အခန်း ၃၉၂
Vol. 35 Ch. 392
ထာဝရသိုင်းတာအိုအရှင်
အခန်း (၃၉၂) - ခေါင်းခွံကုန်သည်ကြီးများအသင်း
ဘာသာပြန် - အားသစ်
ရိုယာအင်ပါယာဂြိုဟ်၏ အာကာသဆိပ်ကမ်းက အလွန်တရာ စည်ကားလှသည်။ အာကာသယာဉ်တိုင်းသည် ဆိုက်ကပ်ရန်နှင့် စာရင်းသွင်းရန်အတွက် အာကာသဆိပ်ကမ်းသို့ ဝင်ရောက်ကြရပြီး စည်းကမ်းချက်များက အလွန်တရာ တင်းကြပ်လှ၏။ သို့သော်လည်း လောင်ဘီသမ်အနေဖြင့် ဤလုပ်ငန်းစဉ်များကို အလွန်တရာ ကျွမ်းကျင်ပြီးဖြစ်သဖြင့် လင်းဖုန်းလည်း သဘာဝအတိုင်းပင် လောင်ဘီသမ်ကိုသာ အရာအားလုံး လွှဲအပ်ထားလိုက်တော့သည်။
"သခင်… ကျွန်တော်တို့ အခု အာကာသယာဉ်ပေါ်ကနေ ဆင်းလို့ရပါပြီ"
လင်းဖုန်း ခေါင်းညိတ်လိုက်ပြီး လောင်ဘီသမ်နှင့်အတူ အာကာသယာဉ်အတွင်းမှ ထွက်ခွာလာခဲ့သည်။
အာကာသယာဉ်၏ အပြင်ဘက်၊ ရိုယာအင်ပါယာဂြိုဟ်၏ လမ်းမများထက်၌ လင်းဖုန်း လူများစွာက သူ့လိုပင် စက်ရုပ်တစ်ရုပ်စီကို ဘေးတွင် ခေါ်ဆောင်လာကြကြောင်း သတိပြုမိလိုက်သည်။ ယင်းတို့၏ အသွင်အပြင်များကလည်း ဆန်းပြားလှပေသည်။ သာမန် ရိုယာလူမျိုးများက အသားအရေ၊ မျက်လုံးအရောင်နှင့် ဆံပင်အရောင် အနည်းငယ် ကွာခြားမှုမှလွဲ၍ ကျန်ရှိသော အစိတ်အပိုင်းများမှာ လူသားများနှင့် ကိုးဆယ်ရာခိုင်နှုန်းကျော် တူညီကြပေသည်။
သို့သော်ငြားလည်း ရိုယာဂြိုဟ်ပေါ်တွင် ရိုယာလူမျိုးများသာ ရှိနေကြသည် မဟုတ်ချေ။ အခြား ယဉ်ကျေးမှုမျိုးနွယ်စုများမှ လူများလည်း ရှိနေကြသေး၏။ ဥပမာအားဖြင့် မြွေဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထို့အပြင် ဦးခေါင်းနှစ်လုံးရှိသူများနှင့် အရပ်တစ်မီတာခန့်သာ ရှိသော သေးသေးညှက်ညှက် လူပုလေးများလည်း ရှိနေကြသေးသည်။
အမျိုးမျိုးသော ယဉ်ကျေးမှုများနှင့် မျိုးနွယ်စုများမှ လူများက လင်းဖုန်း၏ အမြင်ကို များစွာ ကျယ်ပြန့်သွားစေခဲ့၏။
လင်းဖုန်း ဆိပ်ကမ်းမှ လှမ်းထွက်လာသည်နှင့် ရိုယာလူငယ်တစ်ဦး သူ့ရှေ့တွင် ပေါ်လာသည်။
"ဂုဏ်သရေရှိတဲ့ ဧည့်သည်တော်ကြီး… လူကြီးမင်းက ဒီနေရာကို အပန်းဖြေဖို့ လာခဲ့တာလား"
