အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) သူ့အတွက် မိန်းမတစ်ယောက် မိတ်ဆက်ပေးမယ်
"ဆရာကတော်... ဆရာကတော်ရဲ့ လက်ရာက တကယ်ကောင်းတာပဲ... အင်္ကျီက ကျွန်တော်နဲ့ ကွက်တိပဲ..."
လျူအာကျူးသည် အဝတ်အစားများကို စမ်းဝတ်ကြည့်လိုက်ပြီး ပြုံးကာ မော့ကြည့်လိုက်လေသည်။
သို့သော်လည်း လူအတော်များများက လက်နှိပ်ဓာတ်မီးကို စူးစိုက်ကြည့်နေကြသည်ကို သူ မြင်လိုက်ရ၏။
ထိုသူများ စကားမပြောနိုင်မီ လျူအာကျူးက ပြောလိုက်သည်။
"ဆရာ... ဆရာကတော်... အဲဒီပစ္စည်းတွေက ကျွန်တော်တို့ မိသားစုဆေးကျမ်းထဲက ဆေးနည်းနဲ့ လဲလှယ်လာတာ..."
ဤစကားတစ်ခွန်းကြောင့် တာ့ရွှယ်ထိုက ချက်ချင်း အနားသို့ရောက်လာပြီး အံ့အားသင့်စွာ မေးလေသည်။
"မင်း အဲဒီဆေးနည်းကို ဘယ်သူ့ကို ပေးလိုက်တာလဲ..."
"ကျွန်တော် ဆေးနည်းကို ပေးမလိုက်ပါဘူး... အတန်းဖော်ရဲ့ အဖေအတွက် ဆေးတစ်ခွက် ဖော်စပ်ပေးလိုက်တာ... သူက အရမ်းသဘောကျသွားပြီး ပစ္စည်းကောင်းတွေ အများကြီး ပေးလိုက်တာပဲ... နောက်နောင်လည်း အဲဒီဆေးတွေ ဆက်ပေးဖို့တောင် ပြောလိုက်သေးတယ်..."
"ဒါပေမဲ့ ဆေးနည်းက သိပ်ပြီး ကျစ်လျစ်မှုမရှိဘူးလို့ ကျွန်တော် ထင်တယ်... လူတော်တော်များများက ဆေးသောက်ရမယ်ဆိုရင် သူတို့ကိုယ်သူတို့ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရတတ်တယ်... ပြီးတော့ သုံးတိုင်း ဆေးကျိုရတာလည်း အရမ်း အလုပ်ရှုပ်တယ်... ဆေးနည်းကို ပြုပြင်ပြီး ဆေးရည် ဒါမှမဟုတ် အားဆေးလုံးတွေအဖြစ် ပြောင်းလဲနိုင်ရင် ပိုကောင်းမယ်..."
လျူအာကျူး၏စကားကို ကြားသောအခါ တာ့ရွှယ်ထိုက ခေါင်းတစ်ဆက်ဆက် ညိတ်လေသည်။
"ဟုတ်တယ်... အရင်က ငါလည်း အဲဒီလို တွေးဖူးတယ်... ဆေးဖော်ခန်းကိုသွားပြီး အတူတူ သုတေသနလုပ်ကြရအောင်..."
ထို့နောက် သူတို့နှစ်ဦးက ဆေးဖော်ခန်းဆီသို့ ဦးတည်သွားကြလေသည်။
တာ့ရွှယ်ထိုတစ်ယောက် လျူအာကျူး၏ အကြောင်းအရာတွင် စိတ်ဝင်စားနေစဉ် ဆရာကတော်ဖြစ်သော မာရှုလျန်သည်လည်း လူအမိုက် မဟုတ်ပေ။
သူမသည် လျူအာကျူးကို ဆွဲဖမ်းကာ စိတ်တိုစွာဖြင့် ပြောလေသည်။
"နင့်ကောင်လေး... ငါ့ကို ဘာလာလုပ်နေတာလဲ... အဲဒီဆေးနည်းက အိမ်မှာ နှစ်ပေါင်းများစွာ ရှိနေတာတောင် နင့်ဆရာက ဆန်တစ်စေ့ဖိုးတောင် လဲလှယ်နိုင်ခဲ့တာ မဟုတ်ဘူး... သူက ဘာများသိလို့လဲ..."
"နင်က ဆေးနည်းနဲ့ ဒီပစ္စည်းတွေကို လဲလှယ်လာတာဆိုတော့ ဒါတွေက နင့်ဟာတွေပဲ... နင့်အိမ်ကို အရင်ပြန်ယူသွားလိုက်... နောက်ဆိုရင် အဲဒီလို ပစ္စည်းကောင်းတွေရလာရင် နင့်မိဘတွေကို အရင်ကန်တော့..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်..."
လျူမာရွှမ်းက အိတ်ကို သူ၏ဆီသို့ ကမန်းကတမ်း ပြန်ထည့်ပေးရန် ကြိုးစားလေသည်။
လျူအာကျူးက ယူမထားဘဲ ပြုံးလိုက်လေသည်။
"အိမ်မှာလည်း ရှိသေးတယ်... ဆရာကတော် မယုံရင် သွားကြည့်ကြည့်လေ... သူတို့က တော်တော်များများ ပေးလိုက်တာ..."
မာရှုလျန်မှာ အံ့အားသင့်သွားပြီး မသိစိတ်မှ ရေရွတ်လိုက်မိသည်။
"ဘုရားရေ... အဲဒီလူရဲ့ ကျောက်ကပ်က ဘယ်လောက်တောင် အားနည်းနေလို့လဲ..."
သူမ၏ အမြင်တွင် ဆေးနည်းက အသုံးဝင်သည်မှာ မှန်သော်လည်း အခြားတစ်ဖက်မှ လူက ပစ္စည်းများစွာပေးရန် ဝမ်းသာနေသည်ဆိုလျှင် ယခင်က အသက်ရှင်လျက် မိန်းမလျာတစ်ယောက် ဖြစ်နေခဲ့၍သာဖြစ်ရမည် မဟုတ်လောဟု တွေးမိလေသည်။
လျူအာကျူးသည် သူ၏ဆရာကတော်ထံမှ ဤမျှရဲတင်းသော စကားများ ထွက်လာမည်ဟု မျှော်လင့်မထားခဲ့သဖြင့် ခေတ္တမျှ စကားဆွံ့အသွားသည်။
အဓိကအားဖြင့် သူသည် ဆရာကတော်နှင့် လူနာကိုအတင်းပြောနေသည်ဟု စွပ်စွဲခံရမည်ကို စိုးရိမ်သဖြင့် မဆင်မခြင် ပြန်လည်မဖြေကြားရဲပေ။ အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် တစ်ရွာလုံးက သူ့ကို သေသည်အထိ ဝိုင်းပယ်ကြပေလိမ့်မည်။ တာ့ရွှယ်ထို၏ မျက်နှာသည်လည်း မည်းမှောင်သွားကာ ကျိန်ဆဲလိုက်လေသည်။
"နင် မိန်းမယုတ်... ဘာတွေ ပြောနေတာလဲ... လူနာကို လေးစားရမယ်... ဒါက ဆေးပညာကျင့်ဝတ်ပဲ..."
"ရှင်က ဆရာဝန်လေ... ကျွန်မမှ မဟုတ်တာ..."
မာရှုလျန်က စိတ်အိုက်စွာဖြင့် မျက်လုံးလှန်ပြလိုက်လေသည်။
"ကဲပါ... ဆရာကတော်... ဒါက ဆရာကတော်ကို ကန်တော့တဲ့ လက်ဆောင်ပါ... လက်မခံဘူးဆိုရင် ကျွန်တော် နောက်တစ်ခါ ထပ်မလာတော့ဘူး..."
"ပြီးတော့ ဒီဆီနဲ့ ပြောင်းဖူးမှုန့်ကို အစ်ကိုကြီးနဲ့ မရီးကို ခွဲပေးလိုက်ပါ... အခု ဆရာနဲ့အတူ ဆေးနည်းကို သွားသုတေသနလုပ်လိုက်ဦးမယ်..."
