အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) ဆေးရုံသို့ ပို့ဆောင်ခြင်း
အန်တီကျူ၏ ပြစ်တင်ကြိမ်းမောင်းမှုကို ခံလိုက်ရသောအခါ ချင်းရှောင်ယွန်း ၏ မျက်နှာမှာ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် နီမြန်းလိုက် ဖြူလျော့လိုက် ဖြစ် နေခဲ့လေတော့သည်။
ဟျောင်လီလီက ပြန်လည်၍ ချေပပြောဆိုချင်သော်လည်း အန်တီကျူ၏ စူးရှ သော အကြည့်များကြောင့် သူမမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေ သည်...။
"ဒီနေရာကနေ အမြန်ထွက်သွားကြ... မင်းတို့တွေ ဒီမှာ ဆက်ပြီး ပြဿနာရှာ နေဦးမယ်ဆိုရင် ငါ လူခေါ်လိုက်မယ်... ငါတို့ကို အနိုင်ကျင့်လို့ လွယ်မယ်လို့ တကယ်ပဲ ထင်နေတာလား..."
အန်တီကျူ၏ ပြတ်သားသော သဘောထားကို မြင်တွေ့လိုက်ရပြီး ထျန် ရှောင်ယာ၏ မျက်နှာအမူအရာမှာလည်း မကောင်းသည်ကို သတိပြုမိသွားကြ သဖြင့် ထိုအမျိုးသမီးနှစ်ဦးမှာ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပွားသွားမည် ကို စိုးရိမ်သွားကြလေ၏။
သူတို့နှစ်ဦးသည် ထျန်ရှောင်ယာအား မကျေမနပ်ဖြင့် စိုက်ကြည့်ကာ ဆဲရေး တိုင်းထွာလျက် နောက်သို့ လှည့်၍ ပြန်လည်ထွက်ခွာသွားကြလေတော့သည်။
"ဖျန်း"
ကျိုးမိသားစု၏ ခြံဝင်းအတွင်းမှ ထွက်လာခဲ့ပြီး တိတ်ဆိတ်သော လမ်းချိုး လေးတစ်ခုအတွင်းသို့ ကွေ့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်းရှောင်ယွန်း သည် လက်ကို မြှောက်ကာ ဟျောင်လီလီ၏ ပါးကို ဖျန်းခနဲ ရိုက်လိုက်လေ၏။
လမ်းကြားလေးအတွင်း၌ ထိုအသံမှာ စူးရှစွာ ထွက်ပေါ်လာခဲ့လေသည်။
"နင်..."
ဟျောင်လီလီမှာ အံ့အားသင့်ကာ ဒေါသထွက်သွားခဲ့ပြီး သူမအား ဒေါသတ ကြီး ပြန်လည်စိုက်ကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင်မူ သူမသည် ဖြစ်ပျက်သွားသောအရာကို သတိဝင်လာခဲ့ ပြီး သူမ၏ ပါးကို လက်ဖြင့်အုပ်ကာ ငိုတော့မည့် အမူအရာဖြင့် ပြောလိုက် လေသည်...။
"ရှောင်ယွန်း... ငါ ဘာမှားလို့လဲ... ဘာလို့..."
"ဟျောင်လီလီ... နင်ဒါတွေကို ရပ်လိုက်တော့... နင့်ရဲ့ စိတ်ထဲမှာ ဘာတွေ တွေး နေသလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား..."
ချင်းရှောင်ယွန်းသည် သူမအား အေးစက်သော အကြည့်များဖြင့် စိုက်ကြည့် လိုက်ရာ သူမ၏ လေသံမှာလည်း နှိမ်ချမှုများဖြင့် ပြည့်နှက်နေခဲ့လေတော့ သည်။
"ရှောင်ယွန်း... နင် တစ်ခုခု မှားနေပြီဆိုတာ သေချာရဲ့လား... ငါက..."
ဟျောင်လီလီသည် ပူထူနေသော ပါးပြင်ကို အုပ်ထားလျက် မျက်ရည်များ ဝဲ တက်လာကာ အားရပါးရ ငိုကြွေးနေခဲ့လေတော့သည်။
"ဟင်း…."
