← Chapters

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း ၅၀၂

Vol. 51 Ch. 502

အခန်း (၅၀၂) - လော့ထျန်းအဖွဲ့ စစ်ချီခြင်း

လဝက်ခန့် ကြာပြီးနောက် ဒန်ရှားတောင်ထိပ်တွင် ဖြစ်သည်။

လူတစ်ရာကျော်ပါသော အဖွဲ့ငယ်တစ်ခုသည် တပ်ဝတ်စုံအပြည့်ဖြင့် စနစ်တကျ နေရာယူထားကြသည်။ သူတို့၏ မျက်နှာထက်တွင် တည်ကြည်လေးနက်မှုများ အထင်းသား ပေါ်လွင်နေကာ လက်နက်များကိုလည်း အသင့်အနေအထား ပြင်ဆင်ထားကြ၏။ သူတို့ ရှေ့တွင်မူ လော့ထျန်းအဖွဲ့၏ ခံ့ညားထည်ဝါလှသော ဗဟိုခန်းမဆောင်ကြီးက နံနက်ခင်း နေရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထီးထီးကြီး ရှိနေပေသည်။

ခန်းမအတွင်း၌ လော့ချန်သည် သူ့ရှေ့တွင် ရပ်နေသော ဝမ်ယွမ်၊ တွမ်ဖုန်းနှင့် ရွှီဟွမ်ကျန်း တို့ကို ကြည့်လိုက်သည်။ ကျင့်ကြံခြင်း အဆင့်အရဆိုလျှင် အခြေတည်အဆင့် (၆) တွင်ရှိနေသော ရွှီဟွမ်ကျန်းက အမြင့်ဆုံး ဖြစ်သော်လည်း ယခု စစ်ချီထွက်မည့် အဖွဲ့ကို ဦးဆောင်မည့်သူမှာ ဝမ်ယွမ် ဖြစ်သည်။

“ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မိတဲ့အတွက် စိတ်မကောင်းပါဘူး”

လော့ချန်က ဆိုလိုက်သည်။

ဝမ်ယွမ်က ခေါင်းခါပြရင်း တည်ငြိမ်စွာပင်

“ဒါက လော့ထျန်းအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ပါ.... မင်း စိတ်မကောင်းဖြစ်နေဖို့ မလိုပါဘူး.... ပြီးတော့....”

ဝမ်ယွမ်၏ မျက်နှာထက်တွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

"ကိုယ့်မှာရှိတဲ့ ပညာရပ်တွေကို တခြားသူတွေနဲ့ ယှဉ်ပြိုင်လေ့လာခွင့် မရရင်၊ တံခါးပိတ်ကျင့်ကြံနေရုံနဲ့ ဘာမှ တိုးတက်လာမှာ မဟုတ်ဘူး"

"ငါလျှောက်လှမ်းတဲ့ လမ်းကြောင်းက မင်းတို့နဲ့ မတူဘူး၊ အသက်နဲ့လဲတဲ့ စစ်မြေပြင်မှာမှ ပိုပြီး တိုးတက်နိုင်မှာ၊ ဒီနှစ်တွေအတွင်းမှာ စစ်တိုက်ချင်စိတ်တွေ တဖွားဖွားပေါ်နေတာ ကြာပြီ"

ဝမ်ယွမ်၏ စစ်မက်လိုလားသော အမူအရာကို မြင်သော် လော့ချန် မျက်မှောင်ကြုတ်သွားရသည်။

“အစ်ကိုဝမ်.... ပြဿနာတွေ လျှောက်မရှာနဲ့ဦး၊ ကျွန်တော်က တတ်နိုင်သမျှ ဘေးကင်းမယ့် အခြေအနေတစ်ခုရအောင် ညှိနှိုင်းပေးထားတာ၊ အစ်ကိုက ဒီလူတွေကို ဦးဆောင်ပြီး သွားရမှာ၊ အစ်ကိုခေါ်သွားတဲ့ လူတွေကို တတ်နိုင်သလောက် အသက်ရှင်လျက် ပြန်ခေါ်လာပေးပါ”

ဝမ်ယွမ်က ပုခုံးသာတွန့်ပြလိုက်ပြီး လော့ချန်၏ စကားကို ပြန်လည် ချေပခြင်း မပြုတော့ပေ။

