← Chapters

အခန်း ၃၈၈

Vol. 35 Ch. 388

အခန်း ၃၈၈

Vol. 35 Ch. 388

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၈၈) - ကြယ်တာရာများကြား ဖြတ်သန်းခရီးနှင်ခြင်း

ဘာသာပြန် - အားသစ်

အာကာသယာဉ်သည် ကောင်းကင်မျက်နှာကျက် အကာအရံကြီးထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြန်သည်။ လင်းဖုန်း အချိန်ဆွဲမနေတော့ဘဲ အာကာသယာဉ် အပြင်သို့ လှမ်းထွက်လိုက်ကာ သူ့လက်ထဲရှိ ဖျက်ဆီးခြင်းလှံတံကို လှုံ့ဆော်လိုက်သည်။ ချက်ချင်းဆိုသလို ဖျက်ဆီးခြင်းလှံတံက အကာအရံကြီးထက်၌ အပေါက်ကြီးတစ်ပေါက် ဆွဲဖြဲပစ်လိုက်တော့၏။

အာကာသယာဉ်သည် အကာအရံကြီးထက်ရှိ လစ်ဟာနေသော ထိုအက်ကွဲကြောင်းမှတစ်ဆင့် စကြာဝဠာထဲသို့ အောင်အောင်မြင်မြင် ပျံသန်းထွက်ခွာသွားတော့သည်။

ရွှီး…

နောက်ဆုံးတွင် ဂြိုဟ်ပေါ်မှ ပျံသန်းထွက်ခွာလာခဲ့လေပြီ။ လင်းဖုန်း နောက်သို့ ပြန်လည်လှည့်ကြည့်လိုက်ချိန်တွင် သူ၏ စိတ်စွမ်းအားအောက်၌ ထိုဂြိုဟ်က လုံးဝဥဿုံ ပျောက်ကွယ်သွားကြောင်း သတိပြုမိလိုက်၏။

"ပျောက်သွားတာလား"

လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ စိတ်စွမ်းအားစက်လုံးကို နောက်တစ်ကြိမ် ပြန်လည်လှုံ့ဆော်လိုက်ပြီး သူ၏ ကြီးမားလှသော စိတ်စွမ်းအားများဖြင့် အောက်ရှိ ဂြိုဟ်ထံသို့ ဖြန့်ကျက်စူးစမ်းလိုက်သည်။ သို့သော်လည်း ယခင်ကအတိုင်းပင် ထိုဂြိုဟ်က စိတ်စွမ်းအားဖြင့် စမ်းသပ်စူးစမ်းမှုအောက်တွင် လုံးဝဥဿုံ ပျောက်ကွယ်နေသည်။

သို့သော်ငြားလည်း လင်းဖုန်းအနေဖြင့် ဤဂြိုဟ်ကို သာမန်မျက်စိဖြင့် အလွန်တရာ ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား မြင်တွေ့နေရဆဲ ဖြစ်၏။

"ဒီအကာအရံကြီးကပဲ ဂြိုဟ်ကို စိတ်စွမ်းအားနဲ့ အစူးစမ်းနိုင်အောင် ပိတ်ဆို့ထားနိုင်တဲ့ အကြောင်းရင်းများလား"

လင်းဖုန်းအနေဖြင့် ဤသည်က အလွန် ဖြစ်နိုင်ခြေရှိသည်ဟု ခံစားလိုက်ရသည်။ လောင်ဘီသမ် တစ်ခါက ပြောခဲ့ဖူး၏။ ဤအကာအရံကြီးက ဂြိုဟ်အတွက် ကာကွယ်မှုရော ချုပ်နှောင်မှုပါ နှစ်မျိုးစလုံး ဖြစ်သည်ဟူ၍ပင်။

