အခန်း ၃၉၁
Vol. 35 Ch. 391
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၁) - ရိုယာအင်ပါယာဂြိုဟ်
ဘာသာပြန် - အားသစ်
"ဒီအထွတ်အမြတ်ကျိန်စာကျောက်က တကယ်ပဲ ဘယ်လို ပစ္စည်းမျိုးလဲ"
လင်းဖုန်း၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေသည်။ နိယာမများကို ကောက်ချက်ချကာ ထုတ်ဖော်ပြသပေးနိုင်သည့် စွမ်းရည်က လင်းဖုန်း၏ သိနားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ အော်ရီကယ် သက်ရှိများ၏ ပြောကြားချက်အရ ဤကျောက်တုံးက ကောင်းကင်ယံမှ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ စကြဝဠာကြီးအတွင်းမှ အော်ရီကယ် သက်ရှိတို့၏ ဂြိုဟ်ပေါ်သို့ ကျရောက်လာခဲ့ခြင်း ဖြစ်ပုံရသည်။
လင်းဖုန်းအနေဖြင့် ဤအထွတ်အမြတ်ကျိန်စာကျောက်၏ မူလအစကို မသိပေ။ သို့သော်လည်း ၎င်း၏ အသုံးဝင်ပုံကိုမူ ကောင်းကောင်း နားလည်သဘောပေါက်ထားသည်။ ကြီးမြတ်လှသော ဂလက်ဆီအဆင့် သက်ရှိများပင်လျှင် ဤကျောက်တုံးကို မြင်တွေ့ပါက ရူးသွပ်သွားကြပေလိမ့်မည်။
ထို့ကြောင့် သူ ဤအကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောပြ၍မဖြစ်ချေ။ လောင်ဘီသမ်ကိုပင်လျှင် ပေးမသိနိုင်ပေ။ အကယ်၍ တစ်စုံတစ်ရာ ပေါက်ကြားသွားခဲ့ပါက လင်းဖုန်းအနေဖြင့် ဤအထွတ်အမြတ်ကျိန်စာကျောက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည် မထင်ချေ။
ထို့ကြောင့် လင်းဖုန်း အထွတ်အမြတ်ကျိန်စာကျောက်ကို သူနှင့်အတူ တိတ်တဆိတ် ယူဆောင်သိမ်းဆည်းထားလိုက်တော့သည်။ ထို့နောက် သူ အာကာသယာဉ်အတွင်း၌ ဒီရေလှိုင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမတို့ကို တဖြည်းဖြည်းချင်း ဆင်ခြင်တွေးတောကာ ကျင့်ကြံနေခဲ့သည်။ နေ့ရက်တိုင်း နက်ရှိုင်းလှသော နိယာမသဘောတရားများက သူ့ရှေ့၌ ထင်ထင်ရှားရှား ထွက်ပေါ်နေခဲ့၏။ လင်းဖုန်းအနေဖြင့် ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်မှုက ဂြိုဟ်အဆင့်သို့ ရောက်ရှိရန်အတွက် အချိန်သိပ်မကြာတော့ဟု အပြည့်အဝ ယုံကြည်သည်။
ကျယ်ပြောကာ အေးစက်လှသော စကြဝဠာကြီးက အချိန်အများစုတွင် ပြောင်းလဲခြင်းမရှိ တည်ရှိနေတတ်ရာ အလွန်တရာ ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလှသည်။
နှစ်အနည်းငယ် ထပ်မံကုန်လွန်သွားပြီးနောက်…
တစ်ရက်တွင် လောင်ဘီသမ်က လင်းဖုန်းကို လာရောက်အသိပေးသည်။
"သခင်… ကျွန်တော်တို့ ရိုယာဂလက်ဆီကို ရောက်ပါပြီ။ အခု ရိုယာအင်ပါယာဂြိုဟ်နဲ့ အလင်းနှစ်တစ်ခုထက်မနည်းတဲ့ အကွာအဝေးမှာ ရှိနေပါတယ်"
"ရောက်ပြီလား"
လင်းဖုန်း အပြင်ရှိ ကြယ်တာရာတိမ်တိုက်ကြီးကို လှမ်းကြည့်လိုက်ကာ ခပ်ပြတ်ပြတ် စကားဆိုလိုက်သည်။
"ငါ့ရဲ့ မိခင်ဂြိုဟ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ဖျက်ပစ်လိုက်။ အထူးသဖြင့် ကြယ်တာရာတွေကြား ဖြတ်သန်းသွားခဲ့တဲ့ လမ်းကြောင်းကိုပေါ့"
ကြယ်တာရာများကြား ဖြတ်သန်းသွားလာခဲ့ရာ လမ်းကြောင်းကို ဖျက်ဆီးပစ်ခြင်းကလည်း သူ၏ မိခင်ဂြိုဟ်ကို ကာကွယ်ရန်အတွက် ဖြစ်သည်။
