← Chapters

အခန်း ၃၈၉

Vol. 35 Ch. 389

အခန်း ၃၈၉

Vol. 35 Ch. 389

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၈၉) - ကျွန်ဖမ်းအဖွဲ့

ဘာသာပြန် - အားသစ်

"သခင်… တခြားဂြိုဟ်က သက်ရှိတွေက ရန်လိုချင်လည်း လိုနိုင်ပါတယ်။ စကြဝဠာကြီးက တောတွင်းအမဲလိုက်ကွင်းလိုပဲ ရုန်းကန်ရတာမို့ သခင် သတိထားရပါမယ်"

လောင်ဘီသမ်က လင်းဖုန်းကို သတိပေးလိုက်သည်။ စကြဝဠာကြီးက ဘေးကင်းလုံခြုံလှသည် မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်က ဂြိုဟ်အဆင့်သက်ရှိ ဖြစ်မနေလျှင် စကြဝဠာအတွင်း ဖြတ်သန်းခရီးနှင်ခြင်းက အလွန်တရာ အန္တရာယ်များလှပေသည်။ ဂြိုဟ်အဆင့် သက်ရှိများပင်လျှင် စကြဝဠာအတွင်း၌ ပျက်သုဉ်းသွားနိုင်ချေ ရှိသည်။

"စိတ်မပူပါနဲ့… အဲ့ကောင်တွေမှာ အကြံဆိုးတွေ ရှိနိုင်တယ်ဆိုတာ ငါ ကောင်းကောင်း သိတာပေါ့။ သူတို့နားကို တိတ်တိတ်လေး ကပ်သွားကြစို့။ ငါတို့ကို သူတို့ မရိပ်မိစေနဲ့ဦး"

လင်းဖုန်းက လူတို့၏ မကောင်းသော အမှောင်ဘက်ခြမ်းကို ကောင်းကောင်း သိထားသဖြင့် ဇွတ်အတင်း ဝင်ရောက်သွားခြင်းမျိုး ပြုလုပ်မည် မဟုတ်ချေ။

ထို့ကြောင့် လောင်ဘီသမ်က အာကာသယာဉ်ကို ထိန်းကျောင်းကာ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

................

အေးစက်ကာ အမှောင်အတိပြီးသော စကြဝဠာကြီးအတွင်း၌ ကြီးမားလှသော အာကာသယာဉ် အစင်းရာချီက ဂြိုဟ်ငယ်လေးတစ်လုံး၏ အထက်တွင် ဆိုက်ကပ်ထားကြသည်။

ထိုအာကာသယာဉ်အတွင်း၌မူ ရိုယာလူမျိုးများစွာက စောင့်ကြည့်ရေးမျက်နှာပြင်ကို စိုက်ကြည့်နေကြသည်။ သူတို့သည် ရိုယာအင်ပါယာအတွင်းရှိ ကုန်သည်ကြီးများအသင်းတစ်ခုမှ ကျွန်ဖမ်းသမားများ ဖြစ်ကြ၏။ ထိုကျွန်ဖမ်းအဖွဲ့ဟု ခေါ်သူများက တကယ်တန်းတွင် ပိုင်ရှင်မဲ့ ယဉ်ကျေးမှုတစ်ခုမှ အသိဉာဏ်ရှိသည့် သက်ရှိများကို ဖမ်းဆီးနေကြခြင်း ဖြစ်သည်။

ဤသည်ကား ရင်းနှီးမ,တည်ငွေ အနည်းငယ်သာ လိုအပ်ပြီး အကျိုးအမြတ် အလွန်တရာ ကြီးမားလှသော လုပ်ငန်းတစ်ခု ဖြစ်၏။ အကယ်၍ အသိဉာဏ်ရှိ သက်ရှိများ ရှိနေသည့် ပိုင်ရှင်မဲ့ ဂြိုဟ်တစ်လုံးကိုသာ ရှာဖွေတွေ့ရှိသွားပါက ဤအရောင်းအဝယ်တစ်ခုတည်းနှင့်ပင် သူတို့အား ဘဝပေါင်းများစွာ စည်းစိမ်ယစ်ကာ နေထိုင်သွားစေနိုင်ရန် လုံလောက်ပေသည်။