စိတ်စွမ်းအားမှ ဖုံးကွယ်ထားနိုင်သော ဤစွမ်းရည်က ကာကွယ်ရေး လုပ်ဆောင်ချက်တစ်မျိုး ဖြစ်နိုင်ပေသည်။ အဆုံးတွင်မူ ထိုဂြိုဟ်အဆင့် သက်ရှိများ၏ စိတ်စွမ်းအားဖြင့် စူးစမ်းနိုင်သည့် အကွာအဝေးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ယခုလက်ရှိ လင်းဖုန်း၏ စိတ်စွမ်းအားဖြင့်ပင် မိုင်တစ်ရာကျော်အထိ ခံစားသိရှိနိုင်စွမ်းရှိရာ ထိုဂြိုဟ်အဆင့် သက်ရှိများဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။

ထိုအဆင့် သက်ရှိများအနေဖြင့် စိတ်စွမ်းအား တစ်ချက်မျှ ဖြန့်ကြက်လိုက်ရုံဖြင့် ကြယ်ဒေသများစွာရှိ ဂြိုဟ်တချို့၏ အခြေအနေကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း ဤအကာအရံကြီး ရှိနေသဖြင့် စိတ်စွမ်းအားသက်သက်က ဤဂြိုဟ်ကို ခံစားသိရှိနိုင်မည် မဟုတ်ချေ။ သို့အတွက်ကြောင့် သူတို့အနေဖြင့် ဤနေရာ၌ ဘာမှမရှိ ဗလာနတ္ထိ ဖြစ်နေသည်ဟုသာ တွေးတောသွားကြပေလိမ့်မည်။

ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာပြီး သာမန်မျက်စိဖြင့် ကြည့်မှသာလျှင် ဤဂြိုဟ်ကို တွေ့နိုင်မည် ဖြစ်သည်။

"လောင်ဘီသမ်… မင်း အဲဒီအချိန်တုန်းက ဒီဂြိုဟ်ကို ဘယ်လိုမျိုး တွေ့ခဲ့တာလဲ"

..............

"အဲဒီတုန်းက ကျွန်တော့်မှာ ရှိသမျှစွမ်းအင်တွေ အကုန် ကုန်သွားခဲ့ပြီးတော့ စကြဝဠာထဲမှာ လွင့်မျောနေခဲ့တာပေါ့။ နောက်ဆုံးကျမှ သတိမထားမိလိုက်ဘဲ ဒီနေရာကို လွင့်မျောလာခဲ့တာ။ ဒီဂြိုဟ်ကို ရှာတွေ့ခဲ့တာကလည်း လုံးဝကို ထင်မှတ်မထားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်တော် အာကာသယာဉ်ပေါ်က ထောက်လှမ်းရေးကိရိယာတွေနဲ့ စူးစမ်းဖို့ ကြိုးစားကြည့်ခဲ့ပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဒီဂြိုဟ်က သာမန်မျက်စိနဲ့ပဲ မြင်နိုင်တာပဲ"

လင်းဖုန်း ခေါင်းအသာညိတ်လိုက်သည်။ ဤသည်ကား တကယ်ပင် အလွန်တရာ ထူးဆန်းလှပေ၏။

"သခင်… ကျွန်တော်က ဒီနေရာကို ဒီအတိုင်းပဲ မျောလာခဲ့တာဆိုပေမဲ့ ကျွန်တော့်ရဲ့ အာကာသယာဉ်ပေါ်မှာတော့ မှတ်တမ်းတွေ အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဂြိုဟ်ရဲ့ စကြဝဠာ ကိုဩဒိနိတ်ကို အတည်ပြုနိုင်တာပေါ့။ သခင့်အနေနဲ့ ဒီစကြဝဠာ ကိုဩဒိနိတ်ကို ကောင်းကောင်း မှတ်ထားရပါမယ်။ အနာဂတ်မှာ သခင် ဒီတည်နေရာ ကိုသြဒိနိတ်တွေကတစ်ဆင့်ပဲ ဒီဂြိုဟ်ကို ပြန်ရှာနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ စကြဝဠာ လမ်းကြောင်းကို ရှာတွေ့တာနဲ့ အာကာသယာဉ်ပေါ်မှာရှိတဲ့ ဒီဂြိုဟ်နဲ့ပတ်သက်တဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ကျွန်တော် ဖျက်ပစ်လိုက်ပါ့မယ်"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ လောင်ဘီသမ်က အလွန်တရာ သတိကြီးလှပေ၏။

