← Chapters

အခန်း ၃၉၄

Vol. 35 Ch. 394

အခန်း ၃၉၄

Vol. 35 Ch. 394

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၉၄) - ပိုက်ဆံလာပို့တာလား

ဘာသာပြန် - အားသစ်

"လောင်ဘီသမ်… ကြည့်စမ်း၊ တစ်ယောက်ယောက်က ငါတို့ဆီကို ပိုက်ဆံလာပို့တော့မယ်"

လင်းဖုန်း ကုန်စုံဆိုင်အတွင်း၌ အေးအေးလူလူ ထိုင်နေသည်။ သူ၏ မျက်နှာအမူအရာက မည်သည့် ပြောင်းလဲမှုမှ မရှိဘဲ တည်ငြိမ်အေးဆေးနေသည်။

လောင်ဘီသမ် ဘာပြောရမှန်းပင် မသိတော့ချေ။

'ဒါ ပိုက်ဆံလာပို့တာလား'

ဤသည်ကား ပြောင်ပြောင်တင်းတင်း ငွေညှစ်ခြင်းသာ ဖြစ်ပေသည်။ သို့ပေသော်ငြား ခေါင်းခွံကုန်သည်ကြီးများအသင်းက အလွယ်တကူ ငွေညှစ်ခံလိမ့်မည်လော။ ထိုကိစ္စက ထင်သလောက် လွယ်လိမ့်မည် မဟုတ်ပေ။

"သခင်… ခေါင်းခွံကုန်သည်ကြီးများအသင်းက ရိုယာဂြိုဟ်ပေါ်မှာ တော်တော်လေး အားကောင်းတဲ့ အဖွဲ့တစ်ခုပဲ။ ကျွန်တော်တို့ ဒီနေရာမှာ ဆက်နေတာက နည်းနည်း အန္တရာယ်မများလွန်းဘူးလား"

"အန္တရာယ် ဟုတ်လား။ ခုနကပြောတဲ့ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို ပြောတာလား"

"ဟုတ်ပါတယ် သခင်။ ခေါင်းခွံကုန်သည်ကြီးများအသင်းအနေနဲ့ ရိုယာအင်ပါယာဂြိုဟ်ပေါ်မှာ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို အသုံးပြုဖို့ မဖြစ်နိုင်လောက်ဘူးဆိုပေမဲ့ သူတို့မှာလည်း အလားတူ လက်နက်တွေ ရှိနေနိုင်ပါသေးတယ်။ အဲဒီလက်နက်တွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့မယ်ဆိုရင် သခင်ကိုယ်တိုင်လည်း အန္တရာယ်ရှိလာနိုင်ပါတယ်"

"အဲလိုလား… ဂြိုဟ်ဖျက်အမြောက်တွေရဲ့ စွမ်းအားက ဂြိုဟ်အဆင့် သက်ရှိတွေကို သတ်ဖြတ်နိုင်စွမ်း ရှိလို့လား"

လောင်ဘီသမ် ခဏမျှ တွေးတောလိုက်ပြီးမှ စကားဆိုလိုက်သည်။

"အဲဒါကတော့ အရမ်းခက်ပါတယ်။ ဂြိုဟ်ဖျက်အမြောက်တွေက ဂြိုဟ်တွေကို ဖျက်ဆီးပစ်နိုင်ပြီး ဂြိုဟ်အဆင့် သက်ရှိတွေကို ဒဏ်ရာရစေနိုင်တယ်လို့ ဆိုကြပေမဲ့ အဲဒါက အပြောသက်သက်ပါပဲ။ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်က သာမန်ဂြိုဟ်တစ်လုံးနဲ့ မတူပါဘူး။ ဂြိုဟ်အဆင့် သက်ရှိတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတာမို့လို့ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ကို လုံးဝ သတ်ဖြတ်ပစ်ဖို့ဆိုတာကတော့ အရမ်းခက်ပါတယ်"

"ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေက အရမ်းကို အားကောင်းတယ်လို့ ထင်ရပေမဲ့ အသက်လုပြီး တိုက်ပွဲဝင်နေတဲ့ ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တော့ ဂြိုဟ်ဖျက်အမြောက်တွေ ဘယ်လောက်ပဲရှိရှိ သဲထဲရေသွန် ဖြစ်သွားမှာပဲ"

