အခန်း ၃၉၀
Vol. 35 Ch. 390
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၀) - အထွတ်အမြတ်ကျိန်စာကျောက်
ဘာသာပြန် - အားသစ်
စကြဝဠာကြီးအတွင်း၌ အာကာသယာဉ် အစင်းရာချီမှာ ပြာအတိဖြစ်ကာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့လေပြီ။
ဂြိုဟ်ပေါ်ရှိ အော်ရီကယ် သက်ရှိများအားလုံး အံ့အားသင့်ကာ မှင်သက်နေခဲ့ကြသည်။ နည်းပညာဆိုင်ရာ နည်းလမ်းများမှတစ်ဆင့် သူတို့ စောစောက စကြဝဠာအတွင်း ရပ်နေခဲ့သော လူရိပ်ကို သေသေချာချာ မြင်တွေ့လိုက်ရ၏။ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် စွမ်းအားကြီးလှသော တိုက်ပွဲဝင်အာကာသယာဉ် အစင်းရာချီကို ချက်ချင်း ပျက်သုဉ်းသွားစေခဲ့သည်။
'ဒါ နတ်ဘုရားတစ်ပါးပဲ… နတ်ဘုရားတစ်ပါးပဲ ဖြစ်ရမယ်။ နတ်ဘုရားတွေကလွဲရင် ဘယ်သူကများ ဒီလောက်ထိ စွမ်းအားကြီးနိုင်မှာလဲ'
လင်းဖုန်း ထိုဂြိုဟ်အတွင်းသို့ ပျံသန်းဝင်ရောက်သွားချိန်တွင် အော်ရီကယ် သက်ရှိများအားလုံးက လင်းဖုန်းအပေါ် အလွန် ကျေးဇူးတင်နေကြပြီး ရိုသေလေးစားမှုအပြည့်ဖြင့် ဦးညွတ် အရိုအသေပြုကြသည်။ ဤသက်ရှိယဉ်ကျေးမှုက နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်သည့်တိုင် ရှေးဟောင်းဒဏ္ဍာရီ ပုံပြင်များကို ယခုအချိန်ထိ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ဆဲပင်။ ယခုလက်ရှိ လင်းဖုန်း၏ လုပ်ဆောင်ချက်က ဒဏ္ဍာရီပုံပြင်များထဲမှ နတ်ဘုရားများ၏ စွမ်းပကားနှင့် ထပ်တူထပ်မျှ ဖြစ်နေ၏။
"မင်းတို့တွေ လောလောဆယ် ဘေးကင်းသွားပါပြီ" လင်းဖုန်း သူ့စိတ်စွမ်းအားကို အသုံးပြုကာ ထိုအော်ရီကယ် သက်ရှိများ၏ စိတ်ထဲသို့ တိုက်ရိုက် ဆက်သွယ်ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ်… အရှင်နတ်ဘုရား"
လင်းဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် အရွယ်အိုအို အဘိုးကြီးတစ်ဦးက သူနှင့် စိတ်စွမ်းအားချင်း အမှန်တကယ် ဆက်သွယ်နိုင်စွမ်း ရှိနေသည်ကို သတိပြုမိလိုက်သောကြောင့်ပင်။ ထို့အပြင် ထိုအဘိုးအိုက အော်ရီကယ် သက်ရှိများကြားတွင် အလွန်တရာ မြင့်မားသည့် အဆင့်အတန်းတစ်ခု ရှိနေပုံရသည်။
"မင်းက ဘယ်သူလဲ"
"ရိုသေလေးစားအပ်တဲ့ အရှင်နတ်ဘုရားခင်ဗျာ… ကျွန်တော်က အော်ရီကယ်တွေရဲ့ ပညာရှိပါ။"
"ပညာရှိ ဟုတ်လား"
လင်းဖုန်း ထိုအဘိုးအိုကို အကဲခတ်ကြည့်လိုက်သည်။ အဘိုးအို၏ ခန္ဓာကိုယ်က အိုမင်းရင့်ရော်ကာ အားနည်းနေသော်လည်း မျက်ဝန်းများထဲတွင်မူ ဉာဏ်ပညာရောင်ဝါများ တောက်ပနေ၏။ စကြဝဠာအတွင်း၌ ယဉ်ကျေးမှုများစွာ ရှိကြသည်။ အချို့ယဉ်ကျေးမှုများတွင် ပညာရှိများ အမြဲလိုလို တည်ရှိနေတတ်ကြ၏။ ယဉ်ကျေးမှုများ တိုးတက်လာစေရန်အတွက် ထိုပညာရှိများ၏ လမ်းညွှန်ပြသမှုကို ခံယူကြရခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။
"မွန်မြတ်လှတဲ့ အရှင်နတ်ဘုရားခင်ဗျာ… ယုတ်မာကောက်ကျစ်တဲ့ ကမ္ဘာခြားသက်ရှိတွေကို နှိမ်နင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော်တို့ ရရှိထားတဲ့ အထွတ်အမြတ်ကျိန်စာကျောက်ကို အရှင်နတ်ဘုရားထံ ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်အဖြစ် ဆက်သလိုပါတယ် ဘုရား"
"အထွတ်အမြတ်ကျိန်စာကျောက် ဟုတ်လား"
.............
လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုကျောက်တုံးက ကံဆိုးခြင်းနှင့် ကျိန်စာများကို သယ်ဆောင်လာတတ်သော အထွတ်အမြတ်ကျိန်စာကျောက် ဖြစ်နေသည်ဆိုလျှင် ထိုကျောက်ကို သူ့ထံသို့ အဘယ့်ကြောင့် လက်ဆောင်အဖြစ် ပေးအပ်လိုရသနည်း။
"မွန်မြတ်လှတဲ့ အရှင်နတ်ဘုရားခင်ဗျာ… ဒီအထွတ်အမြတ်ကျိန်စာကျောက်က လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီးတော့ ကျွန်တော်တို့ ဂြိုဟ်ပေါ်ကို ရောက်လာခဲ့တာပါ။ အဲဒီကျောက်က တစ်ချိန်တုန်းက သတ်ဖြတ်မှုတွေ အကြီးအကျယ် ဖြစ်စေခဲ့တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒဏ္ဍာရီတွေအရတော့ ဒီအထွတ်အမြတ်ကျိန်စာကျောက်ကို ပိုင်ဆိုင်တဲ့သူတိုင်းက ကံဆိုးမှုတွေ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတတ်တယ်လို့ ဆိုကြပါတယ်။ ရှည်လျားတဲ့ သမိုင်းတစ်လျှောက်မှာလည်း လူပေါင်းများစွာက ဒီကျောက်တုံးကို ရပြီးတဲ့နောက် တကယ်ပဲ ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်"
"ဒါပေမဲ့ ဒီကျောက်တုံးထဲမှာ အံ့ဖွယ်စွမ်းအားတစ်ခု ရှိနေပါတယ်။ ပညာရှိဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်တောင်မှ အဲ့ဒီစွမ်းအားကို အသုံးမချနိုင်ပါဘူး။ ဒါပေမဲ့ နတ်ဘုရားတွေမှာတော့ ခမ်းနားထည်ဝါပြီး ဆန်းကြယ်လှတဲ့ စွမ်းအားတွေ ရှိကြတာမို့လို့ အရှင်နတ်ဘုရားရဲ့ လက်ထဲကို ရောက်သွားရင်တော့ ဒီအထွတ်အမြတ်ကျိန်စာကျောက်က အစစ်အမှန် အထွတ်အမြတ်ကျောက်တုံးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက အော်ရီကယ်တွေရဲ့ အဖိုးတန်ဆုံး လက်ဆောင်မွန်ပါပဲခင်ဗျာ။ အရှင်နတ်ဘုရား… ကျေးဇူးပြုပြီး လက်ခံပေးပါ"
"ငါ နားလည်ပြီ။ ဒီကျောက်တုံးကို ငါ လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ အော်ရီကယ်တွေအနေနဲ့ အခုလောလောဆယ်လောက်ပဲ ဘေးကင်းနိုင်ဦးမှာ။ စကြဝဠာကြီးထဲမှာ အန္တရာယ်တွေက အရမ်းကို များလွန်းတယ်။ ငါ မင်းတို့အတွက် စကြဝဠာကျင့်စဉ်ကျမ်းတစ်စောင် ချန်ထားခဲ့ပေးမယ်။ အနာဂတ်မှာ မင်းတို့ရဲ့ ဂြိုဟ်ပေါ်ကနေ အော်ရီကယ်တွေအားလုံးကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ကြီးမြတ်တဲ့ သက်ရှိတစ်ယောက် ထွက်ပေါ်လာနိုင်မယ်လို့ပဲ ငါ မျှော်လင့်ပါတယ်"