"အရှင့်ရဲ့ ပုံစံကို ကြည့်ရတာ ကြယ်တာရာတွေကြားကူးသန်းသွားလာတဲ့ ကုန်သည်တစ်ယောက်နဲ့မတူဘူး။ ချမ်းသာတဲ့ သခင်လေးတစ်ယောက်နဲ့ ပိုတူနေတယ်။ ကျွန်တော်က ဒီရိုယာအင်ပါယာဂြိုဟ်ပေါ်မှာရှိတဲ့ နာမည်ကြီး ရှေးဟောင်းနေရာတိုင်းကို လက်ဝါးပေါ်တင်ထားသလို ကောင်းကောင်းသိပါတယ်။ အရှင် သွားချင်တဲ့နေရာတိုင်းကို ကျွန်တော် လိုက်ပို့ပေးနိုင်ပါတယ်။ စျေးနှုန်းကလည်း သင့်တင့်ပါတယ်။ စကြဝဠာစံတော်ချိန် တစ်နာရီကိုမှ စွမ်းအင်ယူနစ် ၀.၁ ပဲ ကျသင့်မှာပါ"
လင်းဖုန်း မည်သည့်တုံ့ပြန်မှုမျှ မပြုဘဲ ရှေ့သို့သာ ဆက်လက် လှမ်းလျှောက်သွားသည်။
ထိုရိုယာလူငယ်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး ချက်ချင်းပင် ဆက်လက်ပြောဆိုလိုက်သည်။
"တကယ်လို့ အရှင်က ရတနာတွေကို စုဆောင်းရတာ ဝါသနာပါတဲ့သူဆိုရင်လည်း ကျွန်တော် အရှင့်ကို ရိုယာဂြိုဟ်ပေါ်မှာရှိတဲ့ အကြီးဆုံး မှောင်ခိုစျေးကွက်ဆီကို လိုက်ပို့ပေးနိုင်ပါတယ်။ ဟဲဟဲ… အဲဒီနေရာမှာ လှပတဲ့ ကျွန်တွေကိုတောင် ဝယ်ယူနိုင်စွမ်း ရှိတာပေါ့။ ဒါ့အပြင် အဲဒီမှောင်ခိုစျေးကွက်ကို ရင်းနှီးပြီးသား ဖောက်သည်တွေပဲ ဝင်ရောက်ခွင့် ရှိတာဗျ။ မျက်နှာစိမ်းတွေဆိုရင် တစ်ယောက်တည်း အဝင်မခံပါဘူး။ တကယ်လို့ အရှင်က အဲဒီမှောင်ခိုစျေးကွက်ကို သွားချင်တယ်ဆိုရင်တော့ စကြဝဠာစံတော်ချိန် တစ်နာရီကို စွမ်းအင်ယူနစ် ၀.၅ ပဲ ကျသင့်မှာပါ"
လင်းဖုန်း အမှန်တကယ်တန်းတွင် ဤရိုယာလူသား ဘာတွေ ပြောနေသည်ကိုပင် မသိချေ။ သူက ရိုယာဘာသာစကားကို နားမလည်သဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်နေရသည်။
............
ထိုရိုယာလူသားက တစ်ခုခု ရိပ်မိသွားပုံရသည်။ သူ လင်းဖုန်းထံသို့ လက်ပတ်နာရီနှင့် ဆင်တူသော အရာတစ်ခုကို အလျင်အမြန် ကမ်းပေးလိုက်သည်။ ထို့နောက် ချက်ချင်း လင်းဖုန်း၏ စိတ်ထဲ၌ ဦးနှောက်လှိုင်းများ အတွဲလိုက် ထွက်ပေါ်လာ၏။
လင်းဖုန်း ပါးစပ်ကို ဖွင့်ကာ စကားပြောလိုက်ချိန်တွင် ရိုယာလူမျိုးတို့၏ ဘာသာစကားကို သူ တကယ် ပြောတတ်သွားပြီဖြစ်ကြောင်း နားလည်သွားသည်။
ဤသည်ကား ဦးနှောက်လှိုင်းများကို ဘာသာစကားအဖြစ် တိုက်ရိုက် ပြန်ဆိုပေးနိုင်သည့် ဘာသာပြန်ကိရိယာတစ်ခု ဖြစ်သည်။ ထိုကိရိယာအတွင်း၌ စကြဝဠာအတွင်းရှိ မရေမတွက်နိုင်သော ယဉ်ကျေးမှုများစွာ၏ ဘာသာစကားများကို မှတ်တမ်းတင်ထား၏။ ယင်းက အလွန်တရာ အသုံးဝင်လှပေသည်။
ထိုရိုယာလူသားက စောစောက ပြောခဲ့သော စကားများကို တစ်ဖန်ပြန်ပြောလိုက်သည်။
"မှောင်ခိုစျေးကွက် ဟုတ်လား"
