အခန်း ၃၉၆
Vol. 40 Ch. 396
အခန်း (၃၉၆) နှစ်ဖက်စလုံး၏ နားလည်မှု... မိုးကြိုးမုန်တိုင်းနှင့် မိစ္ဆာစွမ်းအင်များ
အရှေ့ပင်လယ်ပြင်ထက်တွင်။ ပုံရိပ်လေးခုက ဖြည်းညင်းစွာ ရပ်တည်နေကြလေသည်။
ဘယ်မှညာသို့ အစဉ်လိုက် ပြောရမည်ဆိုလျှင် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ ခရမ်းရောင်နဂါး ဓမ္မမင်းကြီး တုန်းဖန်းမင်ယွဲ့... ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး နန်ကုန်းကျီ... ချင်းထျန်းမိစ္ဆာဂိုဏ်း၏ သူတော်စင် ချူးဟယ်နှင့် နောက်ဆုံးအနေဖြင့် အရှေ့စွန်းနန်းတော်၏ နန်းတော်သခင် ယင်ချုံဟိုင် တို့ပင် ဖြစ်ကြလေသည်။
ကျန်းချဲ့နှင့် အချိန်ကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ လည်း လှုပ်ရှားမှုများကို စတင်နေပြီ ဖြစ်လေသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် အစကတည်းက သူတို့ကသာ လှုပ်ရှားနေခဲ့ခြင်း ပင်ဖြစ်သည်။
စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ၏ လျှို့ဝှက်ချက် ဆိုသည်မှာ အတုအယောင် မဟုတ်ဘဲ ကျန်းချဲ့အတွက် အထူးတကူး ဖန်တီးထားသော ထောင်ချောက်တစ်ခု သက်သက်သာ ဖြစ်လေသည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ တုန်းဖန်းမင်ယွဲ့ အနေဖြင့် စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းရှိ ထိုရတနာဆေးပင်ကို ရရှိနိုင်ရန် အတွက်သာ ဖြစ်လေသည်။
"ကျန်းချဲ့ အခု ဘယ်နေရာကို ရောက်နေပြီလဲ..."
ယခုမှ ရောက်ရှိလာသော တုန်းဖန်းမင်ယွဲ့က လေးနက်သော လေသံဖြင့် မေးလိုက်လေသည်။
ထူထဲပြီး အက်ကွဲနေသော အသံကြီး ထွက်ပေါ်လာသဖြင့် ချူးဟယ်ပင်လျှင် မျက်လုံးထောင့်မှနေ၍ အလိုအလျောက် စွေကြည့်မိသွားလေသည်။ တုန်းဖန်းမင်ယွဲ့၏ အစစ်အမှန် ရုပ်သွင်ကို သိရှိသူ အလွန် နည်းပါးလှပြီး သူကတော့ ထိုအထဲမှ တစ်ယောက် အပါအဝင် ဖြစ်လေသည်။
မိန်းမကိုယ်နှင့် ယောက်ျားမျက်နှာ ပိုင်ဆိုင်ထားသော ဤဓမ္မမင်းကြီးအပေါ် အလွန်အမင်း စိတ်ဝင်စားနေမိလေသည်။
"ဓမ္မမင်းကြီးကို လျှောက်တင်ပါတယ် ကျွန်တော်မျိုးနဲ့ ကျန်းချဲ့တို့ ချိန်းထားတဲ့ အချိန်က ဒီနေ့ပါပဲ နောက်ထပ် နှစ်နာရီလောက် နေရင် ရောက်လာပါလိမ့်မယ်..."
ယင်ချုံဟိုင်၏ အမူအရာမှာ အလွန် နှိမ့်ချနေလေသည်။ အကြောင်းမူကား တုန်းဖန်းမင်ယွဲ့သည် သူ၏ အနာဂတ်ကိုသာမက သူ၏ ကံကြမ္မာကိုပါ ထိန်းချုပ်ထားသောကြောင့် ပင်ဖြစ်သည်။
"ပိုနေတဲ့ စကားတွေကို ကျုပ် ဆက်မပြောတော့ဘူး ဒီတစ်ကြိမ်မှာ ကျုပ် ဆန္ဒရှိတဲ့ အတိုင်းသာ ရရှိခဲ့မယ်ဆိုရင် မင်း လိုချင်တာတွေ အကုန်လုံး ကျုပ် ပေးနိုင်တယ်..."
ယင်ချုံဟိုင်ကို တစ်ချက် စွေကြည့်လိုက်ပြီးနောက် တုန်းဖန်းမင်ယွဲ့က နန်ကုန်းကျီဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"စိတ်ချပါ ဒီဝိညာဉ်ဖုံးကွယ် အစီအရင်ပြားကို ကျုပ် ယူလာခဲ့ပါတယ် ဘယ်သူမှ လုံးဝ ရိပ်မိမှာ မဟုတ်ဘူး..."
နန်ကုန်းကျီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏ အင်္ကျီလက်အတွင်းမှ လက်ဝါးအရွယ်အစားရှိသော ကျောက်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။
စွမ်းအား အနည်းငယ် ဖြည့်သွင်းလိုက်သည်နှင့် ထိုကျောက်ပြားပေါ်မှ တာအို သဘောတရားများ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ထိုနေရာတွင် ရပ်နေသော်ငြား သူ၏ အရှိန်အဝါကို လုံးဝ အာရုံခံ၍ မရနိုင်တော့ချေ။ ဤသည်မှာ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ အဖိုးတန် ရတနာတစ်ပါး ပင်ဖြစ်သည်။
"ဒီလိုဆိုမှတော့ ငါတို့ အရင် သွားနှင့်ကြတာပေါ့..."