လင်းဖုန်းက အနည်းငယ် ကရုဏာသက်ဟန်ဖြင့် စကားဆိုလိုက်သည်။ ထို့နောက် လင်းဖုန်းက သူ၏ မိခင်ဂြိုဟ်ပေါ်တွင် ကျင့်ကြံကြသော သာမန် တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်စဉ်နည်းလမ်းကို အော်ရီကယ် သက်ရှိများထံ လက်ဆင့်ကမ်း ပေးအပ်ခဲ့ပြီး သူတို့အား ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း အနည်းငယ် ရှိစေရန် ကူညီပေးခဲ့သည်။
ဤကဲ့သို့သော တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းလမ်းက စကြဝဠာအတွင်း၌ အလွန်တရာ တွေ့ရများပေ၏။ သို့သော်လည်း ယဉ်ကျေးမှုတိုင်းက ယင်းကို ရနိုင်ခြင်းမျိုး မဟုတ်ချေ။
အော်ရီကယ် သက်ရှိများအနေဖြင့် အနာဂတ်တွင် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ဂြိုဟ်အဆင့် သက်ရှိများ မွေးထုတ်ပေးနိုင်မည်လား ဆိုသည်ကမူ လင်းဖုန်းအနေဖြင့် အတပ်မပြောနိုင်ချေ။
ထို့နောက် လင်းဖုန်း အထွတ်အမြတ်ကျိန်စာကျောက်ကို သိမ်းဆည်းလိုက်ကာ ထိုဂြိုဟ်မှ ထွက်ခွာသွားသည်။ မကြာမီ အာကာသယာဉ်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
တစတစနှင့် ဝေးကွာသွားသော အော်ရီကယ် သက်ရှိတို့၏ ဂြိုဟ်ကို လှမ်းကြည့်ရင်း လင်းဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ ရေရွတ်လိုက်၏။
"စကြဝဠာကြီးထဲမှာတော့… အားနည်းနေတာကိုက အပြစ်တရားရဲ့ အရင်းခံပဲ"
လင်းဖုန်းအနေဖြင့် လောင်ဘီသမ်နှင့် တွေ့ဆုံခဲ့ရသည်မှာ ကံကောင်းလှသည်ဟု ဆိုရမည်။ မဟုတ်ပါက ယခုလက်ရှိ လူသားယဉ်ကျေးမှုလည်း ဟိုးယခင် အချိန်ကတည်းက ပျက်စီးသွားခဲ့ပြီ ဖြစ်လိမ့်မည်။ ထိုမျှသာမက ကမ္ဘာပျက်ကပ်၏ ဧရာမသားရဲကြီးသည်ပင် ဂြိုဟ်အဆင့်သက်ရှိ ဖြစ်လာပြီး သူ၏ မိခင်ဂြိုဟ်ကို တစ်လုပ်တည်း ဝါးမြိုပစ်ခဲ့ပေလိမ့်မည်။
ဂြိုဟ်အတွင်း၌ ကြီးမားလှသော အန္တရာယ်များ ရှိနေသလို စကြဝဠာကြီးအတွင်း၌လည်း အလားတူပင်။ အကယ်၍ လင်းဖုန်းသာ ဤနေရာကို ဖြတ်သန်းမလာခဲ့ပါက အော်ရီကယ် သက်ရှိတို့၏ အမိမြေမှာ ပျက်စီးသွားရမည်ဖြစ်၏။ အော်ရီကယ် သက်ရှိများသည်လည်း မျိုးဆက်ပေါင်းများစွာ တိုင်အောင် ကျွန်များအဖြစ်သာ ရှင်သန်သွားကြရပေလိမ့်မည်။
အထွတ်အမြတ်ကျိန်စာကျောက်နှင့် ပတ်သက်၍မူ လင်းဖုန်း များစွာ အာရုံမစိုက်မိချေ။ ယင်းက အနည်းငယ် ထူးခြားဆန်းပြားသည့် ကျောက်မျက်ရတနာတစ်ခုမျှသာ ဖြစ်နိုင်သည်။ ကပ်ဆိုးအန္တရာယ်ဟု ခေါ်ဆိုသော အရာက သူ့အဖို့ ဘာမျှမဟုတ်ချေ။
