← Chapters

အခန်း ၃၉၅

Vol. 35 Ch. 395

အခန်း ၃၉၅

Vol. 35 Ch. 395

ထာဝရသိုင်းတာအိုအရှင်

အခန်း (၃၉၅) - ဂြိုဟ်ဖျက်အမြောက်များကို ခန္ဓာကိုယ်ဖြင့်ခုခံခြင်း

ဘာသာပြန် - အားသစ်

ရွှစ်

လင်းဖုန်း တစ်ယောက်ကိုမှ မမြင်ရသေးမီ ပြာလဲ့လဲ့ အလင်းတန်းတစ်ခု ရုတ်တရက် လက်သွားပြီး မျက်စိတစ်မှိတ်အတွင်း လင်းဖုန်းရှေ့သို့ ရောက်ရှိလာသည်။

ရှူး…

လင်းဖုန်း သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ထိုပြာလဲ့လဲ့ အလင်းတန်းက ဖျက်ဆီးနိုင်စွမ်း ကြီးကြီးမားမား ရှိပုံမရချေ။ သွေးတစ်စက်ပင် ထွက်မလာခဲ့ချေ။

"ဟမ်…တစ်ခုခုတော့ မှားနေပြီ"

လင်းဖုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်က လုံးဝ လှုပ်ရှား၍မရတော့ကြောင်း ခံစားလိုက်ရသောကြောင့်ပင်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာ အေးခဲသွားခဲ့လေပြီ။

"သခင်… အဲ့ဒါက ဆဲလ်ခဲလက်နက်ပဲ။ အဲ့ဒီလက်နက်က ဂြိုဟ်အဆင့်အောက်က သက်ရှိတွေရဲ့ တိုက်ပွဲဝင်ခန္ဓာကိုယ် ဆဲလ်တွေကို အေးခဲပစ်နိုင်ပြီးတော့ သူတို့ရဲ့ ခုခံနိုင်စွမ်း အားလုံးကို ဆုံးရှုံးသွားစေနိုင်တယ်"

လောင်ဘီသမ် ထိတ်လန့်သွားသည်။ သူ့အနေဖြင့် ခေါင်းခွံကုန်သည်ကြီးများအသင်းတွင် ဆဲလ်ခဲလက်နက်များပင် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ ဤဆဲလ်ခဲလက်နက်များက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ တိုက်ပွဲဝင်ခန္ဓာကိုယ် ကျင့်ကြံသူများကို ရင်ဆိုင်ရာ၌ အလွန်တရာ ထိရောက်လှသော လက်နက်ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

လင်းဖုန်း အေးခဲခံလိုက်ရပြီ ဖြစ်သည်။ သူ ယခုအချိန်တွင် တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုသော်လည်း အသုံးပြုနိုင်ခြင်း မရှိတော့ချေ။

ဝုန်း

များမကြာမီ မှောင်ခိုစျေးကွက်အတွင်းသို့ စစ်သည်များစွာ တဟုန်ထိုး ဝင်ရောက်လာကြသည်။ ထိုသူတို့ကား ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အထူးစစ်သည်တော်များ ဖြစ်ကြ၏။

"ကျင့်ကြံသူ… မင်း အခု လှုပ်လို့မရတော့ဘူး မလား။ ငါတို့ ခေါင်းခွံကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တဲ့သူမှန်သမျှ မရဏလမ်းကိုပဲ မြန်းရမယ်ကွ…ဟားဟားဟား"

တစ်ဖက်လူ ချဉ်းကပ်လာချိန်တွင် လင်းဖုန်း ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်သည်။

သူ တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးမပြုနိုင်တော့လျှင်ပင် ပြဿနာမရှိပေ။ သူ့တွင် ဂြိုဟ်အဆင့် နိယာမနှစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

"ဒီရေလှိုင်းနိယာမ"

လင်းဖုန်း သူ့လက်ကို ဆန့်ထုတ်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မှောင်ခိုစျေးကွက်အတွင်း၌ ပြင်းထန်လှသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားတော့သည်။ ထိုမုန်တိုင်းကြီးက ဒီရေလှိုင်းတစ်ခုပနာ ရှိနေပြီး တစ်စတစ်စ ဖျက်ဆီးနိုင်စွမ်း ပိုမို အားကောင်းလာသည်။ တစ်ဒင်္ဂအတွင်း အရာအားလုံးကို လွှမ်းခြုံသွားခဲ့ပြီး မှောင်ခိုစျေးကွက်တစ်ခုလုံးကို မှောက်ခုံလှန်ပစ်လိုက်တော့သည်။

ဂြိုဟ်အဆင့် နိယာမတစ်ခု၏ စွမ်းအားက မည်မျှအထိတိုင် ကြောက်မက်ဖွယ်ရာ ကောင်းလှသနည်း။

သာမန် မှောင်ခိုစျေးကွက်တစ်ခုကို မဆိုထားနှင့်။ ဆိပ်ကမ်းတစ်ခုလုံးကိုပင် လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ တချို့ သေးငယ်လှသည့် ဂြိုဟ်များအတွက်မူ ဂြိုဟ်အဆင့် နိယာမတစ်ခုတည်းဖြင့် ဂြိုဟ်တစ်လုံးလုံးကိုပင် ပျက်စီးသွားစေနိုင်၏။

နိယာမနှင့် တိုက်ပွဲဝင်ခန္ဓာကိုယ်က လုံးဝဥဿုံ တသီးတခြားစီ ဖြစ်ကြသည်။ တိုက်ပွဲဝင်ခန္ဓာကိုယ် လှုပ်ရှား၍မရတော့သည့်တိုင် နိယာမတတို့၏ စွမ်းအားကိုမူ ဆက်လက် ထုတ်ဖော်ပြသနိုင်ဆဲပင်။

"တောက်… ဒီကျင့်ကြံသူတွေက တကယ့်ကို စိတ်ရှုပ်စရာပဲ။ ဆဲလ်ခဲလက်နက်တွေ မြန်မြန် ထပ်ပစ်စမ်း။ သူ့ကို အမိဖမ်းရမယ်"

ခေါင်းခွံကုန်သည်ကြီးများအသင်းက ဤလှုပ်ရှားမှုကို သဘာဝအတိုင်း အနီးကပ် စောင့်ကြည့်နေခဲ့သည်။

ကြီးမားလှသော မှောင်ခိုစျေးကွက်ကြီး ပျက်စီးသွားခဲ့ရခြင်းက ကုန်သည်ကြီးများအသင်းအတွက် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့၏။

ရွှစ်… ရွှစ်… ရွှစ်…

ဆဲလ်ခဲလက်နက်အမြောက်အမြားကို ထပ်မံပစ်ခတ်လိုက်ကြသည်။ ပြာလဲ့လဲ့ အလင်းတန်းများက မိုးစက်မိုးပေါက်များ သည်းထန်စွာ ရွာသွန်းနေသည့်အလား လင်းဖုန်းထံသို့ ဦးတည်ပျံဝဲလာကြသည်။

"ဟမ့်"

လင်းဖုန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ရာ ခေါင်းခွံကုန်သည်ကြီးများအသင်းမှ လူများကို သူတို့ ဆန္ဒရှိသလို မည်သို့လျှင် အလွယ်တကူ ခွင့်ပြုပါမည်နည်း။

ဆဲလ်ခဲလက်နက်များက အလွန်တရာ အားကောင်းလှသော်လည်း လင်းဖုန်းအနေဖြင့် ကူကယ်ရာမဲ့ ဖြစ်မနေခဲ့ချေ။ သူ့ရှေ့၌ ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာပြီး ထိုပြာလဲ့လဲ့ အလင်းတန်းများကို လွှမ်းခြုံသွားတော့သည်။

"ဖျက်ဆီးခြင်းနိယာမ"

လင်းဖုန်း ဖျက်ဆီးခြင်းနိယာမကို အသုံးပြုလိုက်သည်။ ဆဲလ်ခဲလက်နက်များ မည်မျှပင် အားကောင်းစေကာမူ ကိစ္စမရှိပေ။ ဖျက်ဆီးခြင်းနိယာမက အရာအားလုံးကို ပြာချဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ဂြိုဟ်အဆင့်တွင် ဖျက်ဆီးခြင်းနိယာမက ဂြိုဟ်တစ်လုံး၏ လည်ပတ်မှုကိုပင် နှောင့်ယှက်နိုင်စွမ်း ရှိနေပြီဖြစ်၏။ ဂြိုဟ်တစ်လုံးလုံးကိုပင် လုံးဝဥဿုံ ပျက်သုဉ်းသွားစေနိုင်သည်။

ကောလာဟလများအရ အကယ်၍ ဖျက်ဆီးခြင်းနိယာမသာ နက်ရှိုင်းလှသော အဆင့်သို့ ရောက်ရှိသွားခဲ့မည်ဆိုပါက စကြဝဠာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုကြသည်။

အဆုံးတွင်မူ အရာခပ်သိမ်းအတွက် မွေးဖွားခြင်း ရှိလျှင် သေဆုံးခြင်းလည်း ရှိစမြဲသာ။ အစရှိလျှင် အဆုံးလည်းရှိ၏။ ဖြစ်တည်ခြင်းရှိလျှင် ဖျက်ဆီးခြင်းလည်း ရှိမည်မှာ မလွဲပင်။ ဖျက်ဆီးခြင်းနိယာမက ပျက်စီးခြင်းကို ကိုယ်စားပြု၏။ အဆုံးသတ်ခြင်းကို ကိုယ်စားပြုသည်။

"ဘယ်လို…"

ဆဲလ်ခဲလက်နက်များပင် လင်းဖုန်းကို မည်သို့မျှ မလုပ်နိုင်သည်ကို မြင်တွေ့လိုက်ရချိန်တွင် ခေါင်းခွံကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိများလည်း မှင်တက်သွားရတော့သည်။ သို့သော်လည်း ကုန်သည်ကြီးများအသင်းမှ ကျွမ်းကျင်သူများ၏ ခွဲခြမ်းစိတ်ဖြာချက်များအရ သူတို့အနေဖြင့် လင်းဖုန်းကို မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်သည်က မဖြစ်နိုင်ချေ။

'ဘယ်လိုတွေ ဖြစ်နေတာလဲ'

စင်စစ်တွင်မူ သူတို့ လင်းဖုန်းက နိယာမတစ်ခုခု နားလည်ထားနိုင်ကြောင်း တွက်ချက်ထားခဲ့ကြသော်လည်း ယင်းက ဖျက်ဆီးခြင်းနိယာမ ဖြစ်လိမ့်မည်ဟု ထင်မထားမိခဲ့ကြချေ။ အဆုံးတွင်မူ လင်းဖုန်း ခေါင်းဖြတ်အဖွဲ့ဝင်များကို မောင်းထုတ်ခဲ့စဉ်က ဒီရေလှိုင်းနိယာမကိုသာ အသုံးပြုခဲ့သည် မဟုတ်ပါလား။

နိယာမများအကြား အဆင့်အတန်း ခွဲခြားထားခြင်း မရှိသော်လည်း နိယာမတိုင်းတွင် ကိုယ်ပိုင် ထူးခြားသည့် သက်ရောက်မှုများ ရှိကြသည်။ ဥပမာအားဖြင့် ဖျက်ဆီးခြင်းနိယာမက ဆဲလ်ခဲလက်နက်များ အပါအဝင် အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

လင်းဖုန်း ဖျက်ဆီးခြင်းနိယာမကို သူ့ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဆဲလ်အေးခဲစေသည့် စွမ်းအားများကို တိုက်ရိုက် ဖျက်ဆီးပစ်ရန်အတွက်ပင် အသုံးပြုလိုက်သည်။ ထို့နောက်တွင် လင်းဖုန်း သူ့ခန္ဓာကိုယ်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြောင်း ခံစားလိုက်ရ၏။

"ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်"

လင်းဖုန်း တုံ့ဆိုင်းမနေတော့ဘဲ ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။ အသက်ဝိညာဉ် အသွင်ပြောင်းလဲမှု လေးကြိမ်ပြုထားသော ၃၅ ကီလိုမီတာရှိသည့် တိုက်ပွဲဝင်ခန္ဓာကိုယ်က အားကောင်းလှသည်ဟု မသတ်မှတ်နိုင်ပေ။ သို့သော်လည်း ရိုယာအင်ပါယာဂြိုဟ်ပေါ်၌ တစ်စုံတစ်ယောက်က တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ရုတ်တရက် အသုံးပြုလိုက်သည့် မြင်ကွင်းက အလွန်တရာ ဆန်းပြားလှပေ၏။

ဝုန်း

လင်းဖုန်း သူ့ခြေထောက်ကို မြှောက်ကာ နင်းချလိုက်သည်။ မှောင်ခိုစျေးကွက်တစ်ခုလုံး လုံးဝဥဿုံ ပြိုလဲပျက်စီးသွားပြီး အပျက်အစီးပုံအတိ ဖြစ်သွားခဲ့ရတော့၏။ တစ်ချိန်တည်းမှာပင် လင်းဖုန်း ခြိမ်းခြောက်မှုတစ်ခုကို ထင်ထင်ရှားရှား ခံစားလိုက်ရသဖြင့် ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်သည်။

"သခင်… အဲဒါတွေက ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေပဲ။ သုံးစင်းတောင် ရှိတယ်"

