အခန်း ၅၀၄
Vol. 51 Ch. 504
အခန်း (၅၀၄) - နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှု
ရေချိုးသန့်စင်ပြီးနောက် ကူချိုင်ယီသည် လော့ချန်၏ မျက်နှာချင်းဆိုင်တွင် တည်ငြိမ်စွာ ထိုင်နေခဲ့သည်။ သူမသည် လုံးဝအသွင်သစ် ပြောင်းလဲသွားသကဲ့သို့ ရှိပေသည်။ သူမ၏ အသားအရေထက်တွင် နုပျိုသော တောက်ပမှုတို့ လင်းလက်နေပြီး ဝိုင်းစက်လှပသော မျက်ဝန်းအစုံ၌မူ မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ဖြတ်သန်းနေခဲ့၏။
“ကျွန်မ တကယ်ပဲ.... ဒန်ထျန်းကို ပြန်ပြီး တည်ဆောက်နိုင်မှာလား....”
သူမ တိုးညင်းပြီး မသေချာသော လေသံဖြင့် မေးမြန်းလိုက်သည်။
လော့ချန်က ညင်သာစွာ ခေါင်းညိတ်လိုက်ရင်း
“ဒီဆေးလုံးက လူတစ်ယောက်ကို သေမင်းတံခါးဝကနေတောင် ပြန်ဆွဲထုတ်နိုင်တဲ့ အစွမ်းရှိတယ်.... ဒန်ထျန်းကို ပြန်တည်ဆောက်ဖို့ဆိုတာကတော့ သူ့ရဲ့ အသေးအဖွဲဆုံး အစွမ်းပါပဲ.... မူလကတော့ မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်ပြီးမြောက်တဲ့အထိ စောင့်ပြီးမှ ဒါကို ပေးဖို့ ငါရည်ရွယ်ခဲ့တာ.... ဒါပေမဲ့ အခု အပြင်လောကကြီးက အေးချမ်းမနေဘူး.... တကယ်လို့ မမျှော်လင့်တာတစ်ခုခု ဖြစ်လာခဲ့ရင် ငါလည်း မင်းကို အချိန်ပြည့် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး.... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံးပြန်ရပြီး အခြေတည်အဆင့်ကို ရောက်လေလေ လွတ်မြောက်နိုင်ခြေ ပိုများလေလေပဲ”
ကူချိုင်ယီ၏ မျက်နှာအမူအရာက လေးနက်တည်ကြည်သွားခဲ့သည်။
သူမသည် အလှည့်အပြောင်းများကို မသိလောက်အောင် မိုက်မဲသူမဟုတ်ချေ။ သူမ၏ အခြေအနေများ ပြန်လည်တည်ငြိမ်လာကတည်းက လော့ချန်သည် သူမအား အမှန်တရားများကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ လော့ထျန်းအဖွဲ့သည် ခက်ခဲသော အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်း သူမ သိရှိထားခဲ့သည်။ ယွမ်ရှောင်ယွဲ့မှာ တော်သော်လည်း ငယ်ရွယ်လွန်းသေးသလို အတွေ့အကြုံ နည်းပါးလွန်းသေးရာ သူမနေရာတွင် ထာဝရ အစားထိုးနိုင်မည်မဟုတ်ချေ။ အကယ်၍ သူမသာ အခြေတည်အဆင့်သို့ ရောက်ရှိသွားပါက လော့ချန်၏ ပုခုံးထက်မှ ဝန်ထုပ်ဝန်ပိုးအချို့ကို ကူညီ၍ ထမ်းပိုးပေးနိုင်မည် ဖြစ်၏။
ထို့အပြင် စီမာဟွေ့နန်သည်ပင် အဖွဲ့အတွက် အကျိုးပြုနိုင်နေပါက သူမ အဘယ်ကြောင့် မလုပ်နိုင်ရပါမည်နည်း။
“စိတ်မပူပါနဲ့.... မင်းရဲ့ ခန္ဓာကိုယ်ကျင့်ကြံအဆင့်က မပြီးမြောက်သေးဘူးဆိုပေမဲ့၊ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေကို ငါအသေအချာ နားလည်ထားပြီးသားပါ.... မင်း ဆေးသောက်လိုက်တာနဲ့ တစ်ပြိုင်နက် လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးတဲ့အထိ ငါကိုယ်တိုင် စောင့်ရှောက်ပေးမှာပါ....”
လော့ချန်က စိတ်ချစေရန် ပြောလိုက်သည်။
ကူချိုင်ယီက ခိုင်မာပြတ်သားစွာဖြင့် ခေါင်းညိတ်လိုက်ရင်း
“ကျွန်မ ရှင့်ကို ယုံတယ်....”
