← Chapters

အခန်း ၅၀၃

Vol. 51 Ch. 503

အခန်း ၅၀၃

Vol. 51 Ch. 503

အခန်း (၅၀၃) - မမေ့နိုင်သော အိပ်မက်ဆိုးနှစ်ခုနှင့် လော့ချန်၏ ကတိသစ္စာ

စစ်ထွက်မည့်သူများကို ပို့ဆောင်ပြီးနောက် လော့ချန် ထျန်းလန်တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လူအများ စိတ်ကူးယဉ်နေကြသကဲ့သို့ သူ၏နေ့ရက်များက အေးအေးလူလူ ပေါ့ပါးပျော်ရွှင်နေသည်မဟုတ်ဘဲ အမှန်စင်စစ်တွင်မူ ယခင်ကထက်ပင် ပိုမို၍ အလုပ်ရှုပ်နေခဲ့ပေသည်။ နေ့စဉ် ပုံမှန်ကျင့်ကြံခြင်းနှင့် ကူချိုင်ယီ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် ပြုစုကုသပေးခြင်းတို့မှလွဲ၍ ကျန်အချိန်များတွင် ဆေးဖော်စပ်ခြင်းများကိုသာ လုပ်ဆောင်နေရသည်။

ကရုဏာမဲ့နတ်သမီးအား သူပြောခဲ့ဖူးသည့်အတိုင်း အမြောက်အမြား ဆေးဖော်စပ်ရန်ဆိုလျှင် သူတစ်ဦးတည်း လုပ်ဆောင်၍ မရနိုင်ပေ။ သူသည် ဆေးဘက်ဝင်အပင်များကို ရှာဖွေစုဆောင်းရန်နှင့် ပြင်ဆင်ရန်အတွက် လော့ထျန်းအဖွဲ့မှ အဆင့်နိမ့်ကျင့်ကြံသူများစွာကို မှီခိုအားထားနေရဆဲဖြစ်ပြီး ထိုသို့ ပြင်ဆင်ပြီးမှသာ ပြီးပြည့်စုံသော ဆေးလုံးများကို ဖော်စပ်နိုင်ခြင်း ဖြစ်ပေသည်။

ဝမ်းသာစရာ သတင်းကောင်းတစ်ခုမှာ သူ အဓိက ဖော်စပ်နေသော ဆေးလုံးနှစ်မျိုးသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဆေးဖော်စပ်ရာတွင် လွယ်ကူသွားလေသည်။ အမှန်စင်စစ် သူနှစ်စဉ် တာဝန်အရ ဖော်စပ်ပေးရမည့် ကျောက်စိမ်းနှင်းစက်ဆေးလုံးပုလင်း ၁၀၀ သည် သူ့အတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ရရှိစေခဲ့သည်။ ထိပ်တန်းအဆင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများအတွက် သူနှင့် ကရုဏာမဲ့နတ်သမီးတို့ ညှိနှိုင်းထားသော ဈေးနှုန်းမှာ တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဖြစ်သည်။

ထိုဈေးနှုန်းမှာ အလွန်အမင်း သက်သာလွန်းလှရာ၊ အကယ်၍ သတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ ဒုတိယအဆင့် ထိပ်တန်းဆေးလုံးများကို သာမန် ဝိညာဉ်ကျောက်တုံးများဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ပေ။ ဂိုဏ်းကြီးများအတွက်မူ ၎င်းတို့သည် စစ်ဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်ကြသည်။ ထောင်ဝမ်ပင်လျှင် သူ့အား တစ်နှစ်လျှင် နဂါးပျံဆေးလုံး ပုလင်း ၃၀ မှ ၄၀ ခန့်သာ ထောက်ပံ့ပေးနိုင်ပြီး၊ တစ်ပုလင်းလျှင် ၂၅၀၀ စျေးနှုန်း သတ်မှတ်ထားခြင်း ဖြစ်၏။

နဂါးပျံဆေးလုံးနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးကျင့်ကြံသူများအတွက် အကျိုးထူးစေသော ကျောက်စိမ်းနှင်းစက်ဆေးလုံးက ပိုမို ရှားပါးလှပြီး စျေးကွက်တွင် ဝယ်ယူ၍ပင် မရချေ။ အကယ်၍သာ ဈေးကွက်တင်ပါက တစ်ပုလင်း ၃၀၀၀ ဖြင့် ရောင်းချလျှင်ပင် အလွန် သင့်လျော်နေမည် ဖြစ်သည်။ ထိုသို့ ဝယ်ယူနိုင်ရန်မှာလည်း အဆက်အသွယ်ကောင်းကောင်း ရှိနေခြင်း သို့မဟုတ် အပိုဆောင်း တန်ဖိုးတစ်ခုခုကို ပေးဆောင်နိုင်ခြင်း ရှိမှသာ ဖြစ်နိုင်မည်ဖြစ်ပြီး၊ သို့မဟုတ်ပါက လော့ချန်အနေဖြင့် မည်သို့မျှ ရောင်းချပေးလိမ့်မည် မဟုတ်ပေ။

လော့ချန်အနေဖြင့် ဤမျှ သက်သာသော စျေးနှုန်းဖြင့် ကမ်းလှမ်းခဲ့ရသည့် အကြောင်းရင်းမှာ စစ်မြေပြင်သို့ စေလွှတ်ရမည့် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူ အရေအတွက်ကို လျှော့ချနိုင်ရန်အတွက်သာ ဖြစ်ပေသည်။

သူ၏ ထိပ်တန်းအဆင့် သွေးအဆီအနှစ်ဆေးလုံးများကိုပင် တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၄၀၀ ခန့်ဖြင့်သာ အလွန် သက်သက်သာသာ စျေးနှုန်းသတ်မှတ်ပေးခဲ့သည်။ ဤကဲ့သို့ ကြီးမားလှသော ဈေးလျှော့ပေးမှုများကြောင့်သာ တိုက်ခိုက်ရေးနန်းဆောင်မှ ကျင့်ကြံသူ ၁၀၀ နှင့် အခြေတည်ကျင့်ကြံသူ သုံးဦးကိုသာ စစ်ကူစေလွှတ်ရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်၏။

“ဒါပေမဲ့ ဒါက တန်ပါတယ်....”

လော့ချန် တိုးညင်းစွာ ရေရွတ်လိုက်သည်။

ဤမျှ သက်သာသော စျေးနှုန်းများဖြင့် ပေးဆောင်ခဲ့ရသော်လည်း သူ အကျိုးအမြတ် ရရှိနေဆဲပင်။ အကြောင်းမူကား သူ၌ ထိပ်တန်းအရည်အသွေးရှိသော ဆေးလုံးများ ရှိနေရုံသာမက ဆေးလုံးအောင်မြင်နှုန်းကလည်း အလွန်အမင်း မြင့်မားလှခြင်းကြောင့် ဖြစ်သည်။ ၎င်းက ကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်ရန် အထောက်အကူ ပြုပေသည်။

လော့ထျန်းကျင့်ကြံသူများ၏ အထိအခိုက်ကို လျော့ချနိုင်သလို နောက်ထပ် ဝိညာဉ်ကျောက်တုံးများကိုလည်း ရှာဖွေနိုင်သည် မဟုတ်လော။ ထို့အပြင် ဆေးလုံးများကို အမြောက်အမြား အဆက်မပြတ် ဖော်စပ်နေရခြင်းက မကြာသေးမီက သူရရှိထားသော ဆေးဖော်လက်ကွက်သစ်အချို့ကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အထောက်အကူ ပြုခဲ့သေးသည်။

ကျောက်စိမ်းနှင်းစက်ဆေးလုံး၏ အဓိကဆေးဘက်ဝင်အပင်မှာ မြရောင်မြူခိုးမြက် ဖြစ်သည်။ ယခင်က လော့ချန်သည် ၎င်းကို သန့်စင်ရန်အတွက် ကျောက်စိမ်းကွဲလက်ကွက်ကို အသုံးပြုခဲ့သော်လည်း၊ ယခုအခါတွင်မူ ပိုမိုအဆင့်မြင့်သော ကြယ်တာရာလက်ကွက်ကို အသုံးပြုနေပြီ ဖြစ်၏။ အကြိမ်ကြိမ် အထပ်ထပ် လေ့ကျင့်မှုများကြောင့် သူ၏ ကြယ်တာရာလက်ကွက် ကျွမ်းကျင်မှုမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။