တုန်းဖန်းမင်ယွဲ့ အနေဖြင့် အချိန် အကြာကြီး မဆွဲချင်တော့သဖြင့် နန်ကုန်းကျီနှင့် ချူးဟယ်တို့ နှစ်ယောက်ကို ခေါ်ဆောင်ကာ ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လေဟာနယ်ကို ဖြတ်ကျော်၍ ထွက်ခွာသွားလေတော့သည်။
စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ ဆိုသည်မှာ အစစ်အမှန် လျှို့ဝှက်နယ်မြေ တစ်ခု မဟုတ်ဘဲ ပင်လယ်ပြင်၏ အနက်ရှိုင်းဆုံး မိုင်ပေါင်း သောင်းချီ အကွာအဝေးတွင် တည်ရှိနေသော အာကာသ လေဝဲဂယက်ကြီးတစ်ခု သက်သက်သာ ဖြစ်လေသည်။ သူတို့ အနေဖြင့် ထိုနေရာသို့ သွားရောက်ရန် အတွက်လည်း အချိန် အနည်းငယ် ယူရဦးမည် ဖြစ်လေသည်။
"ဒီနေရာက ကိစ္စတွေ ပြီးသွားရင် မင်းနဲ့ငါနဲ့ မြောက်ပိုင်း ယိုးကျိုးနယ်စပ်ကို သွားကြရအောင်..."
ခရီးသွားနေစဉ် လမ်းတစ်ဝက်တွင် နန်ကုန်းကျီက ရုတ်တရက် ပြောလိုက်လေသည်။
တုန်းဖန်းမင်ယွဲ့၏ မျက်ဝန်းများထဲတွင် ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းများ လင်းလက်နေလေသည်။
"မြောက်ပိုင်း လူရိုင်းတွေနဲ့ ပူးပေါင်းမယ့် ကိစ္စကိုတော့ ကျုပ် သဘောမတူဘူး ငါတို့ မြင့်မြတ်သော ဂိုဏ်းတော်ရဲ့ ရည်ရွယ်ချက်က လောကကြီးကို အပြောင်းအလဲလုပ်ပြီး ပြည်သူလူထုတွေကို ဒုက္ခတွေထဲကနေ ကယ်တင်ဖို့လေ ဒါပေမဲ့ မြောက်ပိုင်း လူရိုင်းတွေရဲ့ မြင်းသည်တော်တွေသာ အလယ်ပိုင်းဒေသကို ဝင်လာမယ်ဆိုရင် တာ့ကျိုး နိုင်ငံတော်ကို အကြီးအကျယ် ထိခိုက်သွားစေနိုင်တယ် ဆိုပေမဲ့ မြောက်ပိုင်း ပြည်နယ်တွေ အားလုံး စစ်မီးလျှံတွေ ကြားမှာ ပျက်စီးသွားရလိမ့်မယ် ဒါ့အပြင် မြောက်ပိုင်း လူရိုင်းတွေနဲ့ ပူးပေါင်းတယ် ဆိုတာ ကျားတစ်ကောင်နဲ့ အတူတူ နေရသလိုပဲ အခွင့်အရေး ရရင် နန်ကုန်း တာအိုမိတ်ဆွေက ဂိုဏ်းချုပ်ကြီးကို သေသေချာချာ သွားရောက် ဖြောင်းဖျပေးပါလို့ မျှော်လင့်မိပါတယ်..."
"ဂိုဏ်းချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ကျုပ်က ဘယ်လိုလုပ်ပြီး ပြောင်းလဲနိုင်မှာလဲ ငါတို့ လုပ်ရမှာက အမိန့်တွေကို နာခံဖို့ သက်သက်ပဲ ဒါ့အပြင် မြင့်မြတ်သော ဂိုဏ်းတော်ရဲ့ ရည်ရွယ်ချက်က အလယ်ပိုင်းဒေသက ပြည်သူတွေကို သတ်ဖြတ်ဖို့ မဟုတ်ဘူး တော်ဝင်နန်းတော်နဲ့ မြောက်ပိုင်း လူရိုင်းတွေကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီး နှစ်ဦးနှစ်ဖက်စလုံး ဒဏ်ရာ ရသွားအောင် လုပ်ဖို့ သက်သက်ပဲ မင်းတောင် မြင်နိုင်တဲ့ ကိစ္စကို ဂိုဏ်းချုပ်ကြီးက ဘယ်လိုလုပ်ပြီး မမြင်နိုင်ဘဲ နေမှာလဲ..."
နန်ကုန်းကျီနှင့် တုန်းဖန်းမင်ယွဲ့တို့၏ အမြင်မှာ တူညီကြသော်ငြား သူ၏ စရိုက်လက္ခဏာ အရ ဆန့်ကျင်ဘက်ပြုရန် လုံးဝ မဖြစ်နိုင်ဘဲ အမိန့်ကိုသာ အတိအကျ နာခံမည် ဖြစ်လေသည်။
"ကိုယ်တိုင် ကြုံရတဲ့ အခါကျမှ အမှားတွေ လုပ်မိတတ်တယ်လေ ကျုပ် စိုးရိမ်တာက ထားလိုက်ပါတော့ ကျုပ် ဘယ်လောက်ပဲ စိုးရိမ်နေပါစေ သာမန် လူတစ်ယောက်ရဲ့ အတွေးတွေ သက်သက်ပါပဲ ဒါပေမဲ့ ဒီတစ်ခေါက် ယိုးကျိုးကို သွားမယ့် ကိစ္စမှာတော့ ကျုပ် လုံးဝ လိုက်မှာ မဟုတ်ဘူး နယ်စပ်တံခါးတွေကို ဖွင့်ပေးပြီး တိုင်းတစ်ပါးသားတွေကို အလယ်ပိုင်းဒေသထဲ ဝင်ခွင့်ပြုရမယ့် ကိစ္စမျိုးကိုတော့ ကျုပ် လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး..."
