အခန်း ၃၉၄
Vol. 40 Ch. 394
အခန်း (၃၉၄) မိဖုရားကြီးကို အကျပ်ကိုင်ခြင်း... ဧကရာဇ်မင်းနှင့် စစ်တုရင် ကစားခြင်း
ကျန်းချဲ့သည် မည်သည့်အခါကမျှ ဖြောင့်မတ်တည်ကြည်သော လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။ သူ့အပေါ် ပြုလုပ်လာပါက အဆပေါင်းများစွာ ပြန်လည်ပေးဆပ်ရမည် ဆိုသည့် အယူအဝါဒကိုသာ ယုံကြည်ကိုင်စွဲထားသူ ဖြစ်လေသည်။
ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကျီချန်ရှန်း သားအမိ အနေဖြင့် သူနှင့် ရန်ငြိုးကို ဖြေရှင်းနိုင်တော့မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ထို့အပြင် သူသည်လည်း ရွှံ့ရုပ်လေး တစ်ရုပ် လုံးဝ မဟုတ်ချေ။ အိမ်တိုင်ရာရောက် အနိုင်ကျင့်လာသည်ကို သည်းခံနေမည့် သူမျိုး လုံးဝ မဟုတ်ပေ။
သူ လိုချင်သည်မှာ သွေးကို သွေးဖြင့် ပြန်လည် ပေးဆပ်စေရန် ပင်ဖြစ်သည်။
သို့သော် သူသည် မြို့တော်သို့ ယခုမှ ခြေချခါစသာ ရှိသေးပြီး သတင်းလမ်းကြောင်းများ ဖြန့်ကျက်ထားနိုင်ခြင်း မရှိသေးပေ။ အနက်ရောင်ရုံးတော် ဘက်တွင် ချန်ချင်းဖန် က သူ့ကို ကူညီပေးနေသော်ငြား တစ်ဖက်လူက သူ၏ဘက်တွင် အပြည့်အဝ ရပ်တည်ပေးမည်ဟု လုံးဝ အာမမခံရဲချေ။
ထို့ကြောင့် အခွင့်အရေးကို အမြဲတမ်း ရှာဖွေနေခဲ့ခြင်း ဖြစ်လေသည်။
ယခုတော့ လုကျဲ့ယွင် ၏ နှုတ်ဖျားမှ တစ်ဆင့် ထိုအခွင့်အရေးကို သူ ရှာတွေ့သွားခဲ့လေပြီ။
ကျီချန်ရှန်း သားအမိကို အကျပ်ကိုင် ခြိမ်းခြောက်နိုင်မည့် အရာသာ ရှိနေမည်ဆိုပါက သူ့ကို ရန်စမိသည့်အတွက် သူတို့ သားအမိကို သေချာပေါက် နောင်တရသွားအောင် လုပ်ဆောင်မည် ဖြစ်လေသည်။
သေချာသည်ကတော့ ဤအရာများကြားတွင် အရေးအကြီးဆုံး အကြောင်းရင်း တစ်ခု ရှိနေသေးလေသည်။ ၎င်းမှာ ကျန်းချဲ့ သည် မိုးမရွာမီကတည်းက ကြိုတင် ပြင်ဆင်နေခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ယဇ်ပူဇော်မှု အတွက် လိုအပ်သည်များကို ရှာဖွေနေခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ က ဤကိစ္စကို သဘောတူလိုက်သည်ကို မြင်သောအခါ လုကျဲ့ယွင် ပြုံးလိုက်လေသည်။ ကျန်းချဲ့ သည် ရန်ငြိုးများကို အလွယ်တကူ လက်လွှတ်တတ်သည့် စရိုက်မျိုး မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ယခုအခါတွင်တော့ ထင်ထားသည့်အတိုင်းပင် ဖြစ်နေပြီး သူ ဖွင့်ဟပြောဆိုခဲ့သော ကောင်းကင်လျှို့ဝှက်ချက် များမှာ အလဟဿ မဖြစ်ခဲ့ချေ။
ကောင်းကင်လျှို့ဝှက်ချက် ပင်ဖြစ်လေသည်။
သူသည် အနာဂတ်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားပြီး ကျီချန်ရှန်း သည် နောက်ဆုံးတွင် သေချာပေါက် ရှုံးနိမ့်ကာ အိမ်ရှေ့စံ နေရာကို လုယူခွင့် ဆုံးရှုံးသွားမည်ကို သိရှိထားလေသည်။ ထို့ကြောင့် ယခင်က ကျီချန်ရှန်း သူ့ကို လျစ်လျူရှုထားခဲ့သည့် ကိစ္စအပေါ် သူ လုံးဝ ဂရုမစိုက်ခဲ့ခြင်း ပင်ဖြစ်သည်။
ထို့အပြင် သူတစ်ပါး ဒုက္ခရောက်သည်ကိုပင် ဝမ်းသာနေမိသေးလေသည်။
ကျီချန်ရှန်း မည်သည့်အတွက်ကြောင့် အိမ်ရှေ့စံ နေရာ လုယူခွင့် ဆုံးရှုံးသွားရသနည်း ဆိုလျှင် သေချာပေါက် နောက်ပိုင်းတွင် ထွက်ပေါ်လာမည့် အရှုပ်တော်ပုံ တစ်ခုကြောင့် ပင်ဖြစ်သည်။ ထိုအရှုပ်တော်ပုံမှာ ကျီချန်ရှန်း ၏ မိဖုရားသည် အမှန်တကယ်တော့ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ လျှို့ဝှက် သူလျှို တစ်ယောက် ဖြစ်နေခြင်း ပင်ဖြစ်သည်။
ကျီချန်ရှန်း အနေဖြင့် တော်ဝင်နန်းတော်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်ခဲ့သည်ဖြစ်စေ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤကဲ့သို့သော အရှုပ်တော်ပုံ ထွက်ပေါ်လာသည်နှင့် သူသည် ဧကရာဇ် ပလ္လင်နှင့် လုံးဝ ဝေးကွာသွားမည် ဖြစ်လေသည်။
အမှန်တကယ်တော့ မူလက သူသည် ကိစ္စရပ်များကို အများကြီး ဝင်ရောက် စွက်ဖက်လိုခြင်း မရှိခဲ့ချေ။ သို့သော် ကျန်းချဲ့ ကို ဆွဲဆောင်စည်းရုံးရန် အတွက် သူ အရာအားလုံးကို ပုံအောလိုက်ခြင်း ပင်ဖြစ်သည်။
"ကျန်းညီလေး လောမကြီး ပါနဲ့ဦး ဒီကိစ္စ က အချိန်ယူ ပြီး သေချာ တိုင်ပင် ရဦးမယ် အခု လောလောဆယ် မြောက်ပိုင်း လူရိုင်း သံတမန် တွေက မြို့တော် ထဲမှာ ဆိုတော့ လှုပ်ရှား ဖို့ လုံးဝ မဖြစ်နိုင် သေးဘူး မြို့တော် ထဲမှာ အစွမ်းထက် သူတွေ အရမ်း များလွန်းတယ် တစ်ချက် လေး လှုပ်ရှား လိုက်တာ နဲ့ ကျုပ်တို့ နှစ်ယောက် စလုံး ထွက်သွား လို့ ရမှာ မဟုတ်ဘူး..."
"သူတို့ တွေ မြို့တော် ကနေ ထွက်ခွာ ပြီး မြောက်ပိုင်း ကို ပြန်မယ့် အချိန် ရောက်မှ သာ အကောင်းဆုံး အခွင့်အရေး ဖြစ်လာမှာပါ..."
လုကျဲ့ယွင် ၏ မျက်ဝန်းများထဲတွင် အလင်းတန်းများ တောက်ပနေလေသည်။
"တကယ်လို့ မြောက်ပိုင်း လူရိုင်း သံတမန် တွေ ပြန်တဲ့ အခါ သူတို့ရဲ့ လမ်းကြောင်း ကို ဖုံးကွယ် ထားမယ် ဆိုရင် ဘယ်လို လုပ်ပြီး လိုက်ရှာ မလဲ..."
ကျန်းချဲ့ အနေဖြင့် မြို့တော်တွင် အချိန်ပြည့် နေထိုင်သွားရန် မဖြစ်နိုင်ချေ။ သူ့တွင် လုပ်စရာ ကိုယ်ပိုင် ကိစ္စများ ရှိနေသေးလေသည်။ အချိန်ကာလ အရ တွက်ကြည့်မည် ဆိုလျှင်တော့ အပြည့်အဝ လုံလောက်မှု ရှိလေသည်။
"ဒီ ပြဿနာ ကို ကျုပ် ဆီမှာ သာ ထားလိုက်ပါ လှုပ်ရှား ရမယ့် အချိန် ရောက်ရင် ကျုပ် မင်းကို အကြောင်းကြား လိုက်မယ်..."
လုကျဲ့ယွင် တော်ဝင်နန်းတော် အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ ခိုလှုံရာ ရှာဖွေလိုခြင်း အပြင် နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် လောကကြီး၏ အပြောင်းအလဲများ အကြားတွင် အဆင့်အတန်း တစ်ခုဖြင့် ဝင်ရောက် ပတ်သက်လိုသောကြောင့် ပင်ဖြစ်သည်။ ထို့အပြင် ကိစ္စရပ် များစွာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
သူသည် ဦးနှောက်ထဲရှိ မှတ်ဉာဏ်များကိုသာ အပြည့်အဝ ယုံကြည်နေမည် မဟုတ်ဘဲ ဤအချိန်ကာလ အတွင်း အရာအားလုံးကို အသေးစိတ် စုံစမ်း ထောက်လှမ်းရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်လေသည်။
ကျန်းချဲ့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး လုကျဲ့ယွင် ၏ လုပ်ရပ်ကို သဘောတူလိုက်လေသည်။ ထို့နောက် ဆက်ပြောလိုက်လေသည်။
"စောစောက လုအစ်ကိုကြီး စီနီယာ ချီရွှယ် အကြောင်းကို မေးတာက မြောက်ပိုင်း လူရိုင်း သံတမန် တွေ ထဲက အဲ့ဒီ သိုင်းသခင်ကြီး နှစ်ယောက် ကို ရင်ဆိုင် ဖို့ လူရှာ နေတာလား..."
ကျန်းချဲ့ မနေနိုင်ဘဲ သူ့ကို ကြည့်ကာ မေးလိုက်လေသည်။
"ဟုတ်ပါတယ် မြောက်ပိုင်း လူရိုင်း သံတမန် တွေ ထဲမှာ ဇာကူမု ကလွဲလို့ ကျန်တဲ့ နှစ်ယောက် စလုံး က ရှန်ရှန်းအဆင့် နှောင်းပိုင်း ရဲ့ စွမ်းအား တွေကို ပိုင်ဆိုင် ထားကြတယ် သာမန် လူတွေ အနေနဲ့ သူတို့ကို အကွက်ဆင် သတ်ဖြတ် ဖို့ ဆိုတာ ခက်ခဲ လွန်းတယ် တကယ်လို့ ကျန်းညီလေး ဘက်က ရှန်ရှန်းအဆင့် နှောင်းပိုင်း သိုင်းသခင်ကြီး တစ်ယောက် ကို အကူအညီ တောင်းနိုင် မယ် ဆိုရင်... ကျုပ် ဘက်က သိုင်းသခင်ကြီး နဲ့ ပေါင်းလိုက်ရင် ဒီ ကိစ္စ ကို အပြည့်အဝ အောင်မြင် နိုင်မှာ သေချာတယ်..."
မြို့တော် အတွင်း လုကျဲ့ယွင် ယုံကြည်ရသော လူများ သိပ်မရှိလှပေ။ ကျန်းချဲ့ သည် သူ၏ မျက်စိကျခြင်း ခံရသော လူများထဲမှ တစ်ယောက် ပင်ဖြစ်သည်။ သူတို့ နှစ်ယောက် အကြားရှိ ဆက်ဆံရေးမှာ သိပ်ပြီး မရင်းနှီးသော်ငြား ကျန်းချဲ့ ၏ စရိုက်လက္ခဏာ အချို့ကို သူ ကောင်းစွာ ခံစားမိလေသည်။
သေချာမှု ရှိနေသောကြောင့်သာ သူ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။
ကျန်းချဲ့ ချက်ချင်းပင် နားလည်သွားလေသည်။ တစ်ချိန်တည်းမှာပင် ရင်ထဲရှိ ခန့်မှန်းချက် အချို့ကိုလည်း အတည်ပြုနိုင်ခဲ့လေသည်။
လုကျဲ့ယွင် သည် အမှန်တကယ်ပင် သာမန် လူတစ်ယောက် မဟုတ်ချေ။ ယခင်က မရေမတွက်နိုင်သော ဖိတ်ခေါ်မှုများကို ငြင်းဆန်နိုင်ခဲ့ခြင်းမှာ သူ၏ နောက်ကွယ်တွင် ရှန်ရှန်းအဆင့် နှောင်းပိုင်း သိုင်းသခင်ကြီး တစ်ပါး ရှိနေသောကြောင့် ပင်ဖြစ်သည်။ ဤကဲ့သို့သော ကျောထောက်နောက်ခံဖြင့် သူ အမှန်တကယ်ပင် ငြင်းဆန်နိုင်စွမ်း ရှိလေသည်။
"ဒါဆို လုအစ်ကိုကြီး ပြောခဲ့တဲ့ ကျီချန်ရှန်း သားအမိ ရဲ့ အားနည်းချက် ဆိုတာ က ဘာကို ဆိုလို တာလဲ..."
"ဒီ ကိစ္စ ကိုတော့ ကျုပ် အခု လောလောဆယ် လျှို့ဝှက် ထားပါရစေ အခု အချိန် ပြောပြ ဖို့ သိပ် အဆင်မပြေ သေးလို့ပါ ဒါပေမဲ့ ကျန်းညီလေး စိတ်ချ ပါ ဒီ ကိစ္စ ပြီးသွားရင် အောင်မြင် သည် ဖြစ်စေ မအောင်မြင် သည် ဖြစ်စေ ကျုပ် အဲ့ဒီ သတင်း ကို သေချာပေါက် ပြောပြ ပါ့မယ်..."
လုကျဲ့ယွင် က မတုံးအချေ။ ယခုအချိန်တွင် သူ၏ လျှို့ဝှက် ဖဲချပ်များ အားလုံးကို ထုတ်ပြမည် မဟုတ်သည်မှာ သေချာလှပေသည်။
ဤစကားကို ကြားပြီးနောက် ကျန်းချဲ့ ခေါင်းညိတ်လိုက်လေသည်။ အနည်းငယ် စိတ်ပျက်သွားသော်ငြား လုကျဲ့ယွင် ၏ အတွေးများကို သူ နားလည်ပေးနိုင်လေသည်။ ကျီချန်ရှန်း သားအမိကို အကျပ်ကိုင်မည့် အကြံအစည်ကို လောလောဆယ် ခေတ္တခဏ ဘေးဖယ်ထားလိုက်ရလေသည်။
ချင်းထျန်းမိစ္ဆာဂိုဏ်း ဌာနခွဲ။
ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး သည် မတ်စောက်သော တောင်ထွတ် တစ်ခုပေါ်တွင် လက်နောက်ပစ်ကာ မတ်မတ်ရပ်နေလေသည်။ ကိုယ်ပေါ်မှ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး ထိုနေရာတွင် ရပ်နေသည်မှာ ဧရာမ သားရဲကြီး တစ်ကောင်အလား ပင်ဖြစ်သည်။
ချူးဟယ် သည် သူ၏ နောက်ကွယ်တွင် ရပ်နေပြီး ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
"ဓမ္မမင်းကြီး ကို အရိုအသေ ပေးပါတယ်..."
"ခရမ်းရောင်နဂါး ဓမ္မမင်းကြီး ဘက်က သတင်း ပို့လာတယ် ကျန်းချဲ့ က ယင်ချုံဟိုင် နဲ့ သဘောတူညီမှု ရသွား ပြီတဲ့ နောက် သုံးရက် နေရင် စစ်မှန်တဲ့ နဂါး လျှို့ဝှက်နယ်မြေ ကို အတူတူ သွားကြလိမ့်မယ်..."
နန်ကုန်းကျီ က နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။
"တကယ် လား..."
ချူးဟယ် ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အမူအရာများ ချက်ချင်း ပေါ်လွင်လာလေသည်။
ဤနေ့ရက်အတွက် သူ အချိန်အကြာကြီး စောင့်စားခဲ့ရလေပြီ။ ကျန်းချဲ့ ကို သူ၏ အရှေ့တွင် ဒူးထောက် ခိုင်းပြီး သူ့ကို အရှုံးပေး အညံ့ခံကာ ယခင်က သူ ဆုံးရှုံးခဲ့ရသော အရှက်တကွဲ အကျိုးနည်း ဖြစ်မှုများ အားလုံးကို တစ်ခုချင်းစီ ပြန်လည် ရယူရန် အလွန် စိတ်လောနေခဲ့လေပြီ။
"ငါကိုယ်တော် မင်းကို ခေါ်လိုက် တာက အရှေ့ပင်လယ် ကို သွားဖို့ ပြင်ဆင် ခိုင်းတာပဲ..."
"ဪ ဒီလို ကိုး..."
"ဒါပေမဲ့ မင်း ဘက်ကလည်း ပေါ့ဆ နေလို့ မရဘူး မြို့တော် ဘက်က စိန်ခေါ်ပွဲ အကြောင်း ကို မင်း ကြားပြီး လောက်ပြီ ထင်တယ် မြောက်ပိုင်း လူရိုင်း မင်းသားလေး ဇာကူမု က နဂါး မွေးမြူရေး ကန် မှာ ကျန်းချဲ့ ရဲ့ လက်အောက် မှာ ရှုံးနိမ့် သွားတယ် လေ မင်း က တကယ်ပဲ နိုင်မယ် လို့ ယုံကြည်ချက် ရှိရဲ့လား..."
ဤတစ်ကြိမ်တွင်တော့ နန်ကုန်းကျီ သည် နောက်သို့ လှည့်ကြည့်လာပြီး သူ၏ မျက်ဝန်းများမှာ အလွန် နက်နဲနေလေသည်။
"ဇာကူမု ကျန်းချဲ့ ကို ရှုံးသွား တာက သူ အားနည်း လို့ မဟုတ်ဘူး ကျန်းချဲ့ ဝင်မတိုက် ခင်မှာ လုကျဲ့ယွင် က သူ့ကို အရင် ဝင်တိုက် ပြီး အချိန် အကြာကြီး ဖိအား ပေးထား ခဲ့တာလေ သရေကျ လုနီးပါး တောင် ဖြစ်သွား ခဲ့သေးတာ လုကျဲ့ယွင် ကတောင် ဇာကူမု နဲ့ အဲ့ဒီ အဆင့် အထိ တိုက်ခိုက် နိုင်ခဲ့တာ ကျန်းချဲ့ နိုင်သွား တာက ကျွန်တော်မျိုး အတွက်တော့ အံ့ဩ စရာ မဟုတ်ပါဘူး..."
ချူးဟယ် သည် ကျန်းချဲ့ ၏ စွမ်းအား အစစ်အမှန်ကို မသိရှိသော်ငြား လုကျဲ့ယွင် ၏ နည်းလမ်းများကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးလေသည်။ ယေဘုယျ သုံးသပ်ချက် အရဆိုလျှင် မဆိုးလှပေ။ သူ၏ ပြိုင်ဘက် ဖြစ်ရန် အရည်အချင်း ပြည့်မီသော်လည်း သူ၏ လက်အောက်တွင် အချိန်အကြာကြီး တောင့်ခံနိုင်မည်တော့ မဟုတ်ချေ။
ဤအချက်များကို အခြေခံ၍ တွက်ချက်ကြည့်မည် ဆိုလျှင် ကျန်းချဲ့ ၏ စွမ်းအားကို သူ ဆယ်ပုံရှစ်ပုံခန့် အထိ ခန့်မှန်းထားနိုင်ပြီ ဖြစ်လေသည်။
သေချာသည်ကတော့ ဤသည်မှာ သူ ကျန်းချဲ့ ကို အထင်သေးနေသည်ဟု ဆိုလိုခြင်း လုံးဝ မဟုတ်ချေ။ အမှန်တကယ်တော့ ကျန်းချဲ့ ကို မျက်နှာချင်းဆိုင် အနိုင်ယူနိုင်ရန် အတွက် သူ ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့လေသည်။ မမျှော်လင့်ထားသော ကိစ္စများ ဖြစ်မလာစေရန် အတွက် လျှို့ဝှက် ကျင့်စဉ် အချို့ကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်း နှင့် စွမ်းအားများကို အတင်းအဓမ္မ မြှင့်တင်ထားခဲ့လေသည်။
ယခုအချိန်တွင်တော့ ပြည့်စုံသော ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီဟု သူ ခံစားနေရလေသည်။
တိုက်ခိုက်ရန်သာ စောင့်ဆိုင်းနေပြီး ကျန်းချဲ့ အား သိုင်းတာအို မြင့်မြတ်သော ခန္ဓာကိုယ် ဆိုသည်မှာ အဘယ်နည်း... အစစ်အမှန် ပြိုင်ဘက်ကင်း ပါရမီရှင် ဆိုသည်မှာ အဘယ်နည်း... ဆိုသည်ကို ကောင်းကောင်းကြီး သိရှိသွားစေမည် ဖြစ်လေသည်။
"ဒီ တိုက်ပွဲ ကို ငါကိုယ်တော် ကိုယ်တိုင် မမြင်တွေ့ ခဲ့ရပေမဲ့... သတင်း တချို့ အရ ဆိုရင် ကျန်းချဲ့ ရဲ့ တိုးတက် မှု က အရမ်းကို ကြီးမား လွန်းနေတယ် ဇာကူမု က မြောက်ပိုင်း နယ်စပ် ကနေ အလယ်ပိုင်း ဒေသ ကို ဝင်လာ တဲ့ လမ်း တစ်လျှောက် လုံး ဆယ်ပွဲ လောက် တိုက်ခဲ့ တာတောင် တစ်ပွဲ မှ မရှုံး ခဲ့ဘူးလေ အဲ့ဒါကို ကြည့်ရင် သူ့ရဲ့ စွမ်းအား က ဘယ်လောက် ကြီးမား လဲ ဆိုတာ သိနိုင်တယ် ဒါပေမဲ့ သူက ကျန်းချဲ့ ကို ရှုံးသွား တာပဲ ငါကိုယ်တော် သံသယ ဖြစ်မိ တာက သူ ကောင်းကင် နဲ့ လူသား တစ်သားတည်း ဖြစ်တည်ခြင်း အဆင့် ကို ရောက်သွား ပြီ လား လို့ပဲ... မင်းတို့ တိုက်ကြ တဲ့ အခါကျရင် အခြေအနေ မဟန် ဘူး လို့ ထင်တာ နဲ့ ချက်ချင်း ဆုတ်ခွာ လိုက် ဒေါသ ကို ရှေ့တန်း မတင်နဲ့..."
ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ မြို့တော် အတွင်းရှိ အင်အားစုများမှာ အလွန် အားနည်းသော်လည်း လုံးဝ မရှိခြင်းတော့ မဟုတ်ပေ။ ကျန်းချဲ့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် လူများ၏ ခန့်မှန်းချက် အချို့ ထွက်ပေါ်လာမည် ဖြစ်ပြီး ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်တည်ခြင်း အဆင့်မှာ ထိုအထဲမှ တစ်ခု ပင်ဖြစ်သည်။
"ကောင်းကင် နဲ့ လူသား တစ်သားတည်း ဖြစ်တည်ခြင်း ဟုတ်လား ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ လုံးဝ မဖြစ်နိုင် ဘူး..."
ချူးဟယ် သည် ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်တည်ခြင်း ၏ အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်ထားလေသည်။ ကျန်းချဲ့ တွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ဉာဏ်အလင်းပွင့်မှု ရှိနေမည် ဆိုခြင်းကို သူ လုံးဝ မယုံကြည်နိုင်ချေ။ ကောလာဟလ သက်သက်သာ ဖြစ်မည်ဟု ယူဆထားလေသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့ သည် ရှန်ရှန်းအဆင့် သို့ ယခုမှ ခြေချခါစသာ ရှိသေးသည်။ ဤအဆင့်သို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက် ပင်ဖြစ်သည်။
ထို့ထက်ပို၍ သူ ယုံကြည်သည်မှာ ကျန်းချဲ့ သည် အရှိန်အဝါ သဘောတရားများကို နားလည်သဘောပေါက်မှု အပိုင်းတွင် အနည်းငယ် ပိုမို နက်ရှိုင်းသွားခြင်းသာ ဖြစ်ပြီး ထို့ကြောင့် လူအချို့က အထင်မှားသွားခြင်းသာ ဖြစ်မည်ဟု တွေးတောထားလေသည်။ တကယ် ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရှိသွားခြင်း မဟုတ်ချေ။
"ဒီ လောက ကြီး ထဲမှာ မဖြစ်နိုင် တာ ဆိုတာ မရှိဘူး မင်း မလုပ်နိုင် တာ နဲ့ တခြား လူတွေ မလုပ်နိုင် ဘူးလို့ ပြောလို့ မရဘူး ချူးဟယ် မင်းက ငါတို့ ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ သူတော်စင် ပဲ အရင်တုန်း က ကိုယ့်ကို နိုင်သွား ခဲ့တဲ့ ပြိုင်ဘက် ကိုတောင် မင်းက အထင်သေး နေမယ် ဆိုရင်... မင်း အတွက် မျှော်လင့်ချက် ရှိသေးတယ် လို့ ထင်နေလား..."
နန်ကုန်းကျီ မျက်မှောင်ကြုတ်သွားလေသည်။ ချူးဟယ် ၏ လွန်ကဲလွန်းသော ယုံကြည်မှုများ အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေလေသည်။
သိုင်းပညာရှင် တစ်ယောက် အနေဖြင့် အခက်အခဲများကို ကျော်လွှားပြီး သိုင်းတာအိုကို ရိုသေလေးစားရမည် ဖြစ်ပြီး အထင်သေး ကဲ့ရဲ့ခြင်းမျိုး မပြုလုပ်သင့်ချေ။
"ကျွန်တော်မျိုး အထင်သေး တာ မဟုတ်ပါဘူး သူ့ကို အနိုင် ယူနိုင်မယ် လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေလို့ပါ..."
ချူးဟယ် က နန်ကုန်းကျီ ၏ နောက်ကွယ်တွင် ရပ်နေပြီး အလွန်အမင်း ယုံကြည်ချက် ပြည့်ဝနေသော လေသံဖြင့် ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
"ဒီလို ဆိုမှတော့ မင်း ဆီမှာ တကယ်ပဲ အဲ့ဒီလောက် စွမ်းရည် ရှိမရှိ ဆိုတာကို ငါကိုယ်တော် က ကြည့်ရ သေးတာပေါ့ သွားကြစို့... ငါကိုယ်တော် နဲ့ အတူ အရှေ့ပင်လယ် ကို လိုက်ခဲ့..."
နန်ကုန်းကျီ ဆက်လက် ငြင်းခုံလိုခြင်း မရှိတော့ချေ။
အရာအားလုံးသည် စွမ်းအားဖြင့်သာ သက်သေပြရမည် ဖြစ်လေသည်။ ချူးဟယ် နှင့် ကျန်းချဲ့ တို့ နှစ်ယောက် အကြား မည်သူက ပိုမို အစွမ်းထက်သနည်း ဆိုသည်ကို တိုက်ပွဲ တစ်ပွဲတည်းဖြင့် အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်လေသည်။
ဧကရာဇ်မြို့တော်။
ယခုအချိန်တွင် လူအများအပြားမှာ ကျန်းချဲ့ နှင့် ဇာကူမု တို့၏ တိုက်ပွဲကြီး အကြောင်းကို ပြောဆိုဆွေးနွေး နေကြဆဲ ပင်ဖြစ်သည်။ သတင်းပေါင်းစုံ ထွက်ပေါ်နေပြီး တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့လေသည်။
ထိုအရာများ အကြားတွင် အခံရအခက်ဆုံးသော သူများမှာ မြောက်ပိုင်းလူရိုင်း သံတမန်များ အပြင် ကျီချန်ရှန်း သားအမိ ပင်ဖြစ်သည်။ မူလက မိဖုရားကြီး ရွှီ သည် ဤတိုက်ပွဲမှ တစ်ဆင့် ဧကရာဇ်မင်း ၏ ရင်ထဲတွင် ကျန်းချဲ့ ၏ နေရာကို တတ်နိုင်သမျှ လျော့ကျသွားစေရန် ရည်ရွယ်ထားခဲ့လေသည်။
သို့သော် ရလဒ် အနေဖြင့် ကြက်သူခိုး ကြက်မရသည့်အပြင် ဆန်ပါ အစားခံလိုက်ရသည့်အလား ဖြစ်သွားလေသည်။ ဤတိုက်ပွဲတွင် ကျန်းချဲ့ ၏ စွမ်းဆောင်ရည်မှာ အလွန် ပြီးပြည့်စုံလွန်းနေသဖြင့် သူတို့ ပြောဆိုလိုသော စကားများနှင့် မကျေမချမ်း ဖြစ်မှုများ အားလုံးကို ရင်ထဲတွင်သာ မြိုသိပ်ထားလိုက်ရလေသည်။
ထိုအရာများအပြင် ယခင်က ညစာစားပွဲ ကိစ္စကပါ ဟာသတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ကျန်းချဲ့ အတွက် ခြေနင်းတုံး သက်သက်သာ ဖြစ်သွားခဲ့ရလေသည်။
သို့သော် ဤကိစ္စများကို ကျန်းချဲ့ က အများကြီး ဂရုမစိုက်ခဲ့ချေ။ ယခုအချိန်တွင် သူတို့ သားအမိကို အကျပ်ကိုင် နိုင်မည့် အခွင့်အရေး ရှိနေပြီဖြစ်ရာ သူတို့ အပေါ်တွင် အချိန် အများကြီး အလဟဿ ဖြုန်းတီးနေမည် မဟုတ်ချေ။
အချိန် အနည်းငယ် ကြာပြီးနောက် အရာအားလုံး အပြီးတိုင် ရှင်းလင်းသွားမည်မှာ သေချာလှပေသည်။
တော်ဝင်ပန်းခြံ အတွင်း။
ကျန်းချဲ့ နှင့် မိဖုရားကြီး ရွှီ တို့၏ အကြည့်များ အချင်းချင်း ဆုံတွေ့သွားကြပြီး အေးစက်စက် အငွေ့အသက်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားလေသည်။ ရွှီပိုင်ဟယ် က ကျန်းချဲ့ ကို အေးစက်စက် တစ်ချက် စွေကြည့်လိုက်ပြီး မေးကို မော့ကာ အလွန် မြင့်မြတ် ခမ်းနားသော ဟန်ပန်ဖြင့် ကျန်းချဲ့ ၏ အနီးမှ ဖြတ်လျှောက်သွားလေသည်။
လူအများ အရှေ့တွင် ဖြစ်ရာ ကျန်းချဲ့ အနေဖြင့်လည်း အလွန်အမင်း ရိုင်းစိုင်းစွာ မပြုမူဝံ့သဖြင့် ခေါင်းငုံ့ကာ ခါးညွှတ် အရိုအသေ ပေးလိုက်လေသည်။
ဤမြင်ကွင်းကို မြင်သောအခါ မိဖုရားကြီး ရွှီ ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လွင်လာလေသည်။
မင်းမှာ ပြိုင်ဘက်ကင်း ပါရမီတွေ ရှိနေပြီး နာမည်ဂုဏ်သတင်း တွေ ဘယ်လောက်ပဲ ကြီးမား နေပါစေ... သူမရဲ့ အရှေ့မှာတော့ ခေါင်းငုံ့ ပြီး အညံ့ခံ နေရတာပဲ မဟုတ်လား။
မွှေးကြိုင်သော ရနံ့များက မျက်နှာပေါ်သို့ ဖြတ်သန်း တိုက်ခတ်သွားသော်လည်း ကျန်းချဲ့ ၏ ရင်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။ မိဖုရားကြီး ရွှီ ၏ ပြည့်ဖြိုးလှပသော ကျောပြင်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်ကာ တော်ဝင်ပန်းခြံ အတွင်းသို့ တိုက်ရိုက် လျှောက်ဝင်သွားလေတော့သည်။
ယခုအချိန်တွင် တော်ဝင်ပန်းခြံ အတွင်း၌... ယွမ်ခန်းဧကရာဇ် နှင့် နိုင်ငံတော်ဆရာကြီး ယောင်ယွဲ့ တို့ စစ်တုရင် ကစားနေကြပြီး လေထုမှာ အလွန် တည်ကြည်လေးနက်နေလေသည်။
"ကျွန်တော်မျိုး ကျန်းချဲ့ အရှင်မင်းကြီး ကို အရိုအသေ ပေးပါတယ်..."
ကျန်းချဲ့ က ယွမ်ခန်းဧကရာဇ် ကို အရင်ဆုံး အရိုအသေ ပေးလိုက်ပြီးနောက် ဘေးနားရှိ ယောင်ယွဲ့ ဘက်သို့ လှည့်ကာ ထပ်မံ အရိုအသေ ပေးလိုက်လေသည်။
"နိုင်ငံတော် ဆရာကြီး ကို အရိုအသေ ပေးပါတယ်..."
ယောင်ယွဲ့ ၏ အလှတရားကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ကျန်းချဲ့ က အကြည့်များကို ဖြည်းညင်းစွာ အောက်သို့ ချလိုက်လေသည်။ အချိန်ပြည့် စိုက်ကြည့်မနေခဲ့သော်ငြား ရင်ထဲတွင်တော့ အလိုအလျောက် အတွေးတစ်ခု ပေါ်လာခဲ့လေသည်။ ဤ နိုင်ငံတော်ဆရာကြီး က တကယ်ကို လှပလွန်းလှပေသည်။
ခန္ဓာကိုယ် အချိုးအစားမှာ ချီနင်ပင်း နှင့် ခပ်ဆင်ဆင် တူသော်လည်း သူမ၏ မျက်နှာလေးမှာ တိုင်းပြည်ကိုပင် ပျက်သုဉ်းသွားစေနိုင်လောက်အောင် လှပကျက်သရေ ရှိလှပေသည်။ အေးစက်စက် မျက်ဝန်းများထဲတွင် မည်သည့်အရာကိုမျှ စိတ်မဝင်စားသည့်အလား ပေါ်လွင်နေလေသည်။
ကျန်းချဲ့ ယောင်ယွဲ့ ကို ပထမဆုံး အကြိမ် တွေ့မြင်ဖူးခြင်း ပင်ဖြစ်သည်။ ယခင်က သူမ၏ နာမည်ကိုသာ ကြားဖူးခဲ့ပြီး လူအစစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကောလာဟလ သက်သက် သို့မဟုတ် သူမ၏ အဆင့်အတန်းကြောင့်သာ ဤကဲ့သို့ ပြိုင်ဘက်ကင်း အလှတရား ဟု ချီးကျူးခံရခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော် ယခုအချိန်တွင်တော့ အရာအားလုံး အမှန်တကယ် ဖြစ်ကြောင်း သူ သိရှိသွားခဲ့လေပြီ။ ပြင်ပမှ ကောလာဟလ များမှာ နည်းနည်းလေးမျှ ပိုမို ချဲ့ကားထားခြင်း မရှိချေ။
ဧကရာဇ်မင်း က အနှစ်နှစ်ဆယ် တိုင်တိုင် နန်းဆောင်ထဲသို့ မဝင်ဘဲ နိုင်ငံတော်ဆရာကြီး နှင့်အတူ တာအို တရားကိုသာ အပြည့်အဝ အာရုံစိုက် ကျင့်ကြံနေခဲ့ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ သာမန် ဧကရာဇ်မင်း တစ်ပါး ဆိုလျှင် ဤကဲ့သို့သော စမ်းသပ်မှုကို အမှန်တကယ်ပင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
"ကျန်းချဲ့ ထပါ..."
ယွမ်ခန်းဧကရာဇ် က လက်ယမ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ အစေခံများကို ကျန်းချဲ့ အား နေရာချထားပေးရန် အချက်ပြလိုက်လေသည်။
"ဘာဖြစ်လို့ ရုတ်တရက် ကြီး ပြန်ချင် ရတာလဲ..."
ကျီဝမ်ဟောက် က တိုက်ရိုက်ပင် မေးလိုက်လေသည်။ သူ ကျန်းချဲ့ကို ဆင့်ခေါ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျန်းချဲ့ က နေရပ်သို့ ပြန်လိုကြောင်း စာလွှာ တစ်စောင် သံတော်ဦးတင်ခဲ့သောကြောင့် ပင်ဖြစ်သည်။
"ကျွန်တော်မျိုး မြို့တော် မှာ လုပ်စရာ ရှိတာတွေ အကုန်လုံး လုပ်ပြီးသွား ပါပြီ... ဒါပေမဲ့ ဇနီးသည် က တောင်ပိုင်း မှာ စောင့်နေတာ ဆိုတော့လေ ကျွန်တော်မျိုး တစ်ခေါက် လောက် ပြန်ပြီး သူတို့ကို မြို့တော် မှာ လာနေဖို့ သွားခေါ် ချင်လို့ပါ..."
ဤသည်မှာ သေချာပေါက် ကျန်းချဲ့ ၏ အကြောင်းပြချက် သက်သက်သာ ဖြစ်လေသည်။ အကယ်၍ ဤသို့ မပြောပါက ရုတ်တရက်ကြီး ပြန်လိုသည့် အကြောင်းရင်းကို ရှင်းပြရန် ခက်ခဲမည် ဖြစ်လေသည်။ ဧကရာဇ်မင်း က သူ့ကို အာဏာမပေး၍ ပြန်ချင်သည်ဟု ထင်သွားစေနိုင်လေသည်။
မူလက သူသည် တိတ်တဆိတ် ထွက်ခွာသွားရန် ရည်ရွယ်ထားခဲ့သော်ငြား ဧကရာဇ်မင်း က သူ့ကို ဤမျှလောက် အလေးထားပြီး နန်းတော် အတွင်းသို့ အထူးတကူး ခေါ်ယူ မေးမြန်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ယောင်ယွဲ့ ၏ အေးစက်စက် မျက်လုံးထောင့် အကြည့်များက ကျန်းချဲ့ ၏ အပေါ်သို့ ကျရောက်နေလေသည်။ တစ်ဖက်တွင် အကဲခတ်နေသလို အခြား တစ်ဖက်တွင်လည်း ယခင်က ကျီချန်တောက် ၏ ကျန်းချဲ့ အပေါ် မှတ်ချက်ချမှုများကို ပြန်လည် စဉ်းစားနေလေသည်။ သို့သော် အပြင်ပန်းတွင်တော့ သူမ၏ ပုံမှန်မဟုတ်သော အမူအရာကို လုံးဝ မမြင်နိုင်ချေ။
"ပြန်ရောက် တာနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာ ခဲ့ပါ... မင်းက ကိုယ်တော် ရဲ့ ဘယ်ညာ လက်ရုံး ပဲလေ ဒီ တစ်ခေါက် စိန်ခေါ်ပွဲ မှာ မင်းသာ မရှိဘူး ဆိုရင်... မြောက်ပိုင်း လူရိုင်း သံတမန် တွေရဲ့ ရန်စ မှု ကို ရင်ဆိုင် ရတာ တော်ဝင်နန်းတော် အတွက် နည်းနည်း အခက်တွေ့ စေနိုင်တယ်..."
"ဒါတွေ အားလုံးက ကျွန်တော်မျိုး လုပ်သင့် လုပ်ထိုက် တာတွေ ပါပဲ..."
"ဒါနဲ့ ကိုယ်တော် ရုတ်တရက် ကိစ္စ တစ်ခု ကို သတိရ သွားတယ် မနေ့က မင်း တိုက်ခိုက် တဲ့ အချိန် တုန်းက ထွက်ပေါ်လာ တဲ့ ဖိအား တွေက ကိုယ်တော် နဲ့ ရင်းနှီး နေသလို ခံစား ရတယ် အဲ့ဒါ နဂါး အရှိန်အဝါ များလား..."
ယွမ်ခန်းဧကရာဇ် က ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။ ပုံမှန် မေးခွန်း တစ်ခုနှင့် တူသော်ငြား သူ၏ အကြည့်များက ကျန်းချဲ့ ကို စူးစိုက်ကြည့်နေပြီး အတွင်းကျကျ အပြည့်အဝ ဖောက်ထွင်း မြင်နိုင်စွမ်း ရှိသည့်အလား ပင်ဖြစ်သည်။
ကျန်းချဲ့ ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး တားမြစ်ထားသော ကိစ္စ တစ်ခုခုကို ကျူးလွန်မိသွားပြီလားဟု ခန့်မှန်းမိကာ အလျင်အမြန် ရှင်းပြလိုက်လေသည်။
"အရှင်မင်းကြီး ကို သံတော်ဦး တင်ပါတယ်... ကျွန်တော်မျိုး ကျင့်ကြံ ထားတဲ့ ကျင့်စဉ် က ကျွန်းဟိုင်နန်းတော် ရဲ့ ရွှမ်ထျန်း နဂါး ပြောင်းလဲခြင်း ကျင့်စဉ် ပါ အရင်တုန်း က ကံကောင်း ထောက်မ စွာနဲ့ ရေနဂါး သွေးအဆီအနှစ် တချို့ကို ချေဖျက် စုပ်ယူ နိုင်ခဲ့လို့ နဂါး အရှိန်အဝါ နည်းနည်း ရရှိ ခဲ့တာပါ..."
"ဪ ဒီလို ကိုး..."
ယွမ်ခန်းဧကရာဇ် က တွေးတောနေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ မေးမြန်းလိုက်လေသည်။
"မင်းဆီမှာ တောင်ပိုင်းယွဲ့ နိုင်ငံ ရဲ့ နဂါးကြော တစ်ခု ရှိတယ် လို့ ကိုယ်တော် ကြားဖူး ပါတယ်... အဲ့ဒီ ကိစ္စ က အမှန် ပဲလား..."
"စွပ်စွဲ တာပါ အရှင်မင်းကြီး ဒါတွေ အားလုံး က တောင်ပိုင်းယွဲ့ က လူယုတ်မာ တွေ ရဲ့ စွပ်စွဲ ချက် တွေ သက်သက် ပါ ကျွန်တော်မျိုး က တောင်ပိုင်းယွဲ့ ကို အကြီးအကျယ် ဖျက်ဆီး ခဲ့တယ်လေ ဒါပေမဲ့ တောင်ပိုင်းယွဲ့ က ကျွန်တော်မျိုး ကို ဘာမှ လုပ်လို့ မရတော့ အခုလို နည်းလမ်း သုံးပြီး အပြစ် ပုံချ နေကြ တာပါ..."
ယွမ်ခန်းဧကရာဇ် နှင့် ကျီချန်တောက် တို့မှာ မတူညီကြချေ။ နောက်တစ်ယောက်က သူ့ကို အပြည့်အဝ ဖောက်ထွင်းမြင်နိုင်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားများမှာ အလွန် နက်နဲလှပေသည်။ အရှေ့လူမှာလည်း အလွန် အစွမ်းထက်သည် ဆိုသော်ငြား သူ၏ အဆင့်အတန်းမှာ ဧကရာဇ်မင်း ဖြစ်လေသည်။ ဤပစ္စည်းကို ပိုင်ဆိုင်ထားကြောင်း သူ လုံးဝ ဝန်ခံမည် မဟုတ်ပေ။
ယွမ်ခန်းဧကရာဇ် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်ငြား ဝတ်ရုံအောက်တွင် သူ၏ စွမ်းအား အနည်းငယ်ကို ဧကရာဇ် တံဆိပ်တုံး အတွင်းသို့ ဖြည့်သွင်းလိုက်ပြီး ကျန်းချဲ့ ကို စမ်းသပ်ရန် ကြိုးစားလိုက်လေသည်။ နဂါးကြော ဆိုသည်မှာ နိုင်ငံတော်၏ ကံကြမ္မာများ စုစည်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး နိုင်ငံတော် ကံကြမ္မာကို ဖိနှိပ်ထားသော ဧကရာဇ် တံဆိပ်တုံး နှင့် ဆက်နွှယ်မှု ရှိလေသည်။
ကျန်းချဲ့ ၏ ကိုယ်ပေါ်တွင်သာ ရှိနေမည် ဆိုပါက မည်သည့် အရာဖြင့် ဖုံးကွယ်ထားပါစေ သေချာပေါက် အာရုံခံနိုင်မည် ဖြစ်လေသည်။ ဤသည်မှာ သူ ကျန်းချဲ့ ကို အထူးတကူး ဆင့်ခေါ်ရခြင်း၏ အဓိက အကြောင်းရင်း ပင်ဖြစ်သည်။ သို့သော် စက္ကန့် အနည်းငယ်ကြာ အာရုံခံကြည့်သော်ငြား ဧကရာဇ် တံဆိပ်တုံး ထံမှ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။
သူ့ကို မနေနိုင်ဘဲ မျက်မှောင် အနည်းငယ် ကျုံ့သွားစေပြီး သူ ခန့်မှန်းထားသည်များ မှားယွင်းနေပြီလားဟု တွေးတော လိုက်လေသည်။ အကြည့်များ လှုပ်ရှားသွားပြီး ပုံမှန် အတိုင်း ပြုံးလျက် ပြောလိုက်လေသည်။
"ကွမ်ကျွင်းနယ်စား ကြီး ရှင်းပြ နေစရာ မလိုပါဘူး ကိုယ်တော် က မင်းကို ယုံကြည် ပြီးသားပါ ပေါ့ပေါ့ပါးပါး မေးကြည့် ရုံ သက်သက် ပါ လာ... ကိုယ်တော် နဲ့ စစ်တုရင် တစ်ပွဲ လောက် ကစား ကြည့်ရအောင်... မင်းရဲ့ စစ်တုရင် ကစားတဲ့ စွမ်းရည် က ဘယ်လောက် အထိ ရှိလဲ ဆိုတာ ကိုယ်တော် ကြည့်ချင် သေးတယ်…”