စကြဝဠာအတွင်း၌ ယဉ်ကျေးမှုများနှင့် သက်ရှိများ ရှိနေကြသော ဂြိုဟ်များစွာ ရှိကြသည်။ သို့သော်လည်း အကယ်၍ သက်ရှိဂြိုဟ်တစ်ခု၌ ဂြိုဟ်အဆင့်သက်ရှိ ထွက်ပေါ်လာခြင်း မရှိသေးပါက ထိုဂြိုဟ်အတွက် အလွန်တရာ အန္တရာယ်ကြီးလှပေ၏။ အခြားအားကောင်းလှသည့် ယဉ်ကျေးမှုများ သို့တည်းမဟုတ် သက်ရှိများက လောဘစိတ်ကို ရှေးရှုကာ ထိုသို့သော ဂြိုဟ်များကို ဖျက်ဆီးပစ်တတ်ကြသည်။

ထို့ကြောင့် လင်းဖုန်းအနေဖြင့် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မလာခင် သို့တည်းမဟုတ် ဂြိုဟ်ပေါ်၌ ပါရမီရှင်များ လုံလုံလောက်လောက် ထွက်ပေါ်မလာခင်အထိ သူ ဤဂြိုဟ်၏ တည်နေရာကို လွယ်လင့်တကူ ထုတ်ဖော်ပြသမည် မဟုတ်ချေ။

တစ်ကြိမ်မျှ ထုတ်ဖော်ပြသလိုက်မိသည်နှင့် ယင်းက သူ၏ မိခင်ဂြိုဟ်ထံသို့ ပျက်စီးခြင်းများကို သယ်ဆောင်လာနိုင်ပေသည်။

"ငါ ကိုဩဒီနိတ်တွေကို မှတ်မိပါပြီ။ သွားကြစို့"

လင်းဖုန်း မိခင်ဂြိုဟ်ကို နောက်ဆုံးတစ်ကြိမ်အဖြစ် ခပ်ကြာကြာ စိုက်ကြည့်လိုက်၏။ ထို့နောက် အာကာသယာဉ်ကို စကြဝဠာ၏ အနက်ပိုင်းဆီသို့ ဦးတည်ကာ ခရီးနှင်သွားတော့သည်။

ဤသည်ကား လင်းဖုန်းအနေဖြင့် ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ စကြဝဠာကြီးက အေးစက်ကာ မှောင်မိုက်နေပြီး ကမောက်ကမ စွမ်းအားများဖြင့် ရောယှက် ပြည့်နှက်နေ၏။

လင်းဖုန်း အာကာသယာဉ် အပြင်ဘက်သို့ပင် ပျံသန်းထွက်ခွာကြည့်ဖူးသေးသည်။ သူ၏ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်က စကြဝဠာအတွင်းရှိ စွမ်းအင်အမျိုးမျိုး၏ တိုက်စားမှုဒဏ်ကို ခုခံနိုင်စွမ်းရှိသည်။ သို့သော်လည်း ဂြိုဟ်ပေါ်တွင် ရှိနေစဉ်ကထက် ပိုမိုများပြားလှသော ကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ထင်ရှားလှပေ၏။

အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပြုထားခြင်းက ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ ပြောပလောက်စရာ မရှိချေ။ အလွန်ဆုံးမှ အဆင့်နိမ့် သက်ရှိတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း လင်းဖုန်းက သာမန်ထက် များစွာပိုသည့် ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမကို နားလည်သဘောပေါက်ထားခြင်းကမူ တကယ်ပင် တမူထူးခြားလှပေ၏။