လော့ချန်အနေဖြင့် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများ၏ အသက်အန္တရာယ်ကို ပိုမိုငဲ့ညှာပူပန်သည်မှာ သဘာဝကျလှပေသည်။ ဝမ်ယွမ် ကိုယ်တိုင်ကမူ မိမိ၏ ကျင့်ကြံခြင်း အဆင့်တက်ရေးကိုသာ အဓိက အလေးထားသူ ဖြစ်၏။ သို့သော် လော့ချန် အထပ်ထပ် မှာကြားထားသည့် ဂိုဏ်းကြီးများမှ ကျင့်ကြံသူများ၏ အန္တရာယ်ကို ထည့်သွင်းစဉ်းစားလျက် သူ၏ စိတ်လှုပ်ရှားမှုကို တတ်နိုင်သလောက် ဖိနှိပ်ထားလိုက်သည်။ ဤလောကတွင် မိမိထက် ပိုမို အစွမ်းထက်သောသူများ အမြဲရှိနေတတ်သည်သာ ဖြစ်ရာ သူ ဝမ်ယွမ်သည်လည်း ခြွင်းချက်မဟုတ်ပေ။

လော့ချန် ခေါင်းခါလိုက်ပြီး ရွှီဟွမ်ကျန်းဘက်သို့ မျက်နှာမူလိုက်သည်။

စကားမစရသေးခင်မှာပင် ရွှီဟွမ်ကျန်းက ခါးသီးစွာ ပြုံးလိုက်၏။

“ကျွန်တော်က ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့ လော့ထျန်းအဖွဲ့ထဲ ဝင်ခဲ့တာ.... အခုလို စစ်တိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လော့ချန် သက်ပြင်းချရင်း ဆိုလိုက်သည်။

“မတတ်နိုင်ဘူးလေ.... ထန်ထိုက်ကျင်းက မင်းကို နာမည်တပ်ပြီး ခေါ်တာ.... မင်းရဲ့ သားရဲထိန်းကျောင်းတဲ့ ပညာက နောက်တန်း ထောက်ပံ့ရေးနဲ့ သတင်းပေးပို့ရေးမှာ အင်မတန် အသုံးဝင်လွန်းလို့ပါ”

ရွှီဟွမ်ကျန်း ခါးသီးစွာ ပြုံးနေဆဲပင်။ အကယ်၍ သူသာ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဖြစ်ပါက ထန်ထိုက်ကျင်းအနေဖြင့် သူ့အား အတင်းအကျပ် ခိုင်းစေနိုင်မည် မဟုတ်ပေ။ သို့သော် လော့ထျန်းအဖွဲ့သို့ ဝင်ရောက်ပြီးနောက် အဖွဲ့အတွက် ဆယ်နှစ်တာ တာဝန်ထမ်းဆောင်ပေးရမည် ဖြစ်သည်။ စီမာဟွေ့နန်ပြီးလျှင် အမြင့်ဆုံးလစာကို ရယူထားသူအနေဖြင့် မည်သည့်အလုပ်မျှ မလုပ်ဘဲ နေပါက ပြောစရာဖြစ်လာမည် ဖြစ်သည်။

"တခြား ဘာမှ ပြောစရာ မရှိပါဘူး၊ မင်း ဘေးကင်းပါစေလို့ပဲ ဆုတောင်းပါတယ်"

“ရော့.... ဒါက သားရဲထိန်းကျောင်းခြင်း ကျင့်စဉ် ကျမ်းစာအုပ်ပဲ၊ ငါ လက်ဆောင်အဖြစ် ပေးတာပါ.... မင်း တတ်နိုင်မယ်ဆိုရင် တိုက်ခိုက်ရေးနန်းဆောင်က ချီသန့်စင်အဆင့် ကျင့်ကြံသူတွေကိုလည်း နည်းနည်းလောက် စောင့်ရှောက်ပေးပါဦး”

စကားပြောနေစဉ် လော့ချန် စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်သည်။ ရွှီဟွမ်ကျန်း အံ့အားသင့်သွားပြီး ‘သားရဲတစ်သောင်းကျင့်စဉ်ကျမ်း’ ဟု အမည်ရသော ထိုကျမ်းစာအုပ်ကို လှမ်းယူလိုက်သည်။

"အဆင့်မြင့်တဲ့ ပညာရပ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းအတွက်တော့ အကျိုးရှိလိမ့်မယ်"

