အခန်း ၅၀၆
Vol. 51 Ch. 506
အခန်း (၅၀၆) - တတိယအဆင့် လှည့်စားခြင်းမှော်အတတ်
ကူချိုင်ယီ၏ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာသည်နှင့်အမျှ လော့ချန်တွင် ကိုယ်ပိုင်အချိန်များ ပိုထွက်လာတော့သည်။ ယခုအခါ သူ၏ ဆေးဖော်ပညာသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျောက်စိမ်းနှင်းစက်ဆေးလုံးနှင့် သွေးအဆီအနှစ်ဆေးလုံး များကို အားစိုက်ထုတ်ရန်ပင်မလိုဘဲ အလွယ်တကူ ဖော်စပ်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏အာရုံကို အခြားသောအရာများဆီသို့ လွှဲပြောင်းလိုက်တော့၏။
သူ အဓိကထားသည့် အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ကျွမ်းကျင်မှုအဆင့် တိုးတက်ရုံတင်မကဘဲ ကျင့်စဉ်၏ အနှစ်သာရကိုပါ နက်ရှိုင်းစွာ ထိုးထွင်းသိမြင်နိုင်ရန် အားထုတ်ခြင်းဖြစ်၏။ သူသည် ကျင့်စဉ်သင်ကြားရေးနန်းဆောင်တွင် သိမ်းဆည်းထားသော တွမ်မျိုးနွယ်စု၏ ‘လက်နက်ဖြင့် မှော်အတတ်ထုတ်ဖော်ခြင်း’ ကျမ်းစာများကို ထုတ်ယူကာ နေ့စဉ်နှင့်အမျှ လေ့လာဆန်းစစ်ပြီး ထိုစွမ်းရည်ကို တတ်မြောက်ရန် ကြိုးပမ်းခဲ့သည်။
ဒုတိယအချက်မှာ နတ်မိစ္ဆာနှလုံးသားကြေးမုံကို အသေးစိတ်လေ့လာခြင်း ဖြစ်၏။ အဆိုပါ မှော်ရတနာသည် ပျက်စီးယိုယွင်းနေသော်လည်း စွမ်းပကား အတော်များများ ကျန်ရှိနေသေးသည်။ သူ၏လက်ထဲတွင် အမည်းရောင်နယ်ရုပ် ရှိနေသဖြင့် ဤရတနာအား စူးစမ်းရသည်မှာ အန္တရာယ်ကင်းသည်ဟု ဆိုနိုင်သော်လည်း လုံးဝစိတ်ချရသည့် အခြေအနေတော့မဟုတ်ပေ။
လော့ချန်သည် ရက်အနည်းငယ်လျှင် တစ်ကြိမ် နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ မိစ္ဆာမျက်လှည့်နယ်မြေထဲသို့ ဆွဲသွင်းခြင်း ခံရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ခဏမျှသာ စိတ်လွင့်သွားတတ်သော်လည်း၊ အချို့အကြိမ်များတွင်မူ နှစ်ရက် သို့မဟုတ် သုံးရက်တိုင်တိုင် သတိမေ့မြောနေတတ်၏။ သတိပြန်ရလာသည့် အခါတိုင်းတွင်လည်း နက်ရှိုင်းလှသော အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသကဲ့သို့ မျက်ဝန်းများ ဝေဝါးကာ မိန်းမောတွေဝေနေတတ်သဖြင့် ကူချိုင်ယီနှင့် ပိုင်မေလင်းတို့မှာ အကြီးအကျယ် ထိတ်လန့်ပူပန်နေကြရရှာသည်။
မွန်းလွဲပိုင်းတစ်ရက်တွင်မူ ကူချိုင်ယီ မနေနိုင်တော့ဘဲ စိုးရိမ်တကြီးဖြင့် မေးမြန်းရှာသည်။
“လော့ချန်.... ရှင် တကယ်ပဲ အဆင်ပြေရဲ့လား....”
သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အတိုင်းသား ရှိနေသည်ကို မြင်လျှင် လော့ချန်သည် နောက်ဆုံးမိစ္ဆာကမ္ဘာ၏ ရိုက်ခတ်မှုကြောင့် အာရုံဝေဝါးနေဆဲဖြစ်သော်လည်း စိတ်ကိုအမြန်စုစည်းကာ လက်ခါပြလိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"စိတ်ချပါ၊ ငါ ဒီရတနာကို ထိန်းချုပ်နိုင်မယ့် ဖြတ်လမ်းကို ရှာတွေ့သွားပြီ"
ကူချိုင်ယီက မျက်မှောင်ကြုတ်လျက်
“ဖြတ်လမ်းဟုတ်လား.... မှော်ရတနာကို ထိန်းချုပ်ဖို့ ဖြတ်လမ်း ရှိလို့လား"
လော့ချန်က ခေါင်းညိတ်လိုက်ပြီး
“ဒီနတ်မိစ္ဆာနှလုံးသားကြေးမုံဆိုတာ နတ်တစ္ဆေတောင်ကြားဂိုဏ်းရဲ့ တောင်စောင့်ရတနာတစ်ခုပဲ၊ ဒါဟာ တကယ်တော့ အစီအရင်အတတ်နဲ့ မိစ္ဆာမျက်လှည့်ပညာရပ်တွေကို ပေါင်းစပ်ထားတာ၊ ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်အသိကို ဖန်တီးထားတဲ့ ကမ္ဘာထဲ ဆွဲသွင်းဖို့အတွက်ပဲ၊ ဒါကို ထိန်းချုပ်ချင်ရင် အစီအရင်အတတ်မှာ အထွတ်အထိပ် ရောက်နေရမယ်၊ ဒါမှမဟုတ်ရင်လည်း ဒီမှန်နဲ့ ကိုက်ညီတဲ့ လှည့်စားခြင်းပညာရပ်ကို တတ်မြောက်ထားရမယ်၊ ဒီရတနာရဲ့ အဓိကအနှစ်သာရက လရိပ်လို့ခေါ်တဲ့ တတိယအဆင့် လှည့်စားခြင်းပညာရပ်ပဲ”
ကူချိုင်ယီ စိတ်ဝင်စားသွားကာ နှုတ်မှ လွှတ်ခနဲ မေးမိသည်။
“နေပါဦး.... ရှင်က လရိပ်ပညာရပ်ကို တတ်ထားတာပေါ့....”
“မတတ်သေးဘူး…. ဒါပေမဲ့ ငါ့ဆီမှာ မူရင်းကျမ်းစာ ရှိတယ်၊ လေ့လာလို့ရတာပဲ”
‘တတိယအဆင့် လှည့်စားခြင်းမှော်အတတ်ရဲ့ မူရင်းကျမ်းစာတောင် ရှိနေတာလား’
ကူချိုင်ယီတစ်ယောက် အံ့အားသင့်နေစဉ်မှာပင် ဘေးနားရှိ ပိုင်မေလင်းက ပြုံးစိစိဖြင့် ဝင်ပြောသည်။
“ချိုင်ယီ.... ငါလည်း လရိပ်ပညာရပ်ကို သိတယ်နော်....”
လော့ချန်ကမူ ပြုံးရုံသာပြုံးပြီး ထပ်မံရှင်းမပြတော့ပေ။ သူ၏လက်ထဲတွင် ထိုကျမ်းစာ ရှိနေသည်မှာ အမှန်ပင်ဖြစ်ပြီး၊ ထိုအရာသည် အခြားမဟုတ်ဘဲ နတ်မိစ္ဆာလျှို့ဝှက်မှတ်တမ်းထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် မကောင်းဆိုးဝါးများနှင့် ပြင်းထန်သော ဝိညာဉ်များသည် လူသားတို့၏ အသိဉာဏ်ကို မူးဝေစေကာ စိတ်ဝိညာဉ်ကို လှည့်စားပြီး လမ်းမှားသို့ ပို့ဆောင်တတ်ကြသည်။ ထို့ကြောင့် တတိယအဆင့် မိစ္ဆာကျင့်ကြံသူများ၏ အဓိကကျမ်းစာထဲတွင် လှည့်စားခြင်းနှင့် မိစ္ဆာမျက်လှည့်အတတ်များ ပါဝင်နေသည်မှာ မဆန်းပေ။ ထိုအထဲတွင် လရိပ် ပညာရပ်လည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း ၎င်းသည် တတိယအဆင့် အတတ်ပညာဖြစ်သဖြင့် ကျင့်ကြံရန် အလွန်ခက်ခဲလှသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤပညာရပ်ကို စတင်လေ့လာရန်အတွက် ဦးစွာပထမ ဒုတိယအဆင့် ပညာရပ်သုံးခုကို ကျွမ်းကျင်အောင် တတ်မြောက်ထားရမည် ဖြစ်၏။
လော့ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ဒါဟာ မြေပြိုမှော်အတတ်လိုပဲ၊ မတူညီတဲ့ ပညာရပ်တွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားတာပဲ၊ စွမ်းအားက ဒီလောက်အထိ ကြီးမားနေတာ မဆန်းပါဘူး....’