ဤသည်ကား ကျင့်ကြံခြင်း ယဉ်ကျေးမှုများနှင့် နည်းပညာယဉ်ကျေးမှုများအကြားရှိ ကွာခြားချက်ပင်။ ကျင့်ကြံသူများတွင် နည်းလမ်းများစွာ ရှိကြပြီး တိုက်ပွဲဝင်စွမ်းရည်ပိုင်းတွင် အမှန်တကယ် ပိုမိုအားကောင်းကြသည်။ အခြားတစ်ဖက်တွင်မူ နည်းပညာယဉ်ကျေးမှုများက အရေအတွက်ဖြင့်သာ အသာစီးယူကြရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် အကယ်၍ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် တစ်စင်းတည်းက အလုပ်မဖြစ်ခဲ့လျှင် ဆယ်စင်း၊ အစင်း ရာချီ၊ ထောင်ချီ၊ သို့မဟုတ် သောင်းချီသော အာကာသယာဉ်များဖြင့် ဆိုလျှင် သေချာပေါက် လုပ်ဆောင်နိုင်ပေလိမ့်မည်။

အကယ်၍ ထိုအားကောင်းလှသော နည်းပညာယဉ်ကျေးမှုကြီးများသာ လှုပ်ရှားလိုက်မည်ဆိုပါက သူတို့က ကြီးမြတ်လှသော ဂလက်ဆီအဆင့် သက်ရှိများကိုပင် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ကုဋေပေါင်းများစွာရှိသည့် ကြောက်မက်ဖွယ်ရာ အာကာသယာဉ်စုကြီးများကို စေလွှတ်နိုင်စွမ်း ရှိကြသည်။

သို့သော်လည်း ခေါင်းခွံကုန်သည်ကြီးများအသင်းအနေဖြင့် ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် မည်မျှအထိ စေလွှတ်နိုင်မည်နည်း။

တစ်စင်းလော နှစ်စင်းလော။

............

လင်းဖုန်းက ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် မဟုတ်သေးသော်လည်း သူ့တွင် ကြောက်စရာကောင်းလှသော မူလလက်နက်တစ်ခု ဖြစ်သည့် ဖျက်ဆီးခြင်းလှံတံ ရှိနေသည်။ ထိုလက်နက်ကို အသက်သွင်းလိုက်သည်နှင့် သူက ဂြိုဟ်အဆင့် သက်ရှိတစ်ယောက်ထက် မည်သို့မျှ နိမ့်ပါးလိမ့်မည် မဟုတ်ချေ။

ထို့အပြင် လင်းဖုန်းက ဂြိုဟ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် နိယာမနှစ်ခုကိုလည်း နားလည်သဘောပေါက်ထားသေး၏။ ယင်းတို့က ဒီရေလှိုင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမတို့ပင်။

လင်းဖုန်းအနေဖြင့် တစ်ချိန်တည်းတွင် ရာပေါင်းများစွာ သို့တည်းမဟုတ် ထောင်ပေါင်းများစွာသော ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များနှင့် ထိပ်တိုက်ရင်မဆိုင်ရသရွေ့ မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုချေ။ ထို့ကြောင့် သူ့အနေဖြင့် သာမန် ခေါင်းခွံကုန်သည်ကြီးများအသင်းကို အဘယ်ကြောင့် စိုးရိမ်နေရဦးမည်နည်း။

"ငါတို့ကလည်း လောလောဆယ် ငွေလိုနေတာနဲ့ အတော်ပဲပေါ့။ စိတ်မပူပါနဲ့… ဒီငွေတွေကို ငါ သေချာပေါက် ရအောင် ယူမှာပါ"

လင်းဖုန်း ခေါင်းခွံကုန်သည်ကြီးများအသင်းကို ငွေညစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် အပြစ်ရှိစိတ်မျှ မခံစားရချေ။

…………

ဘုန်း…

ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများအားလုံး ဒေါသတကြီး ဖြစ်နေကြသည်။