တုန်းဖန်းမင်ယွဲ့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"ဂိုဏ်းချုပ်ကြီး ဒေါသထွက်မှာကို မင်း မကြောက်ဘူးလား..."
နန်ကုန်းကျီက ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
"စစ်မှန်တဲ့ နဂါးရတနာဆေးသာ လက်ထဲ ရောက်လာရင် ကျုပ် ချက်ချင်း တံခါးပိတ် ကျင့်ကြံတော့မှာပဲ ဂိုဏ်းချုပ်ကြီးက ဒီကိစ္စလေး တစ်ခုအတွက်နဲ့ ကျုပ်ကို လာပြီး အပြစ်ပေးနေမယ်လို့ ထင်နေလား တကယ်လို့များ ကျုပ်သာ သိုင်းသူတော်စင် ဖြစ်သွားခဲ့မယ်ဆိုရင် မြင့်မြတ်သော ဂိုဏ်းတော်အတွက် အင်အား တစ်ရပ် တိုးလာတာ မဟုတ်ဘူးလား..."
"သိုင်းသူတော်စင် ဖြစ်လာမယ် ဟုတ်လား စစ်မှန်တဲ့ နဂါးရတနာဆေးသာ ရသွားရင် မင်း တကယ်ပဲ ယုံကြည်ချက် ရှိရဲ့လား..."
နန်ကုန်းကျီက အလွန် တည်ကြည်လေးနက်စွာဖြင့် မေးမြန်းလိုက်လေသည်။
"ဒီနေ့လေး ရောက်လာဖို့ ကျုပ် နှစ်ပေါင်း ရာချီ စောင့်ခဲ့ရတာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အကုန်လုံး လုပ်ပြီးသွားပြီ တကယ်လို့များ မိုးကြိုးကပ်ဘေးကြီးကို မကျော်ဖြတ်နိုင်ခဲ့ဘူး ဆိုရင်တော့ ကျုပ် တုန်းဖန်းမင်ယွဲ့ရဲ့ ကံကြမ္မာလို့ပဲ သတ်မှတ်ရတော့မှာပေါ့ အခွင့်အရေး တစ်ခုအတွက် အသက်စွန့်ပြီး ကြိုးစားရမှာပဲ..."
တုန်းဖန်းမင်ယွဲ့က ပြတ်သားစွာ ပြောလိုက်လေသည်။
နန်ကုန်းကျီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေးသွားလေသည်။
"မင်းနဲ့ ယှဉ်လိုက်ရင်တော့ ကျုပ်က တကယ်ကို အိုမင်းနေပါပြီကွာ အရင်တုန်းကလို တွန်းအားတွေ မရှိတော့ဘူး..."
"လူငယ်တွေ ကတော့ ဒီလိုမျိုး တွန်းအားတွေ ရှိသင့်တာပေါ့..."
ပင်လယ်ပြင်ထက်တွင် ကျန်းချဲ့သည် ချီကျန်းနန် ၊ ကျောက်ရှန်းကျစ် တို့နှင့် အတူတကွ ခရီးသွားနေလေသည်။ ကျန်းချဲ့က မြို့တော်တွင် ဖြစ်ပွားခဲ့သော နဂါးမွေးမြူရေးကန် တိုက်ပွဲအကြောင်းကို ရှင်းပြနေသည်ကို ကြားပြီးနောက် ချီကျန်းနန် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်လေသည်။
သူ ကိုယ်တိုင် ဤတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ခဲ့ရသော်ငြား ကျန်းချဲ့၏ ရှင်းပြချက် အရဆိုလျှင် ကျန်းချဲ့၏ စွမ်းအားမှာ မြောက်ပိုင်း လူရိုင်းမင်းသားထက် အများကြီး သာလွန်နေကြောင်းကို သူ ကောင်းစွာ သိရှိလိုက်ရလေသည်။ အကယ်၍ ကျန်းချဲ့သာ မရှိခဲ့ပါက တော်ဝင်နန်းတော်သည် ဤတစ်ကြိမ်တွင် အရှက်တကွဲ အကျိုးနည်း ဖြစ်သွားမည်မှာ သေချာလှပေသည်။
"ဦးလေးက အရမ်း မြှောက်ပင့် ပြောလွန်းနေပါပြီ ကျွန်တော်မျိုး အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ..."
"ငါ သိပါတယ် ကျီချန်တောက်က လေဝိညာဉ် နတ်ပုတီးစေ့ကို အပေးအယူ အဖြစ် သုံးပြီး မင်းကို ထွက်တိုက်ခိုင်းခဲ့တာပဲ..."
ချီကျန်းနန်သည် အစအဆုံး အကြောင်းစုံကို သိရှိထားပြီးသား ဖြစ်လေသည်။ ကျန်းချဲ့ မြို့တော်သို့ မသွားမီ ကတည်းက ဤကိစ္စကို သူ့အား ပြောပြထားခဲ့ပြီး ဖြစ်လေသည်။
"ဒါနဲ့ မင်း ပြောတာ မင်းနဲ့ မိဖုရားကြီး ရွှီပိုင်ဟယ်တို့ အကြားမှာ ပြဿနာ နည်းနည်း ရှိခဲ့တယ်ဆို..."
တစ်ချိန်လုံး စကားမပြောဘဲ နေခဲ့သော ကျောက်ရှန်းကျစ်က ဤကိစ္စကို အလွန် စိတ်ဝင်စားနေပုံရပြီး စိုးရိမ်တကြီး မေးလိုက်လေသည်။
"ဟုတ်တယ် ကျုပ် မြို့တော်ကို ရောက်ခါစတုန်းက..."
