← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း (၄၉) ဒေါသထွက်နေသော မရီး

"ကဲ... ကဲ..."

လျူဟိုင်သည် လျူရှို့လင်၏ ကြွားလုံးထုတ်နေမှုကို ဖြတ်ပြောလိုက်ပြီး အခြားရွာသားများကို ပြောလိုက်သည်။

"မင်းတို့အားလုံး ဘာလို့ ရပ်ကြည့်နေကြတာလဲ... အာကျူးဇီက မင်းတို့ကို အသားကျွေးတာလေ ကျေးဇူးတင်စကားတောင် မပြောတတ်ကြဘူးလား..."

ဆာလောင်မွတ်သိပ်မှုကြောင့် ပိန်ချုံးကာ အသားအရေဝါဖျော့နေကြသော လျူကျေးရွာမှ အမျိုးသားများသည် အသားဟင်းရည်ကို တကယ်စားရတော့မည်ဟု နောက်ဆုံးတွင် ယုံကြည်သွားကြပြီး လျူအာကျူးအား ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

"ကျေးဇူးတင်ပါတယ် အာကျူးဇီ..."

"အာကျူးဇီက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတဲ့ ကလေးလို့ ငါ အမြဲပြောခဲ့တာ..."

"ငါ့သားသာ အာကျူးဇီရဲ့ ဉာဏ်တစ်ဝက်လောက်ရှိရင် ငါ ကျေးဇူးတင်လွန်းလို့ အမွှေးတိုင်တောင် ထွန်းပြီး ကန်တော့မှာ..."

"ဘယ်သူက မဟုတ်ဘူးပြောလို့လဲ... အာကျူးဇီ နောက်မှ မင်းနဲ့ ယာယာကို ငါ သဘောတူအောင် လုပ်ပေးရမလား..."

အခြားသူတစ်ယောက်က မိန်းမပေးစားရန် ကြိုးစားနေသည်ကို ကြားလိုက်ရသည့်အခါ လျူအာကျူး၏ စိတ်ထဲတွင် ရွာမှ မိန်းကလေး ယာယာ၏ မျက်နှာကို အလိုအလျောက် မြင်ယောင်လာမိလေသည်။

မည်သို့ပြောရမည်ကိုပင် မသိတော့ပေ။

သင့်တော်အောင် ပြောရလျှင် ထိုမိန်းကလေး၏ မျက်နှာမှာ ကြီးမားကာ ဝိုင်းစက်နေပြီး တင်းတိပ်များ ပြည့်နှက်နေသဖြင့် နံပြားတစ်ချပ်နှင့် တူသောကြောင့် လျူအာကျူးသည် သူမကိုမြင်လျှင် အစားစားချင်စိတ် ပေါ်လာမိလေသည်။

အထူးသဖြင့် ဤမိန်းကလေးမှာ ပခုံးကျယ်ပြီး ခါးတုတ်လေသည်။ အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း သူမသည် ရန်ဖြစ်ရာတွင် တစ်ခါမှ မရှုံးဖူးချေ။

အရွယ်ရောက်ပြီးသော ရွာသားများပင်လျှင် သူမ၏ပြိုင်ဘက် မဟုတ်ကြပေ။

သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်စော၍သာ မွေးဖွားခဲ့လျှင် သမိုင်းတွင် နာမည်ကြီး အမျိုးသမီးစစ်သူကြီးတစ်ဦး ဖြစ်လာနိုင်ပေသည်။ လျူအာကျူးသည် ယာယာနှင့် လက်ထပ်ရမည်ကို တွေးကြည့်လိုက်ပြီး သူမ၏ ကြိတ်ဆုံကဲ့သို့ ကြီးမားသော တင်ပါးကြီးဖြင့် ဖိမိပါက သေသွားနိုင်သည်ဟု တွေးမိလေသည်။

"နဝမအဘိုးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော် အခုလောလောဆယ် မိန်းမယူဖို့ အစီအစဉ် မရှိသေးဘူး..."

လျူအာကျူးက ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားလေသည်။

နဝမအဘိုးသည် မတတ်နိုင်သောဟန်ဖြင့် ပြောလိုက်သည်။

"ဒီကလေးက အသက်လည်း ကြီးနေပြီကို ဘာလို့ ရှက်နေရတာလဲ... မိန်းမယူမယ့်အကြောင်း ပြောရုံလေးရှိသေးတယ် လန့်ပြေးသွားပြီ... သူတို့အိမ်သွားပြီး သူ့အမေနဲ့ပဲ သွားပြောရမယ်..."

လျူဟိုင်နှင့် လျူရှို့လင်တို့သည် နားလည်စွာဖြင့် အချင်းချင်း ပြုံးပြလိုက်ကြပြီး လျူအာကျူး ဘာကို ကြောက်နေသည်ကို သဘာဝကျကျ သိနေကြသည်။ နဝမအဘိုးမှာ လျူအာကျူး၏အိမ်သို့ သွားရန် ဆုံးဖြတ်ထားဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူတို့က အလျင်အမြန်ပင် တားဆီးလိုက်ကြသည်။

ကျေးဇူးကို ရန်ဖြင့် မတုံ့ပြန်ပါနှင့်။

စုပေါင်းထမင်းစားဆောင်တွင် ကြက်သားဟင်းရည် ချက်နေသည်ဟူသော သတင်းမှာ တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး မကြာမီမှာပင် ရွာတစ်ရွာလုံး သိသွားကြလေသည်။

လူများစွာသည် စုပေါင်းထမင်းစားဆောင်သို့ အလျင်အမြန် ပြေးသွားကြပြီး ကြက်သားဟင်းရည်ကို စောင့်ဆိုင်းနေကြလေသည်။

လျူတာ့ကန်းမှာမူ သွားလာရန် မလွယ်ကူသဖြင့် တာ့ရွှယ်ထို၏ အိမ်တွင် ဟင်းရည်ချက်ရန် ကူညီပေးနေလေသည်။

မာရှုလျန်သည် ကြက်သားဟင်းရည် ချက်ရာတွင် ကူညီပေးနေရင်း တာ့ရွှယ်ထိုအား မတတ်နိုင်သည့်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ရဲ့အလုပ်သင်တပည့်က ဘာလို့ အဲဒီလောက်တောင် သဘောကောင်းနေရတာလဲ... ဒီလောက်ဆူဖြိုးနေတဲ့ ကြက်မကြီးကို အဲဒီလိုပဲ ပေးလိုက်ရသလား..."

"ဒါက ကောင်းတဲ့ကိစ္စပါ..."

တာ့ရွှယ်ထိုက ဆေးလိပ်သောက်ရင်း တီးတိုးပြောလိုက်သည်။

"ကောင်းတဲ့ကိစ္စ ဟုတ်လား... ငါတော့ နှမြောလွန်းလို့ ရင်ကျိုးရတယ်..."

မာရှုလျန်သည် တာ့ရွှယ်ထိုအား စူးရဲစွာ ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

"တာ့ကန်းရဲ့ မိသားစုက သနားစရာကောင်းတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ကြက်ပေါင်တစ်ချောင်းလောက် ပေးရင် လုံလောက်ပြီ မဟုတ်လား... ကြက်တစ်ကောင်လုံး ပေးဖို့ လိုလို့လား... ပြီးတော့ ရွာအတွက် နောက်ထပ် နှစ်ကောင်တောင် ပေးလိုက်သေးတယ်..."

တာ့ရွှယ်ထိုသည် သူ၏ ဆေးတံကို ခေါက်လိုက်ပြီး အလေးအနက်ထားကာ ဆုံးမလေသည်။

"မင်းလို မိန်းမအိုကြီးက ဘာသိလို့လဲ... အာကျူးဇီရဲ့ မိသားစုနောက်ခံက ဘာလဲ... မြေရှင်ကြီးတွေလေ... မြေရှင်ကြီးတွေ... ငါတို့ရွာက မြေတွေအားလုံးက အရင်တုန်းက သူတို့ပိုင်တာတွေချည်းပဲ..."

"အဲဒီတုန်းက သူ့အဖေသာ အမြန်မတုံ့ပြန်ခဲ့ဘဲ ရွာသားတွေကို ဒူးထောက် တောင်းပန်ပြီး မိသားစုပိုင်ဆိုင်မှု အားလုံးကို မိမိသဘောနဲ့မိမိ မပေးခဲ့ဘူးဆိုရင် သူတို့မိသားစုတစ်စုလုံး စံပြအနေနဲ့ ဖမ်းဆီးခံရပြီး သေလုမျောပါး အရိုက်ခံရမှာ..."

"အခု အခြေအနေတွေ အဆင်ပြေနေပြီဆိုပေမဲ့ အနာဂတ်ကို ဘယ်သူက အာမခံနိုင်မှာလဲ... အကြံအစည်ဆိုးရှိတဲ့ လူတစ်ယောက်ယောက်ကသာ သူတို့ကို အကွက်ဆင်လိုက်ရင် အာကျူးဇီရဲ့ မိသားစုမှာ ရွှေနဲ့လုပ်ထားတဲ့ အိမ်တစ်သောင်းရှိနေရင်တောင် လုံခြုံမှာ မဟုတ်ဘူး..."

"ဒါပေမဲ့ သူ ခုသို့လုပ်လိုက်ခြင်းဖြင့် ရွာသားတွေကို ကျေးဇူးတင်သွားစေတယ်... သူ့မိသားစုက အရင်က မြေရှင်ကြီးတွေဆိုတဲ့ အတိတ်ကို ဘယ်သူက ပါးစပ်ဟရဲတော့မှာလဲ..."

မာရှုလျန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ... အာကျူးဇီက တကယ် ဉာဏ်ကောင်းတာပဲ..."

"ဒါပေါ့... သူ့ဆရာက ဘယ်သူလဲဆိုတာ ကြည့်လေ..."

တာ့ရွှယ်ထိုသည် ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ဇနီး ဆက်ပြောမည့်စကားကို စောင့်နေလိုက်သည်။

သူ့ကို အံ့သြစေသည်မှာ အတန်ကြာ စောင့်ပြီးနောက် မာရှုလျန်သည် ဟင်းရည်ချက်ရန်သာ အာရုံစိုက်နေပြီး စကားမပြောတော့သည်ကို တွေ့လိုက်ရသည်။ သူ၏မျက်နှာမှာ မည်းမှောင်သွားပြီး

"မင်းက ဘာလို့ ငါ့ကို ဆက်ပြီး မချီးမွမ်းတာလဲ..."

မာရှုလျန်မှာ လန့်သွားပြီး

"ဪ ဟုတ်သားပဲ... ငါ အာကျူးဇီကို ပိုပြီး ချီးမွမ်းသင့်တာ... သူ့ရဲ့ အဘိုးဘေးက အရမ်းတော်တယ်လို့ ငါ ကြားဖူးတယ်... အရေးကြီးတဲ့ ပုဂ္ဂိုလ်တော်တော်များများကို စာသင်ပေးခဲ့တာလေ... အဲဒီလို ထက်မြက်တဲ့ ဉာဏ်ရည်မျိုးက လက်ဆင့်ကမ်းလာတာဖြစ်ရမယ်... အာကျူးဇီက အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ သေချာပေါက် ရလာမှာပဲ..."

"တော်ပြီ... တော်ပြီ... ငါ ဆိုလိုတာက အာကျူးဇီက ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အလုပ်သင်တပည့်လေ... ဒါ့အပြင် အဲဒီအကြောင်းပြချက်တွေ အားလုံးကို မင်းကို ရှင်းပြခဲ့တာက ငါပါ... မင်းက ဘာလို့ အာကျူးဇီကိုပဲ ချီးမွမ်းပြီး ငါ့ကို မချီးမွမ်းရတာလဲ..."

တာ့ရွှယ်ထိုက စိတ်တိုစွာဖြင့် ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ မာရှုလျန်က သူမ၏ယောက်ျားအား အထက်အောက် သေချာစွာ ကြည့်လိုက်ပြီးနောက် ရိုးသားစွာ ချီးမွမ်းလိုက်သည်။

“ဒီလောက်ကောင်းတဲ့ တပည့်ကိုရထားတာ ရှင် တကယ်ကံကောင်းတာပဲ..."

"..."

တာ့ရွှယ်ထိုသည် မည်းမှောင်နေသော မျက်နှာဖြင့် မတ်တတ်ရပ်ကာ အပြင်သို့ ထွက်သွားလေသည်။ တံခါးဝသို့ ရောက်သောအခါ သူသည် ရပ်လိုက်ပြီး လှည့်ကာ သတိပေးလိုက်သည်။

"ငါ အခုလေးတင် ပြောခဲ့တဲ့ စကားတွေကို မင်းဘာသာမင်းပဲ သိထား... စည်းကမ်းမဲ့ လျှောက်မပြောနဲ့..."

"ငါ သိတယ်... ငါ သိတယ်..."

မာရှုလျန်သည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မောင်းထုတ်လိုက်သည်။

တာ့ရွှယ်ထို ထွက်သွားသည်နှင့် တစ်ပြိုင်နက် လျူတာ့ကန်း၏ ဇနီးသည် သူမ၏ ကလေးသုံးယောက်နှင့်အတူ ဝင်လာပြီး မာရှုလျန်အား ဒူးထောက်ကာ ဦးညွှတ်လိုက်လေသည်။

မာရှုလျန်မှာ လန့်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ဪ... ယောင်းမ.. ဘာလုပ်နေတာလဲ..."

လျူတာ့ကန်း၏ ဇနီးက မျက်ရည်ကျကာ ငိုယိုရင်း ပြောလိုက်သည်။

"အစ်မ... ကျွန်မယောကျ်ားရဲ့ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပါ... တာ့ကန်းသာ သေသွားခဲ့ရင် ကျွန်မတို့ မုဆိုးမနဲ့ မိဘမဲ့ကလေးတွေက သေဖို့ကလွဲပြီး တခြားထွက်ပေါက် မရှိတော့ဘူး..."

မာရှုလျန်သည် သူတို့ကို ထူပေးရန် ကြိုးစားသော်လည်း လူလေးယောက် ဒူးထောက်နေသဖြင့် တစ်ယောက်ကို ထူပေးလိုက်သည်နှင့် အခြားတစ်ယောက်က ဒူးထောက်နေပြန်ရာ သူမ မတတ်နိုင်တော့ပေ။ သူမက "ကျေးဇူးတင်ချင်ရင် ထမင်းစားပြီးမှ အာကျူးဇီကို သွားကျေးဇူးတင်ပါ... ရှင်တို့ မိသားစုကို ကြက်သားပေးခဲ့တာက ကျူးဇီပါ..." ဟုသာ ပြောနိုင်တော့သည်။

လျူတာ့ကန်း၏ ဇနီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ ကျူးဇီရဲ့ ကျေးဇူးကို မှတ်ထားပါမယ်... နောက်မှ သူ့ဆီသွားပြီး ဦးညွှတ်ကန်တော့ပါမယ်..."

တစ်ချိန်တည်းမှာပင် လျူအာကျူး၏ အိမ်တွင်လည်း တစ်စုံတစ်ယောက် ဒူးထောက်နေလေသည်။

တိတိကျကျ ပြောရလျှင် သူ့အစ်ကိုကြီးသည် သူတို့၏ မိဘများရှေ့တွင် ဒူးထောက်နေပြီး သူ၏ မရီးဖြစ်သူကမူ ဘေးမှနေ၍ ငိုယိုကာ ဆူပူနေလေသည်။

လျူအာကျူးမှာ လန့်သွားပြီး သူ၏ အစ်ကိုကြီး တစ်ခုခု အမှားလုပ်မိသည်ဟု ထင်လိုက်သည်။ သူသည် အလျင်အမြန် ပြေးသွားပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ... မရီး... ကျွန်တော့်အစ်ကိုက မရီးကို စိတ်ဆိုးအောင် ဘာလုပ်လိုက်လို့လဲ... သူ့ကို ကျွန်တော် ဆုံးမပေးပါ့မယ်..."

ထိုသို့ပြောရင်း လျူအာကျူးသည် သူ၏အစ်ကိုဖြစ်သူ၏ အင်္ကျီကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲခေါ်သွားပြီး ရိုက်နှက်မည့်ပုံစံ ဖမ်းလိုက်လေသည်။

သို့သော် မရီးဖြစ်သူက လျူအာကျူးကို ရုတ်တရက် တားဆီးလိုက်ပြီး ငိုယိုကာ ပြောလိုက်သည်။

"ကျူးဇီ... မင်းက ဘာလို့ ဒီလောက် အရတာလဲ... အဲဒါက အလုပ်အခွင့်အရေးတစ်ခုလေ... မင်းက ဘယ်လိုလုပ်ပြီး မင်းအစ်ကိုကို ပေးလိုက်ရတာလဲ..."

"ဟင်….”

လျူအာကျူးမှာ နားမလည်နိုင်ဖြစ်သွားပြီး

"ဘာအလုပ်အခွင့်အရေးလဲ..."

"လက်လှည့်ကားလေး ကိစ္စလေ..."

လျူတာ့လျန်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ခေါင်းငုံ့ကာ တီးတိုးပြောလိုက်သည်။

"ပါးစပ်ပိတ်ထား... ရှင်က ဘယ်လိုလုပ်ပြီး အဲဒီအကြောင်းကို ပြောရဲရတာလဲ..."

မရီးဖြစ်သူသည် ဒေါသတကြီးဖြင့် လျူတာ့လျန်အား ဆိတ်ဆွဲလိုက်ပြီး

"ရှင်က လူရောဟုတ်ရဲ့လား... ရှင် လူရော ဟုတ်ရဲ့လားလို့ ကျွန်မ မေးနေတယ်... ကျူးဇီက ရှင့်ရဲ့ ညီအရင်းလေ... သူက ငါတို့ မိသားစုကို ဘယ်လောက်တောင် ပေးဆပ်ခဲ့လဲဆိုတာ ရှင် မသိဘူးလား... ရှင်သောက်တဲ့ စီးကရက်တွေ၊ ရှင်သောက်တဲ့ ရေနွေးတွေ၊ ရှင့်သမီး သုံးတဲ့ မျက်နှာလိမ်းခရင်မ်တွေ၊ သူမ စားတဲ့ သရေစာတွေ အားလုံးက ကျူးဇီ ပေးထားတာတွေချည်းပဲ... ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက် အရှက်မရှိရတာလဲ... သူ့အလုပ်ကိုတောင် လိုချင်နေသေးတယ်..."

ကန်းပေါ်တွင် လျူဖူရှန့်နှင့် နျူဟုန်ဟွာတို့က တိတ်ဆိတ်စွာ နေနေကြသည်။ အကြောင်းမှာ ဤကိစ္စသည် သူတို့၏ သားနှစ်ယောက်လုံးနှင့် သက်ဆိုင်နေပြီး တစ်ဖက်ဖက်သို့ ဘက်လိုက်ရန် မသင့်တော်သောကြောင့် ဖြစ်လေသည်။

သူတို့သည် သူတို့၏ ချွေးမကြီးကိုသာ ဖြေရှင်းခွင့် ပြုထားလိုက်လေသည်။

လီဆွေ့ဆွေ့ကလည်း ပွင့်လင်းစွာဖြင့် လျူအာကျူးအား ပြောလိုက်သည်။

"ကျူးဇီ... မူလကတော့ မင်းအစ်ကိုကို ဒူးထောက်ပြီး တောင်းပန်ခိုင်းမလို့ပဲ... ဒါပေမဲ့ ငါ စဉ်းစားကြည့်တော့ မင်းအစ်ကိုက ရွံစရာကောင်းတယ်ဆိုပေမဲ့ သူက မင်းကို ဒူးထောက်တယ်ဆိုတာ အပြင်ကို သတင်းပေါက်သွားရင် မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်... ဒါကြောင့် ဒူးထောက်တာကို မေ့လိုက်ပါတော့... သူ့ကိုယ်သူ နှစ်ချက်လောက် ပါးရိုက်ခိုင်းလိုက်မယ်... အဲဒီအလုပ်နေရာကို ပြန်ယူလိုက်ပါ... ဒီကိစ္စက မင်းရဲ့ တစ်ဘဝလုံးနဲ့ သက်ဆိုင်တယ်... ဘာလို့ ဒီငတုံးကြီးကို ပေးလိုက်ရတာလဲ..."

လျူတာ့လျန်က နာခံစွာဖြင့် လက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်သူ ပါးရိုက်ရန် ပြင်လိုက်လေသည်။

လျူအာကျူးသည် သူ၏အစ်ကိုအား အလျင်အမြန် ဆွဲထားလိုက်ပြီး ရှင်းပြလေသည်။

"မရီး... ကျွန်တော့်အစ်ကိုကို ကျွန်တော့်သဘောနဲ့ကျွန်တော် ပေးခဲ့တာပါ..."

"ငါ သိတယ်..."

လီဆွေ့ဆွေ့သည် ရုတ်တရက် ထပ်ငိုလာပြန်ပြီး လျူတာ့လျန်အား လက်ညိုးထိုးကာ ဆူပူလိုက်သည်။

"သူသာ မင်းဆီက အလုပ်နေရာကို ထပ်တောင်းရဲရင် ငါ... ငါ ဒီအရှက်မရှိတဲ့ ယောက်ျားနဲ့ ဆက်မနေတော့ဘူး... ငါ အရှက်ကွဲတာကို မခံနိုင်တော့ဘူး..."

"အဲဒီလောက်လည်း မဆိုးပါဘူး..."

လျူအာကျူးက အလျင်အမြန် တားဆီးလိုက်သည်။

"မရီး... ကျွန်တော် ပရိဘောဂစက်ရုံက နေရာကို မလိုချင်လို့ ကျွန်တော့်အစ်ကိုကို ပေးလိုက်တာပါ... ဒါ့အပြင် ကျွန်တော့်မှာ အလုပ်ရှိတယ်လေ..."

"မင်းအလုပ်ကို ငါ အထင်သေးတာ မဟုတ်ပါဘူး... ဒါပေမဲ့ ပရိဘောဂစက်ရုံဆိုတာ မြို့ကို ပြောင်းသွားရမှာလေ... မင်းက မြို့သားတစ်ယောက် ဖြစ်လာပြီး နိုင်ငံတော်ရိက္ခာကို စားရမှာပေါ့..."

"မင်းရဲ့ ဉာဏ်နဲ့ဆို နှစ်အနည်းငယ်အတွင်း အရာရှိငယ်လေး တစ်ယောက် ဖြစ်လာနိုင်တယ်... ရွာမှာ ခြေဗလာဆရာဝန် လုပ်ရတာထက် ပိုမကောင်းဘူးလား..."

လီဆွေ့ဆွေ့က ခေါင်းကို ဆက်တိုက် ခါယမ်းနေလေသည်။ သူမသည် မည်သူမဆို အရာရှိဖြစ်ရန် ငြင်းဆန်မည်ကို မယုံကြည်နိုင်ဘဲ လျူအာကျူး သဘောကောင်းလွန်းသဖြင့် ထိုနေရာကို သူ၏အစ်ကိုအား ပေးလိုက်ခြင်းသာဖြစ်သည်ဟု ပို၍ ယုံကြည်နေလေသည်။

All Chapters