တစ်ခုတည်းသော စတေးမှုမှာမူ အချိန် ဖြစ်သည်။ သူသည် အချို့သော မှော်အတတ်များကို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် အချောသတ်လိုသော်လည်း မကြာသေးမီက အချိန် လုံးဝမရရှိခဲ့ချေ။ စီစဉ်ထားသည်များမှာ အမြဲ အပြောင်းအလဲများကြောင့် အဆင်မပြေ ဖြစ်ရတတ်သည်။ သူ၏ အဆင့်သည် လုံလောက်စွာ မြင့်မားမှသာ သူ စီစဉ်ထားသည်များကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

“အဆင့်....”

ကျောက်စိမ်းနှင်းစက်ဆေးလုံး တစ်သုတ်ကို ဖော်စပ်ပြီးနောက် လော့ချန်သည် ဆေးဖော်ခန်းကြီးအတွင်း၌ ထိုစကားလုံးကို တိုးညင်းစွာ ရေရွတ်လိုက်မိတော့သည်။

....

အချိန်တို့သည် မသိမသာဖြင့် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ခြောက်လခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

ဒန်ရှားတောင်ထိပ်ရှိ အမှတ် (၁၇) ဂူဗိမာန်အတွင်း၌ လော့ချန်သည် သူ၏ အခြေအနေပြကြေးမုံပြင်ထက်ရှိ ကျင့်ကြံခြင်းအဆင့်ကဏ္ဍကို စိုက်ကြည့်နေမိသည်။

ကျင့်ကြံခြင်းအဆင့် - အခြေတည်အဆင့် - ၆ (၁၀/၁၀၀)

သူ ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ လဝက်ခန့်အတွင်း အဆက်မပြတ် ဆေးလုံးဖော်စပ်ခဲ့ခြင်းနှင့် ကူချိုင်ယီ၏ ပျက်စီးသွားသော စွမ်းအင်ကြောများကို ကုသပေးရန် အထွတ်အထိပ် ကုသခြင်းမှော်အတတ်ကို အဆက်မပြတ် အသုံးပြုခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ချင်ယွင်တောင်ထိပ်မှ သူစုပ်ယူခဲ့သော ချီစွမ်းအင်များကိုလည်း သန့်စင်ပြီးစီးသွားခဲ့ရာ သူ၏ အဆင့်မှာ အနည်းငယ် တိုးတက်လာခဲ့သည်။ ခြောက်လအတွင်း ၉ မှတ် တိုးတက်လာခြင်းမှာ သူ၏ ပုံမှန်ကျင့်ကြံမှုနှုန်းနှင့် နှိုင်းယှဉ်ပါက အလွန်တရာ ထူးခြားမြန်ဆန်လှသော နှုန်းထားတစ်ခု ဖြစ်ပေသည်။

သို့သော်ငြားလည်း နောင်လာမည့် ခရီးလမ်းသည် ဤမျှလောက် မြန်ဆန်တော့မည်မဟုတ်ကြောင်းကိုမူ သူ သိရှိထားခဲ့သည်။

သူသည် စိတ်ကူးပေါက်ရာ အတွေးစများကို ဖယ်ရှားရန် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ကျင့်ကြံခန်းအတွင်းမှ လှမ်းထွက်ခဲ့လိုက်၏။ ဂူဗိမာန်တစ်ခုလုံးသို့ သူ၏ စိတ်အာရုံကို ဖြန့်ကြက်ကြည့်ရှုပြီးနောက် သူ နူးညံ့စွာ ပြုံးလိုက်ရင်း အပြင်သို့ ထွက်ခွာလာခဲ့တော့သည်။

ပြင်ပတွင်မူ ကောင်းကင်ယံ၌ မြူခိုးပါးပါးတို့ လွှမ်းခြုံထားပြီး နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်က မြူခိုးများကို ဖြတ်သန်းကာ လင်းလက်စပြုနေပြီ ဖြစ်၏။ ထူထပ်လှသော ချီစွမ်းအင်တို့က ထျန်းလန်တောင်ထိပ်ထက်တွင် နတ်သက်ကြိုးမျှင်များသဖွယ် ပျံ့လွင့်နေသည်။ ဝေးကွာသော တောင်ကမ်းပါးယံထက်မှ ရေတံခွန်ကြီးစီးကျသံများကိုလည်း ကြားနေရပေသည်။

သို့သော် ယခုအခါ လော့ချန်၏ အကြည့်မှာ ကခုန်နေသော ချောမောလှပသည့် အမျိုးသမီးတစ်ဦးထံတွင် စုစည်းနေသည်။

ဝိညာဉ်စိုက်ခင်းများ၏ တစ်ဖက်ရှိ ကြီးမားသော ကျောက်ဆောင်ကြီးတစ်ခုထက်တွင် ကူချိုင်ယီ ကခုန်နေခဲ့သည်။ အမှန်စင်စစ် ကခုန်နေခြင်းမျိုး မဟုတ်ဘဲ သူမ၏ နွဲ့နှောင်းလှပသော ပုံရိပ်ကြောင့် သိုင်းကွက်လေ့ကျင့်နေသည့် လှုပ်ရှားမှုများက အလွန်တရာ လှပလွန်းနေခြင်းသာ ဖြစ်၏။

လော့ချန် ခဏမျှ ငေးမောကြည့်နေပြီးနောက် ချီစွမ်းအင်ကို လက်ညှိုးဖြင့် အသာအယာ တောက်ထုတ်လိုက်ရာ ၎င်းက သူမ၏ ရင်ညွန့်အလယ်ရှိ အသက်သွေးကြောဆုံမှတ်ကို သွားရောက်ထိမှန်သွားခဲ့သည်။

ကူချိုင်ယီ ခေတ္တမျှ ရပ်တန့်သွားသော်လည်း၊ နောက်တစ်ခဏ၌ သူမ၏ လက်မောင်းများက အားအင်အသစ်များဖြင့် ပြန်လည်လှုပ်ရှားလာခဲ့၏။

သူမ၏ နောက်တွင် မတ်တတ်ရပ်လျက် လော့ချန် တည်ငြိမ်သော အသံဖြင့် ဆိုသည်။

“ကျင့်ကြံသူတွေရဲ့ လေ့ကျင့်မှုဟာ ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲ ပြန်လည် ပို့ဆောင်ပေးတာ.... ဒါကြောင့် ငါတို့က သိုင်းကျင့်စဉ်တွေကို သီးသန့်မလေ့ကျင့်ရင်တောင်မှ သက်စောင့်အားအင်အများအပြား စုဆောင်းမိနေတာပဲ.... ဒီ ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်းလက်ဝါးအတတ်က မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ သွေးတွေကို ဆူပွက်စေပြီး ကိုယ်တွင်းအင်္ဂါကို ပြုစုပေးနိုင်တယ်.... လေ့ကျင့်တဲ့အခါ မင်းရဲ့ သွေးတွေကို လှုပ်ရှားစေတာပါပဲ.... မင်းက ကိုယ့်ရဲ့ အဓိကကျင့်စဉ်ကို မသိစိတ်ကနေ သုံးနေမိတယ်၊ အဲဒီလို မလုပ်နဲ့.... သိုင်းကျင့်စဉ်တွေအတိုင်းပဲ မင်းရဲ့ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်”

သူသည် သိုင်းကျင့်စဉ်ပိုင်း၌ ဝမ်ယွမ်ကဲ့သို့ ထူးချွန်ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း၊ ၎င်းအပေါ် သူ၏ နားလည်သဘောပေါက်မှုက သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်လှပေသည်။ ဝမ်မျိုးနွယ်စု လက်စွဲကျမ်းကို ပါရမီရှင်အဆင့်အထိ တတ်မြောက်ပြီးနောက် သူသည် ကိုယ်တွင်းအင်္ဂါငါးပါးပြုစုပျိုးထောင်ခြင်းလက်ဝါးအတတ်ကို နက်နက်နဲနဲ အာရုံစိုက် လေ့လာခဲ့ရာ သာမန်ထက်ထူးကဲသော အဆင့်သို့ ရောက်ရှိခဲ့လေပြီ။ ရလဒ်အနေဖြင့် သူသည် သွေးမြစ်အဆင့်၏ ၅၀/၁၀၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ထက် ပိုမိုတိုးတက်ရန်အတွက်မူ အာရုံခံပေါက်ဖွင့်လှစ်ရန်နှင့် အရှိန်အဟုန် ၄ မျိုးကို လေ့ကျင့်ရန် လိုအပ်ပေဦးမည်။

လော့ချန်၌ ထိုသို့ လေ့ကျင့်ရန် အချိန်မရှိသေးပေ။ သို့သော် သူ၏ လက်ရှိ အသိပညာ ဗဟုသုတများဖြင့် ကူချိုင်ယီအား လမ်းညွှန်ရန်မှာမူ လုံလောက်သည်။

ကြပ်ညှပ်နေသော ဝတ်ရုံဖြူလေးကို ဝတ်ဆင်ထားသည့် ကူချိုင်ယီသည် ဝမ်ယွမ်ကိုယ်တိုင် တီထွင်ဖန်တီးထားသော ကိုယ်တွင်းအင်္ဂါငါးပါး ပြုစုပျိုးထောင်ခြင်းလက်ဝါးအတတ်ကို လေ့ကျင့်ခြင်း၌ အပြည့်အဝ စိတ်ဝင်စားနေခဲ့၏။ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းတွင် သူမ၏ ခြေလက်များထံသို့ အားအင်များ ပြန်လည်ရောက်ရှိလာသည်ကို ခံစားနေရပေသည်။ တစ်ခါက အားနည်းပြီး ပျက်စီးလုမတတ် ဖြစ်ခဲ့ရသော ကြွက်သားများက ယခုအခါ အားမာန်အပြည့်ဖြင့် တုံ့ပြန်လာကြပြီး သက်စောင့်အားအင်များကလည်း သူမ၏ သွေးကြောများအတွင်း ထပ်မံ၍ လှည့်ပတ်စီးဆင်းလာခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော ခြောက်လခန့်က အိပ်ရာပေါ်တွင် လဲလျောင်းနေရပြီး ကြွက်သားများ ပျက်စီးနေခဲ့သော အခြေအနေမှာ အိပ်မက်ဆိုး တစ်ခုကဲ့သို့ပင် ဖြစ်သည်။ သို့သော် ယခုမူ သူမသည် အိပ်မက်လှလှလေး တစ်ခုကို မက်နေရသလိုပင်။

အချိန်တို့သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။

နေမင်းကြီး တဖြည်းဖြည်း ထွက်ပေါ်လာချိန်တွင် ကူချိုင်ယီ သူမ၏ လေ့ကျင့်မှုကို အဆုံးသတ်လိုက်သည်။ သူမ၏ အသက်ရှူသံက ပုံမှန်ထက် တည်ငြိမ် မှန်ကန်နေခဲ့သည်။ သူမ နောက်လှည့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် မိမိအား တည်ငြိမ်စွာ စိုက်ကြည့်နေသော လော့ချန်ရှိရာသို့ ပြေးလာခဲ့သည်။

မည်သည့် သတိပေးချက်မျှမရှိဘဲ သူမ ရှေ့သို့ ခုန်တက်လိုက်ပြီး၊ ဝက်ဝံလေးတစ်ကောင်အလား သူ၏လည်ပင်းကို လက်မောင်းများဖြင့် သိုင်းဖက်လိုက်သည်။ လော့ချန် အငိုက်မိသွားပြီး မသိစိတ်မှ အလိုလို သူမအား လက်မောင်းတစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူ မတတ်သာသလို ခေါင်းခါယမ်းရင်း

“မင်း ဘယ်တုန်းကတည်းက ဒီလောက်တောင် ငါ့ကို ချွဲနေရတာလဲ....”

ကူချိုင်ယီက နှာခေါင်းလေးရှုံ့လျက် သူ၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်လိုက်ရင်း....

“ကျွန်မ လက်လွှတ်လိုက်ရင်.... နိုးလာတဲ့အခါ ဒါတွေအားလုံးက အိပ်မက်တစ်ခု ဖြစ်နေမှာကို ကြောက်လို့ပေါ့.... ရှင့်ကို ဒီလိုမျိုး ဖက်ထားရတဲ့အခါမှပဲ အရာအားလုံးက တကယ်လို့ ခံစားရတာ”

သူမ သူ့ကိုယ်ထဲသို့ တိုးဝင်ချွဲနေစဉ် သူမ၏ ခန္ဓာကိုယ်ထံမှ ပေါ့ပါးပြီး စိတ်အေးချမ်းစေသော ရနံ့လေးတစ်ခု လွင့်ပျံလာခဲ့သည်။

လော့ချန် သူမ၏ ချောမွေ့သော ကျောပြင်လေးကို အသာအယာ ပုတ်ပေးလိုက်သည်။

“မင်း အခြေတည်အဆင့်ကို ရောက်တဲ့အခါ အရာအားလုံးက တကယ်ဆိုတာကို သိလာလိမ့်မှာပါ”

သို့သော် ကူချိုင်ယီက ပိုမို၍ တင်းကျပ်စွာ ဖက်ထားလိုက်ပြီး

“အမှန်အတိုင်းပြောရရင်၊ အခြေတည်ကျင့်ကြံသူ ဖြစ်မလာလည်း ကျွန်မအတွက် ဘာမှမရေးကြီးပါဘူး.... ကျွန်မ ရှင့်ကို နေ့တိုင်း ဒီလိုမျိုး ဖက်ထားနိုင်မယ်ဆိုရင် နောက်နှစ်အနည်းငယ်ကြာလို့ ရှင့်ရဲ့ ရင်ခွင်ထဲမှာ သေဆုံးသွားရပါစေဦးတော့.... ကျွန်မ ကျေနပ်ပါတယ်”

ကူချိုင်ယီက စကားပြောရင်း သူ၏ မေးစေ့ကို သူမ၏ မျက်နှာလေးဖြင့် ပွတ်သပ်နေခဲ့သည်။

သူမ၏ စကားများကို ကြားလိုက်ရသောအခါ လော့ချန်၏ ရင်ထဲ၌ နာကျင်မှုတစ်ခု ဖြတ်သန်းသွားရ၏။ သူ တစ်ခါက အိပ်မက်တစ်ခုကို မက်ခဲ့ဖူးသည်။ နှစ်ပေါင်း နှစ်ရာတိုင်အောင် ရှည်လျားလှသော အိပ်မက်တစ်ခု ဖြစ်၏။

ထို ရှည်လျားပြီး ကွေ့ကောက်လှသော အိပ်မက်များအတွင်း၊ လက်တွေ့ဆန်သော အခြေအနေများစွာ ရှိခဲ့သည်။ အချို့အား သူ လက်တွေ့လောကတွင် ပြောင်းလဲခဲ့သည်။ ဥပမာအားဖြင့် မင်လုံယွီ၏ အခြေတည်အဆင့်သို့ တက်လှမ်းရန် ကျရှုံးခဲ့ရခြင်း သို့မဟုတ် အခြေတည်အဆင့်၏ နောက်ဆုံးအဆင့်၌ အတားအဆီးများနှင့် သူကိုယ်တိုင် ရုန်းကန်ခဲ့ရခြင်းများကဲ့သို့ ဖြစ်၏။

အချို့ကမူ သူ၏ ရွေးချယ်မှုများကြောင့် လုံးဝ ကွဲပြားခြားနားသွားခဲ့ကြသည်။ ဥပမာအားဖြင့် အိပ်မက်ထဲတွင် ကူချိုင်ယီသည် မည်သည့် အန္တရာယ်မျှမရှိဘဲ အလွယ်တကူပင် အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပေသည်။ သို့သော် လက်တွေ့တွင်မူ သူ၏ စေတနာရှေ့ထား၍ ကူညီခဲ့မှုများက သူမ၏ အသက်ကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်စေခဲ့၏။

