← Chapters

အခန်း ၃၉၃

Vol. 35 Ch. 393

အခန်း ၃၉၃

Vol. 35 Ch. 393

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၉၃) - ခေါင်းဖြတ်အဖွဲ့ကို ခြေမှုန်းခြင်း

ဘာသာပြန် - အားသစ်

"ဘာ… အကုန်လုံးပေါင်းမှ စွမ်းအင်ကိုးယူနစ်ပဲ တန်တာလား"

လင်းဖုန်း သူ၏ မိခင်ဂြိုဟ်မှ သယ်ဆောင်လာခဲ့သော အထူးပစ္စည်း တချို့ကို ထုတ်ရောင်းခဲ့သည်။ ကံဆိုးစွာဖြင့် ထိုအထူးပစ္စည်းများက သိပ်တန်ဖိုးမရှိကြချေ။ ယင်းတို့အားလုံးကို လဲလှယ်လိုက်ပါက စွမ်းအင်ကိုးယူနစ်သာ ရရှိနိုင်မည် ဖြစ်သည်။

စွမ်းအင်ယူနစ် ၁၀၀ ရရှိရန်အတွက်မူ အလွန်တရာ ကြီးမားလှသော ကွာဟချက်တစ်ခု ရှိနေသေး၏။

လင်းဖုန်း အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ ဤသည်ကား ပိုက်ဆံကိစ္စကြောင့် သူ ပထမဆုံးအကြိမ် အကျပ်ရိုက်ရခြင်းပင်။

တကယ်တန်းတွင် လင်းဖုန်း၏ ကိုယ်ပေါ်၌ တန်ဖိုးကြီး အရာများစွာ ရှိနေသည်။ ဥပမာအားဖြင့် မူလလက်နက်တစ်ခုဖြစ်သော ဖျက်ဆီးခြင်းလှံတံက တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်၏။ မဟုတ်လျှင်လည်း သူ မကြာသေးမီက ရရှိထားသော အထွတ်အမြတ်ကျိန်စာကျောက်ကလည်း အတူတူပင်။ အကယ်၍ တစ်ယောက်ယောက်ကသာ ထိုပစ္စည်းတို့၏ တန်ဖိုးကို သိသွားခဲ့ပါက မရေမတွက်နိုင်သော သက်ရှိများကို ရူးသွပ်သွားစေနိုင်သည်။

သို့သော်လည်း လင်းဖုန်း ဤပစ္စည်းများကို ဘယ်သောအခါမှ ရောင်းချလိမ့်မည် မဟုတ်ချေ။

"လောင်ဘီသမ်… မင်းမှာ ပိုက်ဆံရှာဖို့ နည်းလမ်းတစ်ခုခု မရှိဘူးလား။ နည်းပညာတစ်ခုခု ဖြစ်ဖြစ်ပေါ့" လင်းဖုန်း လောင်ဘီသမ်ကို ခပ်တိုးတိုး မေးမြန်းလိုက်သည်။

"နည်းပညာက ဘာမှတန်ဖိုးမရှိဘူးဗျ။ ကျွန်တော် နေထိုင်ခဲ့တဲ့ စက်ရုပ်ယဉ်ကျေးမှုက ဒီရိုယာယဉ်ကျေးမှုထက် သိပ်ပြီး အဆင့်မမြင့်ဘူးရယ်။ နည်းပညာပိုင်း အဆင့်အတန်းကွာဟချက် သိပ်မရှိဘဲနဲ့ ရောင်းချနိုင်ဖို့က အရမ်းခက်ပါတယ်" လောင်ဘီသမ်က အမှန်အတိုင်း စကားဆိုလိုက်သည်။

"လောင်ဘီသမ်… မင်း စကြဝဠာထဲမှာ အမွေအနှစ်ကို စောင့်ရှောက်ရင်းနဲ့ လှည့်သွားနေခဲ့တာပဲ။ မင်းရဲ့ သခင်ကြီးက မင်းကို တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုမှ မပေးခဲ့ဘူးလား"

