← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) ယောက်ျားတစ်ယောက်ကို သတ်မှတ်သည့် စကားတစ်ခွန်းမှာ ကြမ်းတမ်းခြင်းပင် ဖြစ်သည်

နေရာလွတ်ထဲတွင် ငွေများနှင့် လက်မှတ်များ ရှိနေသည်ကို မြင်လိုက်ရသောအခါ လျူအာကျူးသည် စိုးရိမ်ပူပန်မှု မရှိတော့ပေ။ ရှားပါးပစ္စည်းများ ရှိမရှိကြည့်ရှုရန် မှောင်ခိုဈေးကွက်အတွင်း လှည့်လည်ကြည့်ရှုတော့သည်။

လူသစ်တစ်စု ရောက်လာခြင်းလား သို့မဟုတ် သူအရင်က သေချာဂရုမစိုက်မိခဲ့ခြင်းလားဆိုသည်ကိုတော့ သူ သေချာမသိပေ။

မှောင်ခိုဈေးကွက်ထဲတွင် တကယ်တမ်း ပစ္စည်းကောင်း အတော်များများ ရှိနေကြောင်း လျူအာကျူး တွေ့ရှိလိုက်ရသည်။

အဆင်ပါသော အဝတ်အထည်များ၊ အမဲလိုက်သေနတ်များနှင့် ကျည်ဆန်များအပြင် အချိန်အတန်ကြာ ထားသိုထားပုံရသည့် စည်သွတ်ဘူးများနှင့် သကြားလုံးအချို့ကိုပင်

တွေ့လိုက်ရသည်။

လျူအာကျူးသည် အဆင်ပါသော အဝတ်အထည်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ အထပ်ထပ်အခါခါ ကြည့်ရှုနေလေသည်။ ပြဿနာမရှိကြောင်း သေချာသွားသောအခါ သူက မေးလိုက်သည်။

"ဘယ်လောက်လဲ..."

"ငွေနဲ့မရောင်းဘူး... စားနပ်ရိက္ခာနဲ့ပဲ လဲမယ်..."

"ဒါက အထည်အလိပ်စက်ရုံကနေ ခိုးထွက်လာတဲ့ ပစ္စည်းကောင်းတွေပဲ... ဒီတစ်လိပ်ကို ပေတစ်ရာရှိတယ်... ထောက်ပံ့ရေးနှင့်သမဝါယမအသင်းက တစ်ပေကို ဆင့်ငါးဆယ်နဲ့ ရောင်းပေမဲ့ ငါကတော့ ရှစ်ဆယ်နဲ့ ရောင်းမယ်..."

"စားနပ်ရိက္ခာကို မှောင်ခိုဈေးကွက် ပေါက်ဈေးအတိုင်းပဲ ပေးပါ..."

ဈေးသည် သည် ဈေးမေးပြီး မဝယ်သူ အတော်များများနှင့် ကြုံတွေ့ခဲ့ရပုံပေါ်ရာ ကျွမ်းကျင်စွာ ရှင်းပြပြီးနောက် ဘေးတွင်တိတ်ဆိတ်စွာထိုင်၍ ဆေးလိပ်သောက်နေသည်။ ဆောင်းဦးလေအေးထဲတွင် ဖာရာများစွာပါသည့် အဝတ်ပါးပါးလေးကိုသာ ဝတ်ဆင်ထားပြီး နှစ်ပေါင်းများစွာ အလုပ်ကြမ်းလုပ်ခဲ့ရသဖြင့် ကိုင်းညွတ်နေသော သူ၏ခန္ဓာကိုယ်မှာ အအေးဒဏ်ကြောင့် အနည်းငယ် တုန်ယင်နေ၏။

ဤအဝတ်တစ်လိပ်လျှင် ယွမ်ရှစ်ဆယ် ကျသင့်မည်ဖြစ်ပြီး ၎င်းကို စားနပ်ရိက္ခာအဖြစ် ပြောင်းလဲတွက်ချက်ပါက ငါးဆယ့်သုံးကျင်းခန့် ရနိုင်ကြောင်း လျူအာကျူး တွက်ဆလိုက်သည်။

သူသည် နေရာလွတ်ထဲမှ ပြောင်းဖူးမှုန့်အချို့ကို ချက်ချင်းထုတ်ယူရန် ပြင်လိုက်သော်လည်း အကြောင်းတစ်ခုခုကြောင့် ယခင်က လုံခြုံရေးအရာရှိကို သွားသတိရလိုက်မိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ကြိတ်ခွဲရန် ရည်ရွယ်ထားသော ပြောင်းဖူးအဖူးများကို ဖယ်ရှားလိုက်သည်။

ထိုအခါ ပြောင်းဖူးမှုန့်က ပြောင်းဖူးမှုန့်ကြမ်း ဖြစ်သွားလေတော့သည်။

၎င်းသည် သန့်စင်သော ပြောင်းဖူးမှုန့်ထက် ပိုကြမ်းနေသေးသော်လည်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ စားသုံးရန်အတွက်တော့ အဆင်ပြေမည် ဖြစ်လေသည်။

"ခဏစောင့်ဦး... ကျွန်တော် စားနပ်ရိက္ခာ သွားယူလိုက်ဦးမယ်..."

လျူအာကျူးက ဈေးသည်အား ပြောလိုက်သည်။

"မသွားပါနဲ့... မင်းနဲ့အတူ ငါလိုက်ခဲ့မယ်... ဒီနေရာကို လာပို့ရင် ငါထွက်သွားလို့ရမှာ မဟုတ်ဘူး..."

ဈေးသည်က စိုးရိမ်တကြီးဖြင့် ပြောလိုက်ပြီး သူ၏ပစ္စည်းများကို အလျင်အမြန်လိပ်ကာ လျူအာကျူး၏နောက်သို့ လိုက်သွားလေသည်။

မြက်ခင်းတောတစ်ခုသို့ ရောက်သောအခါ လျူအာကျူးသည် ကျွမ်းကျင်စွာပင် စားနပ်ရိက္ခာအိတ်တစ်အိတ်ကို ထုတ်ယူဟန်ဆောင်ကာ ဈေးသည်ထံ ကမ်းပေးလိုက်သည်။

ဈေးသည်သည် ချိန်ခွင်တစ်ခုကို ထုတ်ယူ၍ ချိန်တွယ်လိုက်ပြီး ခေါင်းကုတ်ကာ ပြောလေသည်။

"အလေးချိန်ကတော့ မှန်ပါတယ်... ဒါပေမဲ့ ဒီစားနပ်ရိက္ခာက ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ..."

သူသည် အနည်းငယ် စိုးရိမ်သွားကာ အနည်းငယ်ယူ၍ မြည်းစမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည်။

"ညီလေး... မင်း ငါ့ကိုပေးတာ မှားနေပြီ... ဒါက ပြောင်းဖူးမှုန့် မဟုတ်ဘူး... ဒါက..."

"မမှားပါဘူး... ဒါက ကျွန်တော်ရောင်းတဲ့ စားနပ်ရိက္ခာပဲ... ခင်ဗျား ယူမှာလား မယူဘူးလား..."

လျူအာကျူးက အဆင်ပါသော အဝတ်အထည်ကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။

"ယူမှာပေါ့... ယူမှာပေါ့..."

ဈေးသည်က ခါးသက်သက် ပြုံးလိုက်ပြီး ဘာပြောရမှန်းမသိဘဲ လျူအာကျူးကို ကြည့်နေမိသည်။

ဤစားနပ်ရိက္ခာသည် သာမန်ပြောင်းဖူးမှုန့်ထက် များစွာတန်ဖိုးရှိလေသည်။ အရာအားလုံးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူသည် အမြတ်ထွက်သွားခဲ့ပြီဖြစ်ပြီး အထူးသဖြင့် တစ်ကြိမ်တည်းနှင့် ဤမျှများပြားစွာ ရရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ဤခေတ်ကာလတွင် တစ်ကြိမ်တည်းဖြင့် စားနပ်ရိက္ခာ ဆယ်ဂဏန်းကျင်းခန့်ကို ထုတ်ယူနိုင်သူမှာ အမှန်တကယ် ဩဇာကြီးမားသူပင် ဖြစ်သည်။

လျူအာကျူးသည် ဈေးသည်အား စကားများများမပြောတော့ဘဲ လှည့်ထွက်သွားလိုက်သည်။

သူသည် မှောင်ခိုဈေးကွက်သို့ ပြန်သွားစဉ် ဈေးသည်သည် သက်ပြင်းချကာ လျူအာကျူးအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး နီရဲနေသော မျက်လုံးများကို သုတ်ကာ လှည့်ထွက်သွားတော့သည်။

အိမ်ရှိ သူ၏ဇနီးမှာ ကလေးမွေးခါစဖြစ်ပြီး အာဟာရမရှိပေ။ ဆရာဝန်က သူမသာ ဗိုက်ဝအောင် မစားရပါက သေချာပေါက် အသက်ရှင်နိုင်မည်မဟုတ်ကြောင်း ပြောထားလေသည်။

ထို့ကြောင့်ပင် သူသည် အထည်အလိပ်စက်ရုံထဲမှ ဤအဝတ်တစ်လိပ်ကို ခိုးထုတ်ရန် ရဲတင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ စက်ရုံမှ မသိမီ ဤစားနပ်ရိက္ခာကို သူ၏ဇနီးထံသို့ ရောက်အောင် ပို့ပေးရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ယင်းအတွက် ထောင်ကျရမည်ဆိုလျှင်လည်း ကျခံလိုက်တော့မည်ဟု တွေးထားခဲ့၏။

လျူအာကျူးသည် မှောင်ခိုဈေးကွက်သို့ ပြန်ရောက်လာပြီး ထပ်မံလှည့်လည်ကြည့်ရှုနေခဲ့သည်။ သူသည် စည်သွတ်ဘူးများကို ဝယ်ယူကာ လက်မှတ်အချို့ကိုလည်း စုဆောင်းခဲ့သည်။ ရှားပါးပစ္စည်းများ မရှိတော့သည်ကို တွေ့ရသောအခါ မှောင်ခိုဈေးကွက်မှ ထွက်ခွာလာခဲ့သည်။

သူသည် ထိုအမဲလိုက်သေနတ်များကို မဝယ်ခဲ့ပေ။ ၎င်းတို့မှာ ငှက်ပစ်ရန်အတွက်သာဖြစ်ပြီး သူ၏ကိုယ်ပေါ်ရှိ သေနတ်လောက် အစွမ်းမထက်သောကြောင့် ဖြစ်သည်။

ဘယ်ဘက်လက်တွင် ဓားမကြီးကိုကိုင်ကာ ညာဘက်လက်တွင် သေနတ်ကိုကိုင်ထားလျက် သူသည် အိမ်သို့မပြန်ဘဲ ခရိုင်မြို့ဘက်သို့ ဦးတည်သွားလိုက်သည်။

လမ်းတွင် မှောင်ခိုဈေးကွက်မှ ထွက်လာသော အခြားသူများက သူ့ကို ဤကဲ့သို့ မြင်သောအခါ အဝေးမှ ရှောင်ကွင်းသွားကြ၏။

အချို့ကမူ ဤကောင်လေးသည် ခရိုင်မြို့ကို သိမ်းပိုက်တော့မည့်ပုံစံဖြင့် အဘယ်ကြောင့် ဝတ်ဆင်ထားသနည်းဟု အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

လျူအာကျူးသည် ထိုအရာများကို ဂရုမစိုက်ပေ။ အဓိကအားဖြင့် သူသည် ယခုလေးတင် ငွေအများကြီး သုံးစွဲခဲ့သောကြောင့် အလွယ်တကူ အာရုံစိုက်ခံရနိုင်သည်။ ထို့ကြောင့် သတိမထားဘဲ မနေနိုင်ခဲ့ပေ။

ခရိုင်မြို့၏ ဆင်ခြေဖုံးသို့ ရောက်သောအခါ လျူအာကျူးသည် နောက်ဆုံးတွင် သူ၏လက်နက်များကို နေရာလွတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။

သူ့တွင် နာရီမရှိသဖြင့် အချိန်ကို သိနိုင်ရန် ကောင်းကင်၏ အရောင်ကိုသာ ကြည့်နိုင်လေသည်။

တကယ်တမ်း သူ သိနိုင်မည်ဆိုလျှင်တော့ အံ့ဖွယ်တစ်ခုပင် ဖြစ်ပေလိမ့်မည်။

သူသည် ညစောင့်တစ်ယောက်မဟုတ်ရာ ညဘက်အချိန်မည်မျှရှိပြီကို မည်သို့မျှ သိနိုင်မည် မဟုတ်ပေ။

လေကွယ်သည့် နေရာတစ်ခုကို ရှာတွေ့ပြီးနောက် လျူအာကျူးသည် ဆောင့်ကြောင့်ထိုင်ကာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်း ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းရင်း သူ၏ယခင်ဘဝက ထောက်ပံ့ရေးနှင့်သမဝါယမအသင်းတွင် တွေ့ခဲ့ရသည့် အရာများကို ပြန်လည်အမှတ်ရလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် ပစ္စည်းအတော်များများကို ကုန်တိုက်တွင်သာ ဝယ်ယူရမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ခရိုင်မြို့ငယ်လေးတွင် ကုန်တိုက်ဟူ၍ မရှိပေ။ အားလုံးသည် အရာရာတိုင်းအတွက် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကိုသာ အားထားနေကြရလေသည်။

နောက်ပိုင်းတွင် သူသည် ပေကျင်းမြို့သို့ ခရီးတစ်ခေါက် သွားသင့်ပုံရသည်။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် မည်သည့်အရာကိုမဆို ရရှိနိုင်သည့် အမှန်တကယ် စည်ကားဝပြောသော နေရာတစ်ခု ဖြစ်လေသည်။

အထူးသဖြင့် မော်စကိုစားသောက်ဆိုင်ဖြစ်ပြီး ယခင်ဘဝက လျူအာကျူးသည် 'လောင်မို' နှင့်ပတ်သက်သော ဒဏ္ဍာရီများကို မရေမတွက်နိုင်အောင် ကြားဖူးခဲ့လေသည်။

အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်၊ ငွေထည်ပစ္စည်းများ၊ အထက်တန်းလွှာများ စုဝေးရာနေရာဖြစ်သည်။ ယခင်ဘဝက သူသည် ပေကျင်းမြို့တွင် အလုပ်သမားတစ်ယောက်ဖြစ်ခဲ့စဉ်က တစ်ခါတစ်ရံ ထိုနေရာမှ ဖြတ်သွားလေ့ရှိသည်။ အတွင်း၌ လူများ စိတ်ကြိုက်စားသောက်နေကြသည်ကို မြင်ရတိုင်း သူသည် မနာလိုမှုများဖြင့် ပြည့်နှက်နေပြီး တစ်နေ့တွင် သူလည်း သွားရမည်ဟု တွေးနေခဲ့မိ၏။ နောက်ဆုံးတွင်တော့ သူ မသေဆုံးမီအထိ ထိုနေရာသို့ မရောက်နိုင်ခဲ့ပေ။

ဤဘဝတွင်တော့ လောင်မို၏ ရုရှားအသားကင်နှင့် ရေခဲမုန့်ကို မြည်းစမ်းကြည့်ရန် သူ၏မိသားစုကို သေချာပေါက် ခေါ်သွားမည်ဖြစ်သည်။

သူ့မိသားစု သပ်ရပ်စွာ ဝတ်ဆင်ထားပြီး စားသောက်ဆိုင်တွင် စားသောက်နေကြပုံ၊ မင်းသမီးလေးဝတ်စုံကို ဝတ်ဆင်ထားသော နျီဇီသည် ပြုံးရွှင်စွာဖြင့် ရေခဲမုန့်စားနေပုံတို့ကို တွေးရင်း လျူအာကျူးမှာ မျှော်လင့်ချက်များ တဖွားဖွား ပေါ်ပေါက်လာသည်။

သို့သော် ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် ဤမြင်ကွင်းမှာ ထူးဆန်းစွာ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ရုတ်တရက် တောင့်တင်းသွားလေသည်။

အေးစိမ့်နေသော လေပြင်းများကြား ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက် အရသာရှိသော အစားအစာများနှင့် နွေးထွေးသော မိသားစုအကြောင်း စိတ်ကူးယဉ်နေခြင်းတို့မှာ ကျိန်စာသင့်နေသည့် မီးခြစ်ဆံရောင်းသည့် မိန်းကလေးငယ်နှင့် ပုံစံတူပင် ဖြစ်လေသည်။(ပုံပြင်ထဲက)

လျူအာကျူး၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

သို့သော် မည်သည့် မီးခြစ်ဆံရောင်းသည့် မိန်းကလေးငယ်တွင်မျှ ငွေသား ယွမ်တစ်ရာကျော် ရှိမနေနိုင်ကြောင်း တွေးမိသောအခါ သူက ပြန်လည်ဝင့်ကြွားလာလေသည်။

သူသည် မိုးလင်းသည်အထိ အအေးဒဏ်ကို သည်းခံနေခဲ့သည်။ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ နောက်ဆုံးတွင် လူတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် လမ်းကြားထဲမှ အလျင်အမြန် ထွက်လာခဲ့လေသည်။

တံခါးဖွင့်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် သူမ၏ဘေးရှိ လမ်းကြားထဲမှ လူရိပ်တစ်ခု ပြေးထွက်လာသည်ကို မြင်လိုက်ရသောအခါ လန့်ဖြန့်သွားလေသည်။

"ဘုရားရေ... နင် ဘာလုပ်နေတာလဲ..."

"ဝယ်... ပစ္စည်းဝယ်မလို့..."

လျူအာကျူး၏ ပါးစပ်မှာ အေးခဲနေသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

အနည်းငယ် စိုးရိမ်နေခဲ့သော အမျိုးသမီးသည် သူက ဖောက်သည်တစ်ယောက်ဖြစ်ကြောင်း ကြားသောအခါ ချက်ချင်းပင် ရန်လိုလာသည်။ လန့်သွားခဲ့ရခြင်းအတွက် လက်စားချေရန် သူမက အော်ဟစ်လိုက်သည်။

"နင်က ကြိုးဆွဲချသေဖို့ အဲ့လောက်တောင် အလောတကြီး ဖြစ်နေတာလား... မနက်စောစောစီးစီး ပစ္စည်းတွေတောင် မစီစဉ်ရသေးဘူး၊ ပိုက်ဆံနဲ့ လက်မှတ်တွေတောင် မရေရသေးဘူး... နင်က ပစ္စည်းဝယ်ဖို့ ရောက်နေပြီလား..."

ပစ္စည်းလာဝယ်ရုံမျှဖြင့် အဘယ်ကြောင့် အဆဲခံရသနည်းဟုတွေးကာ လျူအာကျူးမှာ ထိုဆူပူကြိမ်းမောင်းမှုကြောင့် အံ့အားသင့်သွားလေသည်။

ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ တံခါးပွင့်သွားသောအခါ နံရံတွင် ချိတ်ဆွဲထားသော 'အကြောင်းပြချက်မရှိဘဲ ဖောက်သည်များအား ရိုက်နှက်ခြင်းကို တားမြစ်သည်' ဟူသည့် ဆိုင်းဘုတ်ကို သူမြင်လိုက်ရပြီး ချက်ချင်းပင် နားလည်သွားတော့သည်။

ဤခေတ်ကာလ၏ အလုပ်အကိုင်ကြီးရှစ်ခုမှာ အမှန်တကယ်ပင် ကွဲပြားခြားနားပြီး ၎င်းတို့မှာ မည်သူမဆို လုပ်နိုင်သည့် အလုပ်များ မဟုတ်ပေ။ သူတို့၏ ဒေါသများမှာ ပေါက်ကွဲလွယ်ပြီး စိတ်ရှိလျှင် ရိုက်နှက်တတ်ကြကာ ထို့နောက်တွင်လည်း မည်သည့်အကျိုးဆက်ကိုမျှ ရင်ဆိုင်ရမည်မဟုတ်ဘဲ အဆဲခံရသူကသာ အမြန်တောင်းပန်ရမည် ဖြစ်လေသည်။

အထူးသဖြင့် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းမှ လူများကို စော်ကားမိပါက အနာဂတ်တွင် မည်သည့်အရာကိုမျှ ဝယ်ယူရန် ခက်ခဲသွားမည် ဖြစ်သည်။

သို့သော်လည်း လျူအာကျူးသည် သူ၏ယခင်ဘဝက လုံလောက်သော စိတ်ပျက်အားငယ်မှုများကို ခံစားခဲ့ရပြီးဖြစ်၍ ထိုကဲ့သို့ ထပ်မံမနေထိုင်လိုတော့ပေ။ ဤဘဝတွင်တော့ သူသည် စကားတစ်ခွန်းတည်းဖြင့်သာ ရှင်သန်နေထိုင်မည် ဖြစ်သည်။

ကြမ်းတမ်းရမည်။

ယောကျ်ားများအပေါ်တွင် ကြမ်းတမ်းရမည်ဖြစ်ပြီး အမျိုးသမီးများအပေါ်တွင် ပို၍ပင် ကြမ်းတမ်းရပေမည်။

လျူအာကျူးသည် ခါးထောက်ကာ ရန်တွေ့မည့်ပုံစံဖြင့် စိုက်ကြည့်နေသော အမျိုးသမီးကို ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်သွားလေသည်။

အဆဲခံရပြီးနောက် အသံပင် မထွက်ရဲဘဲ ထွက်သွားသော လျူအာကျူးကို မြင်လိုက်ရသောအခါ အမျိုးသမီးသည် မကျေနပ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

“ဘာလို့ ဒီလောက်တောင် သတ္တိကြောင်ရတာလဲ... နင်နဲ့ ရန်ဖြစ်ပြီးရင် ဖျားတယ်ဆိုပြီး ခွင့်ယူလို့ရပြီလို့ ထင်နေတာကို..."

ယင်းကိုကြားသောအခါ လျူအာကျူး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ သူသည် လမ်းကြားထဲသို့ ဝင်သွားကာ တောဝက်သား ကျင်းနှစ်ဆယ်ကို ထုတ်ယူပြီး ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ပြန်လာကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထိုအချိန်တွင် ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ အခြားဝန်ထမ်းများလည်း အလုပ်ဆင်းရန် ရောက်လာကြပြီး ထောက်ပံ့ရေးနှင့်သမဝါယမအသင်း ညွှန်ကြားရေးမှူးပင် ရောက်ရှိလာလေသည်။

ယခုလေးတင် လျူအာကျူးနှင့် ပြဿနာတက်ခဲ့သော အမျိုးသမီးသည် သူ ပြန်ရောက်လာသည်ကို မြင်သောအခါ ခါးကိုပြန်ထောက်လိုက်သည်။

"ဘာလဲ... နင်က တကယ်ပဲ ငါနဲ့ ရန်ဖြစ်ချင်နေတာလား..."

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းရှိ လူတိုင်းသည် လှမ်းကြည့်လိုက်ကြသည်။

အမျိုးသမီးများအားလုံးသည် လျူအာကျူးအား စွန်ရဲများကဲ့သို့ စိုက်ကြည့်နေကြသည်။ သူတို့သည် အလုပ်အတွက် စောစောထရသဖြင့် ဒေါသထွက်နေကြပြီး ဒေါသဖြေရန် လူတစ်ယောက်ကို ရှာဖွေနေကြခြင်း ဖြစ်သည်။

အမျိုးသားများကမူ လျူအာကျူးကို သိချင်စိတ်ဖြင့် ကြည့်နေကြသည်။ ဤကောင်လေးသည် ဤအမျိုးသမီးများနှင့် အမှန်တကယ်ပင် အငြင်းပွားရဲလေသည်။ သူ့မျက်နှာကို ယခင်က တစ်ခါမှ အကုတ်မခံခဲ့ရဘူးလေသလား။

လျူအာကျူးသည် ဘာမျှမပြောပေ။ သူသည် ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ တံခါးကို ပိတ်လိုက်ပြီး လူတိုင်း၏ ရှုပ်ထွေးနေသော အကြည့်များအောက်တွင် အိတ်ထဲမှ ဝက်သားများကို သွန်ချလိုက်လေသည်။

"ဒီနေရာမှာ ဘယ်သူ တာဝန်ခံလဲ... စစ်မှန်တဲ့ တောဝက်သားပဲ... ခင်ဗျားတို့ကို ရောင်းမလို့... ယူကြမှာလား..."

အရင်ကသာဆိုလျှင် လျူအာကျူးသည် နေ့ခင်းကြောင်တောင်တွင် အရောင်းအဝယ်ကိစ္စကို ဤသို့ရဲတင်းစွာ အော်ဟစ်ပြောဆိုရဲမည် မဟုတ်ပေ။

သို့သော် မနေ့ညက ဖြစ်ရပ်ပြီးနောက်တွင်မူ လူတိုင်း ရုန်းကန်နေရကြောင်း သူ သိသွားခဲ့လေပြီ။ လုံခြုံရေးအရာရှိများပင်လျှင် ပစ္စည်းဝယ်ရန် မှောင်ခိုဈေးကွက်သို့ အန္တရာယ်ခံကာ သွားရသေးသည်မဟုတ်ပါလော။

ဤလူများသည် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းတွင် အလုပ်လုပ်ကြသော်လည်း အစားအသောက်များ လိုအပ်နေမည်မှာ သေချာလှသဖြင့် သူက ဤအန္တရာယ်ကို စွန့်ရဲခြင်းဖြစ်သည်။

ထို့အပြင် ပြဿနာတစ်စုံတစ်ရာ အမှန်တကယ် ဖြစ်လာပါက မနေ့ညက လုံခြုံရေးအရာရှိထံမှ အကူအညီ တောင်းခံနိုင်သေးသည်။ သူ၏ လက်ကျန်ငွေ ယွမ်ရာချီကို ပေးလိုက်မည်ဆိုပါက ထိုအရာရှိသည် သူ့ကို ကယ်တင်ရန် တိုက်ပွဲဝင်ပေးလိမ့်မည်ဟု သူ ယုံကြည်ထားလေသည်။

All Chapters