လရိပ်မှော်အတတ်အား အသုံးပြုနိုင်ရန်အတွက် ဒုတိယအဆင့် ရေဓာတ်မှော်အတတ်ဖြစ်သော ရေမှန်မှော်အတတ်၊ ဒုတိယအဆင့် သစ်သားဓာတ်မှော်အတတ်ဖြစ်သော ပန်းနတ်သမီးမှော်အတတ်နှင့် ဝိညာဉ်အသိစိတ်ကို လှည့်စားနိုင်သော စိတ်ညှို့မှော်အတတ် တို့ကို တတ်မြောက်ထားရန် လိုအပ်သည်။ ထိုသုံးခုကို ပေါင်းစပ်နိုင်မှသာ လရိပ်ကို အသက်သွင်းနိုင်ပြီး ရန်သူကို ပုံရိပ်ယောင်ထဲ ပိတ်လှောင်နိုင်မည် ဖြစ်၏။
လော့ချန်၏ ရည်ရွယ်ချက်မှာ အစွမ်းထက်လှသော လှည့်စားခြင်းမှော်အတတ်တစ်ခုကို တတ်မြောက်ရန် မဟုတ်ဘဲ၊ နတ်မိစ္ဆာနှလုံးသားကြေးမုံကို ထိန်းချုပ်နိုင်ရန်အတွက်သာ ဤပညာရပ်ကို အသုံးချလိုခြင်းဖြစ်သည်။ သို့ဖြစ်၍ အလွန်တရာ ကျွမ်းကျင်နေရန် မလိုဘဲ အခြေခံအဆင့်မျှ တတ်မြောက်ရုံဖြင့် လုံလောက်ပေသည်။
အခြေခံမှော်အတတ် သုံးခုကို လေ့လာရသည်မှာမူ သူ့အတွက် အလွန်အမင်း မခက်ခဲလှပေ။ ရေမှန်မှော်အတတ်သည် အခြေတည်အဆင့် ကျင့်ကြံသူအများစု သင်ယူလေ့ရှိကြသော အထောက်အကူပညာရပ်တစ်ခု ဖြစ်သည်။ အခြေတည်အဆင့် ရောက်ရှိပြီးနောက် ကျင့်ကြံသူများသည် စိတ်ဝိညာဉ်အသိကို အပြင်သို့ ထုတ်လွှတ်နိုင်သော်လည်း မြင်ကွင်းများမှာ မှုန်ဝါးဝါးသာရှိပြီး အမြင်အာရုံထက်စာလျှင် အာရုံခံစားမှုမျှသာ ဖြစ်၏။ ထို့ကြောင့် ရေမှန်မှော်အတတ်ကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စိတ်ကူးပုံရိပ်အဖြစ် ထင်ရှားစွာ ဖော်ပြခြင်းသည် အလွန်အသုံးဝင်လှသည်။
လော့ချန်သည် အခြေတည်အဆင့်သို့ ရောက်ကတည်းက နတ်မျက်စိကြောင့် သာလွန်သောအမြင်အာရုံကို ရရှိထားပြီးဖြစ်ရာ ဤ ရေမှန်မှော်အတတ် အတတ်ကို သင်ယူရန် စိတ်မဝင်စားခဲ့ချေ။ သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကံကောင်းသည်မှာ ဤပညာရပ်ကို သင်ယူရသည်မှာ စိန်ခေါ်မှုကြီးကြီးမားမား မရှိခြင်းပင်။ ၎င်းကို ဒုတိယအဆင့်အဖြစ် သတ်မှတ်ထားရခြင်းမှာ စိတ်ဝိညာဉ်အသိ ထုတ်လွှတ်နိုင်စွမ်းရှိရန် လိုအပ်သောကြောင့်သာ ဖြစ်၏။ သစ်သားဓာတ်မှော်အတတ်ဖြစ်သော ပန်းနတ်သမီးမှော်အတတ်သည်လည်း သူ့အတွက် အခက်အခဲမရှိလှပေ။ နောက်ဆုံးဖြစ်သော စိတ်ညှို့မှော်အတတ်မှာမူ အနည်းငယ် ထူးဆန်းပြီး ဝိညာဉ်အသိစိတ်ကို အသုံးချခြင်း ဖြစ်သည်။ သို့သော် ဤအရာသည်လည်း