လင်းဖုန်း အထွတ်အမြတ်ကျိန်စာကျောက်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော်လည်း မည်သည့်ထူးခြားမှုကိုမျှ မခံစားရချေ။ စိတ်စွမ်းအားဖြင့် စူးစမ်းလေ့လာမှုအောက်တွင်ပင် ထိုကျောက်တုံးက သာမန်ကျောက်တုံးတစ်ခုမျှသာ ဖြစ်နေခဲ့၏။
လင်းဖုန်း ကျောက်တုံးအတွင်းသို့ ကြယ်တာရာစွမ်းအားများကို ထည့်သွင်းကြည့်သော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ချေ။
ကပ်ဆိုးကျိန်စာဟု ခေါ်ဆိုရခြင်းမှာ အော်ရီကယ် သက်ရှိများကိုယ်တိုင်က သတ်မှတ်ထားသော အဓိပ္ပာယ်သက်သက်သာ ဖြစ်နိုင်သည်။ အဆုံးတွင်မူ ဤကျောက်က ဂြိုဟ်ပြင်ပမှ ရောက်ရှိလာသော အံ့ဖွယ်ကျောက်မျက်ရတနာတစ်ခု ဖြစ်နေခြင်းကြောင့် ဒဏ္ဍာရီဆန်နေခြင်းသာ ဖြစ်မည်။ ထိုကျောက်တုံး ထွက်ပေါ်လာသည်နှင့် သဘာဝအတိုင်း အငြင်းပွားမှုများနှင့် လုယက်မှုများကို ဖြစ်ပေါ်စေခဲ့ပေလိမ့်မည်။
ထို့ကြောင့် အထွတ်အမြတ်ကျိန်စာကျောက်သည် အမြဲတစေ ကပ်ဆိုးများကိုသာ သယ်ဆောင်လာတတ်သည် ဟု ယူဆကြခြင်း ဖြစ်မည်။ ဤသည်ကား အော်ရီကယ် သက်ရှိများကိုယ်တိုင်က သတ်မှတ်ထားသော ထူးခြားသည့် အဓိပ္ပာယ်သက်သက်သာ ဖြစ်၏။ လင်းဖုန်းအတွက်မူ များစွာ သက်ရောက်မှု မရှိချေ။
"လောင်ဘီသမ်… မင်း ဒီအထွတ်အမြတ်ကျိန်စာကျောက်က ဘယ်လိုမျိုး ကုန်ကြမ်းပစ္စည်းနဲ့ ပြုလုပ်ထားသလဲဆိုတာ သိလား"
လင်းဖုန်း လောင်ဘီသမ်ကို လှမ်းခေါ်ကာ မေးလိုက်သည်။
လောင်ဘီသမ်က ထိုကျောက်တုံးကို စစ်ဆေးကည့်ပြီးနောက်တွင်မူ ခေါင်းခါယမ်းကာ စကားဆိုလိုက်သည်။
"ကျွန်တော်လည်း ဒီလိုမျိုး ကုန်ကြမ်းပစ္စည်းကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက တချို့ကြယ်တာရာတွေကနေ ထွက်ပေါ်လာတဲ့ ကျောက်တုံးတစ်မျိုး ဖြစ်နိုင်ပါတယ်။ စကြဝဠာထဲမှာတော့ အမျိုးအမည် မသိရသေးတဲ့ ကုန်ကြမ်းပစ္စည်းတွေမှ မရေမတွက်နိုင်အောင် ရှိနေတာပဲ။ ကြယ်တွေ ပြိုကွဲပျက်စီးတာ၊ စကြဝဠာ ပေါက်ကွဲတာ အဲ့လိုမျိုး ဖြစ်ရပ်တွေ အားလုံးကနေ ဒြပ်စင်အသစ်အမျိုးမျိုး ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်"
လောင်ဘီသမ်ပင် ဤကဲ့သို့ ကျောက်တုံးမျိုးကို မမြင်ဖူးချေ။ လင်းဖုန်း ခဏမျှ တွေးတောလိုက်သည်။ ရုတ်တရက် သူ အထွတ်အမြတ်ကျိန်စာကျောက်ပေါ်၌ ဖျက်ဆီးခြင်းစွမ်းအား၏ အရိပ်အယောင်တချို့ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ဖျက်ဆီးခြင်းနိယာမကို ချက်ချင်း အသုံးပြုကြည့်လိုက်တော့၏။