ရွှီဟွမ်ကျန်း၏ စိတ်အာရုံတို့ ချက်ချင်းပင် နိုးကြားတက်ကြွသွားရသည်။ သူသည် ငယ်စဉ်ကတည်းက သားရဲများနှင့် ထိတွေ့ရသည်ကို နှစ်သက်သူ ဖြစ်သည်။ သူ၏ ပညာရပ် အများစုမှာလည်း သားရဲထိန်းကျောင်းခြင်းနှင့် သက်ဆိုင်နေသည်။ လော့ချန်၏ ဤလက်ဆောင်သည် သူ့စိတ်ကြိုက် ဖြစ်နေသဖြင့် စစ်ထွက်ရမည့် စိတ်ဖိစီးမှုများ များစွာ လျော့ပါးသွားသည်။ သူ စာအုပ်ကို လှန်လှောနေသည်ကို မြင်လျှင် လော့ချန် တွမ်ဖုန်းဘက်သို့ လှည့်လိုက်သည်။

"ကျွန်တော် အရင်က ပြောခဲ့တာတွေကို မှတ်မိသေးလား"

တွမ်ဖုန်း ခေါင်းညိတ်လိုက်သည်။

"မှတ်မိတာပေါ့၊ အသေသွားမခံဘဲ သဲကန္တာရထဲမှာ လက်နက်ပြင်တဲ့ ဆိုင်လေးဖွင့်ပြီး အောင်မြင်အောင်လုပ်ရင်း ပညာရပ်ကို မြှင့်တင်နေဖို့ မဟုတ်လား"

“မှန်တယ်”

လော့ချန် ပြုံးလိုက်သည်။

"နေရာကတော့ ကွာခြားသွားပြီ၊ ဒါပေမဲ့ အရင်က ရှေးဟောင်းလွင်ပြင်မှာ ရွှေအမြုတေဂူသင်္ချိုင်းက အကြွင်းအကျန်တွေအတွက် တိုက်ခိုက်ကြတုန်းက သူတို့ အသက်စွန့်ပြီး တိုက်နေကြချိန်မှာ ကျွန်တော်တို့က အကျိုးအမြတ်တွေကို အများကြီး အရယူခဲ့ကြသလိုမျိုးပေါ့"

"သဘောတရားက အတူတူပါပဲ၊ အစ်ကိုတွမ် ချင်းဟယ်တောင်မှာ လုပ်နိုင်ခဲ့သလိုပဲ သဲကန္တာရဘက်မှာလည်း လုပ်နိုင်မှာပါ"

ထိုသို့ပြောပြီးနောက် လော့ချန် သူ့ဝတ်ရုံလက်အတွင်းမှ သိုလှောင်အိတ်တစ်လုံးနှင့် ကျောက်စိမ်းပုလင်း သုံးပုလင်းကို ထုတ်ယူလိုက်သည်။ သူ အလေးအနက်ထားလျက် ဆေးပုလင်းများကို လူသုံးဦးလက်ထဲသို့ ထည့်ပေးလိုက်၏။

“ဒီအထဲမှာ ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ ထိပ်တန်း သွေးအဆီအနှစ်ဆေးလုံး သုံးလုံးစီ ပါတယ်.... အရေးကြုံလာတဲ့ အခါကျရင် ဒါက အသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်.... အစ်ကိုဝမ်.... အစ်ကိုက ဒါကို ဘယ်လိုသုံးရမလဲဆိုတာ သိပြီးသားဆိုတော့ တခြားသူတွေကိုလည်း သေချာ ရှင်းပြပေးပါဦး”

ထို့နောက် သူ သိုလှောင်အိတ်ကို ညွှန်ပြလိုက်ကာ....

“ဒီသိုလှောင်အိတ်ထဲမှာတော့ အဆင့်မြင့် သွေးအဆီအနှစ်ဆေးလုံးတွေ အများကြီး ထည့်ထားတယ်.... အစ်ကိုဝမ် ဒါကို ယူထားလိုက်ပါ.... စစ်ထွက်တဲ့အခါ တိုက်ခိုက်ရေးနန်းဆောင်က ကျင့်ကြံသူတွေကို ဝေပေးလိုက်နော်....”

