← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) ညွှန်ကြားရေးမှူးကျိုး၏ ချီးကျူးစကား

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းရှိ လူများသည် လျူအာကျူး တံခါးပိတ်လိုက်သည်ကို မြင်သောအခါ သူတို့၏အသက်လုပြီး ရန်ပွဲဆင်တော့မည်ဟု ထင်မှတ်သွားကြလေသည်။

အမျိုးသားများအားလုံးမှာ လက်နက်များကို ကိုင်ဆောင်ရန် အသင့်ပြင်ထားကြ၏။

ညွှန်ကြားရေးမှူးသည်လည်း အပေါ်ထပ်သို့ တက်တော့မည့်ဆဲဆဲ ဖြစ်လေသည်။

သို့သော်လည်း မြေပြင်ပေါ်ရှိ ဝက်သားကို မြင်လိုက်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်သွားကြ၏။

သူတို့၏ခေါင်းထဲတွင် အတွေးနှစ်ခုသာ ရှိတော့၏။

*အသားပါလား…*

*ဒီကောင်လေးက သိပ်ကိုရဲတင်းလွန်းတာပဲ…*

ထောက်ပံ့ရေးနှင့်သမဝါယမအသင်း၏ ညွှန်ကြားရေးမှူးမှာ ခေါင်းဆောင်တစ်ဦးဖြစ်ရသည့် အကြောင်းရင်းတစ်ခု ရှိလေသည်။ သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အသားများကို ဂုန်နီအိတ်ထဲသို့ ပြေးထည့်ကာ အခြားသူများကို စူးရဲစွာ ကြည့်လိုက်သည်။

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ မပြောကြနဲ့..."

သူက ထိုသို့ပြောလိုက်သည်နှင့် ဤအသားများကို သိမ်းထားမည်ဖြစ်ပြီး သူတို့နှင့် ဝေမျှစားသောက်မည်ဟု ဆိုလိုခြင်းဖြစ်လေသည်။

ခရိုင်ထောက်ပံ့ရေးနှင့်သမဝါယမအသင်းရှိ ဤလူများသည်ပင် အသားကို မမြင်ရသည်မှာ အတော်ကြာမြင့်နေပြီဖြစ်၏။

ဤခေတ်ကာလ၌ အလုပ်အကိုင်ကြီးရှစ်ခုက မည်မျှပင် ခမ်းနားနေပါစေ အထက်လူကြီးများထက် ပို၍ အာဏာရှိနိုင်ပါမည်လော။

အထက်မှ စကားတစ်ခွန်းဖြင့်ပင် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ခွဲဝေပေးထားသော လစဉ် အသားခွဲတမ်းမှာ အလုခံရမည်ဖြစ်ပြီး ဝန်ထမ်းများပင်လျှင် မျက်စိဖြင့်သာ အရသာခံရမည့် အခြေအနေဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ လူတစ်ဦးတစ်ယောက်တည်းက ယူဆောင်လာသော တောဝက်သားမျိုးကတော့ ကွာခြားသည်။

ဆံပင်အနည်းငယ် ကျွတ်နေသော ထောက်ပံ့ရေးနှင့်သမဝါယမအသင်း ညွှန်ကြားရေးမှူးသည် လျူအာကျူးကို ပြုံးပြကာ ပြောလိုက်သည်။

"ညီလေး... ငါတို့ရဲ့ အလုပ်ကို ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ငါတို့ အပေါ်ထပ်သွားပြီး စကားပြောကြမလား..."

"ကောင်းပြီလေ..."

လျူအာကျူးက အေးစက်သော မျက်နှာထားဖြင့် အပေါ်ထပ်သို့ တက်သွားရင်း ပြန်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ခါးထောက်ကာ ရန်ဖြစ်ရန် အသင့်ပြင်ထားခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ ယခုအခါ အလွန်ရှက်ရွံ့နေပုံပေါ်နေသည်။

ကုန်ပစ္စည်းများ ရောင်းချရာတွင် သူမသည် အလွန်တော်သူတစ်ဦးဖြစ်၏။

သို့သော်လည်း လျူအာကျူးက အသားများကို ရောင်းချနေခြင်း ဖြစ်လေသည်။

ဤခေတ်ကာလတွင် အသားရရှိနိုင်သူတိုင်းမှာ မျက်နှာကြီးများပင် ဖြစ်လေသည်။

အသားစားချင်လွန်း၍ တစ်နေကုန် ငိုယိုနေကြသော အိမ်ရှိ သားသုံးယောက်အကြောင်းနှင့် အသားရောင်းမည့်သူကို သူမကိုယ်တိုင် စော်ကားမိခဲ့ခြင်းတို့ကို တွေးမိသောအခါ ထိုအမျိုးသမီးသည် မိမိကိုယ်ကို ပါးနှစ်ချက်ခန့် ရိုက်ပစ်ချင်စိတ် ပေါက်သွားလေတော့သည်။

အပေါ်ထပ်တွင် ညွှန်ကြားရေးမှူးက လျူအာကျူးကို ထိုင်ရန် အပြုံးဖြင့် နေရာချပေးလေသည်။ သူသည် လက်ဖက်ရည်များ ထည့်ထားသော အိုးတစ်လုံးကို ချထားလိုက်ပြီး ခွက်တစ်ခွက်ကို ထုတ်ယူကာ လက်ဖက်ခြောက် နှစ်ရွက်ကို ဂရုတစိုက် ဆွဲယူထည့်လိုက်ပြီးနောက် ရေလောင်းထည့်လိုက်သည်။

"ညီလေး... လက်ဖက်ရည် သောက်ပါဦး..."

လျူအာကျူးက လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး သက်ပြင်းချလိုက်သည်။

"ညွှန်ကြားရေးမှူး... စောစောက ခင်ဗျားရဲ့ ဝန်ထမ်းကြောင့် ကျွန်တော် တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားလို့ လူပုံအလယ်မှာ အဲဒီလို အော်ပြောလိုက်မိတာပါ... ခင်ဗျားအတွက် ဒုက္ခရောက်သွားစေမယ်ဆိုတာ သိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်..."

ဤသည်မှာ လျူအာကျူး၏ ကောင်းမွန်သော အချက်တစ်ခုပင် ဖြစ်သည်။ သူသည် ပြဿနာရှာသူ မည်သူ့ကိုမဆို ရှင်းလင်းမည်ဖြစ်သော်လည်း အပြစ်မရှိသူများကိုတော့ ပါဝင်ပတ်သက်စေမည် မဟုတ်ပေ။

ညွှန်ကြားရေးမှူးသည် လျူအာကျူးကို အကဲခတ်ကာ သဘောကျစွာဖြင့် ကြည့်လိုက်သည်။ သူက ထိုကောင်လေးမှာ တောင်ပေါ်မှ ရမ်းကားသော လူငယ်တစ်ဦးသာဖြစ်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် အသားကို လိုချင်သော်လည်း ပြဿနာဖြစ်မည်ကို စိုးရိမ်သောကြောင့် ဝင်မပြောရဲခဲ့ခြင်း ဖြစ်၏။

လျူအာကျူး၏ ရှင်းလင်းပြတ်သားသော စကားပြောဆိုပုံကို မြင်တွေ့လိုက်ရသည့်အခါ သူက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်း ကျောင်းနေဖူးလား..."

"ဟုတ်ကဲ့... ခရိုင် အမှတ်(၁) အလယ်တန်းကျောင်းပါ..."

လျူအာကျူးက ပြန်ဖြေလိုက်သည်။

"ဪ... အလယ်တန်းကျောင်းသားပါလား... ဒါကြောင့်ကိုး..."

ညွှန်ကြားရေးမှူးမှာ ပို၍ပင် အံ့ဩသွားပြီး စိတ်သက်သာရာ ရသွားလေတော့သည်။

ဤအငတ်ဘေးကာလ နှစ်များအတွင်း ဆယ်ကျော်သက်တစ်ဦးကို ကျောင်းထားပေးနိုင်သော မည်သည့်မိသားစုမဆို ယဉ်ကျေးမှု နောက်ခံတစ်ခုခု ရှိရမည်ဖြစ်ပြီး သူတို့သည် ရမ်းကားသူများ ဖြစ်မည်မဟုတ်ပေ။

လျူအာကျူး၏ စောစောက အပြုအမူမှာ အလွန်ဒေါသထွက်သွားသောကြောင့်သာ ဖြစ်တန်ရာလေသည်။

ညွှန်ကြားရေးမှူးသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ကျောင်းသားလေးရယ်... စောစောက ရဲဘော်ရဲ့ အပြုအမူက လက်ခံနိုင်စရာမရှိတဲ့အတွက် သူတို့ကို ငါ ဝေဖန်အပြစ်တင်လိုက်ပါ့မယ်... ကဲ... ဒ္အသားတွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ..."

"ခင်ဗျားတို့ရဲ့ ပြန်လည်ဝယ်ယူတဲ့ ဈေးနှုန်းက ဘယ်လောက်လဲ..."

လျူအာကျူးက မေးလိုက်သည်။

"နိုင်ငံတော်က ပြန်ဝယ်တဲ့ ဈေးနှုန်းကတော့ လေးဆယ့်ငါးဆင့်ပါ... အဟမ်း... ငါ့ကို စူးစူးရဲရဲ မကြည့်ပါနဲ့... ငါက နိုင်ငံတော်ကို ပေးမယ်လို့ မပြောပါဘူး..."

လျူအာကျူး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ညွှန်ကြားရေးမှူးသည် တရားဝင် အသုံးအနှုန်းများကို ဆက်မသုံးရဲတော့ပေ။ သူသည် အပြုံးဖြင့် စီးကရက်တစ်လိပ်ကို ကမ်းပေးလိုက်လေသည်။

"မင်းက သိပ်ကို ပွင့်လင်းတဲ့သူဆိုတော့ ငါလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်... တစ်ကျင်းကို ငါးယွမ်နှုန်းနဲ့ ကိုယ်ပိုင်ပြန်ဝယ်တဲ့ဈေးနဲ့ သွားရင်ကော ဘယ်လိုလဲ..."

လျူအာကျူးသည် စီးကရက်ကို ကြည့်လိုက်သည်။ ၎င်းမှာ ဈေးပေါသော စီးပွားရေးအမှတ်တံဆိပ် ဖြစ်သော်လည်း အနည်းဆုံးတော့ စစ်ထုတ်သည့် ဖော့ ပါလေသည်။

သူသည် ၎င်းကို ယူလိုက်ပြီး မီးခြစ်ငှားကာ အားပါးတရ ဖွာရှိုက်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ဝိညာဉ်မှာ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရ၏။

ပြင်းရှလှပေသည်။

လည်ချောင်းထဲတွင် အနည်းငယ် ခါးသက်နေသော်လည်း ကိုယ်တိုင်စိုက်ပျိုးထားသော ဆေးရွက်ကြီးထက်မူ ပိုကောင်းနေဆဲပင် ဖြစ်လေသည်။

လျူအာကျူး၏ ဝါရင့် ဆေးလိပ်သောက်သူဟန်ပန်ကို မြင်လိုက်ရသောအခါ ညွှန်ကြားရေးမှူးသည် အနည်းငယ် ရှုပ်ထွေးသွားကာ သူ၏ ပြောင်နေသော ခေါင်းကို မသိမသာ ပွတ်သပ်လိုက်မိသည်။

ယနေ့ခေတ် ကလေးများအားလုံး ဤမျှပင် ရင့်ကျက်နေကြပြီလော။

အမှတ်(၁) အလယ်တန်းကျောင်းမှ ကျောင်းသားများအားလုံးသည် လူကောင်းများ မဟုတ်ကြဘဲ အဆိုးအကောင်း ရောနှောနေပုံရလေသည်။

လျူအာကျူးက ကျေနပ်စွာ ဖွာရှိုက်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါးယွမ်ပဲ ထားလိုက်တော့..."

ညွှန်ကြားရေးမှူးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားလေသည်။ သူသည် မှောင်ခိုဈေးကွက်သို့ ရောက်ဖူးပြီး ထိုနေရာရှိ ဈေးနှုန်းများကို သိရှိထားသောကြောင့် သူသည် ဈေးချိုချိုဖြင့် ရလိုက်ကြောင်း သိလေသည်။ သူက ချက်ချင်းပင် အမွှမ်းတင် ချီးမွမ်းလိုက်လေတော့သည်။

"အာ... သိပ်ကို ပွင့်လင်းတဲ့ လူငယ်လေးပဲ... မင်းက အချိန်ဆွဲတတ်တဲ့ အမျိုးအစားမဟုတ်ဘူးဆိုတာ ငါသိတယ်... မင်းက အသက်နည်းနည်း ငယ်နေလို့သာပေါ့... မဟုတ်ရင်တော့ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းမှာ မင်းအတွက် နေရာတစ်ခုလောက် စီစဉ်ပေးချင်မိတယ်... ဒါဆိုရင် ငါတို့ဆီမှာ အရည်အချင်းရှိတဲ့သူ နောက်တစ်ယောက် သေချာပေါက် ရပြီပေါ့..."

လျူအာကျူးမှာ အလွန်အမွှမ်းတင် ခံနေရသဖြင့် ထိုင်ရသည်ပင် မသက်မသာ ဖြစ်လာလေသည်။ ဤအဘိုးကြီးက ဤမျှမျက်နှာပြောင်တိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အသားကျင်း အနည်းငယ်မျှအတွက်နှင့် သူ့အား ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းအထိ ရောက်အောင် ချီးမွမ်းနေခြင်းဖြစ်ရာ သူသည် ဝက်လေထိုးသမားထက်ပင် ပို၍ ကျွမ်းကျင်နေသေးတော့သည်။

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ငါးယွမ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ လျူအာကျူးတွင် ကိုယ်ပိုင်တွက်ချက်မှုများ ရှိထားလေသည်။

မှောင်ခိုဈေးကွက်က ပိုပေးသော်လည်း ထိုနေရာတွင် ဆန်စပါးနှင့် အသားများကို ရေရှည်ရောင်းချနေခြင်းက အာရုံစိုက်မှုနှင့် မနာလိုမှုများကို ရှောင်လွှဲ၍မရဘဲ ဆွဲဆောင်နိုင်မည် ဖြစ်လေသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား ပစ်မှတ်ထားလာပါက ပြဿနာတက်နိုင်သည်။

ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကမူ ကွာခြားလေသည်။ ဤလူများ၏ သဘောထားများကို ကြည့်ရသည်မှာ သူတို့သည် သူ့ထက်ပင် ပြဿနာတက်မည်ကို ပို၍ ကြောက်ရွံ့နေကြကြောင်း ရှင်းလင်းလှ၏။

သူတို့သာ အသားကို အလွန်အမင်း မလိုလားခဲ့ပါက သူ့ကို စောစောကတည်းက မောင်းထုတ်ခဲ့လောက်ပြီ ဖြစ်လေသည်။

ထို့အပြင် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသည် စီမံကိန်းချ စီးပွားရေးစနစ်အရ စားသုံးမှုအတွက် မရှိမဖြစ်လိုအပ်သော နေရာတစ်ခုဖြစ်သောကြောင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားခြင်းက နောင်တွင် ဤနေရာ၌ ပစ္စည်းများရယူရာတွင် သူ့အတွက် ပို၍ လွယ်ကူစေမည် ဖြစ်သည်။

ဤအကြောင်းကို သေချာစွာ တွေးတောပြီးနောက် လျူအာကျူးသည် စီးကရက်ကို နောက်တစ်ကြိမ် အားပါးတရ ဖွာရှိုက်လိုက်ပြီး အသားများကို စိုက်ကြည့်နေသော ညွှန်ကြားရေးမှူးအား ပြောလိုက်သည်။

"ကျွန်တော်က တောင်အနီးအနားမှာ နေတာပါ... တောဝက်သားတွေ အများကြီးရှိတယ်လို့တော့ ကျွန်တော် မပြောပါဘူး... ဒါပေမဲ့... ဟီးဟီး..."

အချို့သောအရာများကို သွယ်ဝိုက်၍ ချန်ထားခဲ့ခြင်းက ပိုကောင်းသည်။

ညွှန်ကြားရေးမှူးမှာ ဉာဏ်ကောင်းသူတစ်ဦးဖြစ်ရာ ချက်ချင်းပင် ပြောလိုက်လေသည်။

"နောင်ကို မင်းဆီမှာ ဘယ်လောက်ပဲရှိရှိ ဒီနေရာကိုသာ ယူလာခဲ့ပါ... ငါ ကျိုးပေါင်ချွမ်က မင်းကို အကျိုးအမြတ်မရှိဘဲ ပြန်လွှတ်မှာ မဟုတ်ပါဘူး..."

ထိုသို့ပြောရင်း သူသည် ကျန်ရှိနေသော စီးပွားရေးစီးကရက် ဘူးဝက်ကို လျူအာကျူး၏ လက်ထဲသို့ နှမြောတသစွာဖြင့် ထည့်ပေးလိုက်လေရာ ကောင်လေးမှာ ဆေးလိပ်အလွန်သောက်သူဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိသွားခြင်းပင်ဖြစ်၏။

လျူအာကျူးက စီးကရက်ဘူးကိုကြည့်ကာ လက်ခံလိုက်ပြီး ပြောလိုက်လေသည်။

"ဦးလေးကျိုး... ကျွန်တော် ငွေမလိုချင်ဘူး... အဲဒီအစား ပစ္စည်းတချို့နဲ့ လဲလှယ်လို့ ရနိုင်မလား..."

လျူအာကျူးက ငွေမလိုချင်ကြောင်း ကြားလိုက်ရသောအခါ ညွှန်ကြားရေးမှူးကျိုးမှာ ပို၍ပင် ဝမ်းသာသွားလေသည်။

"ရတာပေါ့... ဆန်စပါးကလွဲလို့ မင်းဘာလိုချင်လဲဆိုတာသာ ပြောပါ..."

"ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်၊ စီးကရက်၊ အရက်၊ သကြား၊ လက်ဖက်ရည်... ခင်ဗျားဆီမှာရှိတာ အကုန်လုံး ကျွန်တော် ယူမယ်..."

လျူအာကျူးက အပြုံးဖြင့် ပြောလိုက်လေသည်။

"ဟင်... မင်းက အိမ်ထောင်ပြုတော့မလို့လား..."

ကျိုးပေါင်ချွမ်က စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ လျူအာကျူး၏ ဖာထေးထားသော အဝတ်အစားများကို ကြည့်ရသည်မှာ သူသည် ချမ်းသာမည့်ပုံ မပေါ်ပေ။ အသားရောင်းခြင်းကပင် အံ့သြစရာကောင်းနေပြီဖြစ်သော်လည်း ပစ္စည်းများစွာကို ဝယ်ယူလိုခြင်းက သူ အိမ်ထောင်ပြုတော့မည်ဖြစ်၍ ထိုအတွက် မိသားစု၏ အသားအရန်သင့်သိမ်းထားမှုများကို ထုတ်ယူလာခဲ့ခြင်းလောဟု တွေးတောစရာ ဖြစ်စေလေသည်။

ကျိုးပေါင်ချွမ် နားလည်မှုလွဲနေသည်ကို မြင်လိုက်ရသည့်အခါ လျူအာကျူးက အလိုအလျောက် လိမ်ညာလိုက်လေသည်။

"ကျွန်တော် အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး... ကျွန်တော်တို့ရွာက တပ်မဟာခေါင်းဆောင်ပါ..."

"ဒါကြောင့်ကိုး... မင်းလို ကလေးက အသားတွေကို ဘယ်ကရလာတာလဲလို့ ငါ တွေးနေတာ... မင်းရဲ့ တပ်မဟာခေါင်းဆောင်က မင်းကို အလုပ်အကိုင်တစ်ခုအတွက် စေခိုင်းလိုက်တာ မဟုတ်လား... တပ်မဟာခေါင်းဆောင်ရဲ့ အသားတွေကိုသုံးပြီး ငါ့ရှေ့မှာ အထာလာလုပ်ပြနေတယ်ပေါ့လေ..."

ညွှန်ကြားရေးမှူးကျိုးက အပြုံးဖြင့် နောက်ပြောင်လိုက်သော်လည်း သူ ဒေါသမထွက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် အသားများက လျူအာကျူး၏ လက်ထဲတွင် ရှိနေသရွေ့ သူသည် လိုချင်သူ မည်သူ့ထံသို့မဆို ယူဆောင်သွားနိုင်သောကြောင့်ဖြစ်လေသည်။ ဤနေရာသို့ ယူဆောင်လာခြင်းက ကျေးဇူးပြုခြင်းပင်ဖြစ်၏။

ထို့အပြင် ကျေးလက်တပ်ဖွဲ့များတွင် များသောအားဖြင့် သေနတ်များရှိတတ်ပြီး တောင်ပေါ်သို့ အမဲလိုက်သွားခြင်းမှာ ထုံးစံဖြစ်သောကြောင့် တောကောင်များ ဖမ်းမိခြင်းမှာ ပုံမှန်သာဖြစ်သည်။

အကယ်၍ ဤပူးပေါင်းလုပ်ဆောင်မှု အဆင်ပြေသွားပါက သူ သေချာပေါက် ပြန်လာလိမ့်မည်ဖြစ်၏။

"ငွေကို ပစ္စည်းနဲ့ လဲလှယ်တာ ပြဿနာမရှိပါဘူး... ဒါပေမဲ့ ငါက မင်းအတွက် စားသုံးကုန်တွေကိုပဲ လဲလှယ်ပေးနိုင်မှာပါ... ခွဲတမ်းလက်မှတ်များ လိုအပ်တဲ့ ပစ္စည်းတွေအတွက်တော့ ငါ ဘာမှမလုပ်ပေးနိုင်ဘူး..."

ညွှန်ကြားရေးမှူးကျိုးက လျူအာကျူးကို အနည်းငယ် တွေဝေစွာဖြင့် ကြည့်လိုက်လေသည်။

လျူအာကျူးက တုံ့ဆိုင်းနေခြင်းမရှိဘဲ ခွဲတမ်းလက်မှတ်များ အထပ်လိုက်ကို ထုတ်ယူလိုက်လေသည်။

"ကျွန်တော်တို့ ထုတ်လုပ်ရေးအဖွဲ့ က လူတိုင်း စုဆောင်းထားတာပါ... ဒီလောက်ဆို လုံလောက်ပြီလား..."

ယခုအခါ လိမ်ညာခြင်းက သူ၏ အကျင့်တစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပြီး ဤခေတ်ကာလမှ လူများမှာ အတော်လေး ရိုးအသောကြောင့် သူက တကယ်ပင် ယုံကြည်သွားလေသည်။

"ဝိုး... လုံလောက်ပါပြီ... မင်းတို့ တပ်ဖွဲ့က တော်တော်လေး စည်းလုံးတာပဲ..."

ညွှန်ကြားရေးမှူးကျိုးမှာ အလွန်အံ့အားသင့်သွားသည်။ ဤခေတ်ကာလ၌ လူများက တပ်မဟာခေါင်းဆောင်၏ မင်္ဂလာဆောင်အတွက် မျက်နှာလိုမျက်နှာရ လုပ်ချင်ကြလျှင်ပင် ဤမျှများပြားသော ခွဲတမ်းလက်မှတ်များကို စွန့်လွှတ်ကြမည် မဟုတ်ပေ။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ သူတို့၏ ရွာသည် အလွန်စည်းလုံးနေခြင်းကြောင့်ပင် ဖြစ်လေသည်။

လျူအာကျူးသည် ဆက်လက် ရှင်းပြမနေတော့ဘဲ ညွှန်ကြားရေးမှူးကျိုး၏ နောက်မှလိုက်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။

သူ အောက်သို့ရောက်သောအခါ ဖောက်သည်များမှာ ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ စတင်ရောက်ရှိနေကြပြီဖြစ်သော်လည်း ဝန်ထမ်းတစ်ဦးမျှ သူတို့ကို အာရုံမစိုက်ကြပေ။ ၎င်းအစား သူတို့အားလုံးမှာ ညွှန်ကြားရေးမှူးကျိုးနှင့် လျူအာကျူးတို့ကို မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေကြသည်။

ဤဖောက်သည်များမှာ ပစ္စည်းများဝယ်ယူရန် စိုးရိမ်တကြီးဖြစ်နေကြသော်လည်း မည်သူ့ကိုမျှ မအော်ခေါ်ရဲကြသဖြင့် စိတ်ပျက်စွာဖြင့် ခြေဆောင့်နေရုံသာ တတ်နိုင်ကြလေတော့သည်။

All Chapters