လင်းဖုန်း ယခင်က စမ်းသပ်ကြည့်ခဲ့ဖူးသည်။ စကြဝဠာအတွင်း၌ သူ၏ ဂြိုဟ်အဆင့် ဖျက်ဆီးခြင်းနိယာမက အလွန်တရာ အားကောင်းနေဆဲပင်။ ထိုနိယာမစွမ်းအားဖြင့် စကြဝဠာအတွင်း၌ ဖျက်ဆီးခြင်း မုန်တိုင်းတစ်ခုကိုပင် ဖန်တီးနိုင်စွမ်း ရှိသေးသည်။

သို့သော်လည်း အခြေခံအဆင့်တွင်သာ ရှိနေသေးသည့် ဒီရေလှိုင်းနိယာမကမူ အသုံးမဝင်သလောက် ဖြစ်နေခဲ့၏။ ယင်းက စကြဝဠာအတွင်း၌ ဘာမှ ထွေထွေထူးထူး မသက်ရောက်စေနိုင်ပေ။ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်၏ စွမ်းအားကို မြှင့်တင်ရန်အတွက်သာ ပူးတွဲအသုံးပြုနိုင်သည်။

လင်းဖုန်း ဤဖြစ်ရပ်မှတစ်ဆင့် ကိစ္စရပ်တစ်ခုကို နားလည်သဘောပေါက်သွားခဲ့၏။ နိယာမများက ဂြိုဟ်အဆင့်သို့ ရောက်ရှိမှသာ စကြဝဠာအတွင်း၌ အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်လိမ့်မည်ဟူ၍ပင်တည်း။

…………

စကြဝဠာအတွင်း၌ သက်ရှိတစ်ယောက်အနေဖြင့် အထီးကျန်ဆိတ်ငြိမ်မှုဒဏ်ကို ကောင်းကောင်း သည်းခံနိုင်ရပေမည်။

အစပိုင်းတွင် လင်းဖုန်း အလွန်တရာ စိတ်လှုပ်ရှားနေခဲ့၏။ စကြဝဠာကြီးအတွင်း၌ အေးခဲဂြိုဟ်များ၊ ဥက္ကာခဲများ သို့တည်းမဟုတ် စကြဝဠာဖြစ်စဉ်တချို့ကဲ့သို့ အသစ်အဆန်း အရာများဖြင့် ပြည့်နှက်နေသည်။

အရာအားလုံးက သူ့အတွက် အလွန်တရာ အသစ်အဆန်း ဖြစ်နေခဲ့သည်။

သို့သော်လည်း အချိန်ကာလများ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ…

တစ်လ၊ နှစ်လ၊ သုံးလ…

လအနည်းငယ် ကြာမြင့်ပြီးနောက်တွင် လင်းဖုန်းတစ်ယောက် အရာအားလုံးက အလွန်တရာ ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသည်ဟု ခံစားလိုက်ရသည်။ အာကာသယာဉ် မရပ်မနား ပျံသန်းနေခဲ့သော ထိုလအနည်းငယ်အတွင်း ပြင်ပပတ်ဝန်းကျင်က အမြဲတစေ ပြောင်းလဲမှုမရှိခဲ့သလိုပင်။ စကြဝဠာ ပတ်ဝန်းကျင်က အမြဲတမ်း အေးစက်ကာ အမှောင်ထု အတိလွှမ်းနေမြဲ ဖြစ်သည်။

ငြီးငွေ့ဖွယ်ရာကောင်းခြင်းနှင့် ပုံသေဖြစ်နေခြင်းတို့က စကြဝဠာအတွင်း ဖြတ်သန်းခရီးနှင်ရာ၌ ပုံမှန်အခြေအနေသာ ဖြစ်ပေ၏။

