အခန်း ၅၀၅
Vol. 51 Ch. 505
အခန်း (၅၀၅) - ဒန်ထျန်း ပြန်လည်တည်ဆောက်ခြင်း
သုံးရက်ကြာပြီးနောက်....။
အခန်းအတွင်း၌ သင်းပျံ့ဆန်းကြယ်သော ရနံ့လေးများ ထွက်ပေါ်နေလေသည်။
ကူချိုင်ယီသည် သတိမေ့မြောနေရာမှ တဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ သူမ မျက်လုံးများကို ဖွင့်လိုက်ပြီး လရောင်ကျောက်မျက်များ စီခြယ်ထားသော မျက်နှာကျက်ကို ငေးစိုက်ကြည့်နေမိ၏။ ထိုအခိုက်အတန့်တွင် သူမသည် စိတ်အာရုံများ ဝေဝါးနေဆဲဖြစ်ရာ အဖြစ်မှန်ကို ချက်ချင်း သဘောမပေါက်နိုင်သေးဘဲ ငြိမ်သက်စွာ လဲလျောင်းနေမိခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် သူမ ဝုန်းကနဲ ထထိုင်လိုက်ပြီး ကျင့်စဉ်လှည့်ပတ်ရန်အတွက် တင်ပျဉ်ခွေ ထိုင်လိုက်တော့သည်။ သူမ စိတ်အာရုံကို ခန္ဓာကိုယ်အတွင်းသို့ သွင်းလျက် အခြေအနေကို ဆန်းစစ်ကြည့်လိုက်သည်။ တစ်ချိန်က ပျက်စီးကြေမွပြီး ဖရိုဖရဲ ဖြစ်နေခဲ့သော သွေးကြောမကြီးများသည် ယခုအခါ လုံးဝဥဿုံ သန့်စင်သွားခဲ့ပြီး ငြိမ်သက်လျက် ရှိနေခဲ့၏။ နှစ်နှစ်နီးပါးခန့်တိုင်အောင် သူမ၏ ခန္ဓာကိုယ်အတွင်း ပိတ်ဆို့နေခဲ့သော ချီစွမ်းအင် အကြွင်းအကျန်တို့သည်လည်း မည်သည့် အရိပ်အယောင်မျှမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ စိတ်ကူးတစ်ခုတည်းဖြင့်ပင်၊ အချိန်အတော်ကြာအောင် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သော ချီစွမ်းအင်များသည် သွေးကြောများအတွင်း ထစ်ငေါ့ခြင်းမရှိဘဲ ချောမွေ့စွာ စတင်စီးဆင်းသွားခဲ့တော့၏။
“အာ့....”
သွေးကြောများအတွင်းမှ စူးရှသော နာကျင်မှုတစ်ခု ဖြတ်သန်းသွားခြင်းကြောင့် ညည်းတွားသံတစ်ချက် ထွက်ပေါ်သွားခဲ့ရသည်။ သို့သော် ထိုနာကျင်မှုများရှိနေလင့်ကစား သူမ၏ နှလုံးသားတစ်ခုလုံးမှာမူ အတိုင်းအဆမဲ့သော ဝမ်းမြောက်မှုတို့ဖြင့် ပြည့်လျှံသွားခဲ့ရ၏။
“တကယ်ပဲ.... တကယ်ပဲ ပျောက်သွားခဲ့ပြီ.... ငါ့ရဲ့ ဒန်ထျန်း ပြန်တည်ဆောက်လို့ ပြီးသွားပြီပဲ.... ငါ ချီစွမ်းအင်တွေကို ပြန်ပြီး စုပ်ယူလို့ ရနေပြီ.... ငါ ကျင့်ကြံခြင်းကို ပြန်လုပ်လို့ ရပြီပဲ.... လော့ချန် ငါ့ကို မလိမ်ခဲ့ဘူး....”
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခံစားခဲ့ရသမျှသော ဆင်းရဲဒုက္ခအားလုံးသည် သူမ၏ စိတ်အာရုံထဲသို့ တစ်ပြိုင်နက်တည်း တိုးဝင်လာခဲ့ရာ သူမအနေဖြင့် စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။ သူမ၏ မျက်ဝန်းအစုံတွင် မျက်ရည်များ လဲ့လာခဲ့ပြီး စီးကျလုမတတ် ဖြစ်လာခဲ့သည်။ သို့သော် အနာဂတ်ကို တွေးတောမိသောအခါ သူမ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး တောက်ပသော အပြုံးတစ်ခုကို ဖန်တီးလိုက်တော့၏။
“ဒုက္ခပြီးရင် သုခလာတာပဲ....”
သူမ ရယ်မောရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ငါ ဘာလို့ ငိုနေရမှာလဲ.... သူ ငါငိုနေတာကို မြင်ချင်မှာ မဟုတ်ဘူး....”
သူမ ကုတင်ထက်မှ ဆင်းလိုက်ပြီး ဝတ်စုံကို လျင်မြန်စွာ လဲလှယ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးသွက်လက်ပြီး ကျော့ရှင်းလှပေသည်။
ဧည့်ခန်းအတွင်း၌….။
လော့ချန်သည် သူမ နိုးလာကတည်းက သတိပြုမိခဲ့သော်လည်း သူမထံသို့ ချက်ချင်း သွားရောက်ခြင်း မရှိခဲ့ပေ။ စိတ်တည်ငြိမ်သွားအောင် အချိန်အနည်းငယ် ပေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ လူသားဟူသည် တစ်ခါတစ်ရံတွင် မိမိ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်ရန်အတွက် ကိုယ်ပိုင်အချိန် အနည်းငယ် လိုအပ်တတ်စမြဲ ဖြစ်၏။
မကြာမီမှာပင် လန်းဆန်းတက်ကြွနေသော ကူချိုင်ယီသည် အခန်းအတွင်းမှ လှမ်းထွက်လာခဲ့တော့သည်။ သူမသည် အဝတ်အစားသစ်များ လဲလှယ်ကာ ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားသည်။ လွန်ခဲ့သော နှစ်များက ခြောက်သွေ့နေခဲ့သော ဆံကေသာများသည် ခြောက်လကြာ ပြုစုစောင့်ရှောက်မှုအောက်တွင် နက်မှောင် တောက်ပသော အရောင်အဝါများ ပြန်လည် ရရှိလာခဲ့ပြီး ခါးအထိ ရေတံခွန်အလား လှပစွာ ဝဲကျနေ၏။ ပိန်လှီနေသော ပါးပြင်လေးများသည်လည်း နီမြန်းဖြူဝင်းလာပြီး နုပျိုမှု အပြည့် ရှိနေသည်။
သူမ သူ့ရှေ့တွင် ရပ်ကာ ပြုံးနေခဲ့သည်။
လော့ချန် ပြုံးလျက် ခေါင်းခါလိုက်ရင်း
“အမြဲ လှနေတော့တာပဲ....”
သူ လက်ကို ဆန့်ထုတ်လိုက်ရာ သူမ သူ၏လက်ကို လှမ်းကိုင်လိုက်ပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။
“နောက်လာမယ့် ၆ လအတွင်းမှာ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာဖို့ကိုပဲ အဓိက အာရုံစိုက်.... ပြီးတော့ ချီသန့်စင်အထွတ်အထိပ်ကို ပြန်ရောက်အောင်လုပ်.... မင်း အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ အခြေတည်အဆင့်ကို တက်လှမ်းနိုင်ဖို့ ငါကိုယ်တိုင် ဘေးကနေ လမ်းညွှန်ပေးမယ်....”
“အင်း....”
“ဒါပေမဲ့ ဒီအချိန်အတွင်းမှာ ဘာမှမလုပ်ဘဲ နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး.... ရွှေနန်းဆောင်ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှောင်ယွဲ့နဲ့ ဆက်သွယ်ပြီး သူမကို ကူညီ စောင့်ရှောက်ပေးလိုက်ပါ….”
“အင်း....”
“ငါ မင်းကို မသနားလို့ မဟုတ်ပါဘူး…. ဒါပေမဲ့ အခုက အေးချမ်းတဲ့ အချိန်ကာလ မဟုတ်လို့ပါ.... ငါကိုယ်တိုင်လည်း ရေခဲခံတပ်အတွက် နေ့တိုင်း ဆေးလုံးတွေ ဖော်စပ်ပေးနေရတယ်.... အားလုံးက ကိုယ်စီ အလုပ်များနေကြတာ”
“အင်း....”