လင်းဖုန်း မိခင်ဂြိုဟ်၏ စကြဝဠာတည်နေရာ ကိုဩဒိနိတ်များကို အလွတ်မှတ်ထားပြီးသား ဖြစ်၏။ ထိုကိုဩဒိနိတ်များ ရှိနေသရွေ့ သူ အချိန်အနည်းငယ် ဖြုန်းရမည် ဖြစ်သော်လည်း အဆုံးတွင် သူ၏ မိခင်ဂြိုဟ်ကို သေချာပေါက် ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း သူ အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ၏ မိခင်ဂြိုဟ် တည်ရှိနေခြင်းအကြောင်းကို ပေးမသိနိုင်ချေ။
လောင်ဘီသမ်က မိခင်ဂြိုဟ်နှင့် သက်ဆိုင်သော လမ်းကြောင်းအားလုံးကို ချက်ချင်းပင် ဖျက်ပစ်လိုက်တော့သည်။ ထိုမှသာ လင်းဖုန်း သက်ပြင်းတစ်ချက် အသာချလိုက်နိုင်၏။
...........
သူတို့ မိခင်ဂြိုဟ်မှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ယခု ရိုယာအင်ပါယာဂြိုဟ်သို့ ရောက်ရှိလုနီးပါး အချိန်အထိ ငါးနှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင်လမ်းကြောင်း မရှိဘဲ သက်ရှိတစ်ယောက် မည်မျှပင် မြန်ဆန်ပါစေ ကျယ်ပြောလှသော စကြဝဠာကြီး၏ အတိုင်းအတာအရ ကြယ်တာရာများကြား ကူးသန်းသွားလာရသော အကွာအဝေးက အမြဲတမ်း အလွန်တရာ ရှည်လျားလှပေ၏။
"ရိုယာအင်ပါယာဂြိုဟ်ဆီကို အရှိန်အပြည့်နဲ့ ဦးတည်သွားမယ်"
လင်းဖုန်း လောင်ဘီသမ်ကို အမိန့်ပေးလိုက်သည်။ ရိုယာအင်ပါယာဂြိုဟ်သို့ ရောက်မှသာလျှင် သူတို့အနေဖြင့် စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပြီး ဟင်းလင်းပြင်လမ်းကြောင်းမှတစ်ဆင့် ဘီမွန်ဂလက်ဆီဆီသို့ တိုက်ရိုက် ခရီးနှင်နိုင်မည် ဖြစ်သည်။
မဟုတ်ပါက အာကာသယာဉ်ကိုသာ အားကိုးနေရမည်ဆိုလျှင် အလင်းအလျင်၏ အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်ဖြင့် ပျံသန်းသည့်တိုင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာသွားပေလိမ့်မည်။ အလင်းအလျင်၏ ငါးဆဖြင့် သွားလာခြင်းအကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။
လင်းဖုန်းတစ်ယောက် အထွတ်အမြတ်ကျိန်စာကျောက်ကို အသုံးပြုကာ နိယာမများကို အစွမ်းကုန် ဆင်ခြင်တွေးတောကာ ကျင့်ကြံနေခဲ့သည်။ ဖျက်ဆီးခြင်းနိယာမဖြစ်စေ ဒီရေလှိုင်းနိယာမဖြစ်စေ ယင်းတို့နှစ်ခုစလုံး များစွာ တိုးတက်လာသည်ဟု လင်းဖုန်း ခံစားလိုက်ရ၏။
အထူးသဖြင့် ဒီရေလှိုင်းနိယာမအတွက် ပိုမိုသိသာထင်ရှားလှသည်။ သူ ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမ၏ အနှစ်သာရကို ခပ်ဝါးဝါး သိရှိနားလည်လာခဲ့ပြီ ဖြစ်သည်။ မကြာမီအချိန်အတွင်း သူ ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်နိုင်ပေတော့မည်။
ဤသည်ကား အမှန်တကယ်ပင် ဆန်းကြယ်လှပေ၏။ အကယ်၍ အထွတ်အမြတ်ကျိန်စာကျောက်သာ မရှိခဲ့လျှင် လင်းဖုန်းအနေဖြင့် နှစ်ပေါင်းရာထောင်ချီ ကြာမြင့်သည့်တိုင် ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်နိုင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။
ဂြိုဟ်အဆင့် သက်ရှိတချို့သည်ပင် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြချေ။ ဤသည်က ဂြိုဟ်အဆင့် နိယာမများသည် မည်မျှအထိ ခက်ခဲလှကြောင်း ပြသရန် လုံလောက်လှပေ၏။
