← Chapters

အခန်း ၅၀၁

Vol. 51 Ch. 501

အခန်း ၅၀၁

Vol. 51 Ch. 501

အခန်း (၅၀၁) - ကျွန်တော်က တန်ချန်ဇီပါ

ဂူဗိမာန်အတွင်း၌ ကူချိုင်ယီနှင့် ပိုင်မေလင်းတို့ နှစ်ဦးသား တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။

“သူ ဘာလုပ်နေတာလဲ”

“ဆေးဖော်စပ်နေတာလေ”

“သခင် ပြန်ရောက်လာကတည်းက နင့်ရဲ့ ဒဏ်ရာတွေကို ကုသပေးတာနဲ့ ကျင့်ကြံတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ ဆေးလုံးတွေကိုပဲ မနားမနေ ဖော်စပ်နေတာ”

“သူတစ်ယောက်တည်းလား”

“အင်း.... သခင့်ရဲ့ ဆေးဖော်ပညာက အတော်လေး မြင့်မားလာတာမို့ အခုဆို ငါ့အကူအညီတောင် သိပ်မလိုတော့ဘူး”

“သူ ဘာဆေးလုံးတွေ ဖော်စပ်နေတာလဲ”

“ဒါတော့ ငါလည်း ဘယ်သိမလဲ”

ပိုင်မေလင်းက ပုခုံးလေးတွန့်ပြရင်း ဝန်ခံလေသည်။

“ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း သခင့်ဆီ လာပို့တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက ငါတစ်ခါမှတောင် မမြင်ဖူးတဲ့ အရာတွေချည်းပဲ”

သူငယ်ချင်းနှစ်ဦး စကားပြောနေစဉ်မှာပင် ဂူအပြင်ဘက်မှ အသံသဲ့သဲ့ထွက်ပေါ်လာပြီး ခဏအကြာတွင် စီမာဟွေ့နန် ဂူဝသို့ လမ်းလျှောက်ဝင်လာသည်။ သူမ၏ အကြည့်တို့က ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ခြေထောက်ပေါ်၌ စောင်ပါးလေးတစ်ထည် ခြုံထားသော ကူချိုင်ယီထံသို့ ချက်ချင်း ကျရောက်သွား၏။

ထိုခဏတွင် လေထုထဲ၌ တင်းမာမှုများ ဖြစ်ပေါ်လာသော်လည်း စီမာဟွေ့နန်က ဘာမျှမပြောဘဲ တစ်ချက်သာ ကြည့်ပြီးနောက် ဂူအပြင်ဘက်သို့ ပြန်လှည့်ကာ စောင့်ဆိုင်းနေလိုက်တော့သည်။

သူမ ရောက်လာမှန်း သိသွားသည့်အလား မကြာမီ လော့ချန် ဆေးဖော်ခန်းအတွင်းမှ ထွက်လာခဲ့၏။ သူ ကူချိုင်ယီနှင့် ပိုင်မေလင်းတို့ကို ခေါင်းညိတ်ပြပြီးနောက် စီမာဟွေ့နန် ရှိရာသို့ ထွက်လာခဲ့သည်။

ဂူအပြင်ဘက်သို့ ရောက်သော်လည်း နှစ်ဦးသား မှော်အစီအရင်၏ အကာအကွယ်အတွင်း၌ပင် ရှိနေသေးသည်။ သို့သော် လော့ချန်က ပိုမိုစိတ်ချရစေရန် အသံလုံအတားအဆီးတစ်ခုကိုပါ ထပ်မံချထားလိုက်၏။ ထို့နောက်မှ သူ မေးလိုက်သည်။

“သတင်း လွှင့်လိုက်ပြီလား”

စီမာဟွေ့နန်က ခေါင်းညိတ်ကာ

“အဖွဲ့ချုပ်ခေါင်းဆောင် အမိန့်အတိုင်း လော့ထျန်းအဖွဲ့အနေနဲ့ စစ်ပွဲထဲ ပါဝင်ဆင်နွှဲမယ်ဆိုတဲ့ သတင်းကို ထုတ်ပြန်လိုက်ပါပြီ”

ထို့နောက် သူမ စိုးရိမ်ပူပန်သောအသံဖြင့် ထပ်လောင်းပြောလိုက်သည်။

“အဖွဲ့ထဲမှာတော့ တချို့တွေ ကြောက်လန့်နေကြပြီ.... ပြီးခဲ့တဲ့နှစ်ကမှ ဝင်လာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတချို့ဆို ထွက်ပြေးဖို့တောင် အထုတ်ပြင်နေကြပြီ.... ဒါကို ဒီအတိုင်း လွှတ်ထားရင် အကျိုးဆက်က မသေးလှဘူး”