"ကပ္ပတိန်… ကျွန်တော်တို့ အခု တိုက်တော့မလား"

ထိုကပ္ပတိန်တွင် မီးလျှံကဲ့သို့ ရဲရဲနီနေသော ဆံပင်တိုများ ရှိပြီး ပါးစပ်တွင် ဆေးတံတစ်ချောင်းကို ခဲထားသည်။ သူ့ မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းတစ်ချက် လက်သွားပြီး လှောင်ပြုံးပြုံးကာ စကားဆိုလိုက်၏။

"ဒီ အော်ရီကယ် သက်ရှိတွေက ငါတို့ကြားက ကွာဟချက်ကို အခုထက်ထိ သဘောမပေါက်သေးဘူး ထင်တယ်။ ကောင်းပြီလေ… ဒါဆိုရင်လည်း တိုက်ခိုက်ကြတာပေါ့။ သူတို့ကို ခုခံဖို့ ကြိုးစားတာက ဘာမှအသုံးမဝင်ဘူးဆိုတာ သိအောင် လုပ်ပေးလိုက်စမ်း။ အော်ရီကယ် သက်ရှိတွေ အများကြီး မသေစေနဲ့ဦး။ ဒီကောင်တွေက ငါတို့ရဲ့ ကျွန်တွေပဲ။ တစ်ယောက်ချင်းစီက ငါတို့အတွက် ရွှေပုံငွေပုံတွေပဲကွ"

"ဟုတ်ကဲ့ပါ ကပ္ပတိန်"

ထို့နောက် အာကာသယာဉ် အစင်းရာချီက အမြောက်များကို အောက်ရှိ ဂြိုဟ်ထံသို့ ဦးတည်ချိန်ရွယ်လိုက်ကြတော့သည်။

ဝုန်း… ဝုန်း… ဝုန်း…

မရေမတွက်နိုင်သော အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်သွားသည်။ ချက်ချင်းဆိုသလို ထိုဂြိုဟ်ကြီးတစ်ခုလုံး တုန်ယင်သွား၏။ မြေပြင်ပေါ်တွင်မူ အော်ရီကယ် သက်ရှိတို့၏ မရေမတွက်သော တိုက်ပွဲဝင်ယာဉ်များ ပေါက်ကွဲပျက်စီးသွားသည်။

အော်ရီကယ် သက်ရှိပေါင်း တစ်သန်းနီးပါးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရသည်။ ဤသည်ကား စစ်ပွဲတစ်ခု မဟုတ်ပေား။ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသာ ဖြစ်ပေသည်။

ဝှစ်…

ထိုဂြိုဟ်ထံသို့ လူရိပ်တစ်ခု တိတ်တဆိတ် ချဉ်းကပ်သွား၏။

အာကာသယာဉ်က အလွန်တရာ ကြီးမားလှပြီး သိသာလွန်းသဖြင့် လင်းဖုန်း အာကာသယာဉ်အတွင်းမှ တိုက်ရိုက် ထွက်ခွာလာခဲ့ပြီး သူ၏ ရုပ်ခန္ဓာသက်သက်ဖြင့် စကြဝဠာအတွင်း ဖြတ်သန်းလာခြင်း ဖြစ်သည်။

သူ ထိုဂြိုဟ်ထံသို့ ချဉ်းကပ်သွားစဉ် မြေပြင်ပေါ်၌ ဖြစ်ပျက်နေသော အနိဋ္ဌာရုံ မြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။ ထိုဂြိုဟ်ပေါ်ရှိ တိုက်ပွဲဝင်ယာဉ်များက စကြဝဠာအတွင်းသို့ပင် ပျံသန်းနိုင်စွမ်း မရှိကြပေ။ ဂြိုဟ်အတွင်း၌သာ ပျံသန်းနိုင်ကြခြင်း ဖြစ်သည်။ ထိုသက်ရှိများအနေဖြင့် ဤမျှ အဆင့်မြင့်လှသော တိုက်ပွဲဝင်အာကာသယာဉ် အစင်းရာချီကို မည်သို့လျှင် ခုခံနိုင်ပါမည်နည်း။

