← Chapters

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း ၅၀၇

Vol. 51 Ch. 507

အခန်း (၅၀၇) - စစ်မြေပြင်သို့ ထွက်ခွာတော့မည့် ချူခွေး

မိုးကုပ်စက်ဝိုင်းတစ်ခုလုံးတွင် မီးလျှံတိမ်တိုက်များ တရိပ်ရိပ် လိပ်တက်နေပြီး မိုင်ထောင်ချီသော ကောင်းကင်ပြင်ကြီးကို ရွှေအိုရောင်နှင့် ကြက်သွေးရောင် အဆင်းများဖြင့် ဆိုးထင်ထားလေသည်။ ပြင်းထန်လှသော အပူရှိန်ကြောင့် ဝေးလံသော နေရာမှပင် ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းနုလေးများအထိ လောင်ကျွမ်းလုနီးပါး ခံစားရစေ၏။

ပြာပူတောကဲ့သို့ ဖြစ်နေသော လေ့ကျင့်ရေးကွင်း၏ အလယ်တွင် ချူခွေးသည် လော့ချန်အား လေးစားချီးကျူးသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

“မင်းရဲ့ လက်နက်နဲ့ မှော်အတတ်ထိန်းချုပ်နိုင်စွမ်းက တကယ့်ကို နက်နဲတာပဲ၊ ဂိုဏ်းမျိုးဆက် ပြိုင်ပွဲတုန်းက တန်ရန်ဇီဆီကနေ သင်ယူခဲ့တာလား....”

လော့ချန် ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်ပြီး

“အဲဒီတုန်းက စိတ်ကူးရခဲ့တာပါ၊ ပြန်ရောက်တော့ ကျမ်းစာတွေကို ကိုယ်တိုင်လေ့လာပြီး ကိုယ်ပိုင်နည်းစနစ်တစ်ခု ဖန်တီးလိုက်တာ....”

ချူခွေးက ထပ်မံ ချီးကျူးပြန်သည်။

“တကယ့်ကို မဆိုးဘူးပဲ၊ စွမ်းအားက တန်ရန်ဇီထက် မနိမ့်ဘူး၊ မင်းရဲ့ မှော်အတတ်ပိုင်း ကျွမ်းကျင်မှုကတော့ ကောလာဟလတွေအတိုင်းပဲ အံ့ဩစရာကောင်းလှပါတယ်....”

လော့ချန်ကမူ မျက်မှောင်ကြုတ်လျက်

“ဒီလောက်ပဲလား.... မင်းရဲ့ လေ့ကျင့်ဖော် ဝန်ဆောင်မှုထဲမှာ အားနည်းချက်တွေကို ထောက်ပြပေးတာနဲ့ ပိုတိုးတက်အောင် လုပ်ရမယ့် လမ်းကြောင်းတွေကို ရှာဖွေပေးတာတွေ ပါတယ်ဆို၊ ငါကတော့ ဒီပညာရပ်ကို စပြီး တတ်ခါစမို့လို့ အပြစ်အနာအဆာ လုံးဝ မရှိဘူးလို့ မယုံကြည်ဘူး"

ချူခွေး အကျယ်ကြီး ရယ်မောလိုက်သည်။ ထို့နောက် သူ၏ မျက်နှာမှာ အနည်းငယ် တည်တံ့သွားကာ လော့ချန်ကို စိုက်ကြည့်ရင်း လေးနက်စွာ ဆိုသည်။

“မင်း အစွမ်းကုန် မထုတ်သေးတာကို ငါသိနေတယ်လေ၊ ဒါပေမဲ့ မင်းရဲ့ အတတ်ပညာက တကယ့်ကို ထူးခြားပါတယ်၊ မင်းသာ အစွမ်းကုန် ထုတ်သုံးလိုက်ရင် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတချို့တောင် မင်းရဲ့ လက်အောက်မှာ အထိနာသွားလိမ့်မယ်လို့ ငါထင်တယ်....”

လော့ချန် မငြင်းဆိုဘဲ ခေါင်းညိတ်လိုက်၏။ ဤအရာသည် လေ့ကျင့်ရေးပွဲမျှသာ ဖြစ်သဖြင့် သူ၏ ဝှက်ဖဲများကို အကုန်ထုတ်ပြရန် သို့မဟုတ် အစွမ်းကုန် တိုက်ခိုက်ရန် အကြောင်းပြချက်မရှိပေ။ စောနက တိုက်ပွဲတွင် သူ စွမ်းအား သုံးပုံတစ်ပုံခန့်ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် ချူခွေး၏ လေသံမှာ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လျက် လော့ချန်ကို စိုက်ကြည့်လိုက်သည်။

“ဒါပေမဲ့.... ငါ မင်းရဲ့ အားနည်းချက်တစ်ခုကို ရှာတွေ့တယ်....”

လော့ချန် မျက်ခုံး အနည်းငယ် ပင့်လိုက်ရင်း

“ဟင်....”

“အတိအကျပြောရရင် ဒါဟာ အားနည်းချက်တော့ မဟုတ်ပါဘူး.... အားသာချက်တွေကို အပြည့်အဝ အသုံးမချနိုင်သေးတာ....”

“အသေးစိတ် ပြောပါဦး....”

လော့ချန် မည်သို့မျှ စိတ်ဆိုးခြင်း မရှိဘဲ သေချာစွာ နားထောင်ရန် ပြင်လိုက်သည်။

ချူခွေးက လေ့ကျင့်ရေးကွင်းထဲတွင် ကျန်ရစ်နေသော မီးဓာတ် ချီစွမ်းအင် အမြောက်အမြားကို ညွှန်ပြလိုက်သည်။

“မင်းက မီးဓာတ်မှော်အတတ်တွေရဲ့ ပေါက်ကွဲအားအပေါ်မှာပဲ သိပ်အာရုံစိုက်လွန်းနေတယ်၊ မင်းက ထူးခြားတဲ့ အဆင့်တစ်ခုကို ရောက်နေပြီဆိုပေမယ့် မီးဓာတ်က မင်းရဲ့ အားသာချက် အမှန်မဟုတ်ဘူး၊ ငါမြင်ရသလောက်တော့ မင်းရဲ့ ချီစွမ်းအားဟာ အဓိကအားဖြင့် သစ်သားဓာတ်ပဲ၊ တူညီတဲ့ အဆင့်ရှိတဲ့ မှော်အတတ်တွေထဲမှာ မင်းသာ သစ်သားဓာတ်မှော်အတတ်တွေကို အားကိုးမယ်ဆိုရင် မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆပေါင်းများစွာ ပိုမိုကြီးမားလာလိမ့်မယ်၊ မင်းက ချီသန့်စင်အဆင့်ကတည်းက လမ်းမှားကို လျှောက်နေခဲ့တာပဲ....”