လော့ချန် ခပ်ဖွဖွ ပြုံးလိုက်ပြီး သူမ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်၏။ သူမကလည်း နာခံစွာဖြင့် သူ၏ ဆန့်ကျင်ဘက်သို့ လှည့်လိုက်ပြီး ကျောပြင်ကို မတ်မတ်ထားလိုက်တော့သည်။
လော့ချန် သူမအား အသက်ကယ်ဆေးလုံးကို ချက်ချင်း မသောက်ခိုင်းသေးပေ။ ထိုအစား သူ၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော အာရုံစိုက်မှုတို့ လွှမ်းမိုးလာခဲ့သည်။ သူ၏ လက်ချောင်းဆယ်ချောင်းသည် ပန်းပွင့်များကြားတွင် ပျံသန်းနေသော လိပ်ပြာများကဲ့သို့ လေထုထဲ၌ ကခုန်သွားကြပြီး မုဒြာလက်ကွက်များကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖန်တီးလိုက်သည်။
သူ၏ ချီစွမ်းအင် လှည့်ပတ်စီးဆင်းမှုမှာ ဆန်းကြယ်ပြီး စိမ်းသက်လှရာ၊ ယခင်က သူတစ်ခါမျှ အသုံးမပြုခဲ့ဖူးသော မှော်အတတ်မျိုး ဖြစ်၏။ အမှန်စင်စစ်တွင်မူ၊ ဤအရာသည် လွန်ခဲ့သော လဝက်ခန့်က အဖွဲ့၏ စာကြည့်ဆောင်အတွင်းရှိ မှော်အတတ်ကျမ်းမြောက်မြားစွာထဲမှ သူအသေအချာ ရွေးချယ်ထားခဲ့သော ဒုတိယအဆင့် မှော်အတတ်တစ်ခု ဖြစ်ပေသည်။
ပိုမို၍ တိတိကျကျ ပြောရလျှင် ၎င်းက သာမန်မှော်အတတ်တစ်ခု မဟုတ်ဘဲ ဆေးဘက်ဆိုင်ရာ တာအိုတွင် အခြေခံထားသော ကုသခြင်းပညာရပ် ဖြစ်သည့် နွေဦးလေပြေ မိုးရေစက်မှော်အတတ်ဖြစ်၏။ ၎င်းသည် ဒဏ်ရာများကိုသာမက လူတစ်ဦး၏ မြင့်မြတ်သော စိတ်ဝိညာဉ်ကိုပါ ကုသပေးနိုင်သည့် ရေဓာတ်ခံ ပညာရပ်တစ်ခု ဖြစ်ပေသည်။ ၎င်းကို လေ့လာရန် လွယ်ကူသော်လည်း ကျင့်ကြံသူ၌ အားကောင်းသော စိတ်ဝိညာဉ် ရှိနေရန် လိုအပ်လှသည်။ ကံကောင်းထောက်မစွာဖြင့် လော့ချန်၌ ထိုအရာ ရှိနေခဲ့၏။ အခြေတည်အဆင့် (၈) နှင့် နှိုင်းယှဉ်နိုင်သော ချီစွမ်းအား ရှိသည့် သူ့အဖို့မူ ဘာမျှ မဟုတ်ပေ။
ယခုအခါ သူ ၎င်းကို အထပ်ထပ်အခါခါ ထုတ်ဖော်လိုက်သောအခါ၊ သန့်စင်လှသော ချီစွမ်းအင် အမျှင်တန်းတို့က နူးညံ့သော နွေဦးမိုးရေကဲ့သို့ ကူချိုင်ယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားခဲ့တော့သည်။ နူးညံ့ပြီး မြူခိုးကဲ့သို့သော စိတ်ဝိညာဉ် မိုးစက်များက တိတ်ဆိတ်စွာ ကျဆင်းလာခဲ့၏။
ကုသခြင်းအာနိသင်က စတင်ရန် အသင့်ဖြစ်နေပြီဖြစ်သော်လည်း၊ လော့ချန် ၎င်းကို ပြင်းထန်သော စိတ်အာရုံစွမ်းအားဖြင့် ထိန်းချုပ်ထားလိုက်ပြီး ကုသမှုကို ခေတ္တရပ်တန့်ကာ ထိုစွမ်းအင်များကို နောက်ပိုင်းအတွက် အသင့်စုဆောင်းထားလိုက်သည်။
နွေဦးလေပြေ မိုးရေစက်မှော်အတတ်ကို တစ်ဆက်တည်း ၁၈ ကြိမ်တိုင်တိုင် ထုတ်ဖော်ပြီးနောက်၊ သူ နောက်ဆုံးတွင် ရပ်တန့်လိုက်တော့သည်။ သူ အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ကူချိုင်ယီ၏ ပုခုံးကို ထပ်မံ၍ အသာအယာ ပုတ်လိုက်၏။
သူမ သူ့ဘက်သို့ လှည့်လာခဲ့သည်။ သူမ၏ တောက်ပသော မျက်ဝန်းအစုံက သူ၏ အကြည့်နှင့် ဆုံသွားသောအခါ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် အရည်လဲ့နေခဲ့၏။
“သောက်လိုက်တော့....”