"လောင်ဘီသမ်… မင်း ဒီလမ်းကြောင်းက မှန်တယ်ဆိုတာတော့ သေချာရဲ့လား"

တစ်နှစ်တာကာလ ကုန်လွန်သွားပြီးနောက်တွင်မူ လင်းဖုန်း လောင်ဘီသမ်ကို မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ချေ။

အာကာသယာဉ်က အလင်းအလျင်၏ ငါးဆဖြင့် ပျံသန်းနေခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်က ဤတစ်နှစ်တာ ကာလအတွင်း အလင်းနှစ်ငါးခုခန့် အကွာအဝေးသို့ ဖြန်သန်းခရီးနှင်ခဲ့ပြီး ဖြစ်၏။ သို့သော်လည်း မည်သည့်ပြောင်းလဲမှုမျှ မရှိသေးချေ။ အာကာသယာဉ်က ဤဂလက်ဆီအတွင်းမှပင် ထွက်ခွာနိုင်ခြင်း မရှိသေးချေ။

စင်စစ်တွင် ဤသည်က အလွန် ပုံမှန်သာဖြစ်သည်။ သာမန်ဂလက်ဆီများက အလင်းနှစ်သောင်းချီ အချင်းရှိ၏။ အချို့သော ဂလက်ဆီများဆိုလျှင် အချင်း အလင်းနှစ်သောင်းချီ သိန်းချီအထိ ကျယ်ပြောလှပေသည်။

ယခုလက်ရှိတွင် လင်းဖုန်း၏ အာကာသယာဉ်က အလင်းနှစ်ငါးခုခန့် အကွာအဝေးသို့သာ ခရီးနှင်ရသေးခြင်းဖြစ်၏။ ယင်းက ဘာမှ မပြောပလောက်သေးချေ။

ဤအာကာသယာဉ်၏ အမြင့်ဆုံးအရှိန်က အလင်းအလျင်၏ အဆ ၂၀ အထိ ရောက်ရှိနိုင်သော်လည်း ကုန်ခမ်းမည့် စွမ်းအင်ပမာဏကမူ အလွန့်အလွန် များပြားလှပေလိမ့်မည်။ အလင်းအလျင်၏ အဆ ၂၀ အရှိန်ကို မဆိုထားနှင့် ၁၀ ဆအရှိန်ဖြင့် သွားမည်ဆိုလျှင်ပင် အာကာသယာဉ်ပေါ်ရှိ လက်ရှိ စွမ်းအင်ထောက်ပံ့မှုနှင့်ဆိုလျှင် အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ချေ။

စွမ်းအင်ဆိုသည်ကား စကြဝဠာအတွင်းရှိ ထာဝရအကြောင်းတရားတစ်ခုပင်။ ကျင့်ကြံသူများဖြစ်စေ၊ နည်းပညာယဉ်ကျေးမှုများဖြစ်စေ သူတို့အားလုံး စွမ်းအင်ကို အလေးပေးကြသည်။

လင်းဖုန်း၏ မိခင်ဂြိုဟ်ပေါ်ရှိ စွမ်းအင်တုံးများ၌ စွမ်းအင်များစွာ ပါဝင်ခြင်း မရှိချေ။ အဆုံးတွင်မူ နည်းပညာအဆင့်အတန်းက အလွန်တရာ နိမ့်ပါးလွန်းလှသည် မဟုတ်ပါလား။

အာကာသယာဉ်တစ်ခုလုံးကို စွမ်းအင်တုံးများဖြင့် အပြည့် ဖြည့်တင်းထားသည်။ သို့ပေသော်ငြား ထိုစွမ်းအင်များက အာကာသယဉ်ကို အလင်းအလျင်၏ ငါးဆဖြင့်သာ ခရီးနှင်နိုင်စွမ်း ရှိစေသည်။

အကယ်၍ ထိုထက် ပိုမိုမြန်ဆန်စွာ သွားမည်ဆိုပါက စွမ်းအင်ကုန်ခမ်းမှုနှုန်းလည်း မြင့်တက်လာပေလိမ့်မည်။ ယင်းက မထိုက်တန်လှချေ။

"သခင်… ကျွန်တော်တို့ ရောက်ခါနီးပါပြီ။ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို မကြာခင် ရောက်မယ်ထင်တယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ ရိုယာဂလက်ဆီထဲက ရိုယာအင်ပါယာဆီကို အရင်ဆုံး သွားလို့ရပါတယ်။ ရိုယာအင်ပါယာမှာ စွမ်းအင်တွေ ပြန်ဖြည့်နိုင်ပါတယ်။ ရိုယာအင်ပါယာရဲ့ ဟင်းလင်းပြင်လမ်းကြောင်းကတဆင့်လည်း ဘီမွန်ဂလက်ဆီကို တိုက်ရိုက် ခရီးနှင်နိုင်မှာပါ"

လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ သူလည်း ကြယ်တာရာများကြား မည်သို့ ဖြတ်သန်းသွားလာနိုင်သည်ကို များစွာ သိထားခြင်း မရှိချေ။ ထို့ကြောင့် လောင်ဘီသမ်ကိုသာ တာဝန်ယူလုပ်ဆောင်ရန် လွှဲအပ်ထားရုံမှတပါး အခြား ဘာမှမတတ်နိုင်ချေ။

ထိုသို့ မေးရခြင်းမှာ သူ လောင်ဘီသမ်ကို သံသယဝင်နေခြင်းကြောင့် မဟုတ်ပေ။ ကြယ်တာရာများကြား ဖြတ်သန်းသွားလာရခြင်းက အလွန်တရာ ပျင်းစရာကောင်းလှသည်ဟု ခံစားနေရ၍သာ ဖြစ်သည်။

ဒွီ… ဒွီ… ဒွီ…

အကြမ်းဖျင်း တစ်လခန့် ကြာပြီးနောက် ရုတ်တရက် အာကာသယာဉ်၏ သတိပေးသံ ထွက်ပေါ်လာသည်။

"အာကာသယာဉ်ကြီးတစ်စင်းကို ရှာဖွေတွေ့ရှိထားပါတယ်။ ရှေ့ဘက် အလင်းနှစ်တစ်ခု အကွာအဝေးအတွင်းမှာ လက်နက်တပ်အာကာသယာဉ်တွေ အများကြီး ရှိနေပါတယ်"

လင်းဖုန်းလည်း ထိုသတိပေးသံကို ကြားလိုက်ရသဖြင့် ချက်ချင်း မျက်လုံးပွင့်လာသည်။

"အာကာသယာဉ်တွေ ဟုတ်လား"

လင်းဖုန်း အလွန်တရာ စိတ်လှုပ်ရှားသွားရသည်။ အာကာသယာဉ်များ ရှိနေခြင်းက အသိဉာဏ်ရှိသော သက်ရှိများ ရှိနေသည်ကို ဆိုလိုပေ၏။ ဤသည်ကား တကယ်ပင် အလွန်ကောင်းမွန်လှသော အရာ ဖြစ်သည်။ သူ အာကာသယာဉ်အတွင်း၌ တစ်နှစ်နှင့် တစ်လခန့် ကြာအောင် နေထိုင်ခဲ့ရ၏။ ယင်းက အလွန့်အလွန် ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှပေသည်။ သူ သက်ရှိဂြိုဟ်သားတစ်ယောက်ကိုပင် တစ်ခါမျှ မမြင်တွေ့ခဲ့ရဖူးချေ။

ဤသည်ကား စကြဝဠာအတွင်းရှိ အခြားဂြိုဟ်များမှ သက်ရှိများနှင့် ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရမည့် အခွင့်အရေးတစ်ခု ဖြစ်နိုင်ပေသည်။

All Chapters