← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) ပီကင်းမှ နေ့စဉ်ဘဝ

"ကျေးဇူးပဲ ကျိုးချန်ယဲ့... ရော့... ဒါက ငါ့အမေ အကောင်းဆုံး လုပ်ပေးထားတဲ့ ကန်စွန်းဥခြောက်တွေလေ... အားလုံး မြည်းကြည့်ကြဦး..."

လီဝေကျွင်းသည် သူ၏ အထုပ်အပိုးများထဲမှ အဝတ်အိတ်တစ်လုံးကို ထုတ် ယူကာ လူတိုင်းအား တစ်ဆုပ်စီ ခွဲဝေပေးလိုက်လေ၏။

"ဒီ ကန်စွန်းဥခြောက်တွေက တကယ်ကို အရသာရှိတာပဲ... ငါ ပုံမှန်စားနေကျ အရာတွေနဲ့ မတူဘူး... နူးညံ့ပြီး စေးပိုင်နေတာပဲ... တော်တော်လည်း ချို တယ်... ဝါးလေလေ ပိုပြီး အရသာရှိလေလေပဲ..."

ကျိုးချန်ယဲ့က ဝါးနေရင်း ခေါင်းညိတ်ကာ ချီးကျူးလိုက်လေသည်။

"တကယ်ပဲ... ဒါကို နေလှန်းဖို့ ဘယ်လိုလုပ်ရတာလဲ..."

ဝမ်အိုက်တန့်သည်လည်း အပိုင်းအစတစ်ခုကို မြည်းစမ်းကြည့်ပြီးနောက် သိ လိုစိတ်ဖြင့် မေးမြန်းလိုက်လေ၏။

"အိုးထဲမှာ အရင်ဆုံး အပူပေးပြီးမှ နေလှန်းရတယ်လို့ ထင်တာပဲ... ဒါပေမဲ့ ငါလည်း သေချာတော့ မပြောတတ်ဘူး..."

"ဘာပဲဖြစ်ဖြစ် ငါ့မိသားစုက နှစ်စဉ်လုပ်တဲ့ ကန်စွန်းဥခြောက်တွေကတော့ ရွာ မှာ အကောင်းဆုံးပဲ..."

လီဝေကျွင်းက ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် ပြောဆိုလိုက်လေသည်။

"အရသာရှိလိုက်တာ လီဝေကျွင်း... ငါ့ကို နှစ်ကျင်လောက် ရောင်းလို့ ရမ လား... ငါ့မိန်းမ သေချာပေါက် ကြိုက်မှာပဲ... ငါ တစ်ခုခုနဲ့ ပြန်လဲပေးမယ်လေ ..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြောလိုက်လေ၏။

"ယူသွားပါ... ဘာနဲ့မှ လဲနေဖို့ မလိုပါဘူး... ဒါက ကန်စွန်းဥခြောက် အနည်း ငယ်ပဲဥစ္စာ... အဲဒီလောက်အထိ တန်ဖိုးမရှိပါဘူး..."

လီဝေကျွင်းက ပြောပြောဆိုဆိုဖြင့် စက္ကူကြမ်းတစ်ခုကို ရှာဖွေကာ ကန်စွန်းဥ ခြောက် နှစ်ကီလိုဂရမ်ကျော်ကို လျင်မြန်စွာ ထုပ်ပိုး၍ ကမ်းပေးလိုက်လေ သည်။

"ဒါတော့ မဖြစ်ဘူးလေ..."

ကျိုးချန်ယဲ့သည် သူ၏ ပတ္တူအိတ်အောက်ခြေမှ ဝူကျန်း မုန်ညင်းချဉ် ဖန်ပု လင်း နှစ်ပုလင်းကို ထုတ်ယူလိုက်လေ၏။

ဖန်ပုလင်း တစ်လုံးချင်းစီတွင် (၃၅၀) မီလီလီတာခန့် ပါဝင်လေသည်။ အတွင်း ရှိ မုန်ညင်းချဉ်များမှာ ပြောင်လက်ကာ နီရဲနေပြီး ငရုတ်သီးနှင့် ဟင်းခတ်အ မွှေးအကြိုင်များစွာ ထည့်ထားသည်မှာ သိသာလှပေရာ တံတွေးပင် မျိုချမိစေ လေသည်။

"တကယ် မလိုပါဘူး..."

လီဝေကျွင်းက ငြင်းဆန်ချင်သော်လည်း မုန်ညင်းချဉ်မှာ အလွန်တရာ ဆွဲ ဆောင်မှု ရှိနေသဖြင့် သူ၏ စိတ်ကူးကို ပြောင်းလဲလိုက်ကာ ပြောလိုက်လေ သည်...။

"ဒါဆိုရင်တော့ ငါ လက်ခံလိုက်ပါ့မယ်..."

"ဟားဟားဟား... မင်းကတော့ တကယ့် လူလည်လေးပဲ..."

လျူကျန့်ကော်က လီဝေကျွင်းအား လက်ညှိုးထိုးကာ သူ၏ပေါင်ကို ရိုက်ပြီး အားရပါးရ ရယ်မောလိုက်လေတော့သည်။

အဆောင်အတွင်း၌ ရယ်မောသံများနှင့် စကားပြောသံများဖြင့် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ပြီး ကြာမြင့်စွာ ဝေးကွာနေခဲ့သော သူငယ်ချင်းများ ပြန်လည် ဆုံတွေ့ရသည့် နွေးထွေးမှုကို ခံစားလိုက်ရလေတော့သည်။

အခြားတစ်ဖက်တွင်မူ ထျန်ရှောင်ယာသည် အိမ်နီးချင်း၏ ကြက်တွန်သံ ကြောင့် နိုးလာခဲ့လေသည်။

နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် ကုတင်ခေါင်းရင်းပေါ်သို့ ဖြာကျ နေလျက်ရှိလေသည်။

သူမ၏မျက်လုံးများကို ပွတ်သပ်ကာ ထိုင်လိုက်ချိန်တွင် ခေါင်းအုံးအောက်၌ ထိုးထည့်ထားသော စာတစ်စောင်ကို ချက်ချင်း သတိပြုမိသွားခဲ့လေ၏။

ထိုစာထဲတွင် တစ်လုံးချင်းစီ သေချာစွာ ရေးသားထားခဲ့လေသည်...။

[မိန်းမရေ... အစ်ကို ကျောင်းသွားပြီ... အိုးထဲမှာ ဟင်းသီးဟင်းရွက် စွပ်ပြုတ် နဲ့ နှမ်းကိတ်မုန့်တွေကို နွေးထားပေးတယ်... နိုးလာရင် ပူပူနွေးနွေးလေး စား လိုက်နော်... ဩော်... ညနေကျရင် ဟင်းချက်ဖို့ မလိုဘူးနော်... အစ်ကို အပြင် ကနေ ဝယ်လာခဲ့မယ်... အာယဲ့…]​

ထျန်ရှောင်ယာက ပြုံးလိုက်ပြီး ထိုစာကို သေချာစွာ ခေါက်၍ အံဆွဲထဲသို့ ထည့်လိုက်လေသည်။ သူမသည် ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုချောင်ထဲ သို့ ဝင်သွားခဲ့လေသည်။

အိုးအဖုံးကို မလိုက်သောအခါ နွေးထွေးသော ဟင်းသီးဟင်းရွက် စွပ်ပြုတ်မှ အငွေ့လေးများ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ ဘေးရှိ ပန်းကန်ထဲတွင်လည်း နှမ်းကိတ်မုန့် နှစ်ခုက ရှိနေခဲ့လေသည်။

သူမ စားသောက်နေစဉ်မှာပင် ခြံဝင်းတံခါးပြင်ပမှ တံခါးခေါက်သံ တိုးတိုး လေး ထွက်ပေါ်လာခဲ့ပြီးနောက် ဝမ်တာ့ကျွမ်း၏ ဇနီးဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်...။

"ညီမလေး... အိမ်မှာ ရှိရဲ့လား..."

ထျန်ရှောင်ယာသည် ထမင်းစားတူကို အမြန်ချလိုက်ပြီး တံခါးသွားဖွင့်ပေး လိုက်လေသည်...။

"မရီး... ဝင်ခဲ့လေ... ထိုင်ပါဦး..."

ဝမ်တာ့ကျွမ်း၏ ဇနီးသည် သူမ၏ ဘယ်ဘက်လက်တွင် ခြင်းတောင်းအသေး လေး တစ်လုံးကို ကိုင်ဆောင်ထားပြီး ညာဘက်လက်ဖြင့် ထျဲ့တန်အာ၏ လက် ကို ဆွဲလျက် ပြုံးရွှင်စွာဖြင့် ဝင်လာခဲ့လေသည်...။

"မီးခိုးတိုင်ကနေ မီးခိုးတွေ ထွက်နေတာကို ကြည့်ပြီး ညီမလေး အိမ်မှာ ထမင်း စားနေမှန်း အစ်မ သိနေတာ..."

"အစ်မ ငါးရွှေလေးတွေ ကြော်ထားလို့လေ ညီမလေးကို မြည်းကြည့်ဖို့ ယူ လာပေးတာလေ..."

"အန်တီ... ကောင်းသောနံနကခင်းပါ..."

ထျဲ့တန်အာက သူ၏မျက်နှာလေးကို မော့လျက် ရွှင်ပျစွာ နှုတ်ဆက်လိုက်လေ ၏။ သူ၏ လက်ကလေးမှာမူ သူ၏မိခင်၏ အင်္ကျီစကို လိမ္မာစွာ ဆုပ်ကိုင်ထား ဆဲပင် ဖြစ်လေသည်။

"ထျဲ့တန်အာက တကယ်ကို လိမ္မာတဲ့ကလေးလေးပဲ..."

ထျန်ရှောင်ယာက သူ၏မျက်နှာလေးကို ညင်သာစွာပြော၍ ထိလိုက်လေ၏။

ငါးရွှေလေးများ ဆိုသည်မှာ ဝမ်တာ့ကျွမ်း၏ ဇနီး၏ ဇာတိမြေမှ ခေါ်ဝေါ်သော အမည်ဖြစ်လေသည်။

သူမသည် လတ်ဆတ်သော ပဲသီးစိမ်းများကို မုန့်နှစ်အပါးလေးဖြင့် လိမ်းကျံ ကာ ရွှေအိုရောင် သန်းလာသည်အထိ ကြော်ရမည် ဖြစ်သော်လည်း ဤခေတ် ကာလတွင် ဆီမှာ အလွန်အဖိုးတန်လှသဖြင့် သူမသည် ဆီအများကြီး မသုံးရဲ ဘဲ အိုးထဲသို့ ဆီအနည်းငယ်သာ ထည့်၍ ကြော်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း ၎င်းမှ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေဆဲဖြစ်ပြီး ၎င်း ၏ လုံးဝန်းသော ပုံစံမှာ တကယ်ပင် ရေကူးနေသော ရွှေငါးလေးတစ်ကောင် နှင့် ဆင်တူလှပေ၏။

"မရီးကလည်း အားနာစရာကြီး... ထိုင်ပါဦး... ကျွန်မ ရေခပ်ပေးမယ်လေ..."

ထျန်ရှောင်ယာသည် ခြင်းတောင်းကို ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး ရေ နွေး နှစ်ပန်းကန် ခပ်ရန် လှည့်ထွက်သွားခဲ့လေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် ဗီရိုကို ဖွင့်ကာ သကြားညို ထည့်ထား သော ဖန်ပုလင်းကို ထုတ်ယူလိုက်လေ၏။

ပန်းကန်လုံး တစ်လုံးစီတွင် သကြားညို တစ်ဇွန်းစီ ခပ်ထည့်လိုက်ပြီး ထမင်း စားတူဖြင့် မွှေကာ ဝမ်တာ့ကျွမ်း၏ ဇနီးနှင့် ထျဲ့တန်အာတို့၏ ရှေ့သို့ ချပေး လိုက်လေသည်။

"အို... ညီမလေးရယ်... ဒီလို မလုပ်ပါနဲ့..."

ဝမ်တာ့ကျွမ်း၏ ဇနီးက သူမ၏လက်ကို အမြန်ပင် ယမ်းပြလိုက်လေ၏။

"ဘာလို့... ဘာလို့ အစ်မအတွက် သကြားညိုတွေ ထည့်ပေးရတာလဲ... နှမြော စရာကြီး... ညီမလေးပဲ သောက်လိုက်ပါ... ညီမလေးပဲ သောက်ပါ..."