ထိုစကားကို ကြားလိုက်ရသောအခါ အစပိုင်းတွင် သိပ်ပြီး အလေးမထားခဲ့သော လော့ချန်၏ ရင်ဘတ်ထဲ၌ လေးလံမှုတစ်ခုကို ခံစားလိုက်ရတော့၏။ ချူခွေးပြောသည်မှာ အမှန်ပင်ဖြစ်သည်။ သူ၏ ကျင့်စဉ်များသည် အမြဲ သစ်သားဓာတ်ပေါ်တွင်သာ အခြေခံခဲ့သည်။ နွေဦးကျင့်စဉ်၊ နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်နှင့် ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်တို့ ဖြစ်ကြသည်။ သူသည် ၎င်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံခဲ့သဖြင့် သူ၏ ချီစွမ်းအားသည် သိပ်သည်းပြီး သန့်စင်လွန်းလှ၏။ သို့သော်လည်း စစ်မှန်သော တိုက်ပွဲများတွင်မူ သူ၏ နည်းစနစ်များသည် အမြဲမီးဓာတ်ကိုသာ ဗဟိုပြုခဲ့ပြီး မီးလုံးမှော်အတတ်၊ နေမီးလျှံမှော်အတတ် နှင့် မြေပြိုမှော်အတတ်စသည့် မှော်အတတ်များသည် သူ၏ အဓိက လက်နက်များ ဖြစ်ခဲ့ကြသည်။ သူ၏ အဓိက မှော်လက်နက်မှာပင် ရွှေမီးဓား ဖြစ်နေခဲ့သည်။

အပြင်ပန်း ကြည့်လျှင် သူသည် လုံးဝ လမ်းမှားရောက်နေသည်မှာ ထင်ရှားလှ၏။ ထိုအတွေးကြောင့် လော့ချန်၏ နှုတ်ခမ်းအစုံတွင် ခါးသက်သော အရသာကို ခံစားလိုက်ရသည်။ အတိတ်ကာလက သူသည် မိမိကိုယ်ကိုယ် တစ်ကြိမ်၊ နှစ်ကြိမ်မျှ သံသယဝင်ခဲ့ဖူးသော်လည်း မီးဓာတ်မှော်အတတ်များသည် မည်သည့်အခါမျှ ပြဿနာမရှိခဲ့ပေ။ ၎င်းတို့၏ ဖျက်ဆီးအားက ငြင်းပယ်၍မရနိုင်လောက်အောင် ပြင်းထန်သဖြင့် သူ ထိုကိစ္စကို ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ချူခွေးက ထိုမျှအထိ ရှင်းလင်းစွာ ထောက်ပြလိုက်ပြီဖြစ်ရာ သူ့တွင် သင့်တော်သော ဖြေရှင်းချက် မရှိတော့ပေ။

“ချူခွေး.... ငါ့အတွက် ဘာအကြံပြုချက် ရှိလဲ....”

လော့ချန် ရိုးသားစွာ မေးမြန်းခဲ့သည်။

ချူခွေးက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

“ပထမနည်းလမ်းကတော့ မင်း သစ်သားဓာတ်မှော်အတတ်တွေကို ပိုပြီး အားကောင်းအောင် လုပ်ရမယ်၊ ဒုတိယနည်းလမ်းကတော့ မင်းရဲ့ အဓိက ကျင့်စဉ်ကို မီးဓာတ် ဒါမှမဟုတ် သစ်သားနဲ့ မီးဓာတ်နှစ်မျိုးစပ် ကျင့်စဉ်အဖြစ် ပြောင်းလဲ ကျင့်ကြံရမယ်”

ပထမနည်းလမ်းမှာ မခက်ခဲလှပေ။ သူ့တွင် သစ်သားဓာတ်မှော်အတတ်များ ရှိပြီးသား ဖြစ်သည်။ နွယ်ရှင်နှောင်ကြိုး၊ ကုသခြင်း၊ နွေဦးမိုးရေမှော်အတတ်နှင့် အသစ်သင်ယူထားသော ပန်းနတ်သမီးမှော်အတတ်တို့ ဖြစ်ကြသည်။ ပြဿနာမှာ ၎င်းတို့အနက် အများစုသည် တိုက်စစ်ထက်စာလျှင် ခံစစ်ဘက်သို့ ပိုမိုတိမ်းစောင်းနေသဖြင့် တိုက်ခိုက်ရေးစွမ်းရည် လိုအပ်ချက်များ ရှိနေခြင်းပင်။ သူ၏ သစ်သားဓာတ် ချီစွမ်းအား၏ သန့်စင်မှုကြောင့် အဆိုပါ မှော်အတတ်များ၏ စွမ်းအင်မှာ ထူးခြားလှသော်လည်း၊ တိုက်ခိုက်ရေးအတွက်မူ ရွေးချယ်စရာ နည်းပါးလှသည်။ သစ်သားဓာတ်အတတ်ပညာများသည် တိုက်ခိုက်ရေးစွမ်းအားတွင် မည်သည့်အခါမျှ ကျော်ကြားခဲ့ခြင်း မရှိချေ။