"သခင်… ကျွန်ဝော့်ရဲ့ အရင်သခင်က တစ်ခါက ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ အမွေအနှစ်ကိုရတဲ့ တပည့်တွေအတွက်တော့ ဘီမွန်ဂလက်ဆီကို သွားရမယ့် လမ်းကြောင်းပေါ်က ခြေလှမ်းတိုင်းက စမ်းသပ်မှုတစ်ခုပဲတဲ့။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အမွေအနှစ်ကလွဲလို့ တခြားဘာကိုမှ သယ်ဆောင်လာခွင့် မရှိပါဘူး"

လင်းဖုန်း ခေါင်းခါယမ်းလိုက်သည်။ ဤသည်ကား အမှန်တကယ်ပင် အနည်းငယ် အကျပ်ရိုက်စရာ ဖြစ်နေသည်။

"သခင်… တကယ်တော့ သခင့်မှာ တန်ဖိုးရှိတာတစ်ခု ရှိနေသေးတာပဲ"

"ဘယ်ဟာလဲ"

......

"အော်ရီကယ် သက်ရှိတွေရဲ့ ဂြိုဟ်တည်နေရာ ကိုသြဒိနိတ်တွေပေါ့။ သခင်က အဲဒီကျွန်ဖမ်းအဖွဲ့ကို ဖျက်ဆီးပစ်ခဲ့တာဆိုတော့ လောလောဆယ်မှာ အော်ရီကယ် သက်ရှိတွေရဲ့ ဂြိုဟ်တည်နေရာ ကိုဩဒိနိတ်တွေကို ဘယ်သူမှ သိမှာမဟုတ်သေးဘူး။ ဒီအချက်အလက် တစ်ခုတည်းနဲ့တင် အရမ်းအရမ်းကို များတဲ့ စျေးနှုန်းအထိ ရနိုင်တာပေါ့"

လင်းဖုန်း သဘောပေါက်သွား၏။ အချို့သော အခြေအနေများတွင် သတင်းအချက်အလက်များသည်လည်း အရင်းအမြစ်တစ်ခု ဖြစ်၏။ အထူးသဖြင့် ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ အသိဉာဏ်ရှိ သက်ရှိများ ရှိနေသည့် ပိုင်ရှင်မဲ့ဂြိုဟ်တစ်လုံးက တန်ဖိုးမဖြတ်နိုင်သော အရာပင်။

မဟုတ်ပါက စကြဝဠာအတွင်း၌ ရှာဖွေစူးစမ်းသူများ ဤမျှအထိ များပြားနေလိမ့်မည် မဟုတ်ချေ။ ထိုသူတို့အား ရှာဖွေစူးစမ်းသူများဟု ခေါ်ဆိုရခြင်းမှာ ကြားကောင်းအောင် သုံးနှုန်းထားခြင်းသာ ဖြစ်သည်။ လက်တွေ့တွင်မူ ရှာဖွေစူးစမ်းသူအများစုက ကျွန်ဖမ်းသမားများသာ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် အသိဉာဏ်ရှိ သက်ရှိများ ရှိနေသည့် ပိုင်ရှင်မဲ့ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်နှင့် တစ်သက်စာမကသော စည်းစိမ်ချမ်းသာများကို ရရှိနိုင်ကြပေသည်။

သို့သော်လည်း လင်းဖုန်း ဤအကြံပြုချက်ကို မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ တိုက်ရိုက် ပယ်ချလိုက်သည်။ သူက အော်ရီကယ် သက်ရှိများကို တစ်ကြိမ် ကယ်တင်ခဲ့ပြီးဖြစ်သည့်အတိုင်း သူတို့အား ပြန်သစ္စာမဖောက်လိုပေ။ ထို့အပြင် အော်ရီကယ် သက်ရှိများက သူတို့၏ အဖိုးတန်လှသော အထွတ်အမြတ်ကျိန်စာကျောက်ကိုပင် သူ့ထံသို့ ပေးအပ်ခဲ့ကြသည် မဟုတ်ပါလား။

"တခြားနည်းလမ်းတွေကိုပဲ စဉ်းစားကြတာပေါ့"

လောင်ဘီသမ် အခြားမည်သည့်စကားမျှ ထပ်မဆိုတော့ချေ။ သူ့အနေဖြင့် လင်းဖုန်း သဘောတူလိမ့်မည်မဟုတ်ကြောင်း သိထားသည်။ သူ့တာဝန်က အကြံပြုချက်များ ပေးရန်သာဖြစ်ပြီး အဆုံးသတ် ဆုံးဖြတ်ချက်ကမူ လင်းဖုန်းအပေါ်၌သာ မှီတည်နေခြင်း ဖြစ်သည်။

"ဟမ်…"

ရုတ်တရက် လင်းဖုန်း မှောင်ခိုစျေးကွက်အတွင်း၌ ခပ်ညံညံ လှုပ်ရှားသံများ ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်။ အဝေးတစ်နေရာဆီမှ ဆူညံလှသော ခြေသံအမြောက်အမြား ထွက်ပေါ်လာပုံရသည်။

"ဘာတွေ ဖြစ်နေတာလဲ"

လင်းဖုန်းက ထုံးစံအတိုင်း ဘာတော့ကို လှမ်းကြည့်လိုက်သည်။

စင်စစ်တွင်မူ ဘာတော့တစ်ယောက် လင်းဖုန်းကို မှောင်ခိုစျေးကွက်ဆီသို့ ခေါ်ဆောင်လာခဲ့မိခြင်းအတွက် စတင်နောင်တရနေခဲ့လေပြီ။ သူ မူလက လင်းဖုန်းအား ချမ်းသာသော ဖောက်သည်ကြီးတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း အဆုံးတွင်မူ လင်းဖုန်းက ဆင်းရဲသားတစ်ဦးသာ ဖြစ်နေခဲ့သည်။ သူ သယ်ဆောင်လာသော ပစ္စည်းများ အားလုံးပေါင်းမှ စွမ်းအင်ကိုးယူနစ်သာ တန်ဖိုးရှိသည်။

သူ လင်းဖုန်းကို အဆုံးအထိ ကျေနပ်အောင် ကူညီပေးခဲ့သည့်တိုင် အဆုံးတွင်မူ အခကြေးငွေ များများစားစား ရလိမ့်မည် မဟုတ်ချေ။

သို့သော်ငြားလည်း ဘာတော့က ယခုထက်ထိ ကျွမ်းကျင်မှု ရှိဆဲပင်။ သူက ပြုံးလျက် စကားဆိုလိုက်သည်။

"ဘာမှမဟုတ်ပါဘူးခင်ဗျာ။ သူတို့က မှောင်ခိုစျေးကွက်ရဲ့ စီမံခန့်ခွဲရေး ဝန်ထမ်းတွေပဲ ဖြစ်ရမယ်။ ဒီမှောင်ခိုစျေးကွက်ကို ခေါင်းခွံကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားတာ ဖြစ်ပြီးတော့ သူတို့က မှောင်ခိုစျေးကွက်ရဲ့ စည်းစနစ်ကျမှုကို ထိန်းသိမ်းဖို့အတွက် လူလွှတ်ထားတာ ဖြစ်ပါတယ်။ မဟုတ်ရင် မှောင်ခိုစျေးကွက်က ဒီလောက်အထိ ဘေးကင်းနေမှာ မဟုတ်ဘူးလေ"

"ခေါင်းခွံကုန်သည်ကြီးများအသင်း ဟုတ်လား"

လင်းဖုန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူ၏ စိတ်စွမ်းအားဖြင့် ရှေ့ဘက်၌ ဆန်းပြားသော ဝတ်စုံများ ဝတ်ဆင်ထားသည့် လူများစွာကို ခံစားသိရှိလိုက်ရသည်။ ထိုသူတို့၏ ကိုယ်ပေါ်၌ ကြီးမားလှသော ဦးခေါင်းခွံသင်္ကေတတစ်ခု ရှိနေကြသည်။