ထိုသည်ကား ခေါင်းဖြတ်အဖွဲ့ ဖြစ်၏။ အသက်ဝိညာဥ်အသွင်ပြောင်းလဲမှု ငါးကြိမ်ပြုထားသော သက်ရှိများကိုပင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိသည့် ခေါင်းဖြတ်အဖွဲ့ဖြစ်သည်။ ယခုမူ သူတို့၏ အဖွဲ့ဝင်ထက်ဝက်ခန့် တကယ် ဆုံးရှုံးသွားခဲ့ရသည်။ ခေါင်းဖြတ်အဖွဲ့ကို စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ဤမျှအထိ ကြီးမားလှသော ဆုံးရှုံးမှုမျိုးနှင့် မကြုံခဲ့ဖူးချေ။ ယခုအကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည်။

"ဥက္ကဋ္ဌကြီး… အဲ့ဒီကျင့်ကြံသူက ကျွန်တော်တို့ကို လျော်ကြေးအနေနဲ့ စွမ်းအင်ယူနစ် တစ်သန်း ပေးပို့ဖို့လည်း တောင်းဆိုထားပါတယ်။ မဟုတ်… မဟုတ်ရင်တော့ သူကိုယ်တိုင် ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းရဲ့ ဌာနချုပ်ဆီကို လာလိမ့်မယ်လို့ ဆိုပါတယ်"

ထိုသို့ တင်ပြပြီးနောက် ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်က သူ့ဦးခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်တော့သည်။ ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများ မည်မျှအထိ ဒေါသတကြီး ဖြစ်သွားကြမည်ကို သူ စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော်လည်း ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင်မူ သူ ထင်မှတ်ထားသလို ကုန်သည်ကြီးများအသင်း အမှုဆောင်အရာရှိများ၏ ဒေါသတကြီး အသံများကို မကြားရချေ။ အခြားတစ်ဖက်တွင် သူတို့၏ မျက်နှာအမူအရာများက လေးနက်တည်ကြည်သွားကြသည်။

"စွမ်းအင်ယူနစ် တစ်သန်း ဟုတ်လား။ တကယ့်ကို ရဲတင်းလှချေလားကွ"

ကုန်သည်ကြီးများအသင်း အမှုဆောင်အရာရှိများ၏ မျက်ဝန်းများထဲတွင် စူးရှသော အလင်းတန်းများ တဖျတ်ဖျတ် လက်သွားသည်။ သူတို့အားလုံး ယခုထက်ထိ သတင်းအချက်အလက်များကို စောင့်ဆိုင်းနေခဲ့ကြဆဲ ဖြစ်၏။ ကုန်သည်ကြီးများအသင်းအတွင်း၌ ကျင့်ကြံသူများနှင့် ပတ်သက်၍ နားလည်မှု မြင့်မားသော လူတချို့ သဘာဝအတိုင်း ရှိနေကြသည်။ သူတို့အနေဖြင့် လှုပ်ရှားမှုများ မပြုလုပ်မီ ထိုကျင့်ကြံသူ၏ အစစ်အမှန် စွမ်းအားကို အရင်ဆုံး ခန့်မှန်းတွက်ချက်ကြရမည် ဖြစ်သည်။

ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများထဲတွင် မည်သူမှ လူမိုက်များ မဟုတ်ကြချေ။ အကယ်၍ သူတို့သာ လူမိုက်များ ဖြစ်ခဲ့ကြမည်ဆိုလျှင် ခေါင်းခွံကုန်သည်ကြီးများအသင်းသည်လည်း ဤမျှအထိ ကြီးမားလှသော အတိုင်းအတာတစ်ခုအထိ မည်သည့်အခါမှ တိုးတက်လာနိုင်လိမ့်မည် မဟုတ်ချေ။