တစ်လ… နှစ်လ… သုံးလ…
လင်းဖုန်းသည် အထွတ်အမြတ်ကျိန်စာကျောက်ထံမှ ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား ခံစားသိရှိနေရသည်။ နိယာမများက စက္ကန့်တိုင်း မိနစ်တိုင်း သူ့စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေပြီး သူကိုယ်တိုင် မျက်မြင်ထင်ရှား ကြုံတွေ့နေရသည့်အလား ရှိနေခဲ့သည်။ နိယာမများက စိတ်အတွေးထဲတွင်သာ ပေါ်လာသည်ဆိုသော်လည်း တကယ့်လက်တွေ့နှင့် ကွာခြားချက် မရှိချေ။
"အင်း… ဒါက ဒီရေလှိုင်းနိယာမကိုး"
လင်းဖုန်း သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ လက်ဖဝါးထက်၌ မုန်တိုင်းတစ်ခု ခပ်ရေးရေး ထွက်ပေါ်လာ၏။
ဝုန်း… ဝုန်း… ဝုန်း…
ထိုအချိန်တွင် အာကာသယာဉ် အပြင်ဘက်ရှိ စကြဝဠာအတွင်း၌ ကြောက်မက်ဖွယ်ရာ မုန်တိုင်းတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာတော့သည်။ ပြင်းထန်လှသော မုန်တိုင်းကြီးက အရှိန်အဟုန်ပြင်းပြင်း တိုက်ခတ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အာကာသယာဉ် ပတ်ပတ်လည်ရှိ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"ဒါ… မကောင်းတော့ဘူး… သခင်။ ကျွန်တော်တို့ စကြဝဠာ မုန်တိုင်းတစ်ခုနဲ့ တိုးနေပြီ"
လောင်ဘီသမ် ပျာယာခတ်သွားသည်။ ဤသည်ကား စကြဝဠာ မုန်တိုင်းတစ်ခုပင်။ အကယ်၍ အာကာသယာဉ်သာ မုန်တိုင်းအတွင်း၌ ပိတ်မိသွားခဲ့ပါက သူတို့ တကယ် ပျက်စီးခြင်းအတိ ရောက်ရပေလိမ့်မည်။
သို့သော်လည်း လင်းဖုန်းက မည်သည့်တုံ့ပြန်မှုမှ မပြုချေ။ အခြားတစ်ဖက်တွင်မူ အာကာသယာဉ်က မုန်တိုင်း၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသော်လည်း မည်သည့် ပျက်စီးဆုံးရှုံးမှုကိုမျှ မကြုံတွေ့ခဲ့ရချေ။ အာကာသယာဉ်သည် စကြဝဠာမုန်တိုင်း၏ ဗဟိုချက် မုန်တိုင်းမျက်လုံးတွင် ရှိနေခြင်းဖြစ်ပြီး ထိုမုန်တိုင်းကြီးက သူတို့အတွက် လမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးနေခဲ့သည့်အလား ရှိနေ၏။
"ဒါ… ဒါက ဒီရေလှိုင်းနိယာမလား"
လောင်ဘီသမ် သဘောပေါက်သွားသည်။ သူ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် လင်းဖုန်းက သူ့နောက်တွင် မတ်တပ်ရပ်လျက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
"သခင်… ဒါက ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမလား"
လောင်ဘီသမ် မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။
"အမှန်ပဲ… ဒါက ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမပဲ"
လင်းဖုန်း ပြုံးလျက် စကားဆိုလိုက်သည်။ သူ နောက်ဆုံးတွင် ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကို နားလည်သဘောပေါက်သွားခဲ့လေပြီ။ စိတ်ကူးတစ်ချက်ဖြင့် စကြဝဠာအတွင်း၌ အချိန်မရွေး ဒီရေလှိုင်းမုန်တိုင်းတစ်ခုကို လှုံ့ဆော်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ယင်းက လုံးဝ အနှိုင်းမဲ့ပင်။