“ငါ ဒီမှာ ရှိတယ်.... မင်း ဘာမှ ကြောက်စရာမလိုဘူး....”
“အင်း....”
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ လော့ချန်အပေါ် အကြွင်းမဲ့ ယုံကြည်မှုအပြည့်ဖြင့် ကူချိုင်ယီ မော့လိုက်ပြီး အသက်ကယ်ဆေးလုံးကို မျိုချလိုက်တော့သည်။ နောက်တစ်စက္ကန့်၌ သူမ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ရ၏။ သူမ၏ စိတ်ဝိညာဉ်နက်ရှိုင်းရာမှ ဆွဲဖြဲပစ်လိုက်သကဲ့သို့သော နာကျင်မှုတစ်ခုက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်။ သူမ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားခဲ့၏။ ဖြူဖျော့သော အသားအရေအောက်ရှိ သွေးကြောများက ဖောင်းကြွလာခဲ့ပြီး မြွေပြာများကဲ့သို့ တွန့်လိမ်လှုပ်ရှားလာခဲ့ကြသည်။
ထိုနာကျင်မှုက မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။
"စိတ်ကို တည်ငြိမ်အောင်ထား၊ ဘာမှ ပြန်မတွန်းလှန်နဲ့"
"ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ချီစွမ်းအင်တွေကို လှုပ်ရှားဖို့ မကြိုးစားနဲ့"
"သတိရှိနေပါစေ၊ လုံးဝ သတိလစ်မသွားစေနဲ့"
လော့ချန်၏ စကားသံများက ထူးခြားသော စွမ်းအားများကဲ့သို့ သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ကူချိုင်ယီ သူမ၏ နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ မော့လာသည်။ ခဏမျှအတွင်းမှာပင် ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏ မျက်ဝန်းများက သွေးချင်းနီရဲလာခဲ့သော်လည်း သူမ အပြုံးတစ်ခုကို ဖန်တီးနိုင်ခဲ့ဆဲပင်။ သူမ စကားပြောရန် ကြိုးစားလိုက်သော်လည်း နာကျင်မှုက သူမ၏ အသံကို လူသားတစ်ယောက်၏ အသံမဟုတ်တော့ဘဲ ပြောင်းလဲသွားစေခဲ့၏။
ဂျွတ်…. ဂျွတ်….
လော့ချန်၏ မျက်နှာထား လေးနက်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင်၊ သူသည် မိမိ၏ စိတ်ဝိညာဉ်တစ်ခုလုံးကို သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စေလွှတ်လိုက်တော့သည်။ ၎င်းက သူမ၏ ထူးခြားသော သွေးကြောမကြီး ရှစ်သွယ်နှင့် အချက်အချာ နေရာများကို ဖြတ်သန်းကာ ပျက်စီးနေသော ဒန်ထျန်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားခဲ့၏။ ခြောက်လကျော်ကြာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့မှုကြောင့် သူမ၏ ခန္ဓာကိုယ်ကို သူ အလွတ်ရနေပြီ ဖြစ်သည်။
ယခုအခါ သူ၏ အကြည့်အောက်တွင် ပျက်စီးနေသော ဒန်ထျန်းသည် ပြင်းထန်လှသော ဆေးစွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး လုံးဝ ဥဿုံ ပြိုလဲပျက်စီးသွားခဲ့တော့သည်။
ဖျက်ဆီးခြင်းမရှိဘဲ တည်ဆောက်ခြင်းဟူသည် မရှိနိုင်ချေ။ ပျက်စီးသွားမှသာ အသစ်ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်၏။ ထိုအရာက ရှင်သန်ခြင်း၏ စစ်မှန်သော အနှစ်သာရပင် ဖြစ်သည်။ သို့သော် ဖျက်ဆီးခြင်းက လွယ်ကူသော်လည်း၊ ပြန်လည်တည်ဆောက်ရန်မှာမူ စိတ်ကူးမယဉ်နိုင်လောက်အောင် ခက်ခဲလှပေသည်။ သူမ၏ ဒန်ထျန်း ပြိုလဲပျက်စီးသွားသည့် အခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူမ နောက်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့သော်လည်း မလဲကျမီမှာပင် သန်မာသော လက်တစ်ဖက်က သူမအား ဖမ်းထိန်းလိုက်၏။
“ဒါကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရင် အားလုံး ကောင်းသွားလိမ့်မယ်....”