လင်းဖုန်း မှောင်ခိုစျေးကွက်ကို စိတ်ဝင်စားခြင်း မရှိချေ။ သူ စွမ်းအင်များကိုသာ ပြန်လည်ဖြည့်တင်းလိုနေသည်။ သို့ဖြစ်ရာ သူ့ရှေ့ရှိ လူက သူ့ကို ကူညီပေးနိုင်ပေလိမ့်မည်။
"ငါ စွမ်းအင်တချို့ ဝယ်ချင်လို့။ အာကာသယာဉ်တွေမှာ သုံးတဲ့ စွမ်းအင်မျိုးပေါ့။ အဲဒါ ဘယ်နေရာမှာ ရနိုင်မလဲ မင်း သိလား" လင်းဖုန်းက ထိုရိုယာလူသားကို မေးမြန်းလိုက်သည်။
"အရှင်က စွမ်းအင်တွေ ဝယ်ချင်တာလား။ အဲဒါက လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးဗျ။ တရားဝင် လုပ်ငန်းစဉ်တွေကနေတစ်ဆင့် စွမ်းအင်တွေ ဝယ်မယ်ဆိုရင်တော့ ရိုယာအင်ပါယာ အစိုးရအဖွဲ့ဆီမှာ အရင်ဆုံး လျှောက်လွှာတင်ရပါလိမ့်မယ်။ ပြီးရင်တော့ အရှင့်ရဲ့ မူလအစ အချက်အလက်တွေကို အသေးစိတ် ထုတ်ပြရမှာဖြစ်ပြီးတော့ စစ်ဆေးမှုကိုလည်း ခံယူရပါမယ်။ နောက်ဆုံးကျမှပဲ သူတို့က အာကာသယာဉ်ကို စစ်ဆေးဖို့ လူလွှတ်မှာပါ။ အဲဒီလျှောက်လွှာ အတည်ပြုချက် ရဖို့အတွက် အနည်းဆုံး တစ်လလောက် ကြာပါတယ်။ တကယ်လို့ အရှင့်အနေနဲ့ အဲဒီအခက်အခဲတွေကို ဂရုမစိုက်ဘူးဆိုရင်တော့ တရားဝင် စွမ်းအင်ဝယ်ဖို့အတွက် လျှောက်ထားနိုင်ပါတယ်"
လင်းဖုန်း ခေါင်းခါယမ်းလိုက်သည်။ ဤသည်ကား အလွန်တရာ ရှုပ်ထွေးလွန်းလှသည်။
"ဒါထက် ပိုပြီး ရိုးရှင်းတဲ့ နည်းလမ်းရော မရှိဘူးလား"
"ရှိတာပေါ့… အဲဒါကတော့ မှောင်ခိုစျေးကွက်ကို သွားဖို့ပါပဲ။ အရှင့်မှာ ပိုက်ဆံရှိနေသရွေ့ ဘာမဆို လုပ်လို့ရတာပေါ့။ ကျွန်တော် အရှင့်ကို မှောင်ခိုစျေးကွက်ဆီကို လိုက်ပို့ပေးပါ့မယ်။ အရှင် သဘောကျတယ်ဆိုရင်တော့ ကျွန်တော့်ကို သင့်တော်တယ်ထင်တဲ့ ပမာဏတစ်ခုလောက် အခကြေးငွေအဖြစ် ပေးနိုင်ပါတယ်။ ဘယ်လိုလဲ"
ထိုရိုယာလူသားသည် လင်းဖုန်းကို ဖောက်သည်ကြီးတစ်ဦးအဖြစ် ရိပ်မိသွားခဲ့ပုံရသဖြင့် သီးသန့် အခကြေးငွေ ပမာဏကို ထည့်သွင်းပြောဆိုခြင်း မပြုတော့ချေ။ သူက အမှန်တကယ်ပင် အကဲခတ်ကောင်းပြီး လိုက်လျောညီထွေ နေတတ်သောသူ ဖြစ်သည်။
"ကောင်းပြီလေ… ငါ သဘောကျတယ်ဆိုရင်တော့ မင်းအတွက် ဆုလာဘ်က ထုံးစံအတိုင်းပဲ ကောင်းစေရမယ်" လင်းဖုန်း တည်ငြိမ်စွာ စကားဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျ။"
ထိုရိုယာလူသား၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ထွက်ပေါ်လာသည်။ သူ လင်းဖုန်းကို ခေါ်ဆောင်၍ ဆိပ်ကမ်းမှ ချက်ချင်း ထွက်ခွာသွားတော့သည်။