ကျန်းချဲ့က သူနှင့် တတိယမင်းသား ကျီချန်ရှန်းတို့ အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကို အတိုချုပ် ရှင်းပြလိုက်လေသည်။
"မင်း လုပ်ခဲ့တာ မှားတယ်လို့ မပြောနိုင်သလို မှန်တယ်လို့လည်း မပြောနိုင်ဘူး ဒီတတိယမင်းသားက တကယ်ပဲ အနိုင်ကျင့်လွန်းတယ် ဒါပေမဲ့ သူက ဘယ်လိုပဲဖြစ်ဖြစ် မင်းသားတစ်ပါးလေ ပြီးတော့ နောက်ခံ အင်အားစုတွေလည်း အများကြီး ရှိတယ် မင်း သတိထားပြီး နေတာ ကောင်းမယ်..."
"ကျမ ကြားဖူးတာက မိဖုရားကြီး ရွှီရဲ့ ဆွေမျိုးတွေက ကောင်းကင်ချောက်ကမ်းပါးမှာ ရှိတယ်ဆို..."
"ဟုတ်တယ် ရွှီမိသားစု ဆိုတာ ကောင်းကင်ချောက်ကမ်းပါးမှာ တပ်စွဲထားတဲ့ အင်အားစု တစ်ခုပဲ အင်အားကတော့ အထင်သေးလို့ မရဘူး ဒါပေမဲ့ ကောင်းကင်ချောက်ကမ်းပါးကို လုံးဝ ခြယ်လှယ်နိုင်တဲ့ အဆင့်တော့ မဟုတ်ပါဘူး ထိပ်တန်း သိုင်းလောက အင်အားစု တစ်ခုနဲ့ အဆင့်တူလောက်ပါပဲ ဒါပေမဲ့ သူတို့တွေရဲ့ ဩဇာအာဏာက သိပ်မကြီးပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက် ကတည်းက အဲ့ဒီ နေရာကို ပြောင်းရွှေ့ခံရပြီး ကတည်းက အလယ်ပိုင်းဒေသကို တစ်ခါမှ ပြန်မလာခဲ့ကြဖူးဘူး အလယ်ပိုင်းဒေသမှာ ကျန်ခဲ့တဲ့ မိသားစုဝင် တွေတောင် သိပ် မရှိတော့ဘူး..."
ကျန်းချဲ့ သိချင်နေသည်ကို မြင်သောအခါ ချီကျန်းနန်က အတိတ်က လျှို့ဝှက်ချက်များကို အကျဉ်းရုံး ရှင်းပြလိုက်လေသည်။
"ရောက်တော့မယ်..."
ကျောက်ရှန်းကျစ်က ရုတ်တရက် ပြောလိုက်လေသည်။
ကျန်းချဲ့ ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်နှင့် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြလေသည်။ ကျောက်ရှန်းကျစ်နှင့် ချီကျန်းနန်တို့ ချက်ချင်း သဘောပေါက်သွားကြပြီး သူတို့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများကို အလျင်အမြန် ဖိနှိပ်ချုပ်နှောင်လိုက်ကြလေသည်။ ထို့နောက် အလင်းတန်း နှစ်ခုအဖြစ် ပြောင်းလဲကာ ပင်လယ်ကြမ်းပြင် အောက်သို့ ငုပ်လျှိုး ဝင်ရောက်သွားကြပြီး ကျန်းချဲ့ကတော့ သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်လေသည်။ ထို့နောက် အရှေ့ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်လေသည်။
လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့် ကြာပြီးနောက် ကျန်းချဲ့သည် နောက်ဆုံးတွင် အရှေ့ဘက်၌ စောင့်ဆိုင်းနေသော ယင်ချုံဟိုင်ကို မြင်တွေ့လိုက်ရလေသည်။ တစ်ဖက်လူ၏ ဝတ်စားဆင်ယင်မှုနှင့် အမူအရာများမှာ ယခင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကနှင့် အနည်းငယ်မျှ ကွာခြားခြင်း မရှိဘဲ လုံးဝ ပြောင်းလဲသွားခြင်း မရှိချေ။
"ယင် နန်းတော်သခင် အကြာကြီး စောင့်နေရပြီလား..."
ကျန်းချဲ့ လေဟာနယ်ထဲမှ ထွက်လာပြီး ပြုံးလျက် လက်ယှက် အရိုအသေ ပေးလိုက်လေသည်။ ထို ယင် ဆိုသော မျိုးရိုးနာမည်ကြောင့် ဒေါသမဖြစ်ရန် ကျန်းချဲ့ အမြဲတမ်း သတိထားနေရလေသည်။ သူ၏ ရင်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားနေရဆဲ ပင်ဖြစ်သည်။
ယင်ချုံဟိုင်က ကျန်းချဲ့ ရောက်လာသည်ကို မြင်သောအခါ အံ့အားသင့် ဝမ်းသာသွားသော အမူအရာဖြင့် အလျင်အမြန် လက်ခါပြကာ ပြန်ပြောလိုက်လေသည်။
"ကွမ်ကျွင်းနယ်စားက ယဉ်ကျေးလွန်းနေပါပြီ တကယ်တော့ ကျုပ်လည်း အခုလေးတင် ရောက်လာတာပါ ဒါနဲ့ စစ်မှန်တဲ့ နဂါးလျှို့ဝှက်နယ်မြေကို ရှာဖွေဖို့ ကိစ္စဟာ လျှို့ဝှက်ချက် တစ်ခုဖြစ်လို့ ကွမ်ကျွင်းနယ်စား အနေနဲ့ တိတ်တဆိတ် ကြိုတင် ပြင်ဆင်ထားတာတွေများ ရှိသေးလား..."