ဒုတိယနည်းလမ်းမှာမူ ပို၍ပင် မဖြစ်နိုင်တော့ပေ။ ထာဝရနုပျိုစိမ်းလန်းကျင့်စဉ်ကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံထားခဲ့ပြီးမှ သူ၏ အဓိကကျင့်စဉ်ကြီးကို ထိုမျှအလွယ်တကူဖြင့် မည်သို့ စွန့်လွှတ်နိုင်ပါမည်နည်း။ ထိုသို့ပြုလုပ်ခြင်းသည် တာအိုကျင့်စဉ်ကြီးတစ်ခုလုံးကို စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင်။

လောလောဆယ်တွင်မူ ပြီးပြည့်စုံသော ဖြေရှင်းချက် မရှိသေးသည့်ပုံပေါ်၏။

ချူခွေးက လော့ချန်၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း နှစ်သိမ့်လိုက်သည်။

“ဒါကို သိပ် တွေးမနေပါနဲ့၊ မင်းရဲ့ လက်ရှိစွမ်းရည်တွေနဲ့တင် မင်းဟာ အဆင့်တူတွေထဲ ထိပ်ဆုံးက ရှိနေပြီးသားပဲ၊ တစ်ခါတရံမှာ ချို့ယွင်းချက်တွေကို လိုက်ဖာနေတာထက် အားသာချက်တွေကို ပိုပြီး ကြီးအောင် လုပ်တာက ပိုကောင်းတတ်ပါတယ်၊ မင်းရဲ့ မီးဓာတ်အတတ်တွေက ဘယ်သူမှ မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးမားလာရင် လွဲချော်နေတာတွေကို ဘယ်သူက ဂရုစိုက်နေဦးမှာလဲ၊ ဒါတင်မကသေးဘူး.... အခြေတည် ကျင့်ကြံသူအများစုဟာ တိုက်ပွဲတွေမှာ လက်နက်ကိုပဲ အဓိကအားကိုးကြတာ၊ မှော်အတတ်တစ်ခုတည်းနဲ့တင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်တာ ရှားပါတယ်....”

လော့ချန် ခပ်တိုးတိုး ညည်းတွားရင်း လက်ခံလိုက်ပြီးနောက် စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။ သူ၏ လမ်းစဉ်မှာ သွေဖည်နေခဲ့သည် ဖြစ်နိုင်သော်လည်း ၎င်းကို အတင်းအဓမ္မ ပြန်လည်တည့်မတ်ရန် ကြိုးစားခြင်းသည် အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ် သူ့တွင် ရွေးချယ်စရာ များများစားစား မရှိခဲ့ချေ။ သူ လုပ်နိုင်သည်မှာ မိမိလက်ထဲတွင် ရှိပြီးသားအရာများကို အကောင်းဆုံး ဖြစ်အောင် အသုံးချရန်သာ ဖြစ်သည်။

သူသည် လက်နက်ဖြင့်မှော်အတတ်ထိန်းချုပ်ခြင်း အတတ်ပညာကို အဆုံးစွန်ထိ ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်လျှင်၊ မီးဓာတ်မှော်အတတ်များ၏ အကူအညီဖြင့် ရွှေမီးဓားကို အသုံးချကာ မည်သည့် အခြေတည်ကျင့်ကြံသူကိုမဆို တောင့်ခံနိုင်မည့် စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်၏။ အနှိုင်းမဲ့ အစွမ်းထက်ဆုံးသူ ဖြစ်မလာနိုင်သော်လည်း ထိုမျှနှင့်တင် လုံလောက်လှပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ မီးဓာတ်မှော်အတတ်များသည် ချီစွမ်းအား၏ ဓာတ်သဘာဝ မြှင့်တင်ပေးမှု ကင်းမဲ့နေသော်လည်း စွမ်းအားပိုင်းတွင်မူ မီးဓာတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများနှင့် ယှဉ်လျှင် တန်းတူ သို့မဟုတ် သာလွန်နေဆဲ ဖြစ်သည်။

နောက်တစ်ကြိမ် လေ့ကျင့်မည့်အချိန်ကို ချိန်းဆိုပြီးနောက် လော့ချန် အိမ်သို့ ပြန်လာခဲ့သည်။

ယခုအခါ ကူချိုင်ယီ၏ ဒဏ်ရာများ သက်သာလာခဲ့ပြီး နတ်မိစ္ဆာနှလုံးသားကြေးမုံကိုလည်း အပေါ်ယံမျှ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ ဆေးလုံးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းအပြင် သူ့တွင် အချိန်ပိုများစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ထိုအချိန်များကို မည်သို့အသုံးပြုရမည်ကို သူ သိပြီးသားဖြစ်သည်။ သူသည် ၎င်းတို့ကို တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်အတွက်သာ အပြည့်အဝ မြှုပ်နှံထားတော့မည် ဖြစ်၏။

အကြိမ်ကြိမ် စမ်းသပ်မှုများမှတစ်ဆင့် ကျောက်စိမ်းအိုးနယ်မြေအတွင်းရှိ ပြည်တွင်းစစ်မီးသည် မည်သို့မည်ပုံ ဆက်လက်ပြင်းထန်လာမည်ကို သူ မြင်တွေ့ခဲ့ရပြီးသားဖြစ်သည်။ အကယ်၍ ပရမ်းပတာဖြစ်မှုများကို ရှောင်လွှဲ၍မရနိုင်ပါက၊ အသက်ရှင်ကျန်ရစ်ရန်အတွက် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ထိုအခြေအနေများကို တောင့်ခံနိုင်လောက်အောင် အစွမ်းထက်လာရန် ဖြစ်၏။

....