“ကိစ္စမရှိပါဘူး”

လော့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း အေးဆေးစွာ ဆိုလေသည်။

“အဲဒီလူတွေက ငါတို့အပေါ် တကယ် သစ္စာရှိခဲ့ကြတာမှ မဟုတ်တာ၊ သူတို့က အကျိုးအမြတ်အတွက်ပဲ လာကြတာမို့ အန္တရာယ်ရှိမှန်း သိရင် ပြေးမှာပဲ”

စီမာဟွေ့နန်က သက်ပြင်းတစ်ချက်ချကာ

“လော့ထျန်းအဖွဲ့က တည်ထောင်တာ မကြာသေးတော့ ဂိုဏ်းကြီးတွေလို အမြစ်မတွယ်သေးဘူး.... အေးအတူပူအမျှ၊ အောင်မြင်မှုနဲ့ ကျရှုံးမှုကို အတူတူ ရင်ဆိုင်ရမယ်ဆိုတဲ့ နက်ရှိုင်းတဲ့ စည်းလုံးမှုမျိုးလည်း မရှိသေးဘူး”

“အချိန်တန်ရင် အဆင်ပြေသွားမှာပါ.... မစိုးရိမ်ပါနဲ့”

လော့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

စီမာဟွေ့နန်က ခေါင်းညိတ်လျက် မကြာသေးမီက ထူးခြားဖြစ်စဉ်များကို ဆက်လက် တင်ပြလေသည်။

လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်သည် အင်အားအလုံးအရင်းဖြင့် မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ ချီတက်သွားခဲ့ပြီ ဖြစ်သည်။ ယခင် ကျောက်စိမ်းအိုးဓားဂိုဏ်းက သူတို့အား စွပ်စွဲခဲ့သလိုပင် တိမ်ပြိုဂိုဏ်းနှင့် ပတ်သက်နေသည်။ ၎င်းတို့ ငှားရမ်းထားသည့် တစ်ကိုယ်တော် ရွှေအမြုတေစီရင်စုသခင်ပင်လျှင် တိမ်ပြိုဂိုဏ်းမှ တစ်ဆင့်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်၏။ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အပြင် နာမည်အသင့်အတင့်ရှိသော အင်အားစုများဖြစ်သည့် သံဓားဂိုဏ်း၊ နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စုနှင့် လော့ရှားဈေးမြို့တော်မှ လော့မျိုးနွယ်စုတို့သည်လည်း မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ လူအင်အား အမြောက်အမြား စတင်စေလွှတ်နေကြပြီ ဖြစ်သည်။ အခြေတည်အဆင့်ကျင့်ကြံသူများက ဦးဆောင်ပြီး၊ ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူများက အဓိက တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ ကျင့်ကြံသူများ၏ စစ်ကြောင်းကြီးမှာ မိုးကြိုးတောင်တန်း စစ်မြေပြင်ဆီသို့ အလုံးအရင်း ချီတက်နေကြလေပြီ။

“ကြည့်ရတာ ငါတို့ လော့ထျန်းအဖွဲ့တစ်ခုတည်း စစ်ပွဲထဲ အတင်းအဓမ္မသွင်းခံရတာ မဟုတ်ဘူးပဲ”

လော့ချန်က မှတ်ချက်ပြုရင်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

“မက်မွန်တောင်ဘက်ကရော ဘာထူးလဲ”

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး”

စီမာဟွေ့နန်က ခေါင်းခါပြကာ

“အရင်လိုပါပဲ.... အမြဲတမ်းလိုလို သီချင်းသံတွေ၊ အပျော်အပါးတွေနဲ့ ပြည့်နှက်နေတုန်းပဲ.... ဒါပေမဲ့ အရင်ကထက်စာရင်တော့ သိပ်မစည်ကားတော့ဘူး.... ဧည့်သည် အလာကျဲသွားတယ်”

