန်တွင် ချူချင်းသည် ထပ်မံ၍တွေးတောမနေတော့ဘဲ ကိုယ်ကိုလှုပ်ရှားကာ တံခါးပြင်ပသို့ ထွက်ခွာသွားပြီး တောင်နောက်ဘက်ရှိ တားမြစ်နယ်မြေဆီသို့ တွန့်ဆုတ်ခြင်းမရှိဘဲ တည့်တည့်ပြေးဝင်သွားလေတော့သည်။
လော့ချန်အိမ်တော်၏တားမြစ်နယ်မြေဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ လျှို့ဝှက်ထားရမည့် ဆိုးရွားသောအရာများ မရှိချေ။
ရှေးဦးကာလက ဤနေရာသည် ဝမ်မိသားစု၏ဘိုးဘေးဖြစ်သူ ဝမ်ထျန်းဟန် သိုင်းပညာကို ဆင်ခြင်သုံးသပ်ခဲ့သော နေရာဖြစ်ပြီး ထိုဘိုးဘေးသည် ဤနေရာတွင် ခုနစ်နှစ်တိုင်တိုင် နေထိုင်ခဲ့သည်ဟု ဆိုကြပေသည်။
သူသည် လော့ချန်အိမ်တော်၏ အဆုံးစွန်သိုင်းပညာရပ်များဖြစ်သော ကောင်းကင်ကိုးလွှာ ကြယ်တာရာ လက်ညှိုးသိုင်းနှင့် ကောင်းကင်ကြယ်တာရာ ကာကွယ်ရေးကျင့်စဉ်တို့ကို ပေါက်မြောက်ခဲ့၏။
ထို့နောက်မှသာ ဤလော့ချန်အိမ်တော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုအချိန်မှစ၍ ဤနေရာသည် လော့ချန်အိမ်တော်၏ အဆက်ဆက်သော အိမ်တော်သခင်များကျင့်ကြံရာ သီးသန့်နေရာ ဖြစ်လာခဲ့လေသည်။
ထိုစဉ်က ဝမ်ထျန်းဟန်နေထိုင်ခဲ့သော ကောက်ရိုးမိုးတဲကိုပင် မူလပုံစံအတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းထားရန် အကြိမ်ကြိမ် ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြ၏။
ချူချင်းသည် လမ်းတစ်လျှောက်တွင် ကြယ်လိုက်လမီခြေလှမ်းကို အသုံးပြုခဲ့ရာ သူ၏ကိုယ်ဖော့သိုင်းမှာ မြေပြင်ကိုကျုံ့လိုက်သကဲ့သို့ လျင်မြန်လှသဖြင့် ခဏချင်းအတွင်းမှာပင် တားမြစ်နယ်မြေ၏တံခါးဝသို့ ရောက်ရှိသွားချေသည်။
ပုံရိပ်နှစ်ခုသည် အဝေးမှ ဆီးကြိုလာကြ၏။
"သခင်လေးသုံး ကြွလာတာလား..."
"တားမြစ်နယ်မြေထဲကို တစ်ယောက်ယောက် ဝင်သွားတာရှိလား..."
ချူချင်းသည် သူတို့နှင့် အပိုစကားပြောဆိုနေရန် အချိန်မရှိချေ။
တပည့်နှစ်ဦးသည် အချင်းချင်းကြည့်လိုက်ကြ၏။
"မရှိပါဘူး..."
သူတို့၏ ပြတ်သားလှသောအဖြေကြောင့် ချူချင်းသည် ထိုစာတိုပေါ်တွင် ရေးသားထားသော အချက်အလက်များမှာ အမှန်ဖြစ်သည်ကို မသေချာဖြစ်သွားရပေသည်။
"ကျုပ် အထဲကို ဝင်ရမယ်..."
မည်သို့ပင်ဖြစ်စေ အထဲသို့ဝင်ရောက်ကြည့်ရှုပြီးမှသာ ဆုံးဖြတ်ရမည် ဖြစ်၏။
တပည့်နှစ်ဦးသည် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြလေသည်။
"တားမြစ်နယ်မြေထဲကို ကျွန်တော်တို့ ခြေချခွင့်မရှိပါဘူး... သခင်လေးသုံး သဘောအတိုင်းကြွပါ..."