ချင်းရှောင်ယွန်းက သူမအား တစ်ချက်ကြည့်ကာ ထပ်မံ၍ စကားများများ ပြောမနေတော့ဘဲ လှည့်ထွက်သွားခဲ့လေတော့သည်။
ဟျောင်လီလီမှာမူ နေရာ၌ပင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပြီး သူမ၏ မျက်ရည်များမှာလည်း ချက်ချင်းပင် ရပ်တန့်သွားခဲ့ကာ ယုတ်မာရက်စက် သော မကျေနပ်ချက်များဖြင့် အစားထိုးဝင်ရောက်လာခဲ့လေသည်။
ထွက်ခွာသွားသော ချင်းရှောင်ယွန်း ၏ ကျောပြင်ကို ကြည့်ရှုရင်း သူမက အံကြိတ်လျက် စကားလုံး နှစ်လုံးကို ညှစ်ထုတ်၍ ပြောလိုက်လေသည်...။
"ကောင်မ..."
"ရှောင်ယာ... ဒါတွေကို စိတ်ထဲ ထည့်မနေနဲ့ဦးနော်... အဲဒီ မိန်းကလေး နှစ်ယောက်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ..."
အန်တီကျူက ထျန်ရှောင်ယာ၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ရင်း လေသံကို နူးညံ့အောင် ထိန်းပြောလိုက်လေသည်...။
"ကျိုးချန်ယဲ့က မင်းအပေါ် ဘယ်လောက်အထိ ဂရုစိုက်သလဲဆိုတာ ငါတို့ အားလုံး မြင်နေရတာပဲ... သူက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး... မင်း သူ့ကို ယုံကြည်ရမယ်လေ..."
ထျန်ရှောင်ယာက သူမ အဆင်ပြေကြောင်း ပြောဆိုရန် အနိုင်နိုင် ပြုံးပြ လိုက်သော်လည်း သူမ၏ ဗိုက်ထဲမှ နာကျင်မှုမှာမူ တစ်စထက်တစ်စ ပိုမို၍ သိသာလာခဲ့လေတော့သည်။
သူမ၏ နဖူးပြင်ပေါ်တွင် ချွေးစက်လေးများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ပြီး မျက်နှာမှာလည်း စက္ကူကဲ့သို့ ဖြူလျော့နေခဲ့ပေသည်။
သူမသည် သူမ၏ဗိုက်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး တစ်ကိုယ်လုံးလည်း အနည်းငယ် တုန်ယင်နေခဲ့လေသည်။
"ဟေး... ညီမလေး... ဘာဖြစ်လို့လဲ..."
ဝမ်တာ့ကျွမ်း၏ ဇနီးသည် မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် လက်မှုလုပ် ငန်းအချို့ ရယူရန် ရပ်ကွက်ကော်မတီရုံးသို့ သွားရောက် စုံစမ်းပြီးနောက် ပြန် လာချိန်တွင် ထျန်ရှောင်ယာ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ လိုက်ရခြင်း ဖြစ်ပေတော့သည်။
သူမသည် ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာပြီး ထျန်ရှောင်ယာအား ထူမပေးလိုက်လေသည်...။
"အန်တီ... ဘာဖြစ်လို့လဲဟင်..."
သူမသည် ဘေးတွင် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေသော အန်တီ ကျူအား ကြည့်ကာ မေးမြန်းလိုက်လေသည်။
"အဲဒါက... ခုနက အမျိုးသမီး နှစ်ယောက် ရောက်လာပြီး မကောင်းတဲ့ စကား တွေ ပြောသွားလို့လေ... အဲဒါကြောင့် ကလေးက စိတ်ထိခိုက်သွားတာ ထင် တယ်..."
အန်တီကျူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြလိုက်လေသည်။
" မဖြစ်ဘူး... သူ့ကို ဆေးရုံကို အမြန်ပို့ရမယ်..."
ထိုသို့ ပြောဆိုပြီးနောက် သူမသည် သူမ၏နောက်မှ လိုက်ပါလာသော သား ဖြစ်သူအား လှမ်းခေါ်ရန်လည်း မေ့မထားခဲ့ချေ...။
"ထျဲ့တန်... သား အိမ်ကိုပဲ အရင်ပြန်ပြီး လိမ်လိမ်မာမာ နေနော်... မေမေနဲ့ အဘွားကျူတို့က အန်တီရှောင်ယာ့ကို ဆေးရုံ ပို့ပေးလိုက်အုန်းမယ်..."
ထျဲ့တန်က လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ ခြံဝင်းအတွင်းသို့ မျက်စိတစ် မှိတ်အတွင်း ပြေးဝင်သွားခဲ့လေတော့သည်။
အန်တီကျူက ထျန်ရှောင်ယာ၏ လက်မောင်းကို တွဲပေးလိုက်ပြီး ဝမ်တာ့ ကျွမ်း၏ ဇနီးက အခြားတစ်ဖက်မှ သူမ၏ ခါးကို ထိန်းပေးလိုက်လေ၏။ ၎င်းတို့နှစ်ဦးသည် သူမအား လမ်းကြားအဝင်ဝသို့ ဂရုတစိုက် ကူညီခေါ်ဆောင် သွားခဲ့ကြလေတော့သည်။
"မောင်ရင်... မြန်မြန်... ဆေးရုံကို သွားမယ်..."
အန်တီကျူက လမ်းဘေးတွင် ရပ်ထားသော သုံးဘီးဆိုင်ကယ် တစ်စီးကို အမြန်ပင် လှမ်းတားလိုက်လေ၏။
"အန်တီ... အန်တီနဲ့ ညီမလေးပဲ သုံးဘီးဆိုင်ကယ်ပေါ် တက်လိုက်ပါ... ကျွန်မ က နောက်ကနေ လိုက်လာခဲ့မယ်..."
ဝမ်တာ့ကျွမ်း၏ ဇနီးသည် ထိုင်ခုံမှာ လူနှစ်ဦးသာ ဆံ့သည်ကို မြင်တွေ့လိုက်ရ သဖြင့် အန်တီကျူအား ပြောလိုက်လေ၏။
"သေချာကိုင်ထားနော်... ဆေးရုံကို သွားကြမယ်..."
ဆိုင်ကယ်မောင်းသူက သုံးဘီးဆိုင်ကယ်ကို နင်းလိုက်ရာ အန်တီကျူမှာ ထျန် ရှောင်ယာ၏ ဘေးတွင် ထိုင်လိုက်ပြီး လူတစ်စုမှာ မြို့နယ်ဆေးရုံရှိရာသို့ အလျင်စလို ဦးတည်သွားခဲ့ကြလေတော့သည်။
ထျန်ရှောင်ယာသည် အန်တီကျူ၏ ရင်ခွင်ထဲသို့ ခေါင်းမှီ မှီထားလျက် နာ ကျင်မှု ကြောင့် တစ်ကိုယ်လုံး ပျော့ခွေနေခဲ့ပြီး သတိမှာလည်း အနည်းငယ် ဝေဝါးနေ ခဲ့လေတော့သည်။
ဆေးရုံသို့ ရောက်ရှိသောအခါ ဆရာဝန်က ထျန်ရှောင်ယာအား စစ်ဆေးရန် အမြန်ပင် ခေါ်ဆောင်သွားခဲ့လေတော့သည်။ အန်တီကျူနှင့် ဝမ်တာ့ကျွမ်း၏ ဇနီးတို့မှာ စစ်ဆေးရာ အခန်းအပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်း နေခဲ့ကြပြီး လက်များကိုလည်း ပွတ်သပ်နေခဲ့ကြလေသည်။
ဝမ်တာ့ကျွမ်း၏ ဇနီးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျိုးချန်ယဲ့ သူမ အား သီးသန့် ပေးထားခဲ့သော ကျောင်းလိပ်စာကို သတိရသွားခဲ့လေသည်။
သူမ၏ ကိုယ်ဝန်ဆောင်ကာလအတွင်း သူမအနေဖြင့် သူ့အား ရှာမတွေ့မည် ကို သူ စိုးရိမ်သဖြင့် မတော်တဆ ကိစ္စရပ်များ ရှိလာပါက အသုံးပြုနိုင်ရန် အတွက် သူ၏ လိပ်စာအသေးစိတ်နှင့် ဆက်သွယ်ရန် အချက်အလက်များကို သူမအား ပေးထားခဲ့ခြင်း ဖြစ်ပေသည်။
"အန်တီကျူ... အန်တီ ဒီမှာပဲ ခဏ စောင့်ပေးထားပါဦး... ကျွန်မ အခုချက်ချင်း ကျောင်းကိုသွားပြီး အစ်ကိုကျိုးကို ရှာလိုက်ဦးမယ်... သူ့ကို အမြန်လာဖို့ ပြောရမယ်လေ..."