"ဥက္ကဋ္ဌကြီး… ကျွန်တော်တို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရတော့ ဒီကျင့်ကြံသူက ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် မဟုတ်သေးပါဘူး။ ဒါပေမဲ့ သူ ခေါင်းဖြတ်အဖွဲ့ကို ခြေမှုန်းဖို့အတွက် နိယာမတွေ အသုံးပြုခဲ့တာ ဖြစ်ရပါမယ်။ ဒါ့အပြင် အဲဒီနိယာမတွေက ဂြိုဟ်အဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ သေချာပေါက် ကောက်ချက်ချနိုင်တာကတော့ သူက နိယာမနားလည်မှုပိုင်းမှာ အရမ်း ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင် ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်ဆိုတာပါပဲ။ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းကလည်း သေချာပေါက် မရိုးရှင်းနိုင်ပါဘူး"

ကျွမ်းကျင်သူများထံမှ အစီရင်ခံစာကို ရရှိပြီးနောက် ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများ အားလုံး၏ မျက်နှာအမူအရာများက ပြိုတော့မည့်မိုးနှယ် ညို့မှိုင်းသွားသည်။

သူတို့အနေဖြင့် ဂြိုဟ်အဆင့် နိယာမများက ဘာကို ဆိုလိုသည်ကို သဘာဝအတိုင်း နားလည်ကြ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ကျင့်ကြံကြသော သိုင်းသမားများစွာပင်လျှင် နိယာမများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြချေ၊ ထို့အပြင် စကြဝဠာအတွင်းရှိ ဧရာမဂြိုဟ်သားရဲကြီးများကဲ့သို့ သွေးမျိုးဆက် အားနည်းသည့် အချို့ဂြိုဟ်အဆင့် သက်ရှိများသည်လည်း နိယာမများကို လုံးဝ နားလည်သဘောပေါက်နိုင်စွမ်း မရှိကြချေ။

နိယာမတို့၏ အရေးပါမှုက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို စုစည်းခြင်းထက်ပင် ပိုမို ကြီးမားလှသည်။

ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများက အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်သာ ပြုထားသေးသော သက်ရှိတစ်ယောက်အနေဖြင့် ဂြိုဟ်အဆင့် နိယာမများကို နားလည်သဘောပေါက်ထားနိုင်ခြင်း၏ အဓိပ္ပာယ်ကို သဘာဝအတိုင်း ကောင်းကောင်း သိရှိနားလည်ထားကြသည်။

လင်းဖုန်း၏ နောက်ကွယ်တွင် အလွန်တရာ အားကောင်းလှသော တည်ရှိမှုတစ်ခု ရှိနေနိုင်ပေ၏။ ဥပမာအားဖြင့် အဆင့်မြင့် ဂြိုဟ်အဆင့် သက်ရှိတစ်ခု သို့တည်းမဟုတ် အထွတ်အထိပ် ဂြိုဟ်အဆင့် သက်ရှိတစ်ခုပင် ဖြစ်နိုင်သည်။

ကြီးမြတ်လှသော ဂလက်ဆီအဆင့် မဟာသက်ရှိများနှင့် ပတ်သက်၍မူ သူတို့အနေဖြင့် ထိုကဲ့သို့သော ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်းပင် မပြုကြချေ။ ဟာသတစ်ခုသက်သက်သာ ဖြစ်ပေလိမ့်မည်။ ဂလက်ဆီအဆင့် မဟာသက်ရှိများက ကျယ်ပြောလှသော စကြဝဠာကြီး၏ အတိုင်းအတာအရပင် အလွန်တရာ ကြီးမြတ်ကာ ကျော်ကြားလှသော အနှိုင်းမဲ့တည်ရှိမှုကြီးများ မဟုတ်ပါလား။

"ဟမ့်… သူ့နောက်ကွယ်မှာ အဆင့်မြင့် ဂြိုဟ်အဆင့် သက်ရှိတစ်ယောက် ရှိနေရင်တောင် ဘာဖြစ်သေးလဲ။ ရိုယာအင်ပါယာဂြိုဟ်ပေါ်မှာ အဆင့်မြင့် ဂြိုဟ်အဆင့် သက်ရှိတွေတောင်မှ ပြောင်ပြောင်တင်းတင်း ပြဿနာမရှာရဲကြပါဘူး။ အဲ့ဒီကျင့်ကြံသူရဲ့ လက်ထဲမှာ ပိုင်ရှင်မဲ့ဂြိုဟ်ရဲ့ စကြဝဠာတည်နေရာ ကိုဩဒိနိတ်တွေ သေချာပေါက် ရှိနေရမယ်။ ကျုပ်တို့တွေ သူ့ပါးစပ်ထဲကနေ အဲဒီကိုဩဒိနိတ်တွေကို ကျိန်းသေ ထုတ်ပြောခိုင်းရမယ်"

ဤသည်က အနည်းငယ် စွန့်စားရနိုင်သော်လည်း ခေါင်းခွံကုန်သည်ကြီးများအသင်းအနေဖြင့် ဆုံးရှုံးမှုများ အကြီးအကျယ် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ အကယ်၍ သူတို့သာ ဆုံးရှုံးမှုတချို့ကို ပြန်မကာမိစေနိုင်ပါက ကုန်သည်ကြီးများအသင်းအနေဖြင့် အနာဂတ်တွင် ရိုယာအင်ပါယာဂြိုဟ်ပေါ်၌ သူတို့၏ သိက္ခာအားလုံးကို လုံးဝဥဿုံ ဆုံးရှုံးရပေလိမ့်မည်။

"ကျုပ်တို့တွေအနေနဲ့ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေကို အသုံးမပြုနိုင်ပေမဲ့ ကျုပ်တို့ရဲ့ လက်ထဲမှာ ဆဲလ်ခဲလက်နက်တွေ ရှိနေတာပဲ။ ဟမ့်… အဲ့ဒါက ဂြိုဟ်အဆင့်အောက်က သက်ရှိတွေကို ရင်ဆိုင်ဖို့အတွက် အစိတ်ချရဆုံး လက်နက်ပဲ။ ဆဲလ်တွေသာ အေးခဲသွားရင် သူတို့ရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ်က ဘယ်လောက်ပဲ အားကောင်းအားကောင်း ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ အတိုချုပ်ပြောရရင်တော့ ကျုပ်တို့တွေ ဒီတစ်ကြိမ်မှာ ဘာပဲဖြစ်ဖြစ် အဲ့ဒီကျင့်ကြံသူကို အမိအရ ဖမ်းခေါ်လာရမယ်"

ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများအားလုံး ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန် ချမှတ်လိုက်ကြတော့သည်။ ဆဲလ်ခဲလက်နက်များကို တားမြစ်လက်နက်များအဖြစ် သတ်မှတ်ထားကြပြီး ယေဘုယျအားဖြင့် ရိုယာအင်ပါယာ၏ စစ်တပ်ကသာ ထိန်းချုပ်ထားခြင်း ဖြစ်၏။

သို့သော်လည်း ခေါင်းခွံကုန်သည်ကြီးများအသင်းတွင် အံ့ဩစရာကောင်းလှသော နောက်ခံသမိုင်းကြောင်းနှင့် ကြီးမားလှသော စွမ်းပကား ရှိနေရာ ဤကဲ့သို့သော လက်နက်များ ရှိသည်က သူတို့အတွက် ဘာမျှမဟုတ်ချေ။

ထို့အပြင် သူတို့က ယခုအကြိမ်အတွက် အထက်အောက် အဆင့်ဆင့်ရှိသော ဝန်ထမ်းမျိုးစုံနှင့် ကြိုတင်စီစဉ်ထားကြမည် ဖြစ်သည်။ သူတို့အနေဖြင့် ဆူညံလှုပ်ရှားမှုများ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့သည့်တိုင် မည်သူမျှ လာရောက် မေးခွန်းထုတ်ဝံ့ကြမည် မဟုတ်ချေ။ ယခုတစ်ကြိမ်တွင်မူ သူတို့ ထိုရဲတင်းလှသော ကျင့်ကြံသူကို သေချာပေါက် ဖမ်းဆီးခေါ်ဆောင်လာခဲ့မည်ဖြစ်ပြီး ထိုပိုင်ရှင်မဲ့ဂြိုဟ်၏ ကိုဩဒိနိတ်များကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။

စွမ်းအင်ယူနစ် တစ်သန်းနှင့် ပတ်သက်၍မူ…

ခေါင်းခွံကုန်သည်ကြီးများအသင်းကို စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်မျှ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ငွေညစ်ရဲခြင်း မရှိခဲ့ဖူးချေ။