"မှတ်ထားပါ၊ ဒီတစ်ခေါက် ပန်းတိုင်က အောင်မြင်မှုတွေ ရဖို့ မဟုတ်ဘူး၊ အသက်ရှင်ဖို့ပဲ"

သူတို့ သုံးဦးစလုံး လက်ခံလိုက်ကြသည်။ လော့ချန်သည် ပုံမှန်အားဖြင့် ဤမျှအထိ စကားများလေ့ မရှိသော်လည်း ယခု သူ၏ လေသံထဲတွင် ပါဝင်နေသော လေးနက်မှုက အခြေအနေ မည်မျှ အရေးကြီးကြောင်း သက်သေပြနေပေသည်။ သူတို့အားလုံး လော့ချန်၏ စေတနာကို နက်နက်ရှိုင်းရှိုင်း ခံစားမိကြ၏။

အသက်ရှင်လျက် ပြန်လာနိုင်ရန်ကသာ အရေးကြီးဆုံး ဖြစ်ပေသည်။

ပြောစရာ စကားများ ကုန်သွားပြီဖြစ်ရာ လော့ချန် ထိုလူသုံးဦးနှင့်အတူ ခန်းမအပြင်ဘက်သို့ လှမ်းထွက်လာခဲ့တော့သည်။ ရှေ့တွင် ရပ်နေသော ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ လူတစ်ရာကျော်ကို ကြည့်ရင်း သူ၏ ရင်ထဲ၌ လေးလံသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရသည်။ အဆုံးသတ်တွင်မူ လော့ထျန်းအဖွဲ့အနေဖြင့် စစ်ပွဲအား ရှောင်လွှဲမရခဲ့ပေ။ ကရုဏာမဲ့နတ်သမီးထံ သူ ကမ်းလှမ်းခဲ့သော အရာများက မလုံလောက်၍ မဟုတ်ဘဲ၊ သူမ၏ မျိုးနွယ်စုတွင် တပည့်အင်အား အလွန်နည်းပါးလွန်းပြီး လက်အောက်ခံ အင်အားစုများလည်း မရှိသလောက် ရှားပါးလှခြင်းကြောင့် ဖြစ်၏။ ထို့ကြောင့် လက်အောက်ခံ အင်အားစုတိုင်းက စစ်ကူပေးရမည် ဖြစ်သည်။

လူအင်အား မဖြစ်မနေ ထုတ်ပေးရမည်။

သို့သော်ငြားလည်း သူ၏ ကြိုးပမ်းအားထုတ်မှုများက အချည်းနှီး ဖြစ်မသွားခဲ့ချေ။ ယခင်က ချီသန့်စင် အဆင့် (၇) အထက် ကျင့်ကြံသူတိုင်း စစ်တိုက်ရမည့် အခြေအနေမှ ယခုအခါတွင်မူ သူ၏ ညှိနှိုင်းမှုများကြောင့် အခြေတည်အဆင့်ကျင့်ကြံသူ သုံးဦးနှင့် ချီသန့်စင်အဆင့်မြင့် ကျင့်ကြံသူ ၁၀၀ ကျော်သာ ပါဝင်ရတော့မည်ဖြစ်ရာ ဤသည်မှာ ပြောင်းလဲမှုတစ်ခုပင်။ ထို့အပြင် လော့ချန် ကရုဏာမဲ့နတ်သမီးထံမှ အတော်လေး လွယ်ကူသော တာဝန်ကို တောင်းဆိုထားနိုင်ခဲ့သည်။ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများကို အန္တရာယ်အရှိဆုံး ရှေ့တန်းတွင် မထားဘဲ နောက်တန်း ထောက်ပံ့ရေးနှင့် သတင်းပေးပို့ရေး၊ နောက်တန်းခံစစ်ပြင်ရေး တာဝန်များကိုသာ ပေးအပ်ရန် စီစဉ်ထားသည်။ တိကျသော အစီအစဉ်များကိုမူ မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ ရောက်ရှိမှသာ သိရှိရမည် ဖြစ်သည်။

လော့ချန် လူအုပ်ကြီးကို ဝေ့ဝဲကြည့်ရှုရင်း ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

“မင်းတို့ထဲမှာ တာဟဲဈေးမြို့တော်ကနေ ငါ့နောက်ကို လိုက်ပါလာခဲ့ကြတဲ့ လူဟောင်းတွေ ပါသလို၊ ထျန်းလန်နတ်ဘုရားမြို့တော်မှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားရင်း လော့ထျန်းအဖွဲ့ထဲ ရောက်လာကြတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေလည်း ပါဝင်ကြတယ်.... အခုဆိုရင် ငါတို့အားလုံးက ရည်မှန်းချက်တစ်ခုတည်းအောက်မှာ ရှိနေကြပြီ.... အဲဒါကတော့ မဟာတာအိုရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်တဲ့ အခြေတည်အဆင့်ကို တက်လှမ်းဖို့ပဲ”