ဝမ်တာ့ကျွမ်း၏ ဇနီးသည် သူမ၏ ချွေးများကို သုတ်လိုက်ပြီး တံခါးပြင်ပသို့ အလျင်စလို ပြေးထွက်သွားခဲ့လေတော့သည်။ သူမ၏ ခြေလှမ်းများမှာ မြန် ဆန်နေခဲ့ပြီး စိတ်ထဲတွင်လည်း အတွေးတစ်ခုသာ ရှိနေခဲ့ပေသည်...။
သူမအနေဖြင့် အစ်ကိုဂျိုးအား အမြန်ဆုံး ရှာတွေ့ရန်နှင့် ရှောင်ယာ၏ အခြေ အနေကို ပြောပြရန်သာ ဖြစ်လေတော့သည်။
ကျောင်းတက်ခရာမှာ ခုနကပင် မြည်သွားခဲ့ပြီဖြစ်ရာ ကျိုးချန်ယဲ့သည် စာသင် ခန်းအတွင်း၌ သင်ခန်းစာ၏ အဓိက အချက်အလက်များကို မှတ်သားရန် အတွက် သူ၏ မှတ်စုများကို ပြင်ဆင်နေခဲ့လေသည်။
"လောင်ကျိုး... ဒီတစ်ပတ် ပိတ်ရက်မှာ မင်းနဲ့ မင်းအမျိုးသမီးကို ငါ့ အိမ်မှာ ထမင်းစားဖို့ လာခဲ့ဦးနော်..."
ဝမ်အိုက်တန့်က ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ကျိုးချန်ယဲ့၏ ဘေးသို့ တိုးကပ်လာရင်း ပြောလိုက်လေသည်...။
"ငါ့အမေက ဒီကိစ္စကို ပြောဖို့ ငါ့ကို ခဏခဏ မှာနေတာ... မင်းကို သေချာ ပေါက် ပြောလိုက်ပါတဲ့..."
"အေးပါကွာ..."
ကျိုးချန်ယဲ့က ဘာမှမတတ်နိုင်သလို ပြောလိုက်လေ၏။
သူသည် သူ၏ဇနီးအား အန်တီဆွန်းထံသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်သွား စဉ်ကတည်းက ၎င်းတို့နှစ်ဦးမှာ အလွန်ပင် သဘောထားချင်း တိုက်ဆိုင်သွားခဲ့ ကြလေသည်။
သူမက အမြဲတမ်း ညည်းတွားလေ့ရှိပေသည်...။
"သားလေးတွေက သမီးလေးတွေလောက် မသိတတ်ကြဘူး" ဟူ၍ ဖြစ်ပေရာ ဝမ်အိုက်တန့်မှာလည်း ထိုကိစ္စကြောင့် မျက်စောင်း အတော်ပင် ထိုးခံခဲ့ရလေ သည်။
ထို့ကြောင့်ပင် အန်တီဆွန်းသည် အခါအားလျော်စွာ ဝမ်အိုက်တန့်အား လွှတ် ၍ ၎င်းတို့အား သူမ၏အိမ်တွင် ထမင်းလာစားရန် ဖိတ်ကြားခိုင်းလေ့ ရှိခြင်း ဖြစ်ပေ၏။
ထျန်ရှောင်ယာ၏ နူးညံ့သော အပြုံးမျက်နှာလေးမှာ သူ၏ အာရုံထဲတွင် လျှပ် ခနဲ ပေါ်ပေါက်လာခဲ့လေသည်။ ထိုနေ့ည အိမ်ပြန်ရောက်သည့်အခါ သူမ လုပ် ပေးမည့် ဖက်ထုပ်များကို စားရတော့မည်ဟု တွေးတောမိလိုက်ရာ သူ၏ နှုတ် ခမ်းထောင့်များမှာ မသိမသာပင် ကွေးညွတ်သွားခဲ့လေတော့သည်။
ရုတ်တရက် စာသင်ခန်းတံခါးမှာ အတင်းအကျပ် တွန်းဖွင့်ခြင်း ခံလိုက်ရပြီး ကျောင်းဂိတ်အစောင့်ဖြစ်သူ ဘိုးဘိုးကျန့်မှာ အထဲသို့ အလျင်စလို ဝင်ရောက် လာခဲ့လေတော့သည်။
သူ၏ မျက်နှာမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေခဲ့လေသည်...။
"ကျိုးချန်ယဲ့... ခုနက အမျိုးသမီးတစ်ယောက် မင်းကို လာရှာနေတယ်... မင်းရဲ့ အိမ်နီးချင်းလို့ ပြောတာပဲ... ပြီးတော့... သူပြောတာကတော့ မင်းရဲ့ ဇနီး ဆေးရုံ ရောက်နေပြီတဲ့... မြန်မြန်... မြန်မြန် သွားကြည့်လိုက်ဦး..."
ကျိုးချန်ယဲ့၏ လက်ထဲမှ ဘောပင်မှာ "ဒေါက်" ခနဲ မြည်ကာ ပြုတ်ကျသွားခဲ့ လေတော့၏။ သူချက်ချင်းပင် ထရပ်လိုက်ရာ သူ၏ ကုလားထိုင်မှာလည်း နောက်သို့ အတော်ပင် ဝေးဝေးသို့ လိမ့်ထွက်သွားခဲ့လေတော့သည်...။ သူ၏ အသံမှာလည်း ထိန်းချုပ်မရနိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ပေ တော့သည်...။
"အဘိုးကျန့်... ဘာပြောလိုက်တာလဲ... ကျွန်တော့်မိန်းမ ဘာဖြစ်လို့လဲ..."
"အသေးစိတ်ကိုတော့ သေချာ မသိသေးဘူး... အဲဒီလူက အခု ကျောင်းဂိတ်ဝ မှာ စောင့်နေတယ်..."
အဘိုးကျန့်၏ စကားပင် မဆုံးသေးမီမှာပင် ကျိုးချန်ယဲ့မှာ စာသင်ခန်းထဲမှ ပြေးထွက်သွားခဲ့လေပြီဖြစ်၏။
ထိုအရာကို မြင်တွေ့လိုက်ရသောအခါ ဝမ်အိုက်တန့်သည်လည်း သူ၏နောက် မှ အမြန်ပင် လိုက်ပါသွားခဲ့လေတော့သည်။
ကျိုးချန်ယဲ့၏ နှလုံးသားမှာ ချက်ချင်းပင် တင်းကျပ်သွားခဲ့ပြီး သူ၏ စိတ်ထဲ တွင်လည်း ဘာကိုမျှ မတွေးနိုင်တော့ဘဲ အပြင်သို့ အပြေးအလွှား ထွက်လာခဲ့ လေရာ သူ၏ အာရုံထဲတွင် ထျန်ရှောင်ယာနှင့် ကလေးအတွက် စိုးရိမ်မှုများ ဖြင့်သာ ပြည့်နှက်နေခဲ့လေတော့သည်။
ရှင်းဟွာ တက္ကသိုလ်မှ ဆေးရုံသို့ သုံးကီလိုမီတာသာ ဝေးကွာသော်လည်း သူ ၏ စိတ်ထဲတွင်မူ ထိုလမ်းမှာ တစ်သက်တာလုံးစာထက် ပို၍ ရှည်လျားနေ သည်ဟု ခံစားလိုက်ရလေသည်။
ကျိုးချန်ယဲ့၏ စိတ်ထဲတွင် ကိုယ်ဝန် ရှစ်လနီးပါး ရှိနေပြီဖြစ်သော ထျန်ရှောင် ယာ၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေလျက်ရှိလေ၏။ အကယ်၍ သူမ တစ်ခုခု ဖြစ်သွားခဲ့လျှင်...။
သူသည် ထပ်မံ၍ မတွေးဝံ့တော့ချေ... သူ၏ နှလုံးသားမှာ တစ်စုံတစ်ယောက် က လက်ဖြင့် ဆုပ်ညှစ်ထားသလို ခံစားနေရပြီး နာကျင်မှုကြောင့် အသက်ရှူ ရန်ပင် ခက်ခဲနေခဲ့လေသည်။
လမ်းတစ်လျှောက်လုံးတွင် ခေတ္တမျှပင် မရပ်နားဝံ့ခဲ့ဘဲ ဆေးရုံအဝင်ဝသို့ ရောက်ရှိချိန်တွင် သူ၏ ခြေထောက်များမှာ တုန်ယင်နေခဲ့ပြီး လည်ချောင်းမှာ လည်း ခြောက်ကပ်နေခဲ့လေတော့သည်။
"ရဲဘော်... ခုနက ရောက်လာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ထျန်ရှောင်ယာ ဘယ်မှာလဲဟင်..."