ထိုသင်္ကေတကို မြင်တွေ့လိုက်ရချိန်တွင် လင်းဖုန်း၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု လျှပ်တစ်ပြတ် ပေါ်လာသည်။ ယင်းက သူ လွန်ခဲ့သော အချိန်က ဖျက်ဆီးပစ်ခဲ့သည့် ကျွန်ဖမ်းအဖွဲ့၏ အာကာသယာဉ်စု ဖြစ်သည်။ ထိုတိုက်ပွဲဝင် အာကာသယာဉ်များထက်၌လည်း ဤကဲ့သို့ ကြီးမားလှသည့် ဦးခေါင်းခွံသင်္ကေတ ရှိနေခဲ့သည်။

"သခင်… ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီ"

လောင်ဘီသမ်လည်း ထို့အတူ စိုးရိမ်ပူပန်သွားသည်။

ထိုလူများက လက်နက်အပြည့်အစုံ တပ်ဆင်ထားကြပြီး လင်းဖုန်းကို ချက်ချင်း ဝိုင်းရံပိတ်ဆို့လိုက်ကြတော့သည်။ ဘာတော့ကမူ မှင်သက်သွား၏။ သူ အစွမ်းကုန် ရှင်းပြရန် ကြိုးစားခဲ့သော်လည်း ဝတ်စုံထက်၌ ဦးခေါင်းခွံသင်္ကေတရှိသော လူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတော့သည်။

"မင်းက ငါတို့ရဲ့ ကျွန်ဖမ်းအဖွဲ့တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ ကျင့်ကြံသူ မဟုတ်လား"

လင်းဖုန်း ထိုလူများကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။

ထူးလှဆန်းလှ၏။ ထိုသူတို့၏ ကိုယ်ပေါ်တွင် စွမ်းအင်ပမာဏ ကြီးကြီးမားမား ရှိမနေသော်လည်း သူတို့၏ လက်ထဲရှိ လက်နက်များကမူ လင်းဖုန်းကို ခြိမ်းခြောက်မှု ခံစားချက်တစ်ခု ခပ်ရေးရေး ပေးစွမ်းနေခသည်။ သို့သော်လည်း ယင်းက အနည်းငယ်မျှသာ ဖြစ်၏။

သူ တစ်ဖက်သူများ၏ တိုက်ပွဲဝင် အာကာသယာဉ်စု တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ခဲ့ရာ ဤလူများကိုမူ ပြောနေရန်ပင် မလိုတော့ချေ။

"အော်… ဒါဆိုရင် အဲဒီကျွန်ဖမ်းအဖွဲ့က မင်းတို့ ခေါင်းခွံကုန်သည်ကြီးများအသင်းနဲ့ ဆိုင်နေတာကိုး"

ထိုသို့ ပြောဆိုလိုက်ခြင်းဖြင့် လင်းဖုန်းက သူကိုယ်တိုင် ကျွန်ဖမ်းအဖွဲ့ကို ဖျက်ဆီးခဲ့သူ ဖြစ်ကြောင်း ဝန်ခံလိုက်သည်။

နှစ်ဖက်အကြားရှိ လေထုက ချက်ချင်း တင်းမာသွားတော့၏။

"မင်းက တကယ့်ကို ရဲတင်းလှချေလားကွ။ ငါတို့ခေါင်းခွံကုန်သည်ကြီးများအသင်းရဲ့ အာကာသယာဉ်စုကို ဖျက်ဆီးပစ်ခဲ့ပြီးတော့ ရိုယာအင်ပါယာဂြိုဟ်ဆီကိုတောင် လာရဲသေးတယ်ပေါ့လေ။ မင်း အဲဒီဂြိုဟ်ရဲ့ စကြဝဠာတည်နေရာ ကိုဩုဒိနိတ်တွေကို အမှန်အတိုင်း ပြောပြတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်။ ဒါဆိုရင်တော့ မင်းရဲ့ ပြစ်မှုတွေကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးမယ်"