“ဒါပေမဲ့ လော့ထျန်းအဖွဲ့ဆိုတာ သမိုင်းအစဉ်အလာကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခု မဟုတ်ဘူး.... ငါ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါစေ၊ မင်းတို့ အားလုံးအတွက် လုံလောက်တဲ့ အခြေတည်ဆေးလုံးတွေကို မစုဆောင်းပေးနိုင်ခဲ့ဘူး.... ဒါပေမဲ့ အခုတော့ အခွင့်အရေးက ရောက်ရှိလာခဲ့ပြီ”

သူ လက်ကို မြှောက်လျက် ဝေးကွာသော အရပ်ဆီသို့ ညွှန်ပြလိုက်သည်။

“အဲဒီ မိုးကြိုးကိုးတောင်တန်း စစ်မြေပြင်မှာ တာဝန်ကို ပြီးမြောက်အောင် လုပ်ရင် အောင်မြင်မှုတွေကို ရနိုင်မယ်၊ ဂိုဏ်းကြီးတွေက အခြေတည်ဆေးလုံးတွေကို အမြောက်အမြား ထုတ်ပေးထားတာမို့ မင်းတို့ ကြိုးစားမယ်ဆိုရင် အားလုံးမှာ အခွင့်အရေး ရှိပါတယ်"

“ဒီခရီးစဉ်ကို ကျင့်စဉ်သင်ကြားရေးနန်းဆောင်ရဲ့ နန်းဆောင်သခင် ဝမ်ယွမ်က ဦးဆောင်မှာပါ၊ အားလုံး သူ့အမိန့်ကို နာခံရမယ်”

“ကဲ.... သွားကြတော့.... ရန်သူတွေကို သတ်ဖြတ်ပြီး အောင်မြင်မှုတွေ ယူကြ၊ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ကြ၊ ဒါဆိုရင်တော့ မင်းတို့ လိုချင်တဲ့ အခွင့်အရေးတွေကို ရလိမ့်မယ်”

ထိုသို့ပြောပြီးနောက် သူ၏ စကားသံက ဆုံးခန်းတိုင်သွားခဲ့သည်။

လော့ထျန်းအဖွဲ့ တိုက်ခိုက်ရေးနန်းဆောင်မှ ကျင့်ကြံသူတစ်ရာကျော်၏ ရင်ထဲ၌ ထက်သန်ပြင်းပြသော စိတ်ဓာတ်များ တက်ကြွလှုပ်ခတ်သွားရတော့သည်။

မကြာမီ ဝမ်ယွမ်က ရှေ့မှ ဦးဆောင်လျက် သူတို့အားလုံးသည် လင်းယုန်ငှက်ကြီးများပေါ်သို့ အသီးသီး တက်လိုက်ကြပြီးနောက် ကောင်းကင်ယံထက်သို့ ပျံသန်းသွားကာ ဒန်ရှားတောင်ထိပ်၏ မြူခိုးမြူတိမ်များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြလေတော့သည်။

လော့ချန်သည် မတ်တတ်ရပ်လျက်ပင် ထိုပုံရိပ်များ ကွယ်ပျောက်သွားသည်အထိ ငေးကြည့်နေမိ၏။ ထို့နောက် အကြည့်ကို အောက်သို့ နှိမ့်ချလိုက်ရင်း သူ၏ နှုတ်ခမ်းဖျားမှ တိုးညင်းသော သက်ပြင်းတစ်ချက် ထွက်ပေါ်လာခဲ့သည်။

စစ်တပ်အား သူ ပြောကြားခဲ့သော စကားလုံးများသည် ဝမ်ယွမ်နှင့် အခြားလူများကို မှာကြားခဲ့သည်များနှင့် မတူညီလှပေ။ သို့သော် ၎င်းသည် ထိုလူများကို လှည့်ဖြားလို၍ မဟုတ်ချေ။ အန္တရာယ်ကို ချဲ့ကားပြောပြ၍ စိတ်ပူပန်စေမည့်အစား အကျိုးအမြတ်ကို ပြသ၍ စိတ်ဓာတ်တက်ကြွစေခြင်းက ပို၍ ကောင်းမွန်သောကြောင့် ဖြစ်သည်။ အကျိုးအမြတ်ကြောင့် အနည်းဆုံးတော့ သူတို့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနိုင်ကြလိမ့်မည်။

သက်ပြင်းတစ်ချက်ကို ထပ်မံချလိုက်ရင်း လော့ချန် ဒန်ရှားတောင်ထိပ်မှ ပျံသန်းထွက်ခွာလာခဲ့တော့သည်။