နိယာမတရားတို့၏ စွမ်းပကားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု သတ်မှတ်နိုင်ပေ၏။
"သခင်… သခင့်… သခင့်ရဲ့ ပါရမီက တကယ့်ကို မယုံနိုင်စရာပဲ"
လောင်ဘီသမ် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေ၏။ ယခင်ကမူ သူ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် ပါရမီက သာမန်မျှသာ ဖြစ်ပြီး အဆုံး၌ အောင်မြင်မှု များများစားစား ရှိလိမ့်မည်မဟုတ်ဟု တွေးခဲ့ဖူးသည်။ လင်းဖုန်း၏ နိယာမနားလည်မှု ပါရမီက ဤမျှအထိ အားကောင်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ဤသည်ကား အလွန်တရာ အံ့ဩစရာကောင်းလှပေသည်။
လင်းဖုန်းက သူ မြင်တွေ့ခဲ့ဖူးသမျှထဲ၌ နိယာမနှင့် ပတ်သက်၍ ပါရမီအရှိဆုံး သက်ရှိတစ်ယောက် ဖြစ်ပေ၏။
နိယာမများက စကြဝဠာကြီး၏ အမှန်တရားများကို သယ်ဆောင်ထားကြခြင်း ဖြစ်သည်။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကမူ တကယ်တန်းတွင် တိုက်ပွဲဝင်စွမ်းရည်သာ ဖြစ်၏။ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကမူ သက်ရှိများ၏ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။
သက်ရှိများ၏ ဆင့်ကဲပြောင်းလဲခြင်းက စကြဝဠာကြီး၏ အမှန်တရားများနှင့် ပေါင်းစပ်သွားခဲ့ချိန်တွင်မှ ထိုသက်ရှိက လုံးဝဥဿုံ အနှိုင်းမဲ့ ဖြစ်လာပေလိမ့်မည်။
မည်သူမျှ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းသက်သက်ကိုသာ အားကိုး၍ အထွတ်အထိပ်သို့ မရောက်ရှိနိုင်ချေ။ အသက်ဝိညာဥ် အသွင်ပြောင်းလဲခြင်းကို နိယာမတရားများနှင့် ပေါင်းစပ်ပြီး ယင်းတို့နှစ်ခုစလုံး တပြိုင်နက်တည်း မြှင့်တင်နိုင်မှသာလျှင် အဆုံး၌ အထွတ်အထိပ်သို့ ရောက်ရှိပြီး အစစ်အမှန် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။
အနည်းဆုံးး လင်းဖုန်း၏ နိယာမနားလည်မှု ပါရမီကို စကြဝဠာအတွင်းရှိ ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
လောင်ဘီသမ် စိတ်လှုပ်ရှားနေရခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက် ရှိနေ၏။ သူ့အနေဖြင့် လင်းဖုန်းကို သခင်အဖြစ် အသိအမှတ်ပြုထားခဲ့ပြီးဖြစ်သည့်အတိုင်း သူ၏ ကံကြမ္မာက လင်းဖုန်းနှင့် လက်တွေ့ကျကျ ဆက်နွှယ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လင်းဖုန်းက သာမန်မျှသာ ဖြစ်နေခဲ့ပါက လောင်ဘီသမ်သည်လည်း သာမန်မျှသာ ဖြစ်နေပေလိမ့်မည်။ အကယ်၍ လင်းဖုန်းသာ အနှိုင်းမဲ့ပါရမီရှင်တစ်ဦးအဖြစ် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ပါက လောင်ဘီသမ်သည်လည်း အနာဂတ်တွင် သူနှင့်အတူ ထိပ်တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
သူတို့နှစ်ဦးစလုံးက ကောင်းတူဆိုးဖက် တွဲဆက်နေခဲ့ကြပြီ ဖြစ်သည်။
လင်းဖုန်း လောင်ဘီသမ်ကို တည်တည်ငြိမ်ငြိမ် တစ်ချက်မျှ ကြည့်လိုက်သည်။ သူ့ထံတွင် အထွတ်အမြတ်ကျိန်စာကျောက် ရှိနေသည်။ နိယာမများကို နားလည်သဘောပေါက်ခြင်းနှင့် ပတ်သက်၍ လူတစ်ယောက်၏ ပါရမီက သာမန်မျှသာ ဖြစ်နေသည့်တိုင် အထွတ်အမြတ်ကျိန်စာကျောက်၏ အကူအညီဖြင့် သူတို့၏ နိယာမနားလည်မှု ပါရမီက စကြဝဠာအတွင်းရှိ ထိပ်တန်းပါရမီရှင်များနှင့် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။