လောင်ဘီသမ်က အံ့ဩတုန်လှုပ်စွာဖြင့် အော်ပြောလိုက်သည်။ သူ့အနေဖြင့် ခေါင်းခွံကုန်သည်ကြီးများအသင်းက ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များကို အမှန်တကယ် အသုံးပြုရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။

"ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေ ဆိုတော့ရော ဘာဖြစ်သေးလဲ။ ငါတို့ ဒီကုန်သည်အသင်းက လူတွေကို မှတ်လောက်သားလောက်တဲ့ သင်ခန်းစာတစ်ခု မပေးဘူးဆိုရင် သူတို့တွေ ငါတို့ကို ပိုက်ဆံ အသာတကြည် ပေးမှာမဟုတ်ဘူး ထင်တယ်"

လင်းဖုန်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကြီးမားလှသော လက်ဝါးကြီးများဖြင့် ထိုဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းကို အားပြင်းပြင်း လှမ်းဖမ်းဆုပ်လိုက်သည်။

စောင့်ကြည့်ရေး နည်းလမ်းများမှတစ်ဆင့် ခေါင်းခွံကုန်သည်ကြီးများအသင်းက ဤမြင်ကွင်းအားလုံးကို မြင်တွေ့လိုက်ရသည်။

"မဖြစ်ဘူး… ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်တွေက ငါတို့ကုန်သည်ကြီးများအသင်းရဲ့ အခြေခံအုတ်မြစ်တွေပဲ။ အဲဒါတွေက အားအကောင်းဆုံး ခြိမ်းခြောက်စရာတွေပဲ။ အဲ့ဒီကျင့်ကြံသူကို ငါတို့ အာကာသယာဉ် သုံးစင်းလုံးကို ဖျက်ဆီးခွင့် ပေးလို့မဖြစ်ဘူး။ ချက်ချင်း ပစ်ခတ်ကြ။ အဲ့ဒီကျင့်ကြံသူကို သတ်ပစ်ကြစမ်း"

ခေါင်းခွံကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌက အံတင်းတင်းကြိတ်ကာ အမိန့်ပေးလိုက်သာ်။ သူ၏ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်ဟန် အပြည့်ရှိနေ၏။

သူတို့ မျှော်လင့်မထားသည့် အဆိုးရွားဆုံး အခြေအနေက တကယ် ဖြစ်လာခဲ့လေပြီ။ ဤဂြိုဟ်ပြင်ပ ကျင့်ကြံသူက ဆဲလ်ခဲလက်နက်များပင် သူ့ကို မည်သို့မျှ မလုပ်နိုင်လောက်အောင် ကြောက်စရာ ကောင်းလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြချေ။

ယခုအချိန်တွင်မူ သူတို့အနေဖြင့် အဆိုးဆုံးအတွက်သာ ပြင်ဆင်ထားနိုင်တော့သည်။ လင်းဖုန်းကို သုတ်သင်ရန်အတွက် ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များကို ချက်ချင်း လှုပ်ရှားစေလိုက်တော့သည်။

ထိုဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းကလည်း ချက်ချင်း လှုပ်ရှားလာကြ၏။ အာကာသယာဉ်၏ ကိုယ်ထည်ပေါ်မှ ကြီးမားရှည်လျားလှသော အမြောက်ပြောင်းကြီးများ ထွက်ပေါ်လာသည်။ ယင်းတို့ကား ဂြိုဟ်ဖျက်အမြောက်များပင်။ တစ်ချက်မျှ ပစ်ခတ်လိုက်ရုံဖြင့် သာမန်ဂြိုဟ်တစ်လုံးပင်လျှင် အပြင်းအထန် ပျက်စီးသွားစေနိုင်စွမ်း ရှိသည်။

မှန်ပေ၏။ ယင်းက သေးငယ်လှသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား အချို့အတွက်သာ သက်ရောက်မှုရှိခြင်း ဖြစ်သည်။ ရိုယာအင်ပါယာဂြိုဟ်ကဲ့သို့ ကြယ်တစ်စင်းနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားလှသော ဂြိုဟ်ကြီးတစ်လုံးအတွက်မူ သာမန် ဂြိုဟ်ဖျက်အမြောက်များက ပြောပလောက်စရာ မရှိချေ။

ဝုန်း… ဝုန်း… ဝုန်း…

ထိုဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းက တပြိုင်နက်တည်း ပစ်ခတ်လိုက်ကြတော့သည်။

ချက်ချင်းပင် လင်းဖုန်း အဝေးတစ်နေရာရှိ ဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ်များထံမှ ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခု ပြေးဝင်လာနေသည်ကို ခံစားလိုက်ရတော့သည်။

"ဂြိုဟ်ဖျက်အမြောက်တွေပဲ"

လင်းဖုန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။ ဤသည်ကား သူ နည်းပညာယဉ်ကျေးမှုတစ်ခုထံမှ ဤမျှအထိ အဆင့်မြင့်လှသော နည်းပညာလက်နက်များနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရခြင်း ဖြစ်သည်။ သူရင်ဆိုင်ရမည်က ဂြိုဟ်အဆင့် သက်ရှိများကိုပင် ဒဏ်ရာရစေနိုင်သည့် ကြောက်မက်ဖွယ်ရာ ဂြိုဟ်ဖျက်လက်နက်များပင်။

သို့သော်လည်း သူ ကြောက်ရွံ့တုန်လှုပ်မနေချေ။ ဒီရေလှိုင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမတို့ကို မဆိုင်းမတွ အသုံးပြုလိုက်တော့သည်။

ဝုန်း

ထိုအလင်းတန်းသုံးခုက ဒီရေလှိုင်းနိယာမနှင့် ဖျက်ဆီးခြင်းနိယာမတို့ကို မတည်ရှိသည့်အလား ဖြတ်သန်းသွားကြသည်။ ဂြိုဟ်အဆင့် နိယာမများပင် ယင်းတို့ကို အပြည့်အဝ မတားဆီးနိုင်ပေ။ သို့သော်လည်း ဂြိုဟ်ဖျက်အမြောက်များ၏ စွမ်းအားကိုမူ လေးဆယ်ရာခိုင်နှုန်းကျော်အထိ လျှော့ချပေးနိုင်ခဲ့သည်။

လင်းဖုန်းအနေဖြင့် ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကိုမူ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြု၍သာ ခုခံလိုက်တော့သည်။

ယခုလက်ရှိ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်ကလည်း ဒီရေလှိုင်းနိယာမ၏ မြှင့်တင်ပေးမှုကြောင့် ယခင်ကနှင့် မတူတော့ချေ။ အခြေခံအဆင့် ဒီရေလှိုင်းနိယာမက တိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဆယ်ဆခန့်သာ မြှင့်တင်ပေးနိုင်စွမ်း ရှိသော်လည်း ဂြိုဟ်အဆင့် ဒီရေလှိုင်းနိယာမကမူ အဆပေါင်းတစ်ရာအထိ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

ထို့ကြောင့် လင်းဖုန်း၏ ယခုလက်ရှိ ဒီရေလှိုင်း တိုက်ပွဲဝင်ခန္ဓာကိုယ်က စင်စစ်တွင် နိယာမများကို နားလည်သဘောပေါက်ထားခြင်း မရှိကြသည့် ဂြိုဟ်အဆင့် သက်ရှိများထက် စိုးစိမျှပင် နိမ့်ပါးခြင်း မရှိချေ။

ဂြိုဟ်ဖျက်အမြောက်များ၏ ရိုက်ခတ်မှုက အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ် လုံးဝ ကွဲအက်ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။ မရေမတွက်နိုင်သော ဆဲလ်များ ပြာအတိ ပြောင်းလဲသွား၏။

သို့သော်လည်း သုံးချက်မျှ ပစ်ခတ်ပြီးသွားကာ ကောင်းကင်ယံထက်၌ ဖုန်မှုန့်များ လွင့်ပျံနေခဲ့သည့်တိုင် လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်က ပြိုလဲပျက်စီးသွားခြင်း မရှိခဲ့ချေ။

ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို အပြင်းအထန် ပျက်စီးစေနိုင်သည့် ဂြိုဟ်ဖျက်အမြောက်များ လင်းဖုန်း၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ပစ်ခတ်လာခဲ့သော်လည်း သူ၏ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။

"ပျက်စီးစမ်း"

လင်းဖုန်း၏ တိုက်ပွဲဝင်ခန္ဓာကိုယ်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ သူ ထိုဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကာ ခြေမွလိုက်တော့သည်။

ဝုန်း… ဝုန်း… ဝုန်း…

ထိုဂြိုဟ်ဖျက်တိုက်ပွဲဝင် အာကာသယာဉ် သုံးစင်းမှာ ချက်ချင်း ကွဲအက်ပျက်စီးသွားသည်။ အာကာသယာဉ် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် တော်လဲသံကြီးက ကောင်းကင်တစ်ခွင်လုံးကို တုန်ဟည်းသွားစေတော့သည်။

All Chapters