ယင်ချုံဟိုင်က ရုတ်တရက် မေးလိုက်လေသည်။
"ကျုပ်က အခုလေးတင် အရှေ့ပင်လယ် ဘက်ကနေ ရောက်လာတာ ဆိုတော့ ဘယ်အချိန်ရပြီး ကြိုတင် ပြင်ဆင်နိုင်မှာလဲ..."
ကျန်းချဲ့က လက်ခါပြလိုက်လေသည်။
"ဒါလည်း ဟုတ်တာပဲလေ ကွမ်ကျွင်းနယ်စားရဲ့ စွမ်းအားက ကျုပ်ထက် အများကြီး သာလွန်နေတာ ဆိုတော့ ဘာမှ ပြင်ဆင်နေစရာလည်း မလိုပါဘူး..."
ယင်ချုံဟိုင်က သူ့ကိုယ်သူ လှောင်ပြောင်သရော်လိုက်လေသည်။
"ယင် နန်းတော်သခင် ဘက်ကကော လျှို့ဝှက် တိုက်ခိုက်မယ့် အစီအစဉ်တွေများ ရှိနေမလား..."
ကျန်းချဲ့က ရုတ်တရက် မေးလိုက်လေသည်။
ယင်ချုံဟိုင် အနည်းငယ် ကြက်သေသေသွားသော်ငြား အလျင်အမြန်ပင် လက်ခါပြကာ ပြန်ပြောလိုက်လေသည်။
"ဒီလို ကိစ္စမျိုးကို ဖြောင့်မတ်တည်ကြည်တဲ့ လူကောင်းတွေက ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး ကျုပ်ကလည်း ဘယ်တော့မှ အဲ့ဒီလို ယုတ်မာတဲ့ အလုပ်မျိုးကို လုပ်မှာ မဟုတ်ဘူး ဒါ့အပြင် စစ်မှန်တဲ့ နဂါးလျှို့ဝှက်နယ်မြေက ကျုပ်ရဲ့ သိုင်းတာအို လမ်းစဉ်နဲ့ သက်ဆိုင်နေတာ ဆိုတော့ တခြား လူတွေကို အကူအညီ တောင်းဖို့ ဘယ်လိုလုပ်ပြီး ဝံ့ရဲမှာလဲ သိုင်းလောကမှာ အကျိုးအမြတ်လေး နည်းနည်းလောက်နဲ့တင် အချင်းချင်း သတ်ဖြတ်နေကြတဲ့ သူတွေ အများကြီးပဲလေ ကျုပ်ကလည်း အဲ့ဒီ လူတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်မှာလဲ..."
"ယင် နန်းတော်သခင် ပြောတာ မှန်ပါတယ် ဟားဟားဟား..."
"ဟားဟားဟား..."
သူတို့နှစ်ယောက် စကားပြောပြီးသည်နှင့် အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြလေသည်။ ထို့နောက် ယခင်က သဘောတူထားခဲ့သည့် အတိုင်း သူတို့နှစ်ယောက်သည် အချင်းချင်း လျှို့ဝှက်တိုက်ခိုက်ခြင်း လုံးဝ မပြုလုပ်ပါဟု သစ္စာအသီးသီး ဆိုလိုက်ကြလေသည်။ ထိုအခါမှသာ သူတို့နှစ်ယောက်စလုံး အနည်းငယ် စိတ်သက်သာရာ ရသွားကြလေသည်။
သူတို့ ဤသို့ သစ္စာဆိုလိုက်ခြင်းမှာ သူတို့ ကိုယ်တိုင် သစ္စာကို စောင့်ထိန်းနေခြင်းကြောင့် မဟုတ်ဘဲ ကျန်းချဲ့ဘက်တွင် အခြားသော အစွမ်းထက်သူများ ပါဝင်နေသလို ယင်ချုံဟိုင် ဘက်တွင်လည်း လျှို့ဝှက် တိုက်ခိုက်မည့် သူများ ရှိနေသောကြောင့် ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့ အချင်းချင်း တိုက်ခိုက်ကြမည် မဟုတ်သည်မှာတော့ သေချာလှပေသည်။
"ကွမ်ကျွင်းနယ်စားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီစစ်မှန်တဲ့ နဂါးလျှို့ဝှက်နယ်မြေ ဆိုတာ..."
လျှို့ဝှက်နယ်မြေဆီသို့ ခရီးသွားနေစဉ် အတွင်း ယင်ချုံဟိုင်သည် နောက်ဆုံးတွင်တော့ အရေးကြီးသော ကိစ္စရပ်အချို့ကို ဖွင့်ဟပြောဆို လာခဲ့လေသည်။ ဥပမာအားဖြင့် စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေ၏ တည်နေရာသည် မိုင်ပေါင်း သောင်းချီ ကွာဝေးသော ပင်လယ်ကြမ်းပြင်၏ အနက်ရှိုင်းဆုံး နေရာရှိ ကျွန်းငယ်လေး တစ်ကျွန်း အနီးတွင် တည်ရှိနေကြောင်း ပင်ဖြစ်သည်။
ထိုနေရာ တစ်ဝိုက်တွင် အချိန်ပြည့် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေပြီး လုံးဝ သေမင်းတမန် နယ်မြေတစ်ခု ဖြစ်လေသည်။ သွားရောက်သူ အလွန် နည်းပါးလှပြီး သူ ငယ်ရွယ်စဉ်က ပင်လယ်ပြင်သို့ ထွက်ခွာခဲ့စဉ်က မတော်တဆ ဤမိုးကြိုးမုန်တိုင်း ဧရိယာ အတွင်းသို့ ဝင်ရောက် မိသွားခဲ့ခြင်း ဖြစ်လေသည်။ ထိုလေဝဲဂယက် အတွင်းသို့ ရောက်ရှိသွားပြီးမှသာ ရွှမ်ထျန်း နဂါးပြောင်းလဲခြင်း ကျင့်စဉ်၏ လျှို့ဝှက်ချက်ကို သူ သိရှိသွားခဲ့ခြင်း ဖြစ်လေသည်။
"ပင်လယ်ရဲ့ အနက်ရှိုင်းဆုံး နေရာ မိုးကြိုးမုန်တိုင်းတွေ ဖုံးလွှမ်းနေတယ် ဒီစစ်မှန်တဲ့ နဂါးလျှို့ဝှက်နယ်မြေက ပြင်ပက မိစ္ဆာမျိုးနွယ်စု တွေနဲ့များ သက်ဆိုင်နေမလား..."