"လောင်ဘီသမ်… ဒီအာကာသယာဉ်တွေက ဘယ်လောက်အထိ အဆင့်မြင့်လဲ"

"ဒါတွေက တိုက်ပွဲဝင်အာကာသယာဉ်တွေပဲ။ တကယ်တန်းဆို ကျွန်တော့်ရဲ့ အာကာသယာဉ်နဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ အဲ့ဒီယာဉ်တွေက စွမ်းအားပြင်း အမြောက်တွေ တပ်ထားတဲ့ တိုက်ပွဲဝင်ယာဉ်စစ်စစ်တွေပဲ။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု ငါးကြိမ်ပြုထားတဲ့ သက်ရှိတွေတောင်မှ ဒီတိုက်ပွဲဝင် အာကာသယာဉ်အုပ်စုကို ယှဉ်နိုင်မှာ မဟုတ်ဘူး" လောင်ဘီသမ်၏ လေသံက အနည်းငယ် လေးနက်နေသည်။

"အဲ့လောက်တောင် အားကောင်းတာလား။ အဲ့ကောင်တွေက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီဂြိုဟ်ကို ဖျက်ဆီးပစ်ဖို့လား"

"မဟုတ်ပါဘူး… သူတို့က ဒီဂြိုဟ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။ ကျွန်တော် အထင်မမှားဘူးဆိုရင် ဒီအာကာသယာဉ်စုက စကြဝဠာထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျွန်ဖမ်းသမားတွေပဲ ဖြစ်ရမယ်။ ဒီကောင်တွေက ကုန်သည်အသင်းတစ်ခုခုက ကျွန်ဖမ်းအဖွဲ့ပဲ ဖြစ်ရမယ်။ အဲ့ကောင်တွေက စကြဝဠာထဲက ပိုင်ရှင်မဲ့ ဂြိုဟ်တွေကို ရှာပြီးတော့ အဲဒီက အသိဉာဏ်ရှိတဲ့ သက်ရှိတွေကို ဖမ်းဆီးတယ်။ ပြီးတာနဲ့ စကြဝဠာထဲမှာရှိတဲ့ ကျွန်ဝယ်တဲ့သူ တစ်ယောက်ယောက်ဆီပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေဆီပဲဖြစ်ဖြစ် ပြန်ရောင်းတယ်"

"ကျွန်တွေ ဟုတ်လား"

"ဟုတ်တယ်… ကျွန်တွေပဲ။ စကြဝဠာထဲမှာ ကျွန်ကုန်သည်တွေက ဝါးမျိုသက်ရှိတွေပြီးရင် ဒုတိယမြောက် နာမည်အဆိုးဆုံးပဲ။ ဝါးမျိုသက်ရှိတွေက သူတို့ရဲ့ မွေးရာပါ စိတ်အလိုအတိုင်း စွမ်းအင်ရှိတဲ့ ဂြိုဟ်တွေ အကုန်လုံးကို ဝါးမြိုပစ်တတ်ကြတာ။ အဲ့ကောင်တွေက ဘာမှချန်မထားတဲ့ ကျိုင်းကောင်တွေလိုပဲ။ အဲ့ကောင်တွေ ဖြတ်သွားတဲ့ နေရာတိုင်း ပြာတောင် မကျန်ဘူး"

"တစ်ဖက်မှာကျတော့ ကျွန်ဖမ်းသမားတွေက စကြဝဠာထဲမှာရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီချက်တွေကို လုံးဝ မလိုက်နာကြဘူး။ ကျွန်အရောင်းအဝယ်တွေက အရမ်းကို ရက်စက်လွန်းတယ်။ အခုလို ပိုင်ရှင်မဲ့ ဂြိုဟ်တစ်လုံးအတွက်ဆို ပိုဆိုးတာပေါ့။ သိုင်းပညာစွမ်းအား လုံလုံလောက်လောက်သာ မရှိရင် ကျွန်ဖြစ်ရမယ့် ကံကြမ္မာကနေ လွတ်မြောက်ဖို့က သဘာဝအတိုင်း အရမ်းကို ခက်ပါတယ်"