ချူချင်းသည် ကိုယ်ကိုလှုပ်ရှားကာ ထိုလူနှစ်ဦး၏အလယ်မှ လျှပ်တပြက်ဖြတ်ကျော်သွားပြီးနောက် ဆက်လက်လျှောက်လှမ်းကာ တားမြစ်နယ်မြေသို့ ရောက်ရှိသွားချေသည်။
ဤနေရာသည် ထျန်းရှင်းတောင်၏ အံ့မခန်းဖွယ်ရာ အလှဆုံးမြင်ကွင်းတစ်ခု ဖြစ်ပေသည်။
တောင်နံရံကို ကွေးညွတ်စွာ ဖြတ်တောက်ထားသကဲ့သို့ အတွင်းသို့ခွက်ဝင်နေပြီး ကြီးမားသော ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်နေ၏။ ခေါင်းပေါ်တွင် တောင်နံရံရှိပြီး ခြေဖဝါးအောက်တွင်မူ ကျောက်ပြင်ညီကွင်းပြင်တစ်ခု ရှိနေချေသည်။
ထိုနေရာ၏အလယ်တွင် မှန်ပြင်ကဲ့သို့ ကြည်လင်အေးစိမ့်နေသော ရေကန်တစ်ခုရှိပြီး ရေကန်ဘေးရှိ တောင်နံရံကိုမှီ၍ ဆောက်လုပ်ထားသော ကောက်ရိုးမိုးတဲတစ်လုံးရှိနေ၏။
၎င်းမှာ ထိုစဉ်က ဝမ်ထျန်းဟန်နေထိုင်ခဲ့သော တဲအိမ်လေး ဖြစ်သည်မှာ ထင်ရှားလှပေသည်။
အစွန်းသို့ရောက်ရှိသောအခါ အောက်သို့ငုံ့ကြည့်လိုက်လျှင် နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးကို တွေ့ရပြီး အပြင်ဘက်သို့ မျှော်ကြည့်လိုက်လျှင်မူ ကောင်းကင်ပြင်တစ်ခုလုံးရှိ ကြယ်တာရာများကို အပြည့်အဝမြင်တွေ့နိုင်ချေသည်။
ဤနေရာသည် သိပ်မကျယ်ဝန်းသဖြင့် ချူချင်းသည် တစ်ချက်ကြည့်ရုံဖြင့် အလုံးစုံကိုမြင်တွေ့နိုင်၏။
ထို့ကြောင့် သူသည် ဝမ်ရိုကို ချက်ချင်းပင် မြင်တွေ့လိုက်ရလေသည်။
သူမသည် ချောက်ကမ်းပါးစွန်းတွင်ရပ်နေပြီး ပြင်းထန်သော တောင်လေကြောင့် ခန္ဓာကိုယ်မှာယိမ်းထိုးနေကာ အနည်းငယ် သတိလက်လွတ်ဖြစ်သွားပါက ထိုနက်ရှိုင်းလှသော ချောက်ကမ်းပါးအောက်သို့ လွင့်စင်သွားမည့်အတိုင်း ဖြစ်နေချေသည်။
ချူချင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း အခြားသူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိသဖြင့် ဝမ်ရို၏အနီးသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားပြီး သူမကို ချောက်ကမ်းပါးစွန်းမှ ဆွဲခေါ်ခဲ့လိုက်၏။
ဝမ်ရို၏မျက်နှာထက်တွင်မူ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်အေးစက်နေဆဲဖြစ်ပြီး မျက်ဝန်းများကို အနည်းငယ်လှုပ်ရှားကာ ချူချင်းကို ကြည့်လိုက်လေသည်။
သို့သော် သူမသည် မည်သည့်စကားမျှ မဆိုချေ။
ခန္ဓာကိုယ်မှာလည်း လှုပ်ရှားမှုမရှိဘဲ တောင့်တင်းနေ၏။
"သွေးကြောပိတ်ခံထားရတာလား..."
ချူချင်းကမေးမြန်းလိုက်ရာ ဝမ်ရိုသည် မျက်လုံးများကိုလှုပ်ရှားကာ မျက်တောင်ကို အားရပါးရခတ်ပြလေသည်။
သူမ၏စိတ်ခံစားမှုကို ဖော်ပြနိုင်စွမ်းနှင့်ယှဉ်လျှင် ဤသည်မှာ ပုံမှန်ထက် များစွာပိုမိုကောင်းမွန်သော ဖော်ပြချက် ဖြစ်ပေသည်။
ချူချင်းသည် ထိုအရာကိုမြင်သောအခါ သက်ပြင်းချကာ စိတ်သက်သာရာရသွားပြီး သူမ၏ပခုံးထက်သို့ လက်လှမ်း၍ပုတ်လိုက်၏။
သို့သော်လည်း ၎င်းမှာ အကျိုးသက်ရောက်မှုမရှိချေ။
ချူချင်းသည် ဝမ်ရို၏လက်ကောက်ဝတ်ကို ဆွဲယူကာ စမ်းသပ်ကြည့်လိုက်ရာ သူမ၏သွေးကြောများကို ပိတ်ဆို့ထားသော နည်းစနစ်မှာ အလွန်တရာဆန်းကြယ်လှကြောင်း တွေ့ရှိလိုက်ရ၏။
ထို့အပြင် ဤလူ၏အတွင်းအားမှာ အလွန်သန့်စင်လှပြီး ချူချင်း ကျန်းဟူလောကသို့ ရောက်ရှိလာပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမျှ မတွေ့ကြုံဖူးသော အဆင့်အတန်းမျိုး ဖြစ်ပေသည်။
ချူချင်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွလေးချလိုက်ပြီး ဝမ်ရိုကို သူ့ဘက်သို့ ကျောပေးစေရန် လှည့်လိုက်၏။
သူသည် လက်တစ်ဖဝါးကိုမြှောက်ကာ မင်ယွိကျင့်စဉ်၏အတွင်းအားကို စုစည်းပြီး ဝမ်ရို၏ကျောပြင်ထက်သို့ ဖြည်းညင်းစွာ ဖိကပ်လိုက်လေသည်။
အတွင်းအားသည် ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားသော်လည်း ရေခဲကဲ့သို့ အေးစိမ့်မနေဘဲ အေးမြသော ခံစားချက်လေးတစ်ခုအဖြစ် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ သွေးကြောများပေါ်တွင် ပိတ်ဆို့ထားသော အားလှိုင်းများကို တဖြည်းဖြည်းချေဖျက်ပေးလိုက်၏။
တစ်ခဏအကြာတွင် ဝမ်ရို၏ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သွေးကြောပိတ်ဆို့မှုမှ လွတ်မြောက်သွားလေတော့သည်။
"အစ်ကိုသုံး... သခင်မလေးထျယ်က ချောက်ကမ်းပါးအောက်မှာ..."
ဝမ်ရိုပြောလိုက်သော ပထမဆုံးစကားလုံးကြောင့် ချူချင်းမှာ ဆွံ့အသွားရ၏။
"ဘာ..."
ဝမ်ရိုသည် အမှန်တကယ်ပင် အဆင်ပြေသွားပြီဖြစ်ကြောင်း မြင်တွေ့ရသဖြင့် ချူချင်းသည် ချောက်ကမ်းပါးစွန်းသို့ လျှောက်လှမ်းသွားပြီး အောက်သို့ငုံ့ကြည့်လိုက်လေသည်။
ယခုအချိန်တွင် ညဉ့်နက်နေပြီဖြစ်သဖြင့် မှုန်ဝါးဝါးအရိပ်များအကြားတွင် လူရိပ်တစ်ခုကို မြင်တွေ့ရသကဲ့သို့ရှိသော်လည်း မသေချာချေ။
ဝမ်ရို၏အသံမှာ နားအနီးမှထွက်ပေါ်လာ၏။
"အဲဒီတုန်းက ကျွန်မနဲ့သခင်မလေးထျယ် စကားပြောနေကြတာ... သူမက ကျွန်မကို ထျယ်ရွှဲ့ခန်းမအကြောင်းပြောပြပြီး ကျွန်မက သူမကို ထိုက်ရိဂိုဏ်းက အတွေ့အကြုံတွေပြောပြနေတာ..."
ချူချင်းမှာ ပြောစရာစကားမဲ့သွားရချေသည်။ သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် စကားလက်ဆုံကျနေကြခြင်း ဖြစ်၏။
သို့သော် ဤအရာက အဓိကအချက်လော။
"အဲဒီလူက ရုတ်တရက်ကြီး ပေါ်လာတာ... ပထမဆုံး သခင်မလေးထျယ်က တစ်ခုခုမှားယွင်းနေတာကို သတိပြုမိပေမဲ့ ကျွန်မလှည့်ကြည့်လိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ…”
“ကျွန်မရဲ့သွေးကြောတွေကို သူက လက်ညှိုးတစ်ချက်တည်းနဲ့ ပိတ်လိုက်ပြီးတော့ သူမကိုပါ ဖမ်းဆီးလိုက်တယ်…”
“ပြီးတော့ သူက ကျွန်မတို့ကို အခန်းထဲကနေခေါ်ထုတ်ပြီး ဒီနေရာအထိ တစ်ဟုန်ထိုးပြေးလာတာ…”
“သူက ကျွန်မကို ချောက်ကမ်းပါးစွန်းမှာထားခဲ့ပြီး သခင်မလေးထျယ်ကိုခေါ်ပြီး ချောက်ကမ်းပါးအောက်ကို ခုန်ဆင်းသွားတယ်…”
“သူပြန်တက်လာတဲ့အချိန်ကျတော့ 'လူက ချောက်အောက်မှာရှိတယ်... တောင်လေက အရမ်းပြင်းထန်လို့ အချိန်ဆွဲနေရင် အသက်အန္တရာယ် ရှိနိုင်တယ်'လို့ ပြောခဲ့တယ်…”
“အဲဒီလူရဲ့အသံက တော်တော်လေးအိုမင်းနေပြီး သူတောင်းစားတစ်ယောက်လို ဝတ်ထားတယ်…”
“ဒါပေမဲ့ သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ သွေးနီရောင်ဦးချိုမရှိလို့ သူက အရူးသူတောင်းစားလျန့်ပေချန်း မဟုတ်တာတော့ သေချာတယ်..."
ဝမ်ရိုသည် ဖြစ်ပျက်ခဲ့သမျှကို အတတ်နိုင်ဆုံး အကျဉ်းချုပ်ပြောပြပြီး ထိုလူ၏ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို ဖော်ပြလိုက်၏။
"သူတောင်းစား..."
ချူချင်းသည် ယနေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့သောသူတောင်းစားကို ချက်ချင်းပင် သတိရမိသွားလေသည်။
သို့သော်လည်း လောကတွင် သူတောင်းစားများစွာရှိနေသဖြင့် ယနေ့ သူတွေ့မြင်ခဲ့သောလူသည် ဝမ်ရိုနှင့်ထျယ်ချူချင်တို့ကို ပြန်ပေးဆွဲသွားသော သူတောင်းစားဖြစ်သည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
"မင်း စီယဲ့ကိုသွားရှာပြီး ကြယ်တာရာအစောင့်တပ်ကို ခေါ်လာခဲ့..."
အောက်ခြေရှိအခြေအနေကို မသိရှိရသေးသဖြင့် ချူချင်းသည်စွန့်စား၍ အောက်သို့ဆင်းရန် မရည်ရွယ်ချေ။
အထူးသဖြင့် ထိုသူတောင်းစား၏နောက်ခံမှာ ဆန်းကြယ်ပြီး အစွမ်းထက်လှသဖြင့် အကယ်၍ သူသည် ဘေးပတ်ပတ်လည်တွင် ပုန်းအောင်းနေပြီး အောက်သို့ဆင်းသွားချိန်တွင် အလစ်တိုက်ခိုက်လာပါက မလွယ်ကူချေ။
လူသတ်သမားတစ်ဦးအနေဖြင့် မိမိကိုယ်ကို မည်သည့်အခါမျှ အခြေအနေမဲ့သော အနေအထားသို့ မရောက်ရှိစေရ။
ထျယ်ချူချင်နှင့် ပတ်သက်၍မူ...
သူမသည် အဖိုးတန်ပစ်မှတ်တစ်ခုဖြစ်ပြီး သူမ၏အသက်ကို ထိန်းထားခြင်းက အသုံးဝင်နိုင်သော်လည်း ချူချင်းသည် သူမအတွက်နှင့် ဤမျှကြီးမားသော စွန့်စားမှုကို ပြုလုပ်ရန် မရည်ရွယ်ချေ။
သို့သော်လည်း လူကယ်ရမည်ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤမိန်းကလေးသည် ထျယ်ရွှဲ့ခန်းမ၏သခင်မလေး ဖြစ်ပေသည်။
သူမ၏အသက်မှာ အလွန်တန်ဖိုးရှိလှသဖြင့် အကယ်၍ သူမသည် လော့ချန်အိမ်တော်တွင် သေဆုံးသွားပါက ထျယ်ရွှဲ့ခန်းမနှင့် လော့ချန်အိမ်တော်တို့အကြား စစ်ပွဲတစ်ခု မလွဲမသွေဖြစ်ပွားလာပေလိမ့်မည်။
ထိုစစ်ပွဲကိုရှောင်လွှဲနိုင်လျှင် အကောင်းဆုံးဖြစ်၏။