လော့ချန် စဉ်းစားဟန်ဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ဘုရင်မပန်းဂိုဏ်းသည် ယခုကျောက်စိမ်းအိုးပြည်တွင်းစစ်တွင် မည်သည့်ဘက်ကမှ မပါဝင်ဘဲ ကြားနေအဖြစ် ဆက်လက်ရပ်တည်နေပုံရ၏။ မက်မွန်တောင်သည် ဘုရင်မပန်းဂိုဏ်း၏ ရွှေအမြုတေစီရင်စုသခင် သုံးဦးအနက် တစ်ဦးဖြစ်သော မက်မွန်ဘိုးဘိုး ပိုင်ဆိုင်သည့် နယ်မြေဖြစ်သည်။ အကယ်၍ ဘုရင်မပန်းဂိုဏ်းသာ စစ်ပွဲတွင် ပါဝင်ခဲ့ပါက မက်မွန်တောင်ကဲ့သို့သော လက်အောက်ခံ အင်အားစုများ ယခုအချိန်တွင် လှုပ်ရှားနေလောက်ပြီ ဖြစ်သည်။

သူ သိထားသလောက် မက်မွန်တောင်တစ်ခုတည်းတွင်ပင် အခြေတည်အဆင့်ကျင့်ကြံသူ ငါးဦးအထိ ရှိပြီး ရွှေအမြုတေအဆင့်သို့ နီးစပ်နေပြီဖြစ်သော ရွှမ်ယွီလည်း ရှိနေသဖြင့် ၎င်းသည် မသေးငယ်သော အင်အားစုတစ်ခု ဖြစ်၏။ အထူးသဖြင့် ဘုရင်မပန်းဂိုဏ်းမှ မာလာဒေဝီကိုယ်တိုင် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ငြိမ်သက်နေခြင်းမှာ သူ့အဖို့ အနည်းငယ် ထူးဆန်းနေပေသည်။

လော့ချန် ခေါင်းကို ခါယမ်းလိုက်ပြီး စီမာဟွေ့နန် ကမ်းပေးလာသော သိုလှောင်အိတ်ကို လှမ်းယူလိုက်သည်။ ထိုအိတ်ထဲတွင် အဖိုးတန် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးလုံးဖော်စပ်ရန် လိုအပ်သည်များ အပြည့်အစုံ ပါရှိ၏။ နှစ်ဦးသား စကားအနည်းငယ် ပြောဆိုပြီးနောက် လော့ချန်က အဖွဲ့၏ လက်ရှိလုပ်ငန်းဆောင်တာများကို မည်သည့်အပြောင်းအလဲမျှ မလုပ်ဘဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်ရန် ညွှန်ကြားလိုက်သည်။

သူမအား ပြန်လွှတ်လိုက်ပြီးနောက် လော့ချန် ဂူဗိမာန်ထဲသို့ ပြန်ဝင်လာခဲ့သည်။

သူ သိုလှောင်အိတ်အား ပိုင်မေလင်းထံ ကမ်းပေးလိုက်သည်။

“ဒါတွေကို အရင်အတိုင်းပဲ သိမ်းလိုက်နော်၊ ငါ အပြင်ခဏ သွားဦးမယ်”

ပိုင်မေလင်းက ခေါင်းညိတ်လိုက်၏။ ယခုကဲ့သို့ အလုပ်မျိုးမှာ သူမအတွက် အပန်းမကြီးလှပေ။

လော့ချန် ထွက်ခွာတော့မည်ကို မြင်သော် ကူချိုင်ယီ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

“အပြင်မှာ တစ်ခုခု ဖြစ်နေတာလား”

လော့ချန် လက်လှမ်း၍ သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။ ယခင် ကောက်ရိုးခြောက်ကဲ့သို့ ကြမ်းတမ်းပြီး ကျိုးပဲ့လွယ်ခဲ့သော သူမ၏ ဆံနွယ်များသည် ယခုအခါ နူးညံ့ပျော့ပျောင်းကာ တောက်ပသောအဆင်း ရှိနေပြီဖြစ်ရာ ၎င်းသည် မကြာသေးမီက ကုသမှုများ ထိရောက်မှုရှိကြောင်း ထင်ရှားသော သက်သေပင် ဖြစ်၏။

“အသေးအဖွဲကိစ္စတွေပါ.... မစိုးရိမ်နဲ့နော်”

ကူချိုင်ယီက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သူမ၏ အကြည့်တို့တွင် သံသယများ လွှမ်းမိုးသွားသည်။

‘စီမာဟွေ့နန်ကိုယ်တိုင် လာတွေ့ရလောက်တဲ့အထိဆို.... ဒါက တကယ်ပဲ အသေးအဖွဲကိစ္စ ဟုတ်ပါ့မလား....’

....