ကျန်းချဲ့သည် တစ်ဖက်လူ၏ ပွင့်လင်းမှုကို မြင်သောအခါ ဘာမှ ဖုံးကွယ်မနေတော့ဘဲ သူ၏ ရင်ထဲရှိ အတွေးများကို တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။
"တကယ်တော့ ကျုပ်လည်း အဲ့ဒီလိုပဲ ထင်ပါတယ် အဲ့ဒီ လျှို့ဝှက်နယ်မြေက အာကာသ လေဝဲဂယက်တွေကြောင့် လေဟာနယ်တွေ ဖရိုဖရဲ ဖြစ်ပြီး လျှို့ဝှက်နယ်မြေရဲ့ တည်နေရာ ပြောင်းလဲသွားတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် အရှေ့ပင်လယ် ထဲကို ကျဆင်းလာတာလည်း ဖြစ်နိုင်တယ် နှိုင်းယှဉ် ကြည့်မယ်ဆိုရင် အဲ့ဒီနေရာက မိစ္ဆာမျိုးနွယ်စု တွေရဲ့ နယ်မြေနဲ့ ပိုပြီး တူနေတယ် ကျုပ် အဲ့ဒီနေရာကို ဝင်သွားတုန်းက အဲ့ဒီနေရာက ကောင်းကင်နဲ့ မြေကြီးရဲ့ မူလ စွမ်းအင်တွေက တော်တော်လေး ထူးဆန်းနေတယ်လို့ ခံစားရတယ် အဲ့ဒါက မိစ္ဆာစွမ်းအင်တွေများ ဖြစ်နေမလား..."
ကျန်းချဲ့၏ ယုံကြည်မှုကို ရရှိရန် အတွက် ယင်ချုံဟိုင်သည် စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေနှင့် ပတ်သက်သော အကြောင်းအရာ များစွာကို တကယ်ကို ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့လေသည်။ သေချာသည်ကတော့ ၎င်းသည် လျှို့ဝှက်နယ်မြေ၏ အပြင်ဘက် ဧရိယာနှင့်သာ သက်ဆိုင်လေသည်။ အကြောင်းမူကား လျှို့ဝှက်နယ်မြေ၏ ဗဟိုချက် အတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် ပင်ဖြစ်သည်။
"ဒါဆို ယင် နန်းတော်သခင် သိထားသလောက် လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်ထဲမှာ တကယ်တမ်း ဘာတွေ ရှိနေတာလဲ..."
ကျန်းချဲ့သည် ခန့်မှန်းချက် အချို့ ရှိနေသော်ငြား သူ၏ စစ်မှန်သော နဂါးရတနာဆေးမှာ ဤလျှို့ဝှက်နယ်မြေနှင့် သေချာပေါက် ဆက်နွှယ်နေမည်ဟု ယုံကြည်ထားလေသည်။ သို့သော် သူ ကိုယ်တိုင်လည်း အပြည့်အဝ သေချာမှု မရှိသေးချေ။ အကယ်၍ ယင်ချုံဟိုင်၏ နှုတ်ဖျားမှ တစ်ဆင့် တိကျသေချာသော သတင်းများကို ရရှိနိုင်မည်ဆိုပါက အကောင်းဆုံး ပင်ဖြစ်သည်။
"ကွမ်ကျွင်းနယ်စားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကို ကျုပ်လည်း မသိပါဘူး အဲ့ဒီ လျှို့ဝှက်နယ်မြေက အကာအကွယ် လုပ်ခံထားရပြီး ကျုပ်ရဲ့ ဓမ္မမျက်လုံးနဲ့တောင် ဘာမှ မြင်နိုင်စွမ်း မရှိဘူး ဘာတွေ ရှိနေလဲ ဆိုတာကို သိချင်ရင် ကိုယ်တိုင် ဝင်သွားပြီး ကြည့်မှပဲ သိနိုင်ပါလိမ့်မယ်..."
နောက်ထပ် နှစ်ရက် အကြာတွင်။ ကျန်းချဲ့နှင့် ယင်ချုံဟိုင်တို့ အရှိန်အဟုန်ဖြင့် ခရီးနှင်လာခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ တစ်ဖက်လူ ပြောဆိုခဲ့သော ဘာမှ ထူးခြားမှု မရှိသည့် ကျွန်းငယ်လေး တစ်ကျွန်းသို့ ရောက်ရှိလာခဲ့လေသည်။
"လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဒီနေရာမှာ တိုင်းပြည်ငယ်လေး တစ်ခု ရှိခဲ့တယ် ရေသူမ နိုင်ငံတော်လို့ ခေါ်တယ် ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပင်လယ်ရေတွေ မြင့်တက်လာပြီး ဒီနိုင်ငံတော်ကြီး လည်း ရေအောက် ရောက်သွားခဲ့တယ် အခု အချိန်မှာတော့ ဒီကျွန်းငယ်လေး တစ်ကျွန်းပဲ ကျန်တော့တယ်..."
