အခန်း ၃၉၂
Vol. 40 Ch. 392
အခန်း (၃၉၂) တိုက်ပွဲကြီး ပြီးဆုံးခြင်း... ယဇ်ပူဇော်ပစ္စည်း ရရှိပြီ
"ဒီနတ်လှံတံကြီးက နတ်မင်းကြီး သူ့ကို ပေးထားတာလား..."
လေဟာနယ်ထက်တွင် ယောင်ယွဲ့သည် ကျန်းချဲ့၏ လက်ထဲရှိ နတ်လှံတံကြီးကို စူးစိုက်ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်လေသည်။
ထိုနတ်လှံတံကြီး၏ ထူးခြားပြောင်မြောက်မှုကို သူမ ကောင်းစွာ ခံစားသိရှိနိုင်လေသည်။ ဝိညာဉ်သိစိတ် နည်းနည်းလေးမျှ မရှိသော်လည်း ၎င်း၏ ကိုယ်ထည်မှာ အလွန်အမင်း ခိုင်ခံ့မာကျောလှပေသည်။ ထိပ်တန်း အဆင့်ရှိ အကောင်းဆုံး သတ္တုများဖြင့် ဖန်တီးပြုလုပ်ထားကြောင်း အလွန် သိသာထင်ရှားလှသည်။
"မဟုတ်ဘူး... သိုင်းလျှို့ဝှက်နယ်မြေ တိုက်ပွဲတုန်းက ချင်းထျန်းမိစ္ဆာဂိုဏ်း မြင့်မြတ်သားတော် ရဲ့ လက်ထဲကနေ သူ လုယူလာခဲ့တာ..."
"ဒီနတ်လှံတံကြီးသာ ဝိညာဉ်သိစိတ် ကို မွေးမြူနိုင်ခဲ့မယ် ဆိုရင် သာမန် သိုင်းသူတော်စင် လက်နက် တစ်ခု လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး... ချင်းထျန်းမိစ္ဆာဂိုဏ်း က လူတွေက တကယ်ကို လက်ဖွာကြတာပဲ..."
"ဒီနတ်လှံတံကြီးက တစ်ဝက်လောက် ပျက်စီးနေခဲ့ပြီ... ဝိညာဉ်သိစိတ် ပြန်လည် မွေးမြူနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ... ဒါပေမဲ့ ဒီအတိုင်း ဆိုရင်တောင်မှ ထိပ်တန်း နတ်လက်နက် တစ်ခု အဖြစ် သတ်မှတ်လို့ ရနိုင်သေးတယ်..."
ကျီချန်တောက် က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။
ယွမ်ခန်းဧကရာဇ် နှင့် ပတ်သက်သော ကိစ္စမှလွဲ၍ သူနှင့် ယောင်ယွဲ့ တို့ အကြားတွင် ကြီးမားသော ပဋိပက္ခများ မရှိကြချေ။ စကားအနည်းငယ် ပြောဆိုလိုက်ရုံဖြင့် ယခုနက်က ဖြစ်ပေါ်ခဲ့သော မကျေနပ်မှုများကို မေ့ပျောက်သွားစေနိုင်သည်။
ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အလား အခြားသော ကိစ္စရပ်များကို ပေါ့ပေါ့ပါးပါး ဆက်လက် ပြောဆိုနေကြလေသည်။
ယခုအချိန်တွင်တော့ အဆုံးအစမရှိသော ယင်ယန် မိစ္ဆာမီးတောက်များ၏ လွှမ်းခြုံထားခြင်းကို ခံထားရသော ဇာကူမု သည် သတ်ကွင်းသို့ ရောက်ရှိနေသော သိုးသူငယ်လေး တစ်ကောင်အလား မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ချေ။
သူ အလွန် ဂုဏ်ယူဝင့်ကြွားနေခဲ့သော သွေးသားအသစ် ပြန်လည်မွေးဖွားခြင်း စွမ်းရည်မှာလည်း အဆက်မပြတ် လောင်ကျွမ်းနေသော မိစ္ဆာမီးတောက်များ၏ အရှေ့တွင် အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံနေရလေသည်။
ယခင်က လုကျဲ့ယွင်၏ ဓားအစီအရင် ပင်လျှင် သူ့ကို ဤမျှလောက်အထိ အခက်တွေ့အောင် မလုပ်နိုင်ခဲ့ချေ။ ယခုအခါတွင်တော့ မိစ္ဆာမီးတောက်များ၏ လောင်ကျွမ်းမှုကို ခုခံရန်အတွက် သူ၏ ရုပ်ခန္ဓာ သွေးအဆီအနှစ်များနှင့် ချီစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေရလေသည်။
"ကျန်းချဲ့... မင်း သတ္တိရှိရင် ငါကိုယ်တော် နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်စမ်း..."
မိစ္ဆာမီးတောက်များ အတွင်းမှ ဇာကူမု သည် အဆက်မပြတ် ဟစ်အော်နေလေသည်။ ဤနည်းလမ်းဖြင့် ကျန်းချဲ့ ကို မျက်နှာချင်းဆိုင် ဝင်ရောက် တိုက်ခိုက်လာစေရန် တွန်းအားပေးလိုခြင်း ပင်ဖြစ်သည်။
အကြောင်းမူကား ဤအချိန်တွင် သူသည် ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များ အကြားမှ လွတ်မြောက်နိုင်ရန် အလွန် ခက်ခဲနေသောကြောင့် ပင်ဖြစ်သည်။
ဤသည်မှာ ယခင်က လုကျဲ့ယွင် ၏ ဓားအစီအရင်နှင့် လုံးဝ ကွာခြားလေသည်။ ဓားအစီအရင်ကို ရုပ်ခန္ဓာ စွမ်းအားဖြင့် အတင်းအဓမ္မ ခုခံ၍ ရနိုင်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များကိုမူ သူ၏ ရုပ်ခန္ဓာဖြင့်ပင် ခုခံနိုင်စွမ်း မရှိတော့ချေ။
ကျန်းချဲ့ ကတော့ ဇာကူမု ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူ၏ အမြင်တွင် ဇာကူမု သည် အသက်ငင်နေသော သားရဲ တစ်ကောင်၏ နောက်ဆုံး ရုန်းကန်မှု သက်သက်သာ ဖြစ်လေသည်။
အကယ်၍ သူ လှုပ်ရှားရမည် ဆိုလျှင် သေချာပေါက် နောက်ဆုံး အဆုံးအဖြတ် တိုက်ခိုက်မှုသာ ဖြစ်ရပေမည်။
နဂါးမွေးမြူရေးကန် အနီးရှိ သိုင်းပညာရှင်များနှင့် ပြည်သူလူထု အားလုံးမှာလည်း ကျန်းချဲ့၏ အစွမ်းထက်မှုများကို အဆက်မပြတ် ဆွေးနွေး နေကြလေသည်။
သူတို့သည် ကျန်းချဲ့၏ အစစ်အမှန် စွမ်းအားကို မမြင်နိုင်ကြသော်လည်း ရလဒ်ကိုတော့ ကောင်းစွာ မြင်တွေ့နိုင်ကြလေသည်။ ကျန်းချဲ့ က ထို မြောက်ပိုင်း လူရိုင်းကို အပြတ်အသတ် ဖိနှိပ်ထားပြီး လွတ်လမ်းမရှိအောင် လုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
အနိုင်ရဖို့ဆိုသည်မှာ ခက်ခဲသော ကိစ္စ တစ်ခု ဖြစ်နေသေးသလား။
"သိုင်းစာရင်း ရဲ့ နံပါတ်တစ် ပါရမီရှင် နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... ဒါမှ ငါတို့ အလယ်ပိုင်း ဒေသ ရဲ့ နံပါတ်တစ် ပါရမီရှင် ရဲ့ အစစ်အမှန် စွမ်းအား ပေါ့ကွာ..."
"အရင်တုန်းက လုကျဲ့ယွင် နဲ့ အဲ့ဒီ မြောက်ပိုင်း လူရိုင်း တိုက်နေကြ တုန်းက... မြောက်ပိုင်း လူရိုင်း က အရမ်း အစွမ်းထက် လိမ့်မယ် လို့ ထင်ထားခဲ့တာ... ရလဒ် ကျတော့လည်း... ဒီလောက်ပါပဲလား... ကွမ်ကျွင်းနယ်စား ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ပါလား..."
"ဟားဟားဟား... ရင်ထဲ အေးသွားတာပဲကွာ... တကယ်ကို ရင်ထဲ အေးသွားတာပဲ... ဒီ မြောက်ပိုင်း လူရိုင်း ကို သတ်ပစ်သင့်တယ်... ဒါမှ နယ်စပ် မှာ တိုက်ပွဲဝင်ရင်း ကျဆုံး သွားကြတဲ့ ငါတို့ အလယ်ပိုင်း ဒေသ က စစ်သည်တော် တွေရဲ့ ဝိညာဉ်တွေ ငြိမ်းချမ်း နိုင်မှာ..."
လူအချို့မှာ မျက်ရည်များပင် ကျဆင်းလာပြီး ကျယ်လောင်စွာ ဟစ်အော်နေကြလေသည်။
"ကောင်းတယ်... ကောင်းတယ်... တကယ်ကို ကောင်းတယ်ဟေ့..."
မျက်စိတစ်မှိတ် အတွင်းမှာပင် လက်ဖက်ရည် တစ်ခွက်စာ အချိန် ကုန်ဆုံးသွားခဲ့လေပြီ။
ယင်ယန် မိစ္ဆာမီးတောက်များ၏ လွှမ်းခြုံမှုကို ခံထားရသော ဇာကူမု သည်လည်း သူ၏ အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့လေပြီ။
မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ထားရပြီး ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာလည်း အလွန်အမင်း အားနည်းနေခဲ့လေပြီ။
ခန္ဓာကိုယ် အတွင်းရှိ သွေးအဆီအနှစ် များမှာလည်း တစ်ဝက်ကျော်ခန့် ကုန်ခမ်းသွားခဲ့လေပြီ။ သူ၏ မျက်ဝန်းများထဲတွင် မကျေချမ်းမှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။
သူ အလယ်ပိုင်းဒေသ အတွင်းသို့ ဝင်ရောက်လာကတည်းက လမ်းတစ်လျှောက်လုံးရှိ အလယ်ပိုင်းဒေသမှ ပါရမီရှင်များကို အပြတ်အသတ် အနိုင်ယူလာခဲ့ပြီး အလယ်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးထားနိုင်မည်ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော် ရလဒ်အနေဖြင့်... သူနှင့် နောက်ဆုံးအချိန်ထိ တိုက်ခိုက်နိုင်စွမ်းရှိသော လုကျဲ့ယွင် နှင့် အရင်ဆုံး ဆုံတွေ့ခဲ့ရပြီး နောက်ပိုင်းတွင် သူ့ကို အပြတ်အသတ် ဖိနှိပ်နိုင်သော ကျန်းချဲ့ နှင့် ထပ်မံ ဆုံတွေ့ခဲ့ရပြန်လေသည်။
ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများ ဖိနှိပ်မှုအောက်တွင် သူသည် ဤ မိစ္ဆာမီးတောက်များ အကြားမှ လုံးဝ လွတ်မြောက်နိုင်စွမ်း မရှိတော့ချေ။
"ကျန်းချဲ့... မင်း နိုင်တာက တရား မျှတမှု မရှိဘူး..."
ဇာကူမု က အသံကုန် ဟစ်အော်လိုက်လေသည်။
"နိုင်ရင် နိုင်တာပဲ... မင်းက ဒီ မိစ္ဆာမီးတောက် တွေ ထဲကနေတောင် မထွက်နိုင်ဘဲနဲ့... တရား မျှတမှု မရှိဘူး လို့ ပြောနေသေးတယ်ပေါ့လေ..."
အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်သော ဇာကူမု ကို ကြည့်ရင်း ကျန်းချဲ့ က ဟွမ်ကူနတ်လှံတံကို တစ်ချက် ဝှေ့ယမ်းလိုက်ကာ မိစ္ဆာမီးတောက်များ အတွင်းသို့ တစ်လှမ်းချင်းစီ လျှောက်ဝင်သွားလေသည်။
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များက သူ့အတွက် လမ်းကြောင်း တစ်ခုကို အလိုအလျောက် ဖွင့်ပေးကြလေသည်။
ကျန်းချဲ့ မိစ္ဆာမီးတောက်များ အတွင်းသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ မူလက မကျေမချမ်း ဖြစ်နေသော ဇာကူမု ၏ မျက်ဝန်းများထဲတွင် ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။
ကိုယ်ပေါ်ရှိ အရှိန်အဝါများ ချက်ချင်း စုစည်းသွားပြီး မျက်ဝန်းများကို မှေးကျဉ်းလိုက်လေသည်။
သူ၏ မျက်လုံးများထဲမှ နေ၍ ထက်မြက်လှသော နတ်ဘုရားဆူး တစ်ချောင်း ရုတ်တရက် ပစ်ခတ်လိုက်လေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ဆူး...
ဤသည်မှာ ရုပ်ခန္ဓာကို လျစ်လျူရှုကာ ပြိုင်ဘက်၏ ဝိညာဉ်နှင့် ယွမ်ယင်းကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်သော ရှန်ရှန်းအဆင့် လျှို့ဝှက်သိုင်းကွက် တစ်ခု ဖြစ်လေသည်။
ရန်သူကို သတ်ဖြတ်နိုင်သော်လည်း မိမိကိုယ်တိုင်လည်း အကြီးအကျယ် ဒဏ်ရာရရှိစေမည့် အဆုံးစွန်သော နည်းလမ်းတစ်ခု ပင်ဖြစ်သည်။
မူလက သူ ဤနည်းလမ်းကို လုံးဝ အသုံးမပြုလိုခဲ့ချေ။ သို့သော် ယခုအချိန်တွင် သူသည် ဆီကုန်ရေခမ်း ဖြစ်နေပြီဖြစ်ရာ အကယ်၍ ဤနည်းလမ်းကို အသုံးမပြုပါက ကျန်းချဲ့၏ လက်အောက်တွင် အပြည့်အဝ ရှုံးနိမ့်သွားပြီ ဖြစ်လေသည်။
သူ လုံးဝ မကျေချမ်းနိုင်ချေ။ ထို့ကြောင့် နောက်ဆုံး အနေဖြင့် အသက်စွန့်ကာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ပင်ဖြစ်သည်။
"ဂျိန်း..."
နတ်ဘုရားသတ်ဖြတ်ခြင်း ဆူး ၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းချဲ့၏ အနီးသို့ ရောက်ရှိသွားလေသည်။
ကျန်းချဲ့၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တုံ့ပြန်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... ထို နတ်ဘုရားဆူး က ရုတ်တရက် အရှိန်မြှင့်တင်လိုက်ပြီး သူ၏ နဖူးဗဟိုချက် အတွင်းသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ဝင်ရောက်သွားလေသည်။
တစ်ခဏ အတွင်းမှာပင် ကျန်းချဲ့ တစ်ယောက် နေရာတွင်ပင် ကြက်သေသေသွားပြီး ပြင်းထန်သော ဒဏ်ရာကြီး တစ်ခုကို ရရှိသွားသည့်အလား ဖြစ်သွားလေသည်။
"ဟားဟားဟား... နောက်ဆုံးတော့ ငါကိုယ်တော် နိုင်သွားပြီ..."
ဇာကူမု က သွားကို တင်းတင်းကြိတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ထို့နောက် မိမိကိုယ်တိုင် ပြန်လည် ခံစားရမည့် ဆိုးကျိုးများကို လုံးဝ ဂရုမစိုက်တော့ဘဲ နောက်ဆုံး တိုက်ခိုက်မှုကို ချက်ချင်း စတင်လိုက်လေသည်။
ကျန်းချဲ့ကို အပြတ်အသတ် အနိုင်ယူလိုသော ဆန္ဒဖြင့် လက်နှစ်ဖက်ဖြင့် နတ်ဘုရားတုတ်ရှည်ကြီးကို ကိုင်ဆောင်ကာ ကျန်းချဲ့၏ ခေါင်းပေါ်သို့ အားကုန် ရိုက်ချလိုက်လေသည်။
ဤရိုက်ချက်သာ ထိမှန်သွားမည် ဆိုပါက ကျန်းချဲ့ မသေလျှင်တောင်မှ အပြင်းအထန် ဒဏ်ရာရသွားမည်မှာ သေချာလှပေသည်။
နည်းလမ်းက မဖြောင့်မတ်သော်လည်း သူ လုံးဝ ဂရုမစိုက်ချေ။
သူ လိုချင်သည်မှာ အနိုင်ရရှိရန် သက်သက်သာ ဖြစ်လေသည်။
သို့သော်... ဇာကူမု ၏ နောက်ဆုံး တိုက်ခိုက်မှုကြီး ကျဆင်းလာတော့မည့် အချိန်မှာပင်... မမျှော်လင့်ထားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ကျန်းချဲ့ သည် မည်သည့်အချိန်ကတည်းက လှုပ်ရှားလိုက်မှန်း မသိရဘဲ သူ၏ လက်ထဲရှိ ဟွမ်ကူနတ်လှံတံကြီးက ဇာကူမု ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်ရိုက် ထိုးဖောက်သွားခဲ့လေပြီ။
ဇာကူမု ၏ ခန္ဓာကိုယ်ကြီးကို လေဟာနယ် ထက်တွင် သီတန်းလျက်သား ဖြစ်သွားစေခဲ့လေသည်။
ကျန်းချဲ့၏ ဝေဝါးနေသော အကြည့်များက တဖြည်းဖြည်း ပြန်လည် စူးရှလာပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။
"မင်းကို နောက်ပြောင် လိုက်တာပါ..."
"မင်း... မင်း... ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
ဇာကူမု ၏ တစ်ကိုယ်လုံးမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီး တစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး လုံးဝ ရုန်းထွက်၍ မရနိုင်တော့ချေ။ ပါးစပ် အဟောင်းသားဖြင့် ကျန်းချဲ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ဆူး က ကျန်းချဲ့ကို ထိမှန်သွားသည်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည် မဟုတ်ပါလော... ဘယ်လိုလုပ်ပြီး နည်းနည်းလေးတောင် ဒဏ်ရာ မရဘဲ နေနိုင်ရတာလဲ။
"ဘာမှ မဖြစ်နိုင်တာ မရှိဘူး... မင်း မတွေးမိ တာက မင်း ဗဟုသုတ နည်းလို့ပဲ..."
ကျန်းချဲ့ က ဇာကူမု ၏ ခန္ဓာကိုယ်ကြီးကို အထက်သို့ မြှောက်ထားလိုက်လေသည်။
ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အနက်နှင့်အဖြူ ရောစပ်နေသော နတ်ဘုရား အမှတ်အသားများ အတွင်းသို့ ပြန်လည် စုပ်ယူသွားလေသည်။
အမှန်တကယ်တော့ ကျန်းချဲ့ သည် တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် အနည်းငယ် ဒဏ်ရာရရှိသွားခဲ့သည်မှာ မှန်ပေသည်။
သို့သော် ဇာကူမု ထင်မှတ်ထားသလောက် ပြင်းထန်သော ဒဏ်ရာမျိုး လုံးဝ မဟုတ်ဘဲ အလွယ်တကူပင် သတိပြန်ဝင်လာကာ တန်ပြန် တိုက်ခိုက်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
အကြောင်းမူကား မိစ္ဆာမီးတောက်များ အတွင်းသို့ မဝင်ရောက်မီ ကတည်းက သူ ကြိုတင် ပြင်ဆင်ထားခဲ့သောကြောင့် ပင်ဖြစ်သည်။
ခြင်္သေ့ တစ်ကောင်သည် ယုန်ငယ်လေး တစ်ကောင်ကို ဖမ်းယူရာတွင်ပင် အစွမ်းကုန် ကြိုးစားရသည် မဟုတ်ပါလော။
မည်သို့ပင်ဆိုစေ ဇာကူမု သည် မြောက်ပိုင်းလူရိုင်းများ၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်လေသည်။
တစ်ဖက်လူတွင် နောက်ဆုံး လျှို့ဝှက် ဖဲချပ်တစ်ခု ကျန်ရှိနေသေးမည်ကို ကျန်းချဲ့ ယုံကြည်ထားပြီးသား ပင်ဖြစ်သည်။
သို့သော် ဇာကူမု ၏ နောက်ဆုံး တိုက်ခိုက်မှုက ဝိညာဉ်ရေးရာ တိုက်ခိုက်မှု ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
သို့သော် ဝိညာဉ်ရေးရာ စွမ်းအင် ဆိုသည်မှာလည်း သူ၏ အားသာချက် တစ်ခု ပင်ဖြစ်သည်။
အစောကြီး ကတည်းက သူသည် ချီရွှယ်မိစ္ဆာသခင် လုချန်ဖုန်း သင်ကြားပေးထားသော ဝိညာဉ်ရေးရာ လျှို့ဝှက်ကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားခဲ့ပြီး ဖြစ်လေသည်။
ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်းနေသော မိစ္ဆာမီးတောက်များ ပျောက်ကွယ်သွားပြီးနောက် လူအများ မြင်တွေ့လိုက်ရသော နောက်ဆုံး မြင်ကွင်းမှာ...
ကျန်းချဲ့ က လက်တစ်ဖက်ဖြင့် နတ်လှံတံကို ကိုင်ဆောင်ကာ ဇာကူမု ကို အပြတ်အသတ် သတ်ဖြတ် နှိမ်နှင်းလိုက်သော မြင်ကွင်းပင် ဖြစ်လေသည်။
ဤအချိန်တွင် ကျန်းချဲ့ သည် ချောက်ကမ်းပါး စစ်မြေပြင်ကြီး အတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုးသခင်ကြီး တစ်ပါး အလား ပင်ဖြစ်သည်။
ဤအချိန်တွင် ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားချေပြီ။
"ဘုန်း..."
လေဟာနယ် ထက်မှ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ပြုတ်ကျလာပြီး စင်မြင့် အောက်ခြေရှိ မြေပြင်ပေါ်သို့ အပြင်းအထန် ကျဆင်းသွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဖုန်လုံးကြီးများ လွင့်စင်ထွက်သွားကာ မြေပြင်ကြီးပင် အက်ကွဲသွားရလေသည်။
မြေပြင်ပေါ်တွင် မှောက်လျက်သား ကျနေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။ ခွေးသေ တစ်ကောင် အလား ပင်ဖြစ်သည်။
"ဇာကူမု..."
"ဇာကူမု..."
ဆုဖုန်း နှင့် လီမူကျန်း တို့ ချက်ချင်း အကြီးအကျယ် ထိတ်လန့်သွားကြပြီး မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ပေါ်လွင်လာလေသည်။
အလျင်အမြန်ပင် ရှေ့သို့ ပြေးထွက်သွားကာ ဇာကူမု ၏ အခြေအနေကို စစ်ဆေးလိုက်ပြီး ကြိုတင် ပြင်ဆင်ထားသော နတ်ဆေးလုံး တစ်လုံးကို ပါးစပ်ထဲသို့ အလျင်အမြန် ခွံ့ကျွေးလိုက်ကြလေသည်။
"အဟွတ်... အဟွတ်..."
အလွန်အမင်း စုတ်ပြတ်သတ်နေသော ဇာကူမု ၏ နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျနေပြီး အသက်ရှူသံများမှာလည်း အလွန်အမင်း အားနည်းနေခဲ့လေပြီ။
သူ၏ မျက်ဝန်းများထဲတွင် မကျေချမ်းမှုများနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင် အချို့လည်း ရောယှက်နေလေသည်။
အကယ်၍ ဤတိုက်ပွဲ မစတင်မီကသာ ဆိုလျှင် သူ ဤမျှလောက်အထိ သနားစရာ ကောင်းလောက်အောင် ရှုံးနိမ့်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့မည် မဟုတ်ချေ။
ဒေါသနှင့် အရှက်ရမှုများကြောင့် သွေးတစ်လုတ် အန်ထုတ်လိုက်ပြီးနောက် ဇာကူမု တစ်ယောက် သတိလစ် မေ့မြောသွားလေတော့သည်။
ကျန်းချဲ့ သည် အမှန်တကယ်ပင် သေစေလောက်သော တိုက်ခိုက်မှုကို မပြုလုပ်ခဲ့ဘဲ ဇာကူမု ကို အသက်တစ်ချောင်း ချန်ထားပေးခဲ့လေသည်။
အကြောင်းမူကား တော်ဝင်နန်းတော် နှင့် မြောက်ပိုင်းလူရိုင်းများ အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး ဧကရာဇ်မင်း ကိုယ်တိုင် ဤကိစ္စကို အလွန် အလေးထားနေကြောင်း သူ သိရှိထားသောကြောင့် ပင်ဖြစ်သည်။
အကယ်၍ သူသာ တစ်ဖက်လူကို သတ်ဖြတ်လိုက်မည် ဆိုပါက သူ့အတွက် အကျိုးမရှိသည့်အပြင် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်လာစေမည် ဖြစ်လေသည်။
အကျိုးအပြစ်များကို ချိန်ဆ ကြည့်ပြီးနောက် ဇာကူမု ၏ အသက်ကို ချန်ထားပေးခဲ့ခြင်း ပင်ဖြစ်သည်။
သို့သော်... ဇာကူမု ၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်များ အားလုံးကိုတော့ ကျန်းချဲ့ က အပြတ်အသတ် ဖျက်ဆီးပစ်ခဲ့လေသည်။
ထို အခြေခံ အုတ်မြစ်များကို ပြန်လည် ကုစားနိုင်ရန် အချိန် အများကြီး လိုအပ်ရုံသာမက အလွန် များပြားလှသော သယံဇာတ အရင်းအမြစ် များလည်း လိုအပ်မည် ဖြစ်လေသည်။
"သေလိုက်စမ်း..."
လီမူကျန်း ချက်ချင်း ဒေါသ အမျက်ထွက်သွားလေသည်။ နည်းနည်းလေး လွဲသွားသည်နှင့် ဇာကူမု သေဆုံးသွားတော့မည် မဟုတ်ပါလော။
သူသည် ကောင်းကင်ဧကရာဇ် အချစ်ဆုံး သားတော် တစ်ပါး ဖြစ်လေသည်။ အကယ်၍ အလယ်ပိုင်းဒေသ တွင်သာ တကယ် သေဆုံးသွားမည် ဆိုပါက သူ မည်သို့ ပြန်လည် ရှင်းပြရမည်နည်း။
ဒေါသ အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် သူ၏ ကိုယ်ပေါ်မှ ရှန်ရှန်းအဆင့် နှောင်းပိုင်း ၏ အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာလေသည်။
ကျန်းချဲ့ ကိုပါ အပြင်းအထန် ဒဏ်ရာရသွားအောင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော် သူ မလှုပ်ရှားရသေးမီ မှာပင် ချန်ချင်းဖန် က ရှေ့သို့ တစ်လှမ်း တက်လာပြီး လီမူကျန်း ၏ အရှိန်အဝါများကို ဖိနှိပ် ချုပ်နှောင်ကာ သတိပေးလိုက်လေသည်။
"လီမူကျန်း... ရပ်လိုက်စမ်း..."
ဆုဖုန်း က မည်းမှောင်နေသော မျက်နှာထားဖြင့် တိုးညှင်းစွာ အော်ဟစ်လိုက်လေသည်။
"ဟွန့်..."
လီမူကျန်း က ကျန်းချဲ့ကို ရက်စက်သော အကြည့်ဖြင့် တစ်ချက် စိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ အပြည့်အဝ ပေါ်လွင်နေလေသည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုး တာဝန် ကျေပွန် ခဲ့ပါပြီ..."
ကျန်းချဲ့ က မြောက်ပိုင်းလူရိုင်း အစွမ်းထက် သူများ၏ ဒေါသတကြီး စိုက်ကြည့်နေမှုများကို လုံးဝ ဂရုမစိုက်ဘဲ လေဟာနယ် ထက်မှ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာကာ အထက် စင်မြင့်ပေါ်ရှိ ယွမ်ခန်းဧကရာဇ် ကို ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
ယွမ်ခန်းဧကရာဇ် က ကျန်းချဲ့ကို စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။
"ကောင်းတယ်... ကိုယ်တော် ရဲ့ ကွမ်ကျွင်းနယ်စား နဲ့ တကယ်ကို ထိုက်တန် ပါပေတယ်... လီချန်ကျုံး... အမိန့်တော် ရေးမှတ် လိုက်စမ်း..."
"ကျွန်တော်မျိုး အမိန့်နာခံ ပါ့မယ်..."
လီချန်ကျုံး က ချက်ချင်း ရှေ့သို့ တစ်လှမ်း တက်လာလေသည်။
"ကွမ်ကျွင်းနယ်စား ကျန်းချဲ့ ရဲ့ နတ်ဘုရား စွမ်းရည် တွေက ပြိုင်ဘက်ကင်း ပြီး တော်ဝင်နန်းတော် ရဲ့ ဂုဏ်ကျက်သရေ ကို မြှင့်တင် ပေးနိုင်ခဲ့တယ်... ကိုယ်တော် တကယ်ကို ဝမ်းသာ ပီတိ ဖြစ်ရပါတယ်... အဲ့ဒါကြောင့် ကွမ်ကျွင်းနယ်စား ကို စားပွဲတော် နှစ်ထောင်... တော်ဝင် သေရည် အိုးတစ်ရာ... ရွှေငွေ တစ်သိန်း ကို ဆုချီးမြှင့် လိုက်တယ်... ပြီးတော့ ဧကရာဇ် မြို့တော် ထဲမှာ အိမ်တော် တစ်ခု ကိုလည်း ဆောက်လုပ် ခွင့် ပေးလိုက်တယ်..."
"အရှင်မင်းကြီး ရဲ့ ချီးမြှင့်မှု တွေအတွက် ကျွန်တော်မျိုး ကျေးဇူးတင် ပါတယ်..."
ကျန်းချဲ့ က ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
သို့သော် သူ၏ ရင်ထဲတွင်တော့ ယွမ်ခန်းဧကရာဇ် ၏ ကပ်စေးနှဲမှုကို ကျိန်ဆဲနေမိလေသည်။
ဤဆုလာဘ်များမှာ နားထောင်လို့သာ ကောင်းနေခြင်းဖြစ်ပြီး လက်တွေ့တွင်တော့ ကြီးမားသော အကျိုးအမြတ်များ လုံးဝ မရှိချေ။
အကယ်၍ သူသာ ကျီချန်တောက် ထံမှ လေဝိညာဉ်နတ်ပုတီးစေ့ ကို ကြိုတင် မရရှိထားခဲ့ပါက...
အမှန်တကယ်တော့ ဤတိုက်ပွဲက သူ့အတွက် အရှုံးပေါ်နေမည်မှာ သေချာလှပေသည်။
"ဆုဖုန်း... ဒီ လောင်းကြေး ကတော့ ကိုယ်တော် အနိုင် ရသွားတဲ့ ပုံပဲ..."
ယွမ်ခန်းဧကရာဇ် က အောက်ဘက်ရှိ ဆုဖုန်း ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်လေသည်။
"ကျွန်တော်မျိုး ပြန်ရောက် တာနဲ့ တော်ဝင်နန်းတော် ကို ချက်ချင်း ဆက်သွယ် ပြီး... ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ စည်းကမ်းချက် တွေကို အသစ် ပြန်လုပ် ပါ့မယ်..."
ဆုဖုန်း က ခေါင်းငုံ့ကာ အရိုအသေ ပေးလျက် ပြန်ပြောလိုက်လေသည်။
"ကောင်းပြီ... ဒီလိုပဲ သတ်မှတ် လိုက်ကြတာပေါ့..."
ယွမ်ခန်းဧကရာဇ် က လက်ယမ်းလိုက်ပြီး တော်ဝင်ရထားလုံးကို နန်းတော်သို့ ပြန်လည် ထွက်ခွာရန် အချက်ပြလိုက်လေသည်။
မိဖုရားကြီး ရွှီ က အေးစက်စက် မျက်နှာထားဖြင့် ကျန်းချဲ့ကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။
ထို မျက်နှာကို သူမ လုံးဝ မမြင်ချင်တော့ချေ။ အကြောင်းမူကား မြင်လိုက်ရတိုင်း ယခင်က အစော်ကားခံခဲ့ရသည့် မြင်ကွင်းများကို အမြဲတမ်း ပြန်လည် သတိရလာသောကြောင့် ပင်ဖြစ်သည်။
အရေးအကြီးဆုံး အချက်မှာ သူမ အနေဖြင့် ကျန်းချဲ့ကို ဘာမှ လုပ်၍ မရနိုင်သေးခြင်း ပင်ဖြစ်သည်။
ရင်ထဲတွင် မည်မျှပင် ကြီးမားသော ဒေါသများ ရှိနေပါစေ တိတ်တဆိတ် မြိုသိပ်ထားရုံသာ ရှိတော့သည်။
ဧကရာဇ်မင်း ထွက်ခွာသွားသည်နှင့် ဤစိန်ခေါ်ပွဲကြီး လည်း တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်သလို ဖြစ်သွားလေသည်။
ဘေးပတ်ဝန်းကျင်ရှိ ပြည်သူလူထုနှင့် သိုင်းပညာရှင်များမှာ ဤတိုက်ပွဲ အကြောင်းကို အလွန် ပျော်ရွှင်စွာ ဆွေးနွေး နေကြလေသည်။
လူတိုင်း၏ နှုတ်ဖျားတွင် ကျန်းချဲ့၏ အမည်နာမကိုသာ ပြောဆိုနေကြပြီး ယခင်က ဇာကူမု နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သော လုကျဲ့ယွင် ကိုတော့ အနည်းငယ်မျှသာ ပြောဆိုကြလေသည်။
"ကျန်းညီလေး က တကယ်ကို အစွမ်းထက် ပါပေတယ်... သိုင်းစာရင်း ရဲ့ နံပါတ်တစ် နေရာ နဲ့ တကယ်ကို ထိုက်တန် ပါတယ်..."
လုကျဲ့ယွင် မနေနိုင်ဘဲ သက်ပြင်းချကာ ချီးကျူးလိုက်လေသည်။ သူသည် နှစ်ပေါင်းများစွာ အချိန်ယူပြီး မရေမတွက်နိုင်သော ကံကြမ္မာ အခွင့်အရေး များကို ရယူနိုင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ကျန်းချဲ့ ထက် တစ်လှမ်း နောက်ကျနေဆဲ ပင်ဖြစ်သည်။
အခြေခံ အုတ်မြစ် ပိုင်းတွင်ပင် တစ်ဖက်လူကို မယှဉ်နိုင်သဖြင့် သူ၏ ရင်ထဲတွင် အနည်းငယ် စိတ်ပျက်မိသွားလေသည်။
သူ၏ ရင်ထဲတွင်လည်း အလိုအလျောက် သက်ပြင်းချမိသွားလေသည်။
'ဒီ ကံကြမ္မာ ရဲ့ ရွေးချယ် ခံရတဲ့ သားတော် တွေက တကယ်ပဲ ဒီလောက်တောင် အစွမ်းထက် ကြတာလား...'
ယခုအချိန်တွင်တော့ လုကျဲ့ယွင် ၏ ရင်ထဲ၌ သူ၏ ခန့်မှန်းချက်များကို ကျော်လွန်နေသော ကျန်းချဲ့ ကို ကံကြမ္မာ၏ ရွေးချယ်ခံရသော သားတော် တစ်ယောက် အဖြစ် အပြည့်အဝ သတ်မှတ်လိုက်လေပြီ။
အကယ်၍ ထိုသို့သာ မဟုတ်ပါက ဤအရာများ အားလုံးကို မည်သို့ ရှင်းပြရမည်နည်း။
"လုအစ်ကိုကြီး က အရမ်း နှိမ့်ချ လွန်းနေပါပြီ... ကျွန်တော်မျိုး အနေနဲ့ ကံကောင်း သွားရုံ သက်သက် ပါ... တကယ်လို့ အရင်တုန်းက လုအစ်ကိုကြီး နဲ့ ဇာကူမု တို့ အပြင်းအထန် တိုက်ခိုက် ခဲ့တာသာ မရှိဘူး ဆိုရင်... ကျွန်တော်မျိုး နိုင်ဖို့ အတွက် အရမ်း ခက်ခဲ လိမ့်မယ် လို့ ထင်တယ်..."
ကျန်းချဲ့၏ ဤစကားမှာ အမှန် တစ်ဝက် အမှား တစ်ဝက် ဖြစ်လေသည်။ အမှား ဆိုသည်မှာ လုကျဲ့ယွင် ကို နှစ်သိမ့်ပေးလိုခြင်း သက်သက်သာ ဖြစ်ပြီး အမှန် ဆိုသည်မှာတော့ လုကျဲ့ယွင် ၏ အစစ်အမှန် စွမ်းအားကို အသိအမှတ် ပြုလိုက်ခြင်း ပင်ဖြစ်သည်။
အကယ်၍ လုကျဲ့ယွင် သာ ဇာကူမု ကို လျှို့ဝှက် ဖဲချပ်များ ထုတ်သုံးလာအောင် တွန်းအားမပေးခဲ့လျှင်... သူ အနိုင်ရမည် ဆိုလျှင်တောင်မှ အချိန် အများကြီး ယူရမည်မှာ အသေအချာ ပင်ဖြစ်သည်။
"မင်းတို့ နှစ်ယောက် စလုံး က ငါတို့ တာ့ကျိုး နိုင်ငံတော် ရဲ့ ထိပ်တန်း ပါရမီရှင် တွေ ချည်းပါပဲ... အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ မနေပါနဲ့တော့... အဲ့ဒီ အစား ငါကိုယ်တော် ကပဲ ညစာစားပွဲ လေး တစ်ခု ဖန်တီး ပြီး မင်းတို့ နှစ်ယောက် နဲ့ အတူတူ အောင်ပွဲခံ ရင်ကော ဘယ်လိုလဲ..."
မင်းသားကြီး ကျီချန်ချန် က ပြုံးလျက် ရှေ့သို့ တစ်လှမ်း တက်လာလေသည်။ ကျန်းချဲ့ နှင့် လုကျဲ့ယွင် တို့ နှစ်ယောက်စလုံးကို ဆွဲဆောင် စည်းရုံးလိုခြင်း ပင်ဖြစ်သည်။
သူ၏ အမြင်တွင် ကျန်းချဲ့၏ နာမည်ဂုဏ်သတင်းမှာ နေမင်းကြီး အလား တောက်ပနေပြီး လုကျဲ့ယွင် ကလည်း သာမန် မဟုတ်ချေ။ နောင်အနာဂတ်တွင် သူတို့၏ အောင်မြင်မှုများမှာ အလွန် ကြီးမားလာမည်မှာ သေချာလှပြီး သူ၏ ဘယ်ညာ လက်ရုံးများ ဖြစ်လာနိုင်စွမ်း ရှိလေသည်။
"ဟုတ်ပါတယ်... ဒီနေ့ အနိုင်ရ တာက တော်ဝင်နန်းတော် ရဲ့ ကြီးမားတဲ့ အောင်ပွဲ ကြီး တစ်ခုပါ... သေချာပေါက် အောင်ပွဲခံ သင့်တာပေါ့... မင်းတို့ နှစ်ယောက် လုံး ငြင်းဆန် မယ်လို့ မထင်ပါဘူးနော်..."
ဘေးနားရှိ ဒုတိယ မင်းသား ကျီချန်ကျစ် ၊ ပဉ္စမ မင်းသား နှင့် ဆဋ္ဌမ မင်းသား တို့ကလည်း အသီးသီး ရှေ့ထွက်ကာ ဖိတ်ခေါ် ကြလေသည်။
တတိယ မင်းသား ကျီချန်ရှန်း တစ်ယောက်တည်းသာ မျက်နှာထား မည်းမှောင်နေပြီး သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ အင်္ကျီလက်ကို ခါပြီး ထွက်ခွာသွားလေတော့သည်။
ကျန်းချဲ့ နှင့် လုကျဲ့ယွင် တို့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး...
"ဒီလို ဆိုမှတော့... မင်းသား တွေကို ကျေးဇူးတင် ပါတယ်..."
နဂါးမွေးမြူရေးကန် တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ကျန်းချဲ့ လည်း မင်းသား အများအပြား၏ ဖိတ်ခေါ်မှုဖြင့် သူတို့၏ အိမ်တော်များသို့ အောင်ပွဲခံရန် သွားရောက်ခဲ့လေသည်။
ကျန်းချဲ့ ၏ အဓိက ရည်ရွယ်ချက်မှာ ပထမ အချက် အနေဖြင့် ကျီချန်ရှန်း ကို တိုက်ခိုက်လိုခြင်း ဖြစ်ပြီး ဒုတိယ အချက် အနေဖြင့် ဤမင်းသား များကို အကဲခတ်လိုခြင်း ပင်ဖြစ်သည်။
ယခင်က သူ့ကို နောက်ကွယ်မှ အကွက်ဆင်ခဲ့သော အစစ်အမှန် တရားခံကို ရှာဖွေလိုခြင်း ပင်ဖြစ်သည်။ သူသည် လုံးဝ စိတ်သဘောထား ပြည့်ဝသူ တစ်ယောက် မဟုတ်ချေ။
အခြားသူများ၏ အကွက်ဆင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ တစ်ဖက်လူကို သေချာပေါက် ပြန်လည် ပေးဆပ်စေမည် ဖြစ်လေသည်။
အခြား တစ်ဖက်တွင်တော့ တိုက်ပွဲ ပြီးဆုံးသွားသည်နှင့် ဤတိုက်ပွဲကို လာရောက် ကြည့်ရှုခဲ့ကြသော သိုင်းလောကမှ သိုင်းပညာရှင်များ နှင့် ဧကရာဇ်မြို့တော် မှ ပြည်သူလူထု များသည် နဂါးမွေးမြူရေးကန် တိုက်ပွဲ ၏ အစအဆုံး ကို အချင်းချင်း ဆွေးနွေး ပြောဆို နေကြလေပြီ။
အမှန်တကယ်တော့ ဤစိန်ခေါ်ပွဲကြီး တွင် အထူးတလည် ပြောဆိုစရာ ဘာမှ မရှိခဲ့ချေ။ လုကျဲ့ယွင် ရှုံးနိမ့်သွားပြီးနောက် ကျန်းချဲ့ က ထွက်လာကာ ဇာကူမု ကို အနိုင်ယူလိုက်ခြင်း သက်သက်သာ ဖြစ်လေသည်။
သို့သော် စကားပြောဆိုရသည်ကို ဝါသနာပါသော သူများ၏ နှုတ်ဖျားတွင်တော့...
ဤတိုက်ပွဲကြီးမှာ အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ ပြိုင်ဘက်ကို အပြတ်အသတ် ဖိနှိပ်နိုင်စွမ်း များကို အထွတ်အထိပ်သို့ ရောက်အောင် ပုံဖော် ပြောဆိုနေကြပြီး ဤတိုက်ပွဲကြီးမှာ အလွန် ကြည့်ကောင်းကြောင်း အမွှန်းတင် နေကြလေသည်။
မိစ္ဆာနဂါးကြီး ပေါ်ထွက်လာခြင်း၊ မိစ္ဆာမီးတောက်များ ကောင်းကင်ကို ဖုံးလွှမ်းသွားခြင်း၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန် လန်သွားစေခြင်း၊ လက်သီး တစ်ချက် ထိုးလိုက်သည်နှင့် လောက တစ်ခုလုံး အရောင်မဲ့သွားခြင်း စသည်ဖြင့် အပြင်းအထန် ပုံဖော် နေကြလေသည်။
ကျန်းချဲ့ ကို လောကတွင် တစ်ဦးတည်းသော ပြိုင်ဘက်ကင်း အဖြစ် တင်စား ခေါ်ဝေါ်နေကြလေသည်။
သေချာသည်ကတော့ ဤကဲ့သို့သော ကောလာဟလ များကို ယုံကြည်သူ အများကြီး မရှိလှပေ။
သို့သော် မည်သို့ပင်ဆိုစေ ကျန်းချဲ့ ၏ ဤတိုက်ပွဲက သူ၏ မြို့တော် အတွင်းရှိ နာမည်ဂုဏ်သတင်းကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့လေသည်။
တစ်ခဏ အတွင်းမှာပင် ကျန်းချဲ့ ၏ အရှိန်အဝါမှာ ပြိုင်ဘက်ကင်း ဖြစ်သွားခဲ့လေပြီ။
သူနှင့်အတူ နာမည် ကျော်ကြားလာသူမှာ လုကျဲ့ယွင် ပင်ဖြစ်သည်။
လူအများစုက သူ ဇာကူမု ကို ရှုံးနိမ့်သွားသည် ကိုသာ အာရုံစိုက် မိကြသော်လည်း... အသိဉာဏ် ရှိသော သူများစွာ ကတော့ လုကျဲ့ယွင် ၏ အစွမ်းထက်မှု များကို ကောင်းစွာ မြင်တွေ့ခဲ့ကြလေသည်။
သူ တစ်ယောက်တည်း၏ စွမ်းအားဖြင့် ဇာကူမု ကို အကျပ်အတည်း တွေ့အောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။
အကယ်၍ နောက်ပိုင်းတွင် ဇာကူမု သာ နတ်ဆေးလုံး ကို အသုံးပြုပြီး ပြန်လည် မကုစားနိုင်ခဲ့ပါက နဂါးမွေးမြူရေးကန် တိုက်ပွဲမှာ သရေကျသည့် ရလဒ်ဖြင့် အဆုံးသတ်သွားမည်မှာ သေချာလှပေသည်။ ကျန်းချဲ့ ပင်လျှင် ဝင်ရောက် တိုက်ခိုက်ခွင့် ရရှိမည် မဟုတ်ချေ။
နောက်တစ်နေ့။
အနက်ရောင်ရုံးတော်။
ကောင်းကင်ကြည့် မျှော်စင် အထက်တွင်။
ကျီချန်တောက် သည် အဖြူရောင် ဝတ်ရုံရှည်ကြီး ကို ဆင်မြန်းထားပြီး လက်သီးသိုင်းကွက် တစ်ခုကို ဖြည်းညင်းစွာ ကစားနေလေသည်။
ကြည့်ရသည်မှာ အားအင် ကင်းမဲ့နေသယောင် ရှိပြီး မည်သူမဆို အလွယ်တကူ ခုခံနိုင်မည့် အလွန် သာမန် လက်သီးကွက်လေး တစ်ခုအလား ပင်ဖြစ်သည်။
သို့သော် ကျန်းချဲ့ ကတော့ ထိုသို့ မတွေးတောခဲ့ချေ။ ထို သိုင်းကွက်ကို သူ နားမလည် သော်လည်း ကျီချန်တောက် ၏ ကျင့်ကြံခြင်း စွမ်းအားများကြောင့် ဤသိုင်းကွက်မှာ အလွန် နက်နဲ ရှုပ်ထွေးလှကြောင်း သူ ခံစားနေရလေသည်။
ကျီချန်တောက် သိုင်းကစား ပြီးသွားသည်နှင့်...
ကျန်းချဲ့ က ချက်ချင်းပင် ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"လက်အောက်ငယ်သား နတ်မင်းကြီး ကို အရိုအသေ ပေးပါတယ်..."
"ထိုင်ပါ..."
ကျီချန်တောက် က လေကို ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ပြန်ဖွင့်လိုက်လေသည်။
ကျန်းချဲ့ ၏ မျက်နှာချင်းဆိုင် တွင် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်ပြီးနောက် ဘာစကားမှ အများကြီး ပြောမနေတော့ဘဲ သူ၏ အင်္ကျီလက် အတွင်းမှ လက်သီးဆုပ် အရွယ်အစားရှိသော အစိမ်းနုရောင် ဝိညာဉ် ပုတီးစေ့ တစ်စေ့ကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်လေသည်။
"ဒါက မင်း လိုချင်နေတဲ့ လေဝိညာဉ်နတ်ပုတီးစေ့ ပဲ..."
"ဒီ တိုက်ပွဲမှာ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင် ခဲ့ပါတယ်... ဒီ ပစ္စည်း ကို မင်း ယူသွား လိုက်တော့..."
"နတ်မင်းကြီး ကို ကျေးဇူးတင်ပါတယ်..."
ကျန်းချဲ့ က အရိုအသေ ပေးလိုက်ပြီးနောက် လက်လှမ်းကာ ထို နတ်ပုတီးစေ့ ကို ဆုပ်ကိုင်လိုက်လေသည်။
သူ၏ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းတန်းများ လင်းလက် သွားလေတော့သည်။