သူမြင်တွေ့ခဲ့ရသမျှသော ဗျာဒိတ်ရူပါရုံများထဲတွင် သူ၏ ရင်ထဲ၌ အနာကျင်ဆုံးအဖြစ် စွဲကျန်နေခဲ့သော အရာနှစ်ခု ရှိသည်။

တစ်ခုမှာ သူ ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ပျက်စီးခဲ့ပြီး မိစ္ဆာလမ်းစဉ်များ၏ ဝါးမြိုခြင်းကို စတင်ခံခဲ့ရခြင်း ဖြစ်၏။ အခြားတစ်ခုမှာမူ ဒန်ရှားတောင်ထိပ်ထက်၌ နေဝင်ဆည်းဆာနှင့် နီရဲသော တိမ်တိုက်များအောက်တွင် ကူချိုင်ယီ၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို ပွေ့ဖက်လျက် ဆယ်ရက်တိုင်တိုင် သေလူအလား ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ပထမတစ်ခုကြောင့် သူသည် အိပ်မက်မှ နိုးလာပြီးနောက် အရင်းအမြစ်များကို ပြင်းပြင်းထန်ထန် ရှာဖွေခဲ့သည်။ ဒုတိယတစ်ခုကြောင့် ကူချိုင်ယီအား ရည်ရွယ်ချက်ရှိရှိ အကွာအဝေး ထားခဲ့ပြီး အဝေးမှသာ စောင့်ရှောက်ပေးရန် ကြိုးစားခဲ့သည်။

လောကဓံ တရားတို့မှာ ပြောင်းလဲတတ်ရာ ယခုမူ ချစ်သူနှစ်ဦး ပေါင်းဖက်နိုင်ခဲ့ပြီဟု ဆိုနိုင်ပေမည်။ လော့ချန် မိမိကိုယ်ကိုယ် ကတိသစ္စာပြုလိုက်မိ၏။ သူချစ်ရသော အမျိုးသမီးကို သူ၏ရင်ခွင်ထဲ၌ နောက်တစ်ကြိမ် ထပ်မံ၍ အသေခံတော့မည်မဟုတ်ချေ။ ယခုတစ်ကြိမ်တွင်မူ နီရဲသော နေဝင်ဆည်းဆာ ရှိလိမ့်မည်မဟုတ်ဘဲ တောက်ပသော နံနက်ခင်း၏ အလင်းရောင်သာ ရှိစေရမည်။

“ကဲပါ.... ဆင်းဦး....”

သူ နူးညံ့စွာ ဆိုလိုက်သည်။

ကူချိုင်ယီ ဇဝေဇဝါဖြစ်လျက် မျက်တောင်ခတ်ရင်း သူ၏ ရင်ခွင်ထဲမှ လျှောဆင်းလိုက်၏။ သူမ၏ အသားအရေထက်တွင် လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် ချွေးစက်လေးများက တောက်ပနေခဲ့သည်။

သူမ၏ အကြည့်အောက်တွင် လော့ချန် သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ ဖြန့်လိုက်ရာ ဆေးလုံးတစ်လုံး ပေါ်လာခဲ့သည်။

“ဒါက တတိယအဆင့် အသက်ကယ်ဆေးလုံးပဲ.... ဒန်ထျန်းကို ပြန်လည် တည်ဆောက်ပြီး ပျက်စီးသွားတဲ့ စွမ်းအင်ကြောတွေကို ကုသပေးနိုင်တယ်”

လော့ချန် သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း

“မင်းရဲ့ ရှေ့ဆက်ရမယ့် ကျင့်ကြံလမ်းကြောင်းက ပြတ်တောက်သွားခဲ့ပြီ.... အခု မင်းရဲ့ လမ်းကြောင်းကို ငါ ဖန်တီးပေးမယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters