အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) အသိဉာဏ်မဲ့သော အရူး
မိုးရေထဲမှ သစ်တော်ပန်းလေးပမာ လှပစွာ ငိုကြွေးနေသော မရီးဖြစ်သူကို မည်သို့ ရှင်းပြရမည်မှန်း လျူအာကျူး မသိတော့ပေ။
တောင်ပေါ်သား အများစုအတွက် ထိုအလုပ်ရမှတ် တစ်ထောင်ဆိုသည်မှာ အလွန်များပြားသော ဝင်ငွေတစ်ခု ဖြစ်နေလေသည်။
မြို့ပြမှ တရားဝင်အလုပ်သမားတစ်ယောက်၏ အဆင့်အတန်းမှာ ပို၍ပင် ဂုဏ်ကျက်သရေရှိသော သင်္ကေတတစ်ခု ဖြစ်လေ၏။ ထို့အပြင် လူများ မကြာခဏ အငတ်ဘေးကြုံရတတ်သော ဤခေတ်ကာလတွင် မြို့နေလူတန်းစားတစ်ဦး ဖြစ်လာခြင်းသည် တည်ငြိမ်သော ရိက္ခာထောက်ပံ့မှု ရရှိခြင်းပင်ဖြစ်သည်။
တောင်ပေါ်သားများ၏ အမြင်တွင် မြို့နေလူတန်းစားတို့၏ အလုပ်မှာ လေးစားဖွယ်ကောင်းပြီး တည်ငြိမ်ပေသည်။ သူတို့ ပင်ပန်းဆင်းရဲစွာ စိုက်ပျိုးထားသော ကောက်နှံများကို မြို့သို့ ဦးစွာပို့ဆောင်ရပြီး ထိုနေရာရှိ လူများမှာမူ စားသောက်ဆိုင်များသို့ သွားကာ စိတ်ကူးပေါက်တိုင်း အရက်လေးသောက်နိုင်ကြသဖြင့် ထိုနေရာသည် ကောင်းကင်ဘုံနှင့်ပင် တူနေလေတော့သည်။
ထို့ကြောင့် ဤခေတ်ကာလတွင် မြို့သားတစ်ယောက်အတွက် ဇနီးသည် ရှာဖွေရန်မှာ လုံးဝမခက်ခဲပေ။
မည်မျှပင် ရုပ်ဆိုး၊ အသက်ကြီး သို့မဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းနေပါစေ သူတို့၏ သမီးများကို ပေးစားချင်နေကြသော ရွာသားများ အများအပြား ရှိနေလေသည်။
ဤသည်မှာ လီဆွေ့ဆွေ့တစ်ယောက် ဤမျှ ပြဿနာရှာနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။ သူမ၏အမြင်တွင် သူမခင်ပွန်းက လျူအာကျူး၏ အနာဂတ်ကို လုံးဝဖျက်ဆီးပစ်လိုက်ပြီဟု
ထင်မြင်နေသောကြောင့် ဖြစ်လေသည်။
"မရီး... ဒါက ကိုယ်မြင်တဲ့ ရှုထောင့်ပေါ်မှာ မူတည်ပါတယ်..."
လျူအာကျူးက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"ကျွန်တော့်မှာ အလုပ်ရှိပြီးသားပါ... အကယ်၍ ကျွန်တော်က ပရိဘောဂစက်ရုံက နေရာကိုပါ လုယူလိုက်မယ်ဆိုရင် ရွာသားတွေက ပန်းကန်ထဲကစားပြီး အိုးထဲကဟာကို မျက်စိကျနေတယ်ဆိုပြီး ကျိန်ဆဲကြမှာပေါ့... ပြည်သူ့ကွန်မြူနစ်အဖွဲ့ကရော ကျွန်တော့်ကို လောဘကြီးလွန်းတယ်လို့ ထင်ပြီး မြို့ကို အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခွင့်မပေးဘဲ တမင်သက်သက် ငြင်းပယ်လိုက်ရင် ဘယ်လိုလုပ်မလဲ..."
"ဒါပေမဲ့ အစ်ကိုကြီးကတော့ မတူဘူးလေ... ရွာသားတွေရဲ့အမြင်မှာ သူက တည်ငြိမ်တဲ့လူတစ်ယောက်ပါ... သူသာ ပရိဘောဂစက်ရုံကို သွားမယ်ဆိုရင် လူတွေက မနာလိုဖြစ်ကြရင်တောင် အနည်းဆုံးတော့ ကျွန်တော်တို့ မိသားစုကို ပစ်မှတ်ထားကြမှာ မဟုတ်ဘူးလေ…”
"အဆိုးဆုံးပြောရရင် သူ ပရိဘောဂစက်ရုံကို ရောက်သွားတဲ့အခါ ကျွန်တော့်အတွက် အလုပ်တစ်ခုရဖို့ အခွင့်အရေးရှာပေးနိုင်တယ် ဒါမှမဟုတ် သူ့ရဲ့ အလုပ်သင်တပည့်အဖြစ် သွားခွင့်ပေးပြီး အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးနိုင်သေးတာပဲ..."
"ဒါ့အပြင် ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ... ခရိုင် ပရိဘောဂစက်ရုံကို တကယ်သွားနိုင်မလားဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူးလေ... တပ်မဟာခေါင်းတောင်ရဲ့ စကားက အရာမဝင်ခဲ့ရင် ဘယ်လိုလုပ်မလဲ..."
"ဒါကြောင့် အစ်ကိုကြီးကိုပဲ အရင် လုပ်ခိုင်းလိုက်ပါ... နောက်ဆုံးကျရင် သူ အလုပ်ရမှတ် တစ်ထောင်ပဲ ရလာမယ်ဆိုရင်တောင် မဆိုးပါဘူးလေ ဟုတ်တယ်မလား..."
လျူအာကျူး၏ စကားများကို နားထောင်ပြီးနောက် လီဆွေ့ဆွေ့သည်လည်း ပြဿနာ၏ ကြီးလေးမှုကို သဘောပေါက်သွားလေသည်။
သူမသည် လျူအာကျူးကို သူမ၏ မောင်အရင်းတစ်ယောက်လို သဘောထားပြီး ဖြစ်၏။ အကယ်၍ ရွာသားများက သူ့ကို ကျိန်ဆဲမည် သို့မဟုတ် ပြည်သူ့ကွန်မြူနစ်အဖွဲ့က သူ့အား အခက်အခဲဖြစ်စေမည်ဆိုလျှင် လုံးဝ ဖြစ်မည်မဟုတ်ပေ။
"ဒါဆိုလည်း... ကောင်းပြီလေ... လောလောဆယ်တော့ နင့်အစ်ကိုကိုပဲ အလုပ်လုပ်ခိုင်းလိုက်ပါမယ်... နောက်ပိုင်း သူ မြို့ထဲဝင်နိုင်သွားရင် သူ့လစာရဲ့ တစ်ဝက်ကို နင့်ကိုပေးပြီး နင့်ကိုပါ မြို့ထဲရောက်အောင် အခွင့်အရေး စောင့်ရှာပေးလိမ့်မယ်..."
လီဆွေ့ဆွေ့က တွန့်ဆုတ်စွာဖြင့် ပြောလေသည်။
"အချိန်ကျမှပဲ အဲဒီအကြောင်း ဆက်ပြောကြတာပေါ့... အရင်ဆုံး ကျွန်တော် ဘာတွေ ယူလာခဲ့လဲ ကြည့်လိုက်ပါဦး..."
လျူအာကျူးသည် သူ၏အိတ်ထဲမှ တောကြက်နှစ်ကောင်ကို ထုတ်ယူလိုက်ပြီး ဘေးတွင် တိတ်ဆိတ်စွာ နေနေသော နျူဟုန်ဟွာထံသို့ ကမ်းပေးလိုက်လေသည်။
"အမေ... သွားပြီး မီးမွှေးလိုက်ဦး... ခဏနေရင် မိသားစုအတွက် ကြက်သားအစပ်ချက်လေး ချက်ပေးမယ်..."
တကယ်တော့ ဤတောကြက်နှစ်ကောင်ကို အာလူးဖြင့် ကြက်သားဟင်းချက်လျှင် ပိုကောင်းမည်ဟု လျူအာကျူး ခံစားမိလေသည်။
ကံမကောင်းစွာဖြင့် သူ၏ထံတွင် အာလူး သို့မဟုတ် ငရုတ်ပွကဲ့သို့သော အရန်ဟင်းသီးဟင်းရွက်များ မရှိသလို ဆန်လည်းမရှိပေ။
ထမင်းဖြူမပါသော ကြက်သားချက်ဆိုသည်မှာ ဝိညာဉ်မဲ့နေသကဲ့သို့ပင် ဖြစ်လေသည်တကား။
ကြက်နှစ်ကောင်ကိုကြည့်ရင်း နျူဟုန်ဟွာက ဒွိဟဖြစ်စွာဖြင့် ပြောလေသည်။
"သားရယ်... အရင်က သားချက်ထားတဲ့ ဝက်သားနီချက်တောင် မကုန်သေးဘူးလေ..."
"ဟုတ်လား... ဒါဆိုလည်း လွှင့်ပစ်လိုက်ပေါ့..."
လျူအာကျူးက တိုက်ရိုက်ပင် ပြောလိုက်၏။
"ဟင်... မလုပ်ပါနဲ့..."
နျူဟုန်ဟွာမှာ စိုးရိမ်တကြီး ဖြစ်သွားလေသည်။
"အဲဒီလိုစကားမျိုး နောက်ဘယ်တော့မှ မပြောနဲ့... ဒါက အစားအစာတွေလေ... အစားအစာကို အလဟဿဖြုန်းတီးရင် မိုးကြိုးပစ်ခံရလိမ့်မယ်... နောက်ဆို အဲဒီလိုမျိုး မပြောတော့ဘူးနော်..."
"အင်းပါ... ကျွန်တော့်ကို မိုးကြိုးပစ်မခံရစေချင်ရင် အစားအစာတွေကို အကြွင်းအကျန် မထားနဲ့လေ..."
လျူအာကျူးက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
နျူဟုန်ဟွာ၏ မျက်နှာမှာ ချက်ချင်းပင် အခက်တွေ့သွားဟန် ပေါ်သွားလေ၏။
လျူဖူရှန့်က ဝင်ပြောလေသည်။
"သွား... ကျူးဇီပြောတဲ့အတိုင်း သွားလုပ်ချေ... ငါနဲ့ငါ့သား မသေသေးဘူး... ဒီအိမ်မှာ မိန်းမအိုကြီး ဩဇာပေးရမယ့် အလှည့်မရောက်သေးဘူး..."
"ထွီ... ဖက်... ဖက်... ဒီဘိုးကြီး... သေခြင်းရှင်ခြင်းအကြောင်း ဘာတွေလာပြောနေတာလဲ..."
နျူဟုန်ဟွာက ရွံရှာစွာဖြင့် တံတွေးအကြိမ်ကြိမ် ထွေးချလိုက်လေသည်။
"မင်းပါးစပ်က ပေါက်နေတာလား... တံတွေးထွေးချင်ရင်လည်း ထွေးလေ... အခုတော့ ငါ့မျက်နှာကို လာစင်ကုန်ပြီ..."
လျူဖူရှန့်က အဆက်မပြတ် ကျိန်ဆဲရင်း အမြန်ရှောင်တိမ်းလိုက်ရလေသည်။
လျူဖူရှန့်၏ ဖရိုဖရဲအခြေအနေကို မြင်လိုက်ရသောအခါ နျူဟုန်ဟွာမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေလို့ ရှင်မျက်နှာကို တံတွေးနဲ့ ထွေးပစ်သင့်တာ... ကဲပါ... ကျုပ် သွားပြီး မီးမွှေးလိုက်ပါ့မယ်..."
လီဆွေ့ဆွေ့သည် အိမ်သို့အရင် ပြန်သင့်မပြန်သင့် တွန့်ဆုတ်နေမိလေသည်။ ယခုအချိန်မှာ ယောက္ခမများ ထမင်းစားတော့မည့် အချိန်ဖြစ်ရာ သူမ မပြန်သေးလျှင် အလကားထမင်းစားချင်၍ နေနေသည်ဟု ထင်စရာဖြစ်နေလေသည်။
သူမ စကားမပြောနိုင်မီမှာပင် လျူအာကျူးက ပြုံးကာ ပြောလိုက်လေသည်။
"မရီး... ခဏနေရင် ကျွန်တော့်လက်ရာကို မြည်းကြည့်ကြဦးလေ... တခြားဟင်း မရှိရင်တောင် ဒီကြက်သားအစပ်ချက်လေးက တကယ်မွှေးနေမှာပါ..."
"အာ... ဒါကတော့..."