ဝှစ်…
ဖျက်ဆီးခြင်းနိယာမက အထွတ်အမြတ်ကျိန်စာကျောက်ကို လွှမ်းခြုံသွားခဲ့သည်နှင့် ကျောက်တုံးက ချက်ချင်းပင် အနည်းငယ် တုန်ခါသွားတော့သည်။
"ဒါက ဘာလဲ…"
လင်းဖုန်း စိတ်ကူးတစ်ခု ရသွားသည်။ ထို့ကြောင့် သူ စိတ်စွမ်းအားဖြင့် အထွတ်အမြတ်ကျိန်စာကျောက်ကို အလျင်အမြန် လွှမ်းခြုံလိုက်သည်။ ချက်ချင်းဆိုသလိုပင် လင်းဖုန်း၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။ အေးစက်ကာ မှောင်မိုက်လှသော စကြဝဠာကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော ကပ်ဆိုးဖျက်ဆီးခြင်းနိယာမများက နေရာတိုင်းတွင် ရှိနေသည်။ ထိုနိယာမများက စကြဝဠာဆိုင်ရာ မဟာကပ်ဆိုးကြီးများကို ဖြစ်ပေါ်စေသော ပြင်းထန်လှသည့် မုန်တိုင်းများကို ဖန်တီးနေခဲ့ကြသည်။
ဖျက်ဆီးခြင်းနိယာမ ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်ရှိ အရာအားလုံး ပြိုကွဲပျက်စီးသွားပေလိမ့်မည်။
"ဒါက ဖျက်ဆီးခြင်းနိယာမလား"
လင်းဖုန်း အလွန်တရာ တုန်လှုပ်သွားသည်။ သူ့စိတ်ထဲတွင် ထွက်ပေါ်လာသော ထိုမြင်ကွင်းနှင့် ပတ်သက်၍ သူ ရင်းနှီးသော ခံစားချက်တစ်ခု ရရှိနေ၏။ ၎င်းအတွင်းရှိ နိယာမက ဖျက်ဆီးခြင်းနိယာမ ဖြစ်နေသည့်အလား ရှိသော်လည်း အနည်းငယ် ကွဲပြားခြားနားနေပြန်သည်။
သူ့စိတ်ထဲတွင် ထွက်ပေါ်လာသော ထိုပုံရိပ်ထဲမှ ဖျက်ဆီးခြင်းနိယာမက ပိုမိုအားကောင်းနေသည့်အလား ခံစားလိုက်ရသည်။
"ဒါက အဆင့်မြင့်နိယာမ ဖြစ်နိုင်မလား"
လင်းဖုန်းသည် ဘီမွန်၏ အမွေအနှစ်ကို ရရှိထားသူ ဖြစ်သဖြင့် နိယာမများကို နားလည်သဘောပေါက်မှု အဆင့်အတန်းချင်း ကွဲပြားခြားနားမှုများ ရှိကြောင်း သဘာဝအတိုင်း သိရှိထားသည်။ နိယာမနားလည်မှုကို အခြေခံအဆင့်၊ ဂြိုဟ်အဆင့်နှင့် ဂလက်ဆီအဆင့်ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။
ဂြိုဟ်အဆင့် နိယာမကိုလည်း အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ်ဟူ၍ ထပ်မံ ခွဲခြားထားသေးသည်။ ယင်းတို့က အဆင့်နိမ့်ဂြိုဟ်အဆင့် သက်ရှိများ၊ အဆင့်မြင့်ဂြိုဟ်အဆင့် သက်ရှိများ၊ အထွတ်အထိပ်ဂြိုဟ်အဆင့် သက်ရှိများနှင့် အသီးသီး သက်ဆိုင်ကြသည်။
ယခုလက်ရှိတွင်မူ လင်းဖုန်းက အဆင့်နိမ့်ဂြိုဟ်အဆင့် နိယာမကိုသာ နားလည်သဘောပေါက်ထားရသေးခြင်း ဖြစ်သည်။
ဤအထွတ်အမြတ်ကျိန်စာကျောက်မှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။ လင်းဖုန်းတွင် ဖျက်ဆီးခြင်းနိယာမ တစ်ခုတည်း ရှိနေခဲ့ခြင်း မဟုတ်ချေ။ သူ ဒီရေလှိုင်းနိယာမကိုလည်း နားလည်သဘောပေါက်ထားသေးသည်။ သို့သော်လည်း သူ၏ ဒီရေလှိုင်းနိယာမက အခြေခံအဆင့်သို့သာ ရောက်ရှိနေသေးခြင်း ဖြစ်၏။
ထို့ကြောင့် သူ ဒီရေလှိုင်းနိယာမကို အသုံးပြုကာ ထိုကျောက်တုံးကို လွှမ်းခြုံစေလိုက်ပြန်သည်။
ဝူး… ဝူး…
မျှော်လင့်ထားသည့်အတိုင်းပင် အထွတ်အမြတ်ကျိန်စာကျောက်က ထပ်မံတုန်ခါသွားပြန်၏။ ယခုတစ်ကြိမ်တွင်မူ လင်းဖုန်း၏ စိတ်ထဲ၌ များစွာသော ဒီရေလှိုင်းနိယာမများ ထွက်ပေါ်လာသည်။ ယင်းတို့က အလွန်တရာ ဆန်းကြယ်လှပြီး သူကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မြင်တွေ့နေရသည့်အလား ရှိနေ၏။
သို့သော်လည်း လင်းဖုန်း သူ၏ စိတ်ထဲမှ ယခုတစ်ကြိမ်တွင် မြင်တွေ့လိုက်ရသော နိယာမကိုမူ သူ ယခင်က မြင်တွေ့ခဲ့ဖူးသည်။ ယင်းက လင်းဖုန်း ဖျက်ဆီးခြင်းနိယာမကို အသုံးပြုကာ ထင်ရှားစေခဲ့ဖူးသည့် ဒီရေလှိုင်းနိယာမပင်။
ဤသည်ကား ဂြိုဟ်အဆင့်ရှိသည့် ဒီရေလှိုင်းနိယာမပင် ဖြစ်ပေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ… ဒီကျောက်တုံးက နိယာမတွေကို တကယ် ထုတ်ဖော်ပြသနိုင်တာပဲ။ ဒါ့အပြင် ပြသလိုက်တဲ့ နိယာမတွေက ကျင့်ကြံသူတစ်ယောက် နားလည်သဘောပေါက်ထားတဲ့ နိယာမတွေထက် တစ်ဆင့် ပိုပြီး မြင့်နေတယ်"
လင်းဖုန်း အတိုင်းအထက်အလွန် စိတ်လှုပ်ရှားသွားသည်။
ဤသည်ကား အမှန်တကယ်ပင် အထွတ်အမြတ်ကျောက်တုံးတစ်တုံး ဖြစ်၏။ နိယာမများကို ထုတ်ဖော်ပြသရန်က တကယ်တန်းတွင် အလွန့်အလွန် ခက်ခဲလှကြောင်း သိထားရပေမည်။ ထို့အပြင် နိယာမများကို နားလည်သဘောပေါက်ရန်ကလည်း အလွန်တရာ ခက်ခဲလှပေသည်။ တချို့အချိန်များတွင် ယင်းက ဂြိုဟ်အဆင့် သက်ရှိများအတွက် အသက်အသွင်ပြောင်းလဲခြင်းထက်ပင် ပိုမို ခက်ခဲလှပေသည်။
သို့သော်လည်း အကယ်၍ တစ်ယောက်ယောက်က ပိုမိုနက်ရှိုင်းလှသော နိယာမများကို အချိန်တိုင်း လေ့လာဆန်းစစ်နိုင်မည်ဆိုလျှင် ယင်းက နိယာမများကို နားလည်သဘောပေါက်ရန်အတွက် စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားလှသော အထောက်အကူ ဖြစ်စေပေလိမ့်မည်။