လျူအာကျူးက တာ့ရွှယ်ထိုကို အလျင်စလို ဆွဲခေါ်သွားလေသည်။
သူ ထွက်သွားသည့် ကျောပြင်ကိုကြည့်ရင်း မာရှုလျန်က မတတ်သာဘဲ သက်ပြင်းချလိုက်မိလေသည်။ ထို့နောက် သူမ့ဘေးရှိ မယုံနိုင်ဖြစ်နေသော ဇနီးမောင်နှံနှစ်ဦးကို ပြောလိုက်သည်။
"ငါတို့ မိသားစုက ကျူးဇီဆီကနေ တကယ့်ကို အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာပဲ... ဒီပစ္စည်းတွေနဲ့တင် မိန်းမဆယ်ယောက် ရှစ်ယောက်လောက် ယူလို့ရတယ်... ဒါပေမဲ့ သူက အလကားပေးတာ... နင်တို့နှစ်ယောက် ကျူးဇီကို မကောင်းမကမ်း ဆက်ဆံရဲရင် ငါ့ကို အမေလို့ လာမခေါ်နဲ့တော့..."
ဇနီးမောင်နှံနှစ်ဦးသည်လည်း လျူအာကျူးကို သူတို့၏ ညီအရင်းတစ်ယောက်ကဲ့သို့ ဆက်ဆံပါမည်ဟု ကတိပေးကာ ခေါင်းတစ်ဆက်ဆက် ညိတ်ကြသည်။
စွန်းလျူကပင် ထပ်ဖြည့်ပြောလေသည်။
"သမီးတို့ရွာမှာ လှတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်... အချိန်တန်ရင် ကျူးဇီကို တချို့မိတ်ဆက်ပေးမယ်... ရင်သားကြီးကြီး တင်ပါးကြီးကြီးနဲ့ အလုပ်ကြိုးစားတဲ့ ကောင်မလေး ကောင်းကောင်းတစ်ယောက် ရှာပေးမယ်..."
မာရှုလျန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မိန်းမ မိတ်ဆက်ပေးတာက ကောင်းပါတယ်... ဒါပေမဲ့ သူတို့က ဘယ်လို မိသားစုကလာတာလဲဆိုတာကိုလည်း ကြည့်ရမယ်... ငါတို့ကျူးဇီက ပညာတတ်တစ်ယောက်ပဲ... သူက မြို့က ကောင်မလေးကိုတောင် ယူဖို့ အရည်အချင်းပြည့်မီတယ်..."
"အိုး... အမေ... ဘေးရွာက မြို့အထည်အလိပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ တစ်ယောက်ရှိတာ သတိရသွားပြီ... သူက အလုပ်သင်တပည့်ဖြစ်ပေမဲ့ တစ်လကို လုပ်အားခ ၁၀ ယွမ်ရတယ်... ယူနီဖောင်းလည်းရပြီး တစ်ခါတလေ အပြစ်အနာအဆာပါတဲ့ အဝတ်စတွေ ပြန်ယူလာနိုင်တယ်... သူက တော်တော် နာမည်ကြီးတာ..."
စွန်းလျူက ရုတ်တရက် လူတစ်ယောက်ကို စဉ်းစားမိသွားပြီး အတော်လေး စိတ်လှုပ်ရှားသွားလေသည်။
မာရှုလျန်၏ မျက်လုံးများလည်း တောက်ပသွားလေသည်။
"မြို့မှာ အလုပ်လုပ်တာလား... စဉ်းစားစရာပဲ... နောက်မှ သူတို့နှစ်ယောက်တွေ့ဖို့ အခွင့်အရေးတစ်ခု ရှာလိုက်ဦး..."
စွန်းလျူက ခေါင်းတစ်ဆက်ဆက် ညိတ်လေသည်။
"အဲဒီကောင်မလေးက အဆောင်မှာ နေလေ့ရှိပေမဲ့ ခုည အိမ်ပြန်လာမယ်လို့ မှတ်မိတယ်... အဲဒီအချိန်ကျရင် ကျူးဇီကို ရွာထိပ်မှာ လမ်းလျှောက်ထွက်ဖို့ ခေါ်သွားမယ်... သမီးတို့ကျူးဇီက သူ့ကို သဘောကျရင် သူတို့နှစ်ယောက်ကို သဘောတူအောင် လုပ်ပေးမယ်... မကြိုက်ဘူးဆိုရင်လည်း နှုတ်ဆက်ရုံလောက်ပဲဆိုတော့ အနေရခက်မှာ မဟုတ်ဘူး..."