လော့ချန်အတွက် အတားအဆီး မဖြစ်နိုင်ပေ။ အကြောင်းမှာ ၎င်းသည် သူ ကြာမြင့်စွာကတည်းက ကျွမ်းကျင်ထားခဲ့သော စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်နှင့် များစွာဆင်တူနေသောကြောင့် ဖြစ်သည်။ ကွာခြားချက်မှာ စိတ်ဝိညာဉ်ခြောက်ခြားခြင်းမှော်အတတ်သည် ရန်သူကို အတင်းအကျပ် ခြိမ်းခြောက်ခြင်း ဖြစ်ပြီး၊ စိတ်ညှို့မှော်အတတ်မှာမူ ပိုမိုနူးညံ့ကာ လှည့်စားဆွဲဆောင်ခြင်းကို အဓိကထားခြင်း ဖြစ်သည်။
နတ်မိစ္ဆာနှလုံးသားကြေးမုံ ကိုယ်တိုင်ကလည်း အစီအရင်နှင့် မိစ္ဆာမျက်လှည့်ဟူသော တောင်ပံနှစ်ဖက်ပေါ်တွင် အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်၏။ ရှုပ်ထွေးလှသော အစီအရင်မှတစ်ဆင့် ၎င်းသည် မှော်အတတ်၏ အစွမ်းကို အဆုံးစွန်ထိ မြှင့်တင်ပေးပြီး ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို ဆင်ခြင်တုံတရားနှင့် ကိုက်ညီသော ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲသို့ ဆွဲသွင်းလိုက်ခြင်းဖြစ်သည်။ ထိုစနစ်တစ်ခုလုံး၏ အဓိကအသက်သွေးကြောမှာလည်း လရိပ်ပင် ဖြစ်၏။
လော့ချန်သည် အစီအရင်ကို မကျွမ်းကျင်သော်လည်း ဗဟိုချက်ဖြစ်သော လှည့်စားခြင်းပညာရပ်ကို ထိန်းချုပ်ကာ ဤရတနာကို ဖြတ်လမ်းနည်းဖြင့် ပိုင်စိုးနိုင်မည် ဖြစ်သည်။ သူ အောင်မြင်သွားသည်နှင့် တပြိုင်နက် ပျက်စီးနေသော ဤမှော်ရတနာကို ကိုယ်တိုင်အသုံးပြုရုံတင်မကဘဲ အခြားသူများအပေါ်တွင်လည်း အသုံးချနိုင်တော့မည် ဖြစ်သည်။
....
ဤတတိယအဆင့် လှည့်စားခြင်းပညာရပ်ကို တတ်မြောက်ရန် သူ အချိန်အများကြီး မပေးလိုက်ရပေ။ မှော်အတတ်သုံးခုကို အခြေခံအဆင့် ရောက်ရှိသည်နှင့်တပြိုင်နက် ၎င်းတို့ကို စုစည်းကာ လရိပ်မှော်အတတ်ကို နှေးကွေးစွာဖြင့် အသက်သွင်းနိုင်ခဲ့သည်။ ရန်သူကို တိုက်ခိုက်ရန်အတွက် အသုံးမပြုနိုင်သေးသော်လည်း မိမိလူများအပေါ် အသုံးပြုရန်အတွက်မူ သူ့တွင် ထုတ်ဖော်ရန် အချိန်အလုံအလောက် ရှိပေသည်။
‘ငါ့ရဲ့ မှော်အတတ် ပါရမီကတော့ တကယ့်ကို ထူးခြားတာပဲ.... အခုဆိုရင် ဒုတိယအဆင့် မှော်အတတ်တွေက ငါ့အတွက် သိပ်လွယ်ကူနေပြီဖြစ်သလို၊ သင့်တော်တဲ့ ကျမ်းစာသာရှိရင် တတိယအဆင့် မှော်အတတ်တွေကလည်း စိန်ခေါ်မှုတစ်ခု မဟုတ်တော့ဘူး....’
ကျင့်ကြံအခန်းငယ်အတွင်း၌ လော့ချန်၏ လက်ချောင်းများသည် မုဒြာလက်ကွက်များကို တစ်ခုပြီးတစ်ခု ကျွမ်းကျင်စွာ ဖော်ဆောင်နေပြီး သူ၏ ချီစွမ်းအင်များမှာလည်း ရှုပ်ထွေးလှသော ပုံရိပ်များအဖြစ် စီးဆင်းနေကြသည်။ သူ၏ ရှေ့မှောက်တွင်မူ ကြေးနီမှန်တစ်ချပ်သည် လေထုထဲ၌ ငြိမ်သက်စွာ မျောလွင့်နေ၏။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်တွင်မူ အစီအရင်ပညာရပ်သည် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။ ကြေးနီမှန်ဆီမှ ဝါကျင့်ကျင့် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး သူ့အပေါ်သို့ ကျရောက်သွား၏။ တစ်ချိန်တည်းမှာပင် လော့ချန်၏ ရင်ဘတ်ဆီမှ အနက်ရောင်အလင်းတန်းတစ်ခု တိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ နောက်တစ်ခဏ၌ သူ၏ ပုံရိပ်သည် မှန်သားပြင်အတွင်း၌ ပေါ်လာခဲ့ပြီ ဖြစ်၏။
‘ဒါဟာ လရိပ်မှော်အတတ်ပဲ၊ ဒီရတနာကိုလည်း ငါ ထိန်းချုပ်နိုင်ပြီ၊ အခု ချိုင်ယီကို ကူညီဖို့ အချိန်တန်ပြီ....’
လော့ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
....
တစ်နှစ်ခွဲခန့် ကြာပြီးနောက် သူ၏ လမ်းညွှန်မှုအောက်တွင် ကူချိုင်ယီ အခြေတည်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
ထိုအတောအတွင်း မိုးကြိုးတောင်ကြား စစ်မြေပြင်၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဂိုဏ်းကြီးများသည် သူတို့၏ အမာခံ တပည့်ရင်းများကို စစ်ပွဲထဲသို့ ပိုမိုစေလွှတ်လာကြသည်။ ဘုရင်မပန်းဂိုဏ်း၏ ဘိုးဘေးဖြစ်သူ မက်မွန်ဘိုးဘေးပင်လျှင် စစ်မြေပြင်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုအခြေအနေကြောင့် ကျောက်စိမ်းအိုးနယ်မြေရှိ ဂိုဏ်းကြီးခုနစ်ခုစလုံး စစ်ပွဲထဲသို့ အလုံးစုံ ရောက်ရှိသွားခဲ့ကြသည်။ ဆိုလိုသည်မှာ စစ်မီးသည် ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးသို့ ကူးစက်သွားခဲ့ပြီဖြစ်ရာ အထက်လူကြီးများမှအစ အောက်ခြေလူတန်းစားအဆုံး မည်သူမျှ ရှောင်လွှဲ၍ ရနိုင်တော့မည်မဟုတ်ပေ။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်တို့ လော့ထျန်းအဖွဲ့ရဲ့ ခံတပ်စခန်းဟာ အကျအဆုံး များနေပါတယ်၊ စစ်ကူ အရေးတကြီး လိုအပ်နေပါတယ်....”
“ရေခဲခံတပ်ဘက်က ဘာပြောလဲ....”
“သူတို့ကိုယ်တိုင်တောင် ဗာဟီရတွေ များနေလို့ စစ်ကူမလွှတ်ပေးနိုင်ဘူးလို့ ပြောပါတယ်....”
“အော်.... အဲလိုလား....”
လော့ချန်သည် ခန်းမဆောင်ကြီး၏ အထက်ခုံတွင် ထိုင်နေရင်း မျက်ဝန်းများကို မှေးစင်းလိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် မိုးကြိုးတောင်ကြားဆီကို ငါကိုယ်တိုင်ပဲ သွားရတော့မှာပေါ့....”