ထိုစကားလုံးများက မုန်တိုင်းထန်နေသော ပင်လယ်ပြင်အတွင်းသို့ ပစ်ချပေးလိုက်သည့် အသက်ကယ်ကြိုးတစ်ခုကဲ့သို့ သူမ၏ နားစည်အတွင်းသို့ တိုးဝင်လာခဲ့သည်။ သတိလစ်လုနီးပါး ဖြစ်နေသော အခြေအနေတွင် ကူချိုင်ယီသည် သူမ၏ နက်ရှိုင်းသော အတွင်းစိတ်ထဲမှ တစ်ခုခု ပြန်လည်လှုပ်ရှားလာသည်ကို ခံစားလိုက်ရ၏။
မှန်ပေသည်။ သူမသည် များစွာသော အရာများကို အောင့်အည်းသည်းခံခဲ့ရပြီး ဖြစ်၏။ များစွာသော နာကျင်မှုများနှင့် အားကိုးရာမဲ့မှုများ၊ မရေတွက်နိုင်သော ညများစွာတွင် မျက်နှာကျက်ကို ငေးကြည့်ရင်း စိတ်ဓာတ်ကျခဲ့ရသော အချိန်များ ရှိခဲ့ရသည်။ အကယ်၍ သူမ ယခု သတိလစ်သွားခဲ့ပါက၊ နောက်တစ်ကြိမ် ဘယ်တော့မှ နိုးထလာတော့မည် မဟုတ်ချေ။ ဤအမျိုးသားကိုလည်း နောက်တစ်ခါ မြင်တွေ့ရတော့မည် မဟုတ်ပေ။
သူမ ထိုအရာကို အဘယ်မှာ လက်ခံနိုင်ပါမည်နည်း။
....
ဒန်ထျန်းအား ပြန်လည်တည်ဆောက်ခြင်းဟူသည် အချိန်တိုအတွင်း ပြီးစီးနိုင်သော အရာမျိုး မဟုတ်ချေ။
ဤမျှ ပြင်းထန်လှသော နာကျင်မှုကို သာမန် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။ ကူချိုင်ယီသည် ချီလမ်းကြောင်းဆေးလုံးများကို မကြာခဏ သုံးစွဲခဲ့ဖူးခြင်းကြောင့်သာ သူမ၏ စိတ်ဝိညာဉ် အခြေခံက အခြေတည် ကနဦးအဆင့်နှင့် နှိုင်းယှဉ်နိုင်လောက်အောင် မြင့်မားနေခဲ့ပြီး၊ ထို့ကြောင့်သာ ဤကဲ့သို့သော နာကျင်မှုကို ကြံ့ကြံ့ခံနိုင်ခြင်း ဖြစ်၏။ သို့သော်ငြားလည်း သူမ၏ ခန္ဓာကိုယ် အခြေခံကမူ ၎င်းကို တစ်ဦးတည်း ကြံ့ကြံ့ခံရန် လုံလောက်အောင် သန်မာမနေသေးချေ။
အဆုံးစွန်တွင်မူ သူမ၏ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်က လိုအပ်ချက်ထက် များစွာ နိမ့်ကျနေသေးခြင်းကြောင့် ဖြစ်သည်။
သို့သော် လော့ချန် ဤအခြေအနေကို ကြိုတင်တွက်ဆထားခဲ့ပြီးသား ဖြစ်၏။
အခြေအနေကို ရင်ဆိုင်ရင်း သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူ၏ လက်ညှိုးကို ရှေ့သို့ ထိုးသွင်းလိုက်တော့သည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း သူသည် တုန်ယင်နေသော ကူချိုင်ယီ၏ ခန္ဓာကိုယ်ထက်ရှိ တိကျသော စွမ်းအင်ဝင်ပေါက်ဆုံမှတ် ၁၈ ခုကို ဆက်တိုက် ပိတ်ဆို့လိုက်သည်။ နောက်တစ်ခဏ၌ သူမသည် သူ၏ ရင်ခွင်အတွင်း၌ ဒဏ်ရာရထားသော မြွေဖြူကြီးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တွန့်လိမ်လှုပ်ရှားလာခဲ့၏။
နာကျင်မှုက ရှိနေဆဲဖြစ်သော်လည်း တစ်နေရာတည်းတွင် စုပြုံနေခြင်းမျိုး မဟုတ်တော့ဘဲ ထို စွမ်းအင်ဝင်ပေါက်ဆုံမှတ် ၁၈ ခုဆီသို့ ညီညာစွာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပေသည်။
ဤနည်းဖြင့် သူမသည် နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သော်လည်း တောင့်ခံနိုင်လောက်သော အဆင့်သို့ လျော့ကျသွားခဲ့၏။
ဤအရာသည် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို အသုံးပြု၍ လော့ချန် သူမ၏ အသက်သွေးကြောများကို လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။ နာကျင်မှုကို ထိန်းချုပ်နိုင်သော အဆင့်တွင်သာ ရှိနေစေရန်အတွက် သူ တမင်တကာပင် အားချန်ထားခဲ့ပြီး စွမ်းအင်ဝင်ပေါက် ၁၈ ခုကိုသာ လှုံ့ဆော်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ ထိုကျင့်စဉ်ကို အပြည့်အဝ ထုတ်ဖော်ခဲ့ပါက အဓိက စွမ်းအင်ဝင်ပေါက် ဆုံမှတ် ၃၆ ခုစလုံးကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ပေးမည် ဖြစ်သည်။
ထို့အပြင် လော့ချန်၌ ဤအဆင့်အတွက် နောက်ထပ် ပြင်ဆင်မှုတစ်ခုလည်း ရှိနေသေး၏။
“စတင်....”
လော့ချန်၏ တိုးညင်းသော အသံနှင့်အတူ၊ ယခင်က သူထိန်းချုပ်ထားခဲ့သော နွေဦးလေပြေ မိုးရေစက်မှော်အတတ်၏ စွမ်းအင်အမျှင်တန်း ၁၈ ခုသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့တော့သည်။ ၎င်းတို့က မြူခိုးကဲ့သို့သော နွေဦးမိုးရေများအသွင်ဖြင့် လှုံ့ဆော်ထားသော စွမ်းအင်ဝင်ပေါက်တစ်ခုချင်းစီအတွင်းသို့ ညင်သာစွာ စိမ့်ဝင်သွားခဲ့၏။
သူ၏ ရင်ခွင်အတွင်းရှိ အမျိုးသမီးသည် တဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။ ယခုအခါ သူမ ခံစားလိုက်ရသည်မှာ နူးညံ့ပြီး ယားယံသကဲ့သို့သော နာကျင်မှုမျိုးသာ ဖြစ်ပြီး၊ အရေပြားအောက်တွင် တဒိန်းဒိန်း လှုပ်ရှားနေခဲ့ပေသည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးအတွင်း သူမ၏ ဒန်ထျန်းသည် တဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ခြင်း ခံနေရပြီ ဖြစ်၏။
မကြာမီမှာပင် ပထမအဆင့် ပြီးဆုံးသွားခဲ့သည်။ သို့သော် ၎င်းက ပြီးဆုံးသွားခြင်းမဟုတ်ဘဲ နောက်ထပ်လာမည့် အဆင့်ကလည်း ဤမျှလောက် မလွယ်ကူလှချေ။
လော့ချန်က သူမ၏ ခန္ဓာကိုယ်ကို မတ်မတ်ထားပေးလိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ စိတ်အာရုံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ အဓိကကျင့်စဉ်ကို လှည့်ပတ်လိုက်.... သွေးကြောတွေအပေါ် သက်ရောက်မယ့် ဖိအားတွေကို ဂရုမစိုက်နဲ့.... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိသမျှ ချီစွမ်းအင် အကြွင်းအကျန်အားလုံးကို ဒန်ထျန်းထဲကို ပို့လိုက်.... အခုချက်ချင်းပဲ....”
သူ၏ အသံနှင့်အတူ ပြင်းထန်လှသော စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်၏ ဖိအားကလည်း ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများ မှေးမှိန်သွားပြီး စိတ်ဝိညာဉ်မှာ လေးလံသွားသည်။ သူ၏ ပြင်းထန်လှသော ဖိအားအောက်တွင် ကူချိုင်ယီ၏ ခန္ဓာကိုယ်သည် မသိစိတ်အလျောက် လှုပ်ရှားသွားခဲ့သည်။ မမြင်နိုင်သော ကြိုးများဖြင့် ထိန်းချုပ်ထားသည့် ရုပ်သေးရုပ်တစ်ခုကဲ့သို့ သူမသည် မသိစိတ်ဖြင့် သူမ၏ ပင်မကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်တော့သည်။
သူ၏ လမ်းညွှန်မှုအောက်တွင် သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသော ချီစွမ်းအင် အမြောက်အမြားသည် အသိုက်သို့ ပြန်လာကြသော ပျံလွှားငှက်များကဲ့သို့ သူမ၏ အသစ်ပြန်လည် တည်ဆောက်ထားသော ဒန်ထျန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့ကြ၏။ ဤလုပ်ငန်းစဉ်သည် အပြင်ပန်းတွင် ချောမွေ့နေသည်ဟု ထင်ရသော်လည်း ၎င်းကို ကိုယ်တိုင်ခံစားနေရသူအတွက်မူ နာကျင်မှုက ဒန်ထျန်းကို ပြန်လည်တည်ဆောက်စဉ်ကထက်ပင် အနည်းငယ်မျှသာ လျော့နည်းပေသည်။
၎င်းသည် ပေါက်ကွဲမှုတစ်ခုအတွင်း အသားထဲသို့ စိမ့်ဝင်သွားသော ဗုံးဆန်အစအနများနှင့် တူလှပေသည်။ ဖြစ်ပွားခါစတွင် နာကျင်စေသော်လည်း ထိုအတိုင်း ထားလိုက်ပါက ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ကျင့်သားရသွားမည် ဖြစ်၏။ နာကျင်နေဆဲဖြစ်သော်လည်း နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ သည်းခံခြင်းမှ ဖြစ်ပေါ်လာသော နာကျင်မှုမျိုး ဖြစ်ပြီး၊ နောက်ဆုံးတွင် ခန္ဓာကိုယ်က ထိုပြင်ပပစ္စည်းများကို မိမိ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလိုက်ပေသည်။
ယခုအခါတွင်မူ တစ်စုံတစ်ယောက်က ထိုအစအနများကို အတင်းအဓမ္မ ပြန်လည်ဆွဲနုတ်နေခြင်း ဖြစ်၏။ သူမ၏ အသားအမြှေးများနှင့် စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သော ချီစွမ်းအင်များကို အတင်းအဓမ္မ ပြန်လည်ထုတ်ယူနေခြင်း ဖြစ်ပေသည်။ သူမ၏ ကိုယ်ပိုင်အင်အားတစ်ခုတည်းဖြင့်ဆိုပါက ကူချိုင်ယီအနေဖြင့် ၎င်းကို မည်သို့မျှ တောင့်ခံနိုင်မည်မဟုတ်ချေ။ ထို့ကြောင့်ပင် လော့ချန်သည် ဤခွဲစိတ်မှုကြီးကို တာဝန်ယူရသော ဆရာဝန်ကြီးတစ်ဦးအဖြစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်၏။ ယခုတင် သူထုတ်ဖော်ခဲ့သော စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်ကမူ သူ၏ ခွဲစိတ်ဓားပင် ဖြစ်သည်။
ယခုအခါတွင်မူ ကူချိုင်ယီသည် သူ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် သူမ၏ စွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။ လွန်ခဲ့သော ၆ လအတွင်း၊ သူသည် သူမ၏ ကျင့်စဉ်ကို မရေတွက်နိုင်အောင် အကြိမ်ကြိမ် လေ့လာဆန်းစစ်ခဲ့ပြီး ဖြစ်ရာ ၎င်း၏ သိမ်မွေ့မှုတစ်ခုချင်းစီကို အသေအချာ နားလည်ထားခဲ့သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အရာမျိုးကို မည်သို့မျှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် အရာအားလုံးက ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။
အချိန်တို့သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့တော့သည်။
....
နေမင်းကြီးသည် ထွက်ပြူလာလိုက်၊ ပြန်ဝင်သွားလိုက်ဖြင့် ရှိနေခဲ့၏။ နေဝင်ဆည်းဆာ အချိန်သည် မမြင်နိုင်သော လက်များဖြင့် ဆွဲချလိုက်သည့် လိုက်ကာတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့သည်။
နောက်ဆုံးတွင် ကျင့်ကြံခန်း၏ တံခါးကြီး ပွင့်ဟလာခဲ့တော့သည်။
ဧည့်ခန်းအတွင်း၌ အသင့်စောင့်ဆိုင်းနေသော ပိုင်မေလင်းသည် ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်၏။ သူမသည် လော့ချန်တစ်ယောက် သတိလစ်နေသော ကူချိုင်ယီကို ပွေ့ချီလျက် အပြင်သို့ လှမ်းထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
“သခင်....”
သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အောင်မြင်သွားပြီလားဟင်....”
လော့ချန် ခပ်ဖျော့ဖျော့ ခေါင်းညိတ်ပြလိုက်၏။
သူ၏ ပုံစံမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး အားအင်အားလုံး ကုန်ခမ်းနေခဲ့ပုံ ရပေသည်။
သူ ကူချိုင်ယီအား ကုတင်ထက်သို့ အသာအယာ ချထားပေးလိုက်ပြီး စောင်ကို လုံခြုံစွာ ခြုံပေးလိုက်ပြီးမှ အပြင်သို့ လှမ်းထွက်လာခဲ့သည်။
“ချိုင်ယီ ရက်အနည်းငယ်လောက် သတိလစ်နေလိမ့်မယ်.... သူမကို သေချာလေး စောင့်ကြည့်ပေးပါဦး....”
ပိုင်မေလင်းက ခေါင်းကို အမြန်ညိတ်လိုက်ရင်း....
“အင်း.... ကျွန်မ သေချာ စောင့်ရှောက်ထားပါ့မယ် သခင်”
လော့ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ၏ ဆံနွယ်များကို အသာအယာ သပ်ပေးလိုက်ရင်း ကိုယ်ပိုင်အခန်းဆီသို့ ဦးတည်လိုက်တော့သည်။ သူသည် အလွန်အမင်း ပင်ပန်းနေခဲ့သော်လည်း ချက်ချင်းအနားယူခြင်း မရှိသေးပေ။ ထိုအစား ကြေးမုံတစ်ခုကို ထုတ်ယူလိုက်၏။
နတ်မိစ္ဆာနှလုံးသားကြေးမုံကို စိုက်ကြည့်ရင်း လော့ချန် နက်နက်နဲနဲ တွေးတောမိနေခဲ့သည်။
ကူချိုင်ယီ၏ ဒဏ်ရာများက အခြေခံအားဖြင့် ကုသပြီးစီးသွားခဲ့ပြီ ဖြစ်၏။ သူမ၏ ဒန်ထျန်းကိုလည်း ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ သွေးကြောများက တန်ပြန်သက်ရောက်လာသော ချီစွမ်းအင်များကြောင့် ပျက်စီးသွားခဲ့ရသော်လည်း၊ အသက်ကယ်ဆေးလုံး၏ ကြွင်းကျန်ရစ်သော ဆေးစွမ်းအင်များက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ကို တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာစေမည် ဖြစ်၏။
သို့သော်လည်း ဤလုပ်ငန်းစဉ်တွင် မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ ပြီးဆုံးသွားရန်မှာမူ မဖြစ်နိုင်ချေ။
အသစ်ပြန်လည် တည်ဆောက်ထားသော ဒန်ထျန်းသည် သာမန်ထက်ထူးကဲစွာ ထူထဲသော အတွင်းနံရံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ နောက်တစ်ကြိမ် အခြေတည်အဆင့်သို့ ထပ်မံ၍ တက်လှမ်းရန် ကြိုးစားမည့်အချိန်တွင်မူ ယခင်ကကဲ့သို့ လွယ်ကူလိမ့်မည် မဟုတ်ချေ။
၎င်းသည် သူကိုယ်တိုင် တစ်ခါက ရင်ဆိုင်ခဲ့ဖူးသော ဆေးအဆိပ်အတားအဆီးနှင့် ဆင်တူလှပေသည်။ သူသည် မိမိ၏ သန်မာလှသော ခန္ဓာကိုယ်နှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို အားကိုးလျက်၊ အခြေတည် ဆေးငါးသုတ်ကို တစ်ပြိုင်နက်တည်း သောက်သုံးကာ အတင်းအဓမ္မ ထိုးဖောက်ခဲ့ရပြီးမှသာ ကံကောင်းထောက်မစွာဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ကူချိုင်ယီ၌မူ ထိုကဲ့သို့သော အခြေခံမျိုး မရှိချေ။ ထို့ကြောင့် သူမ၏ ဒဏ်ရာများ လုံးဝပျောက်ကင်းသွားခဲ့လျှင်ပင် အခြေတည်အဆင့်သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားခြင်းက အလွန်တရာ ခက်ခဲနေဦးမည်သာ ဖြစ်သည်။
လက်ထဲမှ နတ်မိစ္ဆာနှလုံးသားကြေးမုံကို လှည့်ပတ်ကြည့်ရှုရင်း လော့ချန်၏ စိတ်ထဲ၌ အတွေးသစ်တစ်ခု ပေါ်လာခဲ့၏။
ဤမှန်သည် ပျက်စီးခြင်းမရှိဘဲ ပြီးပြည့်စုံနေစဉ်က အခြေတည်အထွတ်အထိပ်ကျင့်ကြံသူများကို ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်း လုပ်ငန်းစဉ်ကို စမ်းသပ်လေ့ကျင့်ရန် ကူညီပေးနိုင်ခဲ့သည်။ ယခုအခါ ၎င်းက ပျက်စီးသွားခဲ့ပြီဖြစ်ရာ ထိုအစွမ်းက ရှိတော့မည်မဟုတ်ချေ။ သို့သော် အကယ်၍ ၎င်းကို ချီသန့်စင်အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးအား အခြေတည်အဆင့်သို့ တက်လှမ်းခြင်း လုပ်ငန်းစဉ်ကို စမ်းသပ်လေ့ကျင့်ရန် အသုံးပြုမည်ဆိုပါက အလုပ်ဖြစ်နိုင်ပါမည်လော။
ယခင်က သူ ရှင်းကျုံးဟန့်ကို ကယ်တင်ခဲ့စဉ်က ထိုလူသည် သူ့အား နတ်မိစ္ဆာနှလုံးသားကြေးမုံဆိုင်ရာ မှတ်တမ်းများ လက်ဆောင်ပေးခဲ့ဖူးပေသည်။ ထိုအချိန်မှသာ လော့ချန်သည် ၎င်းကို မည်သို့ မှန်ကန်စွာ အသုံးပြုရမည်ကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်၏။
အဓိက သော့ချက်မှာ အမည်းရောင်နယ်ရုပ် ဖြစ်သည်။ သို့သော် ၎င်းသည် ပိုမိုမြင့်မားသော အဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးက ဘေးမှနေ၍ လုပ်ငန်းစဉ်ကို ကြီးကြပ်ပေးရန်နှင့် အရေးကြီးသော အခိုက်အတန့်တွင် အသုံးပြုသူအား နှိုးဆော်ပေးရန် လိုအပ်သည်။ သို့မှသာ စမ်းသပ်မှုအတွင်းသို့ နက်နက်နဲနဲ နစ်မြုပ်မသွားစေရန် တားဆီးပေးနိုင်မည် ဖြစ်၏။ လော့ချန်ကိုယ်တိုင် နှစ်ပေါင်း နှစ်ရာကျော်တိုင်အောင် ရှည်လျားလှသော အိပ်မက်တစ်ခုအတွင်းသို့ ကျရောက်ခဲ့ရခြင်းမှာမူ ဘေးမှနေ၍ စောင့်ကြပ်ပေးမည့် ကျင့်ကြံသူကြီးတစ်ဦး မရှိခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။
“ငါ အမည်းရောင်နယ်ရုပ်ကို သန့်စင်ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ.... သူ့ရဲ့ အစွမ်းကုန် စွမ်းအားကို ထုတ်မသုံးနိုင်ရင်တောင်မှ ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးကို ဘေးကင်းအောင် စောင့်ရှောက်ပေးဖို့ကတော့ လုံလောက်လှပါတယ်.... ငါ့ရဲ့ စိတ်ဝိညာဉ် အင်အားနဲ့ဆိုရင် ချီသန့်စင်အဆင့်ရဲ့ စမ်းသပ်မှုကို အတင်းအဓမ္မ ရပ်တန့်စေဖို့က လွယ်ကူပါတယ်.... တကယ်လို့ ငါ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့ခဲ့ရင်၊ ချိုင်ယီကို အခြေတည်အဆင့်ဆီ ချောချောမွေ့မွေ့ ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်”
“အမှန်တော့ ငါ ဒီနည်းလမ်းကို လော့ထျန်းအဖွဲ့က အဆင့်တက်ဖို့ လိုအပ်နေတဲ့ တခြားကျင့်ကြံသူတွေဆီကိုပါ တိုးချဲ့အသုံးပြုလို့ရတယ်.... ပြီးတော့ ငါတို့ မိုးကြိုးတောင်တန်းဆီက အကျိုးအမြတ်တွေအနေနဲ့ ရရှိမယ့် အခြေတည်ဆေးလုံးတွေကို အသုံးပြုပြီး၊ ငါ့ရဲ့ နတ်ဒေဝါပျားရည်ကိုပါ ပေါင်းစပ်လိုက်ရင်.... ဘယ်သူမှ မရိပ်မိခင်မှာတင် ငါတို့အဖွဲ့ကနေ အခြေတည်ကျင့်ကြံသူ အမြောက်အမြားကို မွေးထုတ်ပေးနိုင်လိမ့်မယ်....”
ထိုသို့ တွေးတောမိသောအခါ လော့ချန်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ရတော့သည်။
ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် အခြေတည် အဆင့်ရှိသော တပည့်ပေါင်း ရာနှင့်ချီ၍ ရှိနေသည်ကို မြင်တွေ့ခဲ့ရဖူးသဖြင့်၊ ယခုအခါ လော့ထျန်းအဖွဲ့၏ နည်းပါးလှသော အရေအတွက်က သူ့အား မည်သို့မျှ စိတ်ကျေနပ်မှု မပေးနိုင်တော့ချေ။ အကယ်၍ သူ၏ လက်အောက်တွင် အခြေတည် ကျင့်ကြံသူ အမြောက်အမြား ရှိနေခဲ့ပါက သူပြုလုပ်လိုသော အရာမှန်သမျှသည် များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
အဖွဲ့ခွဲများ ထပ်မံဖွင့်လှစ်သည် ဖြစ်စေ၊ နယ်မြေများကို သိမ်းပိုက်ခြင်း ဖြစ်စေ၊ တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲခြင်း ဖြစ်စေ၊ ဤအရာအားလုံးက ဖြစ်နိုင်ချေ ရှိလာပေလိမ့်မည်။ တစ်နေ့တွင် မိမိကိုယ်ပိုင် ဂိုဏ်းတစ်ခုကို တည်ထောင်ရန်ပင် ဖြစ်နိုင်ပေသည်။ လက်ထဲမှ နတ်မိစ္ဆာနှလုံးသားကြေးမုံကို အသာအယာ ပွတ်သပ်ရင်း၊ လော့ချန်သည် နောက်ဆုံး၌ ဤပစ္စည်းသည် အဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်သော်လည်း၊ အဘယ်ကြောင့် ပိုမိုမြင့်မားလှသော မိစ္ဆာချုပ်နန်းဆောင်နှင့်အတူ နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ အစောင့်အရှောက် ရတနာနှစ်ပါးအဖြစ် ယှဉ်တွဲတည်ရှိနေနိုင်ခဲ့ကြောင်းကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
“ဒါပေမဲ့ အခုလောလောဆယ်တော့.... အရင်ဆုံး သေချာ အနားယူရမယ်....”
လော့ချန်သည် နဖူးကို အသာအယာ ပွတ်သပ်ရင်း စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