အဝေးမှပင် သူသည် ဒန်ရှားတောင်ခြေတွင် ရပ်နားထားသော ကြီးမားလှသည့် လှေပျံကြီးကို လှမ်းမြင်နေရပြီ ဖြစ်သည်။ လှေပျံပေါ်တွင် ကျင့်ကြံသူများစွာ စုဝေးနေကြသည်။ လှေဦးပိုင်းတွင်မူ စီမာဟွေ့နန်သည် အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် စကားဆိုနေသည်။

လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများ ရောက်ရှိလာသည်နှင့် ရေခဲခံတပ်မှ ကျင့်ကြံသူများ လှေပျံပေါ်မှ ဆင်းလာကာ နေရာချပေးသည်။ ထိုခေါင်းဆောင် အမျိုးသမီး ကျင့်ကြံသူက ခေါင်းမော့ကာ လော့ချန်ကို ကြည့်လိုက်သည်။ အကြည့်ချင်း ဆုံလိုက်သည့်အခါ နှစ်ဦးသား နားလည်မှုရှိရှိဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ မကြာမီမှာပင် စီမာဟွေ့နန်သည် လှေပျံပေါ်မှ ဆင်းလာပြီး လော့ချန်ဘေးသို့ ရောက်ရှိလာသည်။

“ထန်ထိုက်ကျင်းက ဘာပြောလဲ”

"သူမ အများကြီး မပြောပါဘူး၊ ကျွန်မတို့ကို တတ်နိုင်သလောက် အန္တရာယ်ကင်းတဲ့ တာဝန်တွေကိုပဲ ပေးမယ်လို့ ပြောပါတယ်"

“အန္တရာယ်ကင်းတဲ့ တာဝန် ဟုတ်လား....”

လော့ချန် သူ့စိတ်ကို သက်သာရာရစေမည့် ဤသတင်းစကားကို တိုးတိုးလေး ရွတ်ဆိုနေမိသည်။

ဝူးဝူးဝူး....

တိုးညင်းသော မြည်ဟီးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လှေပျံကြီးပေါ်မှ ချီစွမ်းအင်များ ထွက်ပေါ်လာပြီး လမ်းကြောင်းကို ဖြည်းညှင်းစွာ ပြောင်းလဲလိုက်သည်။

စီမာဟွေ့နန်က ရုတ်တရက် မေးလိုက်သည်။

"အဖွဲ့ချုပ်ခေါင်းဆောင်၊ ဒီစစ်ပွဲက ဘယ်တော့လောက်မှ ပြီးဆုံးမှာလဲ"

လော့ချန် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

"ငါလည်း ဘယ်သိမှာလဲ၊ စစ်ပွဲရဲ့ အစနဲ့ အဆုံးကို ငါတို့လို အောက်ခြေကျင့်ကြံသူတွေက ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ"

ကျင့်ကြံခြင်းလောကတွင် နယ်ပယ်တစ်ခုကို စိုးမိုးနိုင်စွမ်းရှိသော အခြေတည်အဆင့်ကျင့်ကြံသူများသည်ပင် လော့ချန်၏ မျက်စိထဲတွင် ယခုအခါ အောက်ခြေကျင့်ကြံသူများသာ ဖြစ်သည်။ စီမာဟွေ့နန်ကလည်း ထိုအချက်ကို နက်နက်နဲနဲ သဘောတူညီသည့်အလား ခေါင်းညိတ်ပြလိုက်၏။ စစ်ပွဲများကို ဖန်တီးလှုံ့ဆော်နိုင်စွမ်းရှိသော ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးများနှင့် နှိုင်းယှဉ်ပါက အခြေတည်ကျင့်ကြံသူများမှာ အောက်ခြေအဆင့်မျှသာ ဖြစ်သည်မှာ ငြင်းပယ်၍ မရချေ။ အကယ်၍ လော့ထျန်းအဖွဲ့၏ အင်အားက အဆတစ်ရာ၊ အဆတစ်ထောင်မက တိုးပွားလာလျှင်ပင် ထိုဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးများသည် သူတို့၏ သဘောထားကို အနည်းငယ်မျှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ရှေးအစဉ်အဆက်ကတည်းက ကောင်းကင်ဘုံ၏ အလိုတော်ဆိုသည်မှာ အမြဲ ဖမ်းဆုပ်ရခက်ခဲလှသည် မဟုတ်လော။ ဤ ကျောက်စိမ်းအိုးနယ်မြေအတွင်း၌မူ ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူကြီးများသည်သာ ကောင်းကင်ဘုံ ဖြစ်ပေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters