အခန်း ၃၆
Vol. 4 Ch. 36
အခန်း (၃၆) ဒါက ငါတို့ရဲ့ လက်နှိပ်ဓာတ်မီးပဲ
လျူဟိုင်၏ စကားကို ကြားသောအခါ လျူအာကျူးသည် မျက်မှောင်ကြုတ်သွားသည်။
ဤကာလသည် တကယ်ကို ထူးခြားပြီး ရူးသွပ်ဖွယ်ကောင်းသော အထူးကာလတစ်ခု ဖြစ်ပေသည်။
အစပိုင်းတွင် အော်ဟစ်ခဲ့ကြသော ကြွေးကြော်သံများမှာ အင်္ကျီလက်ကိုခေါက်တင်၍ ကြိုးစားပမ်းစား လုပ်ကိုင်ကြရန်သာ ဖြစ်သည်။ လူတိုင်းသည် ကြိုးကြိုးစားစား အလုပ်လုပ်ရသဖြင့် ပင်ပန်းကြသော်လည်း ချီးကျူးခံရလျှင် သို့မဟုတ် အဆင့်မြင့် ဂုဏ်ထူးဆောင်ဆုများ ရရှိခဲ့လျှင်ပင် အလွန်တရာ ဝမ်းသာပျော်ရွှင်ခဲ့ကြသည်။
သို့သော် နောက်ပိုင်းတွင် လူတို့သည် မိမိအလုပ်လုပ်လျှင် အခြားသူများလည်း အလုပ်လုပ်ကြကြောင်းနှင့် ငယ်ရွယ်သန်စွမ်းသူများက အလုပ်ပိုလုပ်နိုင်သဖြင့် ချီးကျူးမှုနှင့် ဂုဏ်ထူးဆောင်ဆုများကို ပို၍ရရှိကြောင်း သဘောပေါက်လာကြသည်။
ဂုဏ်ထူးဆောင်ဆုများကို ယှဉ်ပြိုင်လုယူနိုင်ရန်နှင့် စစ်မှန်သော အရည်အချင်း မရှိသောကြောင့် အချို့သောသူများသည် မရိုးသားသော နည်းလမ်းများကို စတင်အသုံးပြုလာကြလေသည်။
သူတို့သည် တစ်မူလျှင် ကျင်းတစ်ထောင်၊ တစ်မူလျှင် ကျင်းတစ်သောင်းနှင့် တစ်မူလျှင် ကျင်းတစ်သိန်း ဟူသော ကြွေးကြော်သံများကိုပင် အော်ဟစ်လာကြသည်။
အစကတည်းက မှားယွင်းနေမှန်း သိသာသော ထိုကြွေးကြော်သံများကို လူမိုက်တစ်စုက တကယ်ယုံကြည်ခဲ့ကြပြီး ချီးကျူးဂုဏ်ပြုရန်ပင် အဆိုပြုခဲ့ကြသည်။
ဤအရာကို မည်သို့သည်းခံနိုင်မည်နည်း။
ထိုဖောက်ပြန်ပျက်စီးနေသော အလေ့အထသည် ချက်ချင်းဆိုသလို ကြီးထွားလာခဲ့ပြီး နောက်ပိုင်းတွင် တားဆီးရန် မဖြစ်နိုင်တော့ဘဲ လူတိုင်း အတူတကွ ဒုက္ခရောက်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားလေသည်။
အထက်ပိုင်းရှိ လူများအတွက်မူ အဆင်ပြေသေး၏။ အနည်းဆုံးတော့ သူတို့တွင် အဆက်အသွယ်များ ရှိပြီး အောက်ခြေမှ ဆုံးရှုံးမှုများကို အစားထိုးကာ သူတို့၏ ကိုယ်ကျိုးအတွက် ဖလှယ်နိုင်ကြလေသည်။
သို့သော် အောက်ခြေရှိ သာမန်ပြည်သူများမှာမူ တကယ်ကို ဒုက္ခရောက်ကြရလေသည်။ သူတို့သည် ဆန်စပါးအားလုံးကို အပ်နှံရုံသာမကဘဲ စုပေါင်းအဖွဲ့အစည်းကို စွန့်ပစ်သည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် ရရှိလာသော မည်သည့်အစားအစာကိုမဆို တိတ်တဆိတ် ခိုးစားကြရလေသည်။
တကယ်တမ်းတွင် လျူကျေးရွာမှာ အခြေအနေ ပိုကောင်းနေသေး၏။ တပ်မဟာခေါင်းဆောင် လျူဟိုင်သည် ထိုလှည့်စားမှု အကြံအစည်များသည် အဆုံးတွင် သူ၏အပေါ်သို့သာ ဒုက္ခရောက်စေမည်ကို သိရှိထားသော ဉာဏ်ကောင်းသူတစ်ဦး ဖြစ်သည်။
အခြားသူများအားလုံးက တစ်မူလျှင် ကျင်းသောင်းချီ၍ ထွက်ရှိကြောင်း အော်ဟစ်နေကြချိန်တွင် သူကမူ လက်တွေ့ထွက်ရှိသော အထွက်နှုန်းကိုသာ တင်ပြရန် အခိုင်အမာ ရပ်တည်ခဲ့ပြီး ရွာသားများအတွက် ရိက္ခာများကိုပင် ဖယ်ချန်ထားပေးခဲ့သည်။
ရလဒ်အနေဖြင့် အခြားရွာများတွင် လူအများအပြား အငတ်ဘေးဖြင့် သေဆုံးနေကြသော်လည်း လျူကျေးရွာရှိ ဘဝများမှာမူ မပြတ်တမ်း ရပ်တည်နိုင်ခဲ့သည်။
သို့သော် လျူအာကျူး မျှော်လင့်မထားခဲ့သောအရာမှာ ပြည်သူ့ကွန်မြူနစ်အဖွဲ့သည် ဤကိစ္စကြောင့် မကျေမနပ် ဖြစ်နေကြခြင်းပင်ဖြစ်လေသည်။
သူက ဒေါသတကြီးဖြင့် မေးလိုက်လေသည်။
"အောက်ခြေက သာမန်ပြည်သူတွေရဲ့ အခြေအနေကို အဲဒီလူတွေ မသိကြဘူးလား... လူတွေက သွေးထွက်သံယိုဖြစ်ပြီး ငတ်သေနေကြပြီလေ..."
လျူဟိုင်သည် လျူအာကျူးအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
"စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့် စကားတွေ မပြောနဲ့..."
ဤစကားတစ်ခွန်းတည်းကပင် လျူအာကျူး၏ ရင်ဝကို ထိမှန်သွားစေပြီး အချိန်အတန်ကြာ စကားမပြောနိုင်အောင် ဖြစ်သွားစေလေသည်။
မှန်ပေသည်။ ယခုအချိန်တွင် သူသာ ငြင်းခုံရဲပါက နိုင်ငံတော်၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟူသော ခေါင်းစဉ်တပ်ခံရမည်ဖြစ်ပြီး သူ၏ မိသားစုတစ်စုလုံး ကြီးမားစွာ ဒုက္ခရောက်ရပေလိမ့်မည်။
ထားလိုက်ပါတော့။ အရင်ဆုံး မိမိဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် အာရုံစိုက်ခြင်းကသာ ပိုကောင်းလေသည်။
ခေတ်ကာလနှင့် နိုင်ငံတော်၏ ကြီးမားသော ရေစီးကြောင်းကြီးကို ရင်ဆိုင်ရာတွင် လျူအာကျူး၌ နေရာလွတ် ရှိနေလျှင်ပင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန် တကယ်ကို စွမ်းဆောင်နိုင်စွမ်း မရှိခဲ့ပေ။
"ကျွန်တော် အိမ်ကို အရင်ပြန်တော့မယ်..."
လျူအာကျူးသည် ခေါင်းငုံ့ကာ အိတ်ကို ကောက်ကိုင်လိုက်ပြီး ထွက်သွားလေသည်။
"ဟေး... မင်းရဲ့ စီးကရက်တွေကျန်ခဲ့တယ်..."
လျူဟိုင်သည် ကျုံးဟွာ စီးကရက်များကို မြှောက်ကိုင်ပြကာ လှမ်းခေါ်လိုကသည်။
"မဟုတ်ဘူး... အဲ့ဟာတွေက ခင်ဗျားရဲ့ စီးကရက်တွေပဲ..."
လျူအာကျူးသည် နောက်သို့လှည့်မကြည့်ဘဲ လက်ယမ်းပြကာ ထွက်သွားလိုက်သည်။
သူ ထွက်သွားသော ကျောပြင်ကို ကြည့်ရင်းနှင့် မိမိလက်ထဲရှိ ကျုံးဟွာ စီးကရက်များကို ငုံ့ကြည့်ကာ သောက်ချင်စိတ်ကို အောင့်အည်းထားလိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
"နောက်မှ ဒီကောင်လေးကို ပြည်သူ့ကွန်မြူနစ်အဖွဲ့ကနေတစ်ဆင့် ခြေဗလာဆရာဝန် အလုပ်တစ်ခုရဖို့ ကူညီပေးရမယ်... သူ့ဆီက စီးကရက်တွေကို အလကား ယူထားလို့ မဖြစ်ဘူးလေ..."
"ငါ့ရဲ့ တပ်မဟာခေါင်းဆောင် ရာထူးကို ဆက်ထိန်းထားနိုင်မလားဆိုတာ ကြည့်ဖို့ ဒီစီးကရက်တွေကို အသုံးပြုပြီး အဆက်အသွယ်တွေ လုပ်ရမယ်..."
သူသည် အာဏာကို မက်မောနေခြင်း မဟုတ်သော်လည်း အခြားတပ်မဟာခေါင်းဆောင်တစ်ယောက် တာဝန်ယူလာသည်နှင့် အခြားရွာများကို ချက်ချင်း အတုယူလိမ့်မည်ဖြစ်ပြီး ထိုအခါ လျူကျေးရွာမှ လူများ တကယ်ကို ရှင်သန်နိုင်တော့မည် မဟုတ်သလို သူကိုယ်တိုင်လည်း ကြီးမားစွာ ဒုက္ခရောက်ရမည်ကို အလွန်ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
လျူအာကျူးသည် သူ၏ ပစ္စည်းများကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် သူ၏မိခင်မှာ လယ်ကွင်းထဲသို့ ဆီးပုံးသွားသွန်ရန် ထွက်လာသည်ကို မြင်လိုက်ရသည်။
နျူဟုန်ဟွာသည် သမ်းဝေနေပြီး သူမ၏ မျက်လုံးများမှာ ညိုမည်းနေကာ ကောင်းကောင်း အိပ်မပျော်ခဲ့ရကြောင်း သိသာနေလေသည်။
"အမေ... အမေ ကောင်းကောင်း အိပ်မပျော်ဘူးလား..."
လျူအာကျူးက ပြုံးကာ မေးလိုက်လေသည်။
သားဖြစ်သူ၏ အသံကို ကြားသောအခါ နျူဟုန်ဟွာသည် တုန်လှုပ်သွားပြီး အမြန်ပြေးလာကာ လျူအာကျူးအား ဂရုတစိုက် စစ်ဆေးလိုက်လေသည်။
"အိုကွယ်... သားလေး... မနေ့ညက ဘာဖြစ်လို့ ပြန်မလာတာလဲ... သား ဘာမှမဖြစ်ပါဘူးနော်..."
လျူအာကျူးမှာ အံ့အားသင့်သွားလေသည်။
"အမေ... အမေ တစ်ညလုံး မအိပ်ရသေးဘူး မဟုတ်လား..."
"သားမှ ပြန်မလာတာ အမေက ဘယ်လိုလုပ် အိပ်ရဲမှာလဲ..."
နျူဟုန်ဟွာက စိုးရိမ်နေသည့်ပုံ ပေါ်လေသည်။
အခန်းထဲမှ လျူဖူရှန့်၏ အသံ ထွက်ပေါ်လာလေသည်။
"ကျူးဇီ ပြန်လာပြီလား... အဖေ အိပ်လို့ရအောင် မြန်မြန် ဆေးတစ်လုံးလောက် ထိုးပေးစမ်းပါဦး... မင်းအမေက တစ်ညလုံး ကန်းပေါ်မှာ လူးလှိမ့်ပြီး တဟင်းဟင်းနဲ့ သက်ပြင်းချနေတာ ဒီအဘိုးကြီးလည်း အိပ်လို့မရတော့ဘူး..."
ထိုစကားကို ကြားသောအခါ လျူအာကျူးသည် ချက်ချင်းပင် အလွန်တရာ စိတ်မကောင်း ဖြစ်သွားရလေသည်။
သားသမီးများ အဝေးသို့ ခရီးထွက်သောအခါ မိခင်ဖြစ်သူမှာ စိုးရိမ်ပူပန်ရသည်ဟု လူများပြောကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
သူသည် မိုင်တစ်ထောင် အဝေးသို့ ခရီးထွက်ခဲ့ခြင်း မဟုတ်သော်လည်း တစ်ညတာမျှ အိမ်မပြန်ခြင်းကပင် နျူဟုန်ဟွာအား ဤမျှလောက် စိုးရိမ်ပူပန်စေရန် လုံလောက်နေခဲ့သည်။
"အမေ... သား ဘာမှမဖြစ်ပါဘူး... သား အတန်းဖော်ရဲ့အိမ်မှာ တစ်ည သွားအိပ်ပြီး သူ့အဖေရဲ့ ရောဂါကို ကုသပေးခဲ့တာ... ငွေနည်းနည်းရလာတော့ ပစ္စည်းတချို့ ဝယ်လာတယ်... မြန်မြန် လာကြည့်ပါဦး..."
နျူဟုန်ဟွာသည် စောစောကတည်းက လျူအာကျူး သယ်ဆောင်လာသော အိတ်ကို သတိထားမိခဲ့သော်လည်း သူမ၏သား လုံခြုံရေးအတွက် ပို၍ စိုးရိမ်နေသဖြင့် ထိုအိတ်ကို သိပ်ပြီး အာရုံမစိုက်မိခဲ့ပေ။
ယခု လျူအာကျူးက ထိုအိတ်ထဲတွင် ပစ္စည်းများ ပါသည်ဟု ပြောလာခြင်းနှင့် တရှပ်ရှပ်မြည်နေသော အသံများကို ကြားရသောအခါ သူမသည် စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ပေ။
"သားလေး... ဘာတွေဝယ်လာတာလဲ... အိမ်မှာ ဘာမှမလိုပါဘူး... ဘာလို့ ပိုက်ဆံတွေ ဖြုန်းတီးနေရတာလဲ... နောက်ပိုင်း မိန်းမယူဖို့ ပိုက်ဆံစုထားသင့်တာပေါ့..."
လျူအာကျူးသည် အခန်းထဲသို့ ဝင်သွားပြီး အိတ်ကို ချထားလိုက်လေသည်။
"အမေ... အမေ့ဘာသာအမေ ကြည့်လိုက်တော့နော်... သား အရင်ဆုံး အဖေ့ကို အပ်စိုက်ကုသပေးလိုက်ဦးမယ်..."
နျူဟုန်ဟွာသည် အိုး ဟု ရေရွတ်လိုက်ပြီး အိတ်ကို ဖြေကာ အထဲတွင် ဘာတွေပါသလဲဟု လက်နှိုက်၍ စမ်းကြည့်လိုက်လေသည်။
အခန်းထဲတွင် လျူဖူရှန့်သည် ကန်းပေါ်၌ လဲလျောင်းနေပြီး လျူအာကျူးအား အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"သား... မင်း နောက်တစ်ခါ အပြင်ထွက်ရင် မင်းအမေကို အမှန်အတိုင်းပြောခဲ့... မင်းရဲ့ လုပ်ရပ်တွေကို မင်းအမေရဲ့ အာရုံကြောတွေက ခံနိုင်ရည်မရှိဘူး..."
"အင်းပါ... သားသိပါပြီ..."
လျူအာကျူးသည် သူ၏ဖခင်က သူ့အား ထပ်မံ၍ အကဲခတ်မိသွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် အနည်းငယ် အနေရခက်သွားကာ အခြေအနေကို သက်သာစေရန် သူ၏ အပ်စိုက်ကုသရေးကိရိယာအိတ်ကို အမြန်ထုတ်ယူလိုက်သည်။
သူ ပထမဆုံး အပ်ကို စိုက်လိုက်သည်နှင့် တစ်ပြိုင်နက် နျူဟုန်ဟွာ၏ အော်သံကို ကြားလိုက်ရလေသည်။
"ဘုရားရေ..."
လျူဖူရှန့်မှာ လန့်ဖျပ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူလိုက်သည်။
"မင်းသားက ငါ့ကို အပ်စိုက်ပေးနေတာလေ... မင်းက ဘာတွေအော်နေတာလဲ..."
နျူဟုန်ဟွာသည် ပြန်လည်မချေပခဲ့ပေ။ ထို့အစား သူမသည် အိတ်ထဲမှ လက်နှိပ်ဓာတ်မီးတစ်လက်ကို ထုတ်ယူကာ တုန်ယင်သော အသံဖြင့် ပြောလိုက်လေသည်။
"ယောကျ်ားရေ... ငါ... ငါ မျက်စိများ မှားနေတာလား...ဒါက လက်နှိပ်ဓာတ်မီးများလား..."
ကုသမှုခံယူရန် လဲလျောင်းနေသော လျူဖူရှန့်သည်လည်း ရုတ်တရက် ထထိုင်လိုက်လေသည်။
"ငါ့ကို ပြစမ်းပါဦး..."
နျူဟုန်ဟွာသည် လက်နှိပ်ဓာတ်မီးကို အမြန် ကမ်းပေးလိုက်သည်။ လျူဖူရှန့်သည် ဘယ်ညာလှည့်ပတ်ကြည့်ရှုပြီးနောက် ခလုတ်ကို သတိကြီးစွာဖြင့် ရှေ့သို့ တွန်းတင်လိုက်သည်။
အားစိုက်စရာမလိုဘဲ ဖွင့်နိုင်သော လက်နှိပ်ဓာတ်မီးကို လျူဖူရှန့်သည် ဗုံးတစ်လုံးကို ဖြုတ်နေရသည့်အလား ကိုင်တွယ်လိုက်သည်။ သူ၏ လက်ပေါ်ရှိ သွေးကြောများသည် တင်းမာနေသော်လည်း လက်နှိပ်ဓာတ်မီးကိုယ်တိုင်မှာမူ ဖိအားများစွာ သက်ရောက်ခြင်း မရှိခဲ့ပေ။
နျူဟုန်ဟွာသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အသက်ရှူပင် ရပ်သွားပြီး လက်နှိပ်ဓာတ်မီးကို စူးစိုက်ကြည့်နေမိသည်။
ကလစ်ဟု မြည်သွားသည်။
လက်နှိပ်ဓာတ်မီးမှ နေ့ခင်းဘက်တွင် မြင်ရလုနီးပါး မထင်ရှားသော မှိန်ဖျော့ဖျော့ အဝါရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
သို့သော် လက်နှိပ်ဓာတ်မီးကို စူးစိုက်ကြည့်နေသော နျူဟုန်ဟွာမှာ ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။
"အဝါရောင်လေး... အဝါရောင်လေးလင်းနေတယ် ယောကျ်ားရေ..."
"မင်းကမှ အဝါရောင် ဖြစ်နေတာ... လင်းလာရင် လင်းလာတယ်လို့ ပြောပေါ့..."
လျူဖူရှန့်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲလိုက်ပြီးနောက် သူ၏ နဖူးမှ ချွေးအေးများကို သုတ်လိုက်သည်။
ယခုအချိန်တွင် လျူအာကျူးသည် အပ်စိုက်ကုသခြင်းကို ကျွမ်းကျင်စွာ ပြီးစီးနေပြီဖြစ်ပြီး ဘာမှမလုပ်တတ်တော့သည့်အလား ပြုံးလိုက်သည်။
"အဖေတို့ အမေတို့က ဘာဖြစ်လို့ အဲဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ... ဒါက လက်နှိပ်ဓာတ်မီးလေး တစ်လက်တည်းဟာကို..."
စကားပြောပြီးနောက် သူသည် လက်နှိပ်ဓာတ်မီးကို ယူကာ ခလုတ်ကို အမြန် အကြိမ်အနည်းငယ် အဖွင့်အပိတ်လုပ်လိုက်ပြီး လေထဲသို့ မြှောက်တင်ကာ နှစ်ပတ်လည်စေပြီးနောက် ပြန်ဖမ်းလိုက်လေသည်။
နောင်ခေတ်ကာလများတွင် ကလေးတစ်ယောက် ကစားမည့် ဤလုပ်ရပ်လေးသည် သူ၏ မိဘနှစ်ပါးကို လုံးဝ ထိတ်လန့်သွားစေခဲ့လေသည်။
"အို... အိုး... သောက်ခွေးလေး..."
နျူဟုန်ဟွာသည် ပထမဆုံးအကြိမ်အဖြစ် လျူအာကျူး၏ ပခုံးကို ရိုက်လိုက်သည်။ ဖွဖွလေး ရိုက်လိုက်ခြင်း ဖြစ်သော်လည်း ၎င်းက သူမ၏ လက်ရှိ ထိတ်လန့်ကြောက်ရွံ့မှုကို သက်သေပြနေသည်။
ထိုအရာက လက်နှိပ်ဓာတ်မီး ဖြစ်ပေသည်။ လျူကျေးရွာတစ်ရွာလုံးတွင် ထုတ်လုပ်ရေးအဖွဲ့မှ ပိုင်ဆိုင်သော အများပြည်သူသုံး တစ်လက်မှလွဲ၍ မြို့တွင် အလုပ်သင်တပည့်အဖြစ် လုပ်ကိုင်နေသော လူနှစ်ယောက်သာလျှင် ပိုင်ဆိုင်ကြလေသည်။
လျူဖူရှန့်သည်လည်း အလွန်လန့်သွားသဖြင့် အမြန်ထထိုင်ကာ လက်နှိပ်ဓာတ်မီးကို လုယူလိုက်ပြီး လျူအာကျူးအား စူးရဲစွာ စိုက်ကြည့်လျက် ဆူပူလိုက်လေသည်။
"သူများဟာကို မင်းခွဲပစ်လိုက်ရင် ဘယ်လိုလုပ် လျော်ပေးမလဲ..."
"လျော်စရာမလိုပါဘူး... ဒါက ကျွန်တော်တို့ဟာလေ..."
လျူအာကျူးက ရယ်မောကာ ပြောလိုက်လေသည်။
"ငါတို့ဟာ ဟုတ်လား... နောက်မနေစမ်းပါနဲ့... ဒီလက်နှိပ်ဓာတ်မီးက ဈေးပေါတာ မဟုတ်ဘူး..."
နျူဟုန်ဟွာသည် မယုံကြည်နိုင်စွာဖြင့် ခေါင်းကို တရစပ် ခါယမ်းနေသည်။
ရေနံဆီမီးခွက်များကိုပင် ဇိမ်ခံပစ္စည်းအဖြစ် ယူဆနေဆဲဖြစ်သော ဤတောင်ပေါ်ရွာလေးတွင် လက်နှိပ်ဓာတ်မီးဆိုသည်မှာ အမှန်တကယ်ပင် အဖိုးတန်လွန်းလှသည်။
ရှင်းရှင်းပြောရလျှင် ထိုခေတ်က ကျေးလက်မိသားစုတစ်စုတွင် လက်နှိပ်ဓာတ်မီးတစ်လက်၏ အဆင့်အတန်းမှာ ယနေ့ခေတ် တက်ဘလက်ကွန်ပျူတာတစ်လုံးနှင့် အကြမ်းဖျင်း တူညီနေသည်။
မိဘများက သူတို့၏ ကလေးသည် တက်ဘလက်ကွန်ပျူတာတစ်လုံးကို အရုပ်တစ်ခုအဖြစ် လေထဲသို့ မြှောက်တင်ကစားရဲသည်ကို မြင်တွေ့ရပါက ပြင်းပြင်းထန်ထန် အရိုက်ခံရမည့်အစား ကန်ချက်နှစ်ချက်ဖြင့် လွတ်မြောက်သွားလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
လူကြီးနှစ်ယောက်က သူ့ကို မယုံကြည်သည်ကို မြင်သောအခါ လျူအာကျူးသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။
"ဒါပဲရှိတာ မဟုတ်သေးဘူး..."
သူသည် အိတ်ထဲမှ ပစ္စည်းများကို စတင်၍ ဆွဲထုတ်လိုက်သည်။
ကြွေရည်သုတ် ဇလုံ။
ဓာတ်ဘူး။
မျက်နှာလိမ်းခရင်မ်။
စံပယ်လက်ဖက်ခြောက်။
ထို့ပြင် အထူးဖြတ်တောက်ထားသော ပန်းပွင့်အဆင် အဝတ်စ ၁၀ ပေ။
ကျောက်စိမ်းဖြူ သွားတိုက်ဆေး။
သွားပွတ်တံ...။