သူမက ပြောပြောဆိုဆိုဖြင့် သူမ၏ရှေ့ရှိ သကြားညို ရေကိုထျန်ရှောင်ယာ ထံသို့ ပြန်လည်တွန်းပို့လိုက်လေသည်။

"မရီး... သောက်လိုက်ပါ... နှမြောစရာ မဟုတ်ပါဘူး..."

ထျန်ရှောင်ယာက သူမ၏လက်ကို ပြန်လည်ဖိထားလိုက်ပြီးနောက် စားပွဲပေါ်မှ နှမ်းကိတ်မုန့် တစ်ခုကို ယူကာ အများစုကို ဖဲ့၍ ထျဲ့တန်အာ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ကျွန်မတို့ မိန်းမသားတွေအတွက် သကြားညိုရေ ပိုသောက်တာက ကောင်း ပါတယ်... ထျဲ့တန်... စားလိုက်နော်... နှမ်းကိတ်မုန့်က မွှေးနေတာပဲ..."

"ဒါကတော့... ကျေးဇူးတင်ပါတယ် ညီမလေးရယ်..."

ဝမ်တာ့ကျွမ်း၏ ဇနီးမှာ စိတ်လှုပ်ရှားသွားပုံရပြီး ပန်းကန်လုံးကို ယူကာ တစ်ငုံ သောက်လိုက်ရာ ချိုမြိန်သော နွေးထွေးမှုမှာ သူမ၏ လည်ချောင်းတစ် လျှောက် စီးဆင်းသွားခဲ့လေတော့သည်။

"ကျေးဇူးတင်ပါတယ် အန်တီ... ကျွန်တော် အန်တီ့ကို အချစ်ဆုံးပဲ..."

ထျဲ့တန်သည် နှမ်းကိတ်မုန့်ကို ကိုင်ကာ တစ်လုပ်ချင်းစီ စားသောက်နေပြီး သူ ၏ မျက်ခုံးလေးများနှင့် မျက်ဝန်းလေးများမှာ လခြမ်းပုံသဏ္ဌာန် ကွေးညွတ် နေလျက်ရှိလေ၏။

၎င်းတို့နှစ်ဦးမှာ မီးဖိုချောင်ရှိ စားပွဲလေးတွင် ထိုင်ကာ စားသောက်ရင်း စကား စမြည် ပြောဆိုနေခဲ့ကြလေသည်။

ဝမ်တာ့ကျွမ်း၏ ဇနီးသည် မီးဖိုချောင်အတွင်း ပတ်ပတ်လည်ကို ကြည့်ရှုလိုက် ရာ မီးဖိုမှာ ပြောင်လက်နေပြီး ပန်းကန်ခွက်ယောက်များကိုလည်း သပ်သပ်ရပ် ရပ် စီစဉ်ထားသည်ကို မြင်တွေ့လိုက်ရလေ၏။

သူမသည် မချီးကျူးဘဲ မနေနိုင်တော့ချေ...၊

"ညီမလေးက မီးဖိုချောင်ကို တကယ် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတာပဲ... ဒါ နဲ့ အစ်ကိုကျိုးက ကျောင်းပြန်သွားပြီလား..."

"ဟုတ်ကဲ့... ဒီနေ့ ကျောင်းစဖွင့်တာဆိုတော့ သူ ဒီမနက်စောစောကတည်းက ထွက်သွားတာလေ..."

ထျန်ရှောင်ယာက ပြုံးလျက် သဘောတူလိုက်ပြီးနောက် ပန်းကန်အလွတ်များ ကို ဘေးတွင် အသာအယာ စီထားလိုက်ကာ ခဏနေမှ ဆေးကြောမည်ဟု တွေးလိုက်မိလေသည်။

ဝမ်တာ့ကျွမ်း၏ ဇနီးသည် သကြားနီရေကို တစ်ငုံ သောက်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် မေးမြန်းလိုက်လေသည်...။

"ဒါနဲ့ ညီမလေး... ပြီးခဲ့တဲ့ ရက်က ခြံထဲမှာ ညီမလေး ပိတ်စတွေ ဖြတ်နေတာ ကို အစ်မ မြင်လိုက်တယ်… ကလေးအတွက် အင်္ကျီအသစ်တွေ ချုပ်ပေးမ လို့လား..."

"ဟုတ်ပါတယ်..."

ထျန်ရှောင်ယာက ခေါင်းညိတ်ကာ ပြုံးလျက် ပြန်လည်ဖြေကြားလိုက်လေ သည်...။

"ကျွန်မ နေလို့ကောင်းနေတုန်းမှာ ကလေးအတွက် အင်္ကျီ နှစ်စုံလောက် ထပ် ချုပ်ပေးမလို့ပါ..."

"ဗိုက်က ပိုကြီးလာရင် အလုပ်လုပ်ရတာ ခက်ခဲသွားမှာလေ..."

"ဟုတ်တာပေါ့... ကိုယ်ဝန် နောက်ဆုံးကာလတွေမှာဆိုရင် ကိုယ်လက်တွေက လေးလံလာပြီး ရပ်ရတာရော ထိုင်ရတာရော သက်သောင့်သက်သာ မရှိတော့ ဘူးလေ..."

ဝမ်တာ့ကျွမ်း၏ ဇနီးက ခေါင်းညိတ်ထောက်ခံလိုက်ပြီး သိလိုစိတ်ဖြင့် မေး လိုက်လေသည်...။

"ညီမလေးက ဘယ်လိုပုံစံလေး လုပ်မလို့လဲ... ညီမလေး ဝယ်ထားတဲ့ ပိတ်စ ကို အစ်မကို ပြပါဦး... ပြီးခဲ့တဲ့ ရက်က အဝေးကနေ ကြည့်ရတာဆိုတော့ ပန်း အနားတွေကို သေချာ မမြင်လိုက်ရလို့လေ..."

"ဒါတွေက အာယဲ့ အရင်က စုဆောင်းထားတဲ့ ပိတ်စ အပိုင်းအစတွေပါ... ရိက္ခာ လက်မှတ်တွေ မရှိတဲ့အချိန်မှာ သူ ဝယ်ထားတာလေ..."

ထျန်ရှောင်ယာက ပြောပြောဆိုဆိုဖြင့် စားပွဲပေါ်မှ ပန်းကန်ခွက်ယောက် များကို သိမ်းဆည်းရန် ထလိုက်လေသည်...။

"မီးဖိုချောင်ထဲမှာ မီးခိုးတွေ များနေတာဆိုတော့... ပိတ်စတွေက အိမ်မကြီးထဲ မှာ ရှိတယ်လေ... မရီး... အဲဒီဘက်ကို သွားကြရအောင်... ကျွန်မ ယူပြပေးပါ့ မယ်..."

"ကောင်းပါပြီ... အစ်မလည်း ကူညီပေးမယ်လေ... အစ်မက အပ်ချုပ်ပညာမှာ အတော်ကြီးတော့ မဟုတ်ပေမဲ့ အင်္ကျီအနားသတ်တာနဲ့ ကြယ်သီးပေါက် ဖောက်တာလောက်ကတော့ အဆင်ပြေပါတယ်..."

ဝမ်တာ့ကျွမ်း၏ ဇနီးက ချက်ချင်းပင် သဘောတူလိုက်ပြီးနောက် နောက်သို့ လှည့်ကာ ထျဲ့တန်အာ၏ ကျောကို ပုတ်ပေးလိုက်လေသည်...။

"ထျဲ့တန်... မေမေနဲ့အတူ အိမ်မကြီးထဲကို လာခဲ့နော်... မီးဖိုချောင်ထဲမှာ လျှောက်မဆော့နဲ့ဦး... တစ်ခုခုနဲ့ တိုက်မိမှာ စိုးလို့..."

ထျဲ့တန်အာသည် နှမ်းကိတ်မုန့်ကို အားရပါးရ စားနေရင်း လိမ္မာစွာ ခေါင်း ညိတ်လိုက်ပြီး သူ၏လက်ကလေးဖြင့် မိခင်၏ အင်္ကျီကို ဆုပ်ကိုင်ကာ ထျန် ရှောင်ယာ၏ နောက်မှ အိမ်မကြီးထဲသို့ လိုက်ပါသွားခဲ့လေတော့သည်။

"ညီမလေးရဲ့ လက်ရာက တကယ်ကို အံ့ဩစရာပဲ... အစ်မကတော့ ရိုးရိုး အပ် ချုပ်တာလောက်ပဲ သိတာလေ..."

ဝမ်တာ့ကျွမ်း၏ ဇနီးသည် ထျန်ရှောင်ယာ၏ လက်ထဲမှ ပန်းပွင့်လေးများနှင့် ဝါးပင်လေးများ ပန်းထိုးထားသော ပိတ်စကို အနီးကပ် ကြည့်ရှုလိုက်လေ၏။

သူမ၏ မျက်ဝန်းများတွင် အားကျစိတ်များ ပြည့်နှက်နေလျက်ရှိလေတော့ သည်...။

"ကြည့်ပါဦး... ပန်းထိုးထားတာ ဘယ်လောက်တောင် လှသလဲ... ချည်သား တွေကလည်း ဘယ်လောက်တောင် စိပ်သလဲလို့..."

ထျန်ရှောင်ယာက ပြုံးလိုက်ပြီး ပိတ်စကို အပ်ချုပ်စက်ပေါ်သို့ တင်လိုက်လေ သည်။ ဝမ်တာ့ကျွမ်း၏ ဇနီးက ဘေးမှနေ၍ ကူညီပေးနေခဲ့ပြီး ကပ်ကြေး ကမ်းပေးလိုက်၊ ပိတ်စကို ပြန့်အောင် လုပ်ပေးလိုက်ဖြင့် အတော်ပင် အလုပ် များနေခဲ့လေ၏။

သူမသည် ပိတ်စ အပိုင်းအစ အချို့ကို ဖြတ်တောက်လိုက်ရာ ၎င်းတို့မှာ အ ရောင်အသွေး တောက်ပပြီး နူးညံ့လှပေသည်။

ဝမ်တာ့ကျွမ်း၏ ဇနီးသည် အပြာရောင် ပိတ်စအပိုင်းအစ တစ်ခုကို ယူကာ ပွတ်သပ်ကြည့်ပြီး ပြောလိုက်လေသည်...။

"ဒီပိတ်စက တကယ်ကို နူးညံ့တာပဲ... ကလေးအတွက် ရင်ဖုံးလေးဖြစ်ဖြစ်၊ ဖိနပ်မျက်နှာစာလေးဖြစ်ဖြစ် လုပ်ပေးရင် တကယ်ကို လှမှာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ထျန်ရှောင်ယာသည် နတ်ဘုရားရှစ်ပါး စတုရန်းစားပွဲကြီးပေါ်ရှိ ကျန်ရှိနေသော ပိတ်စအပိုင်းအစများကို စုစည်း လိုက်ပြီး ပြောလိုက်လေသည်...။

"မရီးသာ စိတ်မရှိဘူးဆိုရင် ဒီပိတ်စအပိုင်းအစတွေကို ယူသွားပြီး ထျဲ့တန်အ တွက် အင်္ကျီလေးတွေ လုပ်ပေးလိုက်ပါလား..."

"အင်... မဟုတ်တာ... မဟုတ်တာ..."

ဝမ်တာ့ကျွမ်း၏ ဇနီး၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သော် လည်း သူမ၏ လက်ကို အမြန်ပင် ယမ်းပြကာ ငြင်းဆန်လိုက်လေသည်...။

"အစ်မက ညီမလေးဆီကနေ အခွင့်အရေး မယူချင်ပါဘူး..."

"မရီးကလည်း... ဒါက ပိတ်စအပိုင်းအစ အနည်းငယ်ပဲဥစ္စာ... အဲဒီလောက်အ ထိ ပိုက်ဆံ မတန်ပါဘူး..."

ထျန်ရှောင်ယာက သူမ၏လက်ကို ယမ်းပြကာ ပြောလိုက်လေသည်...။

"ဒါ့အပြင် မရီးမှာ အရသာရှိတဲ့ အစားအစာတွေ ရှိရင်လည်း ကျွန်မကို အမြဲ တမ်း သတိရပြီး ပို့ပေးနေတာပဲ... ကျွန်မက ပိတ်စအပိုင်းအစ အချို့ ပြန်ပေး တာက ဘာဖြစ်လို့လဲ... ဒါက ကျွန်မတို့ကို စိမ်းကားသွားစေမှာလား..."

All Chapters