← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) စနစ် အဆင့်မြှင့်တင်ခြင်း

အန်တီကျူ ထွက်ခွာသွားပြီးနောက် ကျိုးချန်ယဲ့သည် ကုတင်ဘေးတွင် ထိုင် လိုက်ပြီး သူ၏ဇနီးအား ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်ကာ ချင်းရှောင်ယွန်းနှင့် သူ၏ ပတ်သက်မှုများကို ရှင်းပြလိုက်လေသည်။

သူ၏ မျက်ဝန်းများအတွင်းရှိ နောင်တရိပ်များနှင့် တည်ငြိမ်မှုများကို ကြည့်ရှု ရင်း ထျန်ရှောင်ယာက သူ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်...။

"ကျွန်မ အစ်ကို့ကို ယုံကြည်ပါတယ်... ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ တ ကယ်ပဲ နည်းနည်း ကြောက်သွားတာပေါ့..."

"ကျွီ…"

လူနာဆောင်တံခါးမှာ အပြင်ဘက်မှ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး ဝမ်အိုက်တန့် သည် စိုးရိမ်စိတ်များဖြင့် အထဲသို့ အပြေးအလွှား ဝင်ရောက်လာခဲ့လေသည်..။

"လောင်ကျိုး... မရီး ဘယ်လိုနေသေးလဲ..."

"အစ်ကိုဝမ်... ကျွန်မ အဆင်ပြေပါတယ်... အစ်ကို့ကို စိတ်ပူအောင် လုပ်မိလို့ အားနာလိုက်တာ..."

ထျန်ရှောင်ယာက နူးညံ့စွာ ပြန်လည်ဖြေကြားလိုက်လေသည်... သူမ၏ အသံ မှာ အနည်းငယ် အားနည်းနေဆဲ ဖြစ်သော်လည်း အနိုင်နိုင် ပြုံးပြလိုက်လေ၏။

"အဆင်ပြေသွားလို့ တော်သေးတာပေါ့... ငါ့ကို သေမတတ် လန့်သွားစေတာ ပဲ..."

ဝမ်အိုက်တန့်က သက်ပြင်းတစ်ချက် ချလိုက်လေသည်...။

"မရီးရေ... လောင်ကျိုးကတော့ မရီး ဆေးရုံတက်ရတယ်ဆိုတာ ကြားလိုက်ရ တဲ့အချိန်မှာ တကယ်ကို လန့်ပြီးတုန်လှုပ်သွားတာနော်..."

"ငါ သူ့ကို သိလာတဲ့ သက်တမ်းတစ်လျှောက်မှာ သူ အဲဒီလောက်အထိ စိုးရိမ် နေတာ တစ်ခါမှ မမြင်ဖူးဘူး..."

ကျိုးချန်ယဲ့၏ နားရွက်များမှာ အနည်းငယ် ပူထူသွားခဲ့လေ၏။ သူသည် ဝမ်အိုက်တန့်အား စိုက်ကြည့်လိုက်သော်လည်း ပြန်လည် ချေပခဲ့ခြင်းတော့မရှိ ချေ။

သူသည် သူ၏ဇနီး၏ လက်ကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး တိုးညှင်းစွာ ပြော လိုက်လေသည်...။

"မိန်းမ... အေးအေးဆေးဆေး နားပြီး ခဏလောက် အိပ်လိုက်ဦးနော်..."

"အစ်ကို ဆရာဝန်ဆီသွားပြီး ဘာတွေ သတိထားရမလဲဆိုတာ သွားမေးလိုက် ဦးမယ်... ခဏနေရင် ပြန်လာခဲ့မယ်လေနော်..."

ထျန်ရှောင်ယာသည် သူ၏ တင်းမာနေသော်လည်း စိုးရိမ်ပူပန်နေသော မျက် နှာပေးကို ကြည့်ကာ စိတ်နှလုံးအတွင်း နွေးထွေးမှုကို ခံစားလိုက်ရလေသည်။ သူမက လိမ္မာစွာ ခေါင်းညိတ်ပြလိုက်လေသည်။

၎င်းတို့နှစ်ဦး လူနာဆောင်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မျက်နှာအမူ အရာများမှာ လုံးဝ ပြောင်းလဲသွားခဲ့လေတော့သည်။ ၎င်းတို့သည် တစ်ဦး ကိုတစ်ဦး ကြည့်လိုက်ကြပြီး လှေကားခြေရင်းရှိ ထောင့်တစ်နေရာသို့ လျှောက်သွားခဲ့ကြလေသည်။

"လောင်ကျိုး... မင်း..."

ဝမ်အိုက်တန့် စကားစရုံသာ ရှိသေးသော်လည်း ကျိုးချန်ယဲ့က ကြားဖြတ် ပြောလိုက်လေသည်...။

"ဒါက ချင်းရှောင်ယွန်းနဲ့ ဟျောင်လီလီတို့ လက်ချက်ပဲ..."

ကျိုးချန်ယဲ့သည် သူ၏အသံကို အလွန်နှိမ့်၍ ပြောလိုက်လေသည်... သူ၏ ယခင်ဘဝက ဖြစ်ရပ်များကို စဉ်းစားမိလိုက်သောအခါ သူ၏မျက်နှာ ထက်တွင် အေးစက်သော အရိပ်အယောင်တစ်ခု မသိမသာ ပေါ်ပေါက်လာ ခဲ့လေတော့သည်။

"ချင်းရှောင်ယွန်း ဟုတ်လား..."

ဝမ်အိုက်တန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အာရုံထဲတွင် ရှာဖွေလိုက် ရာ ကျိုးချန်ယဲ့၏ အနားသို့ အမြဲတစေ ကပ်ပါးလုပ်လေ့ရှိသော အကဌာနမှ အမျိုးသမီး ရဲဘော်ကို သတိရသွားခဲ့လေသည်...။

"မင်း ဘာလုပ်ဖို့ စိတ်ကူးထားသလဲ..."

"စိတ်မပူပါနဲ့... ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်..."

ကျိုးချန်ယဲ့၏ အကြည့်များမှာ မှောင်ကျသွားခဲ့လေ၏...။

"ဒီကိစ္စထဲမှာ မင်း ဝင်မပါနဲ့ဦး..."

"လောင်ကျိုး... ငါတို့က ညီအစ်ကိုတွေပဲလေ..."

ဝမ်အိုက်တန့်က အလျင်စလို ပြောဆိုရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေ ၏။

"မင်းကို ညီအစ်ကိုလို သဘောထားလို့ပဲ မင်းကို ဝင်မပါစေချင်တာပေါ့..."

ကျိုးချန်ယဲ့က သူ့အား လေးနက်သော အကြည့်တစ်ချက် ပေးလိုက်လေ သည်...။ သူ၏ မျက်ဝန်းများအတွင်း၌ ကျေးဇူးတင်ရှိမှု၊ စိုးရိမ်မှုနှင့် ငြင်းပယ် ၍ မရသော ပြတ်သားမှုများမှာ ရှုပ်ထွေးစွာ ရောယှက်နေလျက်ရှိပေ၏။

ဝမ်အိုက်တန့်က တစ်ခုခု ပြောရန် နှုတ်ဟလိုက်သော်လည်း ကျိုးချန်ယဲ့၏ အကြည့်များကြောင့် တိတ်ဆိတ်သွားခဲ့ရလေသည်။

သူသည် လောင်ကျိုး၏ စရိုက်ကို ကောင်းကောင်းကြီး သိထားလေသည်...။ သူ ဆုံးဖြတ်ချက် တစ်ခု ချပြီးလျှင် မည်သည့်အရာကမျှ ပြောင်းလဲနိုင်မည် မဟုတ်ချေ...။ အထူးသဖြင့် ထျန်ရှောင်ယာနှင့် ပတ်သက်လာလျှင်မူ ဝေဝါးနေ ရန် အခွင့်အရေး လုံးဝ မရှိသည်မှာ သေချာလှပေသည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝမ်အိုက်တန့်က လေးလံစွာ သက်ပြင်းချ လိုက်လေသည်...။

"ကောင်းပြီလေ... ငါ ဝင်မပါတော့ဘူး..."

ကျိုးချန်ယဲ့က သူ၏ပခုံးကို ပုတ်ပေးလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြော တော့ချေ။

ဝမ်အိုက်တန့်သည် မနေ့က ဆေးရုံမှ ထွက်ခွာသွားခဲ့သော်လည်း စိတ်ထဲတွင်မူ မအေးချမ်းနိုင်ဘဲ ရှိနေခဲ့လေသည်... ကျိုးချန်ယဲ့က သူ့အား ဝင်မပါရန် ပြောခဲ့ သော်လည်း အကယ်၍ သူသာ ဘေးကနေ ထိုင်ကြည့်နေမည်ဆိုပါက အနည်း ဆုံးတော့ သူ၏မိခင်ဖြစ်သူက သူ့အား အရှင်လတ်လတ် အရေခွံဆုတ်ပစ်ပေ လိမ့်မည်။

ထိုအရာကို တွေးတောမိလိုက်ရာ ဝမ်အိုက်တန့်မှာ မသိမသာပင် တုန်လှုပ် သွားခဲ့လေသည်...။

*မဖြစ်ဘူး... ငါတို့ ဒီအတိုင်း ဘေးကနေ ထိုင်ကြည့်နေလို့ မရဘူး...*

ထို့ကြောင့် သူသည် လူမိုက်အချို့ကို ရှာဖွေကာ ယွမ် (၂၀) ပေး၍ လာမည့် ရက် အနည်းငယ်အတွင်း ချင်းရှောင်ယွန်းနှင့် ဟျောင်လီလီတို့အား စောင့်ကြည့်ရန် နှင့် ၎င်းတို့ မည်သူနှင့် ပေါင်းသင်းနေသလဲ၊ ဘာတွေ လုပ်နေသလဲဆိုသည်ကို စုံစမ်းခိုင်းထားလိုက်လေသည်။

မမျှော်လင့်ဘဲ ဤစုံစမ်းစစ်ဆေးမှုမှတစ်ဆင့် ဟျောင်လီလီ၊ ဝမ်ချန်နှင့် ချင်း ရှောင်ယွန်းတို့အကြား ရှုပ်ထွေးနေသော ပတ်သက်မှုများကို ဖော်ထုတ်နိုင်ခဲ့ လေတော့သည်။

ဝမ်အိုက်တန့်အား ပိုမို ထိတ်လန့်သွားစေသောအချက်မှာ ဝမ်ချန်၏ နောက် ကြောင်းကို လိုက်ရာမှ သူ၏ဖခင်ဖြစ်သူ ဝမ်ဝေမင်ထံသို့ပါ ရောက်ရှိသွားခဲ့ ခြင်း ဖြစ်ပေသည်။

ဝမ်ဝေမင်သည် ရိက္ခာဗျူရိုမှ စာရင်းကိုင်တစ်ဦး ဖြစ်လေသည်။ သူသည် ပုံမှန်အားဖြင့် ဖြောင့်မတ်ကာ ရိုးသားသူတစ်ဦးအဖြစ် ထင်ရသော်လည်း သူ၏ နောက်ကွယ်တွင်မူ သူသည် မရိုးသားသူ ဖြစ်ကြောင်း အချို့လူများက ပြောဆိုနေကြခြင်းဖြစ်လေသည်။

မည်မျှအထိ အဂတိလိုက်စားထားသလဲနှင့် မည်သူ့ထံမှ လက်ဆောင်များ လက်ခံထားသလဲ ဆိုသည်ကိုမူ ထိုလူမိုက်များမှာ စုံစမ်းနိုင်စွမ်း မရှိခဲ့ကြဘဲ အပေါ်ယံ အချက်အလက်များကိုသာ သိရှိခဲ့ကြခြင်း ဖြစ်ပေသည်။

နောက်တစ်နေ့ နံနက်တွင် ဝမ်အိုက်တန့်သည် ပြောစရာများစွာဖြင့် ဆေးရုံသို့ တန်းတန်းမတ်မတ် လာခဲ့လေသည်...။

လူနာဆောင် အပြင်ဘက်ရှိ စင်္ကြံလမ်းတွင် သူ စုံစမ်းသိရှိသမျှ အရာအားလုံး ကို ကျိုးချန်ယဲ့အား ပြောပြလိုက်လေ၏။

သူသည် နောက်ဆုံးတွင် ဆက်ပြောလိုက်လေသည်...။

"အဲဒီ အမျိုးသမီးနှစ်ယောက် စိတ်ကောင်းမရှိမှန်း ငါ သိသားပဲ... ဒါပေမဲ့ ဝမ်ချန် ရဲ့ အဖေကိုပါ ဒီကိစ္စထဲ ဆွဲသွင်းထားလိမ့်မယ်လို့တော့ မထင်ထားခဲ့ ဘူး... လောင်ကျိုး... တကယ်လို့ ဒါကသာ အမှန်ဆိုရင်တော့ ဒါက သေးငယ် တဲ့ ကိစ္စ မဟုတ်တော့ဘူးနော်..."

"ကျေးဇူးတင်ပါတယ်..."

ကျိုးချန်ယဲ့က ဝမ်အိုက်တန့်၏ ပခုံးကို ပုတ်လိုက်လေသည်...။

"ကျန်တာတွေကိုတော့ ငါ့ကိုပဲ လွှဲထားလိုက်တော့..."

"အေးပါကွာ... ငါ့အကူအညီ လိုအပ်ရင်လည်း ပြောဦးနော်..."

ဝမ်အိုက်တန့်က လေးနက်စွာ ပြောလိုက်လေသည်။

ဝမ်အိုက်တန့် ထွက်ခွာသွားပြီးနောက် ကျိုးချန်ယဲ့သည် ဆေးရုံအပြင်ဘက် မြင်ကွင်းကို မည်သည့်စကားမျှ မပြောဘဲ ကြာမြင့်စွာ ငေးကြည့်နေခဲ့လေ တော့သည်။

"စီစီ….စီ…."

သူ၏ စိတ်ထဲတွင် တိုးညှင်းသော်လည်း ရှင်းလင်းလှသော လျှပ်စစ်သံတစ်ခု ရုတ်တရက် မြည်ဟီးလာခဲ့ရာ ကျိုးချန်ယဲ့မှာ တုန်လှုပ်သွားခဲ့ပြီး "ချိုးချိုး လား..." ဟုပင် လွှတ်ခနဲ မေးမိတော့မတတ် ဖြစ်သွားခဲ့လေသည်။

"သခင်... ချိုးချိုး ပြန်လာပြီ..."

နူးညံ့ကာ ချိုမြိန်သော အသံလေးသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လျက် သူ ၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့လေသည်...။

"အခုဆိုရင် သခင်က စနစ်နေရာလွတ်ထဲကို ဝင်လာဖို့ မလိုတော့ဘူးနော်... ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ချိုးချိုးနဲ့ စိတ်ထဲကနေ စကားပြောလို့ ရပြီ လေ..."

ကျိုးချန်ယဲ့မှာ အံ့အားသင့်သလို ဝမ်းသာအားရလည်း ဖြစ်သွားခဲ့ပြီး သူ၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်လျက် စိတ်ထဲမှ စိုးရိမ်တကြီး မေးလိုက်လေသည်...။

"ဒါက မင်းရဲ့ အဆင့်မြှင့်ထားတဲ့ စွမ်းရည်လား..."