"မင်းတို့ရဲ့ အာကာသယာဉ်စုတစ်ခုလုံးကို ငါ ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာ သိရက်သားနဲ့ ခေါင်းခွံကုန်သည်ကြီးများအသင်းက မင်းတို့တွေကို ဘာလို့ သေတွင်းထဲကို ထပ်ပြီး လွှတ်လိုက်ရတာလဲ"

လင်းဖုန်း၏ မျက်ဝန်းများက အေးစက်နေသည်။ သူ ကျွန်ဖမ်းသမားများကို နောက်ကွယ်မှ ပံ့ပိုးပေးထားသော ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ မည်သို့မျှ အားနာပါးနာ လုပ်နေလိမ့်မည် မဟုတ်ချေ။

"ကျင့်ကြံသူ… မင်း အရမ်း အားကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ မင်း ဘယ်လောက်ပဲ အားကောင်းအားကောင်း ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေထက် ပိုပြီး အားကောင်းနိုင်ပါ့မလား။ ငါတို့ရဲ့ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေက မင်းကို အတိအကျ ချိန်ထားပြီးသားပဲ။ ငါတို့နဲ့အတူတူ လိုက်ခဲ့တာက အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ မင်း အကျိုးဆက်တွေကို ခံစားရလိမ့်မယ်"

"အဲလိုလား… မင်းတို့တွေက ရိုယာအင်ပါယာဂြိုဟ်ပေါ်မှာ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို သုံးရဲလို့လား"

လင်းဖုန်း လှောင်ပြုံးပြုံးလိုက်သည်။ တစ်ဖက်လူက သူ့အား ဘာမှမသိနားမလည်သော လူမိုက်တစ်ဦးကဲ့သို့ ဆက်ဆံနေခြင်း ဖြစ်သည်။ ခေါင်းခွံကုန်သည်ကြီးများအသင်းက ရိုယာဂြိုဟ်ပေါ်တွင် အတိုင်းအတာတစ်ခုအထိ အဆင့်အတန်း ရှိနိုင်သည်။ သို့သော်လည်း ထိုမျှလောက်နှင့် ရိုယာဂြိုဟ်ပေါ်သို့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန်အတွက် ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များကို အသုံးပြုရဲပါမည်လော။

ယင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။ ခေါင်းခွံကုန်သည်ကြီးများအသင်းသာ ဤသို့ ပြုလုပ်ခဲ့မည်ဆိုပါက သူတို့အနေဖြင့် မနက်ဖြန် နေထွက်ချိန်ကိုပင် မြင်ရတော့မည် မဟုတ်ချေ။

"မင်း…"

လင်းဖုန်း သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အသာအယာ ဆုပ်လိုက်သည်။

ဘန်း… ဘန်း… ဘန်း…

မှောင်ခိုစျေးကွက်အတွင်းရှိ ခေါင်းဖြတ်အဖွဲ့ဝင်များအားလုံး လင်းဖုန်း၏ ဆုပ်ညှစ်မှုအောက်၌ ပူဖောင်းများအလား ပေါက်ကွဲပျက်စီးသွားတော့သည်။ မုန်တိုင်းတစ်ခုက မှောင်ခိုစျေးကွက်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွား၏။ ထို့နောက် ထိုခေါင်းဖြတ်အဖွဲ့ဝင်များ တိုက်ရိုက်ပင် ပြာအတိဖြစ်ကာ ပျောက်ကွယ်သွားတော့သည်။

လင်းဖုန်းအဖို့ ဤနည်းပညာလက်နက်များကိုသာ အားကိုးနေကြသူများကို ရှင်းရသည်က ထမင်းစားရေသောက်သလို လွယ်ကူလှ၏။ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များပေါ်မှ ဂြိုဟ်ဖျက်အမြောက်ကဲ့သို့ အကြီးစား ဖျက်ဆီးရေးလက်နက်များ မရှိဘဲနှင့် ထိုသူတို့က သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။

နည်းပညာယဉ်ကျေးမှုများ၏ စွမ်းပကားက အချို့ကိရိယာများနှင့် လက်နက်များအပေါ်တွင် မှီတည်နေခြင်းဖြစ်ပြီး ကျင့်ကြံသူများကမူ မိမိကိုယ်ကိုယ်သာ အားကိုးကြခြင်း ဖြစ်သည်။

"ဆုတ်ခွာကြစို့… ဆုတ်ခွာကြစို့…"

ကျန်ခေါင်းဖြတ်အဖွဲ့ဝင်များအားလုံး မှင်သက်သွားကြသည်။ သူတို့ မည်သူနှင့် ရင်ဆိုင်နေရသနည်း။ သူတို့သည်လည်း ကျင့်ကြံသူများစွာနှင့် ကြုံတွေ့ဖူးသည်။ အသက်ဝိညာဥ် ငါးကြိမ် အသွင်ပြောင်းလဲထားသော ကျင့်ကြံသူများပင်လျှင် သူတို့၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးမပြုဘဲ ဤမျှအထိ အားကောင်းနိုင်ခြင်း မရှိချေ။

သူတို့အနေဖြင့် တစ်ဖက်လူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုသည်အထိ ယင်းကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းလုံလုံလောက်လောက် ရှိကြပေသည်။

သို့သော်လည်း ယခုအခါတွင်မူ လင်းဖုန်းက သူတို့၏ ခေါင်းဖြတ်အဖွဲ့ကို ပုရွက်ဆိတ်လေးများအလား အလွယ်တကူ ခြေမှုန်းပစ်ခဲ့သည်။ ခေါင်းဖြတ်အဖွဲ့ဆိုသည်က ဟာသတစ်ခုသက်သက်သာ ဖြစ်သွားရတော့သည်။

ဘာတော့တစ်ယောက် ထိုမြင်ကွင်းကို ပါးစမ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုနေမိသည်။

သူ အခုလေးတင် လမ်းပြပေးခဲ့သော လူငယ်က တကယ်ပဲ ဘယ်သူများလဲ။ သူက ချမ်းသာသော သခင်လေးတစ်ဦး မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာ စကြဝဠာဓားပြတစ်ဦး ဖြစ်နေခဲ့သည်လော။ မဟုတ်သေးချေ… ဆိုးသွမ်းလှသော စကြဝဠာဓားပြတစ်ဦးပင်လျှင် ရိုယာဂြိုဟ်ပေါ်၌ ခေါင်းခွံကုန်သည်ကြီးများအသင်းကို ဤမျှအထိ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝံ့လိမ့်မည် မဟုတ်ချေ။

အင်အား ၃၀၀၀ ရှိသော ခေါင်းဖြတ်အဖွဲ့၏ ထက်ဝက်ခန့်မှာ လင်းဖုန်းကြောင့် ချက်ချင်း သေဆုံးသွားသည်။ လင်းဖုန်း ကျန်ရှိနေသော ထက်ဝက်ကိုမူ သတ်ဖြတ်ခြင်း မပြုတော့ဘဲ တည်တည်ငြိမ်ငြိမ် စကားဆိုလိုက်သည်။

"ပြန်သွားပြီး မင်းတို့ ခေါင်းခွံကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဆီကို မက်ဆေ့ခ်ျတစ်ခု ပေးလိုက်စမ်း။ သူ့ကို စွမ်းအင်ယူနစ် တစ်သန်းနဲ့ လာတောင်းပန်ခိုင်းလိုက်။ မဟုတ်ရင်တော့ ငါကိုယ်တိုင် မင်းတို့ ခေါင်းခွံကုန်သည်ကြီးများအသင်းရဲ့ ဌာနချုပ်ဆီကို လာခဲ့မယ်။ အဲဒီအချိန်ကျရင်တော့ အဲ့လောက် လျော်ကြေးလေးနဲ့တင် လုံလောက်မှာ မဟုတ်တော့ဘူး"

ထိုသို့ ပြောကြားပြီးနောက် လင်းဖုန်း ကုန်စုံဆိုင်အတွင်း အေးအေးလူလူ ပြန်ထိုင်လိုက်သည်။ ထွက်ခွာသွားရန် မည်သည့် ရည်ရွယ်ချက်မျှ ရှိပုံမရချေ။

All Chapters