သူသည် အဖြူရောင် ဝတ်စုံဝတ်ထားသော သူနာပြုတစ်ဦးအား အလျင်စလို ဆွဲယူကာ မေးမြန်းလိုက်ရာ သူ၏ အသံမှာလည်း ဩရှရှ ဖြစ်နေခဲ့ပြီး သူ၏ လက်ဖမိုးပေါ်ရှိ သွေးကြောများမှာလည်း ထောင်တက်နေခဲ့လေ၏။
သူ၏ စိုးရိမ်စိတ်ကြောင့် နီရဲနေသော မျက်ဝန်းများကို မြင်တွေ့လိုက်ရသဖြင့် သူနာပြုက အနောက်ဘက်ရှိ လူနာဆောင်ကို အမြန်ပင် ညွှန်ပြလိုက်လေ သည်...။
"သူက ခုတင်အမှတ် (၃) မှာ ရှိပါတယ်... ဆရာဝန်က ခုနတင်ပဲ စစ်ဆေးပြီး သွားပြီ... သူ အဆင်ပြေပါတယ်... စိတ်မပူပါနဲ့..."
ကျိုးချန်ယဲ့သည် လူနာဆောင်ထဲသို့ အပြေးအလွှား ဝင်သွားလိုက်ရာ ကုတင် ပေါ်တွင် လှဲလျောင်းနေသော ထျန်ရှောင်ယာအား ချက်ချင်းပင် မြင်တွေ့လိုက် ရလေတော့သည်။
သူသည် သူမ၏အနီးသို့ အမြန်လျှောက်သွားကာ သူမ၏လက်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်ပြီး ထိတ်လန့်မှုများကြောင့် တုန်ယင်နေဆဲ ဖြစ်သော အသံဖြင့် မေးမြန်းလိုက်လေသည်...။
"ရှောင်ယာ... ဘယ်လိုနေသေးလဲ..."
"ကျွန်မ အဆင်ပြေပါတယ်... ကလေးလည်း အဆင်ပြေပါတယ်..."
ထျန်ရှောင်ယာက ရှိုက်ငိုလိုက်ပြီး သူ၏ ခန္ဓာကိုယ်၌ ချွေးများဖြင့် ရွှဲစိုနေသည် ကိုလည်းကောင်း၊ သူ၏ အင်္ကျီမှ ကြယ်သီး နှစ်လုံးမှာ ပြုတ်ထွက်နေသည်ကို လည်းကောင်း မြင်တွေ့လိုက်ရလေ၏။ သူမ၏ မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာခဲ့လေသည်...။
"ဆရာဝန်ကတော့ ကိုယ်ဝန်ပျက်ကျမယ့် လက္ခဏာရှိလို့ ခဏလောက် အိပ်ယာပေါ်မှာပဲ ငြိမ်ငြိမ်လေး နားရမယ်လို့ ပြောသွားတယ်..."
ဘေးတွင် ရပ်နေသော အန်တီကျူကလည်း ဝင်ရောက် ပြောကြားလိုက်လေ သည်...။
"ကျိုးချန်ယဲ့... ခုနက အမျိုးသမီး နှစ်ယောက် ရောက်လာပြီးတော့ အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောသွားလို့လေ... သူတို့ပြောတာကတော့..."
ကျိုးချန်ယဲ့၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားခဲ့ပြီး သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရာ သူ၏ လက်ဆစ်များပင် ဖြူလျော့သွားခဲ့လေ တော့သည်။
သူသည် သူ၏ ဒေါသကို ထိန်းချုပ်လိုက်ပြီး အန်တီကျူအား ယဉ်ကျေးစွာ ပြောလိုက်လေသည်...။
"အန်တီ... ဒီနေ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... ရှောင်ယာ ဆေးရုံက ဆင်းလာတဲ့အခါကျရင် ကျွန်တော်တို့ ကိုယ်တိုင်လာပြီး ကျေးဇူး တင်စကား ပြောပါ့မယ်..."
ကျိုးချန်ယဲ့က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။
"ဩော်... ဒါနဲ့... အန်တီ ပြန်တဲ့ လမ်းမှာ မရီးဝမ်နဲ့ တွေ့ရင်လည်း သူနဲ့အတူ အိမ်ပြန်သွားလိုက်ပါ... လမ်းမှာ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့... ဆေးရုံက ကိစ္စတွေကိုတော့ ကျွန်တော်ပဲ အကုန်လုံး စီစဉ်လိုက် ပါ့မယ်..."
"ငါတို့က အိမ်နီးချင်းတွေပဲဥစ္စာ... အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး ..."
အန်တီကျူက သူမ၏လက်ကို ယမ်းပြလိုက်လေသည်....။
"တစ်ခုခု လိုအပ်တာရှိရင်လည်း အားမနာဘဲ ပြောနော်... ဟုတ်ပြီလား..."