ထိုသို့ပြောပြီးသည်နှင့် သူ ချက်ချင်း ထရပ်လိုက်တော့သည်။ ကူချိုင်ယီ အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် နှစ်အနည်းငယ် ကုန်လွန်ခဲ့ပြီဖြစ်ရာ ယခုအခါ သူကိုယ်တိုင်လည်း အခြေတည်အဆင့် (၇) သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ စစ်မှန်သော အဆင့်မြင့် ကျင့်ကြံသူကြီးတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည်။
သူ လေထဲသို့ ပျံသန်းထွက်ခွာသွားစဉ် အားကောင်းလှသော ချီစွမ်းအင် လှိုင်းလုံးကြီးများသည် လေထုကို ဖြတ်သန်းကာ ဝုန်းဒိုင်းကြဲ လှုပ်ခတ်သွားတော့၏
ပျံသန်းနေရင်း လော့ချန်၏ စိတ်အာရုံထဲတွင် အတွေးများစွာ ဗယောက်ဗယက် ဖြစ်နေသည်။
‘ငါ.... လော့ထျန်းအဖွဲ့ကို ဒီစစ်မီးနွံထဲကနေ ဘယ်လိုဆွဲထုတ်ရမလဲ.... အရာအားလုံး ပျက်စီးဆုံးရှုံးနေချိန်မှာ ငါတို့ရဲ့ အနာဂတ်ကို ဘယ်လိုထိန်းသိမ်းရမလဲ....’
သူ တွေးတောနေစဉ်မှာပင် မျက်မှောင်ကို ရုတ်တရက် ကြုတ်လိုက်မိပြီးနောက် ပြန်လည်ဖြေလျော့ကာ နှုတ်ခမ်းအစုံ၌ ခပ်ဖွဖွ အပြုံးတစ်ခု ပေါ်လာသည်။
‘ငါကိုယ်တိုင် ဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာထဲမှာ ငါကိုယ်တိုင် ပိတ်မိလုနီးပါး ဖြစ်သွားတာပဲ....’
သူ ပြုံးလျက် ဓားတစ်ချက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းသည် နီမြန်းနေပြီး အနက်ရောင်အဆင်းများ ရောယှက်နေကာ၊ ထိုအလင်းတန်းထဲတွင် နယ်ရုပ်တစ်ရုပ်၏ ပုံရိပ်သည် တရွေ့ရွေ့ ဆင်းသက်လာ၏။ ဓားအလင်း ကျရောက်သွားသည်နှင့်အမျှ သူ့ရှေ့မှ ဟာလာဟင်းလင်းပြင်ကြီးသည် ဖန်သားပြင်ကဲ့သို့ အလွှာလိုက် အလွှာလိုက် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ ဆန်းကြယ်လှသော လှိုင်းဂယက်များသည် ရေမျက်နှာပြင်ကဲ့သို့ အပြင်ဘက်သို့ ရိုက်ခတ်သွားပြီး လော့ချန်၏ ပုံရိပ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။
....
တိတ်ဆိတ်လှသော ကျင့်ကြံအခန်းငယ်ထဲဝယ်….။
လော့ချန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ လက်ကို ဆန့်ထုတ်လိုက်ရာ နတ်မိစ္ဆာနှလုံးသားကြေးမုံသည် သူ့လက်ထဲသို့ ကျရောက်လာ၏။ သူ၏မျက်နှာတွင်မူ မိန်းမောတွေဝေနေသော အမူအရာများ ကျန်ရှိနေဆဲ ဖြစ်သည်။
"ဒီပျက်စီးနေတဲ့ ရတနာကို ဘယ်နှစ်ကြိမ်ပဲ စမ်းသပ်စမ်းသပ်၊ အကြိမ်တိုင်းက ငါ့ကို အံ့သြစေတာပဲ"
ယခုလေးတင် သူသည် နတ်မိစ္ဆာနှလုံးသားကြေးမုံကို ထိန်းချုပ်ရန် လရိပ်မှော်အတတ်ကို အသက်သွင်းခဲ့သော်လည်း၊ နောက်ဆုံးတွင် မိမိကိုယ်ကိုယ်ပါ ထိုထဲသို့ ဆွဲသွင်းမိသွားခြင်း ဖြစ်သည်။ နောက်ထပ် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်တစ်ခုစာမျှရှိသော အိပ်မက်ဆိုးကြီးထဲတွင် ပိတ်မိနေလုနီးပါး ဖြစ်ခဲ့ရ၏။
လော့ချန် ခေါင်းကိုခါလိုက်ရင်း မှန်မျက်နှာပြင်ကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်နေမိသည်။ သူ၏ မျက်နှာတွင် နှမြောတသဖြစ်မှုများ စွန်းထင်နေ၏။ ထိုကဲ့သို့သော ပုံရိပ်ယောင်ကမ္ဘာသည် အမှန်ပင် မျက်တောင်တစ်ခတ်အတွင်း ရာစုနှစ်ပေါင်းများစွာကို ကုန်ဆုံးစေနိုင်သည်။ သူအကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးနောက် အမှန်တကယ်ပင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ သူ၏ စိတ်ဝိညာဉ် အခြေခံသည် အဆင့်မြင့် ချီလမ်းကြောင်းဆေးလုံးများကို နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် သောက်သုံးခဲ့သည်ထက်ပင် ပိုမိုကြီးထွားလာခဲ့၏။ လက်ရှိတွင် သူသည် အခြေတည်အဆင့် (၆) တွင်သာ ရှိသေးသော်လည်း၊ သူ၏ စိတ်ဝိညာဉ် စွမ်းအားသည် အဆင့်တူကျင့်ကြံသူအများစုကိုပင် သာလွန်နေပြီ ဖြစ်သည်။ ယခုအခါ သူသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်လုနီးပါးဖြစ်သော ထောင်ဝမ်ကဲ့သို့သော အစွမ်းထက်သူများနှင့်ပင် ခြေလှမ်းတစ်လှမ်းမျှသာ ကွာဝေးတော့သည်။
“နတ်မိစ္ဆာနှလုံးသားကြေးမုံကို အတင်းအဓမ္မ ဖြတ်ကျော်တိုင်း တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမြဲပဲ.... ဒါပေမဲ့ အကျိုးလည်း ရှိပါတယ်၊ စိတ်ဝိညာဉ်ရဲ့ ကြီးထွားလာမှုကတော့ တကယ့်ကို ကောင်းချီးတစ်ခုပဲ....”
လော့ချန် မှန်ကို သိမ်းဆည်းလိုက်သည်။
“ဒီရတနာက ဆန်းကြယ်လှပေမယ့် ခဏခဏတော့ သုံးလို့မရဘူး၊ ဒီအတိုင်းသာ ဆက်သွားရင် ငါ အဲဒီထဲမှာ လမ်းပျောက်ရင်း စိတ်ရူးပေါက်ပြီး စိတ်ဝိညာဉ်ပါ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလိမ့်မယ်....”
သူ အသက်ကို ပြင်းပြင်းရှူလိုက်ရင်း စိတ်ထဲ၌ ကျန်ရှိနေသော အာသာဆန္ဒများကို ဖြတ်တောက်လိုက်တော့သည်။ မကြာသေးမီက သူသည် အာရုံစူးစိုက်မှု ပိုမိုအားနည်းလာကာ အတွေးများ ဝေဝါးပြီး အမူအရာများ တုံ့ဆိုင်းနေခဲ့၏။ သူ၏ ဆေးဖော်လုပ်ငန်းတွင်ပင် မကြာခဏ ကျရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ ဤသည်မှာ သူ၏ ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက်လုံးတွင် ကြုံခဲလှသော အခြေအနေမျိုး ဖြစ်၏။
သူ့တွင် စနစ် ဟူသော ဘေးကင်းလုံခြုံရေး ဒိုင်းကာကြီးရှိနေသဖြင့် သူ၏ အောင်မြင်မှုနှုန်းသည် အမြဲတမ်း တည်ငြိမ်နေခဲ့သည်။ ဤကဲ့သို့ မျှော်လင့်မထားသော ကျရှုံးမှုများမှာ အခြားအကြောင်းပြချက်မရှိဘဲ နတ်မိစ္ဆာနှလုံးသားကြေးမုံကို အလွန်အမင်း အသုံးချမိခြင်းကြောင့်သာ ဖြစ်ရမည်။
“ငါတင်မကဘူး.... ငါ့လက်အောက်က ကျင့်ကြံသူတွေဆိုရင်လည်း ဒီမှန်ကို တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုမသုံးသင့်ဘူး၊ သူတို့က ဒီရတနာရဲ့ စွမ်းအားကို ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး”
ထိုရတနာကို အလွန်အမင်း သတိထား၍ ကိုင်တွယ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီးနောက်၊ လော့ချန် အခန်းတွင်းမှ ထွက်လာခဲ့ပြီး ပိုင်မေလင်းကို နှုတ်ဆက်ကာ ထျန်းလန်တောင်ထွတ်မှ ထွက်ခွာခဲ့တော့သည်။
သူ၏ ခရီးလမ်းသည် ကျောက်စိမ်းအိုးဓားနန်းဆောင်တည်ရှိရာ တိုက်ခိုက်ရေးစင်မြင့် ဖြစ်သည်။ ပုံမှန်အတိုင်း အလုပ်လုပ်နေကြသော ဓားဂိုဏ်းတပည့်များကို ကြည့်ရင်း သူ၏ မျက်မှောင်မှာ အလိုလို ကြုတ်သွားမိသည်။ ဤကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော စစ်ပွဲကြီးတွင် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် အဓိက ပါဝင်ပတ်သက်သူ ဖြစ်သော်လည်း စစ်မြေပြင်ပြင်ပတွင်မူ ဘာမှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်နေကြသည်။
“သူတို့က အနိုင်အရှုံးကို အလေးမထားကြတာလား”
ထိုမေးခွန်းအား ဖြေမည့်သူ မရှိပေ။
ဓားဂိုဏ်းမှ ချီသန့်စင်တပည့်လေးတစ်ဦးက သူ့အား စိတ်အားထက်သန်စွာ ကြိုဆိုလာသည်။
“အစ်ကိုကြီး တန်ချန်ဇီ.... ကြိုဆိုပါတယ်ခင်ဗျာ၊ အစ်ကိုကြီးချူ စောင့်နေတာ ကြာပါပြီ....”