"အင်အား ၃၆၀၀၀ ရှိတဲ့ ခေါင်းဖြတ်အဖွဲ့တစ်ခုလုံးကို ချက်ချင်း စေလွှတ်လိုက်စမ်း။ ပြီးတော့ လျှို့ဝှက်မြေအောက်ခန်းထဲကနေ ဆဲလ်ခဲလက်နက် အလက် ၃၀၀ ကို ထုတ်လိုက်။ ဒါ့အပြင် ဆိပ်ကမ်းဆီကို ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်သုံးစင်း စေလွှတ်ပြီး အဆင်သင့် ပြင်ထားခိုင်းလိုက်"

ခေါင်းခွံကုန်သည်ကြီးများအသင်းတွင် အားလုံးပေါင်းမှ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် ငါးစင်းသာ ရှိနေခဲ့၏။ သူတို့က ယခုတစ်ကြိမ်တွင် တပြိုင်နက်တည်း သုံးစင်းအထိ လှုပ်ရှားစေခဲ့သည်။

မှန်ပေ၏… ဤသည်ကား ခြိမ်းခြောက်မှုသက်သက်သာ ဖြစ်သည်။ ခေါင်းခွံကုန်သည်ကြီးများအသင်းအနေဖြင့် အနိုင်ရလာဒ် သေချာမှုမရှိသော တိုက်ပွဲတစ်ခုကို မည်သည့်အခါမျှ ဆင်နွှဲလိမ့်မည် မဟုတ်ချေ။ အကယ်၍ အခြေအနေများက တကယ်ပဲ ဆိုးရွားလာခဲ့မည်ဆိုလျှင် ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များကို အသုံးပြုခြင်း၏ သက်ရောက်မှုက မည်မျှပင် ကြီးမားစေကာမူ သူတို့အနေဖြင့် မတုံ့မဆိုင်း လှုပ်ရှားကြပေလိမ့်မည်။ အဆိုးဆုံး ခေါင်းခွံကုန်သည်ကြီးများအသင်းအနေဖြင့် ရိုယာအင်ပါယာ၏ ဆုံးရှုံးမှုများကို ပြန်ကာမိစေရန်အတွက် ကြီးမားလှသော လျော်ကြေးတစ်ခုကိုသာ ပေးဆောင်ရုံ ရှိပေတော့သည်။

ယခုလက်ရှိ ရိုယာအင်ပါယာတွင်မူ ယခင်ကကဲ့သို့ ကြီးမားလှသော ထိန်းချုပ်မှုမျိုး မရှိတော့ချေ။ မဟုတ်ပါက ဆဲလ်ခဲလက်နက်များနှင့် ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်ကဲ့သို့ မဟာဗျူဟာမြောက် လက်နက်များက သာမန် ကုန်သည်အသင်းတစ်ခု၏ လက်ထဲသို့ မည်သို့လျှင် ကျရောက်နိုင်ပါဦးမည်နည်း။

……………

လင်းဖုန်း မှောင်ခိုစျေးကွက်အတွင်း၌ စကြဝဠာစံတော်ချိန် တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့သည်။

"ဟင်… သူတို့တွေ တကယ် ရောက်လာကြတာပဲ။ ဒါပေမဲ့ စွမ်းအင်ယူနစ် တစ်သန်းကိုတော့ ပေးချင်ကြပုံမရဘူး"

လင်းဖုန်း၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်သွားသည်။ စင်စစ်တွင် သူ ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားခဲ့ပြီးသား ဖြစ်၏။ ဒေသတွင်း အာဏာရှင်အဖွဲ့အစည်းတစ်ခုအနေဖြင့် ခေါင်းခွံကုန်သည်ကြီးများအသင်းက အလွယ်တကူ အရှုံးပေးလိမ့်မည် မဟုတ်ချေ။

လင်းဖုန်းအနေဖြင့် ယနေ့တွင် အကြီးအကျယ် သတ်ဖြတ်မှုများ ပြုလုပ်ရတော့မည့်အလား ရှိနေလေပြီ။

All Chapters