လောင်ဘီသမ်၏ မျက်ဝန်းများက တောက်ပနေ၏။ သူ့အနေဖြင့် ယခုတစ်ကြိမ် အရှင်ဘီမွန်ထံသို့ ပြန်လည်ရောက်ရှိမည့် အချိန်ကိုသာ အလွန်တရာ မျှော်လင့်နေမိတော့သည်။ သူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်သွားနိုင်တော့မည် ဖြစ်သည်။ သက်တမ်းရှည်သည့် စက်ရုပ်သက်ရှိများပင်လျှင် အချို့ အခြေအနေများတွင် သာမန်သက်ရှိများနှင့် များစွာ ကွာခြားခြင်း မရှိကြချေ။
အာကာသယာဉ်က တစ်နှစ်နီးပါးခန့် ဆက်တိုက် ပျံသန်းခဲ့သည်။ နောက်ဆုံးတွင် လင်းဖုန်း ရှေ့ခပ်လှမ်းလှမ်း၌ အလွန်တရာ ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံးကို မြင်တွေ့လိုက်ရတော့သည်။
ထိုဂြိုဟ်၏ ကြီးမားမှုကို သူ မည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ချေ။
လင်းဖုန်း အကြီးအကျယ် အံ့အားသင့်သွားသည်။ သူ့ရှေ့ရှိ ဂြိုဟ်ကြီးက သာမန်ဂြိုဟ်တစ်လုံး၏ အရွယ်အစားထက် အဆပေါင်းရာချီ ကြီးမားလှပေသည်။ ဂြိုဟ်တစ်လုံးက ဤမျှအထိ ကြီးမားနိုင်လိမ့်မည်ဟု သူ စိတ်ပင် မကူးဝံ့ခဲ့ချေ။
"သခင်… ကျွန်တော်တို့ ရိုယာအင်ပါယာဂြိုဟ်ကို ရောက်ရှိလာခဲ့ပါပြီ။ ရိုယာအင်ပါယာက ကြီးမားကျယ်ပြောလှတဲ့ ရိုယာဂလက်ဆီကို သိမ်းပိုက်ထားတဲ့ နည်းပညာယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာအဆင့်အတန်းက ကျွန်တော်တို့ စက်ရုပ်ယဉ်ကျေးမှုထက် မနိမ့်ပါဘူး"
လောင်ဘီသမ်က လင်းဖုန်းကို ရိုယာအင်ပါယာနှင့် ပတ်သက်၍ အကျဉ်းချုံး မိတ်ဆက်ပေးလိုက်သည်။
ဂလက်ဆီတစ်ခုလုံးကို ထိန်းချုပ်ထားသော ရိုယာအင်ပါယာက အလွန်တရာ အားကောင်းလှပေသည်။ ဂြိုဟ်ဖျက်အမြောက်ကဲ့သို့ လက်နက်များက သူတို့အတွက် စံလက်နက်များသာ ဖြစ်ကြ၏။ ရိုယာအင်ပါယာ ဂြိုဟ်ပေါ်တွင်မူ ဂလက်ဆီအဆင့် သက်ရှိများကိုပင် ခြိမ်းခြောက်နိုင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် လက်နက်များ ရှိနေသေးသည်။
ယင်းတို့ကား ရိုယာအင်ပါယာ၏ အစစ်အမှန် အခြေခံအုတ်မြစ်များပင်။
စကြဝဠာကြီးအတွင်း၌ ရှင်သန်နိုင်ပြီး စည်ပင်ဝပြောစွာ တိုးတက်လာနိုင်သော ယဉ်ကျေးမှုတိုင်းတွင် ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်ချည်းသာ ဖြစ်သည်။ ထိုဂြိုဟ်အဆင့် သက်ရှိများပင်လျှင် ရိုယာအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းကို ရှောင်ရှားကြရ၏။ အလွယ်တကူ လာရောက် မစော်ကားဝံ့ကြချေ။
"သွားကြစို့။ ငါတို့ ရိုယာအင်ပါယာဂြိုဟ်ထဲကို ဝင်ပြီး စွမ်းအင်တွေကို အရင်ဆုံး ဖြည့်တင်းကြမယ်။ ပြီးမှ ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်ကြတာပေါ့"
လင်းဖုန်းသည်လည်း ရိုယာအင်ပါယာနှင့် ပတ်သက်၍ အလွန်တရာ စိတ်ဝင်စားနေ၏။ ဤသည်ကား စကြဝဠာကြီးအတွင်း၌ ခြောက်နှစ်နီးပါးခန့်အတွင်း သူ မြင်တွေ့ဖူးသမျှ ပထမဆုံး အားကောင်းလှသည့် ယဉ်ကျေးမှုကြီးတစ်ခု ဖြစ်ပေသည်။