ယင်ချုံဟိုင်က သူတို့၏ ခြေအောက်ရှိ နေရာကို လက်ညှိုးထိုးပြရင်း အနည်းငယ် သက်ပြင်းချကာ ပြောလိုက်လေသည်။
"အရှေ့ဘက်က နေရာက ခင်ဗျား ပြောတဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နေတဲ့ နေရာလား..."
ကျန်းချဲ့သည် ယင်ချုံဟိုင် ပြောဆိုသော ရေသူမ နိုင်ငံတော်ကို လုံးဝ ဂရုမစိုက်ချေ။ ဤကိစ္စများကို သူ လုံးဝ စိတ်မဝင်စားပေ။ သူ၏ မျက်လုံးများကတော့ အရှေ့ဘက်ရှိ အမှောင်ထုကြီးကိုသာ အပြည့်အဝ စူးစိုက်ကြည့်နေလေသည်။ ထိုနေရာတွင် တိမ်မည်းကြီးများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ဖျက်ဆီးခြင်း အငွေ့အသက်များ အပြည့်အဝ ပါဝင်နေပြီး သာမန် မွေးရာပါအဆင့် သိုင်းပညာရှင်များ အနေဖြင့် ဝင်ရောက်မိသည်နှင့် တစ်ပြိုင်နက် သေချာပေါက် သေဆုံးသွားမည်မှာ အသေအချာ ပင်ဖြစ်သည်။ ရွှမ်တန်အဆင့် သိုင်းသခင်များသာလျှင် မိုးကြိုး၏ တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်စွမ်း ရှိပြီး ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များသာလျှင် မိုးကြိုးပင်လယ် အတွင်း လွတ်လပ်စွာ လမ်းလျှောက်နိုင်စွမ်း ရှိလေသည်။ မည်သို့ပင်ဆိုစေ ဤသည်မှာ အလွန် သာမန် မိုးကြိုးမုန်တိုင်း မျှသာဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသော ရှန်ရှန်းအဆင့် မဟာသိုင်းသခင်များ အတွက်တော့ ကြီးမားသော အန္တရာယ် တစ်ရပ် လုံးဝ မဟုတ်ချေ။
"ဟုတ်ပါတယ် အရှေ့ဘက်က နေရာပါပဲ..."
ယင်ချုံဟိုင်က ပြတ်သားစွာ ခေါင်းညိတ်လိုက်လေသည်။
တုန်းဖန်းမင်ယွဲ့နှင့် နန်ကုန်းကျီတို့ နှစ်ယောက်စလုံး ထိုမိုးကြိုးမုန်တိုင်း အတွင်း၌ ပုန်းအောင်းနေပြီး ကျန်းချဲ့ ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည်မှာ သေချာလှကြောင်း သူ သိရှိထားလေသည်။ ကျန်းချဲ့သာ ဝင်ရောက်လာသည်နှင့် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမည် ဖြစ်လေသည်။
"ဒီလိုဆိုမှတော့ ဘာလို့ အချိန်ဆွဲနေဦးမလဲ သွားကြတာပေါ့..."
ကျန်းချဲ့သည် မသိမသာ ဝိညာဉ်အာရုံများ ဖြန့်ကျက်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။ ဤနေရာတွင် ကြီးမားလှသော အန္တရာယ်များ ရှိနေကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းက လူများ ဤနေရာတွင် သေချာပေါက် ပုန်းအောင်းနေမည် ဖြစ်ပြီး သိုင်းသူတော်စင်များ ဝင်ရောက် မစွက်ဖက်သရွေ့ သူ လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ချေ။
ကျောက်ရှန်းကျစ်နှင့် ချီကျန်းနန်တို့ နှစ်ယောက်စလုံး အနီးအနားရှိ ပင်လယ်ကြမ်းပြင်တွင် ပုန်းအောင်းနေပြီး သူ၏ သတင်းကို စောင့်ဆိုင်းနေကြလေသည်။ အချိန်မရွေး ထွက်လာပြီး ကူညီတိုက်ခိုက်ပေးနိုင်စွမ်း ရှိကြလေသည်။
"ကောင်းပါပြီ ကွမ်ကျွင်းနယ်စား ကျုပ်ရဲ့ နောက်က လိုက်ခဲ့ပါ..."
ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို အတင်းအဓမ္မ ဖိနှိပ်ထားပြီးနောက် ယင်ချုံဟိုင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားကာ လေဟာနယ်ကို ဖြတ်ကျော်ပြီး မိုးကြိုးမုန်တိုင်း ဧရိယာ အတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားလေသည်။ ကျန်းချဲ့က ဤအခြေအနေကို မြင်သောအခါ ဘက်စုံထောင့်စုံမှ ကာကွယ်မှုများကို အပြည့်အဝ ပြင်ဆင်လိုက်လေသည်။
သူ ကိုယ်တိုင် ကာကွယ်မှုများ ပြုလုပ်ရုံသာမက သူ၏ အင်္ကျီလက် အတွင်းတွင် ပုန်းအောင်းနေသော ချီရွှယ်မိစ္ဆာသခင် မှာလည်း အပြည့်အဝ အသင့် အနေအထားတွင် ရှိနေပြီး အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းနေလေသည်။
မိုးကြိုးများ ကျဆင်းလာပြီး ဘေးပတ်ဝန်းကျင်တွင် ပေါက်ကွဲနေလေသည်။ ကျန်းချဲ့ကတော့ ကိုယ်ပေါ်မှ အလင်းတန်းများ ဖြာထွက်နေပြီး သာမန် လမ်းလျှောက်နေသည့် အလား မိုးကြိုးပင်လယ် အတွင်းသို့ ဝင်ရောက်သွားလေသည်။ ဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်များ အဆက်မပြတ် ပေါက်ကွဲနေပြီး တောက်ပသော အလင်းတန်းများက မျက်စိကို ကျိန်းစပ်သွားစေလေသည်။ ထိုအလင်းတန်းများ အကြားတွင် ကျန်းချဲ့နှင့် ယင်ချုံဟိုင်တို့၏ လျှောက်လှမ်းနေသော ပုံရိပ်များမှာ အလွန် ထူးခြားပြောင်မြောက်နေလေသည်။
မိုးကြိုးမုန်တိုင်း၏ အနက်ရှိုင်းဆုံး နေရာ။
ယင်ချုံဟိုင် ခြေလှမ်း ရပ်တန့်လိုက်ပြီး အရှေ့ဘက်ရှိ မိုးကြိုး အလင်းတန်းများ အပြည့်အဝ ဖုံးလွှမ်းနေသော လေဝဲဂယက်ကြီးကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"ကွမ်ကျွင်းနယ်စား ဒီနေရာက ဝင်ပေါက်ပဲ ကျုပ် အရင် ဝင်သွားလိုက်မယ်..."
