အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) အခုခေတ်က ဒီလောက်တောင် ခက်ခဲနေပြီလား
လျူအာကျူးသည် မြက်ပင်ရှည်များပေါက်နေသော နေရာလွတ်တစ်ခုကို ရှာတွေ့သွားပြီး သူ၏အသံကို တမင်တကာနှိမ့်ကာ အော်ပြောလိုက်လေသည်။
"အစ်ကိုကျိုး... ကျွန်တော့်ကို ပစ္စည်းပေးပါ..."
ထို့နောက် သူသည် ယခင်က ပြောင်းဖူးမှုန့်များ ထည့်ထားသော ဂုန်နီအိတ်ကို မြက်တောထဲမှ ဆွဲထုတ်လာခဲ့လေသည်။ ယခုအခါ ထိုအိတ်ထဲတွင် ဝက်တစ်ခြမ်းကို ထည့်သွင်းထားလေသည်။
ဝက်တစ်ကောင်၏ အလေးချိန်မှာ ကျင်းနှစ်ရာကျော်ရှိသောကြောင့် တစ်ဝက်ဆိုလျှင် အနည်းဆုံး ကျင်းတစ်ရာခန့် ရှိမည်ဖြစ်လေသည်။ နောက်ခြေထောက်ပိုင်းဖြစ်နေသော်လည်း ကလီစာများ ပါဝင်နေသေးသည့်အတွက် မည်သူမဆို လိုချင်ကြမည်သာ ဖြစ်၏။
လျူအာကျူးက အိတ်ကိုထမ်းကာ လျှောက်သွားလိုက်သည်။ ခေါင်းစွပ်ဆောင်းထားသူသည်လည်း ရောက်ရှိလာခဲ့ပြီး သူ၏နောက် မီတာအနည်းငယ်အကွာတွင် လူအချို့ နေရာယူထားကြောင်း ထင်ရှားနေလေသည်။
တစ်ဖက်လူသည် သူတို့၏တည်နေရာကို မဖုံးကွယ်ထားဘဲ လျူအာကျူး တစ်ယောက်တည်း လာခြင်းဟုတ်မဟုတ် အတည်ပြုရန် လက်နှိပ်ဓာတ်မီးကို ထိုးကြည့်လိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအရာက ယွမ်သုံးရာတန်ဖိုးရှိလေသည်။
အကယ်၍ အလုခံရပါက ထိုလူများအားလုံး ဒေါသထွက်လွန်း၍ သွေးအန်သွားနိုင်လေသည်။
လျူအာကျူး တစ်ယောက်တည်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ခေါင်းစွပ်ဆောင်းထားသူ၏ အပေါင်းအပါများသည် အန္တရာယ်ပြုမည့် ရည်ရွယ်ချက်မရှိကြောင်း ပြသသည့်အနေဖြင့် ဖြည်းညင်းစွာ နောက်ဆုတ်သွားကြလေသည်။
လျူအာကျူးသည်လည်း လူအချို့ကို နောက်ဆုတ်ရန် အချက်ပြသည့်အနေဖြင့် သူ၏နောက်ဘက် ခပ်လှမ်းလှမ်းရှိ သစ်တောဆီသို့ လက်ဝှေ့ယမ်းပြလိုက်လေသည်။
ဘဝဆိုသည်မှာ ပြဇာတ်တစ်ပုဒ်လိုပင်ဖြစ်ပြီး အရာအားလုံးသည် သရုပ်ဆောင်မှုအပေါ်တွင်သာ မူတည်နေလေသည်။
ခေါင်းစွပ်ဆောင်းထားသူသည် လျူအာကျူး၏ ပခုံးပေါ်ရှိ အိတ်ကို စိုက်ကြည့်နေလေသည်။ အစိမ်းနံ့ပြင်းပြင်းကို ရနေပြီဖြစ်ရာ သူသည် တံတွေးကို မျိုချလိုက်ပြီး မေးလိုက်သည်။
"အစ်ကို... ကျွန်တော် ပစ္စည်းတွေကို စစ်ဆေးကြည့်လို့ ရမလား..."
လျူအာကျူးသည် အိတ်ကို အောက်သို့ချပေးလိုက်ပြီး သူ့ကို စစ်ဆေးခွင့်ပြုလိုက်သည်။
ဝက်တစ်ခြမ်းအစစ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ခေါင်းစွပ်ဆောင်းထားသူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားလေသည်။ သူသည် သူ၏နောက်ကျောမှ ချိန်ခွင်တစ်ခုကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး စတင်ချိန်တွယ်တော့သည်။
(၁၁၂)ကျင်းပင် ဖြစ်သည်။
ခေါင်းစွပ်ဆောင်းထားသူ၏ အသက်ရှူနှုန်းများ မြန်ဆန်လာပြီး သူသည် ထိုအိတ်ကို ယူဆောင်သွားလိုသဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
လျူအာကျူးသည် သူ၏လက်ကို ဖိချလိုက်ပြီး အခြားလက်တစ်ဖက်ကမူ သူ၏အင်္ကျီထဲရှိ သားသတ်ဓားကို ဆုပ်ကိုင်ထားလိုက်သည်။ သူက မှောင်မိုက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ရဲဘော်... အဲ့လိုလုပ်ဖို့ လိုအပ်လို့လား..."
"အိုး... ဟုတ်သားပဲ... ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားလို့ပါ..."
ခေါင်းစွပ်ဆောင်းထားသူသည် ရှက်ရွံ့သွားဟန်ဖြင့် ဆက်ပြောလိုက်သည်။
"ဒါက ယွမ် ၃၀၀ ပါ... သေချာသိမ်းထားပါ... ကျွန်တော့်ဆီမှာ ခွဲတမ်းလက်မှတ်အချို့လည်း ရှိသေးတယ်... ဘယ်ဟာကို လိုချင်လဲဆိုတာ ကြည့်လိုက်ပါ... ဈေးနှုန်းကို ကျွန်တော် ပြောပြပါ့မယ်..."
လျူအာကျူးသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခေါင်းစွပ်ဆောင်းထားသူ ထုတ်ပြထားသော ခွဲတမ်းလက်မှတ် အထပ်လိုက်ကြီးကို ကြည့်လိုက်လေသည်။
အသားလက်မှတ်များ၊ အဝတ်အထည်လက်မှတ်များ၊ စားနပ်ရိက္ခာလက်မှတ်များ၊ သကြားလက်မှတ်များ၊ မုန့်လက်မှတ်များ စသည်တို့အပြင် စက်မှုလက်မှုလက်မှတ်များနှင့် လျူအာကျူး အလိုချင်ဆုံးဖြစ်သည့် စီးကရက်လက်မှတ်များပင် ပါဝင်လေသည်။
လျူအာကျူးသည် ဟိုဟာကိုလည်း လိုချင်သလို သည်ဟာကိုလည်း လိုချင်နေမိသည်။ ထို့ကြောင့် သူက ရိုးရှင်းစွာပင် ပြောလိုက်သည်။
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အကုန်လုံးယူမယ်ဆိုရင် ဘယ်လောက်ကျမလဲဆိုတာ ကျွန်တော့်ကို တွက်ပေးပါလား..."
"အကုန်လုံး... အကုန်လုံးကိုလား..."
ခေါင်းစွပ်ဆောင်းထားသူက အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းသာသွားလေသည်။
"ရပါတယ် အစ်ကို... အခုပဲ တွက်ပေးပါ့မယ်..."