အချိန်ကာလများသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေသည်။

လအနည်းငယ် ကြာပြီးနောက်....။

ဒုတိယအဆင့် အဆင့်နိမ့် ဂူဗိမာန်တစ်ခုအတွင်း၌ လော့ချန်သည် ကူချိုင်ယီ၏ ရှေ့တွင် မတ်တတ်ရပ်နေ၏။ သူသည် ကူချိုင်ယီ အခြေတည်အဆင့်တက်လှမ်းနိုင်ရန် ပြင်ဆင်ထားသော ဆေးဝါးများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ ထိုအထဲတွင် အဆင့်မြင့် ဟွမ်းယန်ဆေးရည်၊ အဆင့်မြင့် ဖန်သားနံ့သာဆီ၊ ဒုတိယအဆင့် အဆင့်မြင့် သွေးကြောကာကွယ်ဆေးလုံး၊ စိတ်ငြိမ်အမွှေးတိုင်နှင့် အထူးဖော်စပ်ထားသည့် နတ်ဒေဝါပျားရည်တို့ ပါဝင်နေသည်။

ကူချိုင်ယီသည် စီရီနေသော ဆေးများကို ကြည့်ကာ မျက်ဝန်းများ ဝိုင်းစက်သွားရရှာသည်။

သူမ မနေနိုင်တော့ဘဲ ဆိုလိုက်သည်။

“ဂိုဏ်းကြီးတွေတောင် သူတို့ တပည့်ရင်းတွေကို ဒီလောက် ပြင်ဆင်ပေးမှာ မဟုတ်ဘူး....”

လော့ချန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရယ်မောလိုက်သည်။ သူမ ပြောသည်မှာ မမှားပေ။ အတိတ်က သူ အခြေခံတည်အဆင့်တက်လှမ်းစဉ်ကပင် ဤကဲ့သို့သော အရင်းအမြစ်မျိုး မရှိခဲ့ဘဲ သာမန် ဟွမ်းယန်ဆေးရည်နှင့် သာမန် အမွှေးတိုင်များကိုသာ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ဒုတိယအဆင့် ဝိညာဉ်ကြောကိုပင် ရှောင်ဟွမ်တောင်၏ ရေခဲမီးလျှံဝိညာဉ်စမ်းရေတွင်း၊ အစီအရင်များနှင့် ဝိညာဉ်ကျောက်တုံးများကို သုံး၍ အတင်းအဓမ္မ တည်ဆောက်ခဲ့ရသေးသည်။ ထိုစဉ်က သူသည် အခြေတည်ဆေးငါးစုံကို သုံးကာ အတင်းအကျပ် အားစိုက်ထုတ်၍သာ အောင်မြင်မှုကို ရယူခဲ့ရခြင်း ဖြစ်၏။

သို့သော် ကူချိုင်ယီကမူ မတူပေ။ ဤအရင်းအမြစ်များအပြင် သူမသည် လော့ထျန်းအဖွဲ့၏ အခြေတည် ကျင့်ကြံသူများ ရေးသားထားသော အခြေတည်အဆင့်တက်လှမ်းခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှု ကျမ်းအားလုံးကို ဖတ်ရှုခွင့် ရခဲ့သည်။ ထိုမျှမကသေးဘဲ သူကိုယ်တိုင်က သူမ၏ သွေးကြောများကို ပြင်ဆင်ပေးခဲ့ပြီး အခြေတည်အဆင့်တက်လှမ်းခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အကြိမ်ကြိမ် သရုပ်ပြသပေးခဲ့သည်။ ထိုမျှသာမက နတ်မိစ္ဆာနှလုံးသားကြေးမုံကို အသုံးပြု၍ သူမအား ထိုအတွေ့အကြုံကို ကိုယ်တိုင် စမ်းသပ်ခံစားနိုင်အောင်ပင် လုပ်ဆောင်ပေးခဲ့သည်။ ဂိုဏ်းကြီးများ၏ တပည့်ရင်းများသာမက ဝိညာဉ်သန္ဓေတည်ထိပ်သီးဂိုဏ်းကြီးများ၏ တပည့်ရင်းများပင် ဤကဲ့သို့သော ထောက်ပံ့မှုကို ရရှိနိုင်မည်မဟုတ်ချေ။

“ဒီလောက်အထိ လုပ်ပေးထားပါလျက်နဲ့ ကျရှုံးခဲ့ရင်တော့ ကျောက်တုံးတစ်တုံး ရှာပြီး စောင့်သေလိုက်တာကမှ ပိုကောင်းဦးမယ်....”

ကူချိုင်ယီ ပြုံးစိစိဖြင့် ပြောလိုက်သည်။

လော့ချန်က သူမ၏ ဆံနွယ်များကို ဖွဖွလေး ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။

“မင်းကိုယ်မင်း အဲဒီလောက်အထိ ဖိအားတွေ မပေးပါနဲ့.... မင်း အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ငါ မင်းကို အမြဲစောင့်ရှောက်ပေးမှာပါ....”

“ဟွန့်.... ကျွန်မ ရှင်စောင့်ရှောက်တာကိုပဲ မခံချင်ပါဘူးနော်....”

ကူချိုင်ယီက သူမ၏ လှပသော လည်တိုင်ကို မော့ကာ ဇွတ်တရွတ် ပြုမူလေသည်။

ထိုသို့ ပြောလိုက်သော်လည်း သူမ လော့ချန်၏ လက်ကို ဆုပ်ကိုင်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“ကျေးဇူးပဲနော်”

“မလိုပါဘူး.... ရှေးလူတွေ ပြောဖူးကြတယ် မဟုတ်လား.... လူတစ်ယောက် တရားရရင် ကြက်နဲ့ ခွေးပါ နတ်ပြည်တက်တယ်လို့.... ငါ ရွှေအမြုတေအဆင့် မရောက်သေးပေမယ့် မင်းကို စောင့်ရှောက်ဖို့အတွက်ကတော့ ငါ့ရဲ့ အစွမ်းအစအတွင်းမှာပဲ ရှိပါတယ်”

သူမ၏ လက်ကို လွှတ်လိုက်ပြီး လော့ချန် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရင်း

“ကဲ.... အများကြီး တွေးမနေနဲ့တော့၊ စိတ်ကိုအေးအေးထား၊ အာရုံကို စုစည်းပြီး မင်းရဲ့ အောင်မြင်မှုအတွက် သွားပြီး ပြင်ဆင်တော့....”

သူ လှည့်ထွက်မည်အပြု ကျောပြင်ဆီမှ နူးညံ့သော အထိအတွေ့တစ်ခု ခံစားလိုက်ရသည်။ ကူချိုင်ယီ သူ့အား နောက်မှ သိုင်းဖက်လိုက်ရင်း ဆိုသည်။

“ကျွန်မ ပြန်ထွက်လာမယ့်အချိန်ကို စောင့်နေပါနော်....”

“အင်း....”

သူမ လက်ကို လွှတ်လိုက်သဖြင့် သူ ဂူအပြင်ဘက်သို့ လှမ်းထွက်ခဲ့တော့သည်။ တံခါးဝသို့ ရောက်သောအခါ လော့ချန် သူမဘက်သို့ လှည့်၍ လက်ပြလိုက်၏။ လေးလံလှသော ကျောက်တုံးကြီးသည် တဖြည်းဖြည်း ကျဆင်းလာပြီး ဂူတံခါးကို လုံးဝ ပိတ်ဆို့သွားတော့သည်။

သူသည် ကူချိုင်ယီ၏ အောင်မြင်မှုကို သံသယဝင်နေခြင်း မဟုတ်ပေ။ သူမအပေါ်တွင် သူ ယုံကြည်မှု ရှိပြီးသား ဖြစ်သည်။ သို့သော် ဤကဲ့သို့သော အချိန်အခါမျိုးကို မြင်တွေ့ရသည့် အကြိမ်တိုင်းတွင် သူ၏ စိတ်ထဲ၌ ဆန်းကြယ်သော ခံစားမှုတစ်ခု ပေါ်လာတတ်စမြဲ ဖြစ်၏။ အကြိမ်တိုင်းတွင် ၎င်းသည် ခွဲခွာခြင်းတစ်ခုကဲ့သို့ ခံစားရပြီး တစ်စုံတစ်ဦးက အခြားကမ္ဘာတစ်ခုထဲသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရသကဲ့သို့ပင် ဖြစ်သည်။

ယခုအခါတွင်မူ ၎င်းသည် ချီသန့်စင်အဆင့်မှ အခြေတည်အဆင့်သို့ ကူးပြောင်းခြင်းမျှသာ ရှိသေးသည်။ အနာဂတ်တွင် သူ ရွှေအမြုတေ၊ ဝိညာဉ်သန္ဓေတည် အဆင့်သို့ ရောက်ရှိသွားသည့်အခါ တစ်ကြိမ်ကျင့်ကြံလျှင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။ သူ ကျင့်ကြံခြင်းမှ ပြန်လည်ထွက်ခွာလာသည့် အခါတွင် သူ၏ သူငယ်ချင်းများနှင့် ချစ်ရသူများထဲမှ မည်မျှအထိ ကျန်ရှိနေဦးမည်နည်း။

ထို့ကြောင့်ပင် သူသည် တစ်စုံတစ်ဦးအပေါ်တွင် သံယောဇဉ်တွယ်ရန် အမြဲ တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ သူနှင့် ရင်ပေါင်မတန်းနိုင်သူများသည် နောက်ဆုံးတွင် နောက်၌ ကျန်ရစ်ခဲ့ကြမည်သာ ဖြစ်ပြီး၊ သူကိုယ်တိုင်က စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိစေကာမူ ထိုသို့သာ ဖြစ်ပျက်သွားပေလိမ့်မည်။ တစ်နေ့တွင် သူ ကျင့်ကြံခြင်းမှ ထွက်လာသည့်အခါ သူ့အား ကြိုဆိုနေမည်မှာ နွေးထွေးသော အပြုံးတစ်ခု မဟုတ်ဘဲ၊ တိတ်ဆိတ်လှသော မြေပုံတစ်ပုံမျှသာ ဖြစ်နေနိုင်သည်။

သူ ပိတ်ဆို့ထားသော ကျောက်တံခါးကြီးကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်မိသည်။

“အရာအားလုံး အဆင်ပြေချောမွေ့ပါစေ.... ကျေးဇူးပြုပြီး.... အရာအားလုံး အဆင်ပြေပါစေ....”

....

ထျန်လန်တောင်ထွတ်၏ အထက်တွင်မူ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေပြီး ကောင်းကင်ပြင်ကြီးမှာ ကျယ်ပြောလှသည်။ ဟောင်းနွမ်းနေသော ထင်းရှူးပင်ကြီးတစ်ပင်၏ အောက်တွင် ကျင့်ကြံသူနှစ်ဦးသည် ဘေးချင်းယှဉ်ထိုင်နေကြပြီး အေးအေးလူလူ သေရည်သောက်နေကြသည်။ တစ်ငုံသောက်လိုက်တိုင်း လည်ချောင်းထဲတွင် နွေးထွေးသော အထိအတွေ့ကို ခံစားရပြီး နှစ်ဦးသား စကားဝိုင်းမှာလည်း ကောင်းကင်ထက်မှ တိမ်တိုက်များကဲ့သို့ပင် အေးချမ်းလှသည်။

အစောပိုင်း နေ့ရက်များတွင် လော့ချန်သည် ချူခွေးကို လေ့ကျင့်ခအဖြစ် ဝိညာဉ်ကျောက်တုံးများစွာ ပေးချေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချူခွေးသည် လော့ချန်ကို သင်ကြားပေးစရာ နည်းပါးလာခဲ့ပြီး မြင့်မားလှသော လေ့ကျင့်ခများကြောင့် သူ၏ စိတ်ထဲတွင် မသက်မသာ ဖြစ်လာခဲ့ရှာသည်။ ထိုလေ့ကျင့်ခကို ရယူရန် မထိုက်တန်ဟု ခံစားရသဖြင့် သူသည် လျော်ကြေးအဖြစ် သူ၏ အခြေတည်နှောင်းပိုင်းအဆင့် ထိုးထွင်းသိမြင်မှုများကို မျှဝေပေးလေ့ရှိ၏။

“စိတ်ဝိညာဉ်ရဲ့ အခြေခံက အမြုတေဖွဲ့စည်းဖို့အတွက် အရေးကြီးတယ်လို့ ငါ မင်းကို ပြောခဲ့တာ မှတ်မိလား....”

ချူခွေးက သူ၏ အရက်ခွက်ကို ဝှေ့ယမ်းရင်း မေးလိုက်သည်။

“ငါ ပါးစပ်ထဲရှိရာ လျှောက်ပြောနေခဲ့တာ မဟုတ်ဘူး၊ ဒါဟာ တကယ်ကို အမှန်ပဲ၊ ကောလာဟလတွေအရ အမြုတေဖွဲ့စည်းခြင်း လမ်းစဉ် သုံးခု ရှိတယ်တဲ့၊ အမြင့်ဆုံးအဆင့် နည်းစနစ်တွေကတော့ စိတ်ဝိညာဉ်ရဲ့ စွမ်းအားအပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံထားတာ....”

သူ ခပ်ဖွဖွ ရယ်မောလိုက်ရင်း

“ဆေးဖော်လမ်းစဉ်လိုပဲ စဉ်းစားကြည့်ပါ၊ ဆေးလုံးတွေ ဖော်စပ်တဲ့အခါ မင်းတို့ ဆေးဖော်ဆရာတွေက ချီစွမ်းအားကို သုံးပြီး ဆေးဖက်ဝင် အနှစ်သာရတွေကို လေထုထဲမှာ ပေါင်းစပ်ပြီး ဆေးလုံးအဖြစ် ပုံဖော်ကြတယ် မဟုတ်လား.... အမြုတေဖွဲ့စည်းတာကလည်း ဒါနဲ့ သိပ်မကွာပါဘူး၊ တစ်ခုတည်းသော ကွာခြားချက်ကတော့ မင်းက ချီစွမ်းအားအစား မင်းရဲ့ စိတ်ဝိညာဉ်အသိကို သုံးရမှာဖြစ်ပြီး၊ ဆေးဖက်ဝင် အနှစ်သာရတွေအစား စိတ်ချီစွမ်းအင်တွေကို ပုံဖော်ရမှာ....”

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားရသည်။ ဤကဲ့သို့သော ဆီလျော်လှသော နှိုင်းယှဉ်ချက်မျိုးကို သူ မျှော်လင့်မထားခဲ့ပေ။

ချူခွေးက ပုခုံးတွန့်ပြရင်း

“ငါလည်း တစ်နေရာရာကနေ ကြားခဲ့တာပါ၊ ယုံတာ မယုံတာကတော့ မင်းသဘောပဲ၊ ဒါပေမဲ့ ငါကတော့ ဒါကို အမှန်တရားလို့ ခံစားရတယ်၊ ကျင့်ကြံသူကြီးတွေဟာ သူတို့ရဲ့ စွမ်းအားအားလုံးကို အမြုတေတစ်ခုတည်းအဖြစ် စုစည်းကြတယ်လို့ ဆိုကြတယ်၊ တကယ်လို့ အခြေတည်ကျင့်ကြံသူတစ်ဦးက သူရဲ့ ချီပင်လယ်ထဲက အရည်ပျော်နေတဲ့ စိတ်ချီစွမ်းအင်အားလုံးကို အမြုတေတစ်ခုအဖြစ် ပုံဖော်နိုင်ရင် အဲဒါဟာ အမြုတေဖွဲ့စည်းခြင်းလို့ သတ်မှတ်နိုင်မှာ မဟုတ်ဘူးလား....”

လော့ချန် နက်နဲစွာ တွေးတောနေမိသည်။ ခဏမျှ ကြာပြီးနောက် သူသည် ချူခွေး၏ ရှေ့တွင် အရည်ပျော်နေသော ချီစွမ်းအင် အစက်အချို့ကို ထုတ်ယူကာ ၎င်းတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် ကြိုးစားလိုက်၏။

တစ်စက်.... နှစ်စက်.... သုံးစက်....။

အစပိုင်းတွင် အလွန်လွယ်ကူသော်လည်း ကိုးစက်မြောက်သို့ ရောက်ရှိသွားသောအခါ ပိုမိုခက်ခဲလာခဲ့သည်။ သူသည် ထိုအရာအပေါ်တွင် ထိန်းချုပ်မှု ဖြည်းဖြည်းချင်း လျော့နည်းလာသည်ကို အာရုံခံမိနေ၏။

“တော်လိုက်တော့....”

ချူခွေးက ခေါင်းကိုခါရင်း သတိပေးလိုက်သည်။

“ငါ ဒါကို မစမ်းသပ်ဖူးဘူးလို့ မင်းထင်နေတာလား.... ဒါက အဆင်မပြေဘူး၊ ဒါဟာ အထက်လမ်းစဉ် ပဲ၊ ဒါက အဲ့လောက် လွယ်ကူလိမ့်မယ်လို့ တကယ် ထင်နေတာလား....”

“အမြုတေဖွဲ့စည်းခြင်းရဲ့ အောက်လမ်းစဉ်ကတော့ ဆန့်ကျင်ဘက်ပဲ၊ မင်းက ပထမဆုံး အသေးစား ရွှေအမြုတေတစ်ခုကို အရင်ဆုံး စုစည်းရတယ်၊ ပြီးမှ ချီပင်လယ်ထဲက ကျန်ရှိနေတဲ့ စိတ်ချီစွမ်းအင်တွေကို အဲဒီထဲကို တဖြည်းဖြည်းချင်း ပေါင်းစပ်ပြီး နောက်ဆုံးမှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းတာ....”

‘ချီပင်လယ်ထဲမှာ လှည့်ပတ်မျောလွင့်နေတဲ့ ရွှေအမြုတေတစ်ခုလား....’

လော့ချန်၏ မျက်မှောင်များ ကြုတ်သွားမိသည်။

ထိုအချိန်တွင် ချူခွေးက သဘောတရားအသစ်တစ်ခုကို ပြောဆိုလာသည်။

“ဒီ အောက်လမ်းစဉ်ကတော့ မကြာခဏဆိုသလို အတုအယောင် ရွှေအမြုတေအဆင့် လို့ ခေါ်တဲ့ ထူးခြားတဲ့ အဆင့်တစ်ခုကို ဖြစ်ပေါ်စေတတ်တယ်....”

လော့ချန်က မျက်ခုံးပင့်လိုက်ရင်း

“အတုအယောင် ရွှေအမြုတေအဆင့် ဟုတ်လား....”

“အမှန်ပဲ....”

ချူခွေးက ထျန်လန်တောင်ထွတ်ဘက်သို့ လက်ညှိုးထိုးပြလိုက်သော်လည်း သူ၏ စကားလုံးများသည် မက်မွန်တောင်ပေါ်မှ ကျင့်ကြံသူတစ်ဦးထံသို့ ဦးတည်နေခဲ့၏။

“မက်မွန်တောင်က ရွှမ်ယွီဟာ အောက်လမ်းစဉ်ကို စမ်းသပ်ခဲ့ပေမယ့် ကျရှုံးခဲ့တယ်၊ အခု သူဟာ အတုအယောင် ရွှေအမြုတေအဆင့်မှာပဲ ပိတ်မိနေတာ....”

“အမှန်တော့ အဲဒီအဆင့်ကလည်း သဘောတရားအရ အခြေတည်အထွတ်အထိပ်အဆင့်ပါပဲ၊ သာမန်ထက် နည်းနည်းပိုပြီး အစွမ်းထက်တာပေါ့၊ ဒါပေမဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ ကြီးမားလှတယ်၊ သူသာ နောက်တစ်ကြိမ် အမြုတေဖွဲ့စည်းဖို့ ကြိုးစားချင်ရင် ပိုပြီးတော့တောင် ခက်ခဲသွားလိမ့်မယ်....”

လော့ချန်သည် စိတ်ဝိညာဉ်အရည်များကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ ကြားသိခဲ့ရသော အရာများကို ဆက်လက်တွေးတောနေမိ၏။ အခြေတည် အထွတ်အထိပ်၊ အတုအယောင် ရွှေအမြုတေ နှင့် ရွှေအမြုတေ။ သို့သော် သူ၏ အတွေးထဲတွင် နန်ရှန်းတာအိုရှင်းလင်းချက်မှတ်တမ်းထဲမှ စာပိုဒ်တစ်ပိုဒ် ပေါ်လာခဲ့ပြီး၊ ၎င်းထဲတွင် အမြုတေဖွဲ့စည်းခြင်းဆိုင်ရာ ကွဲပြားသော လမ်းစဉ်သုံးခုကို ဖော်ပြထားသည်။ ထိုစာပိုဒ်ကြောင့် သူသည် အမြုတေဖွဲ့စည်းပြီးမှသာ ကွာခြားချက်များ ရှိလာလိမ့်မည်ဟု ယူဆခဲ့ခြင်းဖြစ်ပြီး၊ အောက်လမ်းစဉ်ကြောင့် ဤကဲ့သို့သော အတုအယောင် ရွှေအမြုတေအဆင့် ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သည့်အခါမျှ မျှော်လင့်မထားခဲ့ပေ။

“ကဲ.... ဒီနေ့အတွက် ဒီလောက်ပဲ၊ နောက်နောင်လည်း ငါ့ကို လေ့ကျင့်ဖော်အဖြစ် လာမချိန်းနဲ့တော့၊ မင်းကို လမ်းညွှန်ပေးစရာ ဘာမှမရှိတော့ဘူး”

ချူခွေးက မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

လော့ချန် မော့ကြည့်ကာ ပြုံးလျက်

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.... ချူခွေးရာ၊ မင်းရဲ့ အစွမ်းအစက သိပ်ထူးခြားတာကို၊ ငါ့အမြင်အရဆိုရင် မင်းဟာ တန်ရန်ဇီထက်တောင် သာပါသေးတယ်၊ ငါ့မှာ မင်းဆီကနေ သင်ယူရဦးမှာတွေ အများကြီးပါ....”

ချူခွေးက နှုတ်ခမ်းကို မဲ့လိုက်၏။ သူသည် အခြားသော ချီးကျူးစကားများကို နှစ်သက်သော်လည်း၊ စွမ်းအားနှင့် ပတ်သက်လာလျှင် သူ၏ လက်ရှိအခြေအနေကို သူကိုယ်တိုင်ထက် ပိုသိသူ မရှိပေ။ စင်စစ်အားဖြင့် ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ တန်ရန်ဇီသည် သူ၏မျက်စိထဲတွင် ထူးခြားလှသည်မဟုတ်သော်လည်း၊ ၎င်းသည် ထိုကျိန်စာသင့်လှသော ကောင်းကင်ခရမ်းမီးတောက်ကို အသုံးမပြုရ ဟူသော အခြေအနေအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။

ချူခွေးက သမ်းဝေရင်း ပျင်းကြောဆန့်လိုက်ကာ

“ငါက မင်းကို မသင်ပေးချင်တာ မဟုတ်ပါဘူး.... ငါ မကြာခင် ခရီးထွက်တော့မှာမို့လို့ မင်းရဲ့ လေ့ကျင့်ဖော် လုပ်ပေးဖို့ အချိန်မရှိတော့လို့ပါ"

“ဘယ်သွားမလို့လဲ”

လော့ချန်က လွှတ်ခနဲ မေးမြန်းလိုက်မိသည်။

“ငါ ပြောချင်တာက.... မင်း နောက်ထပ် အလုပ်ကြီးတစ်ခု ရပြန်ပြီ ထင်တယ်နော်....”

ချူခွေးက သက်ပြင်းချလိုက်ရင်း

“ဒီတစ်ကြိမ်တော့ မဟုတ်ဘူး၊ တကယ်ပဲ ဘာအလုပ်မှ လက်ခံထားတာ မဟုတ်ပါဘူး…. အင်း.... ဒါက လျှို့ဝှက်ချက်တော့လည်း မဟုတ်ပါဘူးလေ၊ ငါ မိုးကြိုးတောင်ကြား စစ်မြေပြင်ဆီ သွားပြီး ရွှေအမြုတေအဆင့် တက်လှမ်းဖို့ အသုံးဝင်မယ့် အရာတစ်ခုခု ရနိုင်မလားလို့ သွားပြီး ကံစမ်းကြည့်မလို့....”

လော့ချန်တစ်ယောက် အံ့အားသင့်သွားရ၏။

“မိုးကြိုးတောင်ကြား စစ်မြေပြင် ဟုတ်လား.... ချူခွေး.... မင်းကပါ အဲဒီစစ်မီးနွံထဲကို တိုးဝင်တော့မလို့လား၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေနဲ့ မင်းကို ဘယ်သူမှ အတင်းအကျပ် မခိုင်းစေနိုင်တာကို.... ဘာဖြစ်လို့လဲ....”

တောင်လေတစ်ချက် တိုက်ခတ်သွားရာ ချူခွေး၏ ကျောပြင်ပေါ်တွင် ကျဆင်းနေသော သိပ်သည်းလှသော ဆံပင်နက်ကြီးများ လွင့်ပျံသွားသည်။ သူ၏ နှုတ်ခမ်းအစုံတွင် ရှားရှားပါးပါး ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

“ဟုတ်ပါတယ်.... တစ်ကိုယ်တော်ကျင့်ကြံသူတွေက လွတ်လပ်စွာ နေထိုင်ကြတယ်ဆိုပေမယ့်၊ အဲဒီလွတ်လပ်မှုရဲ့ နောက်ကွယ်မှာ ငါတို့ပဲသိတဲ့ ဆင်းရဲဒုက္ခတွေ ရှိကြပါတယ်၊ အတိတ်တုန်းကတော့ ငါက တစ်ခါတစ်ရံ အလုပ်လေးတွေလုပ်ပြီး ဖြတ်သန်းနိုင်ခဲ့ပေမယ့်၊ အဆင့် (၉) ကို ရောက်ပြီးတဲ့နောက်မှာတော့ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားခဲ့ပြီ၊ အခုအချိန်မှာ ငါ့ကို လှုပ်ရှားစေနိုင်တာက အမြုတေဖွဲ့စည်းခြင်းဆိုင်ရာ အရင်းအမြစ်တွေပဲ ရှိတော့တယ်၊ ငါ့ရဲ့ အနာဂတ်အတွက် ငါကိုယ်တိုင်ပဲ လှုပ်ရှားရတော့မယ်....”

ဤတစ်ကြိမ်တွင် သူသည် စစ်ပွဲထဲသို့ ဝင်ရောက်တော့မည် ဖြစ်၏။ အခြားသူတစ်ဦးအတွက်မဟုတ်ဘဲ သူကိုယ်တိုင်အတွက်သာ ဖြစ်သည်။ လော့ချန်အနေဖြင့် တစ်ကိုယ်တော် ကျင့်ကြံသူများ၏ ရုန်းကန်ရမှုများကို အဘယ်မှာ နားမလည်ဘဲ နေပါမည်နည်း။ သူကိုယ်တိုင်လည်း ထိုလမ်းစဉ်ကို ဖြတ်သန်းခဲ့ရသည်မဟုတ်လော။

လော့ချန် ခဏမျှ တွေးတောပြီးနောက်

“မင်း ဘယ်ဘက်ကနေ ဝင်တိုက်မှာလဲ....”

ချူခွေးက ပြုံးလိုက်ရင်း

“ဘယ်သူက ငွေပိုပေးပြီး ပိုကောင်းတဲ့ ဆုလာဘ်တွေ ပေးမလဲ.... အဲဒီလူအတွက် တိုက်ခိုက်မှာပေါ့၊ လော့ထျန်းအဖွဲ့က ကျင့်ကြံသူတွေနဲ့ ကြုံကြိုက်ရင်တော့ ငါ ကူညီပေးပါ့မယ်၊ ဒါနဲ့.... မင်းကကော ငါ့ကို ဘယ်လောက်အထိ ပေးမှာလဲ....”

လော့ချန်တစ်ယောက် ဆွံ့အသွားရပြီးနောက် ဆဲရေးဆိုလိုက်တော့သည်။

“သွားစမ်းပါကွာ....”

ချူခွေး အကျယ်ကြီး ရယ်မောလိုက်ရင်း လှည့်ထွက်သွားခဲ့တော့၏။ သူ ထွက်ခွာသွားပြီးနောက် လော့ချန်၏ နှလုံးသားထဲတွင် မျှော်လင့်မထားသော ဟာလာဟင်းလင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။ သူနှင့် ချူခွေး၏ ဆက်ဆံရေးသည် အပြန်အလှန် အကျိုးစီးပွားများဖြင့် စတင်ခဲ့ခြင်းဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် ဆရာနှင့်တပည့်ကဲ့သို့လည်းကောင်း၊ သူငယ်ချင်း အရင်းအချာများကဲ့သို့လည်းကောင်း ဖြစ်နေခဲ့ကြပြီဖြစ်သည်။ ယခုအခါတွင်မူ ထိုကဲ့သို့သော ဆရာတစ်ဦး၊ သူငယ်ချင်းတစ်ဦးက စစ်မီးနွံကြီးထဲသို့ မိမိဆန္ဒအလျောက် တိုးဝင်သွားခဲ့ပြီ ဖြစ်၏။

နတ်မိစ္ဆာနှလုံးသားကြေးမုံ၏ စမ်းသပ်မှုများအတိုင်းပင် ဖြစ်ပျက်နေခဲ့ပြီဟု လော့ချန် လေးနက်စွာ တွေးတောမိသည်။

“ဒီစစ်ပွဲက ကျောက်စိမ်းအိုးနယ်မြေတစ်ခုလုံးမှာရှိတဲ့ လူတိုင်းကို မဝါးမြိုမချင်း ရပ်တန့်သွားမှာ မဟုတ်ဘူး….”

"ငါ့ရဲ့ အေးချမ်းတဲ့ နေ့ရက်တွေကကော ဘယ်လောက်အထိ ကြာရှည်ဦးမှာလဲ မသိဘူး"

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters