← Chapters

အခန်း ၃၈၇

Vol. 35 Ch. 387

အခန်း ၃၈၇

Vol. 35 Ch. 387

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၈၇) - တိတ်တဆိတ်ထွက်ခွာခြင်း

ဘာသာပြန် - အားသစ်

"ပွင့်စမ်း…"

လင်းဖုန်း ခပ်တိုးတိုးကြုံးဝါးကာ ကောင်းကင်မျက်နှာကျက် အကာအရံကြီးကို ဖျက်ဆီးခြင်းလှံတံဖြင့် အားကုန်ထိုးချလိုက်သည်။ ချက်ချင်းဆိုသလို လှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားများ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ဤလှံတံသည်ကား အစစ်အမှန် ဂြိုဟ်အဆင့် သက်ရှိတစ်ခုကိုပင် ဒဏ်ရာရစေနိုင်သော မူလလက်နက်တစ်ခု ဖြစ်၏။ လှံတံ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ သာမန်ဂြိုဟ်အဆင့် သက်ရှိများ၏ တိုက်ခိုက်မှုထက် လုံးဝယုတ်လျော့ခြင်း မရှိချေ။

လင်းဖုန်းက ဖျက်ဆီးခြင်းလှံတံကို လှုံ့ဆော်ကာ ရှိသမျှစွမ်းအားများဖြင့် အားကုန် ထိုးနှက်လိုက်ရာ အကာအရံကြီးထက်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ အပေါက်တစ်ပေါက် တကယ် ပွင့်သွားတော့သည်။

ထိုအပေါက် ပွင့်သွားမှုကြောင့် မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားရ၏။ အဆုံးမဲ့ဖိအားကြီးက လင်းဖုန်းထံသို့ တိုးဝင်ဖိစီးလာသည်။ သို့သော်လည်း ဖျက်ဆီးခြင်းလှံတံကို လက်ဝယ်ပိုင်ဆိုင်ထားသော လင်းဖုန်းအနေဖြင့် စိုးရိမ်ပူပန်ခြင်း စိုးစိမျှပင် မရှိချေ။

ထိုအက်ကွဲကြောင်းမှတစ်ဆင့် လင်းဖုန်းတစ်ယောက် ပြင်ပရှိ ကြယ်တာရာစကြဝဠာကြီးကို လှမ်းတွေ့လိုက်ရသည်။

စကြာဝဠာကြီးသည်ကား ကျယ်ပြောနက်ရှိုင်းကာ အမှောင်အတိ လွှမ်းနေ၏။ အချုပ်အားဖြင့် ဆိုရသော် ဤစကြဝဠာကြီးက ယခင်က တယ်လီစကုပ်မှ မြင်တွေ့ခဲ့ရသော စကြဝဠာပုံစံနှင့် အနည်းငယ် ကွဲပြားခြားနားနေဟန် ရှိသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယင်း၏ အေးစက်မှုနှင့် ဆိတ်ငြိမ်ခြောက်သွေ့မှုတို့ကို အတိုင်းသား ခံစားရသည်။

လင်းဖုန်းတစ်ယောက် ထိုအက်ကွဲကြောင်းမှတဆင့် ထွက်ခွာသွားရန် ပြင်လိုက်သည်။ သို့သော်လည်း သူ အနည်းငယ် တုံ့ဆိုင်းသွား၏။

"အခုက အချိန်မကျသေးဘူးပဲ…"

လင်းဖုန်း နောက်ဆုံးတွင် သူ့စိတ်အလိုကို ပြန်လည် ချုပ်တည်းလိုက်သည်။ ထို့နောက် သက်ပြင်းခပ်ဖွဖွချကာ ဖျက်ဆီးခြင်းလှံတံကို ပြန်လည် ရုပ်သိမ်းလိုက်တော့၏။ ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားများဖြင့် ဖိနှိပ်ထားခြင်း မရှိတော့သဖြင့် အကာအရံကြီးသည်လည်း မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားတော့သည်။

ဤအကာအရံကြီးကို ဂြိုဟ်အဆင့် စွမ်းအားဖြင့်သာ ချိုးဖျက်နိုင်ပေလိမ့်မည်။ ခွန်အားသုံးကာ ချိုးဖျက်ခြင်းမှ လွဲ၍ အခြားနည်းလမ်းမရှိချေ။ လင်းဖုန်းက ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာသေးသော်လည်း သူ၏ ဖျက်ဆီးခြင်းနိယာမကမူ ဂြိုဟ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ထို့ကြောင့်လည်း ဖျက်ဆီးခြင်းလှံတံ၏ စွမ်းအားအလုံးစုံကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။

လင်းဖုန်းက မူလလက်နက် ဖျက်ဆီးခြင်းလှံတံကို အားကိုးအားထားပြုခြင်းဖြင့် ဂြိုဟ်အဆင့်သက်ရှိနှင့် ယှဉ်နိုင်သော အားကောင်းလှသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ထိုကြောင့်သာ သူ အကာအရံကြီးထက်၌ အပေါက်တစ်ပေါက်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

များမကြာမီ အကာအရံကြီး ပြန်လည်ကောင်းမွန်သွားသည်။ လင်းဖုန်း လေထုအလွှာထဲတွင် ဆက်မနေတော့ချေ။ ကာကွယ်သူအဖွဲ့ ဌာနချုပ်သို့ အဆိုင်းမတွ ပြန်သွားတော့သည်။

..............

"ကောင်းတယ်…အရမ်းကောင်းတယ်။ သခင်… သခင်က အကာအရံကို ချိုးဖျက်နိုင်ပြီဆိုမှတော့ ကျွန်တော်တို့ စကြဝဠာထဲကို ခြေဆန့်နိုင်ပြီပေါ့"

လောင်ဘီသမ်၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ သူ တကယ်ပင် ဤနေ့ရက်ကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။ တချို့အချိန်များတွင် သူ့အနေဖြင့် စကြဝဠာကြီးအတွင်းသို့ မည်သည့်အခါမျှ ပြန်မသွားနိုင်တော့ဟုပင် တွေးတောမိဖူး၏။

"အမှန်ပဲ… ငါတို့ အခု စကြဝဠာထဲကို သွားလို့ရပြီ။ ဒါပေမဲ့ ငါ အရင်ဆုံး တချို့ကိစ္စလေးတွေကို စီစဉ်ထားခဲ့ရဦးမယ်"

လင်းဖုန်း ကာကွယ်သူအဖွဲ့ချုပ်သို့ ပြန်ရောက်လာပြီးနောက် ကာကွယ်သူအဖွဲ့ချုပ်အား လောင်ဘီသမ်၏ အာကာသယာဉ်ကို ရှိသမျှ တတ်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ပြုပြင်မွမ်းမံရန် ညွှန်ကြားလိုက်သည်။ အဆုံးတွင်မူ လောင်ဘီသမ်၏ အာကာသယာဉ်တွင်သာ စကြဝဠာအတွင်း ဖြတ်သန်းသွားလာနိုင်စွမ်း ရှိနေခဲ့၏။ ယခုလက်ရှိ လူသားတို့၏ နည်းပညာစွမ်းရည်အရ ရှေးဟောင်းယဉ်ကျေးမှု တချို့၏ နည်းပညာများကို ပေါင်းစပ်ထားသည့်တိုင် ကြယ်တာရာချင်း ကူးသန်းသွားလာနိုင်ရန်က မဖြစ်နိုင်သေးချေ။

အာကာသယာဉ်ကို ပြုပြင်မွမ်းမံခြင်းအပြင် လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်ကိုလည်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခဲ့သည်။ ထို့အပြင် သူ လောင်ဘီသမ်ကိုလည်း စက်ရုပ်တချို့ ထုတ်လုပ်စေခဲ့၏။ လင်းဖုန်းက ထိုစက်ရုပ်များအတွင်းသို့ ဖျက်ဆီးခြင်းစွမ်းအား အမြောက်အမြားကိုပင် ထည့်သွင်းပေးခဲ့သေးသည်။ ယင်းတို့က ပဉ္စမအကြိမ် အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု ပြုထားသော သက်ရှိများကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

သို့သော်လည်း ဤသည်က ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအား အချို့ကို ကုန်ခမ်းစေမည် ဖြစ်၏။ အဆုံးတွင်မူ ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားက ကြယ်တာရာတစ်စင်း ပျက်စီးရာမှ ရရှိထားခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

သူ့မိသားစုကို ကာကွယ်ရန်အတွက် လင်းဖုန်းအနေဖြင့် ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားတချို့ကို ကုန်ဆုံးစေရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။

ထို့ကြောင့် လင်းဖုန်းက လောင်ဘီသမ်၏ နည်းပညာနှင့် ကာကွယ်သူအဖွဲ့ချုပ်၏ မြေအောက်အခြေစိုက်စခန်းမှ ကုန်ကြမ်းများကို အသုံးပြုကာ လအနည်းငယ်အတွင်း စက်ရုပ်ငါးရုပ် ဖန်တီးခဲ့သည်။

ထိုစက်ရုပ်ငါးရုပ်ကို အရည်သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းတို့က အရွယ်အစားအမျိုးမျိုး ကွဲပြားကြပြီး သဏ္ဌာန်မျိုးစုံ ပြောင်းလဲနိုင်၏။ ထို့အပြင် ထိုစက်ရုပ်များအားလုံး ဖျက်ဆီးခြင်းလှံတံအတွင်းရှိ ဖျက်ဆီးခြင်းစွမ်းအားကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုကြသည်။

ထိုစက်ရုပ်ငါးရုပ်အကြောင်းကို ကာကွယ်သူအဖွဲ့ချုပ်၏ မည်သည့်မှတ်တမ်းတွင်မျှ ထည့်သွင်းရေးသား ဖော်ပြထားခြင်း မရှိချေ။ ချူချန်းတစ်ဦးတည်းသာ ယင်းတို့ကို အမိန့်ပေး ထိန်းချုပ်ခွင့်ရှိသည်။ ထိုစက်ရုပ်ငါးရုပ်က ပဉ္စမအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ပြထားသော သက်ရှိများကို သတ်ဖြတ်ရန် လုံလောက်ပေသည်။

တစ်ဖက်သူအနေဖြင့် နိယာမကို နားလည်သဘောပေါက်ထားခြင်း မရှိသရွေ့ သို့တည်းမဟုတ် ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးကဲ့သို့ ဖျက်ဆီးခြင်းစွမ်းအားကို ခုခံနိုင်စွမ်း မရှိသရွေ့ ထိုစက်ရုပ်ငါးရုပ်က အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ပေမည်။

ဤစက်ရုပ်ငါးရုပ်က လင်းဖုန်း၏ မိသားစုကို ကာကွယ်ရန်အတွက် လုံလောက်ပေ၏။

ထိုစက်ရုပ်ငါးရုပ်က လင်းဖုန်း၏ နောက်ဆုံးအားကိုးရာဖြစ်သည်။ လင်းဖုန်း ချန်ရစ်ထားခဲ့သော နောက်ဆုံးဝှက်ဖဲပင်။

အပေါ်ယံတွင်မူ လင်းဖုန်းက ကာကွယ်သူအဖွဲ့ချုပ်၏ အာဏာများကို တဖြည်းဖြည်းချင်း စွန့်လွှတ်လိုက်ပြီး ချူချန်းကို လွှဲပြောင်းရယူစေကာ ကျန်းချီကျိကို ကူညီပံ့ပိုးပေးစေခဲ့သည်။ ထို့အပြင် ကာကွယ်သူအဖွဲ့ချုပ်အတွင်းရှိ လက်နက်ကိုင်စက်ရုပ်များ အားလုံးကိုလည်း ချူချန်း၏ အမိန့်ပေးမှုအောက်တွင် ရှိနေစေ၏။

ဤနည်းအားဖြင့် လင်းဖုန်း ထွက်ခွာသွားခဲ့သည့်တိုင် သူ့မိသားစုက အလွန်တရာ ဘေးကင်းလုံခြုံနေပေလိမ့်မည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် သုံးနှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြန်၏။ ဤကာလအတွင်း လင်းဖုန်းတစ်ယောက် သားနှင့် သမီးတို့ တဖြည်းဖြည်း ကြီးပြင်းလာကြသည်ကို မြင်တွေ့ခဲ့ရသည်။ သူ့ညီမ လင်းချန်သည်ပင် အိမ်ထောင်ပြုကာ မိသားစုဘဝကို စတင်နေခဲ့ပြီဖြစ်သည်။ လင်းဖုန်း၏ နှလုံးသားသည်လည်း တဖြည်းဖြည်း မငြိမ်မသက်ဖြစ်လာ၏။

သူ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ထွက်ခွာလိုနေပြီ ဖြစ်သည်။

"သခင်… သခင် ဆုံးဖြတ်ချက်ချပြီးပြီလား"

"အေး…ငါ ဆုံးဖြတ်ပြီးပြီ"

လောင်ဘီသမ် ဘာမှ ထပ်မပြောတော့ချေ။ လက်ရှိအချိန်တွင် အာကာသယာဉ်က လုံးဝဥဿုံ ပြုပြင်ပြီးသွားခဲ့ပြီဖြစ်ရာ သူတို့အနေဖြင့် အချိန်မရွေး ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း လင်းဖုန်း ထွက်ခွာမည့်အရေးက အလွန် ကြီးကျယ်လှသော ကိစ္စရပ်တစ်ခု ဖြစ်၏။ လင်းဖုန်းအနေဖြင့် ဤအကြောင်းကို လူတစ်ယောက်တည်းကိုသာ ပြောပြရန် ပြင်ဆင်ထားသည်။ ထိုသူက လင်းဖုန်း အယုံကြည်ရဆုံးသူပင်။

............

ညအချိန် ဆိုက်ရောက်လာခဲ့လေပြီ။ လင်းဖုန်းနှင့် ချူချန်းတို့ နှစ်ယောက်သား ပန်းခြံအတွင်း အတူတူ ရှိနေကြ၏။

အမှောင်အတိကျနေသော ကောင်းကင်ယံထက်တွင် ကြယ်တာရာများ တလက်လက်တောက်ပကာ ညအမှောင်ကို အလှဆင်နေကြသည်။

"ချန်းချန်း… စကြဝဠာထဲက ကြယ်တာရာတွေ ဘယ်လိုပုံစံမျိုး ရှိလိမ့်မလဲဆိုတာ ကို တကယ်ပဲ သိချင်မိတယ်…" လင်းဖုန်းက စကားဆိုလိုက်သည်။

ချူချန်းက ချက်ချင်း ပြန်လည်ဖြေကြားခြင်း မပြုချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမ အချိန်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ခပ်တိုးတိုး ပြောလိုက်သည်။

"လင်းဖုန်း… ကျွန်မ ရှင်နဲ့ နည်းနည်းတော့ မခွဲချင်သလိုပဲ။ ဒါပေမဲ့ ရှင်လည်း ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတာ ကျွန်မ သိပါတယ်။ သွားပါ… ကျွန်မ ရှင့်အတွက် ကာကွယ်သူအဖွဲ့ချုပ်နဲ့ ရှင့်ရဲ့ အိမ်ကို ကာကွယ်ပေးထားပါ့မယ်"

"ချန်းချန်း…"

လင်းဖုန်းအနေဖြင့် ချူချန်း ဤမျှအထိ နားလည်ပေးနိုင်လိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ချေ။ သူတို့နှစ်ဦး လက်ထပ်ပြီးကတည်းက တစ်ယောက်အပေါ်တစ်ယောက် အရိုးသားဆုံး အပွင့်လင်းဆုံးသာ ဆက်ဆံခဲ့သည်။ သူ ချူချန်းကို မည်သည့်အရာများ ဖုံးကွယ်ထားနိုင်ပါမည်နည်း။

"သွားပါတော့… ရှင့်ကို ကျွန်မအနားမှာပဲ တွယ်ကပ်နေခိုင်းတာက သိပ်ကို ရက်စက်လွန်းရာကျပါတယ်။ ကျွန်မလည်း အရမ်း အတ္တကြီးသလို ဖြစ်နေမှာပေါ့။ ရှင် ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မလည်း အသက်ဝိညာဥ် အသွင်ပြောင်းလဲမှု နှစ်ကြိမ် သုံးကြိမ်လောက် လုပ်နိုင်အောင် ကြိုးစားပါ့မယ်"

"အဲ့လိုဆိုရင် ကျွန်မလည်း နောက်ထပ် နှစ်ပေါင်းရာနဲ့ချီ ဆက်ပြီးတော့ အသက်ရှင်နိုင်ဦးမှာပါ။ ရှင် ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မကိုရော ဒီနေရာကိုရော မေ့မပစ်ဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်။ ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ဒီနေရာက အမြဲတမ်း ရှင်အခြေပြုရာ ဖြစ်နေမှာပါ"

လင်းဖုန်းလည်း ချူချန်းကို အသာအယာ ပွေ့ဖက်ကာ လေသံ ခပ်တိုးတိုးဖြင့် စကားဆိုလိုက်သည်။