လျူအာကျူး၏ အသံမှာ အသက်သိပ်မကြီးသေးသည့် လူငယ်တစ်ယောက်၏ အသံကဲ့သို့ နုနယ်နေကြောင်း ထင်ရှားသည်။
သို့သော်လည်း ခေါင်းစွပ်ဆောင်းထားသူသည် သူ့အား ခေါ်ဝေါ်သည့် အသုံးအနှုန်းကို ပြောင်းလဲရန် တုံ့ဆိုင်းမနေခဲ့ပေ။
မည်သည့်ခေတ်တွင်မဆို ငွေနှင့် အသားရှိသူသည်သာ သူဌေးဖြစ်လေသည်။
ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အကယ်၍ လျူအာကျူးကသာ ဒူးထောက်ပြီး အဖေဟုခေါ်လျှင် အသားတစ်ကျင်း ယူနိုင်သည်ဟု ပြောခဲ့ပါက ထိုလူသည် လျူအာကျူး မွဲပြာကျသွားသည်အထိ ဦးညွှတ်ကန်တော့နေမည်သာ ဖြစ်သည်။
သေချာစွာ တွက်ချက်ပြီးနောက် စားနပ်ရိက္ခာကြမ်းလက်မှတ် ၃၅ ကျင်းစာ၊ စားနပ်ရိက္ခာနုလက်မှတ် ၁၅ ကျင်းစာ၊ အသားလက်မှတ် ၃၃ ကျင်းစာ၊ မုန့်လက်မှတ် ၅၀ ကျင်းစာနှင့် ဆီလက်မှတ်များ စသဖြင့် ရှိနေလေသည်။ နောက်ဆုံးတွင် လျူအာကျူး၏ လက်ထဲ၌ ခွဲတမ်းလက်မှတ် တစ်ရာကျော် ရရှိလာသော်လည်း ၎င်းတို့၏တန်ဖိုးမှာ ၉၇ ယွမ်သာ ရှိလေသည်။
သုံးရာယွမ်ဖြင့် ကာမိသောအပိုင်းကို ဖယ်လိုက်လျှင် ထိုဝက်တစ်ခြမ်းမှ ကျန်ရှိနေသော အသားများမှာ ၄၄၂ ယွမ် တန်ဖိုးရှိနေသေးလေသည်။
ကျန်ရှိနေသော များပြားလှသည့် အသားများကို ကြည့်ရင်း ခေါင်းစွပ်ဆောင်းထားသူက ဗျာများနေလေသည်။ သူသည် လိုချင်သော်လည်း ငွေမထုတ်ပေးနိုင်ဖြစ်နေ၏။
သူ၏တုံ့ဆိုင်းနေမှုကို မြင်သောအခါ လျူအာကျူးသည် သူ၏သားသတ်ဓားကို ပြတ်သားစွာ ဆွဲထုတ်လိုက်သည်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ ထားလိုက်ကြတာပေါ့... ပိုနေတဲ့အသားတွေကို ကျွန်တော် အရင်ဖြတ်ထုတ်လိုက်မယ်..."
မျှော်လင့်မထားစွာပင် ခေါင်းစွပ်ဆောင်းထားသူသည် သူ့ကို ရုတ်တရက် တားဆီးလိုက်သည်။ ထို့နောက် ရုတ်ချည်း ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူ၏ခေါင်းစွပ်ကို ဆွဲချွတ်လိုက်သည်။
"အစ်ကို... ကျွန်တော့်ကို မှတ်မိလား..."
"ခင်ဗျား ရူးနေတာလား..."
လျူအာကျူးက အလျင်အမြန် နောက်ဆုတ်လိုက်လေသည်။ သူသည် အသက်ထက် အသားကို ပိုတန်ဖိုးထားသော လူများကို အကြောက်ဆုံးဖြစ်လေသည်။ အကြောင်းမှာ ထိုသူများသည် မည်သည့်အရာကိုမဆို လုပ်ရဲသောကြောင့် ဖြစ်၏။
"မကြောက်ပါနဲ့ အစ်ကို... ကျွန်တော်... ကျွန်တော်က လုံခြုံရေးအရာရှိ တစ်ယောက်ပါ..."
ခေါင်းစွပ်ဆောင်းထားသူသည် သူ၏ အလုပ်အကိုင်သက်သေခံကတ်ကို ခါးသီးစွာဖြင့် ထုတ်ပြလိုက်သည်။
လျူအာကျူးသည် ဇဝေဇဝါဖြစ်သွားလေသည်။ သူသည် ထိုလူကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် ထိုကတ်ကို သတိထားကာ ယူလိုက်သည်။
သက်သေခံကတ်ပြားမှာ အတုနှင့်မတူကြောင်း မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားလေသည်။
"အခခေတ်မှာ တကယ်ပဲ ဒီလောက်အထိ ခက်ခဲနေပြီလား..."
"ဟင်း... ခင်ဗျားထင်တာထက်ကို ပိုဆိုးပါတယ်... ကျွန်တော့်ရဲ့ ဒုတိယကလေးဆိုရင် ဗိုက်ဆာလွန်းလို့ ဖောရောင်နေပြီး လမ်းတောင် မလျှောက်နိုင်တော့ဘူး... နေ့တိုင်း ကန်းပေါ်မှာပဲ အဖေ သားဗိုက်ဆာတယ် သားဗိုက်ဆာတယ်ဆိုပြီး အော်ငိုနေရှာတယ်... ကိုယ့်ကလေး အဲ့လိုငတ်မွတ်နေတာကို မြင်ရတဲ့ ခံစားချက်ကို ခင်ဗျား သိမှာမဟုတ်ပါဘူး... ကျွန်တော့်အသားကို ကျွန်တော် လှီးကျွေးဖို့တောင် စဉ်းစားမိတယ်..."
ခေါင်းစွပ်ဆောင်းထားသူက ပြောရင်း မျက်ရည်များ စီးကျလာလေသည်။
လျူအာကျူးမှာ ပို၍ပင် မယုံကြည်နိုင်ဖြစ်သွားလေသည်။
"ခင်ဗျားရဲ့ လစာက တစ်လကို အနည်းဆုံး ယွမ် ၂၀ လောက်တော့ ရှိမယ်မလား... အဲဒါနဲ့ သူတို့ကို မကျွေးမွေးနိုင်ဘူးလား..."
"ခင်ဗျားကလည်း ကြီးထွားဆဲ အရွယ်ရောက်လာတဲ့ ကောင်လေးတစ်ယောက်ပဲလေ... ခင်ဗျားအရွယ်လောက်ဆိုရင် ဘယ်လောက်တောင် စားနိုင်လဲဆိုတာ သိတယ်မလား..."
"ဒါ့အပြင် ကျွန်တော့်မှာ ကျွေးမွေးစောင့်ရှောက်ရမယ့် ကလေးသုံးယောက်နဲ့ သက်ကြီးရွယ်အို မိဘနှစ်ပါး ရှိသေးတယ်... ကျွန်တော်တို့လည်း တတ်နိုင်သလောက် ချွေတာနေကြတာပါပဲ..."
"နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ စားနပ်ရိက္ခာတွေဆိုတာက အရင်တုန်းက တိရစ္ဆာန်တွေအတွက် သုံးခဲ့တဲ့ အစားထိုးအစားအစာတွေလေ... အခုတော့ လူတွေက အဲဒါတွေကို စားနေရပြီ... ပြောစမ်းပါဦး... အဲဒီအရာတွေကို လူဘယ်နှယောက်က တကယ် အစာကြေနိုင်မှာလဲ..."
"အစ်ကို... ခင်ဗျားရဲ့ စာနာမှုကို ရဖို့အတွက် ကျွန်တော် ဒီအကြောင်းတွေကို ပြောနေတာ မဟုတ်ပါဘူး... အသားတွေကို အရင်ယူသွားခွင့်ပြုဖို့ ကျွန်တော် တောင်းပန်ပါတယ်... နောက်မှ ငွေရှာပြီး ခင်ဗျားကို ပြန်ဆပ်ပါ့မယ်..."
"မစိုးရိမ်ပါနဲ့... ကျွန်တော့်ရဲ့ အလုပ်သမားကတ်ကို ခင်ဗျား သိမ်းထားလို့ ရပါတယ်... မနက်ဖြန် ကျွန်တော် အလုပ်လုပ်တဲ့ နေရာကို လာခဲ့ပါ... ကျွန်တော် သေချာပေါက် ပေးပါ့မယ်... အဲဒါမှ မလုံလောက်သေးဘူးဆိုရင် ကျွန်တော် စာရေးပေးခဲ့ရမလား..."
ဆက်သွယ်ရေးစနစ်များ မဖွံ့ဖြိုးသေးသော ဤခေတ်ကာလတွင် စာရေးပေးခြင်းမှာ အလွန်အသုံးများသော အရာဖြစ်သည်။
အကယ်၍ ခေါင်းဆောင်အများစုသည် တစ်စုံတစ်ရာ လုပ်ဆောင်ရန် လိုအပ်ပါက အခြားသူတစ်ဦးထံသို့ စာတစ်စောင် ရေးလေ့ရှိပြီး လက်ခံရရှိသူကလည်း ထိုစာအတိုင်း လိုက်နာဆောင်ရွက်ပေးကြသည်။
အကြောင်းမှာ စာတစ်စောင်သည် မျက်နှာသာပေးမှုကို ကိုယ်စားပြုသောကြောင့်ဖြစ်၏။ လျူအာကျူး၏ ယခင်ဘဝတွင် ခေါင်းဆောင်တစ်ဦးသည် ရာဇဝတ်မှုဖြင့် ထောင်ကျသွားသော်လည်း စာအများအပြားကို အားကိုးကာ နောက်ဆုံးတွင် ဘေးကင်းစွာ ထွက်လာနိုင်ခဲ့သည်ဟု ကြားဖူးခဲ့သည်။
လျူအာကျူးသည် အလုပ်သမားကတ်ကို ကြည့်လိုက်ပြီးနောက် တောင်းပန်နေသော အမျိုးသားကို ကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူသည် နောင်တရမည်ထက်စာလျှင် ဘေးကင်းအောင် နေခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။
"အလုပ်သမားကတ်ကို ထားလိုက်ပါတော့... ကျွန်တော့်အတွက် စာတစ်စောင်ပဲ ရေးပေးပါ... ဒါပေမဲ့ အသားဝယ်ဖို့လို့တော့ မရေးနဲ့နော်..."
အကယ်၍ သူသည် အလုပ်သမားကတ်ကို ယူသွားပြီး ထိုလူက သူ့ကို ခိုးယူသွားသည်ဟု စွပ်စွဲလာပါက ပြဿနာအကြီးအကျယ် တက်နိုင်လေသည်။
ထိုအမျိုးသားက ရုတ်တရက် အံ့အားသင့်စွာဖြင့် ပြုံးသွားလေသည်။
"အစ်ကိုကလည်း ဘာတွေပြောနေတာလဲ... အသားဝယ်ရန်လို့ ရေးရဲအောင် ကျွန်တော့်မှာ ခေါင်းဘယ်နှလုံးရှိလို့လဲ... တစ်ခုခုဖြစ်ရင် အစ်ကို့အတွက်လည်း မကောင်းသလို ကျွန်တော်လည်း အလုပ်ပြုတ်သွားမှာပေါ့... ကျွန်တော့် မိသားစုတစ်စုလုံးလည်း ငတ်ရုံကလွဲပြီး တခြားရွေးချယ်စရာ ရှိမှာမဟုတ်ဘူး..."
ထိုလူ၏ လှုပ်ရှားမှုများအရ သူသည် တကယ့်လုံခြုံရေးအရာရှိ တစ်ယောက်ဖြစ်ကြောင်း ထင်ရှားနေလေသည်။ သူသည် သူ၏ကိုယ်ပေါ်မှ စာရွက်နှင့် ဘောပင်တစ်ချောင်းကို အမှန်တကယ်ပင် ဆွဲထုတ်လိုက်လေသည်။
ဤခေတ်ကာလတွင် မှတ်စုစာအုပ် ကိုင်ဆောင်သူများသည် ပညာတတ်များ သို့မဟုတ် အခြားသူများကို ဖမ်းဆီးသူများသာ ဖြစ်ကြလေသည်။
၃၄၅ ယွမ်နှင့် ဆင့် ၂၀ ချေးငွေဟု ဖော်ပြထားသော စာတစ်စောင်ကို ရေးပြီးနောက် ထိုအမျိုးသားသည် သူ၏အမည်ကို လက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် အပြည့်အဝ ရိုးသားကြောင်း ပြသရန် သူ၏လက်ချောင်းကို ကိုက်ကာ သွေးထွက်စေပြီး လက်ဗွေနှိပ်လိုက်လေသည်။
လျူအာကျူးသည် ဆွံ့အစွာဖြင့် ကြည့်နေပြီးနောက် ထိုလူ၏ ပခုံးကို ပုတ်လိုက်လေသည်။
"ရဲဘော်... ခင်ဗျားကတော့ တကယ့်လူပဲ..."