လီဆွေ့ဆွေ့မှာ အနည်းငယ် အနေရခက်သွားလေသည်။
"အိုးခွဲအိမ်ခွဲနေပြီးပြီဆိုမှ ယောက္ခမအိမ်မှာ အမြဲလာစားနေလို့ ဘယ်ကောင်းမလဲ..."
"ကျွန်တော်တို့ မိသားစုမှာ အဲဒီလို စည်းကမ်းတွေ မရှိပါဘူး... ပြီးတော့ ကျွန်တော်က နျီဇီနဲ့ အတူတူစားရတာကို သဘောကျလို့ပါ..."
လျူအာကျူးက ရယ်မောရင်း ပြောလေသည်။
လီဆွေ့ဆွေ့မှာ ထပ်မံ၍ ငြင်းဆန်ချင်နေသေး၏။
ထိုစဉ် လျူတာ့လျန်က ရုတ်တရက် သတိတကြီး ဝင်ပြောလိုက်သည်။
"မိန်းမ... ကိုယ့်ကို နည်းနည်းလောက် တွဲပေးပါလား... ကိုယ်... ကိုယ် မတ်တတ်မရပ်နိုင်တော့လို့..."
သူသည် ဒူးထောက်နေရသည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ဒူးများမှာ ထုံကျင်နေလေပြီ။
သူမခင်ပွန်း၏ အသုံးမကျသော အခြေအနေကို မြင်သောအခါ လီဆွေ့ဆွေ့သည် သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
"ရှင် အတိတ်ဘဝက ဘယ်လိုကုသိုလ်တွေများပြုခဲ့လို့ ကျူးဇီလို ညီကောင်းတစ်ယောက် ရလာတာလဲ မသိပါဘူးတော်..."
ပါးစပ်မှ ထိုသို့ပြောနေသော်လည်း လီဆွေ့ဆွေ့သည် သူမ၏ခင်ပွန်းအား အမြန်သွားရောက် ထူမပေးလေသည်
တစ်ဖက်တွင်မူ လျူအာကျူးသည် ဟင်းချက်ရန်အတွက် သူ၏အင်္ကျီလက်များကို ခေါက်တင်လိုက်သည်။
ကြက်သားအစပ်ချက်မှာ တကယ်တမ်းဆိုလျှင် ချက်ရလွယ်ကူလှပေသည်။
ယေဘုယျအားဖြင့် ကြက်တစ်ကောင်ကို သတ်ပြီးပါက သွေးများကျန်ရှိနေတတ်ပြီး ရေနွေးဖျောလိုက်ခြင်းက ပို၍ကောင်းမွန်သွားစေသည်။
သို့သော် ထိုသို့လုပ်ခြင်းဖြင့် ကြက်သား၏ လတ်ဆတ်မှုနှင့် မူလအရသာ အများအပြား ဆုံးရှုံးသွားစေနိုင်လေသည်။
ထို့ကြောင့် လျူအာကျူးသည် အခြားသော ဖြုန်းတီးရာကျသည့် နည်းလမ်းတစ်ခုဖြစ်သည့် အရသာနယ်ခြင်းကို ရွေးချယ်လိုက်လေသည်။
သာမန် တောင်ပေါ်သားများ အသားချက်ပြုတ်သည့်အခါတွင် မည်သို့ပင် အရသာနယ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းဖြစ်စေ အလဟဿဖြုန်းတီးခြင်းဖြစ်သည်ဟု သူတို့ ခံစားကြရလေသည်။
အရသာနယ်ခြင်းက ဟင်းချက်ဝိုင်နှင့် ဟင်းခတ်အမွှေးအကြိုင် အမြောက်အမြားကို အလဟဿဖြစ်စေပြီး ရေနွေးဖျောခြင်းကမူ အဆီနှင့် အရသာအားလုံးကို ဖယ်ရှားလိုက်သကဲ့သို့ ခံစားရစေကာ ထိုသို့ဆိုလျှင် စားစရာ ဘာကျန်တော့မည်နည်း။
လျူအာကျူးကမူ ကုန်ကျစရိတ်ကို ဂရုမစိုက်ပေ။ သူသည် ဇလုံတစ်လုံးယူကာ ကြက်သားကို အတုံးသေးသေးလေးများ တုံး၍ ထည့်လိုက်ပြီး ဟင်းချက်ဝိုင်အစား ပြင်းရှသော တရုတ်ရိုးရာအရက်ကို အသုံးပြုကာ ဂျင်းပြားများ၊ ကြက်သွန်မြိတ်များ၊ ဆား၊ ပဲငံပြာရည်၊ သကြားနှင့် ငရုတ်ကောင်းတို့ကို အများအပြား ထည့်လိုက်လေသည်။
အနီးအနားတွင် လီဆွေ့ဆွေ့နှင့် နျူဟုန်ဟွာတို့မှာ မူလက လျူအာကျူး၏ ကျွမ်းကျင်မှုများကို သင်ယူရန် ရည်ရွယ်ထားခဲ့ကြသည်။ သို့မှသာ နောက်ပိုင်းတွင် သူစားချင်သည့်အရာကို သူတို့ချက်ပြုတ်ပေးနိုင်ပြီး သူကိုယ်တိုင် ချက်ပြုတ်ရသည့် ဒုက္ခမှ ကင်းဝေးစေရန် ဖြစ်လေသည်။
သို့သော် သူတို့ ကြည့်လေလေ သူတို့၏ နှလုံးသားများ ပိုနာကျင်လာလေလေဖြစ်ပြီး သူတို့၏ နှုတ်ခမ်းထောင့်များပင် တွန့်လိမ်လာလေတော့သည်။
လျူအာကျူး ဇလုံထဲသို့ သကြားဖြူများ အမှန်တကယ် ထည့်လိုက်သည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်လုံး လုံးဝ သည်းမခံနိုင်တော့ဘဲ အခန်းထဲမှ အမြန်ထွက်ပြေးသွားကြတော့သည်။
"ဘုရားရေ... ငါ့မောင်လေးရဲ့ ဟင်းချက်နည်းက အရမ်းကြောက်စရာကောင်းလွန်းတယ်..."
"ငါ့ရင်တွေ နာလိုက်တာ... အသုံးအဖြုန်းကြီးတဲ့ အကောင်စုတ်လေး..."
ယောက္ခမနှင့် ချွေးမနှစ်ယောက်လုံး သူတို့၏ ရင်ဘတ်များကို ပုတ်နေကြပြီး အလဟဿဖြစ်မှုကြောင့် သူတို့၏ မျက်နှာများတွင် စိတ်ဆင်းရဲမှုများ ပြည့်နှက်နေလးသည်။
လျူတာ့လျန်သည် တံခါးဝတွင် သူ၏ဒူးများကို နှိပ်နယ်နေသည်။ ၎င်းကို ကြားသောအခါ သူက လှည့်ကြည့်လိုက်သည်။
"အမေ... မိန်းမ... ဘာဖြစ်လို့လဲ... ကျူးဇီ လက်ရှမိလို့လား..."
"နင့်အမေဖင်ကိုပဲ သွားလိုက်... လူလို စကားမပြောတတ်ဘူးလား..
လီဆွေ့ဆွေ့က ကျိန်ဆဲလိုက်လေသည်။
"မင်းပြောမှပဲ... အမေ့ရှေ့မှာတင် ငါ့အမေကို အဲဒီလို ကျိန်ဆဲနေသေးတယ်..."
လျူတာ့လျန်က မျက်လုံးလှန်ပြလိုက်သည်။
သူ၏အမေက ဇနီးဖြစ်သူအပေါ် အငြိုးထားမည်ကို စိုးရိမ်သဖြင့် သူက အလျင်စလို ရှင်းပြလေသည်။
"အမေ... စိတ်ထဲမထားပါနဲ့... ဆွေ့ဆွေ့က နင့်အမေလို့ ပြောတဲ့အချိန်မှာ အမေ့ကို ကျိန်ဆဲနေတာ မဟုတ်ပါဘူး..."
နျူဟုန်ဟွာသည် ၎င်းကို အလေးအနက် မထားခဲ့သော်လည်း ထိုရှင်းပြချက်ကြောင့် ဒေါသထွက်သည်အထိ ရယ်မောချင်သွားလေသည်။
"ဘာလဲ... အပြင်မှာ မင်းအတွက် ဒုတိယအမေ ရှိနေသေးလို့လား..."
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... အဖေ့မှာ အဲဒီလောက် စွမ်းဆောင်ရည်မှမရှိတာ... ပြီးတော့ ကျွန်တော့်မှာ ယောက္ခမ ရှိနေသေးတယ် မဟုတ်လား..."
လျူတာ့လျန်က အမြန် ထပ်မံရှင်းပြလိုက်လေသည်။
"ဟုတ်တယ်... ဟုတ်တယ် အမေ... အထင်မလွဲပါနဲ့... တကယ်တော့ ကျွန်မက ကျိန်ဆဲနေတာပါ..."
လီဆွေ့ဆွေ့က အမြန်ရှင်းပြလိုက်သော်လည်း စကားတစ်ဝက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သဘောပေါက်သွားလေသည်။
သူမက ချက်ချင်းပင် ခါးထောက်လိုက်ပြီး ကျိန်ဆဲလိုက်လေသည်။
"လျူတာ့လျန်... နင် အကောင်စုတ်... ငါက ငါတို့အမေကို ကျိန်ဆဲလို့မရပေမဲ့ ငါ့အမေအရင်းကိုတော့ ကျိန်ဆဲလို့ရတယ်ပေါ့လေ..."
သူ၏ စေတနာကောင်းများက အမေဖြစ်သူအား မပျော်မရွှင်ဖြစ်စေကာ ဇနီးဖြစ်သူအား ဒေါသထွက်စေခဲ့သည်ကို မြင်လိုက်ရသောအခါ လျူတာ့လျန်က ပါးစပ်ကို ပိတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
လီဆွေ့ဆွေ့သည် သူ့အား စိုက်ကြည့်လိုက်ပြီးနောက် နျူဟုန်ဟွာကို တောင်းပန်သည့်အပြုံးဖြင့် ပြုံးပြလိုက်လေသည်။
"အမေ... စိတ်မဆိုးပါနဲ့နော်... ကျွန်မက နျီဇီကို ဆူနေကျဖြစ်နေလို့ ယောင်ပြီး ထွက်သွားတာပါ..."
နျူဟုန်ဟွာသည် သဘာဝကျကျပင် နားလည်သောကြောင့် ၎င်းကို လုံးဝ စိတ်ထဲမထားခဲ့ပေ။
သူမကပင် အလေးအနက်ထား၍ ပြောလိုက်လေသည်။
"ဆွေ့အာ... နင် နောက်ဆို နျီဇီကို ဆူတဲ့အခါ နင့်အမေက ဟိုလို ဒါမှမဟုတ် နင့်အမေက ဒီလိုဆိုပြီး အမြဲတမ်း မပြောနဲ့... အဲဒါက နင့်ကိုယ်နင် ပြန်ကျိန်ဆဲနေတာ မဟုတ်ဘူးလား... နောက်ဆိုရင် နင့်အဖေရဲ့လို့ပဲ ပြောလိုက်..."
လီဆွေ့ဆွေ့သည် ယင်းမှာ ယောက္ခမဖြစ်သူက သူမအပေါ် ချစ်ခင်ကြင်နာမှု ပြသခြင်းဖြစ်ကြောင်း သိရှိသောကြောင့် ပြုံး၍ သဘောတူလိုက်သည်။
လျူတာ့လျန်မှာ မှင်တက်သွားပြီး မေးလိုက်လေသည်။
"အမေ... ဒါဆို သူက ကျွန်တော့်ကို ကျိန်ဆဲနေတာ မဟုတ်ဘူးလား…”
"အဲဒီတော့ ဘာဖြစ်လဲ..."
နျူဟုန်ဟွာက မျက်နှာတည်ထားကာ ပြောလိုက်လေသည်။
"နင့်အဖေဖင်ကိုပဲ သွားလိုက်... ငါက နင့်ကို ကျိန်ဆဲလို့ မရဘူးလား..."
လျူတာ့လျန်က နောက်တစ်ကြိမ် ပါးစပ်ပိတ်သွားပြန်သည်။
အခန်းထဲမှ လျူဖူရှန့်၏ ကျိန်ဆဲသံ ထွက်ပေါ်လာလေသည်။
"လျန်ဇီ... မင်းလို အသိဉာဏ်မဲ့တဲ့အရူး... မင်းက ကြားထဲက ဝင်ပါရသေးတယ်... မင်း ကျိန်ဆဲခံရတာ နှစ်ခါရှိသွားတဲ့အပြင် မင်းအဖေ ဒီအဘိုးကြီးကိုပါ ဆွဲထည့်သွားသေးတယ်..."