လိမ္မာယဉ်ကျေးနေသော ကူချိုင်ယီကို ကြည့်ရင်း လော့ချန် သက်ပြင်းချကာ ရယ်မောလိုက်တော့သည်။
"ဒီလို မလုပ်ပါနဲ့…. ရောဂါပျောက်သွားတာနဲ့ လူက ဘာလို့ ကလေးလို ဖြစ်သွားရတာလဲ"
ကူချိုင်ယီသည် ဧည့်ခန်းထဲတွင် စာဖတ်နေသော ပိုင်မေလင်း ရှိနေသည်ကို ဂရုမစိုက်ဘဲ လော့ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။ သူမ တိုးတိုးလေး ဆိုသည်။
“နောက်ဆို ရှင် ဘာပဲပြောပြော ကျွန်မ အကုန်နားထောင်ပါ့မယ်....”
“တကယ်လား....”
“တကယ်ပေါ့....”
“ကောင်းပြီလေ၊ ခဏနေရင် စီမာဟွေ့နန် လာလိမ့်မယ်.... သူစိမ်းတွေလို ပြုမူမနေနဲ့၊ သေသေချာချာ နှုတ်ဆက်လိုက်ဦး....”
ကူချိုင်ယီ သူ၏ ရင်ခွင်ထဲမှ ခေါင်းမော့လာပြီး သူ့အား စိုက်ကြည့်လာသည်။ သေသေချာချာ ဖြီးသင်ထားခဲ့သော ဆံနွယ်များသည် ယခုအခါတွင်မူ ငှက်သိုက်တစ်ခုကဲ့သို့ ဖရိုဖရဲ ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
လော့ချန် သက်ပြင်းတစ်ချက် ချလိုက်ရင်း
“သူမက မင်းအပေါ် ကောင်းရှာပါတယ်.... ဘာလို့ ရန်သူလို ဆက်ဆံနေရတာလဲ”
“သိပ်စိတ်ရှုပ်စရာ ကောင်းတာပဲ....”
သူမ အပြစ်တင်စကား ဆိုလိုက်ရင်း သူ၏ ပုခုံးကို ခပ်ဖွဖွ ထုရိုက်လိုက်ပြီးနောက် ပိုင်မေလင်းရှိရာသို့ လျင်မြန်စွာ လျှောက်သွားခဲ့တော့သည်။ ထို့နောက် သူငယ်ချင်း နှစ်ဦးသား ဟင်းချက်နည်း စာအုပ်တစ်အုပ်ကို အတူတူ လေ့လာနေကြတော့သည်။
နှစ်ပေါင်းများစွာတိုင်အောင် ပိုင်မေလင်းသည် လော့ချန်၏ အစားအသောက်နှင့် နေ့စဉ်ဘဝ ဝေယျာဝစ္စများကို တာဝန်ယူခဲ့ရသူ ဖြစ်ရာ၊ သူမ၏ ဟင်းချက်စွမ်းရည်က အလွန်ကောင်းမွန်လှသော်လည်း စနစ်တကျ သင်ယူထားခဲ့ခြင်းမျိုး မဟုတ်ချေ။ မကြာသေးမီက၊ စီမာဟွေ့နန်သည် ဝိညာဉ်အစားအစာများနှင့် သက်ဆိုင်သော ဟင်းချက်နည်း စာအုပ်တစ်အုပ်ကို လူလွှတ်၍ ပို့ပေးခဲ့သည်။ အကယ်၍ ပိုင်မေလင်းအနေဖြင့် ဝိညာဉ်အစားအစာ ချက်ပြုတ်နည်း အချို့ကို တတ်မြောက်သွားပါက သူမသည် ကျင့်ကြံခြင်း အတတ်ပညာတစ်ခု ဖြစ်သော ဝိညာဉ်စားတော်ကဲ တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်၏။ နောက်နောင်တွင် လော့ချန်အတွက် ပိုမိုအရသာရှိပြီး ချီစွမ်းအင်များ ပိုမို ပြည့်ဝသော အစားအစာများကို ပြင်ဆင်ပေးနိုင်မည် ဖြစ်သည်။
သူငယ်ချင်းမနှစ်ဦး အတူတကွ အလုပ်ရှုပ်နေကြသည်ကို သူ ကြည့်နေမိသည်။ ကူချိုင်ယီသည် ရံဖန်ရံခါတွင် သူ့ဘက်သို့ လှည့်၍ မျက်စောင်းထိုးနေသည်ကို မြင်ရသဖြင့် သူ ရယ်မောကာ ခေါင်းခါလိုက်မိတော့သည်။
"မိန်းမတွေများနော်"
....
နေဝင်ဆည်းဆာ အချိန်သို့ ရောက်ရှိသောအခါ စီမာဟွေ့နန် ရောက်ရှိလာခဲ့၏။ သူမသည် လော့ထျန်းအဖွဲ့၏ တစ်နေ့တာ ဝေယျာဝစ္စများနှင့် ကိစ္စရပ်အားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပြီးမှသာ ဤနေရာသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်မူ သူမ ဤကဲ့သို့ မကြာခဏ လာရောက်လေ့မရှိသော်လည်း၊ လွန်ခဲ့သော ခြောက်လခန့်က ဝမ်ယွမ်နှင့် အခြားသူများကို မိုးကြိုးတောင်တန်း စစ်မြေပြင်သို့ စေလွှတ်လိုက်ကတည်းက၊ သူမ၏ လာရောက်မှုများက ပိုမိုစိတ်လာခဲ့သည်။
သို့သော်ငြားလည်း ၎င်းက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မဟုတ်ချေ။ သူမ လာရောက်ရခြင်းမှာ စုဆောင်းရရှိထားသော နောက်ဆုံးရ သတင်းအချက်အလက်များနှင့် ထောက်လှမ်းရေးအစီရင်ခံစာများကို ပေးပို့ရန်အတွက်သာ ဖြစ်သည်။ ယခင်က သတင်းအချက်အလက် နောက်ကျမှုကြောင့် လော့ချန်အနေဖြင့် ကရုဏာမဲ့နတ်သမီးနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ ပြင်ဆင်ခွင့်မရခဲ့ဘဲ နာကျင်ဖွယ်ရာ သင်ခန်းစာကို ရရှိခဲ့ဖူးသည်။ ယခုအခါ လော့ထျန်းအဖွဲ့၏ လော့ဝမ် (ထောက်လှမ်းရေးအဖွဲ့၏ နာမည်ဝှက်) သည် သတင်းအချက်အလက်များကို ပုံမှန်စုဆောင်း၊ စီစစ်ပြီး လော့ချန်နှင့် စီမာဟွေ့နန် နှစ်ဦးစလုံးထံသို့ အစီရင်ခံတင်ပြလေ့ ရှိသည်။ သတင်းများက အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သိရှိထားခြင်းက မသိရှိထားခြင်းထက် ပို၍ ကောင်းမွန်ပေသည်။
နေဝင်ရိုးရီ အချိန်တွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးသည် သစ်ပင်ကြီးအောက်တွင် ယှဉ်တွဲရပ်ကာ ဝေးလံသော နေရာမှ နေဝင်ချိန်ကို ကြည့်ရှုနေကြသည်။ စီမာဟွေ့နန်က စတင်၍ စကားဆိုလိုက်၏။
“ဒီနေ့ပဲ ရွှီဟွမ်ကျန်းဆီကနေ လင်းယုန်သဝဏ်လွှာ ရောက်လာခဲ့တယ်.... ချန်ချင်အနွယ်က ရေခဲခံတပ်မှာ တကယ်ပဲ ချောင်ထိုးခံထားရတာ.... သူတို့ တာဝန်ကျတဲ့ နေရာက ပိုပြီး အန္တရာယ်များတဲ့ ဓူဝံတောင်ရဲ့ အပြင်ဘက် နယ်မြေ ဖြစ်နေတယ်.... ဒါပေမဲ့ ထန်ထိုက်ကျင်းကတော့ ကတိတည်ခဲ့ပါတယ်.... လော့ထျန်းအဖွဲ့ကိုတော့ အန္တရာယ်များတဲ့ ကင်းထောက်တာဝန်၊ တိုက်ပွဲတာဝန်တွေအစား အတော်လေး ဘေးကင်းတဲ့ တောင်စောင့်တာဝန်ကိုပဲ ပေးထားခဲ့တယ်”
သူမ ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ လော့ချန်အား တစ်ချက် ကြည့်လိုက်သည်။
“စာထဲမှာ ရွှီဟွမ်ကျန်းက တိမ်ပြိုဂိုဏ်းဘက်က ထောက်ပံ့တဲ့ အရင်းအမြစ်တွေက သိပ်နည်းတယ်လို့ ပြောထားတယ်.... တကယ်လို့ သူတို့အနေနဲ့ အဲ့နယ်မြေကို စိတ်ချရအောင် ကာကွယ်ချင်တယ်ဆိုရင် သင့်တော်တဲ့ အစီအရင်တွေ လိုအပ်လိမ့်မယ်.... ဒါကြောင့် ကျွန်မ မင်လုံယွီကို စစ်ကူလွှတ်ပေးလိုက်ရင် ကောင်းမလားလို့ တွေးနေတာ.... ရှင်ကော ဘယ်လိုထင်လဲ....”
လော့ချန် မျက်မှောင်ကြုတ်လိုက်မိ၏။ မိုးကြိုးတောင်တန်းဟူသည် စစ်မြေပြင်၏ ဗဟိုချက်မ ဖြစ်ပေသည်။ ၎င်းက လက်မမလွတ် တိုက်ခိုက်နေရသော စစ်တလင်းကြီးတစ်ခု မဟုတ်သေးလျှင်ပင် ထိပ်သီးဂိုဏ်းကြီးနှစ်ခုက အာဏာလုပွဲအတွက် အပြင်းအထန် အားပြိုင်နေကြသော နေရာတစ်ခု ဖြစ်သည်။
‘တိမ်ပြိုဂိုဏ်းက သူတို့ရဲ့ မဟာမိတ်တွေအတွက် အစီအရင်တွေတောင် မထောက်ပံ့ပေးဘူးလား....’
“တခြား လက်အောက်ခံ အဖွဲ့အစည်းတွေကော ဘာထူးလဲ....” ဟု သူ မေးမြန်းလိုက်သည်။
စီမာဟွေ့နန်က ခေါင်းကို ခါယမ်းလိုက်ရင်း....
“သူတို့က ကမန်းကတန်း သွားခဲ့ရတာဆိုတော့ သူတို့ လုပ်နိုင်ခဲ့တဲ့ အစီအရင်တွေက ပထမအဆင့်တွေပဲ ရှိသေးတယ်.... ပြီးတော့ မိုးကြိုးတောင်တန်းရဲ့ မြေမျက်နှာသွင်ပြင်က သိပ်ထူးဆန်းလှတယ်.... အဲဒီမှာ ပြင်းထန်တဲ့ မိုးကြိုးစွမ်းအင်တွေ ရှိနေတာကြောင့် သာမန်အစီအရင်တွေက ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းလောက်ပဲ စွမ်းအား ထုတ်နိုင်ကြတယ်”
‘၁၀ ရာခိုင်နှုန်းလား.... ဒါက ဘာမှမရှိသလောက်ပဲ မဟုတ်လား....’
လော့ချန်သည် သူမ ဘာကို ဆိုလိုနေကြောင်း နားလည်သွားခဲ့၏။ သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် အစီအရင်ဗန်းများ၊ အလံများကို အသုံးပြု၍ အခြေခံအစီအရင်များကိုသာ ဖန်တီးနိုင်စွမ်း ရှိကြသည်။ ဤကဲ့သို့သော အစီအရင်များသည် ပြောင်းလဲလွယ်ခြင်းမရှိဘဲ ခိုင်မာလှရာ ၎င်းတို့ကို သာမန်အားဖြင့် အစီအရင်အသေဟု ခေါ်ဆိုကြ၏။ မင်လုံယွီကဲ့သို့သော အစီအရင်ဆရာကြီးတစ်ဦး သို့မဟုတ် ကွယ်လွန်သွားခဲ့ပြီဖြစ်သော နတ်တစ္ဆေတောင်ကြားဂိုဏ်း၏ ဘိုးဘေးကဲ့သို့သော ပုဂ္ဂိုလ်မျိုးသာလျှင် မြေမျက်နှာသွင်ပြင်ကို ဆန်းစစ်ကာ ပတ်ဝန်းကျင်နှင့်အညီ လိုက်လျောညီထွေစွာ တုံ့ပြန်နိုင်သော အစီအရင်အရှင်ကို ချမှတ်နိုင်စွမ်း ရှိကြသည်။
မိုးကြိုးတောင်တန်းသည် ပထဝီဝင် အခြေအနေ ထူးဆန်းသောကြောင့် လူတိုင်း ကြိုတင် ပြင်ဆင်ထားပြီး ယူဆောင်လာခဲ့သော အစီအရင်ကိရိယာများပင်လျှင် အသုံးမဝင် ဖြစ်နေခဲ့ရ၏။ ရိုးရိုးရှင်းရှင်း ပြောရလျှင်၊ လူတိုင်းက မည်သည့်အကာအကွယ်မျှမရှိဘဲ စစ်မြေပြင်သို့ ဝင်ရောက်နေကြရခြင်း ဖြစ်သည်။ တိုက်ခိုက်သည်ဖြစ်စေ၊ တိုက်ခိုက်ခြင်း ခံရသည်ဖြစ်စေ၊ ရန်သူ၏ ဓားသွားများအောက်တွင် လုံးဝ ဥဿုံ လုံခြုံမှုမရှိဘဲ ဖြစ်နေခဲ့ရ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍ မင်လုံယွီကိုယ်တိုင် သွားရောက်မည်ဆိုပါက အလွန် ကြီးမားသော အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။
လော့ချန် ခဏမျှ တွေးတောလိုက်ပြီးနောက်
“မင်လုံယွီ သွားလို့ရပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး....”
စီမာဟွေ့နန် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
“အဲဒီက အခြေအနေက အရမ်း ဖရိုဖရဲ ဖြစ်နေသေးတယ်.... သွားလာရတာက အန္တရာယ်များလှပြီး၊ အချိန်မရွေး ခြုံခိုတိုက်ခိုက်တာ ခံရနိုင်တယ်.... တကယ်လို့ မင်လုံယွီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒါက လော့ထျန်းအဖွဲ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မယ်.... အခြေအနေတွေ ပြန်တည်ငြိမ်သွားတဲ့အထိ စောင့်ပြီးမှ၊ တပ်ဖွဲ့ လူလဲမယ့် အချိန်မှာ တခြားသူတွေနဲ့အတူ သွားတာ အကောင်းဆုံးပဲ”
စီမာဟွေ့နန် ထိုစကားကို ထပ်မံ ရေရွတ်လိုက်ရင်း....
“တပ်ဖွဲ့ လူလဲမယ် ဟုတ်လား....”
“အင်း.... အစ်ကိုဝမ်တို့ကို စစ်မျက်နှာပြင်မှာ အမြဲထားလို့မရဘူး.... အချိန်တန်ရင် ငါတို့ရဲ့ တခြားအခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ လူလဲပေးရမယ်.... ဒါမှ တရားမျှတမှာပေါ့....”
ထိုရှင်းပြချက်ကို ကြားရသောအခါ စီမာဟွေ့နန် နားလည်သဘောပေါက်သွားခဲ့တော့သည်။
လော့ချန် ထိုအကြောင်းအရာကို ဆက်၍ မပြောတော့သော်လည်း သူ၏ နှလုံးသားထဲတွင်မူ အတွေးတစ်ခုက တိတ်ဆိတ်စွာ ကျန်ရစ်နေခဲ့၏။
‘လိုအပ်လာရင် ငါကိုယ်တိုင် သွားရမယ်....’
ရုတ်တရက် စီမာဟွေ့နန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်.... ဒါကို ကျွန်မတစ်ယောက်တည်း မဆုံးဖြတ်ချင်တာကြောင့်၊ ရှင့်ကို လာမေးတာပါ....”
လော့ချန် သူမဘက်သို့ လှည့်လိုက်ရင်း....
“ပြောပါဦး....”
သူမ အနည်းငယ် စိုးရိမ်တကြီးဖြင့် ဆိုလိုက်၏။
“လော့ဝမ်နဲ့ ရွှေနန်းဆောင်က ရရှိတဲ့ သတင်းတွေအရ၊ နဂါးတောင်ရိုးရဲ့ ကျန်းမျိုးနွယ်စုက လူအတော်များများဟာ စစ်မြေပြင်ကို ဆင့်ခေါ်ခြင်း ခံထားရတယ်.... သူတို့ရဲ့ ဆေးလုံးလုပ်ငန်းကလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီ.... ကျွန်မတို့ ဒီအခွင့်အရေးကို အသုံးချပြီးတော့....”
“မလုပ်နဲ့ဦး.... လောလောဆယ် ဘာမှမလုပ်နဲ့ဦး...”
လော့ချန် ခေါင်းကို ပြတ်သားစွာ ခါယမ်းလိုက်သည်။
“ကျန်းမျိုးနွယ်စုတစ်ခုတည်း မဟုတ်ဘူး.... ငါတို့ရဲ့ ပြိုင်ဘက်တွေ လက်လွှတ်လိုက်ရတဲ့ ဘယ်စျေးကွက်ကိုမဆို၊ လောလောဆယ်တော့ သွားပြီး မထိပါနဲ့ဦး....”
သူ အသေးစိတ် ရှင်းပြခြင်း မရှိသော်လည်း စီမာဟွေ့နန်သည် သူ၏ အတွေးအမြင်ကို နားလည်သွားခဲ့ပြီး သူ ဘာကို စိုးရိမ်နေကြောင်းကိုလည်း အကြမ်းဖျင်း သိရှိသွားခဲ့သည်။
သူမ ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
“နားလည်ပါပြီ.... လောလောဆယ်တော့ ကျွန်မတို့ အခုရှိနေတဲ့ စျေးကွက်တွေကိုပဲ ဆက်ပြီး ထိန်းသိမ်းထားပါ့မယ်”
လော့ချန်သည် စီမာဟွေ့နန် အဘယ်ကြောင့် ဤအကြံပြုချက်ကို တင်ပြလာခဲ့ကြောင်း ကောင်းစွာ သိသည်။ ၎င်းက လောဘကြီးခြင်း သို့မဟုတ် အမြော်အမြင်နည်းပါးခြင်းကြောင့် မဟုတ်ချေ။ အဆုံးစွန်တွင်မူ ထျန်းလန်နတ်ဘုရားမြို့တော်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ ကျင့်ကြံသူ အမြောက်အမြားသည် စစ်မျက်နှာပြင်သို့ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ထိုအရာက နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော လူဦးရေ အရေအတွက်ကို လျော့နည်းသွားစေခဲ့ပြီး လူနည်းလာသည်နှင့်အမျှ စျေးကွက်များကလည်း ကျုံ့ဝင်သွားခဲ့ရ၏။
လော့ထျန်းအဖွဲ့အနေဖြင့် လက်ရှိလုပ်ငန်းပမာဏကို ဆက်လက်ထိန်းသိမ်းရန်ပင်လျှင် တဖြည်းဖြည်း ခက်ခဲလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် စီမာဟွေ့နန်သည် ထိုအဖွဲ့အစည်းအသေးစားလေးများ လက်လွှတ်လိုက်ရသော စျေးကွက်များကို မျက်စိကျလာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြားလည် ဤအရာများသည် ရေတိုအတွင်း သွားထိရန် အလွန်ပင် အန္တရာယ်များလှသည်။ ထိုအင်အားစုများ၏ နောက်ကွယ်တွင် ရှိနေသော အားကောင်းလှသည့် ဂိုဏ်းကြီးများကို သွားရောက်လှုံ့ဆော်သကဲ့သို့ ဖြစ်မဖြစ်ဆိုသည်ကို မည်သူမျှ မပြောနိုင်ချေ။
“အမှန်တော့၊ အခုအချိန်မှာ ကျောက်စိမ်းအိုးနယ်မြေထဲ စီးပွားရေးလုပ်ဖို့ အကောင်းဆုံးနေရာတွေက အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်က နတ်ဘုရားမြို့တော်တွေ မဟုတ်ဘူး....”