"စိတ်မပူပါနဲ့… ကို စကြဝဠာထဲကို သွားပြီးတော့ စူးစမ်းလေ့လာရုံသက်သက်ပါပဲ။ ကို သေချာပေါက် ပြန်လာခဲ့ပါ့မယ်။ အဲဒီအချိန်ကျရင် ကိုကိုယ်တိုင် ဒီအကာအရံကို ချိုးဖျက်ပြီးတော့ တစ်ဂြိုဟ်လုံးမှာရှိတဲ့ လူတိုင်း စကြဝဠာထဲကို ဝင်နိုင်အောင် လုပ်ပေးပါ့မယ်"

ထိုညတွင် ချူချန်း အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ မကြာမီ အရုဏ်ဦးအချိန်သို့ ဆိုက်ရောက်လာ၏။ ကောင်းကင်ယံက မီးခိုးရောင်သန်းကာ မှုန်မှိုင်းနေဆဲဖြစ်သော်လည်း လင်းဖုန်းကမူ နိုးနေခဲ့ပြီ ဖြစ်သည်။

"သခင်… နှုတ်ဆက်စကား ပြောဖို့ မလိုတော့ဘူးလား"

"မလိုတော့ပါဘူး။ သွားကြစို့… ချန်းချန်း သိပြီးသားပါ"

လင်းဖုန်း ချူချန်းကို နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ပြီး စိတ်တင်းတင်းထားကာ အိပ်ခန်းအတွင်းမှ လှမ်းထွက်သွားတော့သည်။

လောင်ဘီသမ်က အရာအားလုံး ပြင်ဆင်ပြီးသား ဖြစ်သည်။ ထို့နောက် အာကာသယာဉ်က ကောင်းကင်ယံသို့ တဖြည်းဖြည်း ပျံတက်သွားတော့သည်။ ကာကွယ်သူအဖွဲ့ ဌာနချုပ်အတွင်းရှိ လူများကိုမူ လောင်ဘီသမ်က အကြောင်းပြချက်တစ်ခုဖြင့် အဝေးသို့ စေလွှတ်ထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း ယခုအချိန်တွင် ထွက်ခွာသွားခဲ့ကြောင်းကို ချူချန်းမှတစ်ပါး မည်သူမှ မသိရှိကြချေ။

ထို့အပြင် လင်းဖုန်း ထွက်ခွာသွားခဲ့ပြီးနောက်တွင်မူ ချူချန်းက လင်းဖုန်း တံခါးပိတ်ကျင့်ကြံနေကြောင်း လူသိရှင်ကြား ကြေညာပေလိမ့်မည်။ အနည်းဆုံး အချိန်ကာလ အတော်ကြာသည်အထိ ပြင်ပကမ္ဘာမှ လူများက လင်းဖုန်း ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိကြလိမ့်မည် မဟုတ်ပေ။

အာကာသယာဉ် ကောင်းကင်ယံသို့ ပျံတက်သွားသည်နှင့်အမျှ ကာကွယ်သူးအဖွဲ့ ဌာနချုပ်မှာ တဖြည်းဖြည်း သေးငယ်သွားတော့သည်။ အဆုံးတွင်မူ အနက်ရောင် အစက်အပြောက်လေးတစ်ခုသာ မြင်ရတော့ပြီး တစ်ဒင်္ဂအတွင်း လုံးဝဥဿုံ ကွယ်ပျောက်သွားတော့သည်။

အာကာသယာဉ် ပျံတက်သွားပြီး မကြာမီမှာပင် ချူချန်းတစ်ယောက် ပြတင်းပေါက်နားတွင် ရပ်ကာ အာကာသယာဉ် ပျံတက်သွားသည်ကို တိတ်တဆိတ် ငေးမောကြည့်နေခဲ့သည်ကို လင်းဖုန်း မမြင်တွေ့လိုက်ရချေ။ သူမ၏ မျက်ဝန်းများထဲ၌ မခွဲခွာလိုစိတ်များ ရှိနေသော်လည်း နောင်တရရိပ်များကသာ ပိုမိုထင်ဟပ်နေခဲ့သည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူမ တကယ် လင်းဖုန်းနှင့်အတူ ထွက်ခွာသွားလိုမိ၏။ သို့သော်လည်း သူမ မတတ်နိုင်ခဲ့ချေ။ သူမ ပြောခဲ့သည့်အတိုင်းပင်… ဤနေရာက လင်းဖုန်း၏ဇာတိ သူအခြေပြုရာ ဖြစ်၏။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက လင်းဖုန်းအတွက် ဤနေရာကို ကာကွယ်စောင့်ရှောက်ပေးထားရန်သာ ဖြစ်ပေတော့သည်။

……………

All Chapters