ကိစ္စမှာ ကြီးမားသည်မှာ အမှန်ပင်။ သို့သော်လည်း ကြီးမားသော ကိစ္စများကို ရင်ဆိုင်ရာတွင် တည်ငြိမ်မှု ရှိရန် လိုအပ်၏။

လော့ချန်သည် ဂိုဏ်းကြီးများက လက်အောက်ခံအင်အားစုများကို စစ်မြေပြင်သို့ အတင်းအကျပ် လွှတ်နေရသည့် အကြောင်းရင်းကို သဘောပေါက်သွားပြီ ဖြစ်သည်။

အဖြေမှာ ရိုးရှင်းသည်။ စစ်ပွဲသည် အလွန်ပြင်းထန်လာတော့မည်ဖြစ်ရာ ဂိုဏ်းကြီးများသည် မိမိတို့၏ အဖိုးတန် ကျင့်ကြံသူများကို မဆုံးရှုံးစေလို၍ အခြားသော ဂိုဏ်းငယ်များနှင့် လက်အောက်ခံ အင်အားစုများကိုသာ စစ်မြေပြင်တွင် အသက်စွန့်ရန် ပို့လွှတ်နေခြင်း ဖြစ်သည်။ ထောက်လှမ်းရေး ဝါးစာလိပ်များထဲမှ သဲလွန်စများကို စုစည်းကြည့်လျှင် ဤအချက်က သိသာထင်ရှားလှသည်။ ဝိညာဉ်သန္ဓေတည်အဆင့် ထိပ်သီးဂိုဏ်းကြီးနှစ်ခုသည် သိန်းငှက်လျှို့ဝှက်နယ်မြေ တိုက်ပွဲပြီးကတည်းက ကိုယ်တိုင်တိုက်ခိုက်ခြင်းကို မလုပ်ဆောင်တော့ဘဲ မဟာမိတ်ဂိုဏ်းများကိုသာ ဆက်လက်တိုက်ခိုက်စေခဲ့သည်။

သို့သော် ထိုမဟာမိတ် ရွှေအမြုတေ ဂိုဏ်းကြီးများသည်လည်း လူ့အန္ဓများ မဟုတ်ကြချေ။ ၎င်းတို့၏ တပည့်များကို အရင်းအမြစ်များစွာ အကုန်အကျခံကာ ခဲရာခဲဆစ် ပျိုးထောင်ထားရခြင်းဖြစ်ရာ မည်သို့လျှင် အလဟဿ အဆုံးရှုံးခံလိုပါမည်နည်း။ ဆေးလုံးစိမ်းချိုင့်ဝှမ်းက ဂိုဏ်းမျိုးဆက် ပြိုင်ပွဲကို အကြောင်းပြကာ အခြေတည်အဆင့် တပည့်များကို ပြန်လည်ခေါ်ယူခဲ့သလို၊ ရေခဲခံတပ်ကလည်း အချိန်အတော်ကြာ ငြိမ်နေခဲ့သည်။ သူတို့အားလုံး အမှန်တရားကို ကောင်းစွာ နားလည်ထားကြသော်လည်း စစ်ပွဲတွင် မလွှဲမရှောင်သာ ပါဝင်ရမည့် တာဝန်ရှိနေကြ၏။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ လက်အောက်ခံ အင်အားစုများအပေါ် မျက်စိကျလာကြတော့သည်။

ရေခဲခံတပ်တွင် လက်အောက်ခံ မည်မျှရှိသည်၊ သို့မဟုတ် ချန်ချင်အနွယ်က မည်မျှ ထိန်းချုပ်ထားသည်ကို လော့ချန် မသိသော်လည်း ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့် မီးလျှံမဟာမိတ်တို့တွင်မူ လက်အောက်ခံ အင်အားစု အမြောက်အမြား ရှိနေသည်ကို သူ ကောင်းစွာသိသည်။ ဥပမာအားဖြင့် မီးလျှံမဟာမိတ်တွင် ထိုက်ရှန်းဈေးမြို့တော်မှ ဟော်မျိုးနွယ်စု၊ နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စုနှင့် သံဓားဂိုဏ်းတို့ ရှိကြ၏။ ဤသည်မှာ ပေါ်တင်ထုတ်ပြထားသော အင်အားစုမျှသာ ဖြစ်ပြီး၊ မှောင်ရိပ်ခိုနေသည့် လက်အောက်ခံ မည်မျှရှိနေဦးမည်ကို မည်သူ သိနိုင်ပါမည်နည်း။ အကယ်၍ ထိုလက်အောက်ခံ အင်အားစုအားလုံးကို စုစည်းလိုက်ပါက သောင်းနှင့်ချီသော ကျင့်ကြံသူ စစ်တပ်ကြီးတစ်တပ်ကိုပင် ဖွဲ့စည်းနိုင်ပေသည်။

ဤကဲ့သို့သော အသုံးချခံ အင်အားစုများ ရှိနေသရွေ့ စစ်ပွဲ မည်မျှပင် ပြင်းထန်ပါစေ၊ ဂိုဏ်းကြီးများသည် ၎င်းတို့၏ အဓိက အင်အားကို မပျက်မစီး ထိန်းသိမ်းထားနိုင်မည် ဖြစ်၏။

ဤသည်မှာ အင်အားပြုန်းတီးအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

စစ်ပွဲ၏ အဖြေကို တစ်ချက်တည်းဖြင့် ဆုံးဖြတ်နိုင်သော ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတစ်ဦး ကိုယ်တိုင် စစ်မြေပြင်သို့ ဆင်းမလာသရွေ့ စစ်ပွဲဆိုသည်မှာ အင်အား ပြုန်းတီးမှုအပေါ်တွင်သာ အခြေခံမည် ဖြစ်သည်။ ၎င်းကို အနိုင်ယူရန်မှာ စည်းစိမ်ဥစ္စာ၊ ရိက္ခာ အရင်းအမြစ်နှင့် လူအင်အားတို့အပေါ်တွင်သာ မူတည်ပေသည်။

ထိုသို့သော အခြေအနေမျိုးတွင် လော့ချန်ကဲ့သို့သော ဆေးဖော်ဆရာတစ်ဦး၏ တန်ဖိုးမှာ အတိုင်းထက်အလွန် မြင့်မားလာတော့သည်။ သူဖော်စပ်သည့် ဆေးလုံးများသည် ကျင့်ကြံသူများ၏ အင်အားကို တိုးတက်စေသည်။ အင်အားတိုးလေလေ စစ်မြေပြင်တွင် အကျအဆုံး နည်းပါးလေလေပင်။ ထို့ကြောင့်လည်း ကရုဏာမဲ့နတ်သမီးက လော့ချန်တစ်ဦးတည်းကိုသာ ချန်လှပ်၍ လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံး စစ်မြေပြင်သို့ သွားရန် အမိန့်ပေးခဲ့ခြင်း ဖြစ်၏။

“တကယ်လို့ ငါသာ ရေခဲခံတပ်ရဲ့ အကျအဆုံးတွေကို လျှော့ချပေးနိုင်မယ်.... ပိုပြီး တိတိကျကျ ပြောရရင် ချန်ချင်အနွယ်ရဲ့ အကျအဆုံးကို လျှော့ချပေးနိုင်မယ်ဆိုရင် လော့ထျန်းအဖွဲ့ စစ်မြေပြင်ကို သွားဖို့ လိုပါဦးမလား....”

ထျန်းလန်တောင်ထိပ်တွင် မတ်တတ်ရပ်လျက် လော့ချန်သည် ဂူဝကို စိုက်ကြည့်ရင်း လက်ထဲမှ ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

နောက်တစ်ခဏ၌ ဂူတံခါးသည် ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး လော့ချန် အတွင်းသို့ လှမ်းဝင်သွားခဲ့တော့သည်။

....

ဂူအတွင်းတွင် လော့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆေးဖော်ဆရာတစ်ဦး၏ ဟန်ပန်အပြည့်ဖြင့် ရပ်နေလေသည်။

သို့သော် ကရုဏာမဲ့နတ်သမီးက သူ့အား ဂရုပင်မစိုက်ဘဲ လက်ထဲရှိ နှင်းကဲ့သို့ ဖြူစင်သည့် ဆေးလုံးကိုသာ စေ့စေ့ကြည့်နေသည်။

“အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးပဲ.... တန်ချန်ဇီ.... မင်း တကယ်ပဲ အရည်အချင်းကို ဖုံးကွယ်ထားခဲ့တာပဲ”

လော့ချန်က အနည်းငယ် ပြုံးလိုက်ရင်း

“ကျွန်တော် မဖုံးကွယ်ပါဘူး.... ဆေးလုံးစိမ်းချိုင့်ဝှမ်းက ပြန်လာပြီးတော့ အဲ့ကရလာတဲ့ ထပ်တိုးဆေးပညာတွေကြောင့် အခုလို အေးဆေး ဖော်စပ်နိုင်တာပါ”