လော့ချန် လေးနက်စွာ ဆိုလိုက်၏။
စီမာဟွေ့နန် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့တော့သည်။ သူပြောနေသည်မှာ ရွှံ့နွံတော စစ်မြေပြင်နှင့် မိုးကြိုးတောင်တန်း စစ်မြေပြင်တို့ ဖြစ်ရပေမည်။ အဆုံးစွန်တွင်မူ၊ စစ်ပွဲထက် ပိုမို၍ အကျိုးအမြတ်များသော စီးပွားရေးဟူသည် မည်သည့်အရာ ရှိနိုင်ပါဦးမည်နည်း။ သို့သော်ငြားလည်း၊ ဤကဲ့သို့သော ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ရန်မှာမူ ရေရှည်စီမံကိန်းများ အသေအချာ လိုအပ်မည်မှာ အမှန်ပင် ဖြစ်၏။ သူမ ထိုအကြောင်းကို တိတ်ဆိတ်စွာ တွေးတောနေစဉ်မှာပင် နောက်ဘက်မှ သာယာနာပျော်ဖွယ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ညစာ အဆင်သင့်ဖြစ်ပါပြီ.... စီမံခန့်ခွဲရေးမှူးဟွေ့နန်လည်း တစ်ခါတည်း ညစာသုံးဆောင်သွားပါလား....”
ဟွေ့နန် လှည့်ကြည့်လိုက်သောအခါ ဂူဗိမာန်၏ ဝင်ပေါက်တွင် တည်ငြိမ်ကျော့ရှင်းစွာ ရပ်နေသော ကူချိုင်ယီကို မြင်တွေ့လိုက်ရ၏။ လော့ချန် မည်သည့်စကားမျှ မဆိုခဲ့သော်လည်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်မိသည်။
....
ညစာ စားချိန်တွင် လူသုံးဦးစလုံး စားရသောက်ရသည်မှာ အဆင်မပြေလှပေ။
ပထမအချက်မှာ မိစ္ဆာစားတော်ကဲလေး ပိုင်မေလင်းသည် ဝိညာဉ်အစားအစာ ချက်ပြုတ်နည်းကို စတင် သင်ယူနေဆဲ ဖြစ်သဖြင့် ဝိညာဉ်စွမ်းအင်များကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သော်လည်း အရသာမှာမူ အလွန်ပင် ဆိုးရွားနေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာမူ အမျိုးသမီး နှစ်ဦးသည် မျက်နှာချင်းဆိုင်ထိုင်ကာ ယဉ်ကျေးစွာ စားသောက်နေကြသော်လည်း စကားတစ်ခွန်းမျှ မပြောကြခြင်းကြောင့် ဖြစ်သည်။
သူတို့နှစ်ဦး၏အလယ်တွင် ထိုင်နေသော လော့ချန်သည် အစပိုင်းတွင် အလွန် ဝမ်းသာနေခဲ့သော်လည်း စကားအနည်းငယ် ပြောပြီးနောက် မည်သူမျှ ပြန်မပြောသဖြင့် ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ ညစာ စားပြီးနောက် စီမာဟွေ့နန် ပြန်သွားမှသာ သူ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။
မှန်ပေသည်။ အမျိုးသမီး နှစ်ဦးနှင့်အတူ ပျော်ရွှင်စွာ နေထိုင်နိုင်ရန်မှာ ဘယ်သောအခါမှ အဆင်ပြေနိုင်မည့် အရာမဟုတ်ချေ။ သူတို့နှစ်ဦးစလုံးကို ရန်မဖြစ်စေဘဲ ထမင်းစားပွဲတစ်ခုတည်းတွင် ငြိမ်းချမ်းစွာ အတူထိုင်စားနိုင်အောင် ပြုလုပ်နိုင်ခြင်းကပင် တော်လှပြီဖြစ်သည်။ သူတို့ကြားတွင် ရယ်မောသံများနှင့် ပေါ့ပါးသော စကားစမြည်ပြောသံများကို မျှော်လင့်နေခြင်းမှာမူ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
‘ဒါပေမဲ့ ဒါက ကောင်းမွန်တဲ့ အစပြုခြင်းတစ်ခုပဲ....’ ဟု သူ တွေးတောမိလိုက်၏။
မီးဖိုချောင်တွင် ခါးလေးကို ကိုင်းကာ ပန်းကန်ခွက်ယောက်များကို ဆေးကြောနေသော အမျိုးသမီး၏ နောက်ကျောကို ကြည့်ရင်း လော့ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