မှောင်ခိုစျေးကွက်ဟု ခေါ်ဆိုသော နေရာက တကယ်တန်းတွင် အမှောင်ထုထဲ၌ ရှိနေခြင်း မဟုတ်ချေ။ မြို့လယ်၌ ပွင့်ပွင့်လင်းလင်း တည်ရှိနေခြင်း ဖြစ်၏။ လင်းဖုန်း ထိုမြင်ကွင်းကြောင့် မှင်တက်သွားခဲ့ရသေးသည်။
'ဒါက မှောင်ခိုစျေးကွက်များ ဟုတ်ရဲ့လား။ အစိုးရက ပိတ်ပင်မှာကို သူတို့ မကြောက်ကြဘူးလား'
လင်းဖုန်း၏ ဇဝေဇဝါ ဖြစ်နေမှုကို ရိပ်မိလိုက်သည့်အလား ဘာတော့ဟုခေါ်သော ရိုယာလူငယ် လမ်းပြလေးက ပြုံးလျက် စကားဆိုလိုက်သည်။
"ဒီမှောင်ခိုစျေးကွက်ရဲ့ ပိုင်ရှင်က ခေါင်းခွံကုန်သည်ကြီးများအသင်းကလေ။ ခေါင်းခွံကုန်သည်ကြီးများအသင်းက ဆိပ်ကမ်းဧရိယာထဲမှာ အကြီးဆုံး အဖွဲ့အစည်းတွေထဲက တစ်ခုပေါ့။ ဘယ်သူမှ ဒီမှောင်ခိုစျေးကွက်ကို လာပြီးတော့ စုံစမ်းစစ်ဆေးရဲမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အရှင့်အနေနဲ့ ဒီနေရာမှာ အရောင်းအဝယ်လုပ်ရတာ စိုးရိမ်စရာ မရှိပါဘူး"
ဘာတော့က လင်းဖုန်းကို ခေါ်ဆောင်ကာ မှောင်ခိုစျေးကွက်အတွင်းရှိ စွမ်းအင်ဆိုင်တစ်ခုသို့ ဝင်ရောက်သွားသည်။ ဆိုင်အတွင်း၌ အမျိုးမျိုးသော စွမ်းအင်များကို ပြသထားသည်။ လောင်ဘီသမ်၏ မိတ်ဆက်ပေးမှုကြောင့် လင်းဖုန်း ဘာဝယ်ရမည်ကို သဘာဝအတိုင်း သိရှိထားသည်။
သို့သော်လည်း ဤစွမ်းအင်တုံးများ၏ စျေးနှုန်းနှင့် ပတ်သက်၍မူ လင်းဖုန်း အလွန်တရာ ရှက်ကိုးရှက်ကန်း ဖြစ်ရမည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်လိုက်ရတော့သည်။ သူ့တွင် ပိုက်ဆံမရှိချေ။
မှန်ပေ၏။ သူ့ထံတွင် ပိုက်ဆံမရှိချေ။ လင်းဖုန်းအနေဖြင့် မိခင်ဂြိုဟ်ပေါ်၌ ပိုက်ဆံကို အသုံးမပြုခဲ့ရသည်မှာ မည်မျှပင် ကြာမြင့်ခဲ့ပြီနည်း။
စကြဝဠာကြီးအတွင်း၌မူ ပိုက်ဆံမရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မဖြစ်နိုင်သလောက်ပင်။
ရိုယာအင်ပါယာ၌ အသုံးပြုသည့် စကြဝဠာသုံး ငွေကြေးက ရိုယာ၏ ငွေစက္ကူ ဖြစ်သော်လည်း စကြဝဠာအတွင်းရှိ အစစ်အမှန် ငွေကြေးမှာမူ စွမ်းအင်သာ ဖြစ်သည်။
ဥပမာအားဖြင့် ဘာတော့ ယခင်က ပြောခဲ့ဖူးသော စွမ်းအင်ယူနစ် ၀.၁ နှင့် ၀.၅ တို့မှာ စကြဝဠာသုံး ငွေကြေးများ ဖြစ်ကြသည်။ အဆုံးတွင်မူ ကျင့်ကြံခြင်း ယဉ်ကျေးမှုများရော နည်းပညာ ယဉ်ကျေးမှုများပါ နှစ်မျိုးစလုံး စွမ်းအင်ကို လိုအပ်ကြသည် မဟုတ်ပါလား။