စကား အဆုံးတွင် ယင်ချုံဟိုင်သည် ကာကွယ်ရေး ချီစွမ်းအင်များကို အပြည့်အဝ ဖွင့်လှစ်လိုက်ပြီး ကျန်းချဲ့ကို စံနမူနာ ပြသည့် အနေဖြင့် အမှောင်လေဝဲဂယက်ကြီး အတွင်းသို့ တစ်လှမ်းတည်းဖြင့် ဝင်ရောက်သွားလေသည်။ သူ၏ ပုံရိပ် တစ်ခုလုံးလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။
ကျန်းချဲ့ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး ဝိညာဉ်အာရုံများကို ချက်ချင်း ဖြန့်ကျက်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်လေသည်။ သို့သော် မည်သည့် ထူးခြားမှုမျှ မတွေ့ရသဖြင့် ရင်ထဲတွင် ချက်ချင်း သဘောပေါက်သွားလေသည်။ ချင်းထျန်းမိစ္ဆာဂိုဏ်းက လူများ အတွင်းဘက်တွင် ရှိနေခြင်း သို့မဟုတ် သူတို့ ထူးခြားသော ရတနာ တစ်ခုခုကို အသုံးပြုနေခြင်းသာ ဖြစ်ရမည်။ ထို့အပြင် နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိနေသေးလေသည်။ ၎င်းမှာ သူတို့ အလွန် ဝေးကွာသော နေရာတွင် ပုန်းအောင်းနေခြင်း ပင်ဖြစ်သည်။
ချင်းထျန်းမိစ္ဆာဂိုဏ်းက လူများ သူ့ကို ဤနေရာသို့ ရောက်လာအောင် အလွန် အပင်ပန်းခံပြီး ဖိတ်ခေါ်ခဲ့ခြင်းမှာ စစ်မှန်သော နဂါးလျှို့ဝှက်နယ်မြေကို သူတို့ ကိုယ်တိုင် မဖွင့်နိုင်သောကြောင့် ဖြစ်ကြောင်း ကျန်းချဲ့ ကောင်းစွာ သိရှိထားလေသည်။ ဤသည်မှာ လျှို့ဝှက်နယ်မြေ မပွင့်မီ အချိန်အထိ သူ လုံးဝ လုံခြုံနေမည်ဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
လက်ထဲရှိ နတ်သင်္ကေတကို ချေမွလိုက်ပြီးနောက် ကျန်းချဲ့လည်း လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ ယင်ချုံဟိုင်၏ နောက်မှ လိုက်ကာ မိုးကြိုးပင်လယ် အတွင်းသို့ ဝင်ရောက်သွားလေသည်။ ဘေးပတ်ဝန်းကျင်ရှိ မိုးကြိုး အလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး ကျန်းချဲ့၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
တစ်ခဏ အတွင်းမှာပင် လေဟာနယ်များ ပြောင်းပြန် လန်သွားပြီး အာကာသများ အကြီးအကျယ် ရှုပ်ထွေးသွားလေသည်။ ကျန်းချဲ့၏ အမြင်အာရုံများ အမှောင်ကျသွားပြီး ပြန်လည် အလင်းရလာချိန် တွင်တော့ လုံးဝ ထူးဆန်းသော လေဟာနယ် တစ်ခု အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။ အောက်ဘက်တွင် အလွန် ခိုင်ခံ့သော မြေပြင်ကြီး ရှိနေပြီး အထက်ဘက်နှင့် အရပ်လေးမျက်နှာ တွင်တော့ မီးခိုးရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေလေသည်။ လုံးဝ ထိုးဖောက် မြင်နိုင်စွမ်း မရှိဘဲ အလွန် လျှို့ဝှက်ဆန်းကြယ် နေလေသည်။
ကျန်းချဲ့က ကောင်းကင်နှင့် မြေကြီး၏ မူလ စွမ်းအင် အနည်းငယ်ကို ချေဖျက် စုပ်ယူရန် ကြိုးစားကြည့်လိုက်သော်ငြား ကောင်းကင်နှင့် မြေကြီး၏ မူလ စွမ်းအင်များသည် အခြားသော စွမ်းအားတစ်ခုနှင့် ရောယှက်နေကြောင်း တွေ့လိုက်ရလေသည်။ စုပ်ယူ ချေဖျက်လိုပါက အရင်ဆုံး ထိုစွမ်းအားများကို ဖယ်ရှားပစ်ရန် လိုအပ်မည် ဖြစ်လေသည်။
'မိစ္ဆာ စွမ်းအင်တွေ...'
ကျန်းချဲ့၏ ခေါင်းထဲတွင် ဤအတွေး ချက်ချင်း ပေါ်ထွက်လာခဲ့လေတော့သည်။