လော့ချန် ခေါင်းညိတ်ပြလိုက်ပြီး မုန့်ဖိုးအဖြစ် ဝိညာဉ်ကျောက်တုံးအချို့ကို ပစ်ပေးကာ လေ့ကျင့်ရေးကွင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့တော့သည်။ အမှန်စင်စစ် သူသည် အခြားသူမဟုတ်ဘဲ ချူခွေးနှင့် အတိုက်အခိုက် လေ့ကျင့်ရန် ချိန်းဆိုထားခြင်း ဖြစ်၏။ လေ့ကျင့်မှု တစ်ကြိမ်လျှင် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးချေရသဖြင့် ဈေးနှုန်းမှာ ကြီးမားလှသော်လည်း ပေးရကျိုးနပ်လိမ့်မည်ဟု သူ ခံစားရသည်။
သူ ရောက်ရှိသွားချိန်တွင် ချူခွေးသည် သေရည် သောက်ရင်း နတ်ပဲစေ့များကို ဝါးနေလေသည်။
“ချူခွေး.... ငါ နည်းနည်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ ပြီးတော့ လာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်....”
ချူခွေးက လက်ကို ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
“ပြဿနာမရှိပါဘူး၊ မင်းက ငါ့ကို ငွေပေးထားတာပဲကိုး အဖွဲ့ချုပ်ခေါင်းဆောင်ကြီး.... ဒါတင်မကသေးဘူး၊ ငါ အခြေတည်အဆင့် ၉ ကို ရောက်ပြီးကတည်းက တိုက်ကွက်အသစ်တွေ စမ်းသပ်ဖို့ အခွင့်အရေး ရှာနေတာ၊ မင်းရဲ့ တောင်းဆိုချက်က ငါ အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလို ဖြစ်သွားတာပေါ့....”
လော့ချန် ခပ်ဖွဖွလေး ပြုံးလိုက်ရင်း
“ဒါဆိုရင် ငါကလည်း မင်းရဲ့ လေ့ကျင့်ဖော် ဖြစ်နေတာပေါ့.... အဲလိုဆိုရင် ငါ့ရဲ့ လေ့ကျင့်ခကရော....”
ချူခွေးတစ်ယောက် ခဏမျှ ဆွံ့အသွားရရှာသည်။
“ဟားဟားဟား....”
လော့ချန် အကျယ်ကြီး ရယ်မောလိုက်ရင်း ကျယ်ဝန်းလှသော လေ့ကျင့်ရေးကွင်းထဲသို့ လှမ်းဝင်လိုက်သည်။
“ကဲ.... လာပါ၊ ငါတို့နှစ်ယောက်စလုံးမှာ အချိန် သိပ်မရှိဘူး၊ အချိန်မဆွဲရအောင်၊ ချူခွေး.... မင်းရဲ့ စွမ်းရည်တွေကို ငါ့ကို ပြပေးပါဦး....”
ချူခွေးသည် အသင့်ပြင်ထားသော လော့ချန်ကို ကြည့်ကာ မျက်ဝန်းများ တောက်ပသွားသည်။
“ကောင်းပြီဗျာ.... ငါလည်း ကျော်ကြားလှတဲ့ မီးနတ်ဘုရာလော့က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သိချင်နေတာနဲ့ အတော်ပဲ....”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