စွမ်းအင်တစ်ယူနစ်က လင်းဖုန်း၏ မြေအောက်အပျက်အစီးနယ်မြေရှိ စွမ်းအင်ပြောင်းလဲစက်မှ ပြောင်းလဲပေးသည့် စွမ်းအင်တုံးများနှင့် အကြမ်းဖျင်းအားဖြင့် တူညီပေ၏။ စွမ်းအင်းတုံး ၁၀၀ ခန့်က စွမ်းအင်တစ်ယူနစ်နှင့် ညီမျှပေသည်။
မိခင်ဂြိုဟ်၏ နည်းပညာက အလွန်တရာ နောက်ကျကျန်နေသလို စွမ်းအင်ပြောင်းလဲနှုန်းကလည်း ထို့အတူပင်။ စွမ်းအင်တုံးတစ်ခုစီတွင် ပါဝင်သော စွမ်းအင်ပမာဏက စင်စစ်တွင် အလွန်တရာ နည်းပါးလှသည်။
လောင်ဘီသမ်၏ တွက်ချက်မှုများအရ အကယ်၍ အာကာသယာဉ်ကို အမြင့်ဆုံးအရှိန်ဖြင့် မောင်းနှင်လိုပါက ဘီမွန်ဂလက်ဆီဆီသို့ တယ်လီပို့လုပ်ဆောင်ပြီးသည့်တိုင် ဘီမွန်ဂြိုဟ်သို့ ရောက်ရှိရန်အတွက် စွမ်းအင်အမြောက်အမြား လိုနေဦးမည် ဖြစ်သည်။ မှောင်ခိုစျေးကွက်အတွင်းရှိ စျေးနှုန်းများအရ အာကာသယာဉ်အတွက် လိုအပ်သည့် စွမ်းအင်က်ု ဝယ်ယူရန်အတွက် အနည်းဆုံး စွမ်းအင်ယူနစ် ၁၀၀ ခန့် လိုအပ်ပေလိမ့်မည်။
သို့သော်လည်း ပြဿနာက လင်းဖုန်းတွင် ထိုမျှများပြားသည့် ပိုက်ဆံရှိမနေပေ။
ဤသည်ကား အနည်းငယ် ရှက်စရာ ကောင်းလှပေ၏။ လင်းဖုန်း၏ စိတ်မသက်မသာ ဖြစ်နေသော မျက်နှာထားကို မြင်တွေ့လိုက်ရချိန်တွင် ဘာတော့က လင်းဖုန်း စျေးနှုန်းကို သဘောမကျဟု ထင်မှတ်သွားခဲ့သဖြင့် အလျင်အမြန် စကားဆိုလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်ကြီး… ဒီနေရာက စျေးနှုန်းက သိပ်ကို သင့်တင့်ပြီးသားပါ။ ကျွန်တော်က အရှင့်ရဲ့ လမ်းပြဖြစ်နေလို့သာ ဆယ်ရာခိုင်နှုန်း လျှော့စျေးရတာ ဖြစ်ပါတယ်။ ဒီစျေးနှုန်းမျိုးကို မှောင်ခိုစျေးကွက်ရဲ့ တခြားဘယ်နေရာမှာမှ ရနိုင်မှာ မဟုတ်ပါဘူး"
လင်းဖုန်း ခေါင်းခါယမ်းလိုက်ပြီး စကားဆိုလိုက်သည်။
"ဒီနေရာမှာ ပစ္စည်းတွေ ပြန်ရောင်းလို့ရတဲ့ နေရာရော ရှိလား။ ငါ့မှာ ပိုက်ဆံအလုံအလောက် မရှိလို့ ပစ္စည်းတချို့ကို ပြန်ရောင်းချချင်လို့ပါ"
"ဒါကတော့ လွယ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ဘာတော့ လင်းဖုန်းကို ခေါ်ဆောင်ကာ ကုန်စုံဆိုင်တစ်ခုဆီသို့ ချက်ချင်း ဦးတည်သွားတော့သည်။
ယင်းကို ကုန်စုံဆိုင်ဟု ခေါ်သော်လည်း ထိုဆိုင်ကြီးက တကယ်တန်းတွင် အလွန်တရာ ခမ်းနားထည်ဝါလှသည်။ ဆိုင်အတွင်း၌ ကုန်ပစ္စည်းအမျိုးမျိုးကို စီစီရီရီ ပြသထား၏။ လူတစ်ယောက် စိတ်ကူးယဉ်နိုင်သမျှ အရာအားလုံးကို ဤနေရာတွင် ဝယ်ယူနိုင်သည်။