ဤချွေးမဖြစ်သူ၏ အကြံအစည်မှာ မာရှုလျန်၏ အကြိုက်နှင့် အလွန်ကိုက်ညီနေလေသည်။ သူမသည် ဝမ်းသာအားရဖြင့် ဂျုံမှုန့်အိတ်ကို ယူလာကာ စွန်းလျူအတွက် ပြောင်းဖူးမှုန့်တစ်ခွက်အပို ခပ်ပေးလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အမေ... ကျေးဇူးတင်ပါတယ် ကျူးဇီ..."
စွန်းလျူက ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်လေသည်။
လျူမာရွှမ်းသည်လည်း သူ၏ဇနီးကို သဘောကျသွားသည်။ စကားအနည်းငယ်ဖြင့် သူမသည် မိခင်အိုကြီးကို ပျော်ရွှင်စေခဲ့ပြီး ပြောင်းဖူးမှုန့် တစ်ခွက်အပြည့်ကိုပင် ရယူနိုင်ခဲ့သည်။
သူသည်လည်း မျက်နှာလိုမျက်နှာရလုပ်ချင်သဖြင့် ပြောလေသည်။
"အမေ... ကျွန်တော်လည်း မိန်းမတစ်ယောက်ကို သိတယ်... သူက အရမ်းလှတာပဲ... သူ့အပြုံးက ကျွန်တော့်ဝိညာဉ်ကို လုယူသွားသလိုပဲ... သူ့ကို တစ်ချက်လောက် မြင်ရဖို့ နေ့တိုင်း ရွာထိပ်ကို ပြေးသွားရတာ... သူ့ကိုသာ မိတ်ဆက်ပေးရင်... အား... အား... အား... မိန်းမ... နာတယ်..."
စွန်းလျူသည် အလွန်ဒေါသထွက်သွားသဖြင့် ကလေးကို ယောက္ခမဖြစ်သူ၏ ရင်ခွင်ထဲသို့ ထိုးထည့်ကာ လျူမာရွှမ်း၏ နားရွက်ကိုဆွဲ၍ တံခါးဆီသို့ ဆွဲခေါ်သွားရင်း ကျိန်ဆဲလေသည်။
"သူ့အပြုံးက လှတယ်ပေါ့... နင့်ဝိညာဉ်ကို လုယူသွားတယ်ပေါ့... လာခဲ့... အဲဒီမြေခွေးမက ဘယ်လိုပုံစံလဲဆိုတာ မြင်ရအောင် ရွာထိပ်ကို သွားကြမယ်... ပြီးတော့ နင့်ဝိညာဉ်ကို ပြန်ခေါ်ပေးမယ်..."
"မိန်းမ... မိန်းမ... ငါမှားသွားပါတယ်..."
လျူမာရွှမ်းက နာကျင်စွာ အော်ဟစ်ရင်း အဆက်မပြတ် တောင်းပန်နေလေသည်။
မာရှုလျန်သည် ခြံတံခါး ပိတ်သွားသည်ကို ကြည့်ကာ မျက်နှာမည်းကြီးဖြင့် ကျိန်ဆဲလိုက်လေသည်။
"အဲ့မြည်းငတုံးကြီး... သူက ဘယ်လိုလုပ်ပြီး သူ့အဖေ လူယုတ်မာကြီးနဲ့ တစ်ပုံစံတည်း တူနေရတာလဲ..."
သူမ၏ သားအကြီးဆုံးနှင့် ချွေးမဖြစ်သူတို့ ထွက်သွားပြီးနောက် လီလီနှင့် လဲ့လဲ့တို့သည် အမောတကောဖြင့် အိမ်သို့ ပြေးဝင်လာကြပြီး ဝင်ဝင်ချင်းပင် ဟိုဟိုဒီဒီ လိုက်ကြည့်ကြလေသည်။
"နင်တို့နှစ်ယောက် အချိန်ကိုက် ရောက်လာတာပဲ... ပစ္စည်းတချို့ သယ်ဖို့ ကူကြဦး..."
မာရှုလျန်က လှမ်းခေါ်လိုက်လေသည်။
လီလီက ချက်ချင်းပင် ပြောလေသည်။
"အမေ... တစ်ယောက်ယောက်က အစ်ကိုကျူးဇီကို စကားတစ်ခွန်း ပြောခိုင်းလိုက်လို့... သူ ဘယ်မှာလဲ... ရွာသားတွေက သူ့ကို ရောက်နေပြီလို့ ပြောတာ သေချာကြားခဲ့တယ်..."
အရေးကြီးကြောင်း ကြားသောအခါ မာရှုလျန်က အမြန်ပြောလိုက်လေသည်။
"သူ ဆေးဖော်ခန်းမှာရှိတယ်..."
လီလီသည် ဆေးဖော်ခန်းဆီသို့ ကမန်းကတမ်း ပြေးသွားလေသည်။
လဲ့လဲ့သည် နောက်မှလိုက်သွားချင်သော်လည်း မာရှုလျန်က သူ့ကို ဆွဲဖမ်းလိုက်လေသည်။
"နင့်ကောင်လေး... ဘယ်သွားမလို့လဲ... ပစ္စည်းတွေ ကူသယ်ပေးဦး..."
ထိုစကားကို ကြားသောအခါ လဲ့လဲ့မှာ စိုးရိမ်သွားလေသည်။
"အမေ... အစ်မက အမေ့ကို လိမ်နေတာ... သူက တာ့လျန်မိသားစုက နျီဇီပြောတဲ့ အစ်ကိုကျူးဇီ ယုန်ဖြူနို့သကြားလုံး ဝယ်ပြီး ပြန်လာတယ်ဆိုတာကို ကြားလို့ သွားတောင်းစားမလို့... သားလည်း သွားချင်တယ်..."
မာရှုလျန်က ရုတ်တရက် ရယ်ချင်သလိုလို ဒေါသထွက်သလိုလို ဖြစ်သွားလေသည်။
ထိုစုန်းမလေးပင် ဖြစ်လေသည်။
အကြီးဆုံးက ရိုးသားပြီး အလတ်က ပါးနပ်ကာ မိသားစုတိုင်းတွင် ဆိုးသွမ်းသော တတိယမြောက် ကလေးတစ်ယောက် ရှိတတ်သည်ဟု ပြောကြသည်မှာ မဆန်းပေ။
သို့သော် သူမသည် လဲ့လဲ့ကို ပြေးထွက်သွားခွင့် မပေးနိုင်ပေ။ သူမသည် ကြိုးချည်ထားသော ပြောင်းဖူးမှုန့်အိတ်ကို လှမ်းပေးလိုက်လေသည်။
"အမေ့ကို ဒါလေး အိမ်ထဲသယ်ဖို့ ကူပေးဦး... မြန်မြန်လုပ်..."
လဲ့လဲ့သည် မသွားချင်သဖြင့် နှုတ်ခမ်းဆူနေသော်လည်း မာရှုလျန်က သူမ၏ အင်္ကျီလက်ကို ပင့်တင်လိုက်သည့် ဟန်အမူအရာကြောင့် လန့်သွားလေသည်။ သူသည် ပြောင်းဖူးမှုန့်ကို ကောက်ကိုင်ကာ ပြေးလေတော့သည်။
မာရှုလျန်သည် လက်နှိပ်ဓာတ်မီး၊ ဓာတ်ဘူးနှင့် အခြားပစ္စည်းများကို ရှားပါးသော ရတနာများကဲ့သို့ ကိုင်ဆောင်ကာ အိမ်ထဲသို့ ဝင်သွားရင်း ဆေးဖော်ခန်းဘက်သို့ လှမ်းအော်လေသည်။
"လီလီ... နင့်ကောင်မလေး... နင့်အစ်ကိုကျူးဇီဆီက မုန့်သွားတောင်းရဲရင် နင့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်..."
ဆေးဖော်ခန်းထဲတွင် လီလီသည် မည်သည့် ယုန်ဖြူနို့သကြားလုံးကိုမျှ မတောင်းဆိုနေပေ။
သူမသည်လည်း စားချင်နေသော်လည်း လျူအာကျူးကို လိုက်ရှာရသည့် အဓိကအကြောင်းရင်းမှာ သူက ယုန်ဖြူနို့သကြားလုံးများ ဝယ်လာသည်ဟု ကြားလိုက်ရသဖြင့် မနေ့က သူမအား ကလစ်ဝယ်ပေးမည်ဟူသော ကတိကို သတိရသွားသောကြောင့် ဖြစ်လေသည်။
ယခု နို့သကြားလုံးတောင် ဝယ်လာပြီဆိုမှ ကလစ်ကမပါဘဲ နေမည်လော။
ထိုအချိန်တွင် သူမသည် လျူအာကျူး၏ ရှေ့၌ ရပ်နေပြီး သူမ၏ လက်ထဲတွင် ကိုင်ထားသော လိပ်ပြာကလစ်လေးကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ (စာရေးသူတို့ငယ်ဘဝက ရွှေရောင်လိပ်ပြာကလစ်လေးကိုပြောတာပါ။ ၁၉၀၀ဖွားတွေဆို သိကြမယ်ထင်ပါတယ်)
ထိုကလစ်၏ လက်ရာမှာ အတော်လေး မြင့်မားလေသည်။ ၎င်းကို လိပ်ပြာပုံစံ အပြည့်အဝ ဖန်တီးထားပြီး သတ္တုဖြင့် ပြုလုပ်ထား၏။ လိပ်ပြာ၏ အတောင်ပံများပင် သတ္တုဖြစ်သော်လည်း ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလွှာလေသည်။ လီလီ၏ လက်ငယ်လေး လှုပ်ရှားလိုက်သည်နှင့် အတောင်ပံများမှာ အပေါ်အောက် လှုပ်ခတ်သွားပြီး တောက်ပသော ရွှေရောင်အခွံသည် နေရောင်အောက်တွင် ဆွဲဆောင်မှုရှိသော အရောင်အဆင်းကို ရောင်ပြန်ဟပ်နေလေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျူးဇီ..."
လီလီမှာ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။
လျူအာကျူးက နောက်ပြောင်လိုက်လေသည်။
"နင့်အမေက နင့်ခြေထောက်တစ်ဖက်ကို ရိုက်ချိုးလိုက်ရင် ဘယ်လိုလုပ်မလဲ..."
လီလီသည် ကလစ်လေးကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးနောက် ပြတ်သားစွာ ပြောလေသည်။
"သူ ရိုက်ချိုးရင်လည်း ကျိုးတာပေါ့... အဲဒီအခါကျရင် အိမ်ကို ကျိုးယာထိုကို ခေါ်လာပြီး ငါ့မှာလည်း လိပ်ပြာကလစ်လေး ရှိတယ်ဆိုတာကို သူ့ကို ပြလိုက်မယ်..."
တာ့ရွှယ်ထို၏ မျက်လုံးများက ပြူးကျယ်သွားလေသည်။
"တစ်နေကုန် နင်သိတာက ကြွားဖို့ပဲ... ထွက်သွားစမ်း..."
မထင်မှတ်ဘဲ လီလီ မထွက်သွားနိုင်မီ လဲ့လဲ့သည် ပြေးဝင်လာပြီး သူ၏ဖခင်ရှေ့တွင် ဘောင်းဘီကိုချွတ်ကာ တင်ပါးကို ကုန်းပြလိုက်သော်လည်း သူ၏လက်ကိုမူ လျူအာကျူးဆီသို့ လှမ်းထားလေသည်။
"အစ်ကိုကျူးဇီ... သား နို့သကြားလုံးစားချင်တယ်... ယုန်ဖြူတံဆိပ်..."
လျူအာကျူးသည် သကြားလုံးထုတ်ပေးမည်ပြုစဉ် လဲ့လဲ့၏ တင်ပါးကို ဖော်ပြထားသည်ကို မြင်လိုက်ရသဖြင့် စပ်စုစွာ မေးလေသည်။
"မင်းက ဘာလို့ ခုလိုပုံစံနဲ့ သကြားလုံး တောင်းနေရတာလဲ..."
"အမေက သား သကြားလုံးတောင်းရဲရင် အဖေ့ကို အရိုက်ခိုင်းမယ်လို့ ပြောလို့..."
လဲ့လဲ့သည် စကားပြောပြီးနောက် လှည့်ကာ တာ့ရွှယ်ထိုအား တိုက်တွန်းလေသည်။
"အဖေ... မြန်မြန်ရိုက်လေ... အဖေရိုက်ပြီးရင် သား သကြားလုံး သွားစားလို့ရပြီ..."