"ဟုတ်ပါတယ်..."

ချိုးချိုး၏ အသံမှာ ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။

"ဒါတင်မကသေးဘူးနော်... အခုဆိုရင် ချိုးချိုးက လက်ရှိ ကမ္ဘာကြီးရဲ့ ပင်မ ဇာတ်လမ်းကြောင်းနဲ့ ချိတ်ဆက်နိုင်ပြီလေ... သခင်နဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ သခင် သိချင်တဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုခုပဲ ဖြစ်ဖြစ် ချိုးချိုးက အဓိက အချက်အလက်တွေကို ရယူပေးနိုင်ပြီ..."

"ပြီးတော့ နောက်ထပ် ရှိသေးတယ်..."

သူမက လျှို့ဝှက်ဆန်းပြားစွာဖြင့် ထပ်ပြောလိုက်လေသည်...။

"အဆင့်မြှင့်ပြီးတဲ့နောက်မှာ စနစ်အရောင်းဆိုင်ကိုလည်း ဖွင့်လိုက်ပြီလေ... သခင်က ရမှတ်တွေကို အသုံးပြုပြီး နေ့စဉ်သုံး ပစ္စည်းတွေကနေ အထူးစွမ်း ရည်တွေအထိ လိုအပ်တာတွေကို လဲလှယ်လို့ ရပြီ..."

"ရမှတ်တွေ ဟုတ်လား..."

ကျိုးချန်ယဲ့က မျက်ခုံးပင့်လိုက်ပြီး သူ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာ ခဲ့လေသည်။

"ဟုတ်ပါတယ်..."

သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့၏ ရှေ့တွင် အပြာနုရောင် အလင်းဖောက် မျက်နှာပြင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်...။

[ပိုင်ရှင် - ကျိုးချန်ယဲ့

လိင် - အမျိုးသား

အသက် - (၂၁) နှစ်

ရမှတ်များ - ၀

စွမ်းရည်များ - မရှိသေးပါ

ဘဏ္ဍာရေး အရင်းအမြစ် - (၅၇,၇၉၂.၉၁) ယွမ်၊ ရှေးဟောင်းပစ္စည်းနှင့် ကျောက်မျက်ရတနာ အချို့၊ ပီကင်းရှိ ရှင်းဟွာ တက္ကသိုလ် အနီးရှိ ခြံဝင်း နှင့်အိမ်ကြီး၏ နောက်ဖေးခြံ။]

မျက်နှာပြင်ပေါ်ရှိ အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါ ကျိုးချန် ယဲ့၏ စိတ်နှလုံးမှာ အနည်းငယ် လှုပ်ခတ်သွားခဲ့လေတော့သည်...။

"ရမှတ်တွေကို ဘယ်လို ရှာရမလဲ..."

"သခင်က နေ့စဉ် စာရင်းသွင်းရင် ရမှတ် (၁) မှတ် ရနိုင်ပါတယ်..."

ချိုးချိုးက ခေတ္တမျှ ရပ်တန့်လိုက်ပြီး သူမ၏ အသံတွင် အားနာရိပ် အနည်းငယ် ပါဝင်နေခဲ့လေသည်...။

"အခြား ရမှတ်ရှာတဲ့ နည်းလမ်းတွေကိုတော့ သခင်ကိုယ်တိုင်ပဲ ရှာဖွေကြည့် လိုက်ပါ..."

ကျိုးချန်ယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ လက်ချောင်းလေးများကို မသိမသာ ပွတ်သပ်ရင်း စိတ်ထဲမှ ချက်ချင်းပင် မေးမြန်းလိုက်လေသည်...။

"ချိုးချိုး... ဝမ်ဝေမင်နဲ့ သူ့သားရဲ့ ပြစ်မှုဆိုင်ရာ သက်သေတွေကို မင်း ရှာပေး နိုင်မလား... သူတို့ကို ပြစ်ဒဏ်ချမှတ်နိုင်လောက်တဲ့အထိ ခိုင်မာတဲ့ သက်သေ တွေ ငါ လိုချင်တယ်..."

"ရတာပေါ့..."

ချိုးချိုး၏ အသံမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပြန်လည်၍ ရပ်တန့်သွားခဲ့လေသည်...။

"ဒါပေမဲ့... ဒါပေမဲ့ အဲဒါက ရမှတ်တွေ လိုအပ်တယ်လေ... အခု သခင်မှာက ရမှတ် (၀) ပဲ ရှိတာဆိုတော့..."

"..."

ကျိုးချန်ယဲ့သည် သူ၏ ရင်ဘတ်အတွင်း တင်းကျပ်မှုကို ခံစားလိုက်ရပြီး အသက်ရှူရသည်မှာလည်း ခက်ခဲသွားခဲ့လေ၏။

သူသည် သူ၏ရှေ့မှ အပြာရောင် မျက်နှာပြင်ကို စိုက်ကြည့်နေမိရာ ရမှတ် ကော်လံရှိ "၀" ဆိုသော ဂဏန်းမှာ အလွန်ပင် မျက်စိစူးစရာ ကောင်းနေခဲ့လေ တော့သည်။

အမှန်တရားမှာ သူ၏မျက်စိရှေ့တွင် ရှိနေသော်လည်း ဤအဓိပ္ပာယ်မရှိသော ရမှတ်များကြောင့် သူ၏ခြေလှမ်းများကို တားဆီးခြင်း ခံနေရသလိုပင်။

ကျိုးချန်ယဲ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်...။

"ဒါဆိုရင် အရင်ဆုံး အကြွေးနဲ့ ယူလို့ရမလား..."

"ဟမ်... အကြွေး... အကြွေးနဲ့ ဟုတ်လား..."

ချိုးချိုးက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေသည်... သူမအနေဖြင့် ဤ ကဲ့သို့သော တောင်းဆိုမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ပုံရပေ၏။

"စီစီ…စီ"

သူ၏ စိတ်ထဲတွင် လျှပ်စစ်သံများ လျင်မြန်စွာပင် ပေါက်ကွဲထွက်ပေါ်လာခဲ့ရာ ကျိုးချန်ယဲ့အနေဖြင့် ချိုးချိုး၏ သေးငယ်သော ခန္ဓာကိုယ်အတွင်းရှိ ရှုပ်ထွေး နေသော လျှပ်စစ်စီးဆင်းမှုများနှင့် ဒေတာများကို မြင်ယောင်နေမိတော့သည်။

သူမ၏ အသံမှာလည်း သိသိသာသာပင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့ လေသည်...။

"ဝူး... ဝူး... သခင်... ချိုးချိုး... လျှောက်ထား... ကြည့်လိုက်ဦးမယ်..."

ထိုဆူညံသံမှာ ဆယ်စက္ကန့်ခန့် ကြာမြင့်ပြီးမှ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ လေသည်။

"တစီစီ—"

"သခင်... ပင်မစနစ်ဆီ လျှောက်ထားတာ အတည်ပြုလိုက်ပါပြီ... သခင်က အကြွေးစနစ်နဲ့ အရင်ပေးချေလို့ ရပါတယ်... ဒါပေမဲ့ အတိုးအနည်းငယ်တော့ ရှိလိမ့်မယ်နော်..."

ကျိုးချန်ယဲ့မှာ စိတ်သက်သာရာ ရသွားသဖြင့် ပြန်လည်ဖြေကြားရန် ပြင် လိုက်စဉ်မှာပင် အရေးကြီးသော အချက်အလက်တစ်ခုကို ဖမ်းဆီးရမိသွား ခဲ့ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်...။

"မင်းမှာ ပင်မစနစ်လည်း ရှိသေးတာလား... ဘာလို့ အရင်က မပြောခဲ့တာ လဲ..."

All Chapters