"ဘာများ အလိုရှိပါသလဲခင်ဗျာ"
"ကျွန်တော် ပစ္စည်းတချို့ ရောင်းချချင်လို့ပါ"
"ဂုဏ်သရေရှိ ဧည့်သည်တော်ကြီး… စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆိုင်မှာ စကြဝဠာထဲက ရှားပါးရတနာမျိုးစုံကို အလွတ်ရနေတဲ့ ပရော်ဖက်ရှင်နယ် ရာဖြတ်တစ်ယောက် ရှိတာမို့လို့ စျေးနှုန်းက အရမ်းမျှတပြီးတော့ ရိုးသားမှု ရှိစေရပါမယ်"
လင်းဖုန်း ခေါင်းညိတ်လိုက်သည်။ လူမိုက်တစ်ယောက်သာ ထိုစကားကို တကယ်ယုံပေလိမ့်မည်။
စင်စစ်တွင် သူ၏ ပစ္စည်းအားလုံးက မိခင်ဂြိုဟ်မှ ထွက်ရှိသော အထူးပစ္စည်းများ ဖြစ်ကြသည်။ ယင်းတို့က မည်မျှအထိ တန်ဖိုးရှိသည်ကို သူ မသိသော်လည်း သူ တတ်နိုင်သမျှ များများ ရောင်းရုံသာ ရှိတော့သည်။
ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများအားလုံး မကြာသေးမီက အလွန်တရာ ဒေါသထွက်နေကြရ၏။
သူတို့၏ ကျွန်ဖမ်းအဖွဲ့မှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့ရသည်။ သူတို့ မပျောက်ကွယ်သွားမီ အချိန်လေးတွင် ထိုကျွန်ဖမ်းအဖွဲ့က ဗီဒီယိုမှတ်တမ်းတစ်ခုကိုသာ ပြန်လည်ပေးပို့နိုင်ခဲ့၏။
"ဒီကျင့်ကြံသူက ငါတို့ကျွန်ဖမ်းအဖွဲ့ရဲ့ အာကာသယာဉ်စုတစ်ခုလုံးကို တကယ် ဖျက်ဆီးပစ်ခဲ့တာလား။ အဲ့ကောင် ငါတို့ခေါင်းခွံကုန်သည်ကြီးများအသင်းရဲ့ အာကာသယာဉ်စုကိုတောင် ဖျက်ဆီးရဲတယ်ပေါ့လေ။ အဲ့ကောင်ကို စုံစမ်းစမ်း။ ဒီလူ့ကို သေချာပေါက် ရှာတွေ့ရမယ်"
ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများ ဒေါသတကြီး ဖြစ်နေကြရသည်။ ဤသည်ကား အာကာသယာဉ်စု တစ်ခုလုံး ဖြစ်ရာ ဆုံးရှုံးမှုပမာဏက အလွန်တရာ ကြီးမားလှပေ၏။
အရေးကြီးဆုံးအချက်မှာ ထိုကျွန်ဖမ်းအဖွဲ့က သူတို့ ရှာဖွေတွေ့ရှိခဲ့သော ပိုင်ရှင်မဲ့ဂြိုဟ်၏ တည်နေရာ ကိုဩဒိနိတ်များကို ပြန်လည်မပေးပို့နိုင်ခင်မှာပင် လုံးဝဥဿုံ ပျက်စီးသွားအောင် တိုက်ခိုက်ခံလိုက်ရ၏။ ဤသည်က ခေါင်းခွံကုန်သည်ကြီးများအသင်းအတွက် သူတို့၏ ဆုံးရှုံးမှုများကို ပြန်ကာမိစေရန် အခွင့်အရေးပင် မရှိတော့ခြင်း ဖြစ်သည်။
အကယ်၍ သူတို့အနေဖြင့် ထိုပိုင်ရှင်မဲ့ဂြိုဟ်ကို သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက ဆုံးရှုံးမှုများကို ပြန်ကာမိစေနိုင်ပေလိမ့်မည်။ သို့သော်လည်း ယခုအခါတွင်မူ စကြဝဠာ တည်နေရာ ကိုဩဒိနိတ်များ အတိအကျ မရှိဘဲနှင့် ထိုပိုင်ရှင်မဲ့ဂြိုဟ်ကို ပြန်လည်ရှာဖွေရန်က လက်တွေ့တွင် မဖြစ်နိုင်တော့ချေ။
ခေါင်းခွံကုန်သည်ကြီးများအသင်းက တကယ်တန်းတွင်မူ သူတို့၏ ကျွန်ဖမ်းအဖွဲ့ကို ဖျက်ဆီးပစ်ခဲ့သော ထိုလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူကို ရှာဖွေတွေ့ရှိရန်အတွက် မျှော်လင့်ချက်များစွာ ထားရှိခြင်း မရှိချေ။ စကြဝဠာကြီးအတွင်း၌ ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိနေကြရာ ယင်းက လမ်းကြုံဖြတ်သွားဖြတ်လာ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်နိုင်ပေသည်။ ခေါင်းခွံကုန်သည်ကြီးများအသင်းက မည်မျှပင် အားကောင်းသည်ဖြစ်စေ ရိုယာအင်ပါယာဂြိုဟ်ပေါ်ရှိ အဖွဲ့အစည်းတစ်ခုသာ ဖြစ်၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသာ ရိုယာဂြိုဟ်သို့ ရောက်မလာခဲ့ပါက သူတို့အနေဖြင့် မည်သို့မျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေသော်ငြား ခေါင်းခွံကုန်သည်ကြီးများအသင်းက ဆိပ်ကမ်းဧရိယာအတွင်းသို့ ဝင်ရောက်လာသော ဂြိုဟ်ပြင်ပသက်ရှိများကို စုံစမ်းစစ်ဆေးရန် လှုပ်ရှားလိုက်ချိန်တွင် သူတို့ တစ်စုံတစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားတော့သည်။
"ဟမ်… ဒီလူက ငါတို့ကျွန်ဖမ်းအဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ ကျင့်ကြံသူ မဟုတ်ဘူးလား။ ငါတို့ရိုယာအင်ပါယာဂြိုဟ်ဆီကို တကယ် လာရဲတယ်ပေါ့လေ။ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို ချက်ချင်း လွှတ်လိုက်စမ်း"
"အဲ့ဒီလူက ဆိပ်ကမ်းဧရိယာထဲက မှောင်ခိုစျေးကွက်ဆီကို သွားတာ။ အဲဒါက ငါတို့ရဲ့ နယ်မြေပဲ။ ဒါပေမဲ့ ငါတို့အနေနဲ့ ရိုယာအင်ပါယာဂြိုဟ်ပေါ်မှာ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို သုံးလို့မရဘူးလေ"
"ဒါဆိုရင် ခေါင်းဖြတ်အဖွဲ့ကို စေလွှတ်လိုက်စမ်း။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်ကို မရရအောင် ဖမ်းလာခဲ့"
ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများအားလုံး ဒေါသတကြီး အော်ဟစ်ကြုံးဝါးနေကြသည်။