ထိုလူက အားရပါးရ ရယ်မောလိုက်လေသည်။
"အဲ... လက်ချောင်းကို ကိုက်တာလောက်ကတော့ အသေးအဖွဲပါ... အရင်တုန်းက စစ်တပ်ထဲမှာတုန်းက သေနတ်နှစ်ချက် အပစ်ခံရတာတောင်မှ ကျွန်တော်..."
"ကျွန်တော်က ခင်ဗျားကို ချီးကျူးနေတယ်လို့ ထင်နေတာလား..."
လျူအာကျူးက မျက်လုံးလှန်လိုက်လေသည်။
"အိတ်ထဲမှာ ဝက်သွေးတွေ အထင်အရှား ရှိနေတာတောင်မှ သွေးလက်ဗွေနှိပ်ဖို့ ခင်ဗျားကိုယ်ခင်ဗျား ကိုက်ဖို့ တဇွတ်ထိုးလုပ်နေတာကို ပြောတာ... ခင်ဗျားကတော့ တကယ့်လူပဲ..."
"..."
သူ့လက်ချောင်းကို စုပ်ရင်း အိတ်ထဲရှိ ဝက်သားကို ကြည့်ကာ ထိုလူသည် ဝက်၏ ပျောက်ဆုံးနေသော ခေါင်းမှာ သူ၏ဆီသို့ တစ်နည်းနည်းဖြင့် ကူးစက်သွားပြီလားဟု ရုတ်တရက် တွေးမိသွားလေသည်။
လျူအာကျူးသည် စကားထပ်မပြောတော့ဘဲ ထွက်သွားရန် လှည့်လိုက်လေသည်။
မျှော်လင့်မထားစွာပင် ထိုအမျိုးသားက သူ့ကို ရုတ်တရက် ဖမ်းဆွဲလိုက်ပြီး သူ၏အင်္ကျီထဲမှ သေနတ်တိုတစ်လက်ကို ကမ်းပေးလိုက်လေသည်။
"အစ်ကို... ဒါက အစ်ကို့အတွက်ပါ... ဒါက အမဲလိုက်သေနတ်ဖြစ်ပြီး အထဲမှာ ကျည်နှစ်တောင့် ပါတယ်..."
"ဒါက ဘာအတွက်လဲ..."
လျူအာကျူးက နားမလည်နိုင် ဖြစ်သွားလေသည်။
"အစ်ကိုတစ်ယောက်တည်း သည်လောက်များတဲ့ ငွေတွေနဲ့ ခွဲတမ်းလက်မှတ်တွေ အများကြီးကို သယ်သွားဖို့က မလုံခြုံဘူးလေ... ဟီး... ကျွန်တော့်ကို စိုက်မကြည့်ပါနဲ့... ဘာပဲဖြစ်ဖြစ် ကျွန်တော်က လုံခြုံရေးအရာရှိ တစ်ယောက်ပါ... အစ်ကို့ရဲ့ သရုပ်ဆောင်မှုကိုတောင် ကျွန်တော် မရိပ်မိဘူးဆိုရင် ရာဇဝတ်ကောင်တွေကို ဘယ်လိုလုပ် ဖမ်းနိုင်ပါ့မလဲ..."
ထိုအမျိုးသားက ရယ်မောရင်း လျူအာကျူး၏ အင်္ကျီထဲသို့ သေနတ်ကို ထိုးထည့်ပေးလိုက်သည်။ ၎င်းကို မည်သို့အသုံးပြုရမည်ကို ရှင်းပြပြီးနောက် သူသည် အိတ်ကို ပခုံးပေါ်ထမ်းကာ ထွက်ခွာသွားလေသည်။
ထိုလူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လျူအာကျူးက နှုတ်ခမ်းကို တွန့်လိုက်လေသည်။
“ဒီလူက စရိုက်ကောင်းတယ်... မနက်ဖြန် ငွေသွားယူတဲ့အခါ သူ့ကို နောက်ထပ် အံ့သြစရာတစ်ခု ပေးရမယ်... ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်တာပဲလို့ သဘောထားလိုက်တော့မယ်…”