‘အေးဆေး ဖော်စပ်နိုင်တာတဲ့လား’

ကရုဏာမဲ့နတ်သမီး စိတ်လှုပ်ရှားသွားရသည်။

“မင်းရဲ့ ဆေးလုံးထွက်နှုန်းက ဘယ်လောက်လဲ”

လော့ချန် ထိုမေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။

“အခြေအနေပေးမယ်ဆိုရင် တစ်နှစ်ကို အနည်းဆုံး ပုလင်း ၁၀၀ ပေးနိုင်ပါတယ်”

“အားလုံးက အဆင့်မြင့်တွေချည်းပဲလား”

“ဟုတ်ပါတယ်”

ကရုဏာမဲ့နတ်သမီး တိတ်ဆိတ်သွားတော့သည်။ ပုလင်း ၁၀၀ ဆိုသည်မှာ အလွန်များပြားသော အရေအတွက် ဖြစ်သည်။ သူမ၏ ခင်ပွန်း ရှန်းဟူ သေဆုံးသွားကတည်းက ချန်ချင်အနွယ်သည် ရေခဲခံတပ်အတွင်း သြဇာအာဏာ မှေးမှိန်ခဲ့ရသည်။ ထို့ကြောင့်သာ သူမ ထျန်းလန်နတ်ဘုရားမြို့တော်သို့ စေလွှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ သူမ၏ မျိုးနွယ်စုတွင် အခြေတည်အဆင့်တပည့် စုစုပေါင်း ဆယ်ယောက်သာ ကျန်ရှိတော့သည်။ သူမ၏ တပည့်ကြီး ထန်ထိုက်ကျင်းသည် ဂိုဏ်းမျိုးဆက်နေရာကို မရရှိခဲ့သဖြင့် ဂိုဏ်း၏ မည်သည့်ထောက်ပံ့မှုကိုမျှ မရရှိခဲ့ချေ။ ရလဒ်အနေဖြင့် ချန်ချင်အနွယ်၏ သြဇာအာဏာမှာ အလွန်တရာ အားနည်းနေခဲ့ရသည်။ သို့သော် အကယ်၍ သူမတွင် အဆင့်မြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး ပုလင်း ၁၀၀ ရှိလာပါက တပည့်များ၏ ကျင့်ကြံခြင်းအရှိန်ကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်၏။ အနည်းဆုံး ထန်ထိုက်ကျင်းအား အခြေတည်အထွတ်အထိပ်အဆင့်သို့ အမြန်ရောက်အောင် ကူညီပေးနိုင်ပေမည်။ ထိုမျှသာမက မိမိ၏ ကူညီမှုဖြင့် သူမ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်း အလွန်များပြားသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရေခဲခံတပ်အတွင်း ဘေးဖယ်ခံရတော့မည်မဟုတ်ဘဲ အဓိက အာဏာစက်ဝန်းထဲသို့ပင် ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်သည်။

သူမ ခေါင်းမော့ကာ လော့ချန်ကို စိုက်ကြည့်လိုက်၏။

“မင်းက အခြေအနေပေးမယ်ဆိုရင် လို့ ပြောခဲ့တယ်နော်…. ဘယ်လို အခြေအနေမျိုးလဲ”

လော့ချန် လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်ရင်း

“ရိုးရှင်းပါတယ်.... အကြီးအကျယ် ဆေးဖော်စပ်တယ်ဆိုတာ တစ်ယောက်တည်း လုပ်လို့ မရပါဘူး၊ ကျွန်တော့်ကို ကူညီပေးမယ့် လူအင်အား လိုအပ်ပါတယ်၊ လော့ထျန်းအဖွဲ့က လူတွေကို စစ်မြေပြင် မသွားစေချင်ပါဘူး"

သူမ၏ နှုတ်ခမ်းထောင့်စွန်းတွင် ပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။

"ဒါဆိုရင် မင်းရဲ့ အခြေအနေက စစ်မတိုက်ချင်ဘူးပေါ့လေ"

လော့ချန် ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမ ဘာမှမပြောနိုင်သေးမီမှာပင် သူ နောက်ထပ် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ပေးလိုက်သည်။

“ဒါက....”

ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် ကရုဏာမဲ့နတ်သမီး မျက်မှောင်ကြုတ်သွားရတော့သည်။

“တိမ်ပြိုဂိုဏ်းရဲ့ သွေးအဆီအနှစ်ဆေးလုံးလား”

“ဒါက တိမ်ပြိုဂိုဏ်းရဲ့ ဆေးလုံး မဟုတ်ပါဘူး.... ကျွန်တော်ကိုယ်တိုင် သီးသန့် ဖန်တီးထားတဲ့ဆေးလုံးပါ.... ပြောရရင် ဒါက တန်ချန်ဇီရဲ့ မူပိုင်ဆေးလုံးပေါ့”

ထိုဆေးလုံးကို လက်ထဲတွင် ကိုင်ထားစဉ်မှာပင် ပြင်းထန်လှသော သွေးရနံ့သဖွယ် အနံ့ဆိုးတစ်ခုက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ သူမ ဤဆေးကို သိသည်။ တိမ်ပြိုဂိုဏ်းနှင့် ကျောက်စိမ်းအိုးဓားဂိုဏ်းတို့၏ အစောပိုင်း တိုက်ပွဲငယ်များအတွင်း အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့သော နတ်ဆေးဖြစ်သည်။ ချီသန့်စင်ကျင့်ကြံသူများ သောက်သုံးပါက အင်အား ၃ ဆ တိုးတက်စေသည်။ မူလအင်အားထက် ၃ ဆ ပိုမိုပြင်းထန်သော စွမ်းအားကို ချက်ချင်း ထုတ်ဖော်နိုင်မည် ဖြစ်ရာ အဆင့်ကျော်၍ ရန်သူကို သတ်ဖြတ်ရန် သို့မဟုတ် သေဘေးမှ လွတ်မြောက်ရန်အတွက် အလွန်ပင် အသုံးတည့်လှသော ဆေးဖြစ်သည်။

နှမြောစရာကောင်းသည်မှာ အစောပိုင်းတွင် ထူးထူးခြားခြား ပေါ်ပေါက်ခဲ့ပြီးနောက် ဤဆေးလုံးသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ဤဆေးက လော့ချန်၏ ကိုယ်ပိုင်ဆေးလုံး ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ချေ။

မထူးဆန်းတော့ပေ။ တိမ်ပြိုဂိုဏ်းအနေဖြင့် ထိုဆေးလုံးကို အဘယ်ကြောင့် ထပ်မံ မထုတ်လုပ်နိုင်တော့သည်ကို သူမ ယခုမှ နားလည်သွားတော့သည်။

သူမ စဉ်းစားနေစဉ်မှာပင် လော့ချန်က ဆက်လက်၍ ပြောလိုက်သည်။

“သာမန် သွေးအဆီအနှစ်ဆေးလုံးတွေက ချီသန့်စင်ကျင့်ကြံသူတွေအတွက်ပဲ အသုံးဝင်တာပါ.... ဒါပေမဲ့ ကျွန်တော်က အခြေတည်ကျင့်ကြံသူတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိတဲ့ ထိပ်တန်းဆေးလုံးတွေကိုပါ ဖော်စပ်နိုင်တယ်.... တကယ်လို့ ရေခဲခံတပ်ရဲ့ အခြေတည်အဆင့် တပည့်တိုင်းမှာ အဲ့ဆေးလုံးတစ်လုံးစီ ရှိနေမယ်ဆိုရင် လာမယ့်တိုက်ပွဲတွေမှာ အသက်ရှင်ကျန်ရစ်သူ ပိုများလာမှာ အသေအချာပါပဲ”

ကရုဏာမဲ့နတ်သမီး၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး

“ရေခဲခံတပ်ရဲ့ အခြေတည်အဆင့်တပည့်တိုင်း.... ဟုတ်လား”

လော့ချန် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် ကြားသိရသလောက်တော့ ကရုဏာမဲ့နတ်သမီးအနေနဲ့ ရေခဲခံတပ်ထဲမှာ အခြေအနေ သိပ်မကောင်းလှဘူးပေါ့.... ကျွန်တော်က ကရုဏာမဲ့နတ်သမီးအတွက် ရေခဲခံတပ်က တခြားသူတွေကို သိမ်းသွင်းဖို့ ထိပ်တန်းသွေးအဆီအနှစ်ဆေးလုံးတွေကို ဖော်စပ်ပေးနိုင်ပါတယ်.... ဒီလို အသက်ကယ်ဆေးလုံးတွေရဲ့ တန်ဖိုးကြောင့် စစ်ပွဲဖြစ်ပွားတဲ့အခါ ကရုဏာမဲ့နတ်သမီးရဲ့ ချန်ချင်အနွယ်က အများကြီး ပိုပြီး အဆင်ပြေသွားမှာပါ”

သူ အလွန်ပင် ပွင့်ပွင့်လင်းလင်းနှင့် တိုက်ရိုက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အချို့နေရာများတွင် တစ်ဖက်လူအပေါ် မလေးစားရာပင် ရောက်ရှိနေ၏။ သို့သော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့ရိပ် အနည်းငယ်မျှ မရှိချေ။ ကရုဏာမဲ့နတ်သမီးက သူ့အား အေးစက်စက် အမိန့်ပေးခဲ့စဉ်ကတည်းက သူတို့နှစ်ဦးကြားတွင် မည်သည့် သံယောဇဉ်မျှ မရှိဘဲ အကျိုးစီးပွား သက်သက်သာ ရှိကြောင်း သူ ကောင်းစွာ နားလည်ထားပြီး ဖြစ်သည်။

ကရုဏာမဲ့နတ်သမီးသည် လက်ချောင်းများကြားရှိ နီရဲသော ဆေးလုံးလေးကို ဆုပ်ကိုင်လျက် စိတ်တွင်း၌ အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်နေသည်။

‘ရေခဲခံတပ်က အဖွဲ့ဝင်တွေကို သိမ်းသွင်းဖို့ ဟုတ်လား.... မဟုတ်ဘူး၊ ဒါက အဲ့လောက်ပဲ မဟုတ်ဘူး’

ဤဆေးလုံးရှိပါက သူမအနေဖြင့် အခြားသော ရွှေအမြုတေ ကျင့်ကြံသူများနှင့်ပါ အပေးအယူ လုပ်နိုင်ပေလိမ့်မည်။ ယခုခေတ်ကာလတွင် တစ်ကိုယ်တည်း ရပ်တည်နေသူဟူ၍ ရှားပါးလှပြီး အများစုတွင် တပည့်များ သို့မဟုတ် မျိုးဆက်များ ရှိကြသည်သာ ဖြစ်၏။

သို့သော်ငြားလည်း....

"မင်း ထိပ်တန်းသွေးအဆီအနှစ်ဆေးလုံးတွေကို အများကြီး ဖော်စပ်နိုင်လား"

ကရုဏာမဲ့နတ်သမီးက မယုံကြည်သလို မေးလိုက်သည်။

"ဒါက ပထမအဆင့် ဆေးလုံးပဲ ဖြစ်စေဦးတော့၊ ထိပ်တန်းအဆင့်ကို အများကြီး ဖော်စပ်ဖို့ဆိုတာ ...."

“ကရုဏာမဲ့နတ်သမီး၊ ကျွန်တော်က တန်ချန်ဇီပါ”

လော့ချန် သူမ၏ စကားကို ပထမဆုံးအကြိမ်အဖြစ် ဖြတ်ပြောလိုက်၏။ ကရုဏာမဲ့နတ်သမီး ခဏမျှ ဆွံ့အသွားရသည်။ သူမ အံ့အားသင့်သွားပုံရသော်လည်း ဒေါသထွက်ဟန်တော့ မပေါ်ပေ။

လော့ချန်စကားမှာ မှန်ပေသည်။ တန်ချန်ဇီဟူသည် ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ပါရမီရှင် ခုနစ်ဦးကိုပင် ကျော်လွန်၍ တောက်ပခဲ့သူ ဖြစ်၏။ သူ၏ ဆေးဖော်ပညာကို သံသယဝင်ခြင်းမှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းကို သံသယဝင်ရာ ရောက်ပေလိမ့်မည်။

ကရုဏာမဲ့နတ်သမီးအနေဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်မားသော်လည်း ဆေးဖော်စပ်ခြင်း အတတ်ပညာ၌မူ မည်သည့် မှတ်ချက်မျှ ပေးပိုင်ခွင့် မရှိပေ။

သူမ ဆေးနှစ်ပုလင်းလုံးကို သိမ်းဆည်းလိုက်ပြီး လော့ချန်ကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်တော့သည်။

“မင်းရဲ့ အခြေအနေကို ပြောလိုက်ပါတော့”

ဤအခိုက်အတန့်တွင် လော့ချန်၏ ရင်ထဲတွင် ရှိနေသော ဝန်ထုပ်ဝန်ပိုးကြီး ပြေပျောက်သွားလေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters