အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း (၁၈၀) - တားမြစ်နယ်မြေဂူ (၂)
ကျန်းဟူလောက၏ဘေးဒုက္ခများအကြားတွင် ခံစားရသူများမှာ အမြဲတစေ သာမန်အရပ်သားများသာ ဖြစ်ကြပေသည်။
စီယဲ့သည် အလွန်လျင်မြန်စွာ ရောက်ရှိလာပြီး လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်အတွင်းမှာပင် သူနှင့်ဝမ်ရိုသည် လူအချို့ကိုခေါ်ဆောင်ကာ တားမြစ်နယ်မြေသို့ ရောက်ရှိလာကြ၏။
ဤနေရာသည် ပုံမှန်အားဖြင့် ခြေချခွင့်မရှိသောနေရာဖြစ်သော်လည်း ချူချင်းသည် ဝမ်ဖူစန်း၏ယုံကြည်စိတ်ချမှုကို ရရှိထားသူဖြစ်ပြီး ဝမ်ရိုမှာလည်း လော့ချန်အိမ်တော်၏သမီးကြီး ဖြစ်သဖြင့် သူတို့နှစ်ဦး၏အမိန့်အောက်တွင် စည်းမျဉ်းများကို ချိုးဖောက်ရန် လုံလောက်ပေသည်။
ချူချင်းကို မြင်တွေ့ရသောအခါ စီယဲ့သည် ရိုသေစွာဦးညွှတ်လိုက်၏။
"သခင်လေးသုံးကို နှုတ်ဆက်ပါတယ်..."
ယခင်က မကျေနပ်ခဲ့ဖူးသော်လည်း ချူချင်းသည် ယွီလုံအဘိုးအိုကို သတ်ဖြတ်ပြီးနောက်တွင် ထိုမကျေနပ်မှုများမှာ လုံးဝဥဿုံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
ချူချင်းသည် ချောက်ကမ်းပါးစွန်းတွင်ရပ်ကာ အောက်သို့ညွှန်ပြလျက် ပြောလိုက်၏။
"မင်း လူတွေကို ကြိုးတွေယူခိုင်းပြီး ဒီနေရာကနေ အောက်ကိုဆင်းခိုင်းလိုက်... အောက်မှာ ဘာတွေရှိလဲဆိုတာ စုံစမ်းကြည့်..."
စီယဲ့သည် ကြားရသောအခါ ထပ်မံ၍မေးမြန်းခြင်းမရှိဘဲ လူများကိုကြိုးယူရန် ချက်ချင်းစေလွှတ်လိုက်လေသည်။
တစ်ခဏအကြာတွင် ကြယ်တာရာအစောင့်တစ်ဦးသည် ကြိုးကိုအသုံးပြု၍ အောက်သို့ဆင်းသွားပြီးနောက် ကြိုးမှာ ရုတ်တရက်လျော့ရဲသွားကာ ထိုအစောင့်၏အသံမှာ အောက်ခြေမှထွက်ပေါ်လာ၏။
"သခင်လေး... ဒီအောက်မှာ မိန်းကလေးတစ်ယောက် ရှိနေပါတယ်..."
"အသက်ရှင်သေးလား..."
ချူချင်းသည် အစွန်းတွင်ရပ်ကာ မေးမြန်းလိုက်၏။
"အသက်ရှင်ပါသေးတယ်..."
"သူမကို အပေါ်ကိုဆွဲတင်လိုက်..."
ကြယ်တာရာအစောင့်သည် အမိန့်အတိုင်းလုပ်ဆောင်ကာ ထျယ်ချူချင်ကို ကြိုးဖြင့်ချည်နှောင်လိုက်ပြီး အပေါ်မှအစောင့်များက ကြိုးကိုဆွဲတင်လိုက်ကြရာ တစ်ခဏချင်းအတွင်းမှာပင် ထျယ်ချူချင်ကို အပေါ်သို့ဆွဲတင်နိုင်ခဲ့ချေသည်။
သို့သော်လည်း သူမသည် တင်ပျဥ်ခွေထိုင်လျက် ခန္ဓာကိုယ်မှာတောင့်တင်းနေပြီး သွေးကြောများပိတ်ဆို့ခံထားရဆဲ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
သူမ၏မျက်ဝန်းတစ်စုံကသာ ချူချင်းကို ဒေါသတကြီးစိုက်ကြည့်နေ၏။
ချူချင်းသည် သူမကို နှစ်ချက်ခန့်ကြည့်ရှုပြီးနောက် သူမ၏နောက်ကျောဘက်သို့ သွားကာ လက်တစ်ဖဝါးဖြင့် ဖိကပ်လိုက်ရာ အေးစိမ့်လှသော အတွင်းအားလှိုင်းသည် ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားပြီး တစ်ခဏအကြာတွင် ထျယ်ချူချင်သည် တုန်ရီသွားလေတော့သည်။
"ရှင် ကျွန်မကို အေးခဲသေအောင် လုပ်နေတာလား..."
"အခု အသက်ရှင်နေသေးတာပဲ မဟုတ်ဘူးလား..."
ချူချင်းသည် ပြုံးလျက် မေးလိုက်၏။
"ဘယ်လို ခံစားရလဲ..."
ထျယ်ချူချင်သည် အံကြိတ်ကာ ပြောလိုက်လေသည်။
"လောလောဆယ်တော့ မသေသေးပါဘူး..."
"မသေရင် ပြီးတာပါပဲ..."
ချူချင်းသည် ခေါင်းညိတ်လိုက်ပြီး သူမကို ဘေးဖယ်ခိုင်းလိုက်ရာ အောက်သို့ဆင်းသွားသော ကြယ်တာရာအစောင့်ကိုလည်း အပေါ်သို့ဆွဲတင်လိုက်ကြ၏။
"သခင်လေးကို သတင်းပို့ပါတယ်... အောက်ဘက်ဆယ့်ငါးပေ၊ ဆယ့်ခြောက်ပေခန့်အကွာမှာ ကျောက်ပြင်တစ်ခု ရှိပါတယ်..."
ထိုကြယ်တာရာအစောင့်သည် ချူချင်းကိုသတင်းပို့လေသည်။
"ကျောက်ပြင်က အလျားနဲ့အနံ သုံးပေရှိပြီး တစ်ဖက်ခြမ်းမှာတော့ ဂူတစ်ခုရှိနေပါတယ်…”
“ခုနက ကျွန်တော် အောက်ကိုဆင်းသွားတာ အလျင်စလိုဖြစ်နေလို့ ဂူထဲကို ဝင်ရောက်စုံစမ်းဖို့ အချိန်မရခဲ့ပါဘူး..."
ဂူတစ်ခု ရှိနေသည်လော။
ချူချင်းသည် ဝမ်ရိုကို လှမ်းကြည့်လိုက်၏။
"မင်း ဒီဂူအကြောင်း တစ်ခုခုသိလား..."
ဝမ်ရိုသည် ခေါင်းခါယမ်းကာ ပြောလိုက်၏။
"မသိပါဘူး..."
ချူချင်းသည် စီယဲ့ကို ထပ်မံကြည့်ရှုလိုက်ရာ သူ၏မျက်နှာထက်တွင်လည်း ဇဝေဇဝါဖြစ်နေသည်ကို တွေ့မြင်လိုက်ရပေသည်။
လော့ချန်အိမ်တော်၏သမီးကြီးနှင့် ကြယ်တာရာအစောင့်တပ်၏ခေါင်းဆောင်တို့သည်ပင် တားမြစ်နယ်မြေ၏ကျောက်နံရံအောက်တွင် ဂူတစ်ခုရှိနေသည်ကို မသိရှိကြချေ။
ထိုသူတောင်းစားအိုကြီးသည် မိမိကို ဤနေရာသို့ဆွဲဆောင်ခဲ့ခြင်းမှာ အဘယ်ကြောင့်နည်း။
ဤဂူတွင်း၌ အခြားလျှို့ဝှက်ချက်များရှိနေသည်မှာ သေချာလှပေသည်။
သူသည် တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။
"လူနည်းနည်းလောက် အောက်ဆင်းပြီး အဲဒီဂူကို စုံစမ်းခိုင်းလိုက်... အခြေအနေကို အချိန်မရွေးပြန်သတင်းပို့ပါ..."
ယခုအခါ လော့ချန်အိမ်တော်၏အင်အားကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် ချူချင်းသည် အရာရာကို ကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်တော့ချေ။
အခြေအနေမသိရသော ဂူတစ်ခုကို စုံစမ်းရန်ရှိလာပါက ကြယ်တာရာအစောင့်များက သဘာဝအတိုင်း ရှေ့ဆောင်သွားကြမည် ဖြစ်၏။
စီယဲ့သည် ခေါင်းညိတ်လိုက်ပြီး လူများကို ပြင်ဆင်မှုများပြုလုပ်ရန် ညွှန်ကြားလိုက်လေသည်။
မီးရှူးတိုင်များ၊ မီးခဲသေတ္တာများနှင့် ကြိုးများကိုအသင့်ပြင်ဆင်ပြီးနောက် ကြယ်တာရာအစောင့်သုံးဦးသည် ကျောက်နံရံမှတစ်ဆင့် အောက်သို့ဆင်းသွားကြချေသည်။
ထျယ်ချူချင်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာကြည့်ရှုနေပြီးနောက် မေးမြန်းလိုက်၏။
"ရှင်က လော့ချန်အိမ်တော်မှာ ဘယ်လိုအဆင့်အတန်းမျိုး ရှိနေတာလဲ…”
“သူတို့အားလုံးက ရှင့်စကားကို ဘာလို့ ဒီလောက်နာခံနေကြတာလဲ…”
“ရှင်က ဝမ်ဖူစန်းရဲ့တရားမဝင်သားများ ဖြစ်နေတာလား... သခင်မလေးဝမ်က မင်းကို အစ်ကိုသုံးလို့ခေါ်တာ အံ့သြစရာမရှိတော့ပါဘူး..."
ဤစကားကိုကြားသောအခါ ဝမ်ရိုထံမှ တုံ့ပြန်မှုမရှိသော်လည်း စီယဲ့၏နှလုံးသားထဲတွင်မူ ဒေါသများထွက်ပေါ်လာချေသည်။ သို့သော်လည်း သူသည် ဒေါသကို မျက်နှာထက်တွင်မဖော်ပြဘဲ တိုးတိုးလေးပြောလိုက်၏။
"သခင်မလေးထျယ်... စကားဆင်ခြင်ပါ..."
"ငါက ဘာဖြစ်လို့လဲ... အမ်... မင်းက ငါ့ရဲ့အထောက်အထားကို ဘယ်လိုသိတာလဲ..."
ထျယ်ချူချင်သည် အံ့အားသင့်သွားရ၏။
"စီယဲ့က ကြယ်တာရာအစောင့်တပ်ရဲ့ခေါင်းဆောင် ဖြစ်တာကြောင့် ထျယ်ရွှဲ့ခန်းမရဲ့သခင်မလေးကို သိတာက ထူးဆန်းလို့လား..."
ဝမ်ဖူစန်းပြောပြချက်အရ ထျယ်ရွှဲ့ခန်းမတွင်း၌ လော့ချန်အိမ်တော်မှလူများစွာ ရှိနေပေသည်။
ထျယ်ရွှဲ့ခန်းမ၏ ခေါင်းဆောင်များနှင့် အရေးကြီးပုဂ္ဂိုလ်များ၏ အချက်အလက်များကို သူတို့သည် အလုံးစုံသိရှိထားကြပေလိမ့်မည်။
အထူးသဖြင့် ချန်ထျယ်ရှန်းဘက်တွင် ပိုမိုဆိုးရွားလှပြီး စာရင်းကိုင်မှာလည်း သူတို့၏လူဖြစ်သဖြင့် နေ့စဉ်ငွေကြေးများ ခိုးယူခံနေရသည်ကိုပင် သိရှိခြင်းမရှိချေ။
ထျယ်ချူချင်သည် စီယဲ့ကိုကြည့်သော မျက်လုံးများတွင် စိုးရိမ်ထိတ်လန့်မှုများရှိလာပြီး ချူချင်း၏အင်္ကျီလက်ကို ညင်သာစွာဆွဲလျက် ပြောလိုက်၏။
"ကျွန်မ ပြောပြမယ်... လော့ချန်လူတွေက လူကောင်းတွေ မဟုတ်ဘူး..."
ချူချင်းသည် ပြုံးလိုက်၏။
"သခင်မလေး ပြောချင်တဲ့အဓိပ္ပာယ်က ကျုပ်ကို ထျယ်ရွှဲ့ခန်းမထဲ ဆွဲသွင်းချင်တာလား…”
“ဒါပေမဲ့ မင်းမြင်တဲ့အတိုင်းပဲ... လော့ချန်အိမ်တော်မှာ ကျုပ်က တစ်ဦးတည်းသောအာဏာရှိသူ ဖြစ်ပြီး လူပေါင်းများစွာက ကျုပ်စကားတစ်ခွန်းတည်းနဲ့ ရှေ့ဆောင်ပေးကြတယ်... ဝမ်ရိုကတောင် ငါ့ကို နာခံတယ်…”
“ထျယ်ရွှဲ့ခန်းမကရော ဒီလိုမျိုး လုပ်ပေးနိုင်ပါ့မလား..."
"..."
ထျယ်ချူချင်သည် ခဏမျှဆွံ့အသွားရ၏။ သူမ၏ ကနဦးအတွေးမှာ ရိုးရှင်းလှပေသည်။
သူမသည် လော့ချန်အိမ်တော်တွင် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦး ထပ်မံမတိုးပွားစေရန်သာ ရည်ရွယ်ခြင်းဖြစ်ပြီး ချူချင်းကို ထျယ်ရွှဲ့ခန်းမသို့ ခေါ်ဆောင်သွားပြီးနောက် ဖခင်ဖြစ်သူ ထျယ်လင်ယွန်းက သူ့ကိုယုံကြည်စိတ်ချကာ အရေးကြီးသော တာဝန်များပေးအပ်မည်လော ဆိုသည်ကိုမူ သူမ အာမမခံနိုင်ချေ။
လော့ချန်အိမ်တော်တွင် ရှိနေသကဲ့သို့ ဩဇာအာဏာကြီးမားစေရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော်လည်း သူမသည် မွေးရာပါခေါင်းမာသူ ဖြစ်သဖြင့် အရှုံးမပေးလိုဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ဒါက ဘာဆန်းတာလဲ... ရှင်လော့ချန်အိမ်တော်မှာ မပါသရွေ့ ထျယ်ရွှဲ့ခန်းမမှာလည်း ဒီလိုမျိုးဩဇာအာဏာ ရှိစေရမယ်လို့ ကျွန်မကတိပေးနိုင်တယ်... အဆိုးဆုံးဖြစ်လာရင်တော့ အဖေ့ဆီမှာ ကျွန်မကိုယ်တိုင် သွားတောင်းပန်ပေးမယ်..."
စီယဲ့ကြားရသောအခါ နဖူးမှသွေးကြောများ တဆစ်ဆစ်တုန်ခါလာပြီး ဝမ်ရိုကို အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
ဤသည်မှာ လူကို ဗြောင်ကျကျလုယူနေခြင်း ဖြစ်ပေသည်။ သခင်မလေးဝမ်... အနည်းဆုံးတော့ တုံ့ပြန်မှုတစ်ခုခုပေးပါဦး။
ဝမ်ရိုထံမှ မည်သည့်တုံ့ပြန်မှုမျှမရှိချေ။ သူမသည် မျက်လုံးများကိုမှိတ်ထားကာ တရားထိုင်နေသကဲ့သို့ရှိပြီး တိုးတိုးလေးဟောက်သံများ ထွက်ပေါ်လာသဖြင့် အိပ်ပျော်သွားပြီဖြစ်ကြောင်း သိသာလှပေသည်။
"..."
စီယဲ့သည် လက်ဖြင့် နဖူးကိုပွတ်သပ်လိုက်မိ၏။ ဤသခင်မလေးသည် အဘယ်ကြောင့် ဤမျှစိုးရိမ်ပူပန်မှု မရှိရသနည်း။
ချူချင်းသည် ထျယ်ချူချင်ကို ပြုံးစစဖြင့် ကြည့်လိုက်၏။
"သခင်မလေးထျယ်က ဒီလောက်အထိ စိတ်ရင်းရှိနေမှတော့ ကျုပ်ငြင်းလိုက်ရင် တကယ့်ကို ရိုင်းပျရာကျသွားလိမ့်မယ်..."
"ရှင် သဘောတူပြီလား..."
ထျယ်ချူချင်၏မျက်ဝန်းများ တောက်ပသွား၏။
"ကျုပ် သဘောတူပါတယ်..."
ချူချင်းက ခေါင်းညိတ်လျက် ပြောလိုက်၏။
"ဒီကိစ္စတွေပြီးသွားရင် သခင်မလေးထျယ်က စာချုပ်တစ်ခုရေးပေးခဲ့ပါ... နောင်တစ်ချိန် ကျုပ်ထျယ်ရွှဲ့ခန်းမကိုရောက်တဲ့အခါ ဒီကတိကိုတည်ပေးရုံပါပဲ..."
ထျယ်ချူချင်၏မျက်ဝန်းများ ပိုမိုတောက်ပသွား၏။
"ရှင်လော့ချန်အိမ်တော်မှာ တကယ် မပါတော့ဘူးလား..."
ချူချင်းသည် ပြုံးလျက် လက်ကိုဝှေ့ယမ်းလိုက်၏။
"ကျုပ်က ကတိတည်တဲ့သူပါ... ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မမေးတာ အကောင်းဆုံးဖြစ်လိမ့်မယ်…”
“ဘယ်လိုပဲဖြစ်ဖြစ် အခုက သခင်မလေးထျယ်ကို အခွင့်အရေးတစ်ခု ပေးလိုက်တာပဲ..."
"ဘာတွေ ဒီလောက်ဂုဏ်ယူနေတာလဲ..."
ထျယ်ချူချင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ကောင်းပြီ... ကျွန်မသဘောတူတယ်... နောက်ကျရင် စာချုပ်တစ်ခုရေးပေးခဲ့မယ်... ကျွန်မကို ကတိမတည်ဘူးလို့ မပြောနိုင်အောင်ပေါ့…”
“ဒါပေမဲ့မှတ်ထားပါ... ရှင် လော့ချန်အိမ်တော်မှာ မပါရဘူးဆိုတာက အဓိကစည်းကမ်းချက်ပဲ... မဟုတ်ရင် အားလုံးပျက်ပြယ်သွားလိမ့်မယ်..."
"ကောင်းပြီ... သဘောတူညီချက်ရပြီ..."
ချူချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူမသည် အမှန်တကယ်ပင် အရူးမလေးတစ်ဦး ဖြစ်ပေသည်။
စီယဲ့သည် ချူချင်းကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
အစပိုင်းတွင် ထျယ်ချူချင်က လူကို ဗြောင်ကျကျလုယူနေခြင်းမှာ လွန်လွန်းသည်ဟု ထင်မှတ်ခဲ့သော်လည်း သူတို့၏စကားဝိုင်းကို သေချာနားထောင်ပြီးနောက်တွင်မူ ချူချင်းနှင့်ထျယ်ချူချင်တို့၏ သဘောတူညီချက်မှာ လော့ချန်အိမ်တော်တွင် မပါဝင်ရန်သာဖြစ်ကြောင်း သဘောပေါက်သွားချေသည်။
ထို့အပြင် ဤသခင်လေးသုံးသည် လော့ချန်အိမ်တော်သို့ မည်သည့်အချိန်တွင် ဝင်ရောက်ခဲ့ဖူးပါသနည်း။
သူသည် သခင်မလေးဝမ်ကို ကူညီပေးနေခြင်းသာ ဖြစ်ပေသည်။
ထို့အပြင် ကတိကဝတ်ထဲတွင် သခင်လေးသုံးအနေဖြင့် ထျယ်ရွှဲ့ခန်းမသို့ ဝင်ရောက်ရန်မလိုအပ်ချေ။
ဤသခင်လေးသုံးသည် အလကားရရန်ကြံစည်လျက် ထိုအရူးမလေးကိုလှည့်စားနေခြင်း ဖြစ်ပေသည်။