လောင်ဘီသမ်လည်း ဤကဲ့သို့ ကျွန်ဖမ်းအဖွဲ့များကို အလွန်တရာ ရွံရှာမုန်းတီးကြောင်း ထင်ရှားလှသည်။

လင်းဖုန်းက အောက်ရှိ ဂြိုဟ်ပေါ်မှ အသိဉာဏ်ရှိသော သက်ရှိများကို လှမ်းကြည့်လိုက်သည်။ ထိုသက်ရှိများက လူသားများနှင့် ပုံစံတူသော်လည်း အရပ် ပိုရှည်ကြပြီး နားရွက်ရှည်တစ်စုံလည်း ရှိသည်။

လက်ရှိအချိန်တွင် သက်ရှိတိုင်း ဝမ်းနည်းပူဆွေးမှုများ မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နှက်နေကြ၏။

ဤဂြိုဟ်က နည်းပညာယဉ်ကျေးမှုစစ်စစ်တစ်ခု ထွန်းကားရာ ဖြစ်ပေမည်။ သို့သော်လည်း ၎င်း၏ နည်းပညာအဆင့်အတန်းက အလွန်တရာ နိမ့်ပါးလွန်းလှသဖြင့် စကြဝဠာအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိချေ။ လက်နက်တပ် တိုက်ပွဲဝင်အာကာသယာဉ် အစင်းရာချီနှင့် ရင်ဆိုင်ရချိန်တွင် ဤဂြိုဟ်ဇာတိ သက်ရှိများအနေဖြင့် သဘာဝအတိုင်းပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ဤဂြိုဟ်ကို မဆိုထားနှင့် မြေကမ္ဘာဂြိုဟ်ဆိုလျှင်လည်း မလွယ်လှချေ။ လင်းဖုန်း သူ၏ မိခင်ဂြိုဟ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ မိခင်ဂြိုဟ်၏ အလုံးစွမ်းအားအရ သူသာ မရှိခဲ့လျှင် သို့တည်းမဟုတ် အကာအရံကြီးသာ မရှိခဲ့လျှင် ဤကျွန်ဖမ်းအဖွဲ့နှင့် ရင်ဆိုင်ရချိန်တွင် မိခင်ဂြိုဟ်သည်လည်း ဤဂြိုဟ်ထက် ထူးပြီး ကောင်းမွန်နေလိမ့်မည် မဟုတ်ကြောင်း သဘောပေါက်လိုက်၏။

လမ်းကြောင်းကို အတည်ပြုပြီးနောက် လောင်ဘီသမ်က သူ၏ မိခင်ဂြိုဟ်နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ဖျက်ပစ်ချင်နေရသည်မှာ မဆန်းတော့ချေ။ သူ၏ မိခင်ဂြိုဟ်က စကြဝဠာကြီးအတွင်း၌ အလွန်တရာ အားနည်းလွန်းနေသေးပြီး ယခုထက်ထိ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိသေးချေ။

လင်းဖုန်း မျက်မှောင်ကြုတ်သွားကာ သူ့အကြည့်များက အနည်းငယ် အေးစက်လာသည်။ သူ ကိုယ့်ကိုယ်ကို သူတော်စင် သူတော်ကောင်းတစ်ဦးအဖြစ် သတ်မှတ်ထားခြင်း မရှိချေ။ သူ၏ အကျိုးစီးပွားကို လာရောက်ထိပါးသူများကို မည်သည့်အကြောင်းနှင့်မျှ ကရုဏာသက်လိမ့်မည် မဟုတ်ချေ။ သူလည်း လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။

သို့သော်လည်း အကျိုးအမြတ် အနည်းငယ်အတွက်နှင့် အပြစ်မဲ့သော အသိဉာဏ်ရှိ သက်ရှိပေါင်းများစွာကို ယခုကဲ့သို့ စိတ်ရှိသလို ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကိုမူ လင်းဖုန်း မျက်ကွယ်ပြုမထားနိုင်ချေ။

ဝှစ်…

ရုတ်တရက် လင်းဖုန်းတစ်ယောက် လျှပ်ပြတ်သည့်အလား လှုပ်ရှားသွားသည်။ သူ အာကာသသင်္ဘောများဆီသို့ ဦးတည်ပျံသန်သွားတော့၏။

......

"အာ… သက်ရှိတစ်ယောက် ချဉ်းကပ်လာနေတယ်"

"သက်ရှိ ဟုတ်လား။ ပုံရိပ်ကို ချဲ့လိုက်စမ်း"

ကျွန်ဖမ်းအဖွဲ့၏ ကပ္ပတိန်က စောင့်ကြည့်ရေးမျက်နှာပြင်ထက်၌ သက်ရှိတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် ထိုသက်ရှိ၏ သွင်ပြင်အရ ယင်းက သူတို့နှင့် ပုံစံတူ ဖြစ်၏။ သို့သော်လည်း ထိုပုဂ္ဂိုလ်က ရုပ်ခန္ဓာသက်သက်ဖြင့် စကြဝဠာကို မည်သို့လျှင် ဖြတ်သန်းလာနိုင်သနည်း။

ယင်းက သေချာပေါက် ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်။

"ဒါက ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ကို ချက်ချင်း ထောက်လှမ်းပြီး အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်း အဆင့်ကို ဆုံးဖြတ်လိုက်စမ်း"

ရိုယာအင်ပါယာကို အဆင့်မြင့် ယဉ်ကျေးမှုတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ယင်းက နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်သည့်တိုင် ကျင့်ကြံခြင်းယဉ်ကျေးမှုများစွာနှင့် ထိတွေ့ဆက်ဆံဖူးသည်။ ထို့ကြောင့် သူတို့တွင် ကျင့်ကြံသူများကို အကဲဖြတ်နိုင်သော နည်းလမ်းများ သဘာဝအတိုင်း ရှိနေခဲ့၏။

"စစ်ဆေးမှု ပြီးပါပြီ။ အကဲဖြတ်ချက်တွေအရ တစ်ဖက်သူက အသက်ဝိညာဉ် လေးကြိမ် အသွင်ပြောင်းလဲထားတဲ့ သက်ရှိတစ်ယောက် ဖြစ်ပါတယ်"

"အသက်ဝိညာဥ် လေးကြိမ် အသွင်ပြောင်းလဲထားတာ ဟုတ်လား"

ထိုစကားကိုကြားမှသာ ကပ္ပတိန် သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။ အသက်ဝိညာဥ် လေးကြိမ် အသွင်ပြောင်းလဲထားခြင်းက အလွန်တရာ အားကောင်းလှသည် ဖြစ်သော်လည်း သူတို့ အာကာသယာဉ်စုနှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်ချေ။

"သူ ဘယ်သူပဲဖြစ်ဖြစ် အခုလိုအချိန်မျိုးမှာ ငါတို့ဆီ ချဉ်းကပ်လာတာကတော့ ရည်ရွယ်ချက်ကောင်း မရှိနိုင်ဘူး။ သူ့ကို ပင်မအမြောက်နဲ့ ပစ်မှတ်ထားပြီး သတ်ပစ်လိုက်"

ကျွန်ဖမ်းသမားများ ဖြစ်ကြသည့်အတိုင်း သူတို့က ရိုယာအင်ပါယာ အတွင်း၌ပင်လျှင် အလွန်တရာ ရက်စက်ကြမ်းတမ်းကြသည်။ ယခုကဲ့သို့ ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း ရောက်ရှိနေချိန်တွင်မူ အသက်ဝိညာဥ် လေးကြိမ်သာ အသွင်ပြောင်းလဲထားသော သာမန်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်အတွက် သူတို့အနေဖြင့် မည်သည့်တွန့်ဆုတ်မှုမျှ ရှိနေမည် မဟုတ်ချေ။

ထို့ကြောင့် ပင်မအမြောက်ကြီးကို လင်းဖုန်းထံသို့ ချက်ချင်း ဦးတည်ချိန်ရွယ်လိုက်ကြတော့သည်။

"လင်းဖုန်း… ပြေးတော့။ သူတို့ရဲ့ ပင်မအမြောက်က မင်းကို ပစ်မှတ်ထားနေပြီ"

လောင်ဘီသမ်က တစ်ခုခုကို ခံစားလိုက်ရပြီး လင်းဖုန်းကို အလျင်အမြန် သတိပေးလိုက်သည်။

လင်းဖုန်း၏ မျက်နှာအမူအရာက အေးစက်သွား၏။ ကျွန်ဖမ်းသမားများ ဆိုသည့်အတိုင်း အမှားအမှန် အကောင်းအဆိုး မခွဲခြားဘဲ စိတ်ရှိသလို သတ်ဖြတ်ကြသည်။ သို့ဆိုလျှင် သူလည်း ညှာတာနေတော့မည် မဟုတ်ချေ။

သာမန် တိုက်ပွဲဝင်အာကာသယာဉ်များကို ရင်ဆိုင်ရန်အတွက်မူ သူ တိုက်ပွဲဝင်ခန္ဓာကိုယ်နှင့် ဖျက်ဆီးခြင်းလှံတံကိုပင် သုံးစရာ မလိုချေ။

"ပျက်စီးစမ်း…"

လင်းဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ သူ့မျက်ဝန်းများက ရေခဲတောင်အလား အလွန်တရာ အေးစက်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စကြဝဠာအတွင်း၌ မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်းစွမ်းအားက ကြီးကျယ်ခမ်းနားစွာ ဖြန့်ကြက်တိုက်ခတ်သွားပြီး အာကာသယာဉ် အစင်းရာချီကို လွှမ်းခြုံသွားတော့သည်။

"ဒါ… ဒါက နိယာမလား။ အသက်ဝိညာဥ် လေးကြိမ်ပဲ အသွင်ပြောင်းထားတဲ့ သာမန်သက်ရှိတစ်ယောက်က ဘယ်လိုလုပ်ပြီး ဂြိုဟ်အဆင့် နိယာမကို နားလည်သဘောပေါက်နိုင်တာလဲ"

ကပ္ပတိန်က သဘာဝအတိုင်း ဗဟုသုတ ကြွယ်ဝလှသူ ဖြစ်သည်။ ဂြိုဟ်အဆင့်နိယာမ ရှိနေသူတို့ကို အတိုင်းအတာတစ်ခုအထိ ဂြိုဟ်အဆင့် သက်ရှိတစ်ခုအဖြစ် သတ်မှတ်နိုင်၏။ အားအနည်းဆုံး ဂြိုဟ်အဆင့် သက်ရှိတစ်ခုသည်ပင် ကြီးမြတ်လှသော မဟာသက်ရှိ မဟုတ်ပါလား။

အကယ်၍ လင်းဖုန်းတွင်သာ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နှင့် ညီမျှသည့် စွမ်းအားများ ရှိနေကြောင်း ကြိုသိခဲ့လျှင် ထိုကပ္ပတိန်အနေဖြင့် မည်မျှပင် ရဲတင်းနေပါစေ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ကို သွားရောက်စော်ကားရဲလိမ့်မည် မဟုတ်ချေ။

"မလုပ်ပါနဲ့… မလုပ်ပါနဲ့…"

ကံဆိုးစွာဖြင့် စကြဝဠာအတွင်း၌ နောင်တရခြင်းအတွက် ကုထုံးမရှိချေ။ ဖျက်ဆီးခြင်းမုန်တိုင်းက အာကာသယာဉ် အစင်းရာချီကို ဖြတ်သန်းတိုက်ခတ်သွားသည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အဆင့်မြင့် တိုက်ပွဲဝင်အာကာသယာဉ် အစင်းရာချီမှာ ဖျက်ဆီးခြင်းမုန်တိုင်းကြောင့် ချက်ချင်း တိုက်စားဖျက်ဆီးခံလိုက်ရပြီး စကြဝဠာအတွင်း၌ ပြာဖြစ်ကာ လွင့်ပါးကွယ်